သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Sunday, April 1, 2012

ဧပြီ ၁ သတင်းများ


မိုးမခ မီဒီယာအဖွဲ့က စုစည်း ဖြန့်ဝေတယ်

ဧပြီ ၁ သတင်းများ


ကာတွန်းမောင်ရစ် - ဂိုးသွင်းကောင်းတဲ့ ဒို့ အင်န်အယ်ဒီ တဲ့လား ဟိတ် …
မိုးမခ


တနင်္ဂနွေ, 01 ဧပြီ 2012
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်
By VOA (မြန်မာပိုင်း) | ဝါရှင်တန်


တနင်္ဂနွေ, 01 ဧပြီ 2012
သိက္ခာရှိတဲ့ အောင်ပွဲဖြစ်ဖို့ ဒေါ်စု သတိပေး
By မခင်ဖြူထွေးVOA


တနင်္ဂနွေ, 01 ဧပြီ 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရလဒ်
By ဒေါ်မေငြိမ်း/ ကိုကျော်ကျော်သိန်း VOA


ရွေးကောက်ပွဲနေ့မှာ အမှိုက်ကောက်ပွဲ လုပ်တဲ့ ဗန်းမော်မြို့
Posted on April 1, 2012
© 2012 JSchool Burma/Myanmar Elections Watch 2012 [mm]. All rights reserved..


ယှဉ်ပြိုင်ရာ ၄၄ နေရာလုံး NLD နိုင်ပြီဟုဆို
မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဧပြီလ ၀၁


ဗိုလ်မင်းအောင်လှိုင်ရဲ့စကားယုံစားရင် အကုန်မှားလိမ့်မယ်
ရွှေပြည်စိုး ဧပြီ ၁၊ ၂၀၁၂ မိုးမခ


==============================



မိုးမခ မီဒီယာအဖွဲ့က စုစည်း ဖြန့်ဝေတယ်


တနင်္ဂနွေ, 01 ဧပြီ 2012
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်
By VOA (မြန်မာပိုင်း) | ဝါရှင်တန်
မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်မှာ အနိုင်ရသွားပါတယ်။


လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာထဲက မဲဆန္ဒနယ် ၄၅ နေရာမှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပြီး အခုနောက်ဆုံး သိရသလောက်တော့ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နေရာ ၄၄ နေရာမှာ မဲဆန္ဒနယ်အများစုကို အနိုင်ရနေပြီလို့ သိရပါတယ်။


ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ညနေပိုင်းမှာပဲ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အနိုင်ရတဲ့အပေါ်မှာ ကိုယ်စားလှယ်တွေအနေနဲ့ ၀မ်းသာကြတယ်ဆိုတာ သဘာဝကျကြောင်း၊ ဒါပေမဲ့ တဘက်မှာလည်း တခြားပါတီတွေက ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ထိခိုက်စေမယ့် အပြောအဆိုမျိုးကို မလုပ်ကြဖို့၊ ပြည်သူလူထုရဲ့ အောင်မြင်မှုကို သိက္ခာကျစေမယ့် အပြုအမူကို ရှောင်ရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။


ဒါ့အပြင် ဒီရွေးကောက်ပွဲအတွင်း တချို့ မြို့နယ်တွေမှာ မဲကတ်ပြားတွေကို မဲပေးလို့မရအောင် ဖယောင်းသုတ်ထားတာတွေ၊ မဲပေးသူတွေကိုလည်း ခြိမ်းခြောက် အကြပ်ကိုင်တာတွေ၊ မဲစာရင်းပြဿနာတွေ ရှိခဲ့ပြီး NLD ပါတီက ဒီလို မဲသမာမှုတွေကို ပြည်ထောင်စုကော်မရှင် အနေနဲ့ အရေးယူပေးဖို့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။


တနင်္ဂနွေ, 01 ဧပြီ 2012
သိက္ခာရှိတဲ့ အောင်ပွဲဖြစ်ဖို့ ဒေါ်စု သတိပေး
By မခင်ဖြူထွေးVOA
တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတယ်လို့ ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ထောက်ခံသူတွေ အောင်ပွဲခံ ပျော်ရွှင်နေကြချိန်မှာ ပြည်သူတွေရဲ့ ပျော်ရွှင်မှုကနေ တဘက် အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေကို ထိခိုက်စေမယ့် အပြောအဆို အမူအရာတွေ မဖြစ်စေဖို့ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
တချိန်တည်းမှာလည်း ရွေးကောက်ပွဲ ဖြစ်စဉ်တလျှောက် ပါဝင်ခဲ့ကြတဲ့ ပြည်သူတွေကို အမေရိကန်က ချီးကျူးလိုက်သလို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ဆက်လက် ကူညီအားပေးသွားမယ့် အကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြထားပါတယ်။


အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ရန်ကုန်တိုင်း တောင်ပိုင်း ကော့မှူးမြို့ မဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့သလို၊ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်တဲ့ ၄၄ နေရာမှာ မဲဆန္ဒနယ် အများစုကို အနိုင်ရနေပြီလို့ ဆိုပြီး NLD ပါတီကို ထောက်ခံသူတွေ ၀မ်းသာအားရ အောင်ပွဲ ဆင်နွှဲနေကြတာပါ။
ရန်ကုန်မြို့မှာ ရာပေါင်းများစွာသော လူထုတွေ လမ်းမတွေပေါ်ကို ထွက်ပြီး ကြွေးကြော်သံတွေနဲ့ သီချင်းတွေဆို၊ အော်ဟစ်ကခုန်ပြီး NLD ပါတီအတွက် အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို အသိပေးချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
NLD ပါတီ အနိုင်ရတဲ့အတွက် ပြည်သူလူထုတွေ ပျော်ရွှင်ကြတာ သဘာဝ ကျပါတယ်၊ ဒါပေမဲ့ တဘက်အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေကို စိတ်ထိခိုက်၊ စိတ်မကောင်းဖြစ်စေမယ့် အပြောအဆို အမူအရာ၊ အလုပ်အကိုင်တွေကိုတော့ လုံးဝ ရှောင်ရှားကြဖို့နဲ့ ပြည်သူရဲ့ အောင်မြင်မှုဟာ သိက္ခာရှိတဲ့ အောင်မြင်မှု ဖြစ်ဖို့ ပါတီဝင်အားလုံးက အထူးသတိပြုစေလိုတယ်လို့ ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန် သတိပေးလိုက်တာ ဖြစ်ပါတယ်။


တနင်္ဂနွေ, 01 ဧပြီ 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရလဒ်
By ဒေါ်မေငြိမ်း/ ကိုကျော်ကျော်သိန်း VOA


အခုနောက်ဆုံးရထားတဲ့ မဲရလဒ်အခြေအနေကို ကြားဖြတ်ရွေးကောက်ပွဲရဲ့ မဲ အနိုင်အရှုံးကို တောက်လျှောက်စောင့်ပြီး သတင်းယူနေတဲ့ ကိုကျော်ကျော်သိန်းကို ဒေါ်မေငြိမ်းက မေးမြန်းထားပါတယ်။


အခုနောက်ဆုံး မဲအနိုင်အရှုံးရဲ့ အခြေအနေကို ပြောပါဦးရှင်။ -


ဟုတ်ကဲ့။ အခုနောက်ဆုံး ကျနော် ဒီအသံမလွှင့်ခင် အချိန်လေးအထိကိုပေါ့လေ။ ကြေညာထားတာတွေ၊ ရေတွက်ထားတာတွေ အရကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက ကြားဖြတ် ရွေးကောက်ပွဲနေရာ ၂၀ ထက်မနည်းမှာ အနိုင်ရနေတဲ့သဘောမျိုး ကျနော် တွေ့ထားရပါတယ် ခင်ဗျ။ အခုလောလောဆယ်မှာတော့ မန္တလေးတိုင်း၊ မဟာအောင်မြင် မြို့နယ်က အနိုင်ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်ကို မြို့နယ်ကော်မရှင်က အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အတည်ပြုလိုက်တယ် ဆိုတဲ့အကြောင်းနဲ့ တခြား မြို့နယ်တစ်ခုဖြစ်တဲ့ ၀ါးခယ်မ မှာအနိုင်ရတာကိုလည်း မြို့နယ်ကော်မရှင်က အတည်ပြုလိုက်ပြီဆိုတဲ့ အကြောင်းတွေကို NLD ကနေပြီးတော့ ခုနတုန်းကလိုပဲ LCD screen ကြီးနဲ့ တီဗွီဖန်သားပြင်မှာ ကြေညာထားတာ ကျနော် တွေ့ရပါတယ်။ နေပြည်တော်မှာဆိုရင်တော့ ဒီနေ့ ဥတ္တရသီရိ နဲ့ ဇဗ္ဗူသီရိ မဲဆန္ဒနယ်တွေမှာ အနိုင်ရထားပြီးတော့ အရင်တုန်းက အဆိုတော်ဖြစ်တဲ့ ကိုဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပုပ္ပသီရိ မဲဆန္ဒနယ်ကတော့ ခုချိန်ထိ မဲစာရင်းရလဒ် ထွက်မလာသေးပါဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ကော့မှူးမြို့နယ်ထဲက မဲရုံ ၁၂၉ ရုံမှာ ၁၂၈ ရုံကို အနိုင်ရပြီးတော့ မဲရုံတစ်ရုံမှာတော့ ရှုံးနိမ့်တယ်ဆိုတာ ကျနော်တို့ သိထားရပါတယ်။”


နောက်ထပ် ထူးခြားတာတွေရော ဘာများရှိသေးလဲရှင့်။ -


နောက်ထပ် ထူးခြားချက်တစ်ခုကတော့ သိပ်မကြာခင် အချိန်ပိုင်းလေးတွင်းကပဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အထူးသဖြင့်တော့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေပေါ့လေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာပါ အကြောင်းအရာကတော့ အဓိကအားဖြင့် လူထုထောက်ခံမှုကြောင့် အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အနိုင်ရတဲ့သတင်းကို သူ ကြားရပါတယ်တဲ့။ ဒီ ထောက်ခံမှုကြောင့် အဖွဲ့ချုပ်ဝင်တွေအနေနဲ့ ၀မ်းသာတာဟာ သဘာဝကျပါတယ်၊ ဒါပေမဲ့ တဘက် ပုဂ္ဂိုလ် အဖွဲ့အစည်းတွေ စိတ်မကောင်းဖြစ်စေနိုင်တဲ့ ပြောဆိုမှု အပြုအမူတွေကို ရှောင်ရှားပါ၊ ပြည်သူလူထုရဲ့ အောင်မြင်မှုကို သိက္ခာရှိတဲ့အောင်မြင်မှု ဖြစ်စေဖို့ သတိပြုပါ ဆိုပြီးတော့ သတိပြုစေလိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါကတော့ ဒီကနေ့ ပြီးခဲ့တဲ့အချိန်ပိုင်းကပဲ ထုတ်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်ထဲက စာသားတချို့ပါ မမေငြိမ်းရေ။”


ဟုတ်ကဲ့ အခုတော့ လူတွေက အများကြီးပဲလား။ -


လူတွေက လျော့မသွားတဲ့အပြင် တိုးကိုတိုးလာနေပါတယ်ခင်ဗျ။ လမ်းမမှာလည်း ကားတွေပိတ်ပြီးတော့ လူအုပ်က လမ်းတဘက်တချက်ပေါ့လေ၊ အဖွဲ့ချုပ်ရုံးတဘက်မှာ၊ နောက် တဘက် ကားလမ်းမှာ အပြည့်ပါပဲ လူအုပ်က။ အော်သံတွေ၊ သီချင်းဆိုသံတွေ၊ ကခုန်သံတွေ၊ ကြွေးကြော်သံတွေ စသည်အားဖြင့် အများအပြားကို တွေ့နေရဆဲပါ။ လူထုက လျော့မသွားတဲ့အပြင် တိုးလာနေပါတယ်။”


လူတွေက အများကြီးဆိုတော့ လုံခြုံရေး အခြေအနေကရော ဘယ်လိုရှိလဲရှင့်။ -


လုံခြုံရေး အခြေအနေကတော့ တာဝန်ရှိသူတွေက ထွေထွေထူးထူး စီစဉ်ပေးထားတာမျိုး ၀တ်စုံဝတ် ယူနီဖောင်းပေါ့လေ ရဲတပ်ဖွဲ့ဝင်တွေလိုမျိုး စသည်အားဖြင့် ကျနော် မတွေ့ရပါဘူး။ ကားတွေ သွားလာမှု လွယ်ကူ အဆင်ပြေစေဖို့အတွက် အဖွဲ့ချုပ် အဖွဲ့ဝင်တွေကိုယ်တိုင်က ကားတွေကို သူတို့ မေတ္တာရပ်ခံပြီးတော့ ဖြေရှင်းပေးနေတာ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီကနေ့ နေ့လည်ပိုင်းကတည်းက လူအုပ်က တဖြည်းဖြည်းများလာ ရှိလာတယ်ဆိုပေမဲ့လည်း အခုချိန်ထိ ဘာမှ ပြဿနာ တစုံတရာ မတွေ့ရပါဘူး။ ဖြတ်သွားဖြတ်လာကားတွေ ကိုယ်တိုင်ကလည်း လက်တွေ့ဝှေ့ယမ်းတာ အော်ဟစ်တာ၊ အလံတွေ ဝှေ့ယမ်းသွားတာတွေ ရှိသလို တဘက်နဲ့တဘက် သည်းခံပြီးတော့ တစီးနဲ့တစီး သည်းခံပြီးတော့ သွားလာနေကြပါတယ်။ လူတွေကိုယ်တိုင်ကလည်း အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဒီလို စုဝေးပြီးနေကြတာ တွေ့ရပါတယ်။”


ရွေးကောက်ပွဲနေ့မှာ အမှိုက်ကောက်ပွဲ လုပ်တဲ့ ဗန်းမော်မြို့
Posted on April 1, 2012
© 2012 JSchool Burma/Myanmar Elections Watch 2012 [mm]. All rights reserved..


မြန်မာနိုင်ငံအနှံ့အပြား တိုင်းနှင့်ပြည်နယ် ()ခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေချိန် ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စိမ်းရောင်စို အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး သိမ်ကျောင်းဘုရားများတွင် အမှိုက်ကောက်ခဲ့သည်။


သူများတွေ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ ကျွန်တော်တို့က ပလတ်စတစ်နဲ့ အမှိုက်ကောက်ပွဲပေါ့ဗျာ၊ အမှိုက်တွေမှ အများကြီးဗျ။ တုန်ဟုန်းကားနဲ့ အပြည့်ရတယ်” ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲအောင်နိုင် ရေးမန်နေဂျာ ဦးဇော်သင်းက ပြောပြခဲ့သည်။


ရွေးကောက်ပွဲကျင်းပ ချိန်တွင် ဗန်းမော်၌ မဲများမရသော်လည်း အမှိုက်အများကြီး ရကြောင်းနှင့် အဆိုပါပွဲတွင် ဗန်းမော်မြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဦးဘမြင့်လည်း ပါဝင်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။


အဖွဲ့ဝင် (၁၈၂)ဦး ပါဝင်သည့် စိမ်းရောင်စိုလှုပ်ရှားမူအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စိမ်းရောင်စိုအဖွဲ့သည် အမှိုက်ကောက်သည့် အစီအစဉ်များကို ယခုပတ်မှ စတင်ကာ အပတ်စဉ်တိုင်း ပြုလုပ်သွားမည်ဖြစ်သည်။


ဗန်းမော်မြို့ စိမ်းရောင်စိုလှုပ်ရှားမူကို ၈၈မျိုးဆက် ဦးညီညီထွေးတင့်က ဦးဆောင်ဖွဲ့စည်းခြင်းဖြစ်ပြီး နိုင်ငံရေးအရိပ်အရောင် စွန်းထင်းမူ မရှိကြောင်း ဦးဇော်သင်းကဆိုသည်။


စိမ်းရောင်စိုသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကွန်ယက်လှုပ်ရှားမူဖြစ် ပြီး ပြင်ဦးလွင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူမြို့များတွင်လည်း လှုပ်ရှားမူများရှိသည်။


(Kachin Land သတင်းဌာနအတွက် သတင်းထောက် ဇန်မြတ်ပေးပို့သော သတင်းဖြစ်သည်။)


ယှဉ်ပြိုင်ရာ ၄၄ နေရာလုံး NLD နိုင်ပြီဟုဆို
မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဧပြီလ ၀၁


ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရသည်။


နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယှဉ်ပြိုင်နေသော အဆိုတော် ဇေယျာသော် အနိုင်ရရှိကြောင်း နောက်ဆုံး သိရပြီးနောက် ၄၄ နေရာလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။
၄၄ နေရာအနက် ၃၈ နေရာမှာ မဲရေတွက်ပြီးဖြစ်ကာ ကျန် ၆ နေရာတွင် မဲရေတွက်ဆဲဖြစ်သော်လည်း NLD ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်များအား မဲအရေအတွက် အများအပြား အသာဖြင့် ဦးဆောင်ပြီး
သေချာနေသည့်အတွက် ၎င်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း ရုံးချုပ်သို့ ဖုန်းဖြင့် သတင်းပို့လာသဖြင့် ယခုကဲ့သို့ ယှဉ်ပြိုင်နေရာအားလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။


တနင်္လာနေ့ နံက်နက်တွင် မဲအနိုင်ရရှိမှု အသေးစိတ်စာရင်းကို NLD မှ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။


ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာ ရှိသည့်အနက် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော်မြို့များတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပေ။ ကျန် ၄၅ နေရာ တွင် NLD က ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။


ဗိုလ်မင်းအောင်လှိုင်ရဲ့စကားယုံစားရင် အကုန်မှားလိမ့်မယ်
ရွှေပြည်စိုး ဧပြီ ၁၊ ၂၀၁၂ မိုးမခ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့စကားကိုယုံရင် အကုန်မှားသွားမယ့်အပြင် ငါးပါးမှောက်ရုံမက သံဃာစင်ပါမှောက်သွား ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်မင်းအောင်လှိုင်ရဲ့ ၆၇ နှစ်မြောက်တပ်မတော်နေ့မိန့်ခွန်းမှာ ဒီလိုပြောတဲ့အပြောမျိုးပြောလာတာ နှစ်ပေါင်း ၂၀ ကျော်လာပြီ။ ဒီနေ့ထိ အပြောနဲ့အလုပ် တခါမှညီတာ မတွေ့ခဲ့ရတာကြောင့်ဖြစ်တယ်။ သူ့ရဲ့တပ်မတော်နေ့မိန့်ခွန်းမှာ - မြန်မာ နိုင်ငံမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်တည်ငြိမ်ရေးအတွက်အရေးကြီးကြောင်း၊ မိမိအနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ () မှာ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စေါင့်ရှောက်ရန် အဓိကတာဝန်ရှိတယ်လို့ အတိအကျ ဖော်ပြတာဝန်ပေးအပ်ထားတာဖြစ်တယ်။ ဒါကြောင့် တို့တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည် ဆောက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်း၊ တပ်မတော်ဟာ အတိတ် တုန်းကလိုပဲ နိုင်ငံရေးမှာ ဆက်ပါဝင်သွားမှာဖြစ်ကြောင်း” မိန့်ကြားသွားတာတွေ့ရပါတယ်။ (ဗွီအိုအေ၊ ၂၇၊ ၃၊ ၂၀၁၂)


အလားတူ သမတသိန်းစိန်ကလည်း ၆၅ နှစ်မြောက်ပြည်ထောင်စုနေ့မိန့်ခွန်းမှာ “စွမ်းအားပြည့်ဝတဲ့ ခေတ်မှီမျိုးချစ်တပ်မတော်ထူထောင် ရေး” ကို ပြောကြားသွားတယ်။ ဒါပေမဲ့ “တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်သွားမယ်” ဆိုတာ ထည့်မပြောဘူး။ ဒါတွေကိုကြည့်ရင် စစ်ဗိုလ်စစ်သားတွေဟာ စစ်စကားတွေပဲပြောတယ်။ သူတို့အာဏာတည်မြဲဖို့ပဲ အမြဲတမ်းကာကွယ်ပြီးပြောနေတယ်ဆိုတာ ထင်ရှားတယ်။
သူတို့ရဲ့မိန်ခွန်းတွေကိုကြည့်ရင် မစားရ၀ခမန်းလိလိ ဖြစ်နေတယ်။


ဗိုလ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းပါအချက်တွေကို တခုချင်းဆန်းစစ်ကြည့်ရင် ....
၁။ မြန်မာနိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်တည်ငြိမ်ရေးအတွက် အရေးကြီးတယ်တဲ့။ () သူတို့စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်လာတာ နှစ်ပေါင်း ၂၀ ကျော်လာပြီ။ တိုင်းပြည်ဘယ်တုန်းကမှ မငြိမ်သက်ခဲ့ဘူး။ ခုသူပြောနေတဲ့အချိန်မှာပဲ နယ်စပ်တလျောက်ရှိ တိုင်းရင်းသားတွေနဲ့ စစ်တိုက်နေတုန်း။ တိုင်းရင်သားတွေကို ထိုးစစ်ဆင်နေတုန်းပဲ။ ပါးစပ်ကကြားကောင်းအောင် “ငြိမ်းချမ်းရးဆွေးနွေးပွဲ” လို့ပြောနေတာ လပေါင်းများစွာရှိနေပြီ။ ဘာတခုမှ မငြိမ်းချမ်သေးဘူး။ ခုချိန်ထိတိုက်နေတာ အားလုံးအသိပဲ။ ဒါဟာ သူ့အပြောနဲ့အလုပ် မညီဘူးဆိုတာ သက်သေပြတာဖြစ်တယ်။ သမတသိန်းစိန်က အပစ်ရပ်ဖို့အမိန့်ထုတ်တယ်။ ဒါပေမယ့် ဗိုလ်မင်းအောင်လှိုင်က သမတ အမိန့်ကို မနာခံဘူး။ ကရင်၊ ကချင်၊ ကရင်နီ၊ ရှမ်း …. စတဲ့တိုင်းရင်းသားတွေကိုထိုးစစ်ဆင်နေတာ ခုချိန်ထိပဲ။ အပစ်မရပ်ရုံမက ကချင်ပြည် နယ်မှာ ဓါတုဗေဒလက်နက်သုံးပြီးတိုက်နေတာတွေ့ရတယ်။ (ဒီဗွီဘီ ၊ရွှေဟသာင်္၊ ၂၂-၂၄၊ ၃၊ ၂၀၁၂) အဲဒီတော့ သူပြောတဲ့ “တိုင်းပြည်တည်ငြိမ် ရေးဆိုတာ ” “ကျည်ဆန်မပါ အသံသာပါတဲ့ သင်္ကြန်အမြောက်” မိန့်ခွန်းဖြစ်နေတယ်။ သူ့စကားဟာ ဘာမှအထင်ကြီးစရာမရှိ။


၂။ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ” ဆိုတာ NLD စတဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောတူညီမှုမပါဘဲ စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ တ ဘက်သတ်ရေးဆွဲထားတဲ့ဥပဒေဖြစ်ပြီး ကလိန်ကကျစ်နည်းနဲ့ အတည်ပြုယူခဲ့တာဖြစ်တယ်။ အလားတူ ၂၀၁၀ ရွေးကောက်ပွဲဟာလည်း မဲ လိမ်၊ မဲခိုး၊ ကြိုတင်မဲခိုးတဲ့ မသမာနည်းနဲ့ အနိုင်ယူထားတဲ့ ရွေးကောက်ပွဲဖြစ်တယ်။


၃။ “တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်မယ်” ဆိုတဲ့အပြောမျိုးဟာလည်း ၁၉၈၈ က စပြီး နှစ်တိုင်းလိုလို ဒီလိုပဲ စကားလုံးပြောင်းပြောတာကလွဲလို့ ဘာမှ မထူးခြားဘူး။ ခေတ်မမှီ မဖွံ့ဖြိုး၊ မတိုးတက်တဲ့အပြင် တနှစ်ထက် တနှစ်ဆုတ်ယုတ်လာခဲ့တာ ကမ္ဘာ့အောက်ဆုံးအဆင့်ရောက်နေပြီ။ နိုင်ငံတကာကိုပေးဆပ်ရမယ့်ကြွေးတွေကလည်း ခေါင်ခိုက်နေပြီ။ ဒီအ ကြွေးနဲ့ပတ်သက်ပြီး ကဗျာဆရာ တက္ကသိုလ်ဘုန်းကြွယ် ဖေဖေါ်ဝါရီ ၅၊ ၂၀၁၂ ရက်က အီးမေးလ်မှတဆင့်ပေးပို့တဲ့ ကဗျာ တပုဒ်မှာ “အကြွေးသူဌေး မြန်မာနိုင်ငံ”လို့တင်စားထားသလို ၈၈ နောက်ပိုင်းမှာ အကြွေးသန်းပေါင်း ၂၆၁၄.၉၅၀ ဒေါ်လာတင်ရှိနေကြောင်း ဖေါ်ပြ ထားတယ်။


ဖေဖေါ်ဝါရီလ ၂၊ ၂၀၁၂ ထုတ် ဧရာဝတီသတင်းမှာလည်း မြန်မာနိုင်ငံပေးဆပ်ရမယ့်အကြွေးဒေါ်လာ စုစုပေါင်း ၁၁ ဘီလီယံကျော် (ဒေါ်လာ သန်းပေါင်း ၁၁၀၂၃.၂၉၈ ) ရှိကြောင်း၊ ၎င်းအနက် ၁၉၈၈ နောက်ပိုင်း (န၀တ၊ နအဖ ခေတ်) ပေးဆပ်ရမယ့်ကြွေးပေါင်းမျာ ဒေါ်လာသန်းပေါင်း ၂၆၁၄.၉၅၀ သန်းဖြစ်ကြောင်း ဖေါ်ပြထားတယ်။


သမတသိန်းစိန်၊ ဗိုလ်မင်းအောင်လှိုင်ပါဝင်တဲ့ န၀တ၊ နအဖ စစ်အစိုးရခေတ်မှာ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ဓါတ်သတ္ထု၊ ကျောက်မျက်ရတနာ၊ ရေအားလျှပ်စစ်ဓါတ်အားနဲ့ သစ်တောထွက် …. စတဲ့ သယံဇာတတွေ အလျှံပါယ်ထွက်ရှိရောင်းချနေရပါလျက်နဲ့ အကြွေးဒေါ်လာသန်းပေါင်း ၂၆၁၄.၉၅၀ သန်း ကြွေးတင်နေတယ်ဆိုတော့ အံ့သြစရာဖြစ်နေသလို ဒီလောက်ကြွေးတင်နေမှတော့ သမတသိန်းစိန်နဲ့ ဗိုလ်မင်းအောင် လှိုင်တို့ပြောသလို ဘယ်လိုခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ဖြစ်လာမှာလဲ။ သူတို့လို စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်တွေကြီးစိုးချယ်လှယ်နေသမျှကာလပတ်လုံး မြန်မာနိုင်ငံဟာ ဘယ်တော့ဖွံ့ဖြိုးတိုးတက်တဲ့ခေတ်မီနိုင်ငံဖြစ်မလာနိုင်တဲ့အပြင် ဘယ်တော့မှလည်း ဒီမိုကရေစီနိုင်ငံဖြစ် လာမှာမဟုတ်ဘူးလို့ ရဲရဲကြီးပြောရဲတယ်။


ခုလိုသယံဇာတ အလွန်ပေါများကြွယ်ဝစွာထွက်ရှိရောင်းရတဲ့နိုင်ငံဟာ ဆင်းရဲမွဲတေပြီး အကြွေးသူဌေးနိုင်ငံဖြစ်လာရတဲ့အကြောင်းရင်းတွေ ထဲက အထင်ရှားဆုံးသာဓကတခုမှာ - သမတသိန်းစိန်၊ ဗိုလ်မင်းအောင်လှိုင်တို့ပါဝင်တဲ့ န၀တ၊ နအဖစစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်တွေနဲ့ ရာ ပေါင်းများစွာသော အပေါင်းပါတို့ဟာထွက်ရှိတဲ့ သယံဇာတပစ္စည်းရောင်းရငွေတွေကို တိုင်းသူပြည်သားတွေမသိအောင် နည်းမျိုးစုံနဲ့ နိုင်ငံ ခြားဘဏ်ပေါင်းများစွာမှာ လျှို့ဝှက်အပ်နှံထားကြခြင်းကြောင့် ဖြစ်တယ်။ န၀တ၊ နအဖ ဥက္ကဌမိသားစုနဲ့တကွ အလိုတူအလိုပါ ရာပေါင်းများ
စွာတို့ဟာ နိုင်ငံတော်ရဲ့ဘဏ္ဍာတော်တွေကို နိုင်ငံခြားဘဏ်ပေါင်းများစွာမှာအပ်နှံထားကြတဲ့ စာရင်းအချို့ကို အောက်ပါ Website တွေမှာ တွေ့ရင် သယံဇာတပေါများကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ ဘာကြာင့် အကြွေးသူဌေးမြန်မာနိုင်ငံဖြစ်ရသလဲဆိုတာ ထင်ထင်ရှားရှားတွေ့ ရပါလိမ့်မယ်။ ကြည့်ကြပါ။
၁။ Reserve Bank of Australia, 2008 -10-22 (ဗိုလ်ချုပ်သန်းရွှေမိသားစုအပါအ၀င် ၄၆၃ ဦး) www.rba.gov.au/media Releases/2008/mr_08_23-_annex.html.
၂။ Bank of England NewEra-2009-3-23. (ဗိုလ်ချုပ်သန်းရွှေမိသားစုအပါအ၀င် ၅၁၅ ဦး)
၃။ European Union Bank, Meomaka, 2009-8-15 (ဗိုလ်ချုပ်သန်းရွှေမိသားစုအပါအ၀င် ၅၂၉ ဦး)
၎။ Bank of Canada, www.Canada Burma.org (ဗိုလ်ချုပ်သန်းရွှေမိသားစုအပါအ၀င် ၄၀ ဦး)
၅။ Overseas Chinese Banking Corporation (OCBC) and DBS Group (RFA,VOA,DVB,Mizzima.Irrawaddy, 2009-Sept-10)


ဒါ့အပြင် မြစ်ဆုံစီမံကိန်းနဲ့ပါတ်သက်လို့ ဗိုလ်သန်းရွှေနဲ့ဗိုလ်တင်အောင်မြင့်ဦးတို့ကို ဒေါ်လာ ၅ ဘီလီယံ (သန်းပေါင်း - ၅၀၀၀) တရုတ်ကုမ္ပဏီ (CPI) မှပေးခဲ့ကြောင်း၊ ထိုငွေထဲမှအချို့ကို နေပြည်တော်ဆောက်လုပ်ရေးလုပ်ငန်းတွင်သုံးပြီး ကျန်ငွေများဘယ်မှာရှိမည်ကို ထိုသူနှစ်ဦးမှ တပါး မည်သူမှမသိရကြောင်း (အောက်တိုဘာ ၆၊ ၂၀၁၁) ထုတ်ဝေသည့် ဧရာဝတီသတင်းမှာတွေ့ရတယ်။ အဲဒီကျန်ငွေအားလုံးမှာ ဗိုလ် သန်းရွှေနဲ့ ဗိုလ်တင်အောင်မြင့်ဦးတို့၏အိတ်ထဲရောက်သွားပြီဆိုတာ ထင်ရှားနေပါတယ်။


ဖော်ပြပါ website စာရင်းဟာ အချို့သာဖြစ်တယ်။ မသိလိုက်တာတွေ ရှိနိုင်ပါသေးတယ်။ အထက်ဖော်ပြပြီးတဲ့ စာရင်းတွေကိုကြည့်ရင် ရာပေါင်းများစွာသော စစ်ဗိုလ်ချုပ်တွေနဲ့အပေါင်းပါတို့ဟာ နည်းမျိုးစုံနဲ့ ခိုးဝှက်နေမှတော့ ဒီနိုင်ငံဟာ ကြွေးမတင်ပဲနေနိုင်ပါတော့မလား။ ဒါ တွေကိုကြည့်ရင် နိုင်ငံမွဲလေ၊ ကြွေးတင်လေ၊ စစ်အစိုးရဗိုလ်ချုပ်တွေ ချမ်းသာကြွယ်ဝလေပါပဲ။


စစ်တပ်ဆိုတာ နိုင်ငံကာကွယ်ရေးအတွက်ပဲဖြစ်ရမယ်။ နိုင်ငံရေးပါတီများက နိုင်ငံကိုအုပ်ချုပ်ရမယ်။ ဘယ်နိုင်ငံမှာကြည့်ကြည့် ဒီအတိုင်းပါပဲ။ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်ပါလာတဲ့တိုင်းပြည်ဟာ အဖတ်ဆယ်မရအောင် ပျက်စီးတာပဲ။ အလားတူမြန်မာနိုင်ငံဟာလဲ ဒီအတိုင်းပါပဲ။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်တွေ (သို့) အာဏာရှင်တွေကြီးစိုးနေသမျှ ကာလပတ်လုံး ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီနိုင်ငံဖြစ်လာမှာမဟုတ်သလို ဘယ်တော့မှလည်း ခေတ်မှီဒီမိုကရေစီ နိုင်ငံဖြစ်လာမှာမဟုတ်ကြောင်းတင်ပြအပ်ပါတယ်။




မိုးမခ

2 comments:

hman said...

THATS RIGHT!! THANKS A LOTS,I NEVER KNOWN BEFORE REALY.

Toe Toe said...

မှန်လိုက်တာဗျာ၊တင်နေတဲ့အကျွေးတွေက သူတို့ထဲ ၁၀ ယောက်လောက်ရဲ့ပိုင်
ဆိုင်မှုတွေနဲ့ ဆပ်ရင်တောင်ကျေပါတယ်။အကုန်လုံးရဲ့ပိုင်ဆိုင်မှုနဲ့သာဆိုအင်း
လူတစ်ကိုယ်တိုက်တစ်လုံး၊ကားတစ်စီးများစီးနေရမလားဘဲ။ဒီတိုင်းပြည်မှာနေရ
တာအတော်စိတ်ဆင်းရဲစရာကောင်းတာဘဲ။မြန်မြန်မှန်မှန်ကန်ကန်လုပ်မဲ့သူတက်
လာပါစေ၊မမှန်တဲ့သူတွေမြန်မြန်ကျဆုံးပါစေ။

Post a Comment