သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Monday, February 6, 2012

Feb 6

ဖေဖော်ဝါရီ ၆ တနင်္လာနေ့ သတင်းများ စုစည်းမှု
မိုးမခက ဖြန့်သည်

အာလူးနဲ့ ကာလုံ
ကာတွန်း - ကူမိုးကြိုး

ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေသည့် စာအုပ်ဖြန့်ချိ
Published on February 6, 2012 by မင်းလွင် DVB
လှိုင်သာယာစက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ
Published on February 6, 2012 by အေးနိုင် DVB
ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကြား စည်းလုံးညီညွတ်ရေး တည်ဆောက်
Published on February 6, 2012 by နန်းမြနဒီ DVB

တိုင်းရင်းသားပါတီများ စုပေါင်း၍ ပြည်ထောင်စုနေ့ ပထမဆုံးအကြိမ်ကျင်းပမည်
Published on February 6, 2012 by ဒီဗွီဘီ DVB
ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေလယ်ကျွန်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကြည့်ရှု
Published on February 6, 2012 by ဒီဗွီဘီ DVB
ငါးပွက်ရာ ငါးစာချနေလို့ကတော့ ရုပ်ရှင်လောက တိုးတက်မည်မဟုတ်
Published on February 6, 2012 by ပီတာအောင် DVB

မန္တလေးခရီးစဉ် ရွှေ့ဆိုင်းခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း
2012-02-05 RFA
အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲကျင်းပ
2012-02-05 RFA
ဒေါ်အောင်ဆန်းစုကြည် ကရင်ရွာမှာ သန်းခေါင်စာရင်းဝင်လိုက်
မင်းသက် | စနေနေ့၊ ဖေဖေါ်ဝါရီလ ၀၄ မဇ္ဈိမ
ဥပဒေမဲ့ ဖမ်းဆီးမှုဖြင့် ခမရ ၃၂၁ အား တရားစွဲမှု စတင်ကြားနာတော့မည်
ဇော်ရှန် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၆ မဇ္ဈိမ

စစ်တွေတက္ကသိုလ်တွင် ဆံပင်နီ ဆိုးက ဒဏ်ငွေရိုက်မည်
စနေနေ့၊ ဖေဖေါ်ဝါရီလ 04 နိရဉ္စရာ
ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာသူများ ခွင့်ပြုသင့်ဟု ပါတီများပြော
By featured, ခင်ဦးသာ on February 6, ဧရာဝတီ
အစိုးရနှင့် KNPP အပစ်ရပ်ရေး ဆွေးနွေး
By featured, သန်းထိုက်ဦး on February 6,ဧရာဝတီ

ဘောလုံးကွင်း၊ အနုပညာ အဆက်အစပ်နဲ့ အကယ်ဒမီကို သပိတ်မှောက်တဲ့ ဒါရိုက်တာ
By featured, မစပ်စု on February 6, ဧရာဝတီ
ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် မြန်မာပြည်သွားမည်
By featured, ရန်ပိုင် on February 6, ဧရာဝတီ
လူ့ အခွင့်အရေး တိုးတက်ရန် အရေးတကြီး လိုအပ်ဟု ကင်တာနာပြော
By featured, လင်းသန့် on February 6, ဧရာဝတီ

တနင်္ဂနွေ, 05 ဖေဖော်ဝါရီ 2012
နိုင်ငံတကာ စောင့်ကြည့်ခွင့်ပြုရေး ရွေးကောက်ပွဲ ကော်မရှင်စဉ်းစား
By ကိုအောင်လွင်ဦး VOA
တနင်္ဂနွေ, 05 ဖေဖော်ဝါရီ 2012
ဝန်ကြီး ဦးအောင်မင်း နယ်စပ်အခြေစိုက်အဖွဲ့ တချို့နဲ့တွေ့
By မသိင်္ဂီထိုက် VOA
တနင်္လာ, 06 ဖေဖော်ဝါရီ 2012
ဒေါ်စု ကိုယ်စားလှယ်လောင်း လျှောက်ထားမှု ကော်မရှင် စိစစ်
By မစုမြတ်မွန် VOA

အမေရိကန်ရောက် ကိုဇာဂနာ ဆန်ဖရန်မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲ အပြီး ကနေဒါပွဲဆက်မည်
မိုးမခရွာဆော်ကြီး၊ ရဲရင့်ငယ်ဘလောက်၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၂
ဖေဖော်ဝါရီ ၄ မှာ မဂ္ဂင်ကျောင်းမှ အကျဉ်းလွတ်သံဃာများ ပြန်လည်ထွက်ခွာပေးရ
ဓာတ်ပုံသတင်း၊ ဘားမားဗီဂျေသတင်း၊ ဖေဖော်ဂါရီ ၅၊ ၂၀၁၂မိုးမခ
ခံများအကြောင်းစာတမ်းထွက်ပြီ
အရှင်ပညာနန္ဒ။ ဖေဖော်ဝါရီ ၅ ၊၂၀၁၂မိုးမခ
Luc Besson ၏ အလွဲများ
Yangon Press International
မွန်မွန်မြတ်ရေးသားသည်။မိုးမခ
============================





ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေသည့် စာအုပ်ဖြန့်ချိ
Published on February 6, 2012 by မင်းလွင် DVB
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ သူ့ကို ပုဂ္ဂိုလ်ရေးအရ ဝေဖန်ထားတယ်ဆိုတဲ့ စာအုပ်တအုပ်ကို ဖေဖော်ဝါရီ လဆန်းမှာ ဖြန့်ချိလိုက်ပါတယ်။

စာရေးသူ အောင်မြတ်ဦးက အောင်ဆန်းစုကြည် သို့မဟုတ် ဒီမိုကရေစီ လင်းလက်ကြယ်စင် အမည်ပေးထားတဲ့ စာအုပ်မှာ မျက်နှာဖုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို အသားပေးဖော်ပြထားပေမယ့် အတွင်းပိုင်း စာသားတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာတွေ ပါတယ်လို့ အဲဒီစာအုပ်ကို ဖတ်ခဲ့ရသူတွေက ပြောပါတယ်။

အောင်မြတ်ဦးရေးတဲ့ ဒေါ်အောင်ဆန်းစုကြည် စာအုပ်ဟာ အရင် အစိုးရပိုင် သတင်းစာတွေမှာပါတဲ့ ဆောင်းပါးတွေပုံစံ ရေးထားတာလို့ စာအုပ်ဖတ်ရှုခဲ့တဲ့ မန္တလေးမြို့နေ သတင်းထောက်တဦးက ပြောပါတယ်။

အထဲမှာဆို စုကြည်တို့ ဘာတို့ လုပ်ထားတယ်။ နောက်ဆုံး သူမဟာ နိုင်ငံရေး ဘာမှမသိဘူးဆိုတာမျိုး၊ မိုက်ကယ်အဲရစ်နဲ့ ရတာတို့၊ သူမကတော့ ပြောတာပေါ့။ ကံကြမ္မာရဲ့ စေစားရာ၊ နိုင်ငံခြားသားနဲ့ ရတာတို့၊ အဲလိုမျိုး အတည်ပေါက်တွေ လုပ်ထားပြီး အခုကျတော့မှ နောက်ဆုံးခန်းကျတော့ အကောင်းပုံစံနဲ့ ပြန်ဖြန့်ရေးသွားတယ်။ နောက်ဆုံးမှာ ဒေါ်စုရဲ့ ကောက်နှုတ်ချက်လေးတွေကို ဖော်ပြထားတယ်။ နောက်ဆုံးစာမျက်နှာ သုံးလေးရွက်လောက် လှန်ကြည့်ရင်တော့ အကောင်းလို့ ယူဆစရာ ရှိတယ်။ အလယ်နားနဲ့ ရှေ့ပိုင်းတွေမှာ သေချာကြည့်တော့မှ သတင်းစာတွေမှာ ပါးပါးလေးနဲ့ဆော်တဲ့ ပေါ်လစီ ဆောင်းပါးရှင်တွေ အတိုင်းပဲ။ တော်တော်ဆိုးဆိုးဝါးဝါး လုပ်တယ်။ ဘယ်လောက်ထိအောင် လုပ်လဲဆိုရင် သူမကို ဒေါ်လာငွေ ၂ သန်း ပေးဖို့အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးလိုက်တယ်တို့၊ သူမက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုနဲ့ ထိုက်တန် မတန် မသိဘူး။ သူမတော့ နိုဘယ်လ်ဆု ရရှိသွားပြီတို့၊ သူမကို ပထမဆုံး နိုင်ငံရေး စင်မြင့်ပေါ်တင်ပေးတာ ဗကပ ထွန်းဝေကြီးတို့၊ ဗကပ တင်လို့ ရောက်လာတယ်တို့၊ အဲဒါမျိုးတွေပေါ့။”
စာရေးသူ အောင်မြတ်ဦးဟာ တိုက်ရိုက် မဟုတ်ဘဲ တခြား သတင်းဌာနတွေကို ကိုးကားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာတွေ ရေးခဲ့တယ်လို့လည်း ဆိုပါတယ်။
သူမကို နိုင်ငံရေး ဝါရင့်သတင်းသမား တဦးက သုံးသပ်တာမျိုး၊ ဘယ်သူလို့လည်း မပြောဘဲ အတည်ပေါက်ရေးထားတယ်။ နောက်တခါ နိုင်ငံခြား သတင်းထောက် တဦးပြောတာကတော့ ဆိုတာမျိုး၊ သူပြောသလိုမျိုး မဟုတ်ဘဲနဲ့ တခြားသူတယောက်က ပြောသလိုမျိုး၊ အဲဒါတွေကို ဖြန့်ရေးချထားတာ။ အကြမ်းဖျင်း လိုရင်းကို ပြောရရင် သူဟာ တောက်လျှောက် ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်တယ်။ သူမကို ရင်းနှီးသူများက စုကြည်လို့ခေါ်တယ်။ နောက်တခါ အမျိုးသားဒီမိုကရေစီပါတီတဲ့။ အမျိုးသားဒီမိုကရေစီ ပါတီဆိုတာက ဒေါက်တာစိန်ဝင်းတို့ ပါတီ၊ သူ(စာရေးသူ)မသိဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပါတီနဲ့ကို သူမကွဲဘူး။”
ဒေါ်အောင်ဆန်းစုကြည် အကြောင်းပါတဲ့ ဒီမိုကရေစီ သို့မဟုတ် လင်းလက်ကြယ်စင် စာအုပ်ဟာ ဆန်းလှစာပေက ထုတ်ဝေဖြန့်ချိတာဖြစ်ပြီးတော့ ရောင်းဈေးကတော့ ၃၅၀ ကျပ်ပါ။ ဒါဟာ တခြား စာအုပ်ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် စီးပွားရေးအရ အရှုံးခံပြီးထုတ်ခဲ့တာလို့လည်း ပြောကြပါတယ်။
အဲဒီစာအုပ်ကို ဖတ်ခဲ့သူ တဦးကလည်း “သူက တချို့ဟာတွေကျတော့ ဗိုလ်ချုပ်ရဲ့သမီး၊ ဒေါ်ခင်ကြည်ရဲ့သမီး၊ နောက်ဗိုလ်လရောင်ရဲ့ မြစ်ပေါ့။ ဒါတွေက အလွန် အစဉ်အလာရှိခဲ့တဲ့ သွေးကနေ စီးဆင်းလာပေမယ့် သူမကိုတော့ သာမန်သဘော သက်ရောက်အောင် ရေးထားတယ်” လို့ ပြောပါတယ်။
အရင် နဝတ၊ နအဖ ခေတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရပိုင် မီဒီယာတွေကသာ စာအုပ်ထုတ်ဝေတာ ရှိခဲ့ပေမယ် အခု ပထမဦးဆုံးအနေနဲ့ ပုဂ္ဂလိကပိုင် စာပေတိုက်ကနေ ဖြန့်ချိတာလည်း ဖြစ်ပါတယ်။

လှိုင်သာယာစက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ
Published on February 6, 2012 by အေးနိုင် DVB
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၃ က တရုတ်အမျိုးသားပိုင် တိုင်ရီ (TAI YI) ဖိနပ်စက်ရုံမှာ လုပ်အားခလစာ တိုးမြှင့်ရလိုမှုအတွက် အလုပ်သမား ရာပေါင်းများစွာ ဒီကနေ့ မနက် ၇ နာရီကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြကြပါတယ်။
ဖိနပ်စက်ရုံက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် ပေးရမယ့် လုပ်ခလစာတွေ ဖြတ်တောက်ခဲ့တဲ့အတွက်ကြောင့် ဆန္ဒပြကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။
ဇန်နဝါရီလအတွင်း တရားဝင်ပိတ်ရက် ၅ ရက်အပြင် တရုတ်နှစ်သစ်ကူး ၅ ရက်ပါ စက်ရုံပိတ်ပြီး ပိတ်ရက်တွေအတွက် လစာထဲက ဖြတ်တောက်တာကြောင့် အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို ထိခိုက်တဲ့အတွက် မဖြတ်တောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ အလုပ်သမားတဦးက ပြောပါတယ်။

တနေ့ကို ၈ နာရီ ၁,၇၀၀ ရတယ်၊ ဒီလ ၆ သောင်းကျော်ပဲ ရတယ်။ ဒါပေမယ့် ဒီပြင်ဟာတွေနဲ့ ပေါင်းမှ ၆ သောင်းရတာလေ။ အဲဒါတွေ မပါရင် သိပ်မရဘူး။ နည်းနည်းပဲရမယ်၊ ရက်၂၀ ဆင်းရတယ်ဆိုရင် ရက်၂၀ ခရယ်၊ မုန့်ဖိုး ၉,၀၀၀ ရယ်၊ နှစ်ကြေးရယ်၊ အဲဒါမျိုးနဲ့ပေါင်းတာ။ အဲဒါအခြေခံလစာ နည်းလို့ဆိုပြီး ၂၅၀ တိုးတောင်းနေတာ။”

ဒီကိစ္စကို မြို့နယ်ဖျန်ဖြေရေးအဖွဲ့က လာရောက်ပြီး ဖြေရှင်းပေးတာ ကျေနပ်စရာကောင်းတယ်လို့ အလုပ်သမားခေါင်းဆောင် ကိုသန်းက ပြောပါတယ်။

တရုတ်နှစ်သစ်ကူးနေ့ဆိုပြီး အလုပ်ရှင်က ၅ ရက်ပိတ်တယ်။ အဲဒီဟာနဲ့တွဲပြီး ၁၀ ရက် ပေါင်းပိတ်လိုက်တယ်။ အဲဒီအပေါ်မှာ လုပ်ခလစာ ဖြတ်တောက်တော့ ၁၂,၀၀၀ လောက် ဖြတ်တောက်ခံရတယ်။ တချို့တော့ ၇,၀၀၀၊ ၈,၀၀၀ လောက် ဖြတ်ခံရတယ်။ မတူကြဘူး။ အဲဒီအပေါ်မှာ စားရေးသောက်ရေး အခက်အခဲတွေ ဖြစ်လာတော့ ထတောင်းဆိုကြတာပဲ။ အဓိက တောင်းတာတွေကတော့ အခြေခံလစာ တိုးတောင်းတာပေါ့။ အခြေခံလစာက တနာရီကို ၇၅ ကျပ် သတ်မှတ်ထားတယ်၊ အခုက ၂၅၀ ထိ တိုးတောင်းတယ်။ မြို့နယ်အလုပ်သမား ဖျန်ဖြေရေးကော်မတီက ပုဂ္ဂိုလ်တွေ ရောက်လာပြီးတော့ အလုပ်သမားတွေရဲ့ ထုံးစံက ခေါင်းဆောင်မထွက်ဘူး။ သူတို့စာရွက်တွေပေါ်မှာ ရေးခိုင်းတယ်။ လိုလားချက်တွေကို ရေးခိုင်းတယ်။ နောက်ပြီး အဆောင်နေထိုင်ရေး စားသောက်ရေး အဆင်ပြေဖို့၊ အဲဒါတွေလည်းပါတယ်။ ဒါပေမယ့် အလုပ်ရှင်ကတော့ အကြောင်းမပြန်သေးဘူး။”

ဒီလို လတ်တလော ကိစ္စ မပေါ်ခင်ကတည်းက အစိုးရက အလုပ်သမားတွေရဲ့ လုပ်အားခလစာကို လုံလောက်အောင် ရပ်တည်နိုင်တဲ့ အနိမ့်ဆုံး သတ်မှတ်ပေးခြင်း မရှိဘူးလို့ ကိုသန်းက ပြောပါတယ်။

တရုတ်ပြည်ဆိုလည်းရှိတယ်။ ဗီယက်နမ်ဆိုလည်းရှိတယ်။ ဒါပေမယ့် ဒီမှာ အဲဒီလိုသတ်မှတ် မပေးသေးဘူး။ အလုပ်ရှင်က သူ့ဟာသူ သတ်မှတ်တာ။ ၅,၀၀၀ အထိကို သတ်မှတ်တာ။ ၅,၀၀၀ ဆိုတာ ဘယ်လိုမှ စားလောက်တဲ့လစာ မဟုတ်ဘူး။ တလလုံး ၅,၀၀၀ ဆိုတာ ယုံနိုင်စရာတောင် မရှိဘူး။ ကျနော်တို့မှာ မှတ်တမ်းတွေရှိတယ်။”

အဲဒီဖိနပ်စက်ရုံက အလုပ်သမားတွေဟာ မနှစ် နှစ်ဦးပိုင်းတုန်းကလည်း တနာရီလုပ်အားခ ၅၀ ကျပ် ရရှိနေတာကို ၁၀၀ ကျပ်အထိ တိုးတောင်းရာက တနာရီ ကျပ် ၇၀ ကျပ်နဲ့ ပြေလည်ပြီး ဆန္ဒပြမှုကို ရုပ်သိမ်းခဲ့ပါတယ်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကြား စည်းလုံးညီညွတ်ရေး တည်ဆောက်
Published on February 6, 2012 by နန်းမြနဒီ DVB
ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်ရေး တည်ဆောက်ဖို့အတွက် တွေ့ဆုံ ဆွေးနွေးပွဲတခု ဖေဖော်ဝါရီ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အစိုးရနဲ့ အပစ်ခတ်ရပ်ပြီးရင် ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေကြား အချင်းချင်း ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုတာနဲ့ ပတ်သက်ပြီးတွေ့ကြတာလို့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ပြည်ပဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး စောလုံ့လုံက ပြောပါတယ်။

ကျနော်တို့ အနာဂတ်မှာဆိုရင် ကျနော်တို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း ကရင်အဖွဲ့အစည်း အသီးသီးအားလုံးက တဖွဲ့တည်းဖြစ်ဖို့ လိုအပ်တယ်။ အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ဘယ်လိုသွားကြမလဲ၊ နိုင်ငံရေးပြဿနာတွေ ဘယ်လိုဖြေရှင်းကြမလဲ၊ အဲဒီလက်နက်ကိုင် အဖွဲ့အစည်း ကြားထဲမှာကို နားလည်မှုရှိအောင် နားလည်မှုရှိရှိနဲ့ ဘယ်လိုရှေ့ဆက်ပြီးတော့မှ အဲဒီဒေသဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊ နောက်လိုချင်တဲ့ပန်းတိုင်တွေ နိုင်ငံရေးပန်းတိုင်တွေ ရောက်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတာပေါ့လေ။”

ဒါ့အပြင် ဒေသဖွံ့ဖြိုးရေး၊ အစိုးရနဲ့ ဆွေးနွေးရင် ပါဝင် ဆွေးနွေးသင့်တဲ့ အကြောင်းအရာနဲ့ စီးပွားရေးနယ်မြေတွေ အကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲကို ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ရွာမှာ မနက် ၁၀ နာရီကနေ အချိန် ၂ နာရီလောက် တွေ့ဆုံခဲ့ကြတာပါ။

တိုးတက်သော ဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ကေပီအက်ဖ်) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေပီစီ) စတဲ့အဖွဲ့က ကိုယ်စားလှယ်တွေ စုစုပေါင်း ၃၀ လောက် တက်ရောက်ခဲ့တယ်လို့ ဗိုလ်မှူး စောလုံ့လုံက ဆက်ပြောပါတယ်။

အခု ဆွေးနွေးပွဲဟာ အလွတ်သဘောဖြစ်ပြီး နားလည်မှုနဲ့ စည်းလုံးညီညွတ်မှုတွေ ရပြီးရင်၊ အခြေအနေတွေ ပြည့်စုံလာတဲ့ တနေ့ တရားဝင် ဆွေးနွေးပွဲ ကျင်းပဖို့လည်း အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်လက်နက်ကိုင်အဖွဲ့တွေသာ မဟုတ်ဘဲ ပြည်တွင်းပြည်ပ ကရင်လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေပါ အားလုံးပါဝင်နိုင်တဲ့ ကရင်အမျိုးသား ညီလာခံကြီး ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်တယ်လို့ ဗိုလ်မှူး စောလုံ့လုံက ပြောပါတယ်။

အခုတွေ့ဆုံခဲ့တဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ အစိုးရနဲ့ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုးခဲ့တဲ့ ဒီကေဘီအေ (ကလိုထူးဘော)၊ ၂၀၁၂ ဇန်န၀ါရီလ ၁၁ ရက်နေ့မှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ပမဏာတွေ့ဆုံ ဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်ရေး သဘောတူခဲ့တဲ့ ကေအန်ယူအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီတို့ ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီများ စုပေါင်း၍ ပြည်ထောင်စုနေ့ ပထမဆုံးအကြိမ်ကျင်းပမည်
Published on February 6, 2012 by ဒီဗွီဘီ DVB

၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေ စုပေါင်းပြီး လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပမှာ ဖြစ်ပါတယ်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တော်လှန်ရေးပန်းခြံရှေ့ အမ်ပီသရီး ခန်းမမှာ ကျင်းပမှာဖြစ်ပြီး ပြည်နယ် ၇ ခုက တိုင်းရင်းသား ရိုးရာအကတွေ တေးသီချင်းတွေနဲ့ ဖျော်ဖြေကြမှာပါ။

ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ဦးစောသန်းမြင့်က “ကျနော်တို့ ဒီနေ့ထူးထူးခြားခြား လုပ်တာက နိုင်ငံတော် သမ္မတကြီးရဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့ကိစ္စမှာ ကျနော်တို့တိုင်းရင်းသား ခေါင်းဆောင် တော်တော်များများလည်း ပါလာတယ်။ ကျောင်းသားခေါင်းဆောင်တွေလည်း အများကြီးပါလာတယ်။ အဲဒီအထိမ်းအမှတ်ကို အားလုံး ၀မ်းသာကြိုဆိုတဲ့ အနေနဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တိုင်းရင်းသား ခြောက်ပါတီက စုပေါင်းပြီးတော့ အထိမ်းအမှတ်လေးအနေနဲ့ ပြည်ထောင်စုနေ့ စစ်စစ်ဖြစ်လာရေးအတွက် ဖြစ်လာတော့မယ်လို့ ယူဆလို့ အဲဒါကြောင့် ကျနော်တို့ တိုင်းရင်းသားပါတီအားလုံး စုပေါင်းပြီးတော့ ပြည်ထောင်စုနေ့ကို ပထမဆုံး စတင်ကျင်းပတာပေါ့” လို့ ဆိုပါတယ်။

အခမ်းအနား ကျင်းပတဲ့ တိုင်းရင်းသားပါတီတွေထဲမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ကယန်းအမျိုးသားပါတီတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲက တိုင်းရင်းသား နိုင်ငံရေးပါတီတွေရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေပါ စုံစုံညီညီ ဖိတ်ကြားသွားမယ်လို့ ဦးစောသန်းမြင့်က ပြောပါတယ်။

တိုင်းရင်းသားပါတီတွေဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ပြုလုပ်မယ့် မဟာမိတ် ၁၀ ပါတီ ပြည်ထောင်စုပွဲမှာလည်း ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။
မဟာမိတ် ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ပတ်သက်ပြီး ကျင်းပရေး ကော်မတီဝင် တဦးဖြစ်သူ ဒီမိုကရက်တစ်ပါတီ( မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက အခုလို ပြောပါတယ်။
ပြည်ထောင်စုနေ့ အမှတ်တရပေါ့။ တိုင်းပြည်မှာ အရေးကြီးတဲ့ နေ့ တနေ့ပေါ့။ လွတ်လပ်ရေးအတွက်လည်း ဒီဟာက အခြေခံပြီးတော့ အားလုံး ညီညွတ်ရေးရခဲ့တဲ့ နေ့ဆိုတော့ ဒီနေ့ကို အထိမ်းအမှတ်အနေနဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီတွေက တပေါင်းတည်း အတူတူလုပ်ချင်တယ်ဆိုတဲ့ ဆန္ဒကြောင့် အတူတူလုပ်တာပေါ့။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း လုပ်ခဲ့တယ်။”
မဟာမိတ် ၁၀ ပါတီမှာ တိုင်းရင်းသား ၅ ပါတီနဲ့အတူ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု စတဲ့ နိုင်ငံရေးပါတီတွေ ပါဝင်ပါတယ်။ အခမ်းအနားမှာ ပါတီအသီးသီးရဲ့ သ၀ဏ်လွှာတွေ ဖတ်ကြားပြီး မဟာမိတ်ပါတီ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ဖို့ ရှိပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေလယ်ကျွန်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကြည့်ရှု
Published on February 6, 2012 by ဒီဗွီဘီ DVB

မြန်မာနဲ့ ထိုင်းအကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ မဲဆောက်မြို့အပိုင်ထဲက မယ်ကုတ်ကေး အမည်ရတဲ့ ရေလယ်ကျွန်းကို ဖေဖော်ဝါရီ ၄ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်စူရဖုန်း တိုဝစ်ကျတ်ချိုင်ကွန်နဲ့ အဖွဲ့ သွားရောက် ကြည့်ရှုပါတယ်။


မြန်မာနဲ့ထိုင်းနယ်စပ် သောင်ရင်းမြစ်က ဧက ၁၀၀ လောက်ကျယ်တဲ့ အဲဒီ ရေလယ်ကျွန်းမှာ မြန်မာဘက်က မနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အလံစိုက်ပြီး ပိုင်တယ်လို့ ပြောနေတာကို ထိုင်းဘက်က ကန့်ကွက်ပြီးနောက် သွားရောက် ကြည့်ရှုတာပါ။

၂၀၁၁ ခုနှစ်က ရေစီးကမ်းပြိုဖြစ်လို့  အင်္ဂတေနံရံ တည်ဆောက်ခဲ့တာ မြန်မာဘက်ကို ထိခိုက်တယ်ဆိုပြီး မြန်မာဒေသခံ အာဏာပိုင်တွေက ကန့် ကွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နှစ်ဖက် တွေ့ဆုံညှိနှိုင်းရာမှာ ပြေလည်ခဲ့ပါတယ်။

ဒါပေမယ့် ရေတိုက်စားကမ်းပြိုပြီး ဖြစ်ပေါ်လာတဲ့ ရေလယ်ကျွန်းဟာ မြန်မာကမ်းက ပြိုသွားတဲ့မြေဖြစ်တာမို့ မြန်မာပိုင်တယ်ဆိုပြီး မြန်မာအလံကို စိုက်ထူခဲ့တာဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို အစီရင်ခံခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူ မြန်မာပြည်ရောက်တုန်းက ဒီကိစ္စကို မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့ကြောင်း၊ ဒီကိစ္စကို ထိုင်း-မြန်မာ ပူးတွဲ နည်းပညာ ကော်မတီ JTC က ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

ဒီကိစ္စကို နိုင်ငံတကာ ဥပဒေပေါ်အခြေခံပြီး ဖြေရှင်းသွားမယ့်အကြောင်းနဲ့ ဒီလထဲမှာ ဆွေးနွေးကြဖို့ မြန်မာကို အကြောင်းကြားထားပြီး အကြောင်းပြန်ချက်ကို စောင့်နေတုန်းပဲလို့ ပြောပါတယ်။

ခုလို ပြသာနာဖြစ်နေတာက မယ်ကုတ်ကေးခွင်ထဲမှာ ၃ နေရာ ဖြစ်နေပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီလ ၂ ရက်နေ့မှာ ထပ်ဆွေးနွေးဖြစ်ခဲ့တယ်လို့ ၀န်ကြီးက ပြောပါတယ်။

ငါးပွက်ရာ ငါးစာချနေလို့ကတော့ ရုပ်ရှင်လောက တိုးတက်မည်မဟုတ်
Published on February 6, 2012 by ပီတာအောင် DVB

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ ရှိနေပါတယ်။
အဲဒီနှစ်မှာ ထွက်ရှိတဲ့ ရုပ်ရှင်ကား တွေကတော့ နတ်ဖြစ်ရတဲ့ဒုက္ခ၊ ဆွေတရာ မောင်တကျိပ်၊ နတ်ဖက်တဲ့စုံတွဲများ၊ ဟတ်ထိတယ်၊ ကျောက်သင်ပုန်းတွေ မိုးတဲ့အိမ်၊ ဂွတ်ရှယ်သမက်၊ ဘာမီတွန်၊ အချစ်လား လာထား၊ အငိုမျက်လုံး အပြုံးမျက်နှာ၊ ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်၊ နယူးမော်ဒယ်၊ အာဒံရယ် ဧဝရယ် ဒဿရယ်၊ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်၊ လာထားအာဘွားနဲ့ ပင်လယ်ထက်က နေဝန်းနီ စုစုပေါင်း ၁၅ ကား ရှိပါတယ်။

ဒီကားတွေထဲက ဘယ်ရုပ်ရှင်ကားတွေနဲ့ ဘယ်မင်းသား မင်းသမီးတွေ အကယ်ဒမီဆု ရနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ၀ါရင့် ရုပ်ရှင် ဒါရိုက်တာ ဦးကြည်စိုးထွန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

မနက်ဖြန် အကယ်ဒမီပွဲအတွက် ခန့်မှန်းချက်လေး ကြားတာ ၁၅ ကား ရှိတယ်။ ၁၁ ကားက ဟာသကားတွေ၊ ဘ၀သရုပ်ဖော်တွေ၊ ဒရမ်မာတွေက ၄ ကားလောက် ဆိုတော့ ဒီနှစ်မှာ ဟာသကားတွေထဲက ရမလား။ ဒရမ်မာထဲက ရမလား။ အကောင်းဆုံး ရုပ်ရှင်ဆုကို ဘယ်လိုခန့်မှန်းလဲ။

ဟာသကားတွေကလည်း ဒီလိုပါပဲ။ ဟာသကားတွေက သူတို့ ချာလီချက်ပလင်တို့လို နည်းနည်း ရသလည်းရှိတယ်၊ သုတလည်းရှိတဲ့ ဟာသမျိုးဆိုရင်တော့ ပေးချင်စရာကောင်းတာပေါ့။ အခု ဟာသတွေက ပြူးတူးပြဲတဲနဲ့ အဲဒီလိုဖြစ်တဲ့အခါကျတော့လည်း လူကြီးတွေကလည်း မပေးချင်ဘူး။ ပရိသတ်ကလည်း နည်းနည်းငြီးငွေ့လာတယ်။ ဟာသကားတွေကို၊ အဲလိုဖြစ်တဲ့အခါကျတော့ ကျန်တဲ့ကားတွေပဲ ရဖို့များတာပေါ့။”

ဒီနှစ်မှာ ဘယ်ကားရမယ်လို့ ခန့်မှန်းခြေရှိလဲ။

ပင်လယ်ထက်က နေ၀န်းနီပေါ့။ သူကနည်းနည်းလေး ပုံစံလေးကွဲတာပေါ့။ ကျန်တဲ့ကားက အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်က သူကသုံးပွင့်ဆိုင် ဇာတ်လမ်းကို၊ နောက်တကားက အမေ့ကျေးဇူး ဆပ်ဖူးချင်တယ် သူ့ဟာက ရှင်းသွားပြီ။ နောက်တခု အငိုမျက်လုံး အပြုံးမျက်နှာက အငြိမ့်လောက ဇာတ်လမ်းလောကပေါ့။ ပင်လယ်ထက်က နေ၀န်းနီ ဇာတ်ကားကျတော့ ပင်လယ်ကားလေးဖြစ်မယ်၊ မြိတ်ဟိုဘက် ဆလုံကျွန်းလေးဘက်မှာ ထူးထူးခြားခြား သွားရိုက်ထားတော့ အဲဒီကားလေးကတော့ နည်းနည်းအလားအလာ ကောင်းမယ်။”

ဒါရိုက်တာ အကောင်းဆုံးဆုကျတော့ ဘယ်သူရမယ်ထင်သလဲ။

အဲဒီကားထဲက ခင်မောင်ဦး၊ စိုးသိမ်းထွဋ်ပဲ ရဖို့များတယ်။”

မင်းသားထဲကကော ဘယ်သူရမယ်ထင်သလဲ။

အဲဒါကတော့ ဒီနှစ်ထဲမှာ ကားအများဆုံး ရိုက်ရတာပဲ။ ပြေတီဦးပေါ့။ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်မှာလည်း ကောင်းတယ်။ အာဒမ်၊ ဧ၀ ဒဿမှာလည်း ကောင်းတယ်။”

မင်းသမီးထဲမှာကျတော့ သက်မွန်မြင့်တို့ မှန်းထားတာလည်း ကြားတယ်။

သက်မွန်မြင့်တို့ သူတို့လည်း နာမည်ကြီးတာပဲ။ အဲဒီရုပ်ရှင်ဇာတ်ကား နှစ်ကားပဲကောင်းတယ်။”

လင်းဇာနည်ဇော်လည်း ရမယ်ကြားတယ်။ ဘယ်ကားနဲ့ ရမယ်လို့ ခန့်မှန်းထားလဲ။

လင်းဇာနည်ဇော်က အငိုမျက်လုံး အပြုံးမျက်နှာကို နည်းနည်းတင်ပေးထားတယ်။ ကလေးမလေးက ဘာဖြစ်သွားလဲဆိုတော့ သူ့မှာတကားပဲ ရှိတာကို၊ အဲဒီတကားတည်းနဲ့ ပြိုင်ရတဲ့အခါကျတော့ သက်မွန်မြင့်ကျတော့ ခြောက်ကားလောက် ရိုက်ထားတာ။ သူ့ရဲ့ပုံစံကို မြင်နေရတာပေါ့။ အကဲဖြတ်အဖွဲ့အနေနဲ့၊ ခြောက်ကားလုံးမှာ ကောင်းကောင်း လှုပ်ရှားနိုင်တာကို၊ အဲဒါလေးတော့ သာတာပေါ့။”

တခြားဆုတွေထဲမှာ ထူးထူးခြားခြား တွေ့ရတာ ဘယ်သူတွေဘာရမယ် ဆိုတာ။
ဝေဠုကျော်လည်း ပင်လယ်ထက်က နေ၀န်းနီမှာ အလားအလာ ကောင်းတယ်။ ဇာတ်ပို့ပေါ့။ ဇာတ်ပို့မင်းသမီးထဲက ၀ါဝါအောင်လေးက အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်၊ ကားထဲမှာကောင်းတယ်။”
နောက် တခြားဓာတ်ပုံတို့ အသံတို့ထဲမှာ ထူးထူးခြားခြား မြင်တွေ့ရတဲ့ ဇာတ်ကားရှိလားခင်ဗျ။
ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်ထဲက ကျောက်ဖြူက သူ့ရဲ့ ကင်မရာကြီးနဲ့ ရိုက်ထားတယ်။ အဲဒီကင်မရာကြီးနဲ့ ရိုက်ထားတော့ နည်းနည်းတော့ စရိတ်များတယ်။ လေးလေးပင်ပင်ရှိတယ်။ ရုပ်တွေလည်း ကောင်းတယ်။ တခြားဟာက ရုပ်ရှင်ကင်မရာနဲ့ မရိုက်ဘူးလားဆိုတော့ မရိုက်တဲ့ကားတွေ အများကြီးပဲ။ ဗွီဒီယိုနဲ့ ရိုက်ပြီးတော့မှ ရုပ်ရှင်ဖလင်တင်တာ၊ အဲလိုကားတွေပါတယ်။ အဲဒီကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်လေးက ကျောက်ဖြူကင်မရာ ကိုင်တာလေးကို သဘောကျတယ်။ ကျောက်ဖြူတော့ ထင်တာပေါ့။ များသောအားဖြင့် သူတို့က ပင်လယ်ထက်က နေ၀န်းနီ ဓာတ်ပုံကို ကြိုက်ကြတယ်။ ကြည့်ရလည်းကောင်းတယ်။”
နောက်တခုက ဒီနှစ်မှာ ထူးထူးခြားခြား အပြင်အဆင်တွေကအစ အာဆီယံ နိုင်ငံတွေမှာ ကျင်းပတဲ့အလားတူ ဖြစ်နိုင်အောင် နည်းပညာအရကော ပြင်ဆင်ပြီး လုပ်သွားမယ်လို့ ပြောတယ်လေ။ ဘယ်လိုထူးထူးခြားခြား လုပ်မယ်လို့ ကြားခဲ့ရလဲ။
လျှောက်လမ်းနေပြီပေါ့။ ရုပ်ရှင်ပွဲတော်တွေ ဘာတွေမှာ တွေ့နေတာ။ တရုတ်တို့ ထိုင်းမှာလည်း ရှိပါတယ်။ ရုပ်ရှင်ပွဲတော်မှာ လျှောက်လမ်းလုပ်တာ၊ လျှောက်လမ်းဆိုတာ အနီရောင်ကော်ဇောကြီး (red carpet) ခင်းထားတာပေါ့။ အဲဒီ(red carpet)ဘေးမှာ အနုပညာသည်တွေ အတတ်ပညာသည်တွေ လျှောက်ဖို့ အဲဒီပုံစံလေး ထွင်ထားတာရှိမယ်။ နောက်ပြီး ပြတဲ့အခါ အရင်လိုရုပ်ရှင် ပရိုဂျက်တာတွေ မဟုတ်တော့ဘဲနဲ့ High Definition နဲ့ အဲဒါပြတာ ထူးခြားမယ်။ နောက်ပြီး ထုံးစံအတိုင်းပေါ့။ မီးတွေများများနဲ့ ထွန်းပြီး လင်းတာတွေ မှောင်တာတွေ လျှောက်လုပ်မယ်။ အဲဒါတွေပါပဲ။ မမြင်ဘူးတဲ့သူတွေအနေနဲ့ ထူးဆန်းမှာပေါ့။ တွေ့နေ မြင်နေတဲ့လူတွေ အတွက်ကလည်း အပေါ်ယံတွေပါပဲ။”

တကယ့် ဒီရုပ်ရှင်အရည်အသွေး ပြောင်းဖို့ကို ဘာတွေလုပ်ဖို့ လိုအပ်တယ်လို့ ထင်လဲ။

ပရိသတ်ကော၊ ထုတ်လုပ်သူကော နည်းနည်း အဆင့်မြင့်မြင့် တွေးဖို့တော့ လိုအပ်လာပြီ။ ဒီလို ငါးပွက်ရာ ငါးစာချ၊ ငါးစိမ်းတကောင်လောက်နဲ့ ရင်းပြီးတော့ မင်းသား မင်းသမီးပြပြီးတော့ မဟုတ်က ဟုတ်က လျှောက်ရိုက်နေလို့ ဘယ်လိုမှ တိုးတက်မှာမဟုတ်ဘူး။ နည်းနည်း ပြည်ပကို လှမ်းနိုင်တဲ့အဆင့် ယှဉ်နိုင်တဲ့အဆင့် ကား အရည်အသွေး အဆင့်မြင့်မြင့်လေးတွေ အဲဒါမျိုးလေးတွေကို ထုတ်ဖို့တော့ လိုလာပြီထင်တယ်။ အနိမ့်ကျဆုံး လာအိုနဲ့ ကမ္ဘောဒီးယားကိုပဲ ကျန်တော့တယ်။”

နောက်စာနယ်ဇင်းလောကမှာ အရင်ကထက် စာလို့ရှိရင် လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်တွေ တော်တော်သိသိသာသာ တိုးတက်လာတာ မြင်တွေ့ရတယ်။ ရုပ်ရှင်လောကမှာကော သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တိုးတက်လာတာ မြင်ရလား။

ပြောင်းတာတော့ သိပ်မပြောင်းလဲသေးဘူး။ သို့သော် ပြောင်းဖို့ တောင်းဆိုနေတဲ့ ရုပ်ရှင်လောကသားတွေတော့ ရှိတယ်။ သူတို့ တောင်းဆိုတာလည်း ကောင်းပါတယ်။ ပြောင်းဖို့ တောင်းဆိုတာ၊ အဓိက အရေးကြီးတာက ရုပ်ရှင်အစည်းအရုံးက အန်ဂျီအို (NGO) ဖြစ်ရမယ် ဆိုတာက တော်တော်ကောင်းတယ်။ သဘောကျတယ်။ ရုပ်ရှင်အစည်းအရုံးတို့၊ ဂီတအစည်းအရုံးတို့၊ သဘင်အစည်းအရုံးတို့ဆိုတာ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့သူ အန်ဂျီအို(NGO)ဖြစ်နေရမယ်။ အစိုးရကို ဆန့်ကျင်တာတော့ မဟုတ်ဘူး။ ဘယ်အစိုးရနဲ့မဆို အန်ဂျီအိုတွေက အရင်ကလည်း တည့်အောင်ပေါင်းနေတာပဲ။ သို့သော်လည်း ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ် နေတာပေါ့။ ခိုင်းဖက် မဟုတ်ဘူး။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ကိုယ် ဘယ်နိုင်ငံရေး ပါတီမှာလည်း မပတ်သက်ဘူး။ ကိုယ့်လောကအတွက် ကိုယ်က ကောင်းနိုးရာရာ လုပ်နိုင်တဲ့ ဂုဏ်သိက္ခာရှိရှိ လုပ်နိုင်တဲ့ဟာမျိုး သူတို့တောင်းဆိုတယ်။ အဲဒါလေးတော့ သဘောကျတယ်။”

အဲဒါကို သူတို့လိုက်လျောမယ့် အလားအလာ တွေ့မိလား။

ဖြစ်နိုင်လောက်တယ်လို့ ထင်တယ်။ ခုနလို စတုတ္ထမဏ္ဍိုင်ကို နည်းနည်း လိုက်လျောမှုရှိတာကြောင့် ဒီဘက်တွေကိုလည်း လိုက်လျောပေးမယ်လို့ ထင်တယ်။ မလိုက်လျောရင်လည်း မကောင်းဘူး။ ပဋိပက္ခ အသွင်ဆောင်လာမှာတွေ နည်းနည်းမြင်ရတယ်။”

ကျနော်တို့ ရုပ်ရှင်အကယ်ဒမီ ပြန်ကောက်မယ်ဆိုရင် နှစ်တနှစ် အမြဲတမ်းနောက်ကျနေတဲ့ ကိစ္စကိုကော ၂ နှစ်တခါတည်း ပေါင်းပေးလိုက်ပြီး ကျန်တဲ့နှစ်တွေမှာ နှစ်တိုင်းပေးလို့ရအောင် စီစဉ်လို့ မရဘူးလား။

ဒီဟာလည်း ခုနလို တကယ်လို့များပေါ့ ရုပ်ရှင်အစည်းအရုံးက နည်းနည်း သူ့ဟာသူအားကောင်းလာရင်တော့လည်း ဒါတွေက ပြင်လို့ရမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အခုက နိုင်ငံတော်က လုပ်သမျှလိုက်လုပ်နေရတာကို၊ နိုင်ငံတော်ကလည်း သူ့မှာလုပ်စရာတွေက အများကြီးဆိုတော့လည်း ဒီတခုတည်းကို အာရုံမစိုက်နိုင်ဘူး။ ရုပ်ရှင်ကိုပဲ အာရုံစိုက်မှာဆိုတော့ သူလုပ်ချင်တာကိုပဲ သူကလွတ်လွတ်လပ်လပ်နဲ့ ခုနလိုအတွေးမျိုး ဒါကတော့ ဒီနှစ်ပြီးတဲ့အခါမှာ မတ်လလောက်မှာ၊ ဒီဇင်ဘာမှာ ပြပြီးတဲ့ကားကို မတ်လလောက်မှာ ပေးနိုင်မယ်ဆိုရင်တော့ သိပ်ကပ်ပြီးတော့ ကောင်းတာပေါ့။ သို့သော် သူတို့မှာ အခက်အခဲတွေ များနေတော့ အဲလိုဖြစ်နေတယ်။”
မန္တလေးခရီးစဉ် ရွှေ့ဆိုင်းခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း
2012-02-05 RFA

မန္တလေးမြို့ကို သွားရောက်မယ့် ခရီးစဉ်ရက်ရွှေ့ဆိုင်းပြီး အဆင်ပြေအောင် ပြုလုပ်ခဲ့တဲ့အတွက် အာဏာပိုင်တွေဘက်က နားလည်မှုပိုမိုရရှိလာမယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် ရွှေ့ဆိုင်းရတဲ့အတွက် ဒေသခံတွေကလည်း စိတ်မကောင်းဖြစ်ကြတယ်လို့ မန္တလေးကိုရောက်နေတဲ့ ပါတီပြန်ကြားရေးတာဝန်ခံ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်း ပါတီစည်းရုံးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့တာဝန်ပေးချက်အရ အန်အယ်လ်ဒီသဘာပတိအဖွဲ့ဝင် ဦးဝင်းတင်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ဟာ ၄ ရက်ကြာခရီးစဉ်အဖြစ်မန္တလေးမြို့ကို ရောက်ရှိနေပါတယ်။

ဦးဝင်းတင်နဲ့ ဦးအုန်းကြိုင်ဟာ ဒီကနေ့မနက်ပိုင်းမှာ မန္တလေးမြို့နယ် အန်အယ်လ်ဒီပါတီနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးတွေကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနောက် စစ်ကိုင်းမြို့ကိုသွားရောက်ပြီး ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။

အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲကျင်းပ
2012-02-05 RFA

အနာဂတ် နိုင်ငံတည်ဆောက်ရေးနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အကြောက်တရားကင်းဝေးပြီး ယုံကြည်ရာ ပြောဝံ့ဆိုဝံ့ လုပ်ကိုင်ဝံ့ရှိလာဖို့၊ ဒီမိုကရေစီ တည်ဆောက်ရာမှာ တက်တက် ကြွကြွ ပါဝင်လိုတဲ့ လူငယ်လူရွယ်တွေ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲနဲ့ နှီးနှောဖလှယ်ပွဲ ဒီနေ့ ကျင်းပပါတယ်။
အထက်ပုစွန်တောင်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးအဖွဲ့မှာ ကျင်းပတာ ဖြစ်ပြီး အကြောက်တရားကင်းဝေးရေး စာတမ်းတွေဖတ်ကြားနှီးနှောဖလှယ်တာလို့ ဒီအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ ကျောင်းသားရေးရာကော်မတီတာဝန်ခံ ကိုဝေဖြိုးအောင်က ပြောပါတယ်။

ဖတ်ကြားတဲ့ စာတမ်းတခုနှင့် တခုကြား performance အနုပညာသရုပ်ပြပွဲလည်း တင်ဆက်ခဲ့ပါတယ်။

အခမ်းအနားမှာ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း တက်ရောက်ကြပြီး ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး အစရှိသူတို့က လူငယ်တွေကို အကြောက်တရားကင်းဝေးရေး လက်ဆင့်ကမ်း အမှာစကား ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကရင်ရွာမှာ သန်းခေါင်စာရင်းဝင်လိုက်
မင်းသက် | စနေနေ့၊ ဖေဖေါ်ဝါရီလ ၀၄ မဇ္ဈိမ

ရန်ကုန် (မဇ္ဈိမ)။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး
ကော့မှူးမြို့နယ်မှ ၀င်ရောက်အရွေးခံမည် ဖြစ်သည့်အတွက် ကော့မှူးမြို့နယ်မှ ကရင်ရွာတရွာဖြစ်သည့် ၀ါးသင်္ခ ရွာတွင် သန်းခေါင်စားရင်းဝင်လိုက်ပြီဖြစ်ကြောင်း ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဌေးက မဇ္ဈိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က သူရွေးကောက်ပွဲဝင်ဖို့အတွက်ကို ကော့မှူးမြို့နယ်ထဲက ၀ါးသင်္ခ ဆိုတဲ့ ရွာကို ရွေးတယ်။ ကျနော်တို့ အခု အဲဒီရွာကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ နေထိုင်ဖို့
ပြင်ဆင်နေကြတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်း ၀င်တဲ့ မိသားစုဆီက သန်းခေါင်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အဖြစ် သွင်းပြီးတော့ သက်ဆိုင်ရာကို ပို့ထားတယ်။ သက်ဆိုင်ရာကတော့ ပြန်မကျလာသေးဘူး။ ဒါပေမယ့် ဒါက ကျကိုကျလာမှာပါ” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းဝင်လိုက်သော ဒေါ်သန်းသန်းလေး မိသားစုမှာ မိသားစု ဦးရေ ၁၀ ဦး ရှိကြောင်း သိရသည်။

ဒေါ်သန်းသန်းလေးတို့က လယ်ထဲမှာနေတာ။ သူတို့က အိမ်မှာနေတဲ့သူ နည်းတယ်။ ရန်ဖန်ရန်ခါပဲ
နေတတ်တယ်။ ဒါပေမယ့် အခုတော့ အဲဒီအိမ်ကို ပြန်ပြင်နေတာ တွေ့တယ်။ ကျနော်တို့ရွာက လူတွေ အရမ်းပျော်နေကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရွာကို လာမယ်။ ပြီးတော့ ညလည်း အိပ်မယ်တဲ့။ အခု ကလေးလူကြီး အားလုံးက မျှော်နေကြတယ်” ဟု ၀ါးသင်္ခ ရွာသား လယ်လုပ်သူ ကိုဖိုးခွါး က ပြောသည်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က “အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု ပြောဆိုခဲ့သည်။

ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,၀၀၀ ခန့် ရှိသည့်အနက် ၂၀၁၀ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်းအရေအတွက်မှာ ၈၃,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။

ဥပဒေမဲ့ ဖမ်းဆီးမှုဖြင့် ခမရ ၃၂၁ အား တရားစွဲမှု စတင်ကြားနာတော့မည်
ဇော်ရှန် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၆ မဇ္ဈိမ

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှ မဆွမ်လွတ် ရွယ်ဂျာ အား ဥပဒေမဲ့ လေးလကြာ ဖမ်းဆီးထားသည့်အပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၂၁ အား ခင်ပွန်းဖြစ်သူက တရားစွဲဆိုထားသည့်အမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၌ ကြာသပတေးနေ့တွင် စတင် ကြားနာစစ်ဆေး မည် ဖြစ်သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက အဖမ်းခံခဲ့ရသည့် မရွယ်ဂျာ၏ ခင်ပွန်းဖြစ်သူ ဇောင်းခေါင် က ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တရားလွှတ်တော်ချုပ်ရုံးသို့ မတရားဖမ်းဆီး ချုပ်နှောင်မှုဖြင့် ခမရ ၃၂၁ အား တရားစွဲဆို လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ကြားနာစစ်ဆေးတော့မည်ဟု ဇောင်းခေါင်၏ ရှေ့နေ ဦးမာခါး က ပြောသည်။

ခမရ ၃၂၁ စစ်တပ်ကနေ ဖမ်းထားတဲ့ ကိစ္စကို နေပြည်တော် တရားလွှတ်တော်ချုပ်မှာ လျှောက်ထားတယ်။ အစိုးရ တပ် ခမရ ၃၂၁ ခြေမြန်တပ် လွယ်ဂျယ် တပ်စခန်းကိုပါ။ တရားစွဲတယ်ဆိုတာ မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ လူတွေကို ပြန်လွှတ်ပေးဖို့ပါ။ ၉ ရက်နေ့က လျှောက်လဲချက် တင်မှာပါ။ နှစ်ဘက်စလုံး ကြားနာ စစ်ဆေးသွားမှာပါ” ဟု ရှေ့နေ ဦးမာခါး က မဇ္ဈိမကို ပြောသည်။

မိုးမောက်မြို့နယ်၊ ခိုင်ဘန်ကျေးရွာသူ မဆွမ်လွတ်ရွယ်ဂျာမှာ ၎င်း၏ ခင်ပွန်း၊ ဖခင် တို့နှင့်အတူ တောင်ယာသို့အသွား လမ်းတွင် ကချင်လွတ်မြောက်ရေးတပ် KIA ထောက်လမ်းရေးဟု စွပ်စွဲပြီး ခမရ ၃၂၁ မှ ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ခင်ပွန်းနှင့် ဖခင်မှာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် မရွယ်ဂျာတယောက်သာ ဖမ်းဆီးခံခဲ့ရသည်မှာ လေးလခန့် ကြာပြီ ဖြစ်သည်။

တရားစွဲဆိုခြင်းခံထားရသည့် ခမရ ၃၂၁ မှ တာဝန်ရှိ အရာရှိများ တရားလွှတ်တော်ရှေ့မှောက် လာရောက်ရမည်
ဖြစ်သည်ဟုလည်း သိရသည်။

တရားလွှတ်တော်ချုပ် ပြည်ထောင်စု လွှတ်တော်ချုပ် အမိန့်ပေါ့။ ဆင့်စာ ပေးလိုက်ပြီ။ အဲဒီနေ့မှာ သူ့ကို ဘာကြောင့် ဖမ်းထားတယ်ဆိုတာ လျှောက်လဲချက် တင်ရမှာ။ တကယ်သေသွားပြီလို့ တရားဝင် ပြောလာမယ်ဆိုရင်တော့ လူသတ်မှုနဲ့ ပြန်တရားစွဲလို့ရတာပေါ့” ဟု ဦးမာခါး က ပြောသည်။

တရားစွဲဆိုသူ ဇောင်းခေါင် ကိုယ်တိုင်မှာလည်း လွတ်လပ်စွာ နေထိုင်၍ မရသေးဖြင့် လုံခြုံရာတွင်သာ ပုန်းအောင်းနေထိုင်ရပြီး ကြားနာမည့်နေ့တွင်မူ တရားလွှတ်တော်ရှေ့မှောက်သို့ ရောက်ရှိလာမည်ဟု သိရသည်။

မရွယ်ဂျာအမှုနှင့် ပူးတွဲ၍ ခလရ ၃၇ မှ ဖမ်းဆီးထားသည့် တာလောကြီးကျေးရွာမှ ဦးဘရန်ဆိုင်းနှင့် ဇော်ဆိုင်း တို့အမှုအားလည်း တရားလွတ်တော်ချုပ်မှ ရှေ့တော်သွင်း စာချွန်လွာကို တရက်တည်း ကြားနာမည် ဖြစ်ကြောင်း သိရသည်။

စစ်တွေတက္ကသိုလ်တွင် ဆံပင်နီ ဆိုးက ဒဏ်ငွေရိုက်မည်
စနေနေ့၊ ဖေဖေါ်ဝါရီလ 04 နိရဉ္စရာ

စစ်တွေ တက္ကသိုလ်တွင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဆံပင်နီဆိုးပြီး ကျောင်းတက်ခွင့်ကို ပိတ်ပင်လိုက်ပြီ ဆံပင်နီဆိုး၍ ကျောင်းလာပါက ဒဏ်ငွေရိုက်မည် ဖြစ်ကြောင်း ကျောင်းအုပ်ကြီးက အမိန့်ထုတ်ထားသည်ဟု သတင်း ရရှိသည်။

" ဟုတ်ပါတယ်။ ကျောင်းသူ ကျောင်သားတွေကိုရော၊ ဆရာ ဆရာမတွေကိုပါ ဆံပင်နီ ဆိုးပြီး ကျောင်းမလာ ရဘူးလို့ ကျောင်းအုပ်ကြီး အမိန့်ထုတ်ထားပါတယ်။ ဆံပင်နီဆိုးပြီး ကျောင်းလာတာကို တွေ့ရင် ဒဏ်ငွေ ၁၅၀၀ ရိုက်မယ်လို့ ပြောထားပါတယ်" ဟု တတိယ နှစ် မြန်မာစာ ကျောင်းသူ တစ်ဦးက ပြောသည်။

စစ်တွေ တက္ကသိုလ်တွင် ကျောင်းသူ ကျောင်းသားများသာမက ဆရာ ဆရာမများပါ ဆံပင်နီ ဆိုးပြီး ကျောင်းတက်ကြသဖြင့် ကျောင်းအုပ် ဆရာကြီးက ယခုလို အမိန့်ထုတ်လိုက်ခြင်း ဖြစ်ကြောင်း အမည် မဖေါ်လိုသူ ဆရာ တစ်ဦးက ပြောသည်။

ဆံပင်နီ ဆိုးခြင်းကြောင့် စစ်တွေ တက္ကသိုလ်အတွက် တစ်စုံတစ်ရာ ထိခိုက်မူ ရှိပါသလားဟု မေးမြန်းရာက အဆိုပါ ဆရာက ယခုလို ပြောသည်။

" ဆံပင်နီ ဆိုးတာဟာ ကျွန်တော်တို့ရဲ့ လူမျိုးရဲ့ ယဉ်ကျေးမူကို အနည်းနဲ့ အများဆိုသလို ထိခိုက်တယ်လို့ ပြောနိုင်ပါတယ်။ ဆံပင်နီဆိုးပြီး ကျောင်းလာတဲ့ အတွက် သရုပ်ပျက် ယဉ်ကျေးမူတွေ ခေတ်စားလာတာကို တွေ့လာရတယ်။ ဒါတွေကို ထိန်းသိမ်းဖို့လိုပါတယ်။ အနောက်တိုင်း ယဉ်ကျေးမူကို အတုယူကြတဲ့ နေရာမှာ ကောင်းတာကို မယူဘဲ မကောင်းတာကို ယူနေကြတဲ့ အတွက် ကျောင်းမှာ သရုပ်ပျက် ၀တ်စား ဆင်ယင်မူတွေ တိုးများလာတာကို တွေ့ရတယ်။ ဒါကြောင့် ခုလို ကျောင်းအုပ်ကြီးက အမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ် " ဟု ပြောသည်။

ယခုကဲ့သို့ ဆံပင်နီ မဆိုးရ အမိန့်ကို လွန်ခဲ့သော တပတ်ကျော်က စပြီး ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်ဟု သိရသည်။ ၎င်းပြင် စစ်တွေ တက္ကသိုလ် ကျောင်းဝင်းအတွင်း စက်ဘီးနှင့် ဆိုင်ကယ် စီးခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။

တစ်ခြားတစ်ဘက်တွင်လည်း စစ်တွေ တက္ကသိုလ် ကျောင်းသား ကျောင်းသူများက ရခိုင်ရိုးရာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သည့် အနေဖြင့် ဗုဒ္ဓဟူးနေ့တိုင်းတွင် ကျောင်းသားများကို ရခိုင်ရိုးရာ ပန်းဖေါ် လုံချည်၊ အမျိုးသမီးများကို ပန်းဖေါ် ထဘီနှင့် တီရှပ် အကျီ အဖြူများကို ၀တ်ဆင်ပြီး ကျောင်းတက်ရန် ဆော်သြထားပြီး ယခုအခါ ကျောင်းသား ကျောင်းသူများမှာ ရခိုင်ရိုးရာ အ၀တ်အစားများ ၀တ်ဆင်ပြီး ဗုဒ္ဓဟူးနေ့တိုင်း ကျောင်းတက် နေကြသည်ဟု သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာသူများ ခွင့်ပြုသင့်ဟု ပါတီများပြော
By featured, ခင်ဦးသာ on February 6, ဧရာဝတီ

ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ လေ့လာစောင့် ကြည့်ရေး အဖွဲ့များကို လာရောက်လေ့လာခွင့်ပြုမည် ဆိုပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေရှိကြောင်း နိုင်ငံရေးပါတီများ က ပြောသည်။

လေ့လာစောင့်ကြည့် သူတွေကို ခွင့်ပြုပေးမယ်၊ အစိုးရက ပြောသလိုလုပ်ပြမယ်ဆိုရင် ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတခုဖြစ် လာမှာပါ”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီကို ပြောသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) ၏ ပြောခွင့်ရ ဦးဟန်ရွှေ ကလည်း“၂၀၁၀ တုန်းက လွတ်လပ်ပြီး တရားမျှတ တဲ့ရွေးကောက်ပွဲ မဟုတ်ပေမယ့် ဒီတကြိမ်တော့ မျှော်လင့်ပါတယ်၊ ဦးတင်အေး ကိုယ်တိုင် အာမခံထားတယ်၊ ကတိပေးတွေ ပေး ထားတဲ့အတွက်ပါ”ဟု ဆိုသည်။

နိုင်ငံတကာ၏ ရွေးကောက်ပွဲများတွင်လည်း စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ခွင့်ပြုလေ့ရှိကြောင်း၊ ထို့ကြောင့် ကြားဖြတ် ရွေးကောက်ပွဲ၌ နိုင်ငံတကာ လေ့လာသူများကို အစိုးရက ခွင့်ပြုပေးမည်ဟု ယုံကြည်ကြောင်းလည်း ဦးဟန်ရွှေ က ပြောသည်။

တစည ပါတီသည် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)ပြီးလျှင် အကြီးဆုံးနိုင်ငံရေးပါတီတခုဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ၌ ၂၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာနှင့် ဖေဖော်ဝါရီ၂ ရက်နေ့က တွေ့ဆုံခဲ့စဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များ လာရောက်ရေးကိစ္စ စဉ်းစားပေးမည်ဟု ပြောဆိုခဲ့သည်။

မြန်မာအာဏာပိုင်များသည် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်ပွင့်လင်းသည့် ရွေးကောက်ပွဲတခုဖြစ်ရေးအတွက် စီမံဆောင်ရွက်နေမှုများကို ဦးတင်အေးက ၎င်းအား ရှင်းပြခဲ့ကြကြောင်း၊ ယခု ရွေးကောက်ပွဲသည် ပြုပြင်ပြောင်းလဲရေး လုပ် ငန်း စဉ်များ လုပ်ဆောင် နေကြောင်း ပြောဆိုနေသည့် မြန်မာအစိုးရအတွက် စမ်းသပ်မှုတခုဟုလည်း ရန်ကုန်မြို့၌ ယမန် နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ကင်တာနာ က ပြောသည်။

မစ္စတာ ကင်တာနာသည် ၎င်း၏ ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်မှ ပြန်လည်ထွက်ခွာရာတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်းဖြစ်သည်။

ဦးတင်အေးအနေဖြင့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတရမည်ဟု ဒီမိုကရက်တစ် နိုင်ငံရေး ပါတီများနှင့် မကြာသေးခင်ကတွေ့ဆုံစဉ် ကတိပေးသကဲ့သို့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့များ လာရောက်ရေးကိစ္စကို လက်တွေ့ ဆောင်ရွက်သင့်သည်ဟုလည်း ပါတီခေါင်းဆောင်များက ပြောဆိုသည်။

နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ ၀င်ရောက်ခွင့်ပြုမည်ဆိုပါက အတိုင်းအတာ အခုအထိ အကျိုးရှိမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် မဲဆန္ဒနယ်များသို့ သွားရောက်ကာ အသေးစိတ်လေ့လာစောင့်ကြည့်ခွင့် မရသည့်တိုင် မဲဆန္ဒနယ်အလိုက် အငြင်း ပွားမှု ရှိလာပါ မှတ်တမ်းတင်နိုင်မည်ဟု ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၏ ဥက္ကဋ္ဌ ဦးအောင်သန်း က ပြောသည်။

ဦးတင်အေးက ပြောနေပေမယ့် အောက်ခြေက ကော်မရှင်အဖွဲ့တွေက အရင်လူတွေပဲ ဆိုရင်တော့ စိုးရိမ်စရာ ကောင်းတယ်၊ ဒါပေမယ့် အငြင်းပွားလာရင် စောင့်ကြည့်ရေးအဖွဲ့တွေ သိသွားမှာစိုးရိမ်လို့ နည်းနည်းထိန်းကြလိမ့်မယ် ထင်ပါတယ်၊ ဒီအတွက် အကျိုးရှိပါတယ်”ဟု ဦးအောင်သန်း က ရှင်းပြသည်။

ယနေ့ ရန်ကုန်အရှေ့ပိုင်း ခရိုင် ကော်မရှင်ရုံးနှင့် တွေ့ဆုံရာတွင်၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ မဖြစ်စေရန်အတွက် ကော်မရှင် အဆင့်ဆင့်ကို ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ရှင်းပြသည်ဟု ဦးသုဝေက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီသည်လည်း ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ် ၄၈ နေရာတွင် ၀င်ရောက် ယှဉ်
ပြိုင်ရန် ပြင်ဆင်နေပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မည်ဟု မျှော်လင့်ထားကြောင်း ပါတီ၏ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက မကြာသေးခင်က ပြောဆိုခဲ့သည်။

NLD ပါတီကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးရေးများ စတင်လုပ်ဆောင်နေကြပြီး ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် မကြာသေးခင်က တနင်္သာရီတိုင်း ထားဝယ်ဒေသသို့ မဲဆွယ်စည်းရုံးရေးသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်
၏ မန္တလေးမြို့စည်းရုံးရေးခရီးစဉ်သည် လူထုကို တွေ့ဆုံ ဟောပြောမည့်နေရာ အခက်အခဲကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရ သည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာ ကလည်း ပြည်တွင်းလေ့လာစောင့်ကြည့်ရေး အဖွဲ့များအပြင် ပြည်ပမှစောင့်ကြည့်လေ့လာရေးအဖွဲ့များကိုလည်း ခွင့်ပေးသွားမည်ဟု မျှော်လင့်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကပြောဆိုခဲ့သည်။

အမေရိကန် အစိုးရက တိုက်တွန်းနေသကဲ့သို့ ဥရောပ သမဂ္ဂ (အီးယူ) က လည်း တိုက်တွန်းနေပြီး ရွေးကောက်ပွဲ ရလဒ် အပေါ် မူတည်၍ စီးပွားရေး ပိတ်ဆို့ထားမှု ရုပ်သိမ်းရေး ကိစ္စ စဉ်းစားပေးမည်ဟု မကြာသေးခင်က ပြောထားသေးသည်။

အစိုးရနှင့် KNPP အပစ်ရပ်ရေး ဆွေးနွေး
By featured, သန်းထိုက်ဦး on February 6,ဧရာဝတီ
အစိုးရ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က အပစ်အခတ် ရပ်စဲရေး အတွက် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) မှ ဗိုလ်ချုပ် ဘီထူး အပါအ၀င် ခေါင်းဆောင် တချို့ နှင့် ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ယင်းသို့တွေ့ဆုံရာတွင် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ အဓိကထားပြီး ဆွေးနွေးကြကြောင်း KNPP အတွင်းရေးမှူး () ခူး ဦးရယ်က ဧရာဝတီသို့ ပြောသည်။

အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရ နှင့် KNPP ထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင် များ သတင်းပေးပို့၍ သွားလာခွင့် ပြုရေး၊ ဗဟိုအစိုးရနှင့်တွေ့ဆုံဆွေးနွေးရေး စသည့် အချက်များကို အစိုးရ ကိုယ်စားလှယ်များ က ချပြကြောင်း ၎င်းက ဆိုသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ အတွက်ကို KNPP ဘက်က အသေအချာစဉ်းစားပြီး ဆုံးဖြတ်ဖို့ ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်”ဟု ခူးဦးရယ်က ဆက်ပြောသည်။

သို့သော် ယခုဆွေးနွေးပွဲသည် ပဏာမ ဆွေးနွေးပွဲ အဆင့်သာဖြစ်ပြီး မတ်လ အစောပိုင်းတွင် ထပ်မံ တွေ့ဆုံရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

ဦးအောင်မင်းကလည်း ပုဂ္ဂိုလ်ရေး အနေအထားအရရော၊ လုပ်ငန်းပိုင်း အရရော ပွင့်ပွင့်လင်းလင်းရှိပါတယ်၊ ကျနော်တို့ အပေါ်မှာ၊ ကျနော်တို့လည်းပဲ နောက် ဆွေးနွေးပွဲတွေ အတွက် ဖြစ်မယ်လို့ ယုံကြည်ပါတယ်၊ သူကတော့ ကျနော်တို့ ယုံကြည်လောက် တယ် လို့တော့ မြင်လို့ရပါတယ်”ဟု ခူးဦးရယ်က ပြောသည်။

KNPPသည် ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရသည့် အချိန်မှ စတင်၍ မြန်မာအစိုးရကို ခုခံတိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သည်။

ဦးအောင်မင်းနှင့် အတူ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်းတို့လည်း ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု(FDB ) တို့ကိုလည်း ဆက်လက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးမှုသည် အလွတ်သဘော ဖြစ်ကြောင်း DPNS ဥက္ကဌ ဦးအောင်မိုးဇော်က ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်ရေးအတွက် စသည်တို့ကိုလည်း ဆွေး နွေးခဲ့ကြကြောင်း ၎င်းက ဆိုသည်။

ဒီတွေ့ဆုံမှုဟာ နွေးနွေး ထွေးထွေး ရှိတယ်၊ နောက်ပိုင်းမှာလည်း တွေ့ဆုံမှုတွေ ဆက်တိုက်ရှိမယ်လို့ ကျနော် မျှော်လင့်တယ်”ဟု လည်း ဦးအောင်မိုးဇော်က ပြောပြသည်။

ဘောလုံးကွင်း၊ အနုပညာ အဆက်အစပ်နဲ့ အကယ်ဒမီကို သပိတ်မှောက်တဲ့ ဒါရိုက်တာ
By featured, မစပ်စု on February 6, ဧရာဝတီ
ဘောလုံးကွင်းနဲ့ အနုပညာသာ ဆက်စပ်မှုရှိ

အင်တာနက်ခေတ်ကြီးမှာတော့ ကောင်းတာရော၊ မကောင်းတာရော၊ ဟုတ်တာရော၊ မဟုတ်တာရော ဘာပဲလုပ်လုပ် ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာမှာသာ စောင့်ဖတ်ပါလို့ ပြောရမလိုပါပဲ။

သိပ်မကြာခင်ကလည်း ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ မီဒီယာနှစ်ခုက အချက်အလက်နှစ်ခုကို စိတ်ဝင်စားစရာ နှိုင်းယှဉ်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီး သွားရောက်ခဲ့ရာမှာ ပြည်သူလူထုတွေ သောင်းသောင်းဖြဖြ ကြိုဆိုကြ နှုတ်ဆက်ကြကာ ဘာမှအတားအဆီး အပိတ်အပင် မရှိ အေးအေးဆေးဆေး သွားရောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန္တလေး စည်းရုံးရေးခရီးစဉ်ကတော့ ဟောပြောဖို့ နေရာအခက်အခဲကြောင့် ဆိုင်းငံ့လိုက်ရတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ မန္တလေး ဗထူးအားကစားကွင်းကို မြန်မာ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ငှားရမ်းခွင့်မပြုဘူးဆိုတဲ့ သတင်းတွေဟာလည်း ညံခဲ့ပါတယ်။

ဒီကိစ္စကို မြန်မာ့ ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ဗထူးကွင်းကို အားကစားဖွံ့ဖြိုးရေး လုပ်ငန်းနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာပဲ အသုံးပြုလို့ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကြောင့် လက်မခံရခြင်းဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောဆိုလိုက်ပါတယ်။

အဲဒီပြောဆိုချက်ကို တခြားမီဒီယာတခုမှာ ၀ိုင်းစုခိုင်သိမ်းရဲ့ ပြောဆိုချက်နဲ့ ဖေ့စ်ဘုတ်မှာ ယှဉ်ပြနေကြပါတယ်။ ဇန်န၀ါရီလ ၈ ရက်နေ့က မန္တလေးမြို့က ဗထူးအားကစားကွင်းမှာ ဂီတရုပ်ရှင်နယ်ပယ်အသီးသီးက အနုပညာသမားတွေနဲ့တူ မန္တလေးပရိသတ်ကို ဖျော်ဖြေခဲ့ပါတယ်ဆိုတဲ့ ပေါ်ပြူလာဂျာနယ်အတွက် ဖြေကြားချက် ဖြစ်ပါတယ်။

ရှေ့ကဖုံး နောက်က ပေါ်ဆိုလသလို ဦးစိုးမိုးကျော် ပြောဆိုချက်နဲ့ ဝိုင်စုခိုင်သိမ်း ပြောဆိုချက်က ကွဲလွဲနေတော့ “၀ိုင်းစုခိုင်သိမ်းနှင့် အားကစားဖွံ့ဖြိုးရေးလုပ်ငန်းများ ပတ်သက်နေခြင်း” ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ဖေ့စ်ဘုတ် ပရိသတ်တွေအကြား ပြောဆိုစရာ ဖြစ်နေပါတယ်။

ရုပ်ရှင် ဂီတ အနုပညာသမားတွေကို ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံကာ အကြီးကျယ် အခမ်းနားဆုံးဖြစ်တဲ့ တိုင်းရင်းသားလူမျိုးများ ရံပုံငွေ စင်တင်ဖျော်ဖြေပွဲကြီးကို ပြုလုပ်ခဲ့စဉ်တုန်းကလည်း ဒီအဖြစ်မျိုး တခါကြုံဖူးတယ်လို့ ပြောရပါမယ်။

အဲဒီအချိန်တုန်းကလည်း အဲဒီပွဲကြီးအတွက် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သုဝဏ္ဏ ဘောလုံးအားကစားကွင်းကြီးကို အသုံးပြုဖို့ လှူမယ်၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇက စက်ပစ္စည်းတွေ ကူညီမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သုဝဏ္ဏ ဘောလုံးအားကစားကွင်းကြီး ပျက်စီးမှာစိုးလို့ အားကစားပွဲကလွဲလို့ ဘယ်ဖျော်ဖြေရေးမှ လက်မခံတော့ပါဘူးဆိုပြီး ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမ အပြင်ဘက်မှာ ကျင်းပခဲ့ရပါတယ်။

မြန်မာ့နိုင်ငံရဲ့ အားကစားကွင်းတွေကို လာမယ့် ဆီးဂိမ်းပြိုင်ပွဲတွေအတွက် ထိန်းသိမ်းထားတာ ဆိုလေတော့ မြန်မာ့အားကစားကမ္ဘာကို လွှမ်းရမည်ဆိုတဲ့ ဆောင်ပုဒ်လိုပဲ မြန်မာ့နိုင်ငံရဲ့ အားကစားကွင်းတွေဟာလည်း ကမ္ဘာအဆင့်မီ ကောင်းမွန်နိုင်ရမည်ဆိုတဲ့ ဆောင်ပုဒ်များ ထပ်ပေါ်လာလေ မလားပဲ။


ဒါရိုက်တာဝိုင်းက အကယ်ဒမီပွဲကို သပိတ်မှောက်

မကြာသေးခင်ကမှ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်မှာ ပရိသတ်နှစ်ခြိုက်ဆုံး ဇာတ်ကားဆု ရရှိခဲ့တဲ့ အဲဒီအခန်းဖြတ် (Ban That Scene) ဇာတ်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ၀ိုင်းက ဒီနှစ်မှာ ပေးအပ်မယ့် ၂၀၁၀ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကြီးကို အယုံအကြည်မရှိတဲ့အတွက် မတက်ရောက်တော့ဘူးလို့ ဆိုလိုက်ပါ တယ်။

ကျနော် သရုပ်ဆောင် ဘ၀ကတည်းက နှစ်တော်တော်များများ အကယ်ဒမီပေးပွဲကို မတက်ဘူး။ အယုံအကြည်လည်း မရှိဘူး။ ဘာလို့လဲဆိုတော့ ဟိုလူနဲ့သိရင် ပေးလိုက်တာပဲ၊ ဒီလူနဲ့သိရင် ပေးလိုက်တာပဲ။ အဲဒီလိုမျိုးတွေပဲ မြန်မာ့ ရုပ်ရှင်လောကမှာ အုပ်စိုးနေတော့ နည်းနည်းတော့ ရွံစရာကောင်းလာတယ်။ အကယ်ဒမီဆိုတာကို ဆီတွေ ဆန်တွေလို ခွဲတမ်းချပြီးပေးနေတာကိုလည်း သိပ်ဘ၀င်မကျဘူး။ တကယ့်တကယ့်မှာ တန်ဖိုးဆိုတဲ့အရာကို မေးခွန်းထုတ်စရာရှိပါတယ်” လို့ ဒါရိုက်တာ ၀ိုင်းက ဧရာဝတီကို ပြောပါတယ်။

ဒါ့အပြင် ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်အကြောင်းကို ဘာမှ နားမလည်ဘဲ သူတို့နဲ့ ပတ်သက်ရာ ပတ်သက် ကြောင်းတွေသာ ပေါင်းစပ်ဖွဲ့စည်းထားတာက တကြောင်း၊ အဲဒီကမှ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုကလည်း အုပ်စီးထားတာက တကြောင်း၊ အကယ်ဒမီပေးပွဲအတွက် သတ်မှတ်ထားတဲ့ ဘာမှန်းမသိတဲ့ စည်းမျဉ်းဘောင်တွေ သတ်မှတ်ထားတာတွေကြောင့် တကြောင်း အကြောင်းကြောင်းကြောင့် အကယ်ဒမီပေးပွဲကို မတက်ခြင်းဖြစ်တယ် လို့လည်း ဆိုပြန်ပါတယ်။

ယခုနှစ် အကယ်ဒမီပေးပွဲမှာ ပေးအပ်မယ့် ၂၀၁၀ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကား ၁၅ ကားထဲမှာ ဒါရိုက်တာ ၀ိုင်းရဲ့ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ် ဇာတ်ကားဟာ ပရိသတ် ထင်ကြေးပေးခံရဆုံး ဇာတ်ကားထဲမှာ ပါဝင်နေပါတယ်။

ဒါရိုက်တာ ၀ိုင်းဟာ ပြီးခဲ့တဲ့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှာလည်း မြန်မာ့ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် ဝေဖန်အပြစ်တင်ထားတဲ့ အဲဒီအခန်းဖြတ် ဇာတ်ကားကို ရိုက်ကူးခဲ့သူလည်းဖြစ်လေတော့ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ် ဇာတ်ကားကိုသာ အကယ်ဒမီ ပေးခဲ့မယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောကမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတခုကို စပြီးမြင်ရပြီလို့ ပြောနိုင်ကြောင်း ၀ိုင်းက ဆိုပါတယ်။

သေချာပြောရရင် လူကြီလူကောင်းပဲ ဆန်မလား၊ ကလေးစိတ်ပဲ မွေးမလားဆိုတာ စောင့်ကြည့်ရမှာပါ” လို့ သူက ဆိုလိုက်ပါတယ်။

သူ့အနေနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာသမားတွေကို သွားရောက်အားမပေးနိုင်တာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်းလည်း ပြောပါတယ်။

လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ကျနော်တို့ တောင်းဆိုခဲ့တယ်။ နောက် သူ့ရဲ့ ဖွဲ့စည်းပုံမှာကတည်းက နှစ်နှစ်တခါ ပြောင်းလဲဖွဲ့စည်းရမယ်ဆိုတဲ့ ရုပ်ရှင်အစည်းအရုံး ပြောင်းလဲဖွဲ့စည်းရေးပေါ့။ အဲ့ဒါကို ဘာမှပြောင်းလဲ မဖွဲ့စည်းပေးဘဲနဲ့ သူတို့လူတွေနဲ့သူတို့ ဖွဲ့စည်းပြီး ရုပ်ရှင်လောကကို စိတ်ကြိုက် ခြယ်လှယ်နေတဲ့အတွက် ရုပ်ရှင် လောကက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ” လို့ ဒါရိုက်တာ ၀ိုင်းက ပြောပါတယ်။

ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် မြန်မာပြည်သွားမည်
By featured, ရန်ပိုင် on February 6, ဧရာဝတီ


ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုအောင်ဇော် မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ စာနယ်ဇင်းသမားတဦး အနေဖြင့် သွားရောက်မည်ဖြစ်သည်။

ကိုအောင်ဇော်သည် စာနယ်ဇင်းသမား ဗီဇာ (Journalist Visa) ဖြင့် မြန်မာနိုင်ငံ၌ ငါးရက်ကြာ နေထိုင်မည်ဖြစ်ပြီး ၂၃ နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်လေ့လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ရောက်ရှိစဉ်အတွင်း အစိုးရအာဏာပိုင်များ၊ ပြည်တွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ စာပေ စာနယ်ဇင်းသမား များနှင့် တွေ့ဆုံရန်ရှိသည်။

ကိုအောင်ဇော်သည် ၈ လေးလုံး အရေးတော်ပုံတွင် ကျောင်းသားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့ပြီးနောက် စက်တင်ဘာလ တွင် ထိုင်း မြန်မာနယ်စပ်သို့ ထွက်ခွာခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဧရာဝတီမဂ္ဂဇင်းကို အင်္ဂလိပ်ဘာသာဖြင့် တလနှစ်ကြိမ် ထုတ်ဝေပြီး မြန်မာနှင့် အရှေ့တောင်အာရှ ရေးရာများကို လေ့လာသည့် ပညာရှင်များ၊ မြန်မာ့အရေး လှုပ်ရှားတက်ကြွသူများ၊ သံတမန်များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနှင့် မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူများသို့ ဖြန့်ချိခဲ့သည်။

ဧရာဝတီမဂ္ဂဇင်းသည် မြန်မာ့ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အတိုက်အခံများနှင့် ပတ်သက်၍ ပထမဆုံးလွတ်လပ်စွာ ထုတ်ဝေခဲ့သည့် မဂ္ဂဇင်းအဖြစ် ရပ်တည်ခဲ့သည်။

ကိုအောင်ဇော်သည် The Nation, Bangkok Post, Asian Wall Street Journal, The Guardian, Time, Yale Global, Foreign Ploicy စသည့် ဒေသတွင်းနှင့် နိုင်ငံတကာ မီဒီယာများ၌ ဆောင်းပါးများ ရေးသားခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ကိုအောင်ဇော်သည် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် တက်ကြွစွာ ဆောင်ရွက်လှုပ်ရှားသူအဖြစ် နယ်သာလန်အခြေစိုက် Prince Claus Fund Prince Claus Award ကို ချီးမြှင့်ခံရသည်။

မကြာသေးမီကလည်း ပြည်ပအခြေစိုက် မီဒီယာများမှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကာ ပြည်တွင်း စာနယ်ဇင်းများ၏ လက်ရှိအခြေအနေများကို သွားရောက်လေ့လာခဲ့ကြသည်။

လူ့ အခွင့်အရေး တိုးတက်ရန် အရေးတကြီး လိုအပ်ဟု ကင်တာနာပြော
By featured, လင်းသန့် on February 6, ဧရာဝတီ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြုပြင်ပြောင်းလဲမှုများကို သမိုင်းဝင် လုပ်ရပ်အဖြစ် ကြိုဆိုလိုက်ပြီး လူ့ အခွင့်အရေး အခြေအနေများ တိုးတက်လာရေး အတွက် အရေးတကြီးလုပ်ဆောင်ရန် လိုအပ်နေကြောင်း ပြောဆိုသည်။
စစ်တပ်အပါအ၀င် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာ ပြည်သူတွေကို ကာကွယ်မှုတွေလုပ်ဖို့ အရမ်းအရေးကြီးပါတယ်”ဟု မစ္စတာ ကင်တာနာ က ပြောသည်။

မစ္စတာ ကင်တာနာ သည် ၅ ကြိမ်မြောက် ၆ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ယမန်နေ့က ရန်ကုန် လေဆိပ်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေမှာ စိုးရိမ်ရသော အခြေအနေတွင်ပင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် တိုက်ပွဲများဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် အရပ်သားများကိုတိုက်ခိုက်ခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ ရှိနေကြောင်း မစ္စတာ ကင်တာနာ က ကြေညာချက်တွင် ထောက်ပြထားသည်။

ထို့အပြင် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခြင်း၊ အဓမ္မ နေရပ်ရွှေ့ပြောင်းခြင်း၊ လယ်ယာမြေ မတရားသိမ်းပိုက်ခြင်း၊ စစ်ပွဲများတွင် လူသားဒိုင်း အသုံးပြုခြင်း၊ ကလေးစစ်သား အသုံးပြုခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေ သေးကြောင်း၊ ထို ချိုးဖောက်မှုများကို စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကျုးလွန် နေကြကြောင်းလည်း ကြေ ညာချက်၌ ပါရှိသည်။

မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်ကိုလည်း လွတ်လပ်မှုမရှိကြောင်း ကင်တာနာက ထောက်ပြ ပြောဆို ထားသည်။

ဥပဒေ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဌာန်းချက်တွေနဲ့အညီ လွတ်လပ်မှု၊ အခြေခံ လူ့ အခွင့် အရေးတွေကို အာမခံတဲ့၊ လွတ်လပ်ပြီး ဘက်မလိုက်ဘဲ ထိရောက်တဲ့ တရားရေးစနစ်တခု ဖြစ်ဖို့ လိုပါတယ်”ဟု က ဆိုသည်။

နိုင်ငံတော် ကာကွယ်ရေး ဥပဒေ၊ အီလက်ထရွန်နစ် အက်ဥပဒေ၊ တရားမ၀င် အသင်းအဖွဲ့ ဥပဒေ စသည့် ဥပဒေများ သည် ယခုအထိ ပြန်လည်သုံးသပ် ပြုပြင်ပြဌာန်းခြင်း မရှိသေးဘဲ အဆိုပါ ဥပဒေများကို ယုံကြည်ချက်ကြောင့် အကျဉ်း ချခံရသူများကို ပြစ်ဒဏ်ပေးရာတွင် အသုံးပြုနေသည်မှာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် မညီညွတ်ကြောင်းလည်း သူက ပြောသည်။

နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် လျော်ညီသည့် တရားရေးစနစ် ဖြစ်ပေါ်လာရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ နည်းလမ်းရယူရန် တိုက်တွန်းကြောင်း မစ္စတာ ကင်တာနာက ဆက်လက် ပြောဆိုသည်။

ထို့အပြင် မစ္စတာ ကင်တာနာက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် လွတ်လပ်ပြီး အမှီအခို ကင်းရန် လို အပ်ကြောင်းလည်း ပြောဆိုသည်။

လူ့အခွင့်အရေး ကော်မရှင်က အစိုးရရဲ့ ထိန်းချုပ်မှုအောက်က ကင်းလွတ်မှု မရှိဘူးဆိုတဲ့ အချက်ကို ပြနေတယ်။ နောက်ပြီး အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးတာတွေကလည်း သမ္မတရဲ့ ညွှန်ကြားချက်နဲ့ စစ်ဆေးတယ်လို့ သိခဲ့ရတယ်၊ ဒါ့အပြင် တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုပါတယ်ဆိုပြီး သမ္မတခန့်အပ်ထားတဲ့ ကော်မရှင် အဖွဲ့ဝင် အများစုကလည်း အစိုးရ ၀န်ထမ်းဟောင်းတွေ ဖြစ်နေတယ်”ဟု မစ္စတာ ကင်တာနာက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မစ္စတာ ကင်တာနာသည် နိုင်ငံရေးအကျဉ်းသားအများစု ကျန်ရှိနေခြင်းနှင့်ပတ်သက်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် လည်း တိုက်တွန်း ပြောဆိုခဲ့သည်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်အရေးပါသလို သိပ်ကိုလိုအပ်တဲ့ ခြေလှမ်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူး ပြောင်းရေးမှာ အများကြီး အထောက်အကူပြုမှာပါ”ဟု သူက ဆိုသည်။

မစ္စတာ ကင်တာနာသည် ရွေးကောက်ပွဲ ကော်မရှင်နှင့်တွေ့ဆုံစဉ် လာမည့် ဧပြီလ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိရန် လိုပြီး မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက စမ်းသပ်မည့် စစ်ဆေးချက် တခုဖြစ်၍ အရေးကြီးကြောင်း ပြောဆိုခဲ့သေးသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များကို ဖိတ်ခေါ်ရန် စဉ်းစားနေကြောင်း ပြောဆိုသည်ဟုလည်း ကင်တာနာက ဆိုသည်။

မစ္စတာ ကင်တာနာသည် သူ၏ ခရီးစဉ်အတွင်း မြန်မာအစိုးရ၏ ပြည်ထဲရေး ၀န်ကြီး၊ ကာကွယ်ရေး ၀န်ကြီး၊ နယ်စပ် ရေးရာ ၀န်ကြီး၊ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ ရွေးကောက်ပွဲ ကော်မရှင်၊ ပညာရေးဝန်ကြီး၊ ဒု နိုင်ငံခြားရေးဝန်ကြီး၊ ဒု အလုပ်သမားဝန်ကြီး၊ ပြည့်သူ့လွှတ်တော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကင်တာနာသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

မကြာခင်က ပြန်လည်လွတ်မြောက်လာကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသားများ၊ ၂၀၀၇ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ၊ အင်းစိန်အကျဉ်းထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား တချို့နှင့်လည်း ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည်။

မစ္စတာ ကင်တာနာသည် ငြိမ်းချမ်းရေး စကားပြောနေကြသော မွန်၊ ကရင်စသည့် တိုင်းရင်းသား အဖွဲ့များနှင့်လည်း မွန်ပြည် နယ် မော်လမြိုင်မြို့တွင် ယမန်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့သေးသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများကို ကြို ဆို ကြောင်းလည်း မစ္စတာ ကင်တာနာက ထုတ်ဖော်ပြောဆိုခဲ့သည်။

လာမည့် အောက်တိုဘာလ ကျင်းပမည့် ၁၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေး မတိုင်မီ မစ္စတာ ကင်တာနာသည် မြန်မာနိုင်ငံသို့ ထပ်မံ လာရောက်ရန် ရှိသည်ဟုလည်း ဆိုသည်။

မစ္စတာ ကင်တာနာသည် ၂၀၀၈ ခုနှစ်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီး ယခင်က မြန်မာ စစ်အစိုးရ၏ လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ(Crime against humanity)၊ စစ်ရာဇ၀တ်မှုများ (War Crime) အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး( CoI)ကိုတောင်းဆို ခဲ့သူလည်းဖြစ်သည်။ အဆိုပါ CoI ဖွဲ့ရေးအတွက် အမေရိကန် အပါအ၀င် နိုင်ငံပေါင်း ၁၆ နိုင်ငံက ထောက်ခံထားသည်။

ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်း ပူးပေါင်းရေးသားသည်။

တနင်္ဂနွေ, 05 ဖေဖော်ဝါရီ 2012
နိုင်ငံတကာ စောင့်ကြည့်ခွင့်ပြုရေး ရွေးကောက်ပွဲ ကော်မရှင်စဉ်းစား
By ကိုအောင်လွင်ဦး VOA
မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပဖို့ရှိနေတဲ့ လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ကတိပေးထားတဲ့ အစိုးရအတွက် စမ်းသပ်ချက်တစ်ခု ဖြစ်မယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တောမတ်စ်အိုဟေးကင်တားနား (Tomas Ojae Quintana) က ပြောလိုက်ပါတယ်။ အရပ်သား အစိုးရအဖြစ် တက်လာစဉ်ကစလို့ အပြောင်းအလဲတွေ လုပ်ဆောင်လာတာ မှန်ပေမဲ့ တိုးတက်အောင် လုပ်ရမယ့် နေရာတွေ အများအပြား ရှိနေတာကိုလည်း တွေ့ရတယ်လို့ မနေ့က ၆ ရက်ကြာ ခရီးစဉ် အဆုံးသတ်ချိန်မှာ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေက မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ ဘယ်လောက် တိုးတက်မှု ရှိနေပြီလဲဆိုတာကို စမ်းသပ်မှုတစ်ခု ဖြစ်မယ်လို့ သူယုံကြည်တဲ့အကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်တာပါ။ ရွေးကောက်ပွဲတွေမှာ လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ အားလုံးပါဝင်ခွင့် မလွဲမသွေရှိဖို့ လိုမယ်လို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား က ပြောသွားပါတယ်။ မြန်မာအာဏာပိုင်တွေ ဘက်ကတော့ ရွေးကောက်ပွဲတွေ လွတ်လပ်ပွင့်လင်းမှု ရှိစေမယ့် အစီအမံတွေအတွက် ပြင်ဆင်နေတယ်လို့ သူ့ကိုပြောပြတဲ့အကြောင်း ရန်ကုန်လေဆိပ်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခဲ့တာပါ။

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာက စောင့်ကြည့် အကဲခတ်သူတွေကို ခွင့်ပြုရေးအတွက် စဉ်းစားနေတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကျနော့်ကိုပြောပါတယ်။”

တကယ်တော့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကပါ မြန်မာနိုင်ငံ လွှတ်တော်တွင်းက လစ်လပ်သွားတဲ့ နေရာတွေအတွက် ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပမယ့် အစီအစဉ်မှာ လွတ်လပ်မျှတမှု ရှိစေရေး တိုက်တွန်းနေကြတာပါ။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တစ်ဦးဖြစ်တဲ့ မိုက်ကယ်ပို့စ်နာ (Michael Posner) ကလည်း ရွေးကောက်ပွဲကို ပြည်တွင်း ပြည်ပက စောင့်ကြည့် အကဲခတ်သူတွေ ခွင့်ပြုဖို့ ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ တိုက်တွန်းစကား ပြောခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား ကတော့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က လွတ်လပ် မျှတမှု ရှိရပါစေ့မယ်လို့ ကတိက၀တ် ပြုထားပေမဲ့လည်း ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံနိုင်ဖို့ ဆိုတာဟာ မဲထည့်တဲ့ တစ်ရက်တည်းနဲ့ ဆုံးဖြတ်နိုင်တာမျိုး မဟုတ်ဘဲ ကျင်းပမယ့်နေ့အထိ ဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တစ်ခုလုံးနဲ့ တိုင်းတာရမှာသာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။ ခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ ဒီမိုကရေစီ လှုပ်ရှားသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုပါ တွေ့ဆုံခဲ့တဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်က အစိုးရသစ် လက်ထက် ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အသိအမှတ်ပြု ပြောဆိုခဲ့တာ ဖြစ်ပေမဲ့ တချိန်တည်းမှာပဲ စိုးရိမ်မကင်းစရာ အကြောင်းအရာ အများအပြား ရှိနေတုန်းပဲလို့လည်း သတိပေးခဲ့တာပါ။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ရာ ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေဟာ အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတစ်ခု ဖြစ်တယ်လို့လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောသွားပါတယ်။

ကျနော်ပြောခဲ့သလိုပါပဲ လက်ရှိလူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေက ကိစ္စတွေကို ဆွေးနွေးပါတယ်။ ဒီလို ချိုးဖောက်မှုတွေ ဆက်မဖြစ်ရအောင် တားဆီးဖို့ အစိုးရက ဆောင်ရွက်နေတဲ့ ကိစ္စတွေ အဖြစ်နဲ့ ကာကွယ်ရေးဝန်ကြီးက ကျနော့်ကို ပြောတာကတော့ ကျူးလွန်သူ တချို့ကို အရေးယူတာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း အချက်အလက်တော့ များများစားစား ပေးတာမျိုး မရှိပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတုန်းပဲလို့ သတင်းတွေ ကြားနေရတဲ့အပေါ် ဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး ရှိနေပါတယ်။”

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်း လိုက်တာလို ခြေလှမ်းတွေ လှမ်းလာပေမဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် မတွေ့ရဘူးလို့လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောသွားပါတယ်။ ဒီလိုပဲ တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေး ကဏ္ဍတွေမှာ အားနည်းချက် အများအပြား ရှိနေတုန်းပဲလို့ ထောက်ပြခဲ့တာပါ။

တရားစီရင်ရေး စနစ်မှာ လွတ်လပ်မှု အားနည်းတယ် ဆိုတာကတော့ ရှင်းနေပါတယ်။ တရားသူကြီးချုပ်ဟာ သမ္မတက ခန့်အပ်ထားတာပါ။ ကျနော်ရထားတဲ့ သတင်းအချက်အလက်တွေ အရဆိုရင်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတွေကို တရားစီရင်မှုတွေမှာ မျှတမှု မရှိပါဘူး။”

အစိုးရသစ်အဖြစ် တက်လာပြီးနောက် တရားဥပဒေတွေကို ပြင်ဆင်တာတွေ၊ ပြန်လည်သုံးသပ်တာတွေ ရှိပေမဲ့လည်း နိုင်ငံတော် ကာကွယ်စောင့်ရှောက်ရေး၊ အီလက်ထရောနစ် နဲ့ တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းတဲ့ ဥပဒေတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေ အပေါ် အရေးယူတာမျိုးတွေ ရှိနေတုန်းပဲလို့လည်း ပြောသွားပါတယ်။ ဒီလို အခြေအနေတွေကို မြန်မာအစိုးရအနေနဲ့ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ ဥက္ကဋ္ဌအဖြစ် ရှေ့နှစ်ထဲ တာဝန်မယူမီမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုရှိအောင် လုပ်သွားဖို့ လိုမယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက () ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ် အဆုံးသတ်ချိန်မှာ တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

တနင်္ဂနွေ, 05 ဖေဖော်ဝါရီ 2012
ဝန်ကြီး ဦးအောင်မင်း နယ်စပ်အခြေစိုက်အဖွဲ့ တချို့နဲ့တွေ့
By မသိင်္ဂီထိုက် VOA
ပြည်ပအခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ လက်နက်ကိုင် အဖွဲ့တချို့နဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့ ဒီကနေ့ ထိုင်းနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးကြပေမဲ့ အပစ်အခတ် ရပ်စဲရေး အတွက် သဘောတူညီချက်တွေတော့ မရရှိသေးပါဘူး။ ဒါပေမဲ့ အပြုသဘော ဆွေးနွေးမှုတွေ ရှိခဲ့ပြီးတဲ့နောက် နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်ပြီး လုပ်ဖို့လည်း ရှိနေပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ဟာ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ဘက်က အပစ်အခတ် ရပ်စဲရေး အတွက် တောင်းဆိုချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်သူ PNLO ရဲ့ အတွင်းရေးမှူးက ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် ကျနော်တို့ ပဏာမ သဘောတူညီချက်ကို ရယူဖို့ ဆိုတဲ့အချက် ဖြစ်ပါတယ်။ နောက်တစ်ချက်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို ပြည်ထောင်စု အစိုးရက တရားဝင် ကြေညာပေးဖို့ ဖြစ်ပါတယ်။ တပြည်လုံး အပစ်အခတ် ရပ်စဲပြီးတဲ့အချိန်ကနေ ရပ်ပေါင်း ၆၀ အတောအတွင်းမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖို့နဲ့ အဲဒီကနေတဆင့် နိုင်ငံရေး အင်အားစုတွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ပအို့ဝ် အမျိုးသားတွေ နေထိုင်ရာ ဒေသတွေမှာ ဆက်ဆံရေးရုံးတွေ ထားရှိဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စုစနစ် နိုင်ငံရေး ဆွေးနွေးနိုင်ဖို့အတွက် ပအို့ဝ်အမျိုးသား နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်လာဖို့အတွက်ကို ပအို့ဝ် အမျိုးသားအဖွဲ့ PNLO အပါအ၀င် ပအို့ဝ် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးနိုင်ဖို့။”

ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ကတော့ ဒီအချက်တွေထဲက တချို့ အချက်တွေကို သူ့အနေနဲ့ သဘောတူလို့ မရဘဲ သမ္မတဆီကို တင်ပြပေးပါ့မယ်လို့ ပြောဆိုတဲ့ အကြောင်းလည်း ဆွေးနွေးပွဲ တက်ရောက်သူ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ တပြိုင်နက်တည်း တွေ့ဆုံဆွေးနွေးခွင့် တောင်းတာကို မြန်မာ အစိုးရဘက်က ငြင်းပယ်တာကြောင့် အခုလို တစ်ဖွဲ့ချင်း တွေ့ဆုံရတာ ဖြစ်တယ်လို့လည်း ဦးခွန်ဥက္ကာက ပြောပါတယ်။

ပြည်ပမှာ လှုပ်ရှားနေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီနဲ့လည်း မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့တို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ တာမှာတော့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိတယ်လို့လည်း ပြည်ပရောက် အတိုက်အခံ အင်အားစုတွေနဲ့ မြန်မာအစိုးရ အကြား စေ့စပ်ဆွေးနွေးရေး ဆောင်ရွက်နေတဲ့ NLD-LA က ဦးညိုအုန်းမြင့်က ပြောပါတယ်။

လူ့ဘောင်သစ်ပါတီဘက်က တင်ပြတဲ့ အချက်တစ်ခုကတော့ ပြည်တွင်းမှာ နိုင်ငံရေးကို ပြန်ပြီးတော့ ဆောင်ရွက်ချင်တယ်။ ဒီကိစ္စအပေါ်မှာလည်း ၀န်ကြီးကနေ ဒါကို ကူညီမယ်ဆိုတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ပြည်ထောင်စု အစိုးရဘက်ကနေ ပြီးတော့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ပူးပေါင်း ပါဝင်လာနိုင်တဲ့ လမ်းကြောင်းတစ်ခုကို ပထမဆုံး ဖော်ဆောင်တယ်လို့ ကျနော် ထင်ပါတယ်။ သူတို့ ပြန်ပြီးတော့ ညှိနှိုင်းရမယ့်အချက်တွေ တချို့ ရှိပါတယ်။ လူ့ဘောင်သစ် ပါတီဘက်ကနေ ဒီနေ့မှာ ဥက္ကဋ္ဌရော အလုပ်အမှုဆောင်တွေ အားလုံး ပါပေမဲ့လည်း မြန်မာနိုင်ငံမှာ ပြန်ပြီးတော့ နိုင်ငံရေး ပြန်လုပ်ချင်တယ် ဆိုတဲ့အချက်က နှစ်ဘက်စလုံးအတွက်က ပြန်ပြီး ဆွေးနွေးရမယ့်အချက်လို့ ကျနော် ထင်ပါတယ်။ ဒီဟာကို ရက်ကို မသတ်မှတ်ဘဲနဲ့ နှစ်ဘက်စလုံးရဲ့ သဘောတူညီချက်ကတော့ အပြန်အလှန် စာနဲ့ပဲ ဆက်သွယ် သွားပြီးတော့ အရေးကြီးတဲ့အချိန်မှာ ပြန်တွေ့ဖို့ နှစ်ဘက်စလုံးကနေ သဘောတူပါတယ်။”

တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေး အတွက် သဘောတူညီချက် တစုံတရာ မရပေမဲ့လို့ နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်ပြီး လုပ်ဆောင်ဖို့တော့ သဘောတူခဲ့ကြပါတယ်။ တနင်္လာနေ့မှာလည်း ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေတဲ့ အဖွဲ့တချို့နဲ့လည်း ဆွေးနွေးပွဲတွေ လုပ်ဖို့ ရှိပါတယ်။

တနင်္လာ, 06 ဖေဖော်ဝါရီ 2012
ဒေါ်စု ကိုယ်စားလှယ်လောင်း လျှောက်ထားမှု ကော်မရှင် စိစစ်
By မစုမြတ်မွန် VOA

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ ရွေးကောက်ပွဲဝင်ဖို့ လျှောက်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ တွေ့ဆုံ စိစစ်ခံခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်း လျှောက်ထားချက်ကို ခွင့်ပြု မပြု ဆုံးဖြတ်ဖို့ ကော်မရှင်နဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း သူသိချင်တဲ့ ကိစ္စတွေကို ပြန်လည် မေးမြန်းခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်က အပြည့်အစုံ တင်ပြထားပါတယ်။

ဒီနေ့မနက် သန်လျင်ကို သွားတာကတော့ ရွေးကောက်ပွဲဝင်ဖို့ လျှောက်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေ လုပ်ရိုးလုပ်စဉ်အတိုင်း ရန်ကုန် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို သွားတာပါ။ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ လွှတ်တော် ကိုယ်စားလှယ်လောင်း နာမည်စာရင်းတင်သွင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခရိုင်ကော်မရှင်က တွေ့ဆုံပြီးတော့ စီစစ်တာဖြစ်တဲ့အကြောင်း ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပြပါတယ်၊

ကိစ္စကတော့ ရွေးကောက်ပွဲ ဥပဒေပါ ရွေးကောက်ခံပိုင်ခွင့် ရှိ မရှိ၊ အရည်အချင်း သတ်မှတ်ချက်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ လျှောက်လွှာမှာ ပါတဲ့ဟာနဲ့ ဥပဒေမှာ ပါတဲ့ဟာကို တစ်ချက်ချင်း မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဖြေပါတယ်။ ဒီနေ့ သွားရောက် တွေ့ဆုံတဲ့ကိစ္စကတော့ ပြီးစီးသွားပြီပေါ့လေ။”

ဒီနေ့မနက် ရန်ကုန် တောင်ပိုင်းခရိုင်မှာ တွေ့ဆုံစိစစ်ပွဲမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ စည်းကမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း သူသိချင်တဲ့ အကြောင်းတွေကို ပြန်လည် မေးမြန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်မဲတွေ ယူတာတွေနဲ့ပတ်သက်ပြီး မေးတဲ့အခါမှာလည်း ကော်မရှင်အနေနဲ့ကတော့ ဥပဒေနဲ့အညီ တည့်တည့်မတ်မတ် ဆောင်ရွက်မယ် ဆိုတဲ့အကြောင်း ပြောပြတယ်။”

၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲတွေကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရခဲ့တယ် ဆိုတဲ့ ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တာပါ။ လပိုင်းအတွင်းမှာ ကျင်းပတော့မယ့် ကြားဖြတ် ရွေးကောက်ပွဲတွေကျရင် လွတ်လပ် မျှတမှု ရှိဖို့ အရေးကြီးတယ် ဆိုတာကို NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဓိက ပြောဆိုနေတာ ဖြစ်ပါတယ်။ အခုလို ကိုယ်စားလှယ်လောင်း လျှောက်ထားသူတွေကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်မေးမြန်းပြီးတဲ့အခါမှာ လျှောက်ထားချက်ကို ခွင့်ပြု မပြု တရားဝင်ထုတ်ပြန်မှာ ဖြစ်ပါတယ်။

အခုဟာက ဒီ ကော်မရှင်က သူ လုပ်ရမယ့်ကိစ္စတွေကို ဒီနေ့ အပြီးအစီးလုပ်သွားပြီ။ အဲဒီတော့ အတည်ပြုဖို့ ရှိတာပေါ့နော်။ ဒေါ်စုကို ရွေးကောက်ပွဲဝင်ဖို့ အတည်ပြုဖို့ကိစ္စကတော့ ဗဟိုကော်မရှင်က စာတစ်စောင် လိုသေးတယ်။ စာက ဘာလဲဆိုတော့ ပြန်လည် ရုပ်သိမ်းဖို့ ရက် သတ်မှတ်ရမှာ။ အားလုံးအတွက် ပေါ့နော် ဘယ်နေ့နောက်ဆုံး ဆိုတာ။ အဲဒီ ရက် သတ်မှတ်လို့ရှိရင် အဲဒီရက် လွန်တာနဲ့ အတည်ပြု ကြေညာဖို့ပါ။ အဲဒီ အတည်ပြုတဲ့ ကြေညာချက်က အခု မထွက်နိုင်သေးဘူးပေါ့။”

ခုနကပြောတဲ့ ရက်သတ်မှတ်တယ် ဆိုတာကရော ဘယ်တော့လောက် သူတို့ ကြေညာဖို့ မျှော်လင့်ထားပါသလဲ။ -

ကျနော်ကတော့ ဒီရက်ပိုင်းအတွင်း ထွက်မယ်လို့ပဲ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၀ ရက်နေ့အထိ စိစစ်ဖို့ထားတယ်လေ။ တတိုင်းတပြည်လုံး အနေနဲ့။ အဲဒီတော့ ၁၀ ရက် အတွင်းလား၊ ဟိုဘက်မှာလား အဲဒါတော့ ကျနော်တို့ မသိသေးဘူး။ ထွက်မှပဲ သိမှာပဲ။”

ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာအတွက် NLD နဲ့ လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း ၁၉ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အမေရိကန်ရောက် ကိုဇာဂနာ ဆန်ဖရန်မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲ အပြီး ကနေဒါပွဲဆက်မည်
မိုးမခရွာဆော်ကြီး၊ ရဲရင့်ငယ်ဘလောက်၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၂
ဖေဖော်ဝါရီ ၁၉ တနင်္ဂနွေနေ့၊ နေ့ခင်း ၁၁ နာရီမှ ၃ နာရီ ၊ ဆန်ဖရန်ဘေးဧရိယာ၊ ချဘိုးကောလိပ် ခန်းမမှာ မြန်မာမိသားစုများနဲ့ အမေရိကန်ရောက် ကိုဇာဂနာတို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ လက်ရှိ ရုပ်ရှင်ပွဲတော်နဲ့ ဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ဘေးဧရိယာရှိ မြန်မာမိသားစုများ၊ သွားဆရာဝန်များ၊ ဆရာဝန်များ၊ လုပ်ငန်းရှင်များက ၀ိုင်းဝန်း လှူဒါန်းမှုများ ပြုလုပ်ကြတဲ့အပြင် ရန်ပုံငွေပွဲလက်မှတ်များလည်း ရောင်းချလျက်ရှိကြောင်း သိရပ်တယ်။
မိုးမခမှာ တင်ထားတဲ့ ကြော်ငြာက သည်မှာပါ။ http://moemaka.com/zarganar-sf/
အဲသည်နောက် ဖေဖော်ဝါရီလကုန်မှာ ကိုဇာဂနာကို ကနေဒါပြည်သို အလည်အပတ် သွားရေက်မယ့်အကြောင်း ရဲရင့်ငယ်ဘလောဂ့်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံမှာ -
ဖေဖေါ်ဝါရီ ၂၈ တိုရန်တိုမြို့ သို့ ညနေပိုင်းရောက်မည်။ အကျဉ်းရုံးတွေ့ ဆုံပွဲတချို့ပြုလုပ်မည်။ (ဖေဖေါ်ဝါရီ ၂၉ မှ မတ် ၁ အထိ) မြို့ တော်အော့တာဝါတွင် လူမှုအထောက်အကူပြု အဖွဲ့အစည်းများ ၊အစိုးရအရာရှိများ၊နိုင်ငံရေးသမားများနှင့်တွေ့ ဆုံမည်။
လိုအပ်လျှင်မတ် ၂ အထိ မြို့ တော်အော့တာဝါတွင်ရှိမည်။
မတ် ၂ (သို့ )မတ် ၃ PEN Panada ၏ ဂုဏ်ပြုပွဲ(ကိုသူရသည်၂၀၀၈ခု PEN Panada ၏ လူသားချင်း စာနာထောက်ထားမှုထူးချွန်ဆုရရှိခဲ့သည်။) http://www.pencanada.ca/ ။ မတ် ၃ တိုရန်တိုမြို့ သို့ ပြန်လည်ရောက်ရှိပြီးမြန်မာမိသားစုများနှင့် တွေ့ ဆုံပွဲပြုလုပ်မည်။
မတ် ၄ မနက်ပိုင်းနယူးယောက်သို့ ခရီးဆက်မည်။နယူးယောက်တွင် Steven Spielberg, GeorgeClooney. တို့ နှင့်လည်းတွေ့ ဆုံမည်ဟုသိ၇သည်။ ကိုသူရ ကနေဒါခရီးစဉ်အတွက် ကနေဒါ တိုရန်တိုမှ မြန်မာ့အရေးလှုပ်ရှားသူ ကိုကျော်ဇောဝေက စီစဉ်ခဲ့ ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၄ မှာ မဂ္ဂင်ကျောင်းမှ အကျဉ်းလွတ်သံဃာများ ပြန်လည်ထွက်ခွာပေးရ
ဓာတ်ပုံသတင်း၊ ဘားမားဗီဂျေသတင်း၊ ဖေဖော်ဂါရီ ၅၊ ၂၀၁၂မိုးမခ

အစိုးရ၏ အကျဉ်းချထားမှုမှ လွတ်မြောက်လာသော ရွှေဝါရောင်သံဃာတော်များသည် ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံကာလအတွင်း အာဏာပိုင်းတို့ သိမ်းပိုက်ထားသော မူလမဂ္ဂင်ကျောင်းတိုက်တွင် ဇန်န၀ါရီ ၁၃ ရက်နောက်ပိုင်းမှ ယမန်နေ့အထိ ၀င်ရောက် သီတင်းသုံးနေခြဲ့ကရာမှ ယခုအခါတွင် သာသနာရေးဝန်ကြီးဌာနနှင့် သံဃာမဟနအဖွဲ့၏ ထုတ်ပြန်ချက်များအရ မဂ္ဂင်ကျောင်းမှ ပြန်လည် ထွက်ခွာပေးရကြောင်း သိရှိရသည်။
စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခံရမှ လွတ်မြောက်လာသော သံဃာတော်များကို မဟနအဖွဲ့ကြီးက အပြစ်ရှိသူများအဖြစ် သဘောထားသည်ဟု ထုတ်ပြန်စာတွင် ရေးသားထားသည်။

သာသနာ့သမိုင်းတရားခံများအကြောင်းစာတမ်းထွက်ပြီ
အရှင်ပညာနန္ဒ။ ဖေဖော်ဝါရီ ၅ ၊၂၀၁၂မိုးမခ
မြန်မာနိုင်ငံ သာသနာရေးလောက၊ ဘာသာရေးရေးလောကမှာအကြီးဆုံးအဖွဲ့ကြီးဖြစ်တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဝင်ဆရာတော်များရဲ အမှားမှားအယွင်းယွင်း လုပ်ဆောင်နေမှုများအကြောင်းနဲ့ အဂတိလိုက်စားမှုများအကြောင်းကို ရှင်ရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း မြင်အောင်ရေသားထားတဲ့ သမိုင်းတရားခံလို့အမည် ပေးထားတဲ့စာတမ်းတစောင်ကို အင်တာနက်ဝက်ဆိုင်တွေပေါ် တင်ထားတာကို ရှားရှားပါးပါးဖတ်ရပါတယ်။
ရေးသူကတော့ မကြာခင်ကမှ မြစ်ကြီးနားအကျဉ်းထောင်က လွတ်မြောက်လာခဲ့တဲ့မန္တလေး မစိုးရိမ်တိုက်သစ် ၊သဟာယကျောင်း ဆရာတော် ဦးဝိစိတ္တာဘိဝံသ () ဆရာတော်ဝီရသူဖြစ်ပါတယ်။
ဆရာတော်ရဲ့ ရေးဟန်အတိုင်း လိုတိုရှင်း ထိထိမိမိရေးသားထားတာကိုတွေ့ ရပါတယ်။ ဒီစာတမ်းရဲ့ နိဒါန်းမှာ ဖော်ပြထားတာကတော့ မြန်မာနိုင်ငံအုပ်ချုပ်ရေးလောကမှာ သံဃာ့အဖွဲ့ အစည်းနဲ့ လူအဖွဲ့စည်းဆိုပြီး အဖွဲ့အစည်းနှစ်ရပ်ရှိကြောင်း ဖော်ပြထားပြီး သံဃမဟာနာယကအဖွဲ့ ကို သာသနာတော်သန့် ရှင်းတည်တံ့ရေးနဲ့ သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ဖွဲ့စည်းထားကြောင်း၊ မဆလခေတ် ဦးနေ၀င်းလက်ထက်တွင် ဓမ္မစက်နှင့်မရရင် အာဏာစက်နဲ့ ဆုံးမရရန် အကူအညီးပေးကြောင်း၊ မဆလခေတ်နောက်ပိုင်းကနေ ယခုကာလ (၂၀၁၂) အထိ သံဃမဟာနာယကအဖွဲ့ ကြီးရဲ့ လုပ်ဆောင်နေမှုများကို ဝေဖန်သုံးသပ်ကြဘို့ တင်ပြထားတာကိုတွေ့ ရပါတယ်။
ဒီစာတမ်းကိုခေါင်းစီး (၁၉) ခုနဲ့ အမည်ပေးထားပြီး စာမျက်နှာ (၂၂) မျက်နှာရှိပါတယ်။ အကြောင်းအရာအလိုက် တင်ပြထားပြီး ပထမဆုံးခေါင်းစီးစာမျက်နှာကို သမီးနှင့်အုန်းသီးလို့ အမည်ပေးထားပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကို သာသနာတော်သန့် ရှင်းတည်တံ့ပြန့် ပွားရေးနဲ့ သာသနာတော်ထွန်းကားရေးတို့ အတွက်ဖွဲ့ စည်းထားတဲ့ သံဃာ့အစိုးရတရပ်ဖြစ်ကြောင်း၊ မဟနဆရာတော်များအတွင်းမှာ ရဟန်းသီလ လုံးဝပျက်စီးနေသော ထေရ်ကြီးဝါကြီးများ ပါဝင်နေကြောင်း။ သံဃာ့ကိုယ်စားလှယ်ရွေးချယ်ရမှာ အကျင့်သီလသိက္ခာကို အလေးမထားဘဲ ဆိုင်ရာ ပက်သက်ရာကိုသာရွေးချယ်တဲ့အတွက် ပါရာဇိက(ဂျိုး) များပါဝင်နေကြောင်း၊ တချိုဆရာတော်များဆိုရင် သာသနာတော်အတွက် နှမ်းတစေ့မျှလောက်တောင် အလုပ်မလုပ်ဘဲ ထင်ရာစိုင်းနေတဲ့ဆရာတော်များ ပါဝင်နေကြောင်း၊ သမီးနဲ့ အုန်းသီး မထိရင်ပြီးတာဘဲ၊ ကျန်တာလုပ်ချင်လုပ်ဆိုတဲ့ လူမိုက်အားပေးဆရာတော်တွေကြောင့် ပျက်စီးနေသောရဟန်းငယ်တွေများစွာ ပေါ်ထွန်းလာကြောင်း၊ မဟနအဖွဲ့ ရဲ မမှန်မကန်လုပ်ဆောင်မှုများကြောင့် မကောင်းသတင်းများစွာထွက်ခဲ့ကြောင်း၊ အမြင်မတော်သဖြင့် မြက်နဲ့ဖုံးလွှမ်းထားပေမယ့် အနံ့မထွက်အောင်တော့ မတတ်နိုင်ကြောင်း၊ အောင်းကောင်ကြီးတွေ များစွာရှိကြောင်း စသည် ရေးသားထားတာကိုတွေ့ ရပါတယ်။
သာသနာတော်ကို တကယ်သန့် ရှင်းစင်ကြယ်စေလိုရင် မဟနအဖွဲ့ ကို အရင်သန့် ရှင်းအောင်လုပ်ဆောင်ဘို့ အကြံပြုထားတာကိုတွေ့ ရပါတယ်။
မဏ္ဍိုင်ဗဟိုလဲပြိုနေ ဆိုတဲ့ခေါင်းစည်းအောက်မှာတော့ မဟနအဖွဲ့ ရဲ့ ဝိနိစ္ဆယ ဆုံးဖြတ်ရေးဌာနတွေမှာ မမှန်မကန်ဘက်လိုက်ပြီး အနိုင်ကျင့်ဆုံးဖြတ်နေကြောင်းနဲ့ လာဘ်ပေးလာဘ်ယူမှုတွေရှိကြောင်း၊ လာဘ်ပေးမှ တရားနိုင်ကြောင်း စသည်ရေးသားထားတာကိုတွေ့ ရပါတယ်။
ဒေါ်လာစားမဟန ဆိုတဲ့ ခေါင်းစီးအောက်မှာ တန့်ကြည့်တောင်ဆရာတော်ရဲ့  ငိုရယ် ကမ္မဌာန်းတရားနဲ့ ပက်သက်ပြီး ပိဋကတ်တော်နဲ့ ညီ မညီ သူကိုယ်တိုင် စုံစမ်းလေ့လာတဲ့အကြောင်း၊ အဓမ္မတရားကြီးဖြစ်နေတာ တွေ့ ရတဲ့အတွက် တန်ကြည့်တောင်အမှားတော်ပုံ () တရားထိုင် ငိုရယ်ခြင်းအကြောင်း စာအုပ်ရေးသားပြီး သာသနာရေးဌာနသို့ ခွင့်ပြုချက်တောင်းခံခဲ့ပေမဲ့ စာအုပ်ထုတ်ဝေခွင့် ပယ်ချခံရကြောင်း၊ တန့်ကြည့်တောင်ဆရာတော်က မဟနဆရာတော်တွေကို ဒေါ်လာလှူဒါန်းထားတဲ့အတွက် အရေးမယူကြောင်း၊ ဒုဥက္ကဌဆရာတော်တပါးက သူကိုယ်တိုင် တရားထိုင်ရင်း "စိန်ခြူးကြာညောင်"သီချင်းတပုဒ်ဆိုပြီး ထ, က တယ်လို့ မိန့် ကြားဘူးကြောင်းနဲ့ စိန်ခြူးကြာညောင် သီချင်းတပုဒ်နဲ့ တန့် ကြည့်တောင်ဇာတ်ထုတ်ကို စားပွဲခုံပေါ်မှ ရုပ်သိမ်းပေးခဲ့ကြောင်း ၊ အရည်အချင်းရှိပေမယ့် တရားမရှိ၍ အမှားသိခြင်းဖြစ်ကြောင်း ဟာသစွက်ပြီး ရေးသားထားတာကို ဖတ်ရလို့ ပြုံးမိပါတယ်။
လက်နက်မပါသည့် အာဏာရှင်ဆိုတဲ့ ခေါင်စဉ်အောက်မှာ ကိုယ်တွေ့ မဟန တရားစီရင်ရေး အကြောင်းနဲ့ ထောင်ကျလောက်တဲ့အပြစ်မရှိဘဲ သံဃာတော်တွေ ထောင်ချခံနေရကြောင်း၊ ထောင်တွင်းမှာ သံဃာတော်တွေ မိလ္လာသန့် ရှင်းရေးတွေ လုပ်ခိုင်းကြောင်း၊ သံဃာ့အဖွဲ့ အစည်း၏ မညှာမတာလုပ်ဆောင်မှုကြောင့် ထောင်ကျနေသူများဖြစ်ကြောင်း ရေးသားထားတာကို တွေ့ရသလို အာဏာအားကိုးနဲ့ မိုက်လုံးကြီးနေသော သံဃာ့အဖွဲ့အစည်း ၊ လက်နက်မရှိသော အာဏာရှင်များဖြစ်ကြောင်း ပြစ်တင်ရေးသားထားပါတယ်။
ကျန်တဲ့အခန်းတွေမှာတော့ သံဃာကိုယ်စားလှယ်ရွေးချယ်တဲ့အခါ ဒီမိုကရေစီနဲ့ အညီရွေးချယ်ဘို့ ၊သန့် ရှင်း လွတ်လပ်တဲ့သံဃာ့ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်ဘို့ တိုက်တွန်းထားသလို စစ်အစိုးရက နှစ်စဉ် ဆက်ကပ်ပေးတဲ့ (လာဘ်ထိုးမှရတဲ့) တံဆိပ်တော်တွေအကြောင်း၊ သာသနာသန့်ရှင်းရေးအကြောင်း၊ စစ်အစိုးလက်ကိုင်တုတ်ကြီးများ အကြောင်းစတဲ့ အကြောင်းအရာများနဲ့ ဆရာတော်ကိုယ်တိုင်ကြုံတွေ့ ခဲ့ရတဲ့ ဖြစ်ရပ်မှန်များစွာကို စိတ်ဝင်စားဘွယ်ရာ ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။
သံဃာ့နာယကအကြောင်း အတွင်းကျကျသိလိုသူများနဲ့ ပြုပြင်လိုသူများ ဖတ်သင့်တဲ့ စာတမ်းတခုဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရေးသားတင်ပြချက်တွေဟာ ရဲဝန့် ပြတ်သားလှပါတယ်။ ဟုတ်သည် မဟုတ်သည် မှန်သည် မှားသည်ကတော့ မိမိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ဘို့ အကြံပြုပါတယ်။
နောက်ဆုံးမှက်ချက်အနေနဲ့ ဆရာတော်က ဒီစာတမ်းရေးရခြင်းရဲ့ ရည်ရွယ်ချက်ကိုတင်ပြထားပါတယ်။
ကျွန်ုပ်သည် ကျွန်ပ်၏ အနာဂတ်သာသနာအတွက် သည်စာတမ်းကို ပြုစုပါသည်။ အတ္တကြီး၍ သဘောထားအမြင်ကျဉ်းလျင် စုဖုရားလတ်လို ပယ်ချနိုင်ပါသည်။ အတ္တပါးလွှာ၍ အမြင်ကြီး အမြင်ကျယ်ပါမူ အပြုသဘောနှင့် ဝေဖန်အကြံပြု၍ အနာဂတ်သာသနာ၏ အခြေခံအုဋ်မြစ်ကို စနစ်တကျ ခိုင်မာအောင် လုပ်သင့်ပါသည်။ အကယ်၍ ရောဂါပေါင်းစုံဝင်ရောက်နေသည့် ဂီလာနသာသနာကို အချိန်မီ မကုစားပါလျင် သမိုင်း၏ တရားခံသည် စုဖုရားလတ်ပင် ဖြစ်ပေမည်။ သမိုင်း၏ လက်ညှိုးထိုး ကျိန်ဆဲမှုကို ခံရပါလိမ့်မည်။ သာသနာကြီး နာတာရှည်ရောဂါဆိုးကြီးဖြင့် ပျက်စီးရပါလိမ့်မည်။ သည်လို့ ဆိုရင် သမိုင်း၏တရားခံအစစ်သည် သင်ကိုယ်တိုင် ဖြစ်ပလိမ့်မည်။
ကျွန်ုပ်သည် သည်စာတမ်းကို မော်စကိုမြို့မှာ ရေးသားပါသည်။ သည်စာမူထွက်ရှိလာသည့်အခါ စနစ် မပြောင်းသေးလျင် တခေါက်ဂျောင်း ရပေဦးမည်။ ထိုအခါ မော်စကိုသို့ ဒုတိယမ္ဗိ ခြေဦးလှည့်ခွင့်ပေးတော်မူသော ဆရာကြီးများကို ကျေးဇူးတင်ရပေဦးမည်။

Luc Besson ၏ အလွဲများ
Yangon Press International မွန်မွန်မြတ်ရေးသားသည်။မိုးမခ
၀၃ ဖေဖေါ်ဝါရီ ၂၀၁၂ - (YPI) ချင်းမိုင် - တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ “The Lady” ဇာတ်ကား ပထမဆုံးစပြခဲ့စဉ်က ကမ္ဘာကျော် ဂါးဒီးယန်းသတင်းစာကြီးက ကြယ်တစ်ပွင့်ပဲ အမှတ်ပေးခဲ့ပြီးအညံ့ဆုံး ဇာတ်ကား သုံးကားထဲ စာရင်းသွင်းခဲ့သည့်အပေါ် အတော် ဘ၀င်မကျဖြစ်ခဲ့ဖူးသည်။
တစ်ကယ်တမ်း ထိုင်းနိုင်ငံမှာ နှစ်ကြိမ်တိုင်တိုင် ကိုယ်တိုင်ကြည့်ရတော့မှ ဂါးဒီးယန်းသတင်းစာက ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးရေးသူ Damon Wise အလွန်မဟုတ်ပဲ ရိုက်ကူးသူပြင်သစ်ဒါရိုက်တာ Luc Besson ၏အလွန်သာဖြစ်ကြောင်းသိရတော့သည်။
မည်သို့ပင်ဖြစ်စေ Michelle Yeoh ၏ သရုပ်ဆောင်ခြင်းအနုပညာကိုတော့ အသိအမှတ်မပြုပဲမနေနိုင်ချေ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာမျက်ဝါးထင်ထင်မြင်ဖူးနေသည့်ကြားမှ Michelle Yeoh ရုပ်ပျောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲ ဇာတ်ကားထဲပါဝင်နေသလို မကြာခဏ ထင်ယောင်ထင်မှားဖြစ်မိသည်။
ရင်ကိုဖွင့်မျက်နှာကိုချီကာလမ်းလျှောက်သည့်ဟန်၊ ပြုံးဟန်၊ စကားပြောဟန်၊ လက်ပြဟန်တို့ကို ဒေါ်စုမှဒေါ်စုဖြစ်နေအောင် နာရီပေါင်း ၂၀၀ ကျော်ကြာအောင်ကြည့်ကာလေ့ကျင့်ထားခဲ့သည်ဟု ဟွာဟင်းရုပ်ရှင်ပွဲတော်တွင် Michelle Yeoh ကို ပရိသတ်နှင့်မိတ်ဆက်ပေးခဲ့သည့် ထိုင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောခဲ့သည်။
မိုက်ကယ်အဲရစ်နှင့်သားနှစ်ယောက်နေရာတွင်သရုပ်ဆောင်သည့်သူများကလည်း သူ့ဇာတ်ရုပ်နှင့်သူ အံဝင်ခွင်ကျ သရုပ်ဆောင်ထားကြသည့်အတွက် ရုပ်ရှင်ထဲတွင် သူတို့မိသားစုလေးကို စုစုဝေးဝေးတွေ့ခွင့်ရသည်မှာကြည်နူးဖွယ်ပင်။
ဒါရိုက်တာ Luc Besson ၏အလွဲများကိုတော့ စဖွင့်ထားသည့်ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံသည့်အခန်းမှာပင် စတွေ့ခဲ့ရသည်။ ပစ္စတိုနှင့်သူ့နဖူးတည့်တည့်ကိုချိန်ထားသည့်သေနတ်သမားကို နည်းနည်းလေးမှမဟန့်တားပဲ မတုန်မလှုပ်မျက်စိစုံမှိတ်ပြီးငြိမ်ခံနေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံလွှာက ငယ်ငယ်ကတည်းက အကြိမ်ကြိမ်ဖတ်ခဲ့ရဖူးသည့် အတွင်းဝန်ရုံးတွင်ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည့်မြင်ကွင်းနှင့် အတော်ကြီးခြားနားလှသည်။
ဗိုလ်ချုပ်အောင်ဆန်း နေရာတွင်သရုပ်ဆောင်သည့် ဇော်ဇော်က “ဗိုလ်ချုပ်သေတာဒီပုံစံမဟုတ်ဖူးဆိုတာ ကျွန်တော်သိပြီးသားလေ။ ပစ္စတိုနဲ့ပစ်တာလည်းမဟုတ်ဖူး၊ အစည်းအဝေးခန်းမပုံစံ မှားနေတယ် ဆိုတာလည်းထောက်ပြတယ်။ ဒါပေမယ့် ဒါရိုက်တာက ဒီပုံစံပဲလုပ်ချင်တယ်ဆိုလို့ သူတို့ခိုင်းတဲ့ အတိုင်းပဲ လုပ်ရတာ” ဟုရုပ်ရှင်အပြီးတွင်ရှင်းပြခဲ့သည်။

NLD ပါတီဝင်တစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့သည့် ဦးသိန်းဝင်းက “အဲဒီလောက်တော့လွဲဖို့ မကောင်းဘူး ထင်တယ်ဗျ၊ ကျွန်တော်လည်းအဲဒီအခန်းမှာမပါတော့ အကြံမပေးနိုင်ခဲ့ဘူး” ဟုဆိုသည်။

ဦးသိန်းဝင်းအနေနှင့် သူပါဝင်ခွင့်ရခဲ့သည့်အခန်းများတွင်အချို့မှားယွင်းချက်များကို ထောက်ပြခဲ့သော်လည်း ရိုက်ကူးရေးတည်ထားပြီးသည့်အခန်းများကိုတော့ပြင်ဆင်မပေးခဲ့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ခေါင်းစည်းမှာ လုံးကြီးတင်ပြုတ်နေလို့ ရိုက်ကာနီးမှာပြေးပြီး သွားပြောသေးတယ်ဗျ၊ ဒါပေမယ့် ရှုတင်တည်ထားပြီးသားမို့ပြင်မပေးနိုင်တော့ဘူးဆိုပြီး ဆက်ရိုက်သွားတယ်ဗျ”။

အလုပ်ကြံမခံရမီ မိသားစုနှင့်အတူ ဗိုလ်ချုပ်နောက်ဆုံးနေခဲ့သည့်အိမ်သည် တာဝါလိန်းအိမ်ဖြစ်သည်။ သို့ပေမယ့် ဗိုလ်ချုပ်တစ်ခါမှမနေထိုင်ခဲ့ဖူးသည့် အမှတ်၅၄ တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို နောက်ဆုံးနေခဲ့သည့်အိမ်အဖြစ် ရုပ်ရှင်ထဲတွင်ထည့်ထားခဲ့သည်။

၁၉၄၇ခု ဇူလိုင် ၁၉ ရက်နေ့က ဗိုလ်ချုပ်သမီးအောင်ဆန်းစုကြည် အိပ်မောကျကျန်ရစ်ခဲ့သော တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ရေကန်အစပ်က သစ်သားပက်လက်ကုလားထိုင်မှာ နောက်ထပ် အနှစ် ၄၁နှစ်အကြာ ၁၉၈၈ခုနှစ်တွင် မိခင်မကျန်းမာ၍ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်ရောက်လာသည်အထိ နေရာမှာပင် မဆွေးမမြေ့သည်အတိုင်းရှိနေဆဲ...

ရွှေတိဂုံအနောက်မုဋ်တွင်ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးမိန့်ခွန်းကို မင်းသမီး Michelle Yeohက ကြိုးစားပမ်းစားလေ့ကျင့်ကာ ဗမာလိုပြောကြားခဲ့သော်လည်း တရုပ်သံပေါက်နေခဲ့သည်။

ဇာတ်ကောင်များရွေးခြယ်ထားရာတွင် မိုက်ကယ်အဲရစ်နှင့် သားနှစ်ယောက်နေရာတွင် သရုပ်ဆောင်သည့်သူများကို ရုပ်ရည်ခြင်း အတော်လေး ဆင်တူသူများကိုရွေးချယ်ထားသော်လည်း တစ်နိုင်ငံလုံးက ချစ်ခင်မြတ်နိုးကြသည့် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နေရာတွင် တရုပ်အမျိုးသမီးကြီး တစ်ယောက်ကို ထည့်ထားသည်ကတော့ အတော်ကြီးလွဲနေခဲ့သည်။

အခြားအခြားသော အမှားသေးသေးမွှားမွှားတွေဟာ နိုင်ငံတကာရုပ်ရှင်ပရိသတ်တွေအတွက် မပြောပလောက်ပေမယ့် သမိုင်းကိုသိနေသည့် မြန်မာပရိသတ်အတွက်တော့သိသာလှသည်။ ဗမာအလံတွေဇောက်ထိုးဖြစ်နေတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုသည့်စကားလုံးက “အမျူးသားဒီမိုကရေစီအဖွဲ့ချုပ်”ဖြစ်နေတာ၊ ၈၈အရေးအခင်းပြကွက်တွင် ကျောင်းဝတ်စုံဟာအဖြူအစိမ်းမဟုတ်ပဲ အဖြူအပြာဖြစ်နေတာ၊ ဇာတ်ကားထဲက ဗမာစစ်ဗိုလ်ချုပ်တွေနဲ့ ထောက်လှမ်းရေးတွေဟာ အာဏရှင်မဆန်ပဲ အတော်လေးပေါကြောင်ကြောင်နိုင်နေတာ…

ဇာတ်ကားကို ဒေါ်အောင်ဆန်းစုကြည်ပါဝင်သည့်ဗမာပြည်ဖက်အခြမ်းနှင့် ဒေါက်တာမိုက်ကယ်အဲရစ်()ပါဝင်သည့် နိုင်ငံရပ်ခြားတွင်ရိုက်ကူးသည့်အခြမ်းဟူ၍ အနည်းဆုံး နှစ်ပိုင်းခွဲကြည့်လျှင်ပင်၊ ဗမာပြည်ဖက်အခြမ်းမှ စစ်ဗိုလ်ချုပ်များပါဝင်သည့်အခန်းများမှာ “တောပြဇာတ်”တစ်ခုကိုကြည့်နေရသကဲ့သို့ညံ့ဖျင်းလှသည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးကသုံးသပ်ခဲ့သည်။

ဒေါ်စုခြံထဲကို စစ်သားများ ပထမဆုံးအကြိမ်ဝင်ရောက်စီးနင်းသည့်အခန်းကိုပြရာတွင်လည်းကျောင်းသားခေါင်းဆောင်တစ်ယောက်လက်ထဲတွင် သေနတ်ရှိနေခြင်းသည် သမိုင်းအချက်အလက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်သွားနေသည့် အကြမ်းမဖက်ရေးလမ်းစဉ်အရရော အတော်လေးမှားယွင်းနေခဲ့၏။

ဇာတ်ကားထဲတွင် မည်သည့်ဘာသာစကားကို ပင်မထား၍ပြောဆိုမည်ဆိုသည့်ကိစ္စကို Luc Besson အနေနှင့်တိတိကျကျသတ်မှတ်ခဲ့ပုံမပေါ်ချေ။ ဒေါ်အောင်ဆန်းစုကြည်နေရာတွင် သရုပ်ဆောင်သည့် Michelle Yeoh က နေရာအတော်များများတွင် ဗမာမိန့်ခွန်းကိုတရုပ်သံနှင့်ပြောလိုက်၊ ဗမာစစ်သားကို အင်္ဂလိပ်လို “Can you speak English” ဟုမေးလိုမေး၊ NLD ပါတီအဖွဲ့ဝင်များ ကျောင်းသားများနှင့်လည်း ဗမာလိုပြောလိုက် အင်္ဂလိပ်လိုပြောလိုက်နှင့် ဘာသာစုံဖြစ်နေခဲ့သည်။

ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်နှင့် ပါတီဝင်များရှေ့ပါမရှောင် နမ်းရှုံ့နေသည့်အခန်းများကတော့ပြင်သစ်ဆန်လွန်းလှသည်ဟုဆိုရလေမည်လား။ သေချာသည်ကတော့ တွေ့ခဲ့ဖူးသမျှဒေါ်အောင်ဆန်းစုကြည်၏ဓါတ်ပုံများထဲတွင်ထိုကဲ့သို့သောပုံမျိုးတစ်ပုံမှ ယနေ့အချိန်ထိ မရှိခဲ့ဖူးပေ။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေနေရာတွင်ပါဝင်ခဲ့သည့်သရုပ်ဆောင်ဦးအဂ္ဂ ကတော့ “ကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို တော်တော်စိတ်ပျက်သွားတယ်။ လွဲနေတာတွေကတော့ အများကြီးပဲလေ။ နောက်ဆုံးအခန်းမှာ ဒေါ်စုက ဘုန်းကြီးတွေထက်အမြင့်မှာ ရှိနေတာမျိုးတွေပေါ့၊ ဒါပေမယ့် ကိုယ်ပြောလည်း သူတို့ပြင်တာမှမဟုတ်တာ” ဟုပြောဆိုခဲ့သည်။

ဦးသိန်းဝင်းကတော့ သမိုင်းနောက်ခံအမှားအယွင်းများဖြစ်ခဲ့ရခြင်းနှင့်ပါတ်သက်ပြီး “ငါတို့မှာတော့ တာဝန်ရှိနေမလားမသိဘူးလို့တော့ ပြောမိပါသေးတယ်။ ဒါပေမယ့် ဒါဟာသမိုင်းမဟုတ်ဘူး၊ ရုပ်ရှင်အနေနဲ့ရိုက်တာလို့ပဲခံယူလိုက်ရတာပါပဲ” ဟုဆိုခဲ့သည်။

ဒီလိုကားမျိုးမှာ consultant က အရမ်းအရေးကြီးပါတယ်။ consultant ဘယ်သူလဲလို့ ကျွန်တော်မေးသေးတယ်ဗျ။ ဘန်ကောက်တက္ကသိုလ်တစ်ခုမှာ တက်နေတဲ့ တိုင်းရင်းသူ တစ်ယောက်လို့ပြောတာပဲ” ဟုပြောခဲ့သည်။

ရုပ်ရှင်အပြီးစာတမ်းထိုးရာတွင် Consultant ဟူသည့် အသုံးအနှုန်းကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သည့် အတွက် သမိုင်းဆိုင်ရာအချက်အလက် အမှားအယွင်းများနှင့်ပါတ်သက်၍ တာဝန်အရှိဆုံးက ဒါရိုက်တာ Luc Besson သာဖြစ်ကြောင်း ထင်ရှားနေခဲ့လေသည်။

ပြီး။
မိုးမခ

No comments:

Post a Comment