သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Wednesday, March 21, 2012

Mar 21 ( part one )

မိုးမခ မီဒီယာအဖွဲ့က စုစည်း ဖြန့်ဝေတယ်
မတ်လ ၂၁ သတင်းများ အပိုင်း ၁
 
NLD ကိုယ်စားလှယ်လောင်း နှင့် အဖွဲ့ နေပြည်တော်တွင် လေးခွဖြင့် ပစ်ခတ်ခံရ
သတင်းနှင့် ဓာတ်ပုံများ - http://www.facebook.com/PopularNewsJournal
မတ် ၂၁၊ ၂၀၁၂ - မိုးမခ
မပွင့်ဖြူပြုံး

နေပြည်တော်ကောင်စီ၊ ဥတ္တရသီရိမြို့နယ်အတွင်း ဒီချုပ် ကိုယ်စားလှယ်လော
င်း စည်းရုံးရေးဆင်းပြီး အပြန်တွင် လောက်လေးခွဖြင့် ပစ်ခတ်ခံရမှုကြောင့် အောင်နိုင်ရေး အဖွဲ့ဝင် အမျိုးသမီးတစ်ဦး၏ ဦးခေါင်း၌ အတွင်းဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

မတ်လ ၁၈ ရက်နေ့ ည ၇နာရီ ခန့်တွင် ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးမင်းသူနှင့်အဖွဲ့သည် ဥတ္တရသီရိ မြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ အပြန်တွင် အမှောင်တွင်းမှ လောက်လေးခွဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး တွဲဖက်အသုံးပြုသည့် လောက်စာလုံးမှာ သုံးမြှောင့်သဏ္ဌာန် ပြုပြင်ထားသည့်
သစ်သားတုံးကလေး ဖြစ်သည်ဟု ဦးမင်းသူက ပြောသည်။

ယင်းနေ့ ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်း ဦးမင်းသူက ''အဲဒီနေ့က ဖောင်းလောင်း၊ မုံနစ်၊ အောင်ချမ်းသာ စတဲ့ ရွာသုံးရွာကို စည်းရုံးေ
ရး ဆင်းတဲ့နေ့ပေါ့။ နောက်ဆုံးကျေးရွာက အောင်ချမ်းသာ ကျေးရွာလေ။ အပစ်ခံရတဲ့အချိန်က ည ၇ နာရီဆိုတော့ မှောင်နေပြီပေါ့။ ဒါပေမဲ့ ရွာခံအချို့နဲ့ အောင်နိုင်ရေးအဖွဲ့ဝင်အချို့က ချက်ချင်းပြန်ဖို့လာပြောတော့ ကျွန်တော်လည်း လက်စသိမ်းပြီး ပြန် တယ်။ အဲဒီမှာ ကျွန်တော့်ကို အောင် နိုင်ရေးအဖွဲ့ လူငယ်တွေက ဝိုင်းရံပြီး ခေါ်သွားတယ်။ ပြီးတော့ ကားခေါင်း ခန်းထဲမှာ မထိုင်ဖို့ အကြံပေးပြီး Light truck ကားရဲ့ နောက်ခန်း ထဲမှာ လူငယ်တွေကာပြီး ထိုင်နေရာ က ဟာလာဟင်းလင်းကြီး ဖြစ်နေ လို့ အောင်နိုင်ရေးအဖွဲ့က လူကြီး တစ်ဦးက အခု ဆေးရုံ တင်ထားရတဲ့ မပွင့်ဖြူပြုံးကို လွတ်နေတဲ့နေရာကို ကာဖို့အတွက် တာဝန်ပေးတယ်။ မပွင့်ဖြူပြုံးက သူ့နေရာက ထပြီး ကျွန်တော့်ရှေ့အရောက် ''ဟာ ဦးပစ် နေပြီ'' လို့ပြောပြီး ပုံလဲကျသွား တယ်။ ဒါနဲ့ ပရိသတ်လဲ ရုတ်ရုတ် သဲသဲ ဖြစ်သွားတယ်။ ကျွန်တော်တို့ လည်း ခပ်မြန်မြန် ပြန်လာရတယ်။ လမ်းမှာ မပွင့်ဖြူပြုံးက အန်တော့ စိုးရိမ်သွားတယ်။ ခေါင်းတွေ ဘာတွေ မပေါက်ဘဲ ထိတဲ့နေရာက ဖူးရောင် ပြီး ဒဏ်ရာရတယ်ပေါ့။ ဒါနဲ့ ဆေးရုံ ပို့ရတယ်။ သူသာ မရှိလိုက်ရင် ကျွန်တော့်မျက်လုံး ထိသွားနိုင် တယ်။ ဘာလို့လဲဆိုတော့ တြိဂံ ပုံသဏ္ဌာန် သစ်သားတုံးက ကျွန် တော့်မျက်နှာချင်းဆိုင် မှောင်ရိပ်ထဲက ထွက်လာပြီး မပွင့်ဖြူပြုံးကို မှန်တာ လေ''ဟု ပေါ်ပြူလာနယူးစ်ဂျာနယ် သို့ ပြောသည်။

ပစ်ခတ်ခံရသူသည် နေပြည် တော် ပျဉ်းမနားမြို့ ဘိုကုန်းရပ်တွင် နေထိုင်သူ အသက် ၂၇ နှစ်အရွယ် ရှိ မပွင့်ဖြူပြုံး ဖြစ်ပြီး ဦးခေါင်းနောက် ပိုင်း ညာဘက်ခြမ်းတွင် အတွင်းဒဏ် ရာ ရရှိသဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံ၊ ဦးနှောက်နှင့် အာရုံ ကြော အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

အထက်ပါ ဖြစ်ရပ်နှင့် ပတ် သက်၍ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်နေ NLDထောက်ခံပြည်သူတစ်ဦးက ''အခု ချောင်းမြောင်း ပစ်ခတ်တဲ့ ကိစ္စ ကို ဘယ်လို အရေးယူမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေပါ တယ်'' ဟု သုံးသပ်သည်။

ထိုသို့ ပစ်ခတ်ခံရသည်နှင့် တစ်ပြိုင်နက် နေပြည်တော် ၄ မြို့ နယ် အောင်နိုင်ရေးအဖွဲ့ နာယက ဦးအေးသောင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တယ်လီဖုန်းဖြင့်တိုင်တန်းပြီးတောင်ညို အပိုင် ရဲစခန်းတွင်လည်း (ပ) ၁၂/ ၂ဝ၁၂၊ ပုဒ်မ ၂၉၄ ဖြင့် လည်း ကောင်း၊ (ပ) ၁၃/၂ဝ၁၂၊ ပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း အမှုဖွင့်ထား ကြောင်း အောင်နိုင်ရေးအဖွဲ့ဝင်တစ် ဦးက ပြောသည်။ 





ပုသိမ်သူ ရေယာဉ်နစ်မြုပ်မှု အသေအပျောက်များရှိ
By featured, ကျော်ခ on March 21, ဧရာဝတီ
ရွေးကောက်ပွဲ စောင့်ကြည့်ရန် နိုင်ငံတကာကို ဖိတ်ခေါ်
By featured, ခင်ဦးသာ on March 21, ဧရာဝတီ
အစိုးရနှင့် တပ်မတော် အပေါ် SSA သံသယရှိ
By featured, ကျော်ခ on March 21, ဧရာဝတီ
မြစ်ဆုံရွာသားများကို ပြန်ထွက်သွားရန် အမိန့်ထုတ်
By featured, လင်းသန့် on March 21, ဧရာဝတီ
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် တွေ့ဆုံမေးမြန်းခြင်း ()
By featured, ဧရာဝတီ on March 21, အင်တာဗျူး ဧရာဝတီ


တရုတ် ရေလှောင်ကန်အနီး ဥယျာဉ်ခြံ မချဲ့ရ
Published on March 21, 2012 by ကိုထွေး · DVB
ဓမ္မစရိယ မအောင်ရင် နယ်လှည့်တရားမဟောရ
Published on March 21, 2012 by အေးနိုင် · DVB
မိုးပြာရောင်ဘုန်းကြီး မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံနေရ
Published on March 21, 2012 by မင်းလွင် · DVB
တရားသဖြင့် နိုင်တာကိုပဲ ကျနော်တို့ ဂုဏ်ယူချင်ပါတယ်
Published on March 21, 2012 by ရွှေအောင် · DVB
================================




ပုသိမ်သူ ရေယာဉ်နစ်မြုပ်မှု အသေအပျောက်များရှိ
By featured, ကျော်ခ on March 21, ဧရာဝတီ
ဧရာဝတီတိုင်း ပုသိမ်မြို့နှင့် သရက်သို့ ပြေးဆွဲသော ပုသိမ်သူ အမှတ် (၁၁) ရှပ်ပြေးရေယာဉ် နစ်မြုပ်မှုတွင် ယနေ့အထိ အသက်ရှင် သူ ၇၅ ဦးနှင့် သေဆုံးသူ ရုပ်အလောင်း ၆ လောင်းကယ်ဆယ်နိုင်ခဲ့ပြီး ၁၅ ဦး ပျောက်ဆုံးနေကြောင်း ငပုတော မြို့နယ်ရဲစခန်းက ပြောသည်။
လှိုင်းလေရှိနေတဲ့အခါမှာ ရေစီးကလည်းကောင်းနေတဲ့အချိန် စက်လှေကို အရှိန်နဲ့ ဆိုက်ကပ်ဖို့ ပြန်ကွေ့တဲ့အချိန်မှာ အရှိန်ပါတဲ့ အတွက်ကြောင့်မို့လို့ တိမ်းမှောက်တယ်လို့ ထင်ရတယ်။ ကျနော်တို့လည်း ဆက်ပြီးတော့မှ ရှာဖွေရေး၊ ဆယ်ယူရေး ကိစ္စတွေ ဆောင်ရွက်နေပါတယ်”ဟု ငပုတောမြို့နယ်ရဲစခန်းမှ ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။
ခရီးသည် ၁၀၀ ခန့်နှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသော အဆိုပါရေယာဉ်သည် ပုသိမ်မြို့မှအပြန် ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီ ခန့်တွင် ငပုတော ရေယာဉ်ဂိတ်နှင့် ရေမိုင် ၁၀၀ ခန့်အကွာ ကန်ဆိပ်ရွာ ဆိပ်ကမ်းအနီး၌ တိမ်းမှောက်သွားခဲ့ကြောင်း၊ ခရီးသည်များကို မြို့ပေါ်ရှိ သက်ဆိုင်ရာ အစိုးရဝန်ထမ်းများနှင့် မြို့ခံများက စက်လှေများဖြင့် ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။


ရှာဖွေတွေ့ရှိခဲ့သော ရုပ်အလောင်းများတွင် အမျိုးသမီး ၅ ဦးနှင့် ကလေးငယ် ၁ ဦးဖြစ်ပြီး ပျောက်ဆုံးနေဆဲ ၁၅ ဦးထဲတွင်လည်း အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၄ ဦးဖြစ်ကြောင်း ရဲစခန်း မှတ်တမ်းများအရ သိရသည်။ ယခုအခါ နစ်မြုပ်သွားသော ရေယာဉ် နှင့် ကုန်ပစ္စည်းများကို ဆယ်ယူရန် ဆက်လက်စီစဉ်နေကြောင်း သိရသည်။


အဆိုပါ ရေယာဉ်နစ်မြုပ်မှုမှာ ရာသီဥတု ဒဏ်ကြောင့်မဟုတ်ဘဲ ရေယာဉ်လက်မှတ်များရောင်းချရာနှင့် ကုန်ပစ္စည်းတင်ဆောင်မှု အလေးချိန်ကို အချိန်အဆမရှိ တင်ခွင့်ပေးထားသဖြင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ငပုတောမြို့ခံများက စွပ်စွဲပြောဆိုနေကြသည်။


ငပုတော မြို့ခံတဦးကလည်း“နစ်တဲ့လူတွေက ပြန်ပြောပြတယ်။ ကုန်ပစ္စည်းတွေကလည်း တော်တော်များတယ်။ လူတွေကလည်း ကြပ်သိပ်နေတယ်။ ကန်ဆိပ်ရွာ ဆိပ်ကမ်းကို ကပ်ဖို့ အရှိန်နဲ့ ကွေ့လိုက်တာမှာ မထိန်းနိုင်ပဲမှောက်ပြီး နစ်သွားတာ”ဟု ငပုတောမြို့နယ်ရဲစခန်းမှ ရဲအရာရှိ က ပြောသည်။


ရေယာဉ်နစ်မြုပ်မှုတွင် ပါသွားသူများမှာ ဒေသခံအများစုဖြစ်ပြီး ဒေသထွက်ကုန်ပစ္စည်းများ ပုသိမ်မြို့ပေါ် သွားရောက် ရောင်းချပြီး ပြန် လာသူများ ဖြစ်သကဲ့သို့ အနယ်နယ်အရပ်ရပ်သို့ သွားရောက်ပြီး ပြန်လာသူများလည်းပါဝင်ကြောင်း ငပုတော မြို့ခံများက ပြော ပြ သည်။


၂၀၀၉ ခုနှစ် နိုဝင်ဘာလ ကလည်း ပုသိမ်မြို့မှ သက်ကယ်တောင်သို့ ကူးသန်းသည့် “နေမျိုးထွန်း” အမည်ရ ခရီးသည်တင် သင်္ဘော နှင့် “ဓန” အမည်ရ ဒီဇယ်တင်သင်္ဘောတို့မှာ ငဝန်မြစ်အတွင်း ရှမ်းဂူကျေးရွာအနီး တိုက်မိ၍ သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၄၀ ကျော် သေဆုံးခဲ့ပြီး ၅၀ ကျော် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ဖူးသည်။


ရွေးကောက်ပွဲ စောင့်ကြည့်ရန် နိုင်ငံတကာကို ဖိတ်ခေါ်
By featured, ခင်ဦးသာ on March 21, ဧရာဝတီ
ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ရန် အမေရိကန်၊ ဥပရေပ သမဂ္ဂ (အီးယူ) နှင့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (ASEAN) ကိုယ်စားလှယ်များအား မြန်မာအစိုးရက ဖိတ်ကြား ထားကြောင်း သိရသည်။
ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး၏ ပြောခွင့်ရသူ အန်ဒရီယန် နုဇ်မင်း(Adrienne Nutzman) က ထိုသို့ ပြောဆိုကြောင်း AP သတင်းက ရေးသားထားသည်။ အမေရိကန်နှင့်ဥရောပ အဖွဲ့အား ဖိတ်ခေါ်ထားသော်လည်း မည်သည့်ပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင် မည်မျှပါဝင်မည် ဆိုသည်ကိုမူ သံရုံးပြောခွင့်ရသူမှ တိတိကျကျ ပြောဆိုမှု မရှိသေးကြောင်းလည်း AP သတင်းက ဆိုသည်။


မြန်မာနိုင်ငံတွင် ဧပြီ ၁ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်ရေး အဖွဲ့ တချို့ကို ခွင့်ပြုမည်ဟု သိရသော်လည်း မည်သည့်ပုံစံဖြင့် လာရောက်ခွင့်ပေးမည်ကို အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပေ။


တပြိုင်တည်းမှာပင် ကြားဖြတ်ရွေးကောက်ပွဲ အကြို သွားရောက်ခဲ့သည့် ဘန်ကောက်အခြေစိုက် The Asian Network For Free Election (ANFREL) အဖွဲ့ခေါင်းဆောင် Ms.Somsri Hananuntasuk အား မြန်မာအစိုးရ က ယမန်နေ့က ပြည်နှင်ဒဏ် ပေး လိုက်ကြောင်း သိရသည်။


ANFREL အဖွဲ့ ခေါင်းဆောင် အမျိုးသမီးကို ရန်ကုန်မြို့မှ ထွက်ခွာပေးရန် လူဝင်မှုကြီးကြပ်ရေးဌာန(လ၀က)အရာရှိတဦး က ယမန်နေ့ ညနေပိုင်းတွင် တည်းခိုရာနေရာသို့ လာရောက်၍ ပြောဆိုခဲ့ကြောင်း ဘန်ကောက်မြို့ရှိ ANFREL ရုံး၏ တာဝန်ရှိသူ တဦးက ဧရာဝတီ ကို ပြောသည်။


ဒီနေ့ပဲ ရန်ကုန်က ထွက်ခွာပေးပါ၊ ဗီဇာ အသစ် ထပ်လျှောက်ထားပြီးတော့ ပြန်လာပါ ဆိုပြီးတော့ လ၀က အရာရှိ တဦးက လာပြောတယ်၊ ယဉ်ယဉ်ကျေးကျေးပါပဲ၊ ဘယ်လိုဗီဇာမျိုး လျှောက်ပါလို့တော့ မပြောဘူး”ဟု ၎င်း က ဆက်ပြောသည်။


ANFREL အဖွဲ့ဝင် တချို့သည် မြန်မာနိုင်ငံသို့ ခရီးသွား ဗီဇာဖြင့် ယခုရက်ပိုင်း အတွင်း ရောက်ရှိနေကြခြင်း ဖြစ်သည်။ ၎င်းအဖွဲ့သည် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။


ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တဆိုင်၌ ANFREL အဖွဲ့က နိုင်ငံတကာ ရွေးကောက်ပွဲများ၏ လွတ်လပ်မှု ရှိခြင်း၊ မရှိခြင်း၊ အခြေ အနေများ၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုပေးမှု အတိုင်းအတာများ၊ အတွေ့ အကြုံ စသည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စ ရပ်များအား ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ခြင်းကို မြန်မာ အာဏာပိုင်များ သိရှိသွားပြီးနောက် နှင်ထုတ်ခံခဲ့ရကြောင်း အဖွဲ့ဝင် တဦး က ဆိုသည်။


ANFREL ကို ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အာရှဒေသ လူထုအခြေပြု လူမှုအဖွဲ့များ၏ ပထမဦးဆုံး ဒေသဆိုင်ရာ ကွန်ရက် တခုလည်း ဖြစ်သည်။ ANFREL သည် အာရှဒေသအတွင်း နိုင်ငံ တနိုင်ငံချင်းစီနှင့် ဒေသအဆင့် ဒီမိုကရေစီ ဖြစ်ထွန်းမှုကို မြှင့် တင်၊ ထောက်ခံပံ့ပိုးပေးရန် အားထုတ်လုပ်ဆောင်သည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။


ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရေး အဖွဲ့များ လာရောက်ခွင့်ပေးရန် နိုင်ငံတကာမှ တောင်းဆိုနေကြရာ ASEANအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များကိုလည်း မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ကြောင်း ASEAN အဖွဲ့က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။


ASEAN အဖွဲ့ဝင်နိုင်ငံများမှ တနိုင်ငံလျှင် လွှတ်တော်ကိုယ်စားလှယ်၂ ဦးနှင့် ASEAN အတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင် ၅ ဦးကို လာရောက်ရန် အစိုးရ က ဖိတ်ခေါ်ထားကြောင်း ASEAN အတွင်းရေးမှူးချုပ်ရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


မြန်မာအစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင်လည်း ရန်ကုန်မြို့ရှိ နိုင်ငံတကာ သံရုံးများမှ သံတမန်များကို ဖိတ်ခေါ်ကာ ၎င်းတို့ စီစဉ်ထားသည့် မဲရုံများအား လေ့လာခွင့်ပေးခဲ့သော်လည်း သတင်းမီဒီယာများကိုမူ လွတ်လပ်စွာ ဓာတ်ပုံ ဗီဒီယိုရိုက် ကူးခွင့် မပေးခဲ့ပေ။


ရွေးကောက်ပွဲ ကော်မရှင် နှင့် အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင် ရေး ပါတီ)တို့ ပူးပေါင်း၍ ကြိုတင်မဲ၊ မဲလိမ်၊ မဲခိုးမှုများ တနိုင်ငံလုံး၌ လုပ်ဆောင်ခဲ့သည်ဟု ဆိုကာ ပြည်တွင်း၊ ပြည်ပ၏ ဝေဖန် မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သေးသည်။


ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ မဟုတ်ဘဲ လွတ်လပ်၍ တရားမျှရေး ဆောင်ရွက်နေသည်ဟု အစိုး၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်ရှင် ဥက္ကဋ္ဌ ဦးတင်အေး က နိုင်ငံတကာ သံတမန်များနှင့်နိုင်ငံရေးပါတီများကို ပြောဆိုထားသည်။


ကျင်းပရန် ၁၀ ရက်သာ လိုတော့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်နေကြသည့် အတိုက်အခံ နိုင်ငံရေးပါတီများသည် ဒေသဆိုင်ရာ အာဏာပိုင်များ၏ ကန့်သတ်မှု၊ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး မဲစာရင်း မှားယွင်းမှုများ၊ သက်မှတ် ရက် မတိုင်မီ ကြိုတင်မဲ ပေးခိုင်းမှု စသည့် ကိစ္စရပ်များလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။


ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲ ဆန္ဒနယ် ၄၈ နေရာ၌ ကျင်းပမည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၊ ကြံ့ခိုင် ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည)၊ ရှမ်း တိုင်းရင်သားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ လားဟူ တိုင်းရင်းသားများ ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) စသည်ဖြင့် ပါတီ ၁၇ ပါတီက ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။


အစိုးရနှင့် တပ်မတော် အပေါ် SSA သံသယရှိ
By featured, ကျော်ခ on March 21, ဧရာဝတီ
သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA–S) တို့အကြား အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရထားသော်လည်းအစိုးရတပ်က တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် အစိုးရနှင့် တပ်မတော်အပေါ် သံသယဝင်နေကြောင်း SSA–S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။
ကျနော်တို့ နှစ်မျိုးမြင်တယ်။ တမင်သက်သက်ကို ငြိမ်းချမ်ရေးဆွေးနွေးရေးအဖွဲ့က အစိုးရက ဒီလိုမျိုးလုပ်မယ် တပ်ကဒီလိုမျိုး ထပ် လုပ်ပါ ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ ညှိပြီးတော့ လုပ်တာလားလို့ အဲလိုတမျိုးမြင်တယ်။ နောက်တမျိုးကတော့ အစိုးရက ဒီတပ်ကို ထိန်းလို့မရဘူးလား။ ပြောလို့မရဘူးလား၊ ညွှန်ကြားလို့မရဘူးလား ဆိုပြီးတော့ သံသယရှိတာပေါ့ဗျာ”ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဧရာဝတီ ကို ပြောပြသည်။
ယခုလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၊ လမ်ဖာ့ တောင်းကုန်းပေါ်တွင် တပ်ဖွဲ့ဝင်အင်အား ၆၀ ကျော်ဖြင့် တပ်စွဲထားသော SSA–S တပ်ရင်း ၁၀၈ ကို မိုင်းဖြတ်အခြေစိုက် အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၈ လက်အောက်ခံ (ခမရ) ၅၇၃ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ကာ တောင်ကုန်းကို သိမ်းပိုက်လိုက်ကြောင်း သိရသည်။


ယင်းတိုက်ပွဲတွင် နှစ်ဘက်တပ်များက မိနစ် ၄၀ ကျော်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး အစိုးရဘက်မှ ၁ ဦးကျဆုံး၊ ၂ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း၊ SSA–S ဘက်က ထိခိုက်ဒဏ်ရာ မရရှိသော်လည်း လူအင်အား၊ လက်နက်အင်အားအရ ဆုတ်ခွာ ပေးလိုက်ရကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။


အစိုးရနှင့် SSA-S တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီး မြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ် ရေထိုးခဲ့ကြသည်။


သဘောတူညီချက်များထဲတွင် SSA-S ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဘက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံ ရေး ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရေးတို့ ပါဝင်ပြီး ၎င်းအချက်များ အားလုံးကို မူ အားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ နယ်မြေသတ်မှတ်ရေး ဆွေးနွေးရာတွင် သဘောတူညီချက် လွယ်ကူစွာမရရှိဘဲအချိန်ကြန့်ကြာမှုဖြစ်ခဲ့သေးသည်။


ထိုသို့သဘောတူညီမှုများပြုလုပ်ခဲ့ကြပြီး တလကျော်အကြာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များ အတွင်း SSA တပ်ရင်း တပ်ဖွဲ့များကို အစိုးရတပ်များက ဖိအားပေး နေရာရွှေ့ပြောင်းခိုင်းခြင်းများ ပြုလုပ်ခိုင်းရာမှ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။


အစိုးရတပ်များက မနေစေလိုသော အဆိုပါနေရာများမှာ တရုတ်၊ လာအိုနှင့် ထိုင်းနယ်စပ်ဒေသများနှင့် နီးကပ်လျက်ရှိပြီး မိုင်းလား တပ်ဖွဲ့များနှင့်လည်း နီးကပ်ဆက်နွယ်နေသဖြင့် နယ်မြေစိုးမိုးရေးအရ SSA-S တပ်ဖွဲ့ဝင်များကို ရှင်းလင်းလိုသည်ဟု ယူဆမိကြောင်း သူကဆက်ပြောသည်။


နယ်ခြားဒေသတွေနဲ့နီးတော့ စစ်ရေးအရ မနေစေချင်တဲ့သဘောပဲလို့ ကျနော်တို့က အဲဒီလိုပဲ သုံးသပ်ပါတယ်”ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဆိုသည်။
နှစ်ဘက် တိုက်ပွဲများဖြစ်ရသည့် အကြောင်းရင်းကို ညှိနှိုင်းဖြေရှင်းပေးရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်း ဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းကို လိပ်မူကာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် SSA-S က စာရေးသားပေးပို့ခဲ့ပြီး ၁၀ ရက်အကြာ တွင် အစိုးရငြိမ်းချမ်းရေးအဖွဲ့မှ အမှတ် ၂ လျှပ်စစ် စွမ်းအား ဒု ၀န်ကြီး ဦးခင်မောင်စိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် တိုက်ပွဲများထပ်မဖြစ်စေရန် အစိုးရတပ်များကို သွားရောက် ညှိနှိုင်းပေးမည်ဟု ကတိပေးပြောဆိုခဲ့ကြောင်း သိရသည်။


သို့သော်လည်း SSA-S တပ်ဖွဲ့များ လှုပ်ရှားနေသည့် နယ်မြေများအတွင်း အစိုးရတပ်များသည် နယ်မြေစိုးမိုးရေးအရ လက်နက်နှင့် လူအင်အား၊ ရိက္ခာများ တိုးမြှင့်လာခြင်းများကြောင့် ခုခံစစ်ဖြင့် ပြန်လည်တိုက်ခိုက်နေရင်းမှ တိုက်ပွဲများက ဆက်ဖြစ်နေခဲ့သည်ဟု SSA-S ဘက်က ပြောဆိုသည်။


SSA–S အနေဖြင့်မူ အပစ်အခတ် ရပ်စဲရေး မပျက်ပြယ်လိုဘဲ ငြိမ်းချမ်းသည့်နည်းဖြင့်သာ ဆွေးနွေးဖြေရှင်းလိုကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များနှင့် မတ်လကုန်ပိုင်းတွင် ထပ်မံဆွေးနွေးသွားဦးမည်ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။


မော်ထိုင်း တပ်မတော် MTA ခေါင်းဆောင် ဦးခွန်ဆာ စစ်အစိုးရထံ လက်နက်ချသွားသည့်နောက်ပိုင်း ဗိုလ်မှူးကြီး ရွက်ဆစ်က SSA-S ကို မော်ထိုင်း အဖွဲ့ဝင်ဟောင်းတချို့နှင့် ၁၉၉၆ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
မြစ်ဆုံရွာသားများကို ပြန်ထွက်သွားရန် အမိန့်ထုတ်
By featured, လင်းသန့် on March 21, ဧရာဝတီ
ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်းကြောင့် နေရပ်မှ ထွက်ခွာပေးခဲ့ပြီး ပြန်လည် လာရောက် နေထိုင်သည့် ရွာသားများအား အာဏာပိုင်များက ပြန်လည် ထွက်ခွာသွားရန်ဖိအားပေး ပြောဆိုနေကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ အခြေစိုက် ကချင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ (KDNG) ၏ တနင်္လာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာ အစိုးရ စစ်တပ်မှ ထရပ်ကား ၅ စီးနှင့် ဌာနဆိုင်ရာ ကားကြီးများသည် မြစ်ဆုံဒေသ တန်ဖဲကျေးရွာသို့ လွန်ခဲ့သည့် မတ် လ ၁၇ ရက်နေ့က ရောက်ရှိလာပြီး နေရပ်ပြန်လည်ဖယ်ရှားပေးရန် အမိန့်ဖြင့် ဖိအားပေးကြောင်းဖော်ပြထားသည်။


သူတို့က ရွာသားတွေကို ၁၀ ရက်အတွင်း ထွက်သွားဖို့ အမိန့်ပေးခဲ့တယ်။ နောက်ပြီး သူတို့က ဒီရွာမှာ နောက်ထပ် ဘယ်သူ့ကိုမှ မမြင်ချင်ဘူးလို့ ရွာသားတွေကိုပြောခဲ့တယ်”ဟု KDNG မှ ပြောခွင့်ရ ဆာဂျီက ဧရာဝတီကို ပြောသည်။
တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီ၏ ဒေါ်လာ ဘီလျံပေါင်းများစွာ ငွေကြေးရင်းနှီးမြုပ်နှံတည်ဆောက်ခဲ့သည့် မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းအတွက် စီမံကိန်းနယ်မြေရှိ ရွာပေါင်း ၆၇ ရွာကို ယမန်နှစ်က အဓမ္မဖယ်ရှားခဲ့သည်။


အဆိုပါ စီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်စေပြီး ဧရာဝတီမြစ်ကြီး ပျက်သုဉ်းမည့်အရေး စိုးရိမ်မှု၊ ကန့်ကွက် မှုများ မြင့်တက်လာပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန်က လွန်ခဲ့သည့် စက်တင်ဘာလက စီမံကိန်းကို ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။


ယင်းနောက် ဖယ်ရှားခံရသော ကျေးရွာသားများက မူရင်းနေရပ်သို့ ပြန်လည်ဝင်ရောက် အခြေချနေ ထိုင်ကြခြင်းဖြစ် သည်။ ထို့နောက် မတ်လ ၁၄ ရက်နေ့ကလည်း ၄င်းတို့၏ နေအိမ်များ ဖျက်ဆံခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကချင် ပြည်နယ် ၀န်ကြီးချုပ်ထံ အသနားခံစာ တစောင်ကိုလည်း တင်ပြခဲ့သည်။


ယခုကဲ့သို့ အာဏာပိုင်များက ပြန်လည်မောင်းထုတ်မှုများသည် CPI ကုမ္ပဏီက မြန်မာအစိုးရကို မြစ်ဆုံဆည်စီမံကိန်း ပြန်လည်သဘောတူ စတင်ရန် ဖိအားပေးမှုနှင့်လည်း တိုက်ဆိုင်နေသည်။


မကြာသေးခင်ကလည်း တရုတ်ကုမ္ပဏီ ဖြစ်သည့် CPI နှင့် ဖက်စပ် လုပ်ကိုင်သည့် ယခင်က ဘိန်းဘုရင် လော်စစ်ဟန် ၏ သားဖြစ်သူ ဦးထွန်းမြင့်အောင် ခေါ် စတီဗင် လော ပိုင်ဆိုင်သည့် အေးရှားဝါးလ်ဒ် ကုမ္ပဏီတို့သည် တန်ဖဲကျေးရွာ သို့ ရောက်ရှိလာကြပြီး ကက်သလစ် ခရစ်ယန် ဘုရားကျောင်းကို နေရာသစ်သို့ ပြောင်းရွှေ့ပေးရန် တရားဟောဆရာ ကို တောင်းဆိုခဲ့ကြောင်း၊ အဆိုပါ ဘုရားကျောင်းသည် သတင်းအချက်အလက်များ၏ ဆုံမှတ်ဖြစ်၍ ပြောင်းရွှေ့ပေးရန် မေတ္တာရပ်ခံခြင်းဖြစ်နိုင်ကြောင်း ဆာဂျီက ဆိုသည်။
၂၀၀၉ ခုနှစ်ကတည်းက တန်ဖဲရွာသား ၁၀၇၅ ဦးသည် နေရပ်ဖယ်ရှားပေးရန် ဖိအားပေးမှုများကို ကြံ့ကြံ့ခံကြောင်း၊ အေးရှားဝါးလ်ဒ်၏ လုပ်ငန်းခွင် စီမံကိန်းနယ်မြေတွင် ပါဝင်သွားသောကြောင့် ၄င်းတို့၏ အဆောက်အဦးများနှင့် ပြည့် နေပြီး ယခုအခါ ၄င်းတို့၏ နေအိမ်မှာမှလည်း ဆက်လက်၍ နေထိုင်မရတော့ကြောင်း၊ ထို့အပြင် အထက်တန်းကျောင်း ရှေ့တွင်လည်း “အစိုးရမြေ၊ ထွက်သွား”ဟု ဆိုင်းဘုတ်ထောင်ကာ သတိပေးစာတန်းရေးထားကြောင်းသိရသည်။


တန်ဖဲရွာသို့ မတ်လ ၁၇ ရက်နေ့က အာဏာပိုင်များ ရောက်လာပြီးနောက်ပိုင်း မြစ်ဆုံဆည်စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ တရုတ်လုပ်သမားများ၏ စခန်းများနှင့် လှုပ်ရှားမှုများ ပိုမိုတွေ့လာရကြောင်း ဒေသခံများအကြားပြောဆို နေကြသည်။


ထို့အပြင် ဆည်စီမံကိန်း နယ်မြေတွင်လည်း ကင်းလှည့်နေသည့် မော်တော်ယာဉ်များကို မြင်တွေ့ရ ကြောင်း ဒေသခံ များက သတင်းပို့ထားသည်ဟု ကချင်ကွန်ယက်က ဆိုသည်။


လိုင်ဇာ အခြေဆိုက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းကလည်း တရုတ်-မြန်မာနယ်စပ် မြို့တမြို့တွင်လည်း ဆောက်လုပ်ရေးပစ္စည်းများတင်ဆောင်လာသည့် တရုတ်နိုင်ငံမှ ထရပ်ကား အစီး ၄၀၀ခန့်ရောက် ရှိလာကြောင်း ဧရာဝတီကိုပြောဆိုသည်။


အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် ထရပ်ကားများသည် တရုတ်-မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံတွင်း သို့ ၀င်ရောက်ရန်ပြင်ဆင်နေပြီး ဆောက်လုပ်ရေး ပစ္စည်းများသည် မြစ်ဆုံဆည်စီမံကိန်းအတွက် အသုံးပြုမည်၊ မပြု မည်ကို သဲကွဲစွာ မသိရကြောင်း ကချင်သတင်းရပ်ကွက်က ဆိုသည်။


မကြာသေးမီက တရုတ်အစိုးရက မြန်မာအစိုးရထံ ၄င်းတို့နှင့်ပူးပေါင်းလုပ်ဆောင်ထားသည့် စီမံကိန်းများ အတွက် အာမခံရန် ပြောဆိုမှု သတင်းများ ပေါ်ထွက်လာပြီးနောက်ပိုင်း ယခုကဲ့သို့ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်း ပြန် လည် စတင်မည့် လက္ခဏာများ ပေါ်ထွက်လာခြင်းဖြစ်သည်။


ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် တွေ့ဆုံမေးမြန်းခြင်း ()
By featured, ဧရာဝတီ on March 21, 2012 5:44 pm in အင်တာဗျူး ဧရာဝတီ
ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းကို ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် မတ်လ၁၉ ရက်နေ့က တနာရီခန့်အကြာ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ယခုနှစ်အတွင်း အပြီးသတ် ထွက်ရှိမည့် မီဒီယာဥပဒေရေးဆွဲထားမှု၊ ဝန်ကြီး ဦးကျော်ဆန်းပြောဆိုခဲ့သည့် လွတ်လပ်မှုနှင့် တာဝန်ယူမှုအကြောင်း၊ စာနယ်ဇင်းကောင်စီဖွဲ့စည့်မည့် ကိစ္စ၊ စာနယ်ဇင်းသမားများကို အကာအကွယ်ပေးရေး၊ နိုင်ငံတကာမီဒီယာများအပေါ် ဝန်ကြီးဦးကျော်ဆန်း၏ အမြင်တို့ကို မေးမြန်းထားပါသည်။
ဝန်ကြီး ဦးကျော်ဆန်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၁) ကျောင်းဆင်းဖြစ်ပြီး ၂၀၀၁-၀၂ ခုနှစ်တွင် ကုန်သွယ်ရေး ဒု ၀န်ကြီး၊ ၂၀၀၄ ၀န်းကျင်မှ ယနေ့အထိ ပြန်ကြားရေးဝန်ကြီးတာဝန် အပြင် ယမန်နှစ်မှစ၍ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။


မေး ။ ။ ကျနော်တို့ နောက်ဆုံးသိတာကတော့ Media law ကို စဆွဲနေပါပြီ။ အဲဒီတော့ Media law နဲ့ ပတ်သက်ပြီးတော့ အခု ဘယ်အဆင့် ရောက်နေပြီလဲ။ တချို့ကလည်း ကောလာဟလတွေရှိတယ်။ ပထမဆွဲနေတဲ့ Draft ကတော့ ပျက်သွားပြီ။ အသစ်ပြန်ဆွဲတယ်ဆိုတဲ့ အသံတွေမျိုး ထွက်နေပါတယ် ဆိုတော့ ကျနော်တို့ အဲဒါနဲ့ ပါတ်သက်ပြီးတော့ သိလို့ရမလာ။


ဖြေ ။ ။ ပထမ Draft ကတော့ ကျနော်တို့ ဆွဲပြီးပြီ။ အဲဒီဆွဲပြီးတဲ့ Draft ကို ကျနော်တို့က ကျနော်တို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ရှေ့နေချုပ်ရုံးကို ပေးပို့ပြီးတော့ သူတို့ရဲ့ အကြံဉာဏ်တွေကိုတောင်းတယ်။ သူတို့ဘက်ကလည်း ကျနော်တို့ဆီကို သူတို့ရဲ့ Recommendation အနေနဲ့ ကျနော်တို့ဆီကို ပြန်ပို့ထားပြီ။ ဒါ ကျနော်တို့ဆီမှာ ရှိနေပြီ။ ကျနော်တို့က ဒီ Draft ကို Second Draft ပြန်ဆွဲဖို့ရှိတယ်။ အဲတော့ ဒီ Second Draft ကို ပြန်ဆွဲဖို့ရာအတွက် အခုလို ယူနက်စကိုနဲ့ ကျနော်တို့ ကွန့်ဖရင့်တွေလုပ်ပြီးတော့မှ နိုင်ငံတကာရဲ့ Press law နဲ့ပတ်သက်တဲ့ အခြေအနေတွေ Ethic တွေ၊ နောက်သူရဲ့ Right တွေ စသဖြင့် ကျနော်တို့ အခုလေ့လာနေကြတယ်။


အလားတူပဲ ပြည်တွင်းမှာလည်း မနေ့က ကိုအောင်ဇော် တွေ့တဲ့အတိုင်းပဲ၊ သတင်းဂျာနယ်ကဏ္ဍမှာ လိုအပ်နေတဲ့၊ သတင်းဂျာနယ်သမားတွေကို ကျနော်တို့ အားပေးတဲ့ မြှင့်တင်ပေးတဲ့ Activity တွေကို ကျနော်တို့ စတင်ပြီးတော့ ဖော်ဆောင်ပြီးတော့ လုပ်ပေးတယ်။


ဟိုအရင်တုန်းကတော့ ကျနော်တို့ဆီမှာ ရှိတာက အမျိုးသားစာပေဆု ရှိတယ်၊ တသက်တာစာပေဆု ရှိတယ်၊ စာပေဗိမာန် စာမူဆု ရှိတယ်။ အလားတူပဲ ပုဂ္ဂလိက ကနေပေးနေတဲ့ စာပေဆုပဲ ရှိတယ်။ ဒီ ဂျာနယ်သမားတွေအတွက် သတင်းဆု၊ သတင်းဓာတ်ပုံဆု၊ သတင်းဆောင်းပါးဆုဆိုတာ မရှိခဲ့ဘူး။ ဒီနေ့အခါမှာ ဒါတွေကို ကျနော်တို့က ပြန်လည်လိုအပ်လာတာ ဖြစ်တယ်။ ဒီ စာပေဂျာနယ် လောကသားတွေနဲ့ပါ ပူးပေါင်းညှိနှိုင်းတိုင်ပင်ပြီးတော့ ဆောင်ရွက်ကြတယ်။ ဒီအချက်အလက်တွေ အားလုံးက Second draft မှာ ပြန်ပြီးတော့ ထင်ဟပ်သွားမှာပဲ ဖြစ်ပါတယ်။


ဒါကြောင့် ပထမ Draft ကြီး ပျက်သွားတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ပြောကတည်းက သူက First draft ဖြစ်တဲ့ အတွက်ကြောင့် ဒိထက်ပြည့်စုံတဲ့၊ ကျနော်တို့နိုင်ငံရဲ့ အတိတ်သမိုင်းက သင်ခန်းစာတွေကိုလည်း ယူပြီးတော့ လက်ရှိနိုင်ငံတော်ရဲ့ ပကတိအရှိတရားနဲ့လည်း ကိုက်ညီတဲ့ ဒီ Second draft ကို ကျနော်တို့ ဆက်သွားမှာပဲ ဖြစ်တယ်။ Second draft ပြီးတဲ့အခါတော့ ကျနော်တို့ လိုအပ်ရင်လည်း Third draft တွေ ရှိနေမှာဘဲ။ ဒါက လိုအပ်မယ် မလိုအပ်မယ် အတိအကျတော့ ပြောလို့မရဘူး။ သို့သော် မှန်းဆကြည့်တာက တော့ Second draft ဆိုရင်တော့ အားလုံး ပြည့်စုံသွားမယ်လို့ ကျနော်တို့ ယူဆတယ်။ ဒီ Second draft ပြီးရင် လွတ်တော်ကိုတင်ပြီးတော့ အတည်ပြုမယ်။ အတည်ပြုသွားပြီရင်တော့ ကျနော်တို့ရဲ့ Media law က အတည်ဖြစ်သွားမှာပေါ့။


မေး ။ ။ အဲဒါက ၂၀၁၂ မှာ ပြီးမှာလား။ နောက်တခု ကျနော်သိချင်တာက ဒီ Draft က တချို့ကပြောကြတယ်။ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားမှာ၊ နောက်ဆုံးကြားတာကတော့ အင်ဒိုနီးရှားအပေါ်မှာ မှုတည်ပြီးတော့ Media law ဆွဲတယ်လို့ ပြောကြတာ ရှိပါတယ်။ အဲဒါက ၀န်ကြီးအနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲ။


ဖြေ ။ ။ ကျနော်တို့က အာဆီယံနိုင်ငံတွေရဲ့ Media law တွေကိုလည်း အကုန်လေ့လာတယ်။ နောက်တခါ အခြားသော အမေရိကန်၊ အိန္ဒိယ စသဖြင့် ဒီလိုဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ Media law တွေကိုလည်း ကျနော်တို့ လေ့လာတယ်။ အဲဒီလို လေ့လာပြီးတဲ့အခါမှာ ဘယ်နိုင်ငံကိုမှ ကျနော်တို့ ပုံတူကူးချမှာတော့ မဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ အတိတ်သမိုင်း ရှိတယ်၊ အဲဒီအတိတ်သမိုင်းမှာ ကျနော်တို့ ရရှိခဲ့တဲ့ သင်ခန်းစာတွေ အများကြီး ရှိတယ်။ စာပေစာနယ်ဇင်းနဲ့ ပတ်သက်လို့ ရရှိခဲ့တဲ့သင်ခန်းစာတွေလည်း အများကြီး ရှိတယ်။ နောက်တခါ ဒီနေ့ ကျနော်တို့နိုင်ငံမှာ ပကတိ အရှိတရားတွေလည်း ရှိနေတယ်။ အဲဒီတော့ ရရှိခဲ့တဲ့ အတိတ်သမိုင်းက သင်ခန်းစာတွေရယ် ဒီနေ့ ပကတိအရှိတရားတွေရယ် နိုင်ငံတကာရဲ့ ဆောင်ရွက်နေတဲ့ ဆောင်ရွက်မှုတွေရယ်၊ အဲဒီထဲကမှ ကျနော်တို့ နိုင်ငံအတွက်ကောင်းတဲ့၊ ကျနော်တို့နိုင်ငံအတွက် အကျိုးရှိနိုင်တဲ့၊ ကျနော်တို့နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဒါတွေအားလုံးကို ကိုယ့်နိုင်ငံအတွက် အကောင်းဖြစ်အောင် ရေးဆွဲမှာပဲ။ ဘယ်နိုင်ငံရဲ့ဟာကိုမှ ထပ်တူ ယူချတယ်ဆိုတာ မရှိပါဘူး။


မေး ။ ။ မနေ့က ၀န်ကြီးရဲ့ မိန့်ခွန်းမှာ လွတ်လပ်မှုနဲ့ တာဝန်ယူမှုတွေ တော်တော်ပြောတာ တွေ့တယ်။ ကျနော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အတော်စိတ်ဝင်စားတယ်။ လွတ်လပ်မှုနဲ့ တာဝန်ယူမှု ပတ်သက်လာရင် မြန်မာ့စာနယ်ဇင်းက လောလောဆယ် အဲဒီလွတ်လပ်မှု တာဝန်ယူမှုမှာ တကယ်ကို အသားကျနေပြီလို့ ၀န်ကြီး ထင်သလား။


ဖြေ ။ ။ ဒီ မေးခွန်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပါ။ အဲဒီတော့ ဒီမေးခွန်းက ကျနော်လည်း ကျယ်ကျယ်ပြန့်ပြန့်လေး ဖြေချင်ပါတယ်။ ပထမဦးဆုံး ကျနော် မီဒီယာအပေါ်မှာ ကျနော်တို့ရဲ့ အမြင်လေးကို နည်းနည်း အရင်ပြောချင်ပါတယ်။ မီဒီယာအပေါ်မှာ ကျနော်တို့ရဲ့ အမြင်ကတော့ ကနေ့အခါမှာ မီဒီယာဟာ ပြည်သူအတွင်းမှာ အင်မတန် သြဇာကြီးတယ်လို့ မြင်ပါတယ်။ ဘာကြောင့် သြဇာကြီးတာလဲလို့ ပြောရင် ဒီနေ့ IT, ICT နည်းပညာတွေက အင်မတန် တိုးတက်လာပါတယ်။ အဲဒီလို တိုးတက်လာတဲ့အလျောက် ကမ္ဘာ့အရှေ့ခြမ်းမှာ ဖြစ်တဲ့ဖြစ်စဉ်တခုက အနောက်ခြမ်းကို တောင်ခြမ်းကို မြောက်ခြမ်းကို စက္ကန့်ပိုင်းအတွင်း မိနစ်ပိုင်းအတွင်း ရောက်သွားတယ်။ နောက်တခါ အဲဒီမီဒီယာရဲ့ Cover ဖြစ်မူကလည်း အင်မတန်ကျယ်ပြန့်တယ်။


တခါ ဒီမီဒီယာကို နည်းပညာနဲ့ ပြန်လည်တားဆီးလို့ မရပါဘူး။ လုံးဝကြီး မရတာတော့ မဟုတ်ဘူးပေါ့။ တားဆီးလို့တော့ ရတာပေါ့။ ဥပမာ – ရေဒီယို ထုတ်လွင့်မယ်။ အဲဒီရေဒီယိုကို သူ့ထက်အားကြီးတဲ့ Jumping လုပ်ရမယ်။ သို့သော်လည်းပဲ ဧရိယာ Wide ကြီး လုပ်ဖို့အတွက်ကျတော့လည်း အင်မတန် ခက်ပါတတယ်။ အကုန်အကျလည်း အင်မတန်များပါတယ်။ ဒါကြောင့်မို့လို့ မီဒီယာဟာ နယ်စည်းမရှိဘူး။ Border မရှိဘူး။ သူ့ကိုတားဆီးနိုင်တဲ့ နည်းပညာ ဒီနေ့အထိတော့ မရှိသေးဘူး။ အဲဒီတော့ သူ့ကို ကျနော်တို့က ဘာနဲ့တန်ပြန်ရမလဲဆိုရင် ပြည်သူတွေမှာ အမှားအမှန် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဆုံးဖြတ်နိုင်စွမ်းတဲ့ အသိဗဟုသုတ ရှိအောင် တနည်းအားဖြင့်ပြောရင် မီဒီယာကို ကိုယ်ခံစွမ်းအား ရှိအောင် ကျနော်တို့က လုပ်ပေးတဲ့နည်းပဲ ကျနော်တို့မှာ ရှိပါတယ်။ ဒါကမီဒီယာပေါ်မှာ တပိုင်း ကျနော်ရဲ့ အမြင်ပါ။


နောက်တခါ မီဒီယာဟာ အဖြူရောင်ပါ။ ဒီနေရာမှာ ဒီဖြစ်စဉ်တစ်ခု ဖြစ်ပျက်တယ်ဆိုရင် ဘယ်သူက မှန်တယ် ဘယ်သူက မှားတယ်၊ ဘယ်လိုဖြစ်တယ် ဘာဖြစ်သွားတယ်ဆိုတာ သူ့အဖြစ်အတိုင်း သူဟာသူ ရှိနေတယ်။ အဖြူရောင်ပါ။ သို့သော် အဲဒီအဖြူရောင်က ပြည်သူဆီကို ပေးပို့လိုက်တဲ့လူပေါ် မူတည်ပြီးကာမှ အရောင်အမျိုးမျိုး ပြောင်းသွားတတ်ပါတယ်။ အမှန်ဟာ အမှားအဖြစ်နဲ့ ပြည်သူဆီကို ရောက်သွားတာမျိုးလည်း ရှိတယ်။ အမှန်တ၀က် အမှားတ၀က် ရောက်သွားတာမျိုးလည်း ရှိတယ်။ အမှန်လေးကို နည်းနည်းလေးပဲ အခြေခံပြီးတော့ မိမိလိုချင်တာကို ဆွဲ၊ မိမိလိုရာ ပုံသွင်းပြီးတော့ ရောက်သွားတာမျိုးလည်း ရှိတယ်။ ဖြစ်ပျက်သွားတာက သေးသေးလေးပဲ။ ဒါကြီးကို မိမိလိုချင်သလို ပုံကြီးချဲ့ပြီး တစိတ်ကို တအိတ်ဖြစ်အောင် လုပ်သွားတာမျိုးလည်း ရှိတယ်။


ဒါကြောင့် မီဒီယာဟာ အဖြူရောင်၊ သို့သော် အဲဒီဟာကို ပြည်သူဆီကို ပို့တဲ့အခါမှာ အရောင်အမျိုးမျိုး ပြောင်းသွားတာ အဲဒီပေးပို့တဲ့ မီဒီယာသမားအပေါ်မှာ မှုတည်တယ်။ အဲဒီတော့ မမှန်မကန်တဲ့ မီဒီယာမျိုးတွေ ပြည်သူဆီကို ရောက်သွားရင် ဒါဟာ ပြည်သူတွေအတွက်ရော၊ တိုင်းပြည်အတွက်ရော၊ အဲဒီဖြစ်စဉ်အတွက်ရော ကောင်းတဲ့အကျိုးကို မဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် အဖြူရောင်ဖြစ်တဲ့ ဒီမီဒီယာကို ပြည်သူတွေဆီကို ပို့ကြတဲ့ မီဒီယာတွေအတွက် သူတို့တွေ လိုက်နာသင့်သော Ethic တွေ ရှိသင့်တယ်လို့ ကျနော်ဘက်က ယူဆပါတယ်။ ဒါ မီဒီယာအပေါ်မှာ ကျနော်တို့ဘက်က ခံယူတဲ့ ခံယူချက်ပါ။ နောက်တခု အဆင့်တက်ပြီးတော့ ဘာကြောင့် ဒါကိုခင်းနေတာလည်းဆိုတော့ လွတ်လပ်မှုနဲ့ တာဝန်ယူမှုဆိုတဲ့ဟာကို ကျနော်သွားချင်လို့ ဒါကို ရှင်းပြနေတာပါ။


နောက်တဆင့်က ဘာလဲဆိုရင် ဒီမိုကရေစီအပေါ်မှာ ကျနော်တို့ရဲ့ အမြင်ပေါ့။ ဒီမိုကရေစီဆိုတာဟာ လူအများရဲ့ အကျိုးကို ဖော်ဆောင်နိုင်တဲ့စနစ်၊ ကျင့်စဉ်။ ဒီမိုကရေစီကို တချို့က ဒါ စနစ်မဟုတ်ဘူး၊ ဒါ ကျင့်စဉ်သာဖြစ်တယ်လို့ ပြောတယ်။ ကျင့်စဉ်လား၊ စနစ်လားဆိုတာတော့ ကျနော်အငြင်းမပွားလိုပါဘူး။ ဒါကြောင့် ဒီမိုကရေစီဟာ လူအများရဲ့ အကျိုးကို ဖော်ဆောင်ပေးနိုင်တဲ့စနစ် သို့မဟုတ် ကျင့်စဉ်အများကြီးထဲက တစ်ခုဖြစ်တယ်လို့ ကျနော်လက်ခံပါတယ်။


သို့သော်လည်းပဲ အဲဒီ ဒီမိုကရေစီရဲ့အကျိုးကို ရဖို့ဆိုရင် ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ အားလုံးက ကျင့်သုံးနိုင်မှသာ အဲဒီ ဒီမိုကရေစီရဲ့အကျိုးကို ရမှာ။ ဥပမာ ကျနော်တို့ နိုင်ငံရဲ့ ၁၉၄၈ ကနေ ၁၉၆၂ ကြား အခြေအနေကို ကြည့်ကြည့်ပါ။ ပါလီမန်ဒီမိုကရေစီကို ကျင့်သုံးခဲ့တာ။ သို့သော် ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ နိုင်ငံရေးပါတီတွေကရော၊ နိုင်ငံရေးသမားတွေကရော၊ ပြည်သူတွေကရော မကျင့်သုံးနိုင်ခဲ့ကြဘူး။ အဲဒီလို မကျင့်သုံးနိုင်ခဲ့တဲ့အတွက် အဲဒီ ၁၄ နှစ်တာ ကာလအတွင်းမှာ ကျနော်တို့ဟာ ဒီမိုကရေစီကို ကျင့်သုံးကြသော်လည်းပဲ ဒီမိုကရေစီရဲ့ အကျိုးတွေကို ထိုက်ထိုက်တန်တန် ရရှိခံစားရခြင်း မရှိဘူးဆိုတာ အတိတ်သမိုင်းကို ပြန်ကြည့်ရင် ကျနော်တို့ တွေ့နိုင်ပါတယ်။ ကနေ့ ကမ္ဘာ့ဒီမိုကရေစီကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေတဲ့ နိုင်ငံကြီးတွေမှာ ကြည့်ရင်လည်း ဒီသဘောထားလေးတွေ ကျနော်တို့ အများကြီး တွေ့နိုင်ပါတယ်။


ဒါကြောင့် ကျနော်တို့ခံယူတာကတော့ ဒီမိုကရေစီရဲ့ အကျိုးကျေးဇူးကို ခံစားနိုင်ဖို့ဆိုရင် ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ ကျင့်သုံးနိုင်မှပါသာ ရရှိနိုင်မယ်လို့ ကျနော်တို့က ဒီလိုပဲ မြင်ပါတယ်။ ကောင်းပြီ၊ ဒါဖြင့်ရင် အဲဒီ ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ ဖြင့်အောင် ဘယ်သူတွေက ကျင့်သုံးမှာလဲ။ ဘယ်သူတွေက ထိန်းကျောင်း ဘယ်သူတွေက ကျင့်သုံးမှာလဲလို့ မေးရင်တော့ အသေးစိတ်ပြောရရင်တော့ ကနေ့ ဒီမိုကရေစီမှာ အဓိကမဏ္ဍိုင်ကြီး သုံးရပ်လို့ ပြောတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်မှာ ပါနေတဲ့ အမတ်တွေရော၊ အဲဒီဥပဒေပြုရေးမဏ္ဍိုင်တွေရော ကိုယ်တိုင်က သူကိုယ်တိုင်ပဲ ဒီမိုကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံးရမယ်။ ပြီးရင် တခြားအဖွဲ့တွေက ဒီမိုကရေစီကျင့်သုံးမှုကိုလည်း မှန်မှန်ကန်ကန် ကျင့်သုံးအောင်ကို ပြန်ထိန်းကျောင်းရမယ်။ အလားတူပဲ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ နောက်တခါ ဒါတွေပဲ လားဆိုရင် မကဘူး။ နိုင်ငံရေးပါတီတွေ ရှိတယ်၊ နိုင်ငံရေးသမားတွေ ရှိတယ်၊ သူတို့ကိုယ်တိုင်လည်း ဒီမိုကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံးရမယ်။ ပြီးရင် တခြားသူတွေ အဖွဲ့အစည်းတွေက ဒီမိုကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံးအောင် သူတို့ကလည်း ပြန်လည် ထိန်းကျောင်းပေးရမယ်။


ဒါဖြင့်ရင် ဒါပဲလားဆို မကပါဘူး။ အဓိကအရေးကြီးတဲ့ အင်အားစုကြီးတခု ရှိပါသေးတယ်။ အဲဒါက ပြည်သူပါပဲ။ ဒီနေ့ ကျနော်တို့နိုင်ငံရဲ့ ဖွဲ့ စည်းပုံကို ပြန်ကြည့်ရင် ပြည်သူတိုင်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးထားပါတယ်။ Direct ဆုံးဖြတ်တာ ရှိတယ်။ Indirect ဆုံးဖြတ်တာ ရှိတယ်။ သမ္မတကို ပြည်သူက Indirect ရွေးတယ်။ ကိုယ်စားလှယ်တွေကို ပြည်သူက Direct ရွေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက သမ္မတကို ရွေးတယ်။ ပြီးတဲ့အခါမှာ သမ္မတရဲ့ Nomination နဲ့ အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေက အုပ်ချုပ်မှု အဖွဲ့အစည်းတွေ၊ တရားစီစဉ်ရေး အဖွဲ့အစည်းတွေ ခန့်တယ်။ ပြည်သူက သမ္မတကို Impeachment ပြန်လုပ်လို့ ရတယ်။ လွတ်တော်ကိုယ်စား လှယ်တွေ Impeachment လုပ်လို့ရတယ်။ အလားတူ ၀န်ကြီးတွေ ဒုတိယ၀န်ကြီးတွေကိုသူ Impeachment လုပ်လို့ရတယ်။ တရားသူကြီးချုပ်ကိုပင်လျှင် သူ Impeachment လုပ်လို့ရတယ်။ ဒါကြောင့် ပြည်သူဟာ တကယ့်အရေးကြီးတဲ့ အဖွဲ့အစည်းပါ။ ဒါကြောင့် ကနေ့ ပြည်သူကို ကျနော့်ဖက်က ပြောနေတာပါ။ ပဉ္စမ မဏ္ဍိုင်လို့ ပြောနေတာပါ။ အဲဒီတော့ ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရှိရှိ ကျင့်သုံးနိုင်ဖို့နဲ့ အားလုံးက ကျင့်သုံးအောင် ပြည်သူကလည်း ထိန်းညှိရမယ်၊ သူကိုယ်တိုင်ကလည်း ကျင့်သုံးရမယ်။


ကနေ့ကျနော်တို့ နိုင်ငံရဲ့ ပြည်သူတွေရဲ့ အခြေအနေကို ပြန်ကြည့်ရင် ပြည်သူတွေမှာ အမှား အမှန်၊ အကောင်း အဆိုး၊ အကြောင်း အကျိုးကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်တဲ့အား နည်းနေသေးတယ်။ ကျနော်ဆိုလိုတာက မြို့ပေါ်က ပြည်သူတွေကိုပဲ ကြည့်ပြောတာ မဟုတ်ပါဘူး။ အထူးသဖြင့် ကျေးလက်တွေကို ပြောတာပါ။ အဲဒီလိုဖြစ်တဲ့ အခါမှာကျတော့ အဲဒီပြည်သူတွေရော နိုင်ငံရေးပါတီတွေရော မဏ္ဍိုင်သုံးရပ်ကိုရော ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရှိရှိ ကျင့်သုံးအောင် စောင့်ကြည့်ထိန်းကျောင်းပေးရမယ့်အဖွဲ့က ဘယ်သူဖြစ်လာပြန်လဲ ဆိုတော့ စတုတ္တမဏ္ဍိုင်ခေါ်တဲ့ မီဒီယာပါပဲ။
စတုတ္တမဏ္ဍိုင်က ဒီလောက်ကြီးလေးတဲ့ တာဝန်ကို ထန်းဆောင်မယ်၊ ပြီးရင်အရှေ့မှာ ကျနော်ပြောခဲ့တယ်။ မီဒီယာအပေါ်မှာ ကျနော်ရဲ့အမြင်ကို ပြောခဲ့တယ်။ ပြီးရင် အဲဒီမီဒီယာကို ဖန်တီးတဲ့သူတွေအပေါ်မှာ မီဒီယာဟာ ဘယ်လောက် မူတည်တယ်ဆိုတာ ကျနော်ပြောခဲ့တယ်။ နောက်တခါ ဒီမိုကရေစီကျင့်သုံးတဲ့ အခါမှာ မီဒီယာဘယ်လောက် အရေးကြီးလည်းဆိုတာ ပြောခဲ့တယ်။ အဲဒီလို အင်မတန်အရေးကြီးတဲ့ မီဒီယာဟာ သူက အဲဒီတာဝန်တွေကို ထန်းဆောင်တော့မယ်ဆိုရင် သူကိုယ်တိုင် အရည်ချင်းရှိဖို့လိုတယ်။ သူကိုယ်တိုင် စတုတ္တမဏ္ဍိုင် ပီသဖို့လိုတယ်။


စတုတ္တမဏ္ဍိုင်ပီသဖို့ဆိုရင် ကမ္ဘာ့မီဒီယာကိုတော့ ကျနော် မပြောလိုပါဘူး၊ မြန်မာ့မီဒီယာအပေါ်မှာကိုတော့ ကျနော်အကြံပြုစရာရှိတယ်။ ကျနော်တို့ရဲ့ မီဒီယာသည် အချက် ၅ ချက်ကိုတော့ လိုက်နာသင့်ကြတယ်လို့ အကြံပြုပါတယ်။ နံပါတ် () က ဘက်မလိုက်ဖို့၊ နံပါတ် () က ပြဿနာတရပ် အကြောင်းအရာတရပ်ကို ရေးသားဖော်ပြတဲ့အခါမှာ ထောင့်တထောင့်ထဲက မရေးသားစေချင်ဘူး။ ထောင့်စုံဘက်စုံကနေ ရေးပြီးတော့ ပြည်သူကို Awareness လုပ်ပေးစေချင်တယ်။ နောက် နံပါတ် () က အဲဒီလို ရေးတဲ့အခါမှာ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား။ ဆင်ခြင်တုံတရားဆိုတာ ကျနော်ဘာကို ရည်ညွန်းတာလဲဆိုတာ Ethic ကို ရည်ညွန်းတာပဲ။


နောက်တခု နံပါတ် () က ဘာလဲဆိုရင် ဒီမိုကရေစီအရ ယုံကြည်ချက် ကိုယ့်ဟာကို ရှိနိုင်တယ်၊ ထင်မြင်ယူချက် ရှိနိုင်တယ်။ ဒီမိုကရေစီက ကွဲပြားမူတွေက ရှိနိုင်တယ်။ သို့သော် ကွဲပြားတာကြီးပဲ သွားကြလို့ အလုပ်မဖြစ်ပါဘူး။ ကွဲပြားမှုကြားကနေ ညီညွတ်မှုကို ဦးတည်ကြရမယ်။ ဒါကြောင့် ကျနော်သုံးထားတဲ့ စကားတွေက Unity in Democracy ကိုတော့ ဦးတည်ကြဖို့ သင့်တယ်။ နံပါတ် () ကတော့ အဲလိုဖြစ်ဖို့ဆိုရင် Common ground ပါတယ်။ Common ground က အမှန်တရားနဲ့ အမျိုးသားရေးပဲ။ ဒါတွေဟာ မြန်မာ့မီဒီယာတွေက ဦးတည်သင့်တဲ့အချက်တွေလို့ ကျနော် ယုံကြည်ပါတယ်။


အဲဒီလို ဆောင်ရွက်နိုင်မှ ကျနော်တို့ဟာ ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရှိရှိ ကျင့်သုံးနိုင်လိမ့်မယ်။ မီဒီယာအဖြူထည်ကိုလည်းပဲ သူ့အဖြူထည်အတိုင်း ပြည်သူဆီကို ပေးပို့နိုင်လိမ့်မယ်လို့ ကျနော်ယုံ ကြည်ပါတယ်။ ဒါကြောင့်မို့လို့ လွတ်လပ်မှုကိုယူဖို့ တာဝန်ယူဖို့က အင်မတန်အရေးကြီးပါတယ်လို့ ကျနော် ဒီလိုဆိုလိုတာပါ။
(ဆက်လက်ဖော်ပြပါမည်)
တရုတ် ရေလှောင်ကန်အနီး ဥယျာဉ်ခြံ မချဲ့ရ
Published on March 21, 2012 by ကိုထွေး · DVB
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ် CNPC ကုမ္ပဏီရဲ့ ရေလှောင်ကန်နံဘေးမှာ ဥယျာဉ်ခြံအသစ် ထပ်မံ လုပ်ကိုင်ခွင့်ကို တားမြစ်တဲ့ အမိန့် ထုတ်ပြန် လိုက်တာကြောင့် ဒေသခံ ဥယျာဉ်ခြံသမားတွေ အခက်တွေ့နေကြပါတယ်။


ကျောက်ဖြူမြို့နယ် ပဒဲကျွန်းကျေးရွာ အုပ်စု ရွာမ ရွာမှာ အခြေပြုတဲ့ တရုတ် CNPC ကုမ္ပဏီက ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံတွေ တင်ပို့မယ့် စက်ရုံတွေအတွက် လိုအပ်တဲ့ ရေချိုရရှိဖို့ ပြုလုပ်ထားတဲ့ ရေလှောင်ကန်ဘေးမှာ ဥယျာဉ်ခြံအသစ် ထပ်မံလုပ်ကိုင်တာတွေ၊ ကျွဲနွား တိရိစ္ဆာန်တွေ မွေးမြူဖို့ ခွင့်မပြုတာတွေ၊ အဆောက်အဦနဲ့ ယာယီတဲတွေ ဆောက်လုပ်ဖို့ ခွင့်မပြုဘူး ဆိုပြီး ဒေသခံ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး က အမိန့်ထုတ်ခဲ့ပါတယ်။


အဲဒီရွာမရွာက ဥယျာဉ်ခြံအလုပ်သမား ဦးထွန်းမောင်နုက ကိုယ့်မြေပေါ်မှာ ကိုယ် လုပ်ကိုင်ခွင့် မရဖြစ်နေ လို့ အခက်တွေ့တယ်လို့ ပြောပါတယ်။
ဥယျာဉ်အသစ် ထပ်ချလို့ မရဘူး။ ကျွဲ နွား တိရစ္ဆာန်တွေ ကမ်းနားမှာ မွေးလို့ မရဘူးတဲ့။ အဆောက် အဦတွေ ဆောက်လို့ မရဘူး။ သူတို့ပိုင်တဲ့ မြေမဟုတ်ဘူးနော်။ ကိုယ်ပိုင်တဲ့ မြေမှာကိုပဲ အဲ့လို အမိန့် ထုတ်ထားတာ။ ကျနော်တို့ အတွက်တော့ အခွင့်အရေး ဆုံးရှုံးတယ် လို့ မြင်တယ်။”


ဧက ၄၀ ၀န်းကျင် ကျယ်ဝန်းတဲ့ အဲဒီရေလှောင်ကန် တည်ဆောက်ဖို့ ၂၀၁၀ ခုနှစ် မှာ ဒေသခံရွာသား ၄၀ ခန့်ရဲ့ စပါးခင်းတွေနဲ့ ဥယျာဉ်ခြံမြေ ဧက ၆၀ ကျော်ကို ကုမ္ပဏီက လျော်ကြေးပေးပြီး သိမ်းယူခဲ့တာလို့ သူက ရှင်းပြပါတယ်။
၂၀၁၁ မိုးရာသီမှာတော့ CNPC ကုမ္ပဏီက အဲဒီ တောင်ကျချောင်းကို ပိတ်လိုက်လို့ ကန်ရေပြည့် လာတဲ့အတွက် ဖြတ်သန်းခွင့်မပေးလို့ ကန်အနီးနားက ခြံရှင် ၂၀ ကျော်ဟာ ၁၅ မိနစ်ခရီးကို အခုတော့ နာရီနဲ့ချီ သွားနေရတာကြောင့် ခြံထွက်သီးနှံတွေ သယ်ဆောင် ဖို့ ခက်နေတယ်လို့ ပြောပါတယ်။


ဓမ္မစရိယ မအောင်ရင် နယ်လှည့်တရားမဟောရ
Published on March 21, 2012 by အေးနိုင် · DVB
ဓမ္မစရိယတန်း မအောင်မြင်သေးတဲ့ ဘုန်းကြီး၊ လူ၊ မယ်သီလရှင်တွေကို နယ်လှည့်တရားပွဲတွေမှာ ဟောပြောခွင့် ပိတ်ကောင်းပိတ်ပင် နိုင်စေမယ့် “နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်” ကို နိုင်ငံတော်သံဃမဟာနာယက က ထုတ်ပြန်လိုက်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဒီထုတ်ပြန်ချက်ကို လက်ဝယ်ရထားတဲ့ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ရွှေတောင်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးပဏ်ဏဝံသ ခေါ် ဦးပြည်ကျော်ကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။
တပေါင်းလပြည့်ကျော် ၃ ရက်ကနေပြီး လပြည့်နေ့ထိ ၄၇ ပါးစုံညီ အစည်းအဝေး ကျင်းပတယ်။ အဲဒါသံဃာ ဒွါဒဿမ ၁၅ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆိုပြီး နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်ဆိုပြီး ထုတ်လိုက်တာ။ အဲဒီတော့ ဒီဂုဏ်အင်္ဂါ ၉ ချက်ထုတ်တဲ့အခါမှာ အဓိက အချက်ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို မဟောရဘူး။ ဓမ္မစရိယတန်း အောင်ရမယ်။ အဲလို အစရှိတာတွေကို ပြောတာလေ။ နယ်လှည့်ဓမ္မကထိက ဆိုတော့ မြန်မာနိုင်ငံမှာက နယ်လှည့်ဓမ္မကထိက ၃ မျိုးရှိတယ်။


ရဟန်းပုဂ္ဂိုလ်၊ သီလရှင်ပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် ၃ မျိုးရှိတယ်။ ဒီ ၃ မျိုးစလုံးက သက်ဆိုင်တယ်။ မလိုက်နာရင် ဘယ်လို အပြစ်ပေးမယ် ဆိုတာတော့ မပါဘူး။ ဒါက ထူးခြားတယ်။ ခါတိုင်းဆိုရင် မလိုက်နာရင် ဘယ်လို အရေးယူမယ်ဆိုတာ ပါတယ်။ နောက်တခုက နယ်လှည့် ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်ကို ဘာကြောင့် ထုတ်ရ သလဲလို့ ဆိုတော့ မြို့နယ်သံဃာ့နာယက အဖွဲ့များအနေဖြင့် တရားပွဲများကို ခွင့်ပြုရာတွင် စိစစ် ဆောင်ရွက်နိုင်ရန် ညွှန်ကြားချက်ပေးတယ်လို့ ပြောပါတယ်။ ဒီဟာက မလိုလားအပ်ဘူး။ ဘာကြောင့်လဲဆိုတော့ သံဃာ တော်တော်များများကို လိုက်မေးကြည့်တော့ နောက်ဆုံး တိုင်းသံဃာ့နာယကအဖွဲ့က ဆရာတော် တချို့တောင် ဒါ မလိုလားအပ်တာတွေပါတဲ့။ ဓမ္မကထိက တပါးဖြစ်ဖို့ ဆိုတာ နဂိုကတည်းက စာပေ၊ ပရိယတ္တိကျမ်းဂန်တွေကို ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေမှသာ ဓမ္မကထိက ဆရာဖြစ်တယ်။ ရိုးရိုး စာသင်၊ စာချပြီးတော့ အောင်လက်မှတ်လေး ရရုံလောက်နဲ့တော့ မဖြစ်ပါဘူး။ ဒီလို ဓမ္မစရိယ အောင်မှလို့ ပြောရင် ဦးဇင်းတို့ ထေရဝါဒသာသနာအရဆိုရင် ဘာအတန်းမှ မအောင်ဘဲနဲ့ ရဟန္တာပုဂ္ဂိုလ်အနေနဲ့ ဆိုရင် ဘယ်လိုလုပ်မလဲ။


ရဟန္တာပုဂ္ဂိုလ်တောင်မှ တရားဟောခွင့်၊ သစ္စာ ၄ ပါးကို တကယ် ကိုယ်တိုင် မှန်ကန်စွာ သိထားတဲ့ ရဟန်းတပါး အနေနဲ့တောင်မှ ပရိသတ် ၄ပါးကို ပြန်လည် ဟောကြားခွင့် မရှိတဲ့ ပုံစံမျိုး သက်ရောက်တာပေါ့။ အဓိကတော့ သာသနာကို သန့်ရှင်းပြန့်ပွား တည်တံ့လိုတဲ့ အရာထက်၊ လက်ရှိ ရှိနေတဲ့ ရွှေညဝါနဲ့ ဒယ်အိုးဆရာတော်တို့ကို တရားဟောခွင့် မပြုဘဲနဲ့ ပိတ်ထားရခြင်း အကြောင်းတရားက၊ လူတွေ၊ ရဟန်းတွေ၊ ပရိသတ်တွေ မေးလာတဲ့အခါမှာ တိတိကျကျ သူတို့ ဖြေကြားနိုင်ခြင်း မရှိဘူး။ နိုင်ငံတော် သံဃာ့မဟာ နာယက အနေနဲ့ တကယ့်ကို ဓမ္မဝိနည်းတော်နဲ့အညီ ပြန်လည် ဖြေကြားနိုင်တာ မရှိဘူး။ ဒီဥစ္စာကို ထုတ်လိုက်တဲ့အတွက် ပြန်လည်ဖြေကြားဖို့ အချက်အလက် ရှိသွားတယ်ပေါ့။ လူမှုရေး၊ နိုင်ငံရေး၊ လောကီရေး ကိစ္စတွေကို မဟောရဘူး။ ရဟန်းတော်တွေက လောကီရေးကိစ္စတွေကို ဟောတဲ့အတွက် မပေးနိုင်ဘူးဆိုတဲ့ အစီအစဉ်ကို အကြောင်းပြလိုခြင်း ဖြစ်တယ်လို့ ဦးဇင်းအနေနဲ့တော့ အဲလို ယုံကြည်လိုက်တယ်။ ဒါကို ထုတ်ခြင်းကြောင့် ကောင်းတဲ့ ဓမ္မကထိကတွေက တကယ့်ကိုပဲ အနှစ်သာရရှိရှိ ဟောကြားနိုင်တဲ့ ဓမ္မကထိက ပိုလို့ ထွက်မလာပါဘူး။


လက်ရှိမှာ နာမည်ကြီးပြီး တကယ်ပဲ ဟောရေးပြောရေး ပိဋကတ် ၃ ပုံ၊ ဆဌသံဃာရတနာမူနဲ့ မဆန့်ကျင်ပဲနဲ့။ ဓမ္မစရိယ မအောင်ပဲနဲ့ ဟောနေတဲ့ သံဃာတော်တွေ၊ သူတို့က ချီးမြှင့်ထားတဲ့ ဓမ္မကထိက တရား ဟောဆရာတော်၊ ဘွဲ့ရထားတဲ့ ဆရာတော်တွေထဲမှာ တောင်မှ ဓမ္မစရိယ မပြီးသေးတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေ အများကြီးရှိတော့ အခု ညွှန်ကြားချက်ထွက်လာတော့ အဲဒီပုဂ္ဂိုလ်တွေ အနေနဲ့ ဘာဆက်ဖြစ်ကြမလဲ။ သူတို့ တရားဟောပွဲ အပိတ်ခံရပြီ။ သူတို့မှာလည်း ပရိသတ်တွေ ရှိနေတယ်။ နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်ကို ပြောလိုက်တဲ့အတွက် ဒီမှာ ကမ္မဌာနာစရိယဆရာတော်တွေ ရှိသေးတယ်။ အဲဒီဆရာတော်တွေ အနေနဲ့ ကျတော့လည်း ဒီလမ်းက ပြောစရာ ဖြစ်တယ်။ ကျမ်းဂန်တွေအရ နှံ့စပ်တဲ့ပုဂ္ဂိုလ်တွေသာလျှင် ဓမ္မကထိက ဖြစ်တယ်။ တရားဟောနိုင်တာ မှန်တယ်။ ဒါပေမယ့် ဓမ္မာစရိယ အောင်တိုင်း တရားဟောနိုင်တာ မဟုတ်ဘူး။


ဒါကို မြန်မာနိုင်ငံမှာ ရှိနေတဲ့ ထေရဝါဒ ရဟန်းတော်တွေအနေနဲ့ တော်တော် သိထားတယ်လေ။ ဥပမာဆိုရင် စွန်းလွန်းဂူဆရာတော်တို့ ရဟန္တာဖြစ်တာပဲ။ သူတို့လည်း တရားတွေ ဟောသွားတာပဲ။ ဘာအတန်းမှ မအောင်ခဲ့ပါဘူး။ ဒါဟာ မလိုအပ်ပါဘူး။ ရန်ကုန်တိုင်းထဲမှာရှိတဲ့ သံဃာတော်တော်များများကို ဦးဇင်းအနေနဲ့ ဖုန်းနဲ့လှမ်းမေးတော့ တသံထဲပဲ ထွက်ကြတယ်။ ဒါဟာ မလိုလားအပ်ပဲ လုပ်တာပဲ။ အဓိကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လောကအရေးတွေ မဟောကြဖို့ ဆိုတော့ ဒါက ဘာနဲ့ဆန့်ကျင်လဲ ဆိုတော့ ဦးဇင်းတို့ ရတနာ့သုတ်၊ ပရိတ်ကြီးပါဠိတော် အဖွင့်မှာတင် လောကဓာတ် စရိယ၊ ဉာဏ်ဓါတ်ဌာစရိယ၊ ဗုဒ္ဓဿစရိယ ဆိုတာရှိတာပဲ။ ဒါလောကဓာတ်စရိယကို ပိတ်ပင်တာနဲ့ အတူတူပါပဲ။ ဒါကို သေချာ ဂဃနဏ ပြောလိုက်တော့ လျော့ရဲတယ်။ ဒီဟာကို မလိုက်နာရင် ဘယ်လို အပြစ်ပေးမယ် ဆိုတာတော့ မပါလာပါဘူး။”


တင်ပါ့ဘုရား။ ဒီဥစ္စာကစည်းကမ်း ၉ ချက်လား၊ လိုက်နာရမယ့် ဂုဏ်အင်္ဂါပေါ့။
ဟုတ်ပါတယ်။ ဂုဏ်အင်္ဂါလို့ လှည့်သုံးထားပါတယ်။ စည်းကမ်းချက်လို့ မသုံးထားပါဘူး။”


ဂုဏ်အင်္ဂါထဲကနေ ဓမ္မာစရိယ မအောင်ရင်ဆိုတဲ့ကိစ္စ အားလုံးကျန်တဲ့ အချက်အလက်တွေကကော နည်းနည်းခြုံပြောပြပါလား။ တပည့်တော်တို့ လုံးလုံးမသိသေးလို့ပါ။
ပြောချင်တာက ၁၀ ဝါ ပြည့်ရမယ်ဆိုတာက ထေရဝါဒသာသနာက ကျောင်းထိုင်ဘုန်းကြီး အင်္ဂါမှာ ၁၀ ဝါ ပြည့်ရမယ်။ ဝိနည်းတရားတွေကို နားလည်ထားရမယ် ဆိုတာတွေပေါ့။ ဒီမှာကျတော့ ၁၀ ဝါ ပြည့်ရမယ်။ ဓမ္မာစရိယ အောင်ရမယ်။ အဲဒါအပြင်ကို ဆဌသံဃာရတနာ မူအတိုင်း ပိဋကတ်တော်တွေ၊ ဌာကထာတော်တွေနဲ့ ဆန့်ကျင်ဘက် မပြုရဘူး။ ဒါမျိုးတွေပါတယ်။ နိုင်ငံရေးကိစ္စ လုံးဝဟောကြားခြင်း မပြုရဘူး။ လူမှုရေးကိစ္စ လုံးဝဟောပြောခြင်း မပြုရဘူး။ ပုဂ္ဂိုလ်ရေးအရ လုံးဝဟောပြောခြင်း မပြုရဘူး။ အစရှိတဲ့ စည်းကမ်းချက်တွေပေါ့။”


ဘုန်းဘုန်းတို့လက်ဝယ်ရထားတာ ရောက်ပြီလား။
ရောက်ပါပြီ။ မြို့နယ်ကို ဒီနေ့မှပဲရောက်တယ်။ အခုန ဖုန်းဆက်တဲ့အချိန်မှာ မရောက်သေးဘူး ပြောနေတုန်း အခုတော့ ရောက်နေပါတယ်။ ရောက်လာတော့ အဲဒီ ဂုဏ်အင်္ဂါ ၉ ချက် ဆိုပြီးတော့ အဲဒီတော့ အဲဒီ ဓမ္မစရိယ ဆရာတော်ကနေ ပြီးတော့ သီလဝံသ ပုဂ္ဂိုလ်လည်း ဖြစ်ရပါမယ်ဆိုတဲ့အချက်ပေါ့။ ၉ ချက်ပေါ့။


ပြန်ရွတ်ပြရမယ် ဆိုရင်တော့ ၁၀ ဝါပြည့်ရမယ်။ ဓမ္မာစရိယ အောင်ထားရမယ်။ နိုင်ငံရေးကိစ္စ ထည့်မပြောရဘူး။ လောကီရေးရာကိစ္စ ထည့်မပြောရဘူး။ သီလဝံသ ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဆဌသံဃာရတနာတော်လာ အဌာကထာတွေ သုတ္တန်တွေနဲ့ ဆန့်ကျင်ဘက် မပြုရဘူး။ အဲဒီလို အစရှိသဖြင့်ပေါ့။”
နောက်ဆိုရင်လည်း တနိုင်ငံလုံးနဲ့ တရားပွဲတွေလည်း ခြိမ့်ခြိမ့်သဲကျင်းပတယ်ဆိုတော့ ဒီဥစ္စာနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပွဲတွေလည်း ဖြစ်လာနိုင်တာပေါ့။


ဖြစ်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ပါမစ်ယူတဲ့ ကိစ္စပေါ့။ ဒီမှာပြောတာက သံဃာ့နာယကတွေကို ညွှန်ကြား တယ်လို့ ပြောတာ။ တကယ်တော့ တရားဟောပါမစ်တွေက အစိုးရ အစဉ်အဆက် မဆလ ခေတ်ထဲက နအဖ၊ နဝတ၊ ပြည်ခိုင်ဖြိုးအထိ အာဏာပိုင်တွေကပဲ ဒီပွဲမိန့်ကို ပေးတာပါ။ ဦးဇင်းတို့ သံဃာ့နာယ ကအဖွဲ့တွေက ပွဲမိန့်ကို ပေးခြင်း မရှိပါဘူး။ ထောက်ခံမှု ပြုတာပဲ ရှိပါတယ်။ ဒီမှာတော့ စိစစ်နိုင်ရန် အတွက်လို့ ပြောတာပဲ။


ပကတိ ဘုန်းဘုန်းတို့ သံဃာလောကမှာ နယ်လှည့်ကျင်းပနေတဲ့ သံဃာတော်တွေ ဓမ္မာစရိယ မအောင်တဲ့ ပုဂ္ဂိုလ်အချိုးနဲ့ အောင်တဲ့ပုဂ္ဂိုလ်နဲ့ ဘယ်သူက ပိုများလဲ ဘုရား။
သူက ခေတ်အဆက်ဆက် ပြောရရင် မအောင်တဲ့ပုဂ္ဂိုလ်က ပိုများပါတယ်။ အောင်တဲ့ပုဂ္ဂိုလ်က နည်းပါ တယ်။ သီလရှင်တွေလည်း ပါတယ်။ လူ၊ ဓမ္မကထိကတွေ လည်းပါတယ်။ လူ၊ ဓမ္မကထိကတွေဆိုတာ ဓမ္မဇောတိကတို့ ဆိုတာ တွေပေါ့။ ဆရာကြီး ဂိုအင်ကာတို့ အဲဒါတွေပါ ပါတာပေါ့။”


ဒါဆိုရင်သူတို့ တရားပွဲတွေက ဒီတိုင်းဆိုရင် ဂုဏ်အင်္ဂါနဲ့ မညီလို့ ပိတ်တာပါလို့ သက်သေပြစရာ ရှိသွားတာပေါ့နော်။
အဲဒီလို ရှိသွားတာပါ။”


မိုးပြာရောင်ဘုန်းကြီး မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံနေရ
Published on March 21, 2012 by မင်းလွင် · DVB


မိုးပြာရောင်ဆရာတော်လို့ လူသိများတဲ့ ပစ္စုန်ပန်ကမ္မဝါဒ ဘုန်းကြီးဦးဉာဏကို ကချင်ပြည်နယ် မြစ်ကြီး နားထောင်မှာ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံရတာဟာ ဘာသာရေး လွတ်လပ်ခွင့်မရှိမှုနဲ့ လွတ်လပ် စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် မရှိဖြစ်နေတယ်လို့ အာရှလူအခွင့်အရေးကော်မရှင်က ဒီနေ့မှာ ထုတ်ဖော် ပြောဆိုပါတယ်။
မိုးပြာရောင်ဦးဉာဏဟာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က အနုပါဒါယဉ်ကျေးမှု တရားဌာနမှာ သီးတင်း သုံးနေစဉ်မှာ ၂၀၁၀ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး ဘာသာရေးပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရတာပါ။


မိုးပြာရောင် ဦးဉာဏဟာ ပစ္စုပန်ကမ္မဝါဒ ဗုဒ္ဒဘာသာကို တည်ထောင်ခဲ့သူဖြစ်ပြီး ၁၉၈၃ ခုနှစ်ကတည်း ထေရဝါဒဗုဒ္ဓဘာသာကို စွန့်လွှတ်ထားသူလည်း ဖြစ်ပါတယ်။ ပစ္စုပန်ကံမဝါဒ ဗုဒ္ဓဘာသာဟာ ထေရာဝါဒနဲ့ မတူတဲ့ သီးခြားဗုဒ္ဓဘာသာ တခုဖြစ်တယ်လို့ မိုးပြာရောင်ဦးဉာဏ တပည့်သာဝါကတွေက ပြောပါတယ်။


မိုးပြာရောင် ဦးဉာဏဟာ ၁၉၈၃ ကလည်း သာသနာတော်ကို ညှိုးနွှမ်းစေမှုနဲ့ အပြစ်ပေးခံပြီး နောက် တခါ ဒီအမှုနဲ့ပဲ ပြန်ပြီး တရားစွဲအပြစ်ပေးတာဟာ အမှုတစ်ခုကို နှစ်ခါအပြစ်ပေးခံရတာဖြစ်လို့ တရားမျှတမှုမရှိဘူးလို့ ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းကလည်း ဒီဗွီဘီကို ပြောပါတယ်။


ကျနော်တို့က သူ့ကို ဘာသာရေး ယုံကြည်ချက် အကျဉ်းသားလို ဖြစ်နေတာ အမှန်ပဲ။ ဗုဒ္ဓဘာသာက သူ့ဘာသာသူ လမ်းခွဲထွက်ပြီးတော့ အပြာဝတ်ပြီး ရပ်တည်နေတဲ့သဘောပေါ့။ သူ့အစီအစဉ်က တမျိုးပေါ့။ ကျနော် သူ့အစီအစဉ်ကို မပြောလိုဘူး။ ကျနော် ပြောတာက ဥပဒေဆိုင်ရာကိစ္စကို ပြောတာပါ။ ဥပဒေက ချပြီးသား အမှုတွေကို ထပ်ပြီးချတယ်ဗျာ။ ”


မိုးပြာရောင်ဂိုဏ်းဝင် ဦးဉာဏရဲ့ တပည့်သာဝကတွေကလည်း သမ္မတဦးသိန်းစိန်နဲ့ အမျိုးသား လူအခွင့်အရေးကော်မရှင်ဆီကို စာတင် အကြောင်းကြားထားတယ်လို့လည်း ပြောပါတယ်။


တရားသဖြင့် နိုင်တာကိုပဲ ကျနော်တို့ ဂုဏ်ယူချင်ပါတယ်
Published on March 21, 2012 by ရွှေအောင် · DVB


ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီ အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သိန်းလင်းနှင့် ဆက်သွယ် မေးမြန်းထားပါတယ်။
ရန်ကုန်တိုင်း အတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့က ၁ ပတ် ၁၀ ရက်လောက်ပဲ လိုတော့တဲ့ အချိန်မှာ အန်ကယ်တို့ ဝင်ပြိုင်တဲ့ ၆ နေရာ စလုံးပေါ့။ ပြည်ခိုင်ဖြိုးပါတီက ဒီ ရွေးကောက်ပွဲ စည်းရုံးရေးတွေ ဘယ်လို ဆောင်ရွက်တယ် ဆိုတာလေး အရင်ဆုံး သိပါရစေ။


ကျနော်တို့ ၂၀၁၀ တုန်းကလည်း ပြိုင်ခဲ့တာပါပဲလေ။ ပြိုင်ခဲ့တော့ အဓိက လက်ကိုင် ထားတာ ကတော့ တရားမျှတပြီးတော့မှ သန့်သန့်ရှင်းရှင်း ဖြစ်ဖို့ အရေးကြီးတယ်။ နောက်တခုက ကိုယ် မဲဆွယ်တဲ့ ကိစ္စတွေကလည်း သူများကို အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ တတ်နိုင်သမျှ သူများကို အနှောင့်အယှက် မဖြစ်တဲ့နည်းနဲ့ မဲဆွယ်တယ်။ အိမ်တိုင်ရာရောက်သွားတဲ့ လှုပ်ရှားမှုတွေ ပေါ့။ လိုက်ပြီးတော့မှ သတင်းပေးတဲ့ စနစ်တွေပါ။ သတင်းပေးတယ် ဆိုတာကတော့ ကိုယ့် ကိုယ်စားလှယ်ရဲ့ လက်ကမ်း စာစောင်တွေ ဝေတဲ့ စနစ်တွေကို ကျနော်တို့က ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဓိက လက်ကိုင်ထား တာ ကတော့ တရားမျှတမှု ဖြစ်ဖို့ အဓိကထားတယ်။”


တခြား ပါတီအများစုကတော့ အများအားဖြင့် အန်အယ်လ်ဒီ ပါတီပေါ့။ သူတို့ပါတီက စည်းရုံးရေး ဆင်းတဲ့အခါမှာ သူတို့ အများကြီးတွေ့လို့ ပြောတာတွေ ရှိပါတယ်။ မဲစာရင်းကွာတဲ့ ကိစ္စတွေ။ အန်ကယ်တို့ပါတီ အနေနဲ့ရော အဲဒီကိစ္စတွေမှာ တွေ့ရှိချက်တွေကို တင်ပြထားခြင်း ရှိ၊ မရှိပေါ့။ ဒါကို ကျွန်တော်တို့ သိချင်ပါတယ်။
ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၁၀ အတွေ့အကြုံတုန်းက မဲပေးခွင့် ရှိရဲ့သားနဲ့ မပေးလိုက်ရတဲ့သူတွေ တွေ့ရပါတယ်။ ဒီ တပွဲမှာလည်း အဲဒီလို မဖြစ်အောင်တော့ ကျနော်တို့ တတ်နိုင်သမျှ မဲပေးမယ့်လူတွေ၊ ရပ်ကွက်ထဲမှာ ရှိတဲ့လူတွေ မဲစာရင်းထဲမှာပါ၊ မပါ လိုက်လံ စိစစ်ပြီးတော့မှ၊ မပါသေးတဲ့လူတွေ ရှိရင်လည်း ကော်မရှင်ကို တင်ပြပါတယ်။ ကော်မရှင်က သတ်မှတ်ထားတဲ့ စည်မျဉ်းစည်းကမ်းနဲ့ ကိုက်ညီလို့ရှိရင် သူတို့ လက်ခံပါတယ်။ အဲဒါလေးတွေကို ၂၀၁၀ တုန်းကလည်း ကျနော်တို့ လုပ်ပါတယ်။ ၂၀၁၂ မှာလည်း မဲပေးခွင့် ရှိတဲ့လူတွေ အာလုံး မဲပေးခွင့်ရအောင်လို့ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်တဲ့ သဘောမျိုးနဲ့ ဆောင်ရွက်ပါတယ်။”


တခြားဒီမိုကရေစီပါတီတွေကို မေးကြည့်တော့ အခုဆိုရင် ဥပမာ- မင်္ဂလာတောင်ညွန့်မှာ ဆိုလို့ရှိရင် တော်တော်ကြီး မြိုင်မြိုင်ဆိုင်ဆိုင်။ ပါတီတွေက မဲဆွယ်စည်းရုံးနေတာ တွေ့ရတယ်လို့ သိရပါတယ်။ မဲဆွယ် စည်းရုံးတဲ့ အခါမှာလည်း ၂၀၁၀ တုန်းကလို မဟုတ်ဘဲနဲ့ တပါတီနဲ့ တပါတီ ပြောဆိုနှုတ်ဆက် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ အိုးစည်ဗုံမောင်းတွေတီး၊ ကားတွေနဲ့ လှည့်ပြီးတော့ မဲဆွယ်စည်းရုံးတယ်လို့ ကြားရပါတယ်။ အန်ကယ်တို့ရော မဲဆွယ်စည်းရုံးတဲ့ အနေအထားမှာ ရန်ကုန်တိုင်းမှာ ဘယ်လိုမျိုးတွေများ ကြုံတွေ့ရပါသလဲ။


ကျနော်တို့လည်း သူတို့တွေလိုပေါ့။ ၂၀၁၀ တုန်းကလည်း ဒီလိုပဲ ကားတွေနဲ့ ကိုယ်စားလှယ်ရဲ့ ဗွီနိုင်းကို ကပ်ပြီးတော့မှ ရပ်ကွက်တွေမှာ လိုက်လံ မဲဆွယ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ် ၁၀ တန်းစာမေးပွဲ ဖြေနေတဲ့ ကာလမှာတော့ ကျနော်တို့ အဲဒါတွေ ခဏရပ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၀ တန်းစာမေးပွဲ ဖြေနေတဲ့ ကလေးတွေ အနှောင့်အယှက်ဖြစ်မှာ စိုးလို့၊ ၁၀ တန်းစာမေးပွဲက မနေ့က တချို့တော့ ပြီးပြီ။ ဒါပေမယ့် သေချာတော့ မပြီးသေးဘူး။ တချို့ ဘာသာရပ်တွေ ကျန်သေးတယ်။ ဒီအပတ်ကုန်မှပဲ ကျနော်တို့က သူများတွေလိုပဲ ကားနဲ့ လှည့်၊ လှည့်ပြီးတော့မှ လက်ကမ်းစာစောင်တွေလိုက်ဝေ အဲဒါတွေ လုပ်ပါ့မယ်။


ပြီးတော့ ဒီမှာ ထူးခြားတာက ပြိုင်မှာက ၆ မြို့နယ်ထဲဆိုတော့ ကျန်တဲ့ မပြိုင်တဲ့ မြို့နယ်တွေက ပြိုင်မယ့် ၆ မြို့နယ်ကို ဝိုင်းကူပြီးတော့ လုပ်တာပေါ့။ အားဖြည့်ပြီးတော့ လုပ်တာတော့ ရှိတာပေါ့။”


၂၀၁၀ တုန်းက ကြံ့ခိုင်ရေးပါတီအနေနဲ့ ငွေချေးပြီးတော့ မဲဆွယ်တာတို့၊ လမ်းခင်းပြီးတော့ မဲဆွယ်တာတို့ လုပ်ခဲ့တယ်ဆိုတဲ့ ဝေဖန်သံတွေ ကြားရပါတယ်။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာရော အဲဒီလိုပုံစံမျိုးနဲ့ မဲဆွယ်တာမျိုးကိုရော လုပ်ဆောင်မှုတွေ ရှိပါသလား။
ပြည်ခိုင်ဖြိုးရဲ့ မူဝါဒမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကြီး ၅ ရပ် ရှိတယ်။ အဲဒါ ၅ ရပ်ကို ကျနော်တို့က ထမ်းဆောင်တာပါ။ အဲဒီ ထမ်းဆောင်တဲ့ နေရာမှာ ကျေးလက်နေ ပြည်သူလူထုတွေ အတွက် လမ်းတွေ ကောင်းရမယ်။ ကျေးလက်ပြည်သူလူထု ရေရရှိရေး ဆောင်ရွက်ပေးရမယ်၊ ကျေးလက် ပြည်သူလူထုရဲ့ ကျောင်းတွေ ကောင်းအောင် လုပ်ပေးရမယ်၊ ကျေးလက်တွေမှာ ဆေးခန်းတွေရှိရင် အဲဒီဆေးခန်းတွေကို ဝိုင်းဝန်းပြီးတော့ စောင့်ရှောက်ရမယ်၊ နောက်တခါ ကျေးလက်ပြည်သူလူထုရဲ့ လူမှု စီပွားရေးဘဝကို ဝိုင်းဝန်းပြီးတော့မှ ပံ့ပိုးရမယ်ဆိုတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကြီး ၅ ရပ်ဟာ ပါတီရဲ့ လက်ကိုင်ထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် ၅ ရပ်ဖြစ်ပါတယ်။


ကျနော်တို့နိုင်ငံမှာ လိုအပ်နေတာဟာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုင်းတပါး ဩဇာခံ မဖြစ်ရေး ဒီ ၂ ချက်က။ အခုလည်း လိုအပ်သလို နောင်လည်း လိုအပ်မယ်လို့ ထင်ပါတယ်။ ပါတီရဲ့ မူဝါဒအတိုင်း ဆောင်ရွက်မြဲ ကိစ္စကို ကျနော်တို့ ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။”


ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ထူးခြားတာက အန်အယ်လ်ဒီပါတီ ဝင်ရောက် ယှဉ်ပြိုင်လာပါတယ်။ ပြည်ခိုင်ဖြိုးပါတီလိုပဲ ၄၈ နေရာစလုံး ဝင်ပြိုင်တဲ့ ပါတီပါ။ ကြားဖြတ်မှာ ဆိုရင် အဓိက ပြိုင်ဘက်ပါတီလို့တောင် ပြောလို့ပါတယ်။ အန်အယ်လ်ဒီပါတီ ဝင်လာပြီး သူ့ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်လာတဲ့အတွက် အခု ကြားဖြတ် ရွေးကောက်ပွဲ ပြည်ခိုင်ဖြိုးပါတီနဲ့ အပြိုင် မဲဆွယ်စည်းရုံးရာမှာ ဘယ်လိုမျိုးတွေ ကြုံရဆုံရလဲ။ အန်ကယ်တို့ဘက်လည်း ဘယ်လို ပြင်ဆင်ထားပါသလဲ။
ကျနော်တို့ပါတီရဲ့ မူဝါဒကတော့ အမျိုးသားရေးကို စောင့်ရှောက်မယ့်၊ တိုင်းပြည်အပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်မယ့် တရားဝင်ဖွဲ့စည်းတဲ့ ပါတီအားလုံးကိုတော့ ကျနော်တို့က မိတ်ဖက်လို သဘောထားရမယ်လို့ ကျနော်တို့ပါတီရဲ့ မူဝါဒလမ်းစဉ်မှာ သတ်မှတ်ထားပါတယ်။ ကျနော်တို့က အဲဒီမူဝါဒကိုပဲ လက်ကိုင်ထားပြီးတော့မှ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”


ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းက အန်ကယ်တို့ ပါတီအနေနဲ့ ၆ နေရာစလုံး နိုင်မယ်လို့ ယုံကြည်ထားပါသလား။ အန်ကယ် ဘယ်လောက်အထိ မျှော်လင့် ထားပါသလဲ။
လောလောဆယ်တော့ ခန့်မှန်းရ ခက်သေးတယ်။ ကျနော်တို့လည်း အခု တတ်နိုင်သမျှ ကြိုးစားပြီးတော့ ဆောင်ရွက်နေတုန်းပါပဲ။ ရွေးကောက်ပွဲ တခုဆိုတာကတော့ ဘယ်လောက် သေချာတယ်၊ မသေချာဘူး ဆိုတာကတော့ ပွဲပြီးမှပဲ အဖြေသိတဲ့ သဘောပါပဲ။”


ဖြည့်စွက်ပြောလိုတာ ရှိရင် ပြောပြပေးပါ။
ကျနော်တို့က ဒီရွေးကောက်ပွဲမှာ တရားသဖြင့် အေးအေးချမ်းချမ်းနဲ့ စည်းကမ်းရှိရှိ အနိုင်ရအောင်လို့ ဥပဒေဘောင်ထဲကပဲ ကြိုးစားပါမယ်။ ကျနော်တို့ ကြိုးစားသလို တခြားပါတီတွေကိုလည်း အဲဒီလို ဖြစ်စေချင်ပါတယ်။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ စည်းကမ်းရှိရှိ တန်ဖိုးရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။ အဲဒီလို ဖြစ်အောင်လည်း ကျနော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ တရားသဖြင့် နိုင်တာကိုပဲ ပြည်ခိုင်ဖြိုးပါတီက ဂုဏ်ယူမှာ ဖြစ်ပါတယ်။”

No comments:

Post a Comment