သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Thursday, February 23, 2012

Feb 23


မိုးမခက စုစည်းသည်
ဖေဖော်ဝါရီ ၂၃ သတင်းများ





ကာတွန်း - စောငို မိုးမခ



ပင်လုံစိတ်ဓာတ် လက်ဆင့်ကမ်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Published on February 23, 2012 by အေးနိုင် DVB
ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ် တိုက်ပွဲသစ်များ ထပ်မံဖြစ်ပွား
Published on February 23, 2012 by နန်းမြနဒီ DVB
ကြက်ဆူဆီမှရသော ဘိုင်အိုဒီဇယ်ဖြင့် ကျေးရွာပေါင်း ၁၀၀၀ ကို မီးပေးမည်
Published on February 23, 2012 by ဒီဗွီဘီ DVB



ဒေါ်နေရီဗဆွေ အန်အယ်လ်ဒီပါတီသို့ ကူးပြောင်း
Published on February 23, 2012 by မင်းလွင် DVB



ကချင်ဒေသ ငြိမ်းချမ်းရေး ပါဝင်ဆောင်ရွက်လိုဟု ၈၈ အဖွဲ့ ပြော
By featured, လင်းသန့် on February 23, ဧရာဝတီ



မြန်မာဟိုတယ်ဝန်ထမ်း အရိုက်ခံရမှု ဥပဒေနဲ့အညီ ဆောင်ရွက်စေလို
2012-02-23 RFA



မန်းငြိမ်းမောင်အမှု ပြည်ထောင်စုဝန်ကြီးကို သက်သေတင်တာ ပယ်ချခံရ
2012-02-23 RFA



ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁၀၀၀ ခန့် မီးလောင်
2012-02-23 RFA
ကျပ်ငွေ ၅ ထောင်တန် SIM ကဒ် MDC က တောင်းဆို
2012-02-22 RFA



မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ သူရ ဦးရွှေမန်း အားမရသေး
2012-02-22 RFA



ဝန်ထမ်းလစာတိုးရေး ဖြစ်မြောက်အောင် ဆောင်ရွက်မယ်လို့ သူရဦးရွှေမန်းပြော
2012-02-22 RFA



မန်းတောင်ခြေ စုဝေးခွင့်မပြု
2012-02-22 RFA
ဆောင်းဦးလှိုင်ရဲ့ အလှူပွဲ
2012-02-22 RFA



HIV ပိုးရှိ ၈၅,၀၀၀ ART ဆေးလိုအပ်နေ
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ မဇ္ဈိမ



ဇေကမ္ဘာကုမ္မဏီ ကို တရားစွဲမယ့် လယ်သမားအကျိုးဆောင် လှုပ်ရှားမှု
By ဦးစံမိုးဝေ VOA



ကြာသပတေး, 23 ဖေဖော်ဝါရီ 2012
ဒေါ်စုကို ကချင်ပြည်နယ် လူထုကြိုဆို
သင်းသီရိ VOA



ဒေါ်အောင်ဆန်းစုကြည် မိုးကောင်းမြို့တွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက် ()
Yangon Press International - http://www.facebook.com/ygnpress
ဖေဖေါ်ဝါရီ ၂၃ ၊ ညနေ ၅နာရီခွဲ မိုးမခ



မိုးကောင်းမြို့မိန့်ခွန်းကောက်နှုတ်ချက် ()
Yangon Press International - http://www.facebook.com/ygnpress
ဖေဖေါ်ဝါရီ ၂၃ ၊ ညနေ ၅နာရီ ၅၅ မိနစ် မိုးမခ



နမ္မတီးကျေးရွာ ဘောလုံးကွင်းတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်
Yangon Press International - http://www.facebook.com/ygnpress
ဖေဖေါ်ဝါရီ ၂၃၊ မွန်းလွဲ ၃နာရီ ၄၀ မိနစ် မိုးမခ



ဦးအောင်မြကျော် မေးမြန်းခန်း
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 23 အင်တာဗျူး - နိရဉ္စရာ

တရုတ်ရှိ မြန်မာအမျိုးသမီးအလုပ်သမားများ ဥပဒေအကာအကွယ်လိုအပ်နေ
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 23 ကေအိုင်စီ



===========
မိုးမခက စုစည်းသည်



 

ပင်လုံစိတ်ဓာတ် လက်ဆင့်ကမ်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Published on February 23, 2012 by အေးနိုင် DVB



စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမဲဆွယ်ပြီး သူ့ကို ဒေသခံ တိုင်းရင်းသားပြည်သူတွေက တခဲနက် ကြိုဆိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်စည်းရုံးရေး ခရီးစဉ်ကို ဒီနေ့မှ စတင်တာဖြစ်ပြီး မြစ်ကြီးနားလေဆိပ်ကနေ နမ္မတီးနဲ့ မိုးကောင်းမြို့တွေကို သွားရောက် မဲဆွယ်စည်းရုံးပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သောင်းချီတဲ့ ပရိသတ်တွေက လမ်းတလျှောက် ကြိုဆိုခဲ့ကြတာပါ။ မိုးကောင်းမြို့ ဘောလုံးကွင်းမှာကျင်းပတဲ့ ဟောပြောပွဲမှာ သူက ပင်လုံသဘောတူညီချက်ရဲ့ အနှစ်သာရကို ရှင်းပြပြီး မျိုးဆက်တဆက်နဲ့တဆက် လက်ဆင့်ကမ်းကြဖို့ ထည့်သွင်း တိုက်တွန်းပါတယ်၊



၁၉၄၇ ခုနှစ်တုန်းက ကျမတို့ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်ဖို့ ကျမတို့တိုင်းရင်းသားတွေ စုစည်းပြီးတော့ လုပ်ခဲ့တယ်။ အရင်တုန်းကဆိုရင် ဗမာကတမျိုး၊ ရှမ်းကတဖုံ၊ ကချင်ကတလမ်း အဲဒီလို ဖြစ်နေကြတယ်။ ၁၉၄၇ ခုနှစ်ကျတော့ တိုင်းရင်းသားတွေ အများစု ဖြစ်တဲ့ ဗမာ (ဗမာဟာလည်း တိုင်းရင်းသားပါပဲ။ ဒါပေမယ့် အများစုပေါ့။) အများစုဖြစ်တဲ့ ဗမာတွေနဲ့ တခြား တိုင်းရင်းသားတွေဟာ လက်တွဲပြီး လုပ်လို့ရှိရင် လွတ်လပ်ရေးကို မြန်မြန်ဆန်ဆန် ရလိမ့်မယ်ဆိုတဲ့ သဘောတူညီချက်အရ ရှမ်းပြည်က ပင်လုံမြို့လေးမှာ လက်မှတ်ထိုးလိုက်ကြတဲ့ စာချုပ် ဖြစ်ပါတယ်။ အဲဒီတော့ ကလေးတွေကို တိုတိုနဲ့ ပြောရရင် ပင်လုံဆိုတာ မြို့လေးတမြို့ရဲ့ နာမည် ဖြစ်တယ်။ အဲဒီမြို့လေးမှာ တိုင်းရင်းသားတွေဟာ ပထမဦးဆုံးအကြိမ် နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီစွာ စာချုပ်တခုကို လက်မှတ်ထိုးခဲ့တဲ့ နေရာ ဖြစ်တယ်။ အဲဒီ စာချုပ်ကို ပင်လုံစာချုပ်လို့ ခေါ်တယ်။ ဒီတော့ ပင်လုံစိတ်ဓာတ်ဆိုတာ ရိုးရိုးလေးပြောရရင် ငါတို့အားလုံး လက်တွဲပြီးတော့ ငါတို့ လိုချင်တဲ့ပန်းတိုင်ကို သွားမယ်ဆိုတဲ့ ညီညွတ်တဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။”



မိုးကောင်းမြို့နယ်မှာ အဖွဲ့ချုပ်ကိုယ်စား ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်ကို မဲပေးကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။



မိုးကောင်းမြို့နယ်မှာ ဒေါ်ခင်ကြည်ဟာ တချိန်တုန်းက ကချင်လွတ်လပ်ရေးအဖွဲ့မှ ဒု – ဥက္ကဋ္ဌတာဝန်ယူခဲ့သူ တသီးပုဂ္ဂလကိုယ်စားလှယ် ဒေါက်တာတူးဂျာ အပါအဝင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ဒီမိုကရေစီမဟာမိတ်ပါတီက ကိုယ်စားလှယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမနက် ရန်ကုန်ကနေ မြစ်ကြီးနားကို လေယာဉ်နဲ့ လာရောက်ပြီး နမ္မတီး ဘောလုံးကွင်းမှာလည်း ဟောပြောခဲ့ပါသေးတယ်။



မိုးကောင်းမှာလည်း ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ပြီးတော့ ယှဉ်ပြိုင်ရတဲ့ အကြောင်းရင်းတခုက ပြည်ထောင်စုကို ထူထောင်ချင်လို့၊ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန့်ပွားချင်လို့ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စပြီးတော့ ဖွဲ့ထားစဉ် ကာလကတည်းက တိုင်းရင်းသားများ အားလုံး သွေးစည်းညီညွတ်ရေးကို ဦးတည်ပါတယ်။”



ဒီနေ့ ညမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားကို ပြန်မှာဖြစ်ပြီး မနက်ဖြန် မနက်ပိုင်း မနောကွင်းမှာ မဲဆွယ်စည်းရုံးဖို့ စီစဉ်ထားပါတယ်။



ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ် တိုက်ပွဲသစ်များ ထပ်မံဖြစ်ပွား
Published on February 23, 2012 by နန်းမြနဒီ DVB



မကြာသေးခင်က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းလို့ လူသိများတဲ့ အက်စ်အက်စ်အေ/အာစီအက်စ်အက်စ် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီက တပ်တွေနဲ့အစိုးရတပ်တွေအကြား တိုက်ပွဲသစ်တွေ ထပ်မံ ဖြစ်ပွားနေပါတယ်။



ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဟိုင်းကျေးရွာအုပ်စုထဲမှာ ဒီနေ့ နေ့လယ်က တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ ဒီတိုက်ပွဲတွေမှာ နှစ်ဖက်စစ်သည်တွေ သေကျေဒဏ်ရာရမှုရှိပြီး ရှမ်းပြည်တပ်မတော်ဘက်က တပ်သား ၂ ဦး ကျဆုံးပြီး သေနတ် ၁ လက် ဆုံးရှုံးကာ အစိုးရတပ်ဘက်ကလည်း အနည်းဆုံး ၃ ဦး ကျဆုံးခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။



ရှမ်းပြည်တပ်မတော် တပ်ဖွဲ့တွေကို နယ်စပ်ဘက်ဆုတ်သွားဖို့ အစိုးရတပ်က ဖိအားပေးရင်း တိုက်ပွဲတွေ ဖြစ်နေတာလို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။



ကျနော်တို့ကို မိုင်းတော့မိုင်းထား ဒေသဘက်ကို ရွှေ့ခိုင်းပါတယ်။ အဲဒီဟာကို ကျနော်တို့က အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ထဲမှာ မပါပါဘူး။ ကျနော်တို့ ရောက်ရှိတဲ့ နေရာဒေသမှာ ကျနော်တို့ အခြေ ချပြီးတော့ အစိုးရတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ လိုအပ်တဲ့ လူမှုရေးလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ဖော်ဆောင်သွားမယ်ဆိုပြီးတော့ ပြောထားတာ။ သဘောတူထားတဲ့ လက်မှတ်ထိုးထားတဲ့ အချက်ထဲမှာ ပါတယ်။ အဲဒါတွေကို သူတို့က လိုက်နာဆောင်ရွက်ခြင်း မရှိဘဲနဲ့ ဟိုသွားခိုင်း၊ ဒီသွားခိုင်းတယ်။ မစွန့်ခွာဘူးဆိုရင် ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီး ကျနော်တို့ကို ဝင်ပစ်တာပါပဲ။”



အစိုးရဘက်က ရွှေတြိဂံတိုင်း လက်အောက်ခံ ကျိုင်းတုံအခြေစိုက် ခမရ ၅၇၂ တပ်နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ကျိုင်းတုံ စစ်ဒေသက တပ်ဖွဲ့တွေဟာ မိုင်းဟိုင်း ဒေသတဝိုက်မှာပဲ ဖေဖော်ဝါရီ ၁၈ ရက်နဲ့ ၂၁ ရက်နေ့တွေကလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။



ဒု-ဗိုလ်ချုပ်ကြီးရွက်ဆစ် ဦးဆောင်တဲ့ အက်စ်အက်စ်အေ/အာစီအက်စ်အက်စ် အဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကမှ ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်ရေး ပဏာမ သဘောတူ လက်မှတ် ရေးထိုးထားခဲ့တာပါ။ ဒါပေမယ့် ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီး ခုချိန်ထိ တိုက်ပွဲတွေ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။



ဒီတိုက်ပွဲတွေဟာ အက်စ်အက်စ်အေ ထိန်းချုပ်နယ်မြေထဲမှာ အစိုးရတပ်တွေက လာပြီး စစ်ဆင်နေတဲ့အတွက် ဖြစ်ပွားရတာဖြစ်လို့ အစိုးရမှာ တာဝန်ရှိတဲ့အကြောင်း ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားဖို့ အစိုးရငြိမ်းချမ်းရေး အကျိုးဆောင် ရထားဝန်ကြီး ဦးအောင်မင်းဆီကို စာရေး အကြောင်းကြားထားတယ်လို့ရှမ်းပြည်တပ်မတော်က ပြောပါတယ်။



ကြက်ဆူဆီမှရသော ဘိုင်အိုဒီဇယ်ဖြင့် ကျေးရွာပေါင်း ၁၀၀၀ ကို မီးပေးမည်
Published on February 23, 2012 by ဒီဗွီဘီ DVB



ကြက်ဆူပင်ကနေ ထွက်ရှိမယ့် လောင်စာဆီကို အသုံးပြုပြီး မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း ဒေသကြီးတချို့က ရွာပေါင်း ၁၀၀၀ အတွက် မီးလင်းရေး ၆ နှစ် စီမံကိန်းကို လာမယ့် မတ်လထဲမှာ စပြီး ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဒီစီမံကိန်းကို မြန်မာနိုင်ငံက သစ်တောပညာရှင် တဦးနဲ့ ဂျပန်နိုင်ငံက ပညာရှင်တွေ ပူးပေါင်းပြီးတော့ ကြက်ဆူပင်က ရလာတဲ့ဆီနဲ့ ဘိုင်အိုဒီဇယ်လုပ်ပြီး လျှပ်စစ်မီးပေးသွားမယ်လို့ ပြည်တွင်းရုပ်သံလိုင်း MRTV-4 က ထုတ်လွှင့်သွားပါတယ်။



စီမံကိန်းကာလ ၆ နှစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသက ကျေးရွာတွေ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် အင်းလေးဒေသက ကျေးရွာတွေ အပါအဝင် ရွာပေါင်း ၁၀၀၀ မီးလင်းဖို့ ဆောင်ရွက်ပေးသွားမယ်။ အဲဒီရွာက လူမှုစီးပွားစစ်တမ်းတွေ ကောက်ယူပြီးရင် ပထမဆုံးအနေနဲ့ ရှမ်းပြည်နယ် အင်းလေးဒေသက ရွာပေါင်း ၁၀၀ ကျော်ကို အရင် ပေးသွားမယ်လို့ ဆိုပါတယ်။



ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အင်းလေးဒေသက အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ကျေးလက်တောရွာတွေမှာ မီးရရှိရေးအတွက် ဆောင်ရွက်တာဟာ အင်မတန် ကောင်းမွန်ပေမယ့်လည်း ကုန်ကြမ်းဖြစ်တဲ့ ကြက်ဆူပင် စိုက်ပျိုးဖို့တော့ အခက်အခဲရှိမယ်လို့ ပြောပါတယ်။



ဘိုင်အိုဒီဇယ်ဆိုတာက လက်လှမ်းမမီတဲ့ ဒေသမှာ လုပ်ပေးနိုင်ရင်တော့ ကောင်းတယ်လေ။ အဲဒီ့ ဘိုင်ဘိုဒီဇယ်ဆိုတာ ကြက်ဆူဆီက အမြဲတမ်း လုပ်ပေးနေရမယ်။ ၂၄ နာရီလုံးလည်း မီးရနေတဲ့ အနေအထားလည်း မဟုတ်ဘူးလေ။ ကြက်ဆူဆီက ပြည်သူလည်း မစိုက်ချင်ကြဘူး။ အရင်တုန်းကလည်း ကြက်ဆူဆီစိုက်တယ်ဆိုပြီး အခုထိ ဘယ်လိုမှ အကျိုးအမြတ် မရှိဘူး။ ပြည်သူတွေလည်း အချိန်ကုန် လူပမ်းငွေပမ်းသွားတဲ့ အနေအထားရှိတယ်။”



စစ်အစိုးရလက်ထက်က ၂၀၀၆ ခုနှစ်လောက်စပြီး ခြံစည်းရိုးကြက်ဆူပင် မစိုက်မနေရ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့တုန်းက ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေပါ မကျန် အလုပ်အကိုင်ပျက် စိုက်ပျိုးခဲ့ရသလို၊ မြေသိမ်းယာသိမ်းတွေ၊ အဓမ္မခိုင်းစေမှုတွေပါ ဖြစ်ခဲ့ပြီး ရလဒ်အားဖြင့် သဲထဲရေသွန် ဖြစ်ခဲ့တဲ့ အတွေ့အကြုံကြောင့် သံသယ ရှိနေကြတာပါ။



အလားတူ စီမံကိန်း နယ်မြေတခုဖြစ်တဲ့ ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ နေထိုင်သူ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ ကိုဘန်ကူးကလည်း စီမံကိန်း အောင်မြင်နိုင်ခြေအပေါ် သံသယ ရှိတယ်လို့ ပြောပါတယ်။



လက်ရှိ အခြေအနေထိတော့ မြစ်ဝကျွန်းပေါ် ကျေးလက်ဒေသမှာ လျှပ်စစ်မီး ရရှိရေးဆိုတာက အခုထိတော့ ဘာမှ မကြားရသေးဘူး။ ကြက်ဆူဆီပင်ကို သိပ်မစိုက်ကြပါဘူး။ ကြက်ဆူကနေ ဘိုင်အိုဆီပေါ့၊ လျှပ်စစ်မီးလင်းမယ်ဆိုတာ ဒါကတော့ နည်းပညာရှင်တွေ အပြောအရတော့ ဖြစ်ချင် ဖြစ်မယ်။ အဲဒါတော့ စိတ်ကူးယဉ် အိပ်မက် တခုလို့ပဲ ထင်ပါတယ်။”



မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် လျှပ်စစ်မီးမရတဲ့ရွာတွေ အမြောက်အမြား ရှိနေတာပါ။ လတ်တလောမှာတောင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က ရွာပေါင်း ၅၀၀ ကျော်မှာ မြို့ပေါ်နဲ့ ရွာကြီးတွေလောက်ပဲ အစိုးရကပေးတဲ့ လျှပ်စစ်မီးကို ရတယ်။ ကျန်တဲ့ရွာက ဆီမီးခွက်တွေ၊ ဖယောင်းတိုင်တွေ၊ ဘတ္ထရီအိုးတွေနဲ့ မီးထွန်းနေရတုန်းပဲလို့ ကိုဘန်ကူးက ဆက်ပြောပါတယ်။



ဒေါ်နေရီဗဆွေ အန်အယ်လ်ဒီပါတီသို့ ကူးပြောင်း
Published on February 23, 2012 by မင်းလွင် DVB



ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်နေရီဗဆွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဝင်အဖြစ် လျှောက်ထားရာမှ ပါတီဝင်အဖြစ် ရရှိသွားပြီ ဖြစ်ပါတယ်။
ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးထက်စာရင် တိုင်းပြည်အတွက် ကြည့်ပြီးတော့ အခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်သစ်အဖြစ် လျှောက်ရတာ ဖြစ်တယ်လို့ ဒေါ်နေရီဗဆွေက ပြောပါတယ်။



အန်တီတို့က စဉ်းစားရင် နိုင်ငံက ဘာလိုလဲ၊ လူထုက ဘာလိုလဲ၊ ဒါကိုအန်တီ အမြဲတမ်း ဦးစားပေးစဉ်းစားတယ်။ အခုကြည့်လိုက်တော့ သူတို့ကလည်း မှတ်ပုံပြန်တင်တယ်။ ရွေးကောက်ပွဲ ပြန်ဝင်မယ်ဆိုတော့ တိုင်းပြည်မှာ အဘက်ဘက်က ချုံးချုံးကျနေတဲ့ ကဏ္ဍတွေကို အင်အားပြန်တောင့်တင်းဖို့ လုပ်ဖို့လိုတယ်။ နောက် ပြည်ပကလည်း မြန်မာပြည်ကို လေးစားပြီး ဂုဏ်ပြုတဲ့ အနေအထားကို မြှင့်တင်ဖို့လိုအပ်တယ်ဆိုတော့ အန်တီဒါကို မြင်တယ်။ ဘာလုပ်ပေးရင် ကောင်းမလဲဆိုတော့ နိုင်ငံရေးအရ ကောင်းတဲ့ဘက်ကို ဦးတည်နေတယ်။



အဲဒါကို အင်အားနဲ့ စုပေါင်းညီညွတ်စွာ စွဲတင်ပြီးတော့ ကောင်းတဲ့ဘက်ကိုမြန်မြန်ရောက်အောင် များများရအောင်ဆိုပြီးတော့ လုပ်သင့်တယ်ဆိုပြီး ပစ္စုပ္ပန်တည့်တည့် ဖြစ်ရပ်ပေါ်မူတည်ပြီး လုပ်သင့်တယ်ဆိုပြီးတော့ အန်တီရယ်၊ မောင်လေး နေထူးဗဆွေပါ ဆုံးဖြတ်ပြီးတော့ အန်အယ်လ်ဒီကို လျှောက်လွှာတင်လိုက်တာပါ။”



မူလပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)က ပါတီနုတ်ထွက်ခွင့် တောင်းခံခဲ့ရာမှာလည်း ပါတီခေါင်းဆောင်တွေက အလွယ်တကူ လက်ခံခဲ့တယ်လို့လည်း ဒေါ်နေရီဗဆွေက ပြောပါတယ်။



ဒေါ်နေရီဗဆွေဟာ လွတ်လပ်ရေးရပြီး ဖဆပလအစိုးရလက်ထက် ၀န်ကြီးချုပ် ဟောင်း ဦးဗဆွေရဲ့သမီး ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ ဦးသုဝေ ခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီနှစ် ရွေးကောက်ပွဲမှာ စမ်းချောင်းမြို့နယ်က ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာတော့ အနိုင်မရခဲ့ပါဘူး။



ကချင်ဒေသ ငြိမ်းချမ်းရေး ပါဝင်ဆောင်ရွက်လိုဟု ၈၈ အဖွဲ့ ပြော
By featured, လင်းသန့် on February 23, ဧရာဝတီ



၈၈ မျိုးဆက်ကျောင်းသားများက ကချင်ပြည်နယ်တွင်း ခိုင်မာသည့် ငြိမ်းချမ်းရေး ပေါ်ထွန်းစေရန် ပေါင်းကူး ပံ့ပိုးပေးလိုကြောင်း ပြောကြားလိုက်သည်။



ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မြစ်ဆုံဆည်စီမံကိန်းကြောင့် ရွှေ့ပြောင်းခံခဲ့ရသည့် ဒေသခံပြည်သူများ၏ ကျေးဇူးတော် အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြား၍ သွားရောက်ကြသော ၈၈ မျိုးဆက် ကျောင်းသားများက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။



ကျနော်တို့ ၈၈ က ဘာလုပ်ချင်တာလဲဆိုတော့ အထက်နဲ့အောက်ခြေကြားမှာ ပေါင်းကူးပေးချင်တယ်။ ကျနော်တို့ တံတား ထိုးပေးချင်တယ်။ အဓိက အဲဒီအလုပ်ကို ၈၈ က ကြားဝင်ပြီးတော့ ဒီကွက်လပ်ကို ၀င်ဖြည့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ဧရာဝတီကို ပြောသည်။



အစိုးရနှင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(KIA) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်ကို ပိုမို၍ ချောမွေ့ မြန်ဆန်ရေး အတွက် အခွင့်အလမ်းရလျှင် မည်သည့် ပုံစံမျိုးနှင့် ဖြစ်စေ ပံ့ပိုးကူညီချင်ကြောင်း သူက ဆက်ပြောသည်။



ကျေးဇူးတော် အခမ်းအနားကိုစီစဉ်သူ ဒေသခံ ပြည်သူများက ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင် ၁၈ ဦးတို့အပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာများ လုပ်ကိုင်နေသည့် ဦးအုန်း၊ ဒေါက်တာ ကျော်သူ၊ ဒေါ်ဒေ၀ီသန့်ဇင် အစရှိသူတို့ကိုလည်း ဖိတ်ကြားကြောင်း သိရသည်။



ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များ၏ အခြေအနေမှန် သိရှိရေး၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အခြေအနေမှန်များသိ ရှိ ရေးတို့အတွက် ခရီးစဉ်အတွင်း ၈၈ မျိုးဆက်ကျောင်သားများက ကချင်ဒေသ စစ်ဘေး ဒုက္ခသည်များ၏ စားဝတ်နေရေး၊ ကျန်းမာရေး အခြေအနေမှန်များကို ဖေဖော်ဝါရီ၂၅ ရက်အထိ လေ့လာသွားရန်ရှိကြောင်းလည်း သိရသည်။



အဓိကကတော့ တိတ်နေတဲ့ အသံတွေကို ကျနော်တို့ ကြားချင်တာပါ။ စစ်ပွဲဖြစ်ရင် ဘယ်သူနဲ့ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် မြေဇာ ပင်ဖြစ်တဲ့ ပြည်သူတွေရဲ့အသံတွေကို နားထောင်ဖို့က ပိုပြီး အရေးကြီးတယ်လို့ ထင်ပါတယ်”ဟု ကိုကိုကြီးက ဆိုသည်။



အစိုးရစစ်တပ်နှင့် ကချင်လက်နက်ကိုင်များကြား ဖြစ်ပွားသည့် စစ်ပွဲများကြောင့် စစ်ဘေး ဒုက္ခသည်များစွာ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို အလေးအနက်စာနာသည့်အတွက် စေတနာရှင်များ၏ အလှူငွေထည့် ၀င် မှုများစုပေါင်း၍ ကျပ် သိန်း ၁၀၀ ကိုလည်း ၈၈ မျိုးဆက် ကျောင်းသားများက လှူဒါန်းခဲ့ကြောင်း သိရသည်။



ခိုင်မာသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖြစ်ထွန်းရေးအတွက် အစိုးရ ခေါင်းဆောင်များ၊ KIA ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ လိုကြောင်း၊ သို့သော် ခရီးစဉ်အတွင်း KIA ခေါင်းဆောင်များနှင့်တွေ့ဆုံနိုင်ရေးသည် တည်ဆဲဥပဒေနှင့် ဒေသဆိုင်ရာ အာ ဏာ ပိုင် အဖွဲ့အစည်းများအပေါ် မူတည်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ က ပြောသည်။



“KIA ခေါင်းဆောင်များနဲ့ တွေ့ဖို့ မတွေ့ဖို့ဆိုတာကတော့ လက်တွေ့ပြဿနာတွေနဲ့ ဒေသရဲ့အခြေအနေပေါ် မူတည်ပါတယ်။ လက်နက်ကိုင် ခေါင်းဆောင်ချင်း စကားပြောတဲ့ ဖြစ်စဉ်တွေက အရင်ကလည်း ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ရှိနေတယ်။ ပိုပြီး ထိရောက် စေချင်တယ်”ဟု ကိုကိုကြီးက ဆိုသည်။



ကချင်ပြည်နယ် မြစ်ကြီးနား ဒေသသို့ ရောက်ရှိနေကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် ဖေဖော်ဝါရီ၂၆ ရက်နေ့တွင် မန္တလေးမြို့သို့ ခရီးဆက်ကာ မန္တလေးမြို့ရှိ လူမှုရေးအဖွဲ့အစည်းများ၊ မြို့မိ မြို့ဘများနှင့် တွေ့ဆုံရန်ရှိကြောင်းလည်း သိရသည်။



ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မြစ်ဆုံဆည်စီမံကိန်းကြောင့် ကျေးရွာပေါင်းများစွာ ရွှေ့ပြောင်းပေးခဲ့ရပြီး သဘာဝ ပတ် ၀န်းကျင် ထိခိုက်မှုများ ရှိသည့်အတွက် ဧရာဝတီမြစ်ကြီး တိမ်ကောပပျောက်မည့်အရေး မြန်မာနို်င်ငံသားများက စီမံကိန်း ရပ် တန့်ရန် ညီညွတ်စွာဆန္ဒပြခဲ့မှုကြောင့် သမ္မတ ဦးသိန်းစိန်အစိုးရက မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ကြောင်း ကြေညာခဲ့သည်။



ထို့အပြင် ကချင်ပြည်နယ်တွင်း အစိုးရ စစ်တပ်နှင့် KIA တို့ကြား စစ်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံ ပြည်သူ သောင်း ချီ ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။



အစိုး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။



မြန်မာဟိုတယ်ဝန်ထမ်း အရိုက်ခံရမှု ဥပဒေနဲ့အညီ ဆောင်ရွက်စေလို
2012-02-23 RFA



ဇန္နဝါရီ ၂၈ ရက်ညက ရန်ကုန် ပုဇွန်တောင် Orchid Hotel မှာ တည်းခိုနေတဲ့ ဂျပန် အမျိုးသားတစ်ဦးက မြန်မာအမျိုးသမီး ဝန်ထမ်းတစ်ဦးကို ပါးရိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ဆောင်ရွက်မှုတွေဟာ ဥပဒေနဲ့ ညီညွတ်ခြင်း ကင်းမဲ့နေတယ်လို့ ဟိုတယ် တာဝန်ရှိသူတွေက ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ညက ဧည့်သည် ဂျပန်အမျိုးသားဟာ ပြင်ပက မြန်မာအမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာစဉ်မှာ ဟိုတယ်ဝန်ထမ်းတွေ တားမြစ်ရာက အခုလို ဖြစ်ပွားခဲ့တာပါ ။



အရိုက်ခံရသူ Orchid Hotel ဝန်ထမ်း မအေးအေးကြည်က ပုဇွန်တောင်ရဲစခန်းမှာ စတင် တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းမှာ ဂျပန်အမျိုးသား Mr. Okahashi Takashi ကလည်း သူ့ကို ဟိုတယ်ဝန်ထမ်းတွေက အကြမ်းဖက် တားဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြန်လည် တရားစွဲခဲ့ပါတယ်။



လောလောဆယ်မှာ Orchid Hotel ဝန်ထမ်း မအေးအေးကြည်နဲ့ မမေဦးလှိုင်တို့ တစ်ဦးကို ကျပ်သိန်း ၁၀၀ စီ အာမခံ တင်ထားရပြီး ဂျပန်အမျိုးသားကလည်း ကျပ်သိန်း ၁၀၀ အာမခံ တင်ထားရကြောင်း သိရပါတယ်။ ဒီအမှုကို ဖေဖော်ဝါရီ ၂၉ ရက်မှာ ထပ်မံကြားနာမှာ ဖြစ်ပါတယ်။



အမှုရဲ့ နောက်ဆုံး အခြေအနေတွေကို ကိုဥာဏ်ဝင်းအောင်က စုစည်း တင်ဆက်ထားပါတယ် ။



ဆက်သွယ်မေးမြန်းချက်။ အသံဖိုင်ယူရန်။



မန်းငြိမ်းမောင်အမှု ပြည်ထောင်စုဝန်ကြီးကို သက်သေတင်တာ ပယ်ချခံရ
2012-02-23 RFA



KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် အမှုနဲ့ပတ်သက်ပြီး သက်သေများအဖြစ် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ နေပြည်တော် အရာရှိကြီး လေးဦးကို ခေါ်ယူဖို့ တရားခံဘက်က တင်သွင်းခဲ့တာကို အင်းစိန် အထူးတရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။



ပြီးခဲ့တဲ့ ကြာသာပတေးနေ့ အမှုချိန်းမှာ ဖဒိုမန်းငြိမ်းမောင်ရဲ့ရှေ့နေက ၀န်ကြီး ဦးအောင်မင်း၊ နေပြည်တော်က အရာရှိကြီးလေးဦး၊ အင်းစိန်ထောင်ပိုင် နှစ်ဦးနဲ့ တောင်ကလေးဆရာတော် ဘဒ္ဒ န္တ ပညာသာမိတို့ကို သက်သေအဖြစ် တင်ခဲ့ပါတယ်။ တရားရုံးက အင်းစိန်ထောင်ပိုင် နှစ်ဦးကိုသာ ခွင့်ပြုပြီး ကျန်တရားခံပြသက်သေ ခြောက်ဦးကို လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။ အခုပယ်ချလိုက်တဲ့ သက်သေတွေဟာ KNU အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖဒိုမန်းငြိမ်းမောင်ဆီက အကြံဉာဏ်များ ရယူ ညှိနှိုင်းခဲ့တဲ့ အရာရှိတွေလို့ မန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။



သက်သေတွေကို ပယ်ချတာနဲ့ပတ်သက်ပြီး အမူကြန့်ကြာမှာ စိုးရိမ်တာရယ်၊ တရားခံဘက်က ခေါ်ယူတဲ့ သက်သေတွေအနက် နေပြည်တော်က လာရောက်ပြီး အင်းစိန်ထောင်တွင်းမှာ မန်းငြိမ်းမောင်ကို တွေ့ဆုံခဲ့တယ် ဆိုတဲ့ အရာရှိကြီးများရဲ့အမည်ကို မန်းငြိမ်းမောင် ကိုယ်တိုင်မသိလို့ သက်သေအမည် ဖော်ပြပြီး လျှောက်ထားနိုင်ခြင်း မရှိတာရယ်ကြောင့် ဖြစ်တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။



ပယ်ချလိုက်တဲ့ သက်သေတစ်ဦးဖြစ်တဲ့ တောင်လေးလုံး ဆရာတော်ကိုတော့ မိမိအစီအစဉ်နဲ့ ခေါ်ယူနိုင်ရင် ခေါ်ယူဖို့ ခြွင်းချက်နဲ့ ခွင့်ပြုတယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။ ဒါ့အပြင် အင်းစိန်ထောင်ပိုင်ကြီးနှစ်ဦးကို သက်သေခေါ်ခွင့်ပေးတာကြောင့် မတ်လ ၁ ရက် အမှုချိန်းမှာ စစ်ဆေးမှာဖြစ်ပြီး နေပြည်တော်က အရာရှိများ ဖဒိုမန်းငြိမ်းမောင်ကို လာတွေ့ကြောင်း ထောင်မှတ်တမ်း စာအုပ်များကို ယူလာဖို့လည်း မိမိတို့ဘက်က မှာကြားလိုက်ကြောင်း ပြောပြပါတယ်။



ဖဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ မတရားသင်းနဲ့ ဆက်သွယ်မှုပုဒ်မများနဲ့ စွဲချက်တင်ပြီး အင်းစိန်ထောင် အထူးတရားမရုံးမှာ စစ်ဆေးနေတာပါ။



ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁၀၀၀ ခန့် မီးလောင်
2012-02-23 RFA



အိမ်ခြေ ၃၀၀၀ ကျော်ရှိတဲ့ ထိုင်းမြန်မာနယ်စပ် အုန်းဖြန် ဒုက္ခသည်စခန်းမှာ ဒီကနေ့ မီးလောင်မှုကြောင့် အိမ်ခြေ တစ်ထောင်နီးပါး ပျက်စီး ဆုံးရှုံးခဲ့မယ်လို့ ခန့်မှန်းကြပါတယ်။



ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့ TBBC အဆိုအရ ကလေးငယ်တွေ မီးလောင်ဒဏ်ရာရတာ အတော်များပြီး တချို့သတင်းတွေက သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။



ဒုက္ခသည် စခန်းထဲက အိမ်တစ်အိမ်မှာ ထမင်းဟင်းချက်ရာက မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး အခု မီးဘေးဒုက္ခသည်ဖြစ်ရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ စခန်းအပြင်ကို ထွက်ခွင့်မရှိတဲ့အတွက် စခန်းထဲမှာပဲ ကျန်တဲ့ ဆွေမျိုး နီးစပ်ရာတွေနဲ့ နေထိုင်ကြရမယ်လို့ ဆိုပါတယ်။



အုန်းဖြန် ဒုက္ခသည်စခန်းမှာ စုစုပေါင်း ဒုက္ခသည် တစ်သောင်း ခုနစ်ထောင်လောက် နေထိုင်ကြတယ်လို့လည်း သိရပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည် စခန်းပေါင်း ၁၀ ခုလောက်ရှိပြီး ဒုက္ခသည် အရေအတွက် တစ်သိန်း လေးသောင်းနီးပါး ရှိတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။



ကျပ်ငွေ ၅ ထောင်တန် SIM ကဒ် MDC က တောင်းဆို
2012-02-22 RFA



လက်ကိုင်တယ်လီဖုန်း SIM ကဒ်တစ်ခုကို ကျပ်ငွေ ၅ ထောင်နှုန်းနဲ့သာ ပြည်သူတွေ သုံးစွဲခွင့်ရမယ်ဆိုရင် ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ကျရေးကို အထောက်အကူ ပြုနိုင်မှာဖြစ်လို့ ဒီကိစ္စကို ခွင့်ပြုပေးဖို့ ရန်ကုန်မြို့အခြေစိုက် MDC ခေါ် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့က မနေ့က တောင်းဆိုလိုက်ပါတယ်။



ဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်က အာအက်ဖ်အေကို အခုလိုပြောပါတယ်။



ငါးထောင်ကျပ်တန် SIM ကဒ်က ပြည်သူလူထု ဆင်းရဲ မွဲတေမှု ပပျောက်ရေးမှာ အထိုက်အလျောက် အထောက်အပံ့ ဖြစ်နိုင်တဲ့အတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ကျွန်တော်တို့က မေတ္တာရပ်ခံချင်တာက ချက်ချင်း လုပ်နိုင်တဲ့ကိစ္စတွေကို ချက်ချင်းလုပ်ပေးပါ၊ ပြည်သူလူထု ဆင်းရဲမွဲတေမှုကို လက်ပိုက် ကြည့်မနေကြပါနဲ့။ ဘယ်လို အစိုးရမျိုး တက်တက်ပေါ့ဗျာ၊ ကျွန်တော်တို့က ပြည်သူလူထု ဆင်းရဲမွဲတေမှု ပပျောက်ဖို့ အစဉ်တစိုက် တောင်းဆိုသွားမှာဖြစ်ပါတယ်”



လူတစ်ယောက် မှတ်ပုံတင်ပြရင် SIM ကဒ် တစ်ခု ၅၀၀၀ နှုန်းနဲ့ မကြာခင်ကာလမှာ ရောင်းချပေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်မယ်လို့ ရွှေပြည်တံခွန် ကုမ္ပဏီက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ ဆက်သွယ်မှု ကွန်ရက်ကို စနစ်တကျ တည်ဆောက်ဖို့ အချိန်တော်တော်ကြာကြာ လိုအပ်နေသေးသလို တည်ဆဲဥပဒေတွေနဲ့လည်း မကိုက်ညီတဲ့အတွက် ကျပ် ၅၀၀၀ တန် ဖုန်းကိစ္စက လောလောဆယ်မှာ မဖြစ်နိုင်သေးဘူးလို့ တုံ့ပြန် ကြေညာခဲ့ပါတယ်။



မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ သူရ ဦးရွှေမန်း အားမရသေး
2012-02-22 RFA



မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေဟာ နှေးကွေးလေးလံနေပြီး အားရကျေနပ်စရာ မကောင်းလှသေးဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မနေ့က ပြောလိုက်ပါတယ်။
ဗုဒ္ဒဟူးနေ့ မနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် တွေ့ဆုံပွဲမှာ အဲဒီလို ပြောဆိုခဲ့တာပါ။



အစိုးရရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပုံစံအတိုင်း ဥပဒေတွေ ပြင်ဆင် ပြဋ္ဌာန်းရေးမှာ နှေးနှေးကွေးကွေး သွားနေမယ်ဆိုရင် မိမိတို့ရဲ့လွှတ်တော် ၅ နှစ်သက်တမ်းအတွင်း လုပ်ငန်းတွေ ပြီးစီးမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ရွေ့ရမယ့်သူတွေက မရွေ့ရင် တွန်းရမယ့်သူတွေက ရွေ့အောင် တွန်းရမှာဖြစ်ကြောင်း၊ နေပြည်တော်က ဆောက်လုပ်ရေး အလုပ်သမားတွေ လစာ တစ်သိန်းကျော် ရနေချိန်မှာ မိမိအနေနဲ့ ပြည်သူ့ဝန်ထမ်း လစာတိုးပေးဖို့ အဆိုကို နောက်ဆုတ်မှာ မဟုတ်ကြောင်း၊ ၀န်ထမ်းလစာတိုးလို့ ကုန်ဈေးနှုန်းတွေ မမြင့်ရအောင် နည်းလမ်း ရှာရမှာဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တွေ အဂတိတရား ရှောင်ရှားပြီး ရဲရဲဝံ့ဝံ့ သတ္တိရှိရှိနဲ့ ပြည်သူ့အကျိုး အရေးဆို ဆောင်ရွက်ကြစေလိုကြောင်း ပြောဆိုခဲ့ပါတယ်။



ဒါပေမယ့် မိမိရဲ့ မိန့်ခွန်းတွေကို ပြန်ကြားရေးဌာန သတင်းတွေမှာ အဖြတ်တောက် ခံခဲ့ရတယ်လို့လည်း သူရဦးရွှေမန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အခုလို ၀န်ထမ်းလစာတိုးရေး ပြောဆိုနေတာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်နေတဲ့ သဘောများလားလို့ သတင်းထောက် တစ်ယောက်က မေးမြန်းရာမှာတော့ အဲဒီသဘော မဟုတ်ကြောင်း၊ ပြည်သူ့အကျိုး အတွက်သာ ဖြစ်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရွှေမန်းက ငြင်းဆိုခဲ့ပါတယ်။



ဒီကနေ့မှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဟာ တရုတ်ပြည်ကို ငါးရက်ကြာ အလည်အပတ် ရောက်နေပြီဖြစ်ပါတယ်။



ဝန်ထမ်းလစာတိုးရေး ဖြစ်မြောက်အောင် ဆောင်ရွက်မယ်လို့ သူရဦးရွှေမန်းပြော
2012-02-22 RFA



ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၀န်ထမ်းလစာ တိုးပေးရန် တင်သွင်းထားတဲ့အဆိုကို မိမိ နောက်ဆုတ်မှာမဟုတ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ထောက်ခံချက်နဲ့ အတည်ပြုရတာကြောင့် မဖြစ်မနေ ဆက်ပြီး ဆောင်ရွက်သွားမယ့်အကြောင်း ဒီကနေ့ ပြောဆိုပါတယ်။



ဒါ့အပြင် သူရဦးရွှေမန်းက အခုလို ဆောင်ရွက်နေတဲ့ပုံစံအတိုင်း လက်ရှိဥပဒေတွေ ပြင်ဆင်/ပြဋ္ဌာန်းရေးအတွက် နှေးနှေးကွေးကွေး ဆောင်ရွက်နေမယ်ဆိုရင် မိမိတို့ရဲ့ ၅ နှစ်ကြာ လွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်းလည်း ပြောဆိုပါတယ်။



ဒီကနေ့ မနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် တွေ့ဆုံပွဲမှာ ဦးရွှေမန်းက ပြောဆိုသွားတာပါ။ ဒီကော်မရှင်အဖွဲ့ဟာ တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ရေး၊ အသစ်ပြဋ္ဌာန်းနိုင်ရေး စသည်တို့ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကတစ်ဆင့် လွှတ်တော်ကို တင်ပြနေပါတယ်။ ဒီကော်မရှင်မှာ နယ်ပယ် အလိုက်ကျွမ်းကျင်တဲ့ ပညာရှင်များ၊ စီပွားရေး လုပ်ငန်းရှင်များ ပါဝင်သလို သတင်း မီဒီယာတွေလည်း ပါဝင်ပါတယ်။



ကော်မရှင်တွေ့ဆုံပွဲမှာ သူရဦးရွှေမန်းက ၀န်ထမ်းလစာတိုးရင် ကုန်ဈေးနှုန်းမမြင့်အောင် ဆောင်ရွက်ဖို့ နည်းလမ်းရှာသင့်တယ်လို့ ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပညာရှင်များက ထောက်ခံဆွေးနွေးပါတယ်။ သူရဦးရွှေမန်းက ၀န်ထမ်းလစာ တိုးပေးသင့်ကြောင်း ပြောဆိုသလို ဖောင်းပွဝန်ထမ်း၊ ပိုလျှံဝန်ထမ်းဆိုတာနဲ့ ပတ်သက်တဲ့ကိစ္စကို သက်ဆိုင်ရာ ဌာနများကသာ ဆောင်ရွက်ဖို့ ပြောပါတယ်။ တစ်ဆက်တည်း လာမယ့် ဧပြီ ၁ ရက် ပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာသူများကို ခွင့်ပြုသင့်ကြောင်းလည်း ကော်မရှင်ကို ချပြပါတယ်။



ဆွေးနွေးပွဲမှာ ကော်မရှင်အဖွဲ့ဝင် ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ သတင်းမီးဒီယာများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ပါတယ်။



မန်းတောင်ခြေ စုဝေးခွင့်မပြု
2012-02-22 RFA



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့လူထုစည်းဝေးပွဲအတွက် မန်းတောင်ခြေ အားကစားကွင်းမှာ ကျင်းပခွင့်ပေးဖို့ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လျှောက်ထားခဲ့တာကို ပြည်ထောင်စုကော်မရှင် ဥက္ကဋ္ဌက တားမြစ် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။



အခုလို ပိတ်ပင်လိုက်တဲ့အကြောင်း မန္တလေးမြို့ကို ရောက်ရှိနေတဲ့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုံးကြိုင်ကို မန္တလေးတိုင်းအားကစားနဲ့ ကာယပညာ ဒုညွှန်ကြားရေးမှူးက ဒီကနေ့ ပြောကြားတယ်လို့ သိရပါတယ်။



ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း မန္တလေးမြို့မှာ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးဟောပြောဖို့ ဗထူး အားကစားကွင်းနှင့် မန္တလေးတောင်ခြေ အားကစားကွင်းကို ငှားရမ်းခဲ့ပေမယ့် တိုင်းဒေသကြီး အာဏာပိုင်များက ခွင့်မပြုခဲ့ပါဘူး။



အလားတူ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဖျာပုံမြို့က လူထုဟောပြောပွဲအတွက် မြို့နယ် ပြည်သူ့အားကစားကွင်းကို အသုံးပြုခွင့်ပေးဖို့ လျှောက်ထားခဲ့ပေမယ့် ခွင့်ပြုချက် မရတဲ့အတွက် မြို့ပြင်သဲကွင်းမှာ ဟောပြောခဲ့ရပါတယ်။ ရန်ကုန်တိုင်း လှည်းကူးမြို့ ခရီးစဉ်မှာလည်း အားကစားကွင်းကို ငှားရမ်းခွင့်မပြုဖို့ အားကစားဝန်ကြီး ဦးတင့်ဆန်းက တားမြစ်ခဲ့ပေမယ့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က သုံးစွဲခွင့် ပေးခဲ့ပါတယ်။



ဆောင်းဦးလှိုင်ရဲ့ အလှူပွဲ
2012-02-22 RFA



တေးသံရှင် ဆောင်းဦးလှိုင်ရဲ့ “နှလုံးသားတွေ လှူမယ့်ည” တစ်ကိုယ်တော် ဖျော်ဖြေပွဲကရရှိတဲ့ အလှူငွေတွေကို ၈၈ မျိုးဆက် ကျောင်းသားများ လူမှုရေးလုပ်ငန်း ရန်ပုံငွေအဖွဲ့နဲ့ နာရေးကူညီမှုအသင်းကို လှူဒါန်းပွဲ ဒီကနေ့ နာရေး ကူညီမှုအသင်း (ရန်ကုန်)ရုံး ခန်းမမှာ ကျင်းပပါတယ်။

ဒီအခမ်းအနားကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ မနီလာသိန်း အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ တေးသံရှင် ဆောင်းဦးလှိုင်က “နှလုံးသားတွေ လှူမယ့်ည” တစ်ကိုယ်တော် ဖျော်ဖြေပွဲနေ့က ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး တက်ရောက်လာသူတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။



အခမ်းအနား တက်ရောက်လာသူ ကိုမင်းကိုနိုင်၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ကိုကျော်သူ ၊ ဒေါ်ရွှေဇီးကွက်၊ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာမ မသီတာ (စမ်းချောင်း) တို့ကလည်း အမှာစကား ပြောကြားကြတယ်လို့ သိရပါတယ်။



နှလုံးသားတွေ လှူမယ့်ည” တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ အလှူငွေ ၁၂၆ သိန်း ရခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ လူမှုရေး လုပ်ငန်းရန်ပုံငွေအဖွဲ့ကို ၄၂ သိန်းစီ လှူဒါန်းခဲ့ပါတယ်။ ကျန်တဲ့ ၄၂ သိန်းကို နောင်လူမှုရေးပွဲတွေအတွက် မ,တည်ငွေအဖြစ် သုံးစွဲသွားမယ်လို့ တေးသံရှင် ဆောင်းဦးလှိုင်က ပြောပါတယ်။



HIV ပိုးရှိ ၈၅,၀၀၀ ART ဆေးလိုအပ်နေ
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ မဇ္ဈိမ



နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် HIV ပိုး ကူးစံခံထားရသူ ရှစ်သောင်းခွဲခန့်မှာ ART ဆေးဝါးများ လုံလောက်စွာ မရရှိကြကြောင်း ဗုဒ္ဓဟူးနေ့ထုတ် အစီရင်ခံစာ တရပ်က ဆိုသည်။



မြန်မာနိုင်ငံတွင် ART ဆေးဝါး အများဆုံး ထောက်ပံ့ပေးနေသည့် ပြင်သစ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ၏ အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် HIV ပိုး ကူးစံခံထားရသူ၏ သုံးပုံနှစ်ပုံမှာ ကုသရန် ဆေးဝါး မရရှိကြသေးကြောင်း ဆိုသည်။



ကုလသမဂ္ဂ၏ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ ကမ္ဘာတွင် ကျန်းမာရေးHIV
စောင့်ရှောက်မှုစနစ် အညံ့ဖျင်းဆုံး နိုင်ငံများထဲ တွင် ပါဝင်သော
မြန်မာနိုင်ငံတွင် လူဦးရေ ၂၄၀,၀၀၀ မှာ HIV ပိုး ကူးစက်ခံထားရပြီး
နှစ်စဉ် ၁၈,၀၀၀ ခန့် သေဆုံးနေကြရသည်ဟု ဆိုသည်။



ရောဂါကြီး သုံးမျိုးဖြစ်သည့် AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် Global Fund အဖွဲ့ကြီး၏ ထောက်ပံ့မှု များ ဖြတ်တောက်ခံရပြီးနောက် အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်
ကြောင်းလည်း MSF ၏ ‘မရေမရာ ဘဝများ’ အစီရင်ခံစာက ဆိုသည်။



အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍအတွက် ဘတ်ဂျက်ခွဲတမ်းကို တိုးမြှင့်ပေးလိုက်သော်လည်း စုစုပေါင်း အမျိုးသား ဝင်ငွေ GDP ၏ ၂ ရာခိုင်နှုန်းသာ သုံးစွဲရန် ခွင့်ပြုထားသည်။



တိုင်းပြည်မှာ ဘာတွေပဲ ဖြစ်နေဖြစ်နေ၊ ဆေးကုသမှု ခံယူဖို့ လိုအပ်နေသူတွေကတော့ ကုသမှုခံယူဖို့ လိုအပ်နေမှာပဲ” ဟု MSF အဖွဲ့ခေါင်းဆောင် Peter Paul de Groote က အေပီသတင်းဌာနသို့ ပြောသည်။



အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း HIV နှင့် တီဘီပိုး ကူးစက်ခံရသူများ (အထူးသဖြင့် တီဘီပိုး ဆေးမတိုးသူများ) အကြောင်း ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံတကာ အရေးပေါ် ကူညီထောက်ပံ့မှုများ တောင်းဆိုထားသည်။



အစီရင်ခံစာအရ ဆေးမတိုးသည့် တီဘီရောဂါပိုး ကူးစက်ခံရသူ ၉,၀၀၀ ကျော် အနက် ၃၀၀ သာ ကုသမှု ခံယူရရှိနေသေးကြောင်းလည်း ဖော်ပြပါရှိသည်။



MSF အနေဖြင့် မြန်မာနိုင်ငံတွင် HIV ပိုးရှိသူ ၂၃,၀၀၀ ကျော်အား ဆေးဝါးထောက်ပံ့ပေးနေပြီး ၂၀၁၂ ခုနှစ်တွင် ၆,၀၀၀ ထပ်မံ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။



ဇေကမ္ဘာကုမ္မဏီ ကို တရားစွဲမယ့် လယ်သမားအကျိုးဆောင် လှုပ်ရှားမှု
By ဦးစံမိုးဝေ VOA



ဦးစံမိုးဝေ ။ ။ အမျိုးသားလွှတ်တော်ရဲ့  အမတ်တဦးလည်းဖြစ်၊ ချမ်းသားကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်တဲ့ ဦးခင်ရွှေရဲ့  ဇေကမ္ဘာကုမ္မဏီ က မင်္ဂလာဒုံမြို့ နယ်အတွင်းမှာရှိတဲ့ လယ်ယာမြေ (၈၀၀) ကျော်ကို မတန်တဆဈေးနဲ့ လျော်ကြေးပေး သိမ်းယူခဲ့ပြီးနောက် လယ်သမားတွေကို ခြိမ်းခြောက်မောင်းထုတ်နေတယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပေါ်နေပါတယ်။ လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားအများစုဟာ မွန်တိုင်းရင်းသားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ အဲဒီကိစ္စကို မကျေနပ်ကြတဲ့အတွက် လယ်သမားတွေက ဦးခင်ရွှေ နဲ့ ဇေကမ္ဘာကုမ္မဏီ ကို တရားစွဲတော့မယ်လို့ သတင်းရပါတယ်။ လျော်ကြေးပေးတုန်းက ယူခဲ့ကြပြီး၊ အခုဘာကြောင့် တရားစွဲကြသလဲလို့ လယ်သမားတွေဘက်ကနေ ကိုယ်စားလှယ်လုပ်ပြီး တရားစွဲဆို ပြင်ဆင်နေတဲ့ မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကို ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။



ဦးနေမျိုးဝေ ။ ။ ဒီလိုဗျာ လျော်ကြေးပဲခေါ်ခေါ်၊ သဒ္ဒါကြေးပဲခေါ်ခေါ်၊ ကရုဏာကြေးပေးခေါ်ခေါ် ကြိုက်သလိုခေါ် သေချာတာက ကျနော် ဒီမှာပြောချင်တာက အဓိကပြောချင်တာက ကျနော်တို့ တောင်သူလယ်သမားတွေ၊ အဲဒီ ရွာသားတွေက ဇေကမ္ဘာကြီးကို ကရုဏာကြေး ပေးပါလို့ သွားတောင်းတာလည်း မဟုတ်ဘူး။ ကျနော်တို့ လယ်မလုပ်ချင်တော့ပါဘူးလို့ သွားပြောတာလည်း မဟုတ်ဘူး။ ရွာထဲမှာ ကိုယ့်ဘာသာ အေးအေးဆေးဆေး နေရင်းထိုင်ရင်းနဲ့ လယ်ယာလုပ်ငန်းကို လုပ်စားနေရင်းနဲ့ အဲဒီတုန်းကတော့ ရဝတ အဖွဲ့ဝင် ဦးဘိုးကြီး က တကြိမ်ခေါ်တယ်။ ဘယ်ကိုခေါ်လဲဆိုတော့ ဓမ္မဝိဟာရ ဓမ္မရုံကို ခေါ်တယ်။ လယ်သမားတွေကို စာရွက်အလွတ်မှာ လက်မှတ်ထိုးခိုင်းတယ်။ အဲဒီတုန်း လယ်သမားတွေက မထိုးကြဘူး။ နောက်တကြိမ်ခေါ်တယ်။ ဘယ်သူမှ မသွားကြတော့ဘူး။ အဲဒီတော့ သူ့ဆီက ကရုဏာကြေးလည်း လိုချင်တယ့် လူတွေ မဟုတ်ဘူး။ လျော်ကြေးလည်း လိုချင်ကြတဲ့လူတွေ မဟုတ်ဘူး။ သူ့ကို မြေရောင်းချင်ကြတဲ့ လူတွေလည်း မဟုတ်ဘူး။ နိုင်ငံတော်က သိမ်းတာလည်း မဟုတ်ဘူး။ မဟုတ်ဘဲနဲ့ သူတို့က ပေးတယ်လို့ပြောတော့ ပေးတယ် ဟုတ်တယ် ယူတယ်။



ဦးစံမိုးဝေ ။ ။ အဲဒီ မြေနေရာတွေက မစိုက်ပျိုးဘဲထားတဲ့ မြေလွတ်မြေရိုင်းတွေ မဟုတ်ဘူးပေါ့။



ဦးနေမျိုးဝေ ။ ။ ဘဏ်စာအုပ်တွေ၊ သီးစားပေးထားတဲ့ ပြေစာ စာရွက်လေးတွေ ရှိတယ်။ အဲဒါတွေ ဘဏ်ချေးငွေစာအုပ်တွေ အကုန်ရှိတော့ ဘယ်လိုလို့ မြေလွတ်မြေရိုင်း ဖြစ်မလဲ။ အဲဒါတွေက လယ်သမားတွေဆီမှာ အဟောင်းတွေ ရှိသေးတယ်။ သီးစားကို ရုတ်ပြစ်လိုက်တာ ၂၀၁၁ ကြမှ ရုတ်ပြစ်လိုက်တာ။ ဒါပေမဲ့ ၂၀၁၀ ဟိုဘက်ကဟာတွေ အကုန်လုံး သူတို့ အဟောင်းအစုတ်တွေ ရှိသေးတယ်။ ဒါက သေချာတာပေါ့။ မြေစာရင်းတို့ဘာတို့လည်း သိတာပေါ့။



ဦးစံမိုးဝေ ။ ။ ဇေကမ္ဘာကုမ္မဏီ က ပေးတဲ့ လျော်ကြေး - တစ်ဧကကို သုံးသိန်းဆိုတာ တန်ရာတန်ကြေး မဖြစ်လို့လားခင်များ။



ဦးနေမျိုးဝေ ။ ။ မဖြစ်ဘူးလေ။ တန်ရာတန်ကြေး ဆိုရင် လယ်သမားတွေက ဘယ်ပြောမလဲ။ အဲဒီနေရာမှာ အဲဒီကာလထဲက - ရန်ကုန် မင်္ဂလာဒုံဆိုတာ ကျနော်နဲ့ နီးနီးလေး။ ကျနော်နေတဲ့ နေရာကနေ မြို့ လယ်ခေါင်ပဲ။ အဲဒီနေရာတွေမှာ လယ်တဧက က သိန်း သုံးဆယ်လောက် အဲဒီကာလလောက်ကတည်းက ရှိတယ်။ အခု ကျနော်တို့နေတဲ့ ဘိုးကလေး၊ နိဒုံ တို့ဆိုရင်တောင် ရှစ်သိန်း လောက်ရှိတယ်။ အဲဒီတော့ ဒီနေရာက ရန်ကုန်တိုင်း၊ ရန်ကုန်မြို့ ပေါ် ကတ္တရာလမ်းတွေနဲ့ သွားလို့ရတဲ့ နေရာတွေမှာ သိန်း သုံးဆယ်လောက် ရှိတာ။ တန်ရာတန်ကြေးဆိုရင် လယ်သမားက ဘာမှကို မပြောတော့ဘူး။ ကျနော်တို့ကိုယ်တိုင်လည်း တန်ရာတန်ကြေးနဲ့ အဲဒီလို တရားမဝင် ရောင်းကြတာတွေကို သိကြတယ်။ တချို့  နေရာတွေမှာ ရှိတယ်။ ဒါပေမဲ့ အဲဒါမျိုးတွေ လာပြောလို့ကတော့ လုံးဝ လုပ်လည်းမလုပ်ပေးဘူး။ ကူလည်းမကူညီဘူး။ သူ့ဘာသာ သူဌေး ဝယ်သွားပါစေ၊ သူတို့ ကျေနပ်လို့ လုပ်သွားခဲ့ပြီး နောက်မှ မကျေနပ်ဘူး၊ ဘာညာဆိုက ကျနော်တို့က ဘာမှ ကူညီမဆောင်ရွက်ပေးဘူး။



ဦးစံမိုးဝေ ။ ။ နေရာတွေကို သိမ်းတဲ့အချိန်တုန်းက စက်မှုဇုံ တည်ဆောက်ဖို့ဆိုပြီး သိမ်းတာလို့ လယ်သမားတွေက သိထားပြီး အခု တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်တဲ့ စာနဲ့ ရှေ့ နေတွေ ရထားတဲ့ စာတွေအရ၊ ဇေကမ္ဘာကို စပါးစိုက်ပျိုးဖို့ ခွင့်ပြုထားတာ ဖြစ်တယ်။ မစိုက်ပျိုးရင် လယ်သမားတွေကို ပြန်ပြီးတော့ ပေးရမယ်လို့ ရေးထားတဲ့အကြောင်း ဦးနေမျိုးဝေ က ပြောပါတယ်။



ဦးနေမျိုးဝေ ။ ။ ရန်ကုန်တိုင်း ဒေသကြီးက ထုတ်တဲ့စာမှာ လက်ရှိ စက်မှုအပိုင်း လေး အကောင်အထည်ဖော်ရန် မြေနေရာအား လယ်မြေအနေနဲ့ သီးခြားချထားပေးထားခြင်းသာဖြစ်၍ စပါးကိုသာ စိုက်ပျိုးခွင့်ရှိကြောင်း။ လယ်စိုက်ပျိုးခွင့်မပြုပါက သီးခြားချထားပေးခြင်းကို ပြန်လည်ရုတ်သိမ်းမည် ဖြစ်ကြောင်း။ အဲဒါ တိုင်းဒေသကြီးက ထုတ်တဲ့စာ။ လယ်သမားတွေပြောတာဆို။ မွန်တွေဆို ဘာမှ မပြောတတ်ဘူး။ သူတို့ဟာသူတို့ဆို ဘာမှ လုပ်လို့မရဘူး။ နောက်တခါ သူ့ရှေ့ နေတွေ ထုတ်တဲ့စာ - ဦးကျော်ထွဋ်မြင့် နဲ့ ဦးအောင်မြင့်အေး ရေးတဲ့စာမှာ ထူးခြားတာ ပြပါမယ်။ ဘယ်လိုပါသလဲဆိုရင် - ဇေကမ္ဘာကုမ္မဏီ လီမီတက်မှ စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိပါက လယ်သမားများအား ခွင့်ပြုသင့်ပါကြောင်း ပြန်ကြားခဲ့သည်။ သူ့စာထဲမှာပဲ တိုင်းဒေသကြီးက ဇေကမ္ဘာကို command ပေးထားတာ။ ဇေကမ္ဘာကုမ္မဏီ လီမီတက်မှ စိုက်ပျိုးခြင်းမရှိရင် လယ်သမားတွေကို လယ်စိုက်ခွင့် ပြန်ခွင့်ပြုပါ ဆိုတဲ့ စာတွေလည်းရှိတယ်။ ပြီးတော့ သူတို့ကိုလည်း အဆင့်ဆင့် လိမ်လည်ရယူထားတာ နံပတ် တစ် ကိစ္စ။ နံပတ် နှစ် ကိစ္စက သူ့ကို စက်မှုဇုံ လုပ်ခိုင်းထားတာ မဟုတ်ဘူး။ နံပတ် သုံး ကိစ္စက ဇေကမ္ဘာကြီးက တခါမှ အဲဒီမှာ စပါးမစိုက်ဘူး။ မစိုက်ရင် လယ်သမားတွေကို စပါးစိုက်ပျိုးခွင့် ပေးပါဆိုပြီး ညွှန်ကြားခဲ့ပြီသာ။



ဦးစံမိုးဝေ ။ ။ တကယ်တော့ စက်မှုဇုံအတွက် မဟုတ်ဘဲ၊ မြေကွက်ဖော်ပြီးတော့ ရောင်းစားဖို့ဖြစ်တယ်လို့ သူက ပြောပါတယ်။



ဦးနေမျိုးဝေ ။ ။ စက်မှုဇုံဆိုရင် စက်ရုံအလုပ်ရုံ ပေါ်ရမှာပေါ့။ အခုဟာက အဲဒီမှာ အကွက်ကောက်ရိုက်ပြီး အဲဒီမှာ ဒေါ်နန်လင်းလင်းထွန်း၊ ဒေါ်ကြာမော်၊ ဦးအိုက်မောင်၊ ဦးကျော်စိန်လင်း စသဖြင့် ဦးထွန်းနိုင် အဲဒီလို နံမည် ဆိုင်ဘုတ်တွေ အများကြီးတပ်ထားတယ်။ တပ်ထားတယ်ဆိုတာ လိမ်တာဗျ။ လိမ်တာဆိုတာက မြေယာဥပဒေအဟောင်းကြောင့် ဖြစ်ရတာ။ မြေယာဥပဒေအဟောင်းက ဘာလဲဆိုတော့ လယ်မြေကို လန (၃၉) ဆိုတဲ့ အမိန့်အရ အခြားနည်း သုံးခွင့်ရှိတယ်။ လန (၃၉) ဆိုတဲ့ အမိန့်မရရင် အခြားနည်းတွေ သုံးခွင့်မရဘူး။ အဲဒီတော့ သူတို့က လန (၃၉) မကျဘဲနဲ့ အဲဒီလို မြေကွက်ဖော်ပြီး ရောင်းစားချင်ကြတဲ့အခါကြတော့ လယ်မြေပျက်အောင် သူတို့က အရင်ဖျက်ပြရတယ်။ လယ်မြေပျက်သွားပြီဆိုရင် လန (၃၉) ကို ထုတ်ပေးတဲ့အလေ့အထ ရှိတယ်။ အဲဒီလို ပုံစံမျိုးဖြစ်တယ်။



ဦးစံမိုးဝေ ။ ။ လန (၃၉) ဆိုတာ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို ပြောတာ ဖြစ်ပါတယ်။ လယ်ယာမြေကို ဘာကြောင့် ဖျက်ရပါသလဲ။ စိုက်ပျိုးလို့ မဖြစ်တဲ့ မြေဖြစ်တဲ့အကြောင်း ထောက်ခံချက်ရအောင် ဖျက်ရတာလို့ ဆိုပါတယ်။ ဘယ်လို လုပ်ကြသလဲဆိုတာကိုလည်း ဦးနေမျိုးဝေ က အခုလို ရှင်းပြပါတယ်။



ဦးနေမျိုးဝေ ။ ။ အရမ်းချမ်းသာတဲ့ လူတွေက ရင်းတာပေါ့။ ဘယ်လို ရင်းသလဲဆိုရင် အဲဒီနေရာကို လန (၃၉) လျှောက်ဖို့အတွက်ကို ဘာလုပ်လိုက်သလဲဆိုရင် လယ်သမားတွေကို စပါးစိုက်ခိုင်းထားတယ်။ စပါးစိုက်ခွင့်လည်း ပေးထားတယ်။ ပေးထားပြီးတော့ စိုက်တဲ့စပါးကို လျော်သေးတယ်။ လယ်သမားတွေကို သုံးသိန်း သုံးတင်း ပေးတဲ့အပြင် နောက်ထပ် သုံးသိန်း ထပ်ရသေးတယ်။ ဘယ်လိုရသလဲဆိုရင် - ငါ သုံးသိန်းပေးမယ် စပါးစိုက်ထားဆိုပြီး တနှစ်စိုက်ခိုင်းထားတယ်။ စိုက်လည်းစိုက်ကော စပါးလေးတွေက ဖြစ်နေပြီ။ ဖြစ်နေတဲ့အချိန်မှာ ရေမြောင်းတွေကို ပိတ်ပြစ်လိုက်တယ်။ အဲဒီအခါ လယ်သမားတွေက သူဌေး ဘယ်လိုလုပ်တာလဲ။ ကျုပ်တို့ စပါးတွေ ဘာညာပြောရင်။ သူဌေး က မပူနဲ့ ငါက မေတ္တာရှိတဲ့ကောင်။ သိပ်ရက်စက်ကောင်။ အဲဒီစပါး တစ်ဧက စိုက်။ ဘယ်လောက်ထွက်မလဲမေးတာ။ လယ်သမားက နှစ်သိန်းခွဲ၊ သုံးသိန်းရမယ် ပြောရင်။ ငါက လေးသိန်း ပေးမယ်။ စိုက်တဲ့လူစိုက်၊ မစိုက်တဲ့လူစိုက် နဲ့ အကုန်လုံးကို ပျမ်မျှခြင်း သုံးသိန်းနဲ့လျော်တယ်။ တမင် စိုက်ခိုင်းတယ်။ တမင် ပိုက်ဆံပေးတယ်။ တမင် ရေမြောင်းပိတ်တယ်။ အဓိပ္ပါယ်က ဘာလုပ်တာလည်းဆိုရင် စပါးတွေက ရေလည်းပိတ်လိုက်ကော ညှိုးခြောက်သွားတယ်။ အဲဒီအချိန်မှာ စိုက်ပျိုးရေးက လူတွေကို ခေါ်ပြီးတော့ ဒီနေရာတွေရဲ့  မှတ်တမ်းကို တင်စမ်းပါ။ မင်းသဘောထား မှတ်ချက်ပေးဖို့ ဓါတ်ပုံရိုက်ပါ။ ဝန်ထမ်းက အဲဒီမှာ အခိုင်ဖြစ်သွားတယ်။ ဝန်ထမ်းကလည်း သူနဲ့ ပေါင်းထားတာလည်း ဖြစ်ရင်ဖြစ်မယ်။ သူက သင်ပေးတာလည်း ဖြစ်ရင်ဖြစ်မယ်။ စပါးတွေ ညှိုးနွမ်နေတဲ့ပုံ ဓါတ်ပုံရိုက်ပြီး တင်လိုက်တဲ့အခါကြတော့ လန (၃၉) ရဲ့  အထောက်အထားကို ဝန်ထမ်းကလည်း ဥပဒေဘောင်လွတ်လွတ်လေး သဲဆန်သောမြေ၊ ရေမရတဲ့မြေ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ရေးတင်တယ်။ လန (၃၉) ကျမှလာလျှင် သူက အိုးအိမ်လုပ်လို့ရတယ်။ စက်မှုဇုံ လုပ်လို့ရတယ်။ အိမ်ဆောက်ပြီး ရောင်းလို့ရတယ်။ ပေးလို့ရသွားတယ်။ အဲဒီ ပုံစံမျိုးတွေ လုပ်တာ။



ဦးစံမိုးဝေ ။ ။ ဦးနေမျိုးဝေ အနေနဲ့ ဒီကိစ္စမျိုးတွေမှာ ဘာကြောင့် ဝင်ပါလာရသလဲဆိုတာကိုတော့ အခုလို ပြောပြပါတယ်။



ဦးနေမျိုးဝေ ။ ။ ကျနော်တို့ကတော့ လယ်သမားတွေ ပြေလည်ရင် ပြီးတာပဲ။ လယ်သမားတွေ ဘယ်လိုနည်းနဲ့ပဲ ပြေလည်လည် ကျနော်တို့က စွဲစရာလည်း မလိုဘူး။ လယ်သမားနဲ့ ဦးခင်ရွှေ တို့ ချစ်ကြခင်ကြရင် ကျနော်တို့က ပြဿနာ မရှိဘူး။ အခုဟာက အလိုမတူဘဲနဲ့ မဒိမ်းကျင့်တဲ့ သဘောမျိုးပဲ။ ဒါမျိုးဖြစ်သွားတာပေါ့။ အလိုမတူဘဲ လယ်မြေတွေကို ပိုက်ဆံမဟာတရားပေးပြီး ယူတယ်။ ပိုက်ဆံကို မယူလည်းသိမ်းမယ်။ မပေးလည်းသိမ်းမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ ကျိုက်မရောတို့ ဘက်မှာလည်း အဲဒီလိုမျိုးပဲ။ မွန်ကြီးတွေ ပြောတဲ့အသံ ကျနော်မှာရှိတယ်။ ကျိုက်မရောဘက်ကလည်း မွန်တွေပဲ။ သူတို့ကပြောတယ် - ပိုက်ဆံမပေး … မယူလည်း သိမ်းမယ်၊ မရောင်းလည်း သိမ်းမယ်။ မရောင်းလည်း ဝယ်မယ်။ အဲဒီလိုမျိုးတွေ ပြောတာ။ မွန်တွေက သက်သေခံတာပဲ။ ကျနော်မှာ အသံဖိုင်တွေ ရှိတယ်။



ဦးစံမိုးဝေ ။ ။ ဦးခင်ရွှေ ဟာ ငွေကြေးချမ်းသာရုံတင်မကပါဘူး လွှတ်တော်အမတ်တယောက် ဖြစ်တဲ့အပြင် အစိုးရရဲ့  ထိပ်ပိုင်းပုဂ္ဂိုလ်ကြီးတဦးရဲ့  ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ပါနေသူ ဖြစ်နေတော့ ဦးနေမျိုးဝေ တို့အနေနဲ့ တရားယှဉ်ပြိုင်ရာမှာ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ပါသလား။



ဦးနေမျိုးဝေ ။ ။ ကျနော် မျှော်လင့်ပါတယ်။ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အောင်မြင်မယ်လို့ ယုံကြည်တယ်ဆိုတာ ကျနော်တို့က ဒီလို သူကို ကျနော်တို့က အပြစ်ပေးစေချင်တာ မဟုတ်ဘူး။ ကျနော်တို့က တရားစွဲရတယ်ဆိုတာက အမှန်ပေါ်ပေါက်စေချင်တာ။ သူကို အပြစ်ပေးတာ မပေးတာတွေ ကျနော်တို့ စိတ်မဝင်စားဘူး။ နစ်နာတဲ့လူတွေ ပြေပျောက်စေချင်တာ။ ကျနော်တို့ သူကို မုန်းတာတွေ၊ ချစ်တာတွေလည်း မရှိဘူး။ ရှိတာက လယ်သမားတွေ နစ်နာတယ်။ အလိုမတူဘဲနဲ့ ဒီဟာက မတရားအပြုခံရတယ်ဆိုရင် ဒါက နစ်နာတယ်။ နစ်နာတဲ့အတွက် နစ်နာသူကို ကုစားနိုင်ရင် ကျနော်တို့ ကျေနပ်ပြီ။ အဲဒီအတွက်ပဲ ကျနော်တို့က သူ့ကို တရားစွဲတာ။ အစကတော့ သိပ်စိတ်မပါပေမယ့် ဒီအောင်ပွဲက နိုင်ငံရေးအောင်ပွဲတခု ဖြစ်တယ်။ အဲဒီအတွက်ကို ကျနော်က လုပ်တော့တာ။ ဘယ်လို နိုင်ငံရေး အောင်ပွဲလဲဆိုရင် ဒီမိုကရေစီ ကူးပြောင်းလာတဲ့ကာလမှာ ဒီဘက်ကို ကူးပြောင်းသွားပြီဆိုတာကို အစိုးရဘက်ကလည်း အမြဲတမ်း ကြွေးကြော်နေတဲ့အချိန်မှာ ကျနော်တို့က မှန်ကန်မှုတွေကို ဖော်ဆောင်နိုင်ပြီဆိုရင် ပြည်သူလူထုကလည်း ပိုမို ယုံကြည်လာမယ်။ ယုံကြည်လာမယ်ဆိုရင် မှန်တယ့်ဘက်ကနေ တိုက်ပွဲဝင်နိုင်တယ်ဆိုတာကို ယုံကြည်လာမယ်။ အဲဒါကြောင့် ကျနော်တို့က အနိုင်တိုက်မှာပါ။



ဦးစံမိုးဝေ ။ ။ ဒါဆိုရင် တရားစီရင်ရေးကို ယုံကြည်မှု ရှိတယ်ပေါ့။



ဦးနေမျိုးဝေ ။ ။ ကျနော် ယုံကြည်မှု မရှိဘူး။ သံသယရှိတယ်။ ကျနော်ကို အပြစ်တင်ရင်လည်း ခံရမယ်။ ဒါပေမဲ့ သံသယ ရှိတဲ့အတွက် ကျနော်အနေနဲ့ မီဒီယာ အား။ ဒီ မီဒီယာ အားတွေနဲ့ ချုပ်လုပ်ပြီး လုပ်သွားပါမယ်။ အစိုးရကိုလည်း အမြဲတမ်း စာပို့တာတွေ ဘာတွေ ဖြစ်စဉ်အမှန်တွေကို တင်ပြသွားမယ်။ နောက် ဗွီဒီယို မှတ်တမ်းတင်ပြီး နိုင်ငံတော်သမ္မတဆီ ပို့တာတို့ ဘာတို့လည်း လုပ်တာပေါ့။ အဲဒီိလို နည်းမျိုးစုံ လုပ်ပြီးမှ တရားစွဲမှာ။ တရားရေးမဏ္ဍိုင်ကို အရမ်းအကန် ယုံဖို့ ကျနော်မှာ အင်အားမရှိပါဘူး။ ယုံကြည်လောက်တဲ့ အင်အား ကျနော်မှာ မရှိပါဘူး။



ဦးစံမိုးဝေ ။ ။ လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားတွေ ကိုယ်စားလှယ်အဖြစ်နဲ့ ဇေကမ္ဘာကုမ္မဏီကို တရားစွဲဖို့ ပြင်ဆင်နေတဲ့ မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။



ကြာသပတေး, 23 ဖေဖော်ဝါရီ 2012
ဒေါ်စုကို ကချင်ပြည်နယ် လူထုကြိုဆို
သင်းသီရိ VOA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၂၀ ကျော်လွတ်တော်ပြင်ပ နိုင်ငံရေးနဲ့ ပြည်သူ့အကျိုးကို သယ်ပိုးခဲ့ပြီး အခုတော့ လွတ်တော်နိုင်ငံရေးနဲ့ ပြည်သူ့တာဝန်တွေကို ဆက်ထမ်းဆောင်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးခရီးအဖြစ် ဒီကနေ့ ကချင်ပြည်နယ်ကို ရောက်နေတာလည်း ဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အကြောင်းနဲ့အတူ လူထုအပေါ် တိုက်တွန်းချက်တွေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။



NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ဒီကနေ့ ဖေဖော်ဝါရီ ၂၃ နဲ့ ၂၄ အထိ ( )ရက်ကြာ ကချင်ပြည်နယ်ကို ပါတီစည်းရုံးရေးအဖြစ် သွားနေ တာပါ၊ ဒီကနေ့ မြစ်ကြီးနားကနေ နမ္မတီးကို အရင်သွားခဲ့ပြီး နမ္မတီးလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ပါ တယ်။ နောက်တော့ နေ့လည်ပိုင်းမှာ မိုးကောင်းမြို့ကို ရောက်လာခဲ့ပြီး မိုးကောင်း မြို့ခံတွေကို ဒေါ်အောင်ဆန်းစုကြည်က မိန်ခွန်း ပြောပါတယ်၊



NLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ပါတီ ဖြစ်ပေမယ့် ပြည်သူတာဝန်တွေကို လွှတ်တော် အတွင်းက ထမ်းဆောင်ခွင့် မရခဲ့ပေမယ့် ပါတီရဲ့ ရပ်တည်ချက် တွေကို ခိုင်ခိုင်မာမာနဲ့ ဆက်လုပ် ခဲ့တာတွေ ရှင်းပြခဲ့သလို အခုတော့ မြန်မာနိုင်ငံမှာ လွတ်တော် တရပ်ရှိလာပြီမို့ လွတ်တော်နိုင်ငံရေးနဲ့ ပြည်သူ့အကျိုးကို ဆက်လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မိုးကောင်း မြို့ခံတွေ ကို ပြောခဲ့ပါတယ်၊



လွှတ်တော်ပြင်ပ ကနေပြီးတော့ ကျမတို့ အနှစ် နှစ်ဆယ်ကျော် လုပ်ခဲ့တဲ့ နိုင်ငံရေး လမ်းစဉ်ဟာ စဉ်းစား ကြည့်တော့ ၁၉၉၀ ဆိုတာ ခုနေ ရွေးကောက်ပွဲ ဘာအရေးကြီးသလဲ ဆိုတော့ အဲဒီ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ရမယ် ဆိုတဲ့ မျှော်မှန်းချက်နဲ့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၈၈ ခုနှစ်မှာ ဖွဲ့စည်း ပြီးတော့ ပထမဦးဆုံး ဝင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ဒီ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ပါတယ်။ လွှတ်တော်ထဲက နေရာဆိုလို့ရှိရင် ၈၀ ရာခိုင်နှုန်းကျော်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြည်သူတွေရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ခွင့် အဲဒီတုန်းက မရခဲ့ပါဘူး။ အဲဒီတော့ အဲဒီလို လွှတ်တော် အတွင်းက မရခဲ့ဘူးဆိုတော့ လွှတ်တော် မပေါ်ခင်တော့ လွှတ်တော် မရှိတော့ လွှတ်တော် အတွင်းက မလုပ်နိုင်ဘူးပေါ့နော်။ ဒါပေမဲ့ အဲဒီလို မရခဲ့ဘူး ဆိုပေမဲ့လည်း အဖွဲ့ချုပ်က ဘယ်တုန်းကမှ ဇွဲမလျှော့ခဲ့ပါဘူး။ ကျမတို့ မူဝါဒတွေကိုလည်း ကျမတို့ လက်မလွှတ်ခဲ့ဘူး။ ဒီလို ကျမတို့ ရွေးကောက်ပွဲတွေ၊ ကြားဖြတ် ရွေးကောက်ပွဲတွေကို ဝင်ပြီးတော့ ပြည်သူတွေရဲ့ တာဝန်တွေကို ပိုပြီး တော့ ထိထိရောက်ရောက် ထမ်းဆောင်နိုင်ဖို့အတွက် ကြိုးစားမယ်ဆိုပြီးတော့ ကျမတို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။”



အမျိးသားဒီမိုကရေစီအဖွဲချုပ်ဟာ လက်ရှိမှာ နိုင်ငံရေးတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်နေတာ မဟုတ်သေးပေဘူး ဆိုတာကို ရှင်းပြခဲ့သလို လူထုရဲ့ ထောက်ခံမှုနဲ့ ရပ်တည်နေတာဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။



အခွင့်အရေးကလည်း အခုထက်ထိ မကြီးမားသေးဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေး ပါတီ တစ်ခု အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှား ပိုင်ခွင့်ရလာတာ အခုမှ နှစ်လလောက်ဘဲ ရှိပါသေးတယ်။ အဲဒီ နှစ်လလောက် အတွင်းမှာ ကျမတို့ ရဲ့ ပါတီကို ပြန်ပြီးတော့ ဦးမတ်လာပြီးတော့ ဦးမော့လာပြီးတော့ ကျမတို့ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့အတွက် အလုပ်တွေ ထောင်ခဲ့ရတာ အင်မတန် ပင်ပန်းပါတယ်။ အင်မတန် ခက်ခဲပါတယ်။ ပြည်သူုရဲ့ ထောက်ခံမှုကြောင့် ကျမတို့ ဒီအခြေအနေကို ရောက်လာတာပါ။ အဲဒီတော့ ကျမက ပြည်သူတွေကို အခွင့်အရေးတောင်းတာပါ။ မဲပေးပါဆိုတာ ကျမတို့ကို အခွင့်အရေးပေးပါ။ ကျမတို့ အနေနဲ့ စပြီးတော့၊ ပြည်သူတွေရဲ့ တာဝန်တွေကို စပြီးတော့ ထမ်းဆောင်ဖို့ အတွက် ခြေလှမ်းနောက်တစ်လှမ်း လှမ်းပါရစေလို့ ကျမတို့ ပြောတယ်။ ”



ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ နေ့လည် မိုးကောင်းမှာ လူထုကိုပြောခဲ့တဲ့ မိန်ခွန်းထဲက အချက်တချို့ပါရှင်။ ဒါ့အပြင် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေ မြင်မားလာရေးအပြင် ဒေသတွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို NLD က ကြိုးစားလုပ်ဆောင်မယ်ဆိုတာနဲအတူ လူထုကလည်းကူညီဖို့ တိုက်တွန်းသွားပါတယ်၊



အခု ကချင်ပြည်နယ်အတွင်းမှာတော့ ဒီ မိုးကောင်းမြို့မှာ လူထုကိုစကားပြောဖို့ နေရာအခက်အခဲရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဦးခွန်သာမြင့်ကပြောပါတယ်၊



နေရာ အခက်အခဲ ကတော့ ကျနော်တို့ မြို့နယ် အားကစားကွင်းကတော့ မရပါဘူး။ အဲဒီတော့ ကျနော်တို့ အိုးတန်းရပ်ကွက် ဆိုတာ၊ ရပ်ကွက်က ပိုင်တဲ့ ဘောလုံးကွင်းလေး တကွင်းရှိပါတယ်။ အဲဒီမှာ လုပ်ထား ပါတယ်။ မနက်ကတုန်းကတော့ ပုံမှန် လေယာဉ်ပျံက ရန်ကုန်က ထွက်ဖို့ဟာ ၇ နာရီ ၁၉ ပါ။ ဒါပေမဲ့ နှင်းတွေ အရမ်းပိတ်နေလို့ ၉ နာရီမှာ ထွက်ဖြစ်ပါတယ်။ အဲဒီတော့ အချိန်တွေ အကုန်လုံးက ၊ စီစဉ်ထားတာ အကုန်လုံးက နောက်ကျကုန်တာပေါ့။ အဲဒီတော့ မြစ်ကြီးနားရောက်တော့လည်း ချက်ချင်းဘဲ ကားပေါ် တက်ပြီးတော့ မြစ်ကြီးနား လူထုကို သိပ်မနှုတ်ဆက် နိုင်ပါဘူး။ နမ္မတီး ကို ဆက်ခဲ့တယ်ပေါ့။ အာဏာပိုင်က အရင် တစ်ခေါက် ကျနော် မြစ်ကြီးနား တက်ကတည်းကို က ပြည်နယ်ရဲ မှူးကြီးနဲ့ သွားတွေ့ပါတယ်။ လုံခြုံရေးက သူတို့ တာဝန် အစွမ်းကုန် ပေါ့ လုံခြုံရေး အတွက်ကို သူတို့ လုပ်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောပါတယ်။”



ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်ပါ။ ဒီကနေ ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တဲ့ ကချင်ပြည်နယ် အတွင်းက လမ်းတလျောက်မှာတော့ ထောင်နဲ့ ချီတဲ့မြို့လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို နှုတ်ဆက် ခဲ့ကြပါတယ်၊



ဒီကနေ့ ညနေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိုးကောင်းကနေ မြစ်ကြီးနားကို ပြန်နေတာဖြစ်ပြီး မြစ်ကြီးနားမှာ တိုင်းရင်းသား ခေါင်းဆောင်တချိုနဲ့ ညစာ အတူစားဖို့ စီစဉ်ထားပါတယ်၊



ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်ကို သွားတာ ဒါ တတိယအကြိမ် ဖြစ်ပြီး ၁၉၈၉ ခုနှစ်က တကြိမ် ၂၀၀၃ ခုနှစ်မှာတကြိမ်သွားခဲ့ဖူးပါတယ်။






ဒေါ်အောင်ဆန်းစုကြည် မိုးကောင်းမြို့တွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက် ()
Yangon Press International - http://www.facebook.com/ygnpress
ဖေဖေါ်ဝါရီ ၂၃ ၊ ညနေ ၅နာရီခွဲ မိုးမခ



ယနေ့ မြစ်ကြီးနားမြို့ ရောက် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - စိုးဇေယျာထွန်း - Reuters)






ကျွန်မတို့ရောက်လာတာ အင်မတန်မှနောက်ကျပါတယ်။ ရန်ကုန်က လေယာဉ်ပျံထွက်တာနောက်ကျလို့ဖြစ်သွားတာပါ။ နောက်ကျပေမယ့်လည်း လာရကျိုး အများကြီးနပ်ပါတယ်။ ကျွန်မက မြို့သူမြို့သားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ (ဟေးးး)



နမ္မတီး-မိုးကောင်းလမ်းမှာ ကလေးလေးတွေ တော်တ်ာများတာပဲ။ လူကြီးတွေ ဘယ်ရောက်နေမှန်းတောင်မသိဘူး။ (ရယ်သံများ)



နောက်မျိုးဆက်သစ်တွေက တက်တက်ကြွကြွရှိနေတယ်ဆိုတော့ ကျွန်မတို့ အင်မတန်မှအားတက်ပါတယ်။ ကျွန်မတို့ပါတီက စပြီးထူထောင်ကတည်းက လူကြီးလူငယ် လူလတ်မရွေး အားလုံးရဲ့အင်အားတွေကို စုပြီးတော့ ဒီမိုကရေစီရဖို့လုပ်ခဲ့ကြတာပါ။ အဓိကအားဖြင့်တော့ ဒီမိုကရေစီပြည်ထောင်စုကြီးထူထောင်ဖို့ ကျွန်မတို့ ကြိုးစားနေတာဖြစ်ပါတယ်။ အခုကျွန်မတို့ ကချင်ပြည်နယ်မှာဆိုရင် ဒီမိုကရေစီပြည်ထောင်စုရဲ့ တန်ဖိုးဘယ်လောက်ကြီးသလဲဆိုတာ လူတွေနားလည်ကြပြီထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ တစ်ကယ်ပဲ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုဖြစ်တယ်။ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ပြည့်စုံတဲ့ပြည်သူတွေရဲ့ စစ်မှန်တဲ့ပြည်ထောင်စု ဖြစ်တယ်ဆိုလို့ရှိရင် ကျွန်မတို့မှာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရှိမှာပါ။



အခုကချင်ပြည်နယ်မှာ မငြိမ်းမချမ်းဖြစ်နေရတာဟာ ကချင်ပြည်နယ်တင်မက ကျွန်မတို့ တစ်နိုင်ငံလုံးအတွက် အင်မတန်မှ ၀မ်းနည်းကျေကွဲစရာဖြစ်ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့နိုင်ငံကို ကိုယ်ခန္ဓာကြီးတစ်ခုလို့ပဲစဉ်းစားရမယ်။ တစ်နေရာကနာနေလို့ရှိရင် နောက်တစ်နေရာကလည်း ခံရတာပဲ။ လက်ညှိုးလေးနာရင်လည်းသိတာပဲ။ ခေါင်းနာနေရင်လည်းသိတာပဲ၊ ခါးနာနေရင်လည်းသိတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ပေါင်းတစ်စည်းထဲဖြစ်လို့။ ကျွန်မတို့တွေ တစ်ပေါင်းတစ်စည်းထဲဖြစ်တဲ့နိုင်ငံမို့လို့ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို တက်ညီလက်ညီလုပ်သွားဖို့လိုပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲတွေကို ပါဝင်ပြီးဆင်နွဲတဲ့အခါမှာ အဓိက ကိစ္စသုံးခုကိုရှေ့တန်းထားပါတယ်။ အဲဒီသုံးခုကဘာလဲဆိုတော့ ပထမကတော့ တရားဥပဒေစိုးမိုးရေး။ တရားဥပဒေစိုးမိုးရေးကို ဘာဖြစ်လို့ကျွန်မတို့တွေ အလေးထားရလဲဆိုတော့ မိုးကောင်းမြို့နယ် နယ်သားများအများကြီးနားလည်မှာပါ။ ဥပမာဆို လို့ရှိရင် မိုးကောင်းမှာဆိုရင် မိုးကောင်းတင်မကပါဘူး။ ဒီတစ်ဘက်လုံးမှာ လယ်မြေတွေ ယာမြေတွေကို မတရားသဖြင့် ၀ယ်ယူခဲ့တာ၊ သိမ်းဆည်းခဲ့တာဟာ ဒါဟာဥပဒေစိုးမိုးရေးမရှိခဲ့လို့။ (ဟေးးးးး)



ဥပဒေစိုးမိုးရေးရှိလို့ရှိရင် ကိုယ့်လယ်ယာပဲဖြစ်ဖြစ်၊ မြေကွက်ကလေးပဲဖြစ်ဖြစ် ကိုယ့်ရဲ့အိမ်ပဲဖြစ်ဖြစ် ကိုယ်ပိုင်တဲ့ပစ္စည်းကို ဥပဒေလက်မဲ့ဘယ်သူမှ မတရားသိမ်းလို့မရဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေးပဲဖြစ်တယ်။ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ဖြစ်တယ်ဆိုတာ ကျွန်မတို့ အားလုံးနားလည်အောင်လို့ ပြောချင်ပါတယ်။ တရားဥပဒေဆိုတာ ပြည်သူတွေကိုကာကွယ်ဖို့ ဖြစ်အောင်လို့ ကျွန်မတို့ကြိုးစားနေတာပါ။ တရားဥပဒေစိုးမိုးရေးဆိုတာ ဒါပါပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာ တရားဥပဒေကို ကိုင်ပြီးတော့ ပြည်သူတွေကို စိုးမိုးဖို့မဟုတ်ဘူး။ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဥပဒေက စိုးမိုးဖို့ဖြစ်ပါတယ်။ (ဟေးးးးး) ဒါကြောင့် ကျွန်မတို့ဟာ တရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်တာဖြစ်ပါတယ်။ နောက်ဒုတိယတစ်ခုက ထူးထူးထွေထွေ ထောက်ပြနေစရာမလိုပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးပါ။ ပြည်တွင်းငြိမ်းချမ်းရေးဟာ ကျွန်မတို့နိုင်ငံအတွက် တစ်ကယ့်ကိုလိုအပ်တယ်ဆိုတာ ကချင်ပြည်နယ်သူ ပြည်နယ်သား အားလုံးနားလည်မယ်လို့ထင်ပါတယ်။ (ဟေးးးး)









ပြည်တွင်းငြိမ်းချမ်းရေးရဲ့အခြေခံဟာ တစ်ဦးပေးတစ်ဦးနားလည်မှု၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု တစ်ဦးပေါ်တစ်ဦး လေးစားမှု။ တိုတိုပြောရမယ်ဆိုရရင် ပြည်ထောင်စုစိတ်ဓါတ်ပါပဲ။ ပြည်ထောင်စုစိတ်ဓါတ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အရယူရမယ်လို့ ယုံကြပါတယ်။ (ဟေးးးး)



ကလေးလေးတွေအင်မတန်များတဲ့မြို့ဖြစ်လို့ ပင်လုံဆိုတာဘာလဲဆိုတာ နည်းနည်းရှင်းပြရမယ်ထင်တယ်နော်။ နို့မို့ဆိုရင် ကလေးတွေက ပင်လုံဆိုတာ ဘာပါလိမ့်လို့ ထင်နေလိမ့်မယ်။ လူကြီးတွေက ကလေးတွေအများသိအောင်လို့ ပင်လုံအကြောင်း ထပ်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း လေ့လာပြီးရှင်းပြကြပါ။ နည်းနည်းလေးနဲ့ တိုတိုနဲ့ရှင်းပြရမယ်ဆိုရင် ၁၉၄၇ ခုနှစ်က ကျွန်မတို့ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ဖို့ဆိုပြီး ကျွန်မတို့တိုင်းရင်းသားတွေစုစည်းပြီး ပထမဦးဆုံးလုပ်ခဲ့တယ်။ အရင်တုန်းကဆိုရင် ဗမာကတစ်မျိုး၊ ရှမ်းကတစ်ခု၊ ကချင်ကတစ်လမ်းနဲ့ အဲဒီလိုဖြစ်နေကြတယ်။ ၁၉၄၇ ခုနှစ်မှာကျတော့ တိုင်းရင်းသားတွေနဲ့ အများစုဖြစ်တဲ့ ဗမာတွေနဲ့..၊ ဗမာဆိုတာလည်း တိုင်းရင်းသားထဲက တစ်ခုပါပဲ။ ဒါပေမယ့် အများစုပေါ့။ အများစုဖြစ်တဲ့ ဗမာတွေနဲ့ တခြားတိုင်းရင်းသားတွေလက်တွဲပြီးတော့လုပ်ရင် လွတ်လပ်ရေးကို မြန်မြန်ဆန်ဆန်ရမယ် ဆိုတဲ့ သဘောတူညီချက်အရ ပင်လုံစာချုပ်ဆိုတာ ရှမ်းပြည်မှာရှိတဲ့ ပင်လုံမြို့လေးမှာ လက်မှတ်ထိုးလိုက်တဲ့ စာချုပ်ဖြစ်ပါတယ်။



အဲဒီတော့ ကလေးတွေကို တိုတိုနဲ့ပြောရမယ်ဆိုရင် ပင်လုံဆိုတာ မြို့လေးတစ်မြို့ရဲ့နာမည်ဖြစ်တယ်။ အဲဒိမြို့လေးဟာ တိုင်းရင်းသားတွေ ပထမဦးဆုံး အကြိမ်နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီစွာ စာချုပ်ချုပ်ဆို လက်မှတ်ထိုးခဲ့တဲ့နေရာဖြစ်တယ်။ အဲဒီစာချုပ်ကို ပင်လုံစာချုပ်လို့ခေါ်တယ်။ အဲဒီတော့ ပင်လုံစိတ်ဓါတ်ဆိုတာ ဘာလဲဆိုရင် ရိုးရိုးလေးပြောရရင် ငါတို့အားလုံးလက်တွဲပြီးတော့ ငါတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတဲ့ ညီညွတ်မှုကို အခြေခံတဲ့စိတ်ဓါတ်ဖြစ်တယ်။ ဒါလောက်ဆိုရင် ကလေးတွေအားလုံးနားလည်သွားလောက်ပြီ။ ကြည့်ရတာ ကလေးတွေက ဉာဏ်ထက်တာချည်းပဲ။ (ဟေးးး)









ကျွန်မတို့ လူကြီးပိုင်း လူလတ်ပိုင်း လူငယ်ပိုင်း ကလေးပိုင်း မျိုးဆက်သစ်အမျိုးမျိုးရှိတယ်။ သူ့နေရာနဲ့သူရှိတယ်။ လူကြီးတွေက မိမိတို့ သမိုင်းအတွေ့အကြုံတွေ ပညာတွေကို လက်ဆင့်ကမ်းပြီးပေးလို့ရတယ်။ လူငယ်တွေ ကလေးတွေက မိမိတို့ရဲ့အင်အားတွေ အနာဂတ်မှာ ရရှိလာမယ့် စွမ်းအင်တွေကိုပေးလို့ရတယ်။ လူငယ်မို့လို့သာတယ်၊ လူကြီးမို့လိုသာတယ် အဲဒီလိုမရှိပါဘူး။ ကလေးဆိုလို့ရှိရင်လည်း ကလေးမို့လို့အားနည်းတာမဟုတ်ပါဘူး။ ကလေးတွေအင်အားက မနည်းပါဘူး။



လမ်းမှာကလေးလေးတွေအော်လိုက်လို့ရှင်ရင် တစ်ခါတည်းကို နားအူသွားတာပဲ။ အဲဒီတော့ ကလေးတွေရဲ့အင်အားက လုံးဝကိုမနည်းပါဘူး။ သူ့အသက်အရွယ်နဲ့သူ သူ့နေရာနဲ့သူ အင်အားရှိကြပါတယ်။ အရေးကြီးတာက ဒီအင်အားတွေကို မှန်မှန်ကန်ကန်သုံးဖို့ပဲ။ အင်အားတွေကို မှန်မှန်ကန်ကန်မသုံးလို့ရှိရင် အန္တရာယ်အများကြီဖြစ်နိုင်တယ်။ လူအများကိုလည်း ဒုက္ခပေးနိုင်တယ်။ ဥပမာဆိုလို့ရှိရင် ခဲလုံးတစ်လုံးနဲ့ ခဲလုံးတစ်လုံးကောက်ပြီးသူများကိုပေါက်ရင် နာမှာပေါ့။ ဒါပေမယ့် အဲဒီခဲလုံးနဲ့ လဲကျမယ့် အရာတစ်ခုခုကို ခုပေးရင် အထောက်အပံ့ဖြစ်တာပေါ့။ အဲဒီတော့ ကိုယ့်ရဲ့အင်အားတွေဟာ ကောင်းအောင်သုံးမလား ဆိုးအောင်သုံးမလားဆိုတာ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်တယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀အတွက် ကိုယ်တာဝန်ရှိတယ်။ လူများတွေကို တစ်ချိန်လုံး အပြစ်ဆိုနေလို့ မဖြစ်ဘူး။ သူတို့ကြောင့်မို့လို့ ဖြစ်တာ ဟိုလူကြောင့်ဖြစ်တာ ဒီလူကြောင့်ဖြစ်တာ။ ဟုတ်တယ် အခြေအနေကြောင့်မို့လို့ အခက်အခဲတွေအမျိုးမျိုးတွေ့ကြုံနိုင်တယ်။ မနက်ကကျွန်မ လမ်းခရီးမှာပြောသွားပါတယ်။



ကျွန်မတို့ဟာ မနက်နှင်းတွေပိတ်ပြီးဖြစ်နေလို့ လေယာဉ်က ရန်ကုန်ကမထွက်နိုင်ဘူး။ မထွက်နိုင်တဲ့အခါကျတော့ နှင်းတွေကွဲသွားတဲ့အထိစောင့်ရတယ်။ ဒီမြူတွေစင်သွားမှ လေယာဉ်ကထွက်လို့ရတယ်။ တစ်ခါတစ်လေ လမ်းတွေကပိတ်နေတဲ့အခါ အတိုင်းအတာတစ်ခုအထိစောင့်ရတယ်။ ဒါပေမယ့် နှင်းတို့မြူတို့ဆိုတာ သဘာဝအရဖြစ်တဲ့ကိစ္စတွေ။ လူတွေကြောင့်ဖြစ်တဲ့ ဟန့်တားမှုတွေကျ လူတွေကိုယ်တိုင်ဖယ်ရှားရမှာ။ အဲဒါကိုတော့ သဘောပေါက်ရမယ်။ (ဟေးးးးး)



(မိန့်ခွန်း ဒုတိယပိုင်းကို ဆက်လက် ဖေါ်ပြပေးသွားပါမည်။ )






မိုးကောင်းမြို့မိန့်ခွန်းကောက်နှုတ်ချက် ()
Yangon Press International - http://www.facebook.com/ygnpress
ဖေဖေါ်ဝါရီ ၂၃ ၊ ညနေ ၅နာရီ ၅၅ မိနစ် မိုးမခ



ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရောက် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံများ - REUTERS/Soe Zeya Tun - http://news.yahoo.com/)



ကျွန်မတို့ပြည်သူပြည်သားတွေတိုးတက်ဖို့ဆိုတာ လုပ်စရာတွေအများကြီးပါပဲ။ ကျွန်မက လွယ်လွယ်နဲ့ အဆင်ပြေသွားမယ်လို့ ကတိမပေးပါဘူး။ဒါဆိုရင် ပြည်သူကို စော်ကားရာရောက်ပါတယ်။ လွယ်လွယ် ကတိပေးတာ၊ စိတ်ထဲကမပါဘဲနဲ့ ပါးစပ်ပြောနဲ့ မဲလိုချင်လို့ပြောတာ ပြည်သူကိုစော်ကားရာကျပါတယ်။ မဲလိုချင်တာကတော့ အမှန်ပဲ။ ဒေါ်ခင်ကြည်ကို မဲပေးကြပါလို့ ဆော်သြမှာ အမှန်ပါပဲ။ မဲတောင်းတဲ့နေရာမှာ ကျွန်မ ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ်မတ်၊ မှန်မှန်ကန်ကန်နဲ့ တောင်းခံတာပါ။



မဲတောင်းတယ်ဆိုတာ ပြည်သူလူထုအတွက် အမှန်တစ်ကယ်လုပ်ပေးနိုင်ဖို့ အခွင့်အရေးတောင်းတာပဲဖြစ်တယ်။ အခွင့်အရေးဆိုတာကလည်း ခုချိန်ထိ မစဉ်းစားသေးဘူး။ လွှတ်တော်ထဲမှာ လစ်လပ်တဲ့နေရာ ၄၈နေရာပဲရှိတယ်။ ၄၈နေရာမှာအောင်နိုင်ဖို့ ကျွန်မတို့ အင်မတန်ကြိုးစားရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီတခုအဖြစ် လွတ်လွတ်လပ်လပ် စနစ်တကျ လှုပ်ရှားလို့ရပြီ ဆိုတာ အခုဆို နှစ်လလောက်ပဲ ရှိပါသေးတယ်။ အဲဒီ နှစ်လလောက်ထဲမှာ ကျွန်မတို့ရဲ့ပါတီကို ဦးမော့လာပြီးတော့ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့အတွက် အလုပ်တွေ ဦးဆောင်ခဲ့ရတာ အင်မတန်မှ ခက်ခဲပါတယ်၊ ပင်ပန်းပါတယ်။ ပြည်သူရဲ့ထောက်ခံမှုအနေနဲ့ ဒီအခြေအနေကို ရောက်လာခဲ့တာပါ။ အဲဒီအတွက် ကျွန်မက ပြည်သူတွေကို အခွင့်အရေးတောင်းတာပါ။ မဲပေးပါ ဆိုတာ ကျွန်မတို့ကို အခွင့်အရေးပေးပါလို့။ ကျွန်မတို့တွေ စပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် စပြီးတော့ ခြေတစ်လှမ်း လှမ်းပါရစေလို့။ နောက်တစ်လှမ်းလို့ပြောတော့ ရှေ့တစ်လှမ်းကရောလို့ မေးဖွယ်ရှိပါတယ်။ ရှေ့တစ်လှမ်းက အနှစ်နှစ်ဆယ် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးဖြစ်ပါတယ်။



ကျွန်မတို့က ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲဝင်ခဲ့တယ် ဆိုတာ ခုကလေးတွေပါခဲ့ရင်သိမယ်။ လူကြီးတွေလည်း သိမယ်။ ၁၉၉၀ ဆိုတာ၂၂နှစ် ရှိသွားပြီ။ လူငယ်တွေ၊ ကလေးတွေ၊ အများက မမွေးသေးဘူး။ ၁၉၉၀တုန်းက ရွေးကောက်ပွဲကို သိမှာ မဟုတ်ဘူး။



၉၀ရွေးကောက်ပွဲက ဘာကအရေးကြီးသလဲ ဆိုတော့ အဲဒီရွေးကောက်ပွဲမှာ ဒီမို ရမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၉ တုန်းက ဖွဲ့စည်းပြီးတော့ ပထမဦးဆုံး ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ပါတီတွေလည်း အများကြီးဝင်ရောက်ကြပါတယ်။ ဒီမိုကရေစီရှိတဲ့ရွေးကောက်ပွဲကို ၀င်လာတဲ့ပါတီတွေလည်း အများကြီးရှိပါတယ်။



ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ပါတယ်။ ၈၀ရာနှုန်းကျော် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေရဲ့တာဝန်ကို ထမ်းဆောင်ခွင့်မရခဲ့ပါဘူး။ လွှတ်တော်အတွင်း မရောက်ရှိခဲ့သော်လည်း အဖွဲ့ချုပ်က ဘယ်တော့မှအားမလျော့ခဲ့ပါဘူး။ ကျွန်မတို့တွေရဲ့ မူဝါဒတွေကိုလည်း လက်မလွှတ်ခဲ့ဘူး။ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီရဖို့အတွက် ကျွန်မတို့ဆက်လုပ်သွားပါမယ်။ အကြမ်းမဖက်တဲ့နည်းနဲ့လုပ်တယ်ဆိုတာ အကြမ်းဖက်တဲ့နည်းထက် အချို့နေရာတွေမှာ အင်မတန်မှ ခက်ခဲပါတယ်။ အကြမ်းမဖက်တဲ့နည်းက စွန့်စားရတယ်၊ ခံရဲရတယ်။ ကျွန်မတို့က ခွင့်လွှတ်ခဲ့တယ်၊ ခံခဲ့ရတယ်။ ကျွန်မတို့ရဲ့ လုပ်ရပ်တွေဟာ အကုန်လုံးမှန်ခဲ့လား ဆိုတော့လည်း မပြောနိုင်ပါဘူး။ ပါတီ၊ လူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ မှားတာတွေလည်းရှိ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အားနည်းချက်အမှားတွေအပေါ်မှာ သုံးသပ်ပြီးတော့ ပြုပြင်နိုင်ခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒီလိုပြုပြင်နိုင်ခဲ့လို့ ခုအချိန်မှာ အများပြည်သူကထောက်ခံတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဆက်ပြီး ရပ်တည်နိုင်တာပါ။



အဲဒီလိုတည်ရှိနိုင်လို့လည်း ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။



မိုးကောင်းမြို့နယ်အတွက် ရွေးချယ်တဲ့ကိုယ်စားလှယ်ကို ရွေးချယ်ပုံရွေးချယ်နည်း ရှင်းပြစရာ ရှိပါတယ်။ ပြည်သူတွေကို သတိပေးချင်ပါတယ်။ ဘယ်ပါတီနိုင်ငံရေးပဲဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် လာပြီးတော့စည်းရုံးလို့ရှိရင် ပြည်သူတွေဟာ မေးခွန်းမေးပိုင်ခွင့်ရှိတယ်။ မေးခွန်းတွေ ခေါင်းထဲမှာရှိရင် မေးပိုင်ခွင့်ရှိတယ်။ လူအုပ်ကြီးထဲမှာ တစ်ဦးချင်း မေးဖို့ အခွင့်အရေး မရှိဘူး။ ပြည်သူတွေရဲ့ ထောက်ခံမှုကို လိုချင်တယ်။ ဘာလို့ လိုချင်သလဲ ဆိုတာကို ရှင်းပြရမယ်။



ကျွန်မတို့က ဒေါ်ခင်ကြည်ကို မိုးကောင်းမှာ ကိုယ်စားလယ်လောင်းအဖြစ်နဲ့ ဘာကြောင့်ရွေးချယ်ရလဲဆိုတော့ အဖွဲ့ချုပ်မှာ အခြေခံမူတွေ ရှိပါတယ်။ ကိုယ်စားလှယ်တွေက ပြည်သူတွေလေးစားနိုင်လောက်အောင် ရှိရမယ်။ ကိုယ်ကျင့်တရားလည်း ကောင်းရမယ်။ ပြည်သူတွေလေးစားမှ ကျွန်မတို့ ကိုယ်စားလှယ်တွေ ရွေးချယ်ခံရမယ် ဆိုတာ သိပြီးသားပါ။ အဖွဲ့ချုပ်ထဲမှာဆိုရင် သိက္ခာရှိရှိနဲ့ လျှောက်ခဲ့တဲ့လူတွေ အများကြီးရှိပါတယ်။ အဲဒီအထဲက ၄၈ယောက်ကို ဘယ်လိုရွေးမလဲလို့ ကျွန်မတို့စဉ်းစားရပါတယ်။



ပထမအချက် ပြည်သူတွေရဲ့ကိုယ်စားလှယ်တွေက လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိရမယ်။ အဲဒီလို အရည်အချင်းတွေက ဘာတွေလည်းဆိုရင် အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်း၊ အဲဒီအထဲမှာ တစ်ခု အနည်းဆုံး ပိုင်ပိုင်နိုင်နိုင် ရှိရမယ်။ မဟုတ်ဘူးဆိုရင် ပြည်သူတွေရဲ့တာဝန်တွေ ၀တ္တရားတွေကို ဘယ်လုပ်နိုင်မလဲ။ စေတနာရှိလို့လည်း မပြီးသေးဘူး၊ အလုပ် လုပ်တတ် ကိုင်တတ်မှ ဖြစ်မှာပါ။ စေတနာလည်းရှိပြီး လုပ်တတ်ကိုင်တတ်ရင် အကောင်းဆုံးပဲ။






နမ္မတီးကျေးရွာ ဘောလုံးကွင်းတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်
Yangon Press International - http://www.facebook.com/ygnpress
ဖေဖေါ်ဝါရီ ၂၃၊ မွန်းလွဲ ၃နာရီ ၄၀ မိနစ် မိုးမခ



ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေကြသော မြစ်ကြီးနားမြို့ ဒေသခံများ (ဓာတ်ပုံများ - REUTERS/Soe Zeya Tun - http://news.yahoo.com/)



()



အနှစ်၂၀ကျော်အတွင်း ပြည်သူတွေချီတက်ချင်တဲ့ ဒီမိုကရေစီလမ်းမှာရှိနေတဲ့ အတားအဆီးတွေကို တဆင့်ပြီးတဆင့်ဖယ်ရှားဖို့ ကြိုးစားခဲ့ရတာပါ။ ဒီကြိုးစားမှုမှာ အဖွဲ့ချုပ်နဲ့ ဒီမိုကရေစီလိုလားတဲ့အဖွဲ့အပြင် အခုဆိုရင် နိုင်ငံတော်သမ္မတကလည်း ၀ိုင်းဝန်းပြီး ဒီအထဲမှာ ပါဝင်လာလို့ ခရီးလမ်းတော်တော် ပွင့်လာပြီလို့ဆိုရမှာပါ။ လမ်းကပွင့်လာပြီဆိုပေမဲ့ လျှောက်ဖို့လိုပါသေးတယ်။ ဒီလမ်းကိုလျှောက်ဖို့ဆိုရင် အားလုံးကညီညွတ်ဖို့လိုတယ်။ အင်အားတောင့်တင်းဖို့လိုတယ်။ ကျွန်မအခုလာတဲ့ခရီးလမ်းမှာဆိုရင် ကလေးလေးတွေ အများကြီးတွေ့တယ်။ ဒီလောက်ကလေးအင်အားများတဲ့နေရာ ကျွန်မမရောက်ခဲ့ဖူးပါဘူး။ ဒါကြောင့် ကလေးပါတီဝင် အန်အယ်ဒီလို့ပြောရမယ်လို့တောင်ဖြစ်နေပါတယ်။ ရွေးကောက်ပွဲခရီးစဉ်မှာ ပထမဦးဆုံးရောက်လာတဲ့ ပြည်နယ်ခရီးစဉ်ဖြစ်ပါတယ်။ ဒီမှာဆိုရင် ရှမ်း၊ဗမာ၊ ကချင် တိုင်းရင်းသားမျိုးစုံကနေ မတူညီတဲ့ပြည်နယ်ကိုရောက်လာလို့ အင်မတန်မှ ၀မ်းသာမိပါတယ်။



()



ဒီနိုင်ငံဟာ ပြည်ထောင်စုဖြစ်တယ်ဆိုတာ မေ့လို့မရပါဘူး။ လွတ်လပ်ရေးရတာက တိုင်းရင်းသား ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ခဲ့လို့ လွတ်လပ်ရေးရခဲ့တာပါ။ ဒီမိုကရေစီရဖို့ဆိုတာလည်း တိုင်းရင်းသားလူမျိုးအားလုံးလုပ်နိုင်တဲ့ဘက်က လုပ်ရပါမယ်။ ဒီမိုကရေစီရဖို့မကဘူး၊ ခိုင်မြဲအောင်လုပ်ရမယ်။



ကလေးပါတီတစ်ခုအဖြစ် ကလေးတွေနားလည်အောင် ပြောချင်ပါတယ်။ ကလေးတွေက လမ်းမှာ တက်တက်ကြွကြွနဲ့ ကြိုဆိုကြတယ်။ ကလေးတွေက ငယ်ငယ်ကတည်းက ဒီမိုကရေစီစိတ်ဓါတ်ဝင်တာ ကျွန်မတို့အနာဂတ်အတွက် သိပ်ကိုကောင်းပါတယ်။ ဒီစိတ်ဓါတ်တွေကို ကလေးတွေဆက်လုပ်သွားမယ်ဆိုရင် ကျွန်မတို့နိုင်ငံက အရှေ့မှာဖွံ့ဖြိုးမယ်၊ တိုးတက်မယ်၊ သာယာမယ်။ ကလေးစိတ်ဓါတ်က လူကြီးတွေရဲ့ခိုင်မာတဲ့လုပ်ဆောင်ချက်တွေဖြစ်သွားမယ်။ ဒါကြောင့် ကလေးတွေကို ကျေးဇူးတင်ပါတယ်။ ကလေးတင်မကဘူး လူငယ်တွေအင်အားပါ လိုအပ်တယ်။



လူငယ်တွေက ကိုယ့်ကိုကိုယ် နိုင်ငံအတွက်၊ တိုင်းသူပြည်သားတွေအတွက် ပြုစုပျိုးထောင်သွားစေချင်ပါတယ်။ လူကြီးတွေက ဘယ်လောက်ပဲဖြစ်စေချင်ဖြစ်စေချင် ကိုယ်တိုင်လုပ်မှဖြစ်မယ်ဆိုတာသိစေချင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ မိုးကောင်းမြို့နယ်က ယှဉ်ပြိုင်ပါမယ်။ ယှဉ်ပြိုင်ရတဲ့အကြောင်းက ပြည်ထောင်စုစိတ်ဓါတ် ပေါ်လွင်ပါတယ်။ တစ်တိုင်းပြည်လုံး ပြည်နယ်တွေအပါအ၀င်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ချင်ပါတယ်။ ကျွန်မတို့ကိုယ်စားလယ်လောင်းအနေနဲ့ ဒေါ်ခင်ကြည်ကို ရွေးချယ်ရတဲ့အကြောင်းကို နဲနဲရှင်းပြချင်ပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ဘယ်လိုပုဂ္ဂိုလ်တွေကို ကျွန်မတို့ရဲ့ကိုယ်စားလှယ်တွေဖြစ်မလဲဆိုတာ စဉ်းစားရပါတယ်။ ကျွန်မတို့ရဲ့အခြေခံမူကတော့ ပြည်သူကလေးစားရတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီမိုကရေစီကိုလေးစားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလိုပုဂ္ဂိုလ်တွေက ကျွန်မတို့ရဲ့ အဖွဲ့ထဲမှာ တော်တော်များများရှိပါတယ်။ အဲဒီများနေတဲ့လူတွေထဲကမှ ထပ်မံပြီးတော့ရွေးတဲ့အခါမှာ အမျိုးသမီးတွေ၊ တိုင်းရင်းသူ/သားတွေကို ဦးစားပေးမယ်လို့ စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။ ဒါက ပြည်နယ်တွေတင်မဟုတ်ပါဘူး။ ကျွန်မတို့ မြန်မာအများစုရှိနေတဲ့ တိုင်းတွေမှာတောင် ကျွန်မတို့ဒီမူနဲ့ပဲသွားပါတယ်။ ဥပမာ ရန်ကုန်တိုင်းမှာဆိုရင် ၆ မြို့နယ် လစ်လပ်ပါတယ်။ အဲဒီမှာ () မြို့နယ်မှာ အမျိုးသမီးတွေဝင်ပြိုင်မှာဖြစ်ပါတယ်။ ဒါက အမျိုးသမီးတွေကို အားပေးတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က အမျိုးသမီးတွေရဲ့အင်အားကို မသုံးလို့ရှိရင် ဒီနိုင်ငံမှာ တိုးတက်သင့်သလောက် တိုးတက်မှာမဟုတ်ပါဘူး။ အမျိုးသမီးနဲ့အမျိုးသားဟာ ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးဦးရေက နည်းနည်းအလေးသာသွားပါတယ်။ တစ်ဝက်မကရှိတဲ့အင်အားတွေကို ထိရောက်စွာသုံးဖို့လိုပါတယ်။ ဒါကြောင့် အမျိုးသမီးကိုယ်စားလယ်တွေ တတ်နိုင်သလောက်ပါဝင်အောင်ရွေးချယ်မယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။



()



လူတွေကများ ပြည်သူတွေကများ ဆိုတော့ ကျွန်မတယောက်ထဲ ဆိုတော့ တယောက်ချင်း တယောက်ချင်းကို ကျေးဇူးတင်တယ်လို့ပြောချင်ပေမယ့် အားလုံးကို တကယ်ကို တဦးချင်း တဦျးင်းအပေါ် စေတနာအပြည့်အ၀နဲ့ ကျေးဇူးတင်ပါတယ် လို့ပြောပါရစေ။



ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့လည်း အဆက်မပြတတ် နေစေချင်ပါတယ်။ အကြံပြုစာရာရှိလို့ရှိရင်လည်း ကျွန်မတို့ အဖွဲ့ချုပ်မှာ သွားပြီးအကြံပြုလို့ရပါတယ်။



ပြည်သူတွေရဲ့ ဒုက္ခတွေရှိတယ်ဆိုရင်လည်း တင်ပြလို့ရပါတယ်။ ကျွန်မတို့ တောင်သူလယ်သမားတွေ ဘယ်လောက်ထိ ပြဿနာတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ နားလည်ပါတယ်။



အဲဒါတွေနဲ့ ပတ်သက်လို့ အကူအညီလိုတယ်ဆိုရင် အဖွဲ့ချုပ်ရုံးက တဆင့် ဆက်သွယ်ပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့ ဒုက္ခတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်တာ အကောင်းဆုံးပါပဲ၊ ကျွန်မတို့ဟာဒါကြောင့်မို့ ပြည်သူတွေကို အင်အားဖြည့်ပေးရတယ်ဆိုတာ၊ ပြည်သူတွေအနေနဲ့ ကိုယ့်ဘာသာ ကိုယ်ရင်ဆိုင်ပြီး ကိုယ်ဘာသာကိုယ် ရင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေ အင်အားတွေ ရရှိဖို့ ဖြစ်ပါတယ်။ နောက်ဆုံး ဘယ်လိုဖြစ်နိုင်လဲ ဆိုတော့ ပြည်သူတွေကို အစိုးရက ပြန်အားကိုးတဲ့ အခြေအနေကိုရောက်အောင် ပို့နေတာဖြစ်ပါတယ်။ ခုလည်းကျွန်မတို့ အားကိုးနေရတာပဲ။



()



ကျွန်မတို့ဟာ ပြည်ထောင်စုပါ၊ တိုင်းရင်းသားပေါင်းစုံ နဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုပါ။ ဒါကြောင့် ကျွန်မတို့ အချင်းချင်း တဦးပေါ် တဦးနားလည်မှုရှိရမယ်။ တဦးပေါ် တဦး သစ္စာထားရမယ်၊ ညီညီညွှတ်ညွတ်နဲ့ ကျွန်မတို့ဟာ ကိုယ်လိုချင်တဲ့ ပြည်ထောင်စုကြီး တခုကို တည်ထောင်နိုင်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ အားလုံး လက်တွဲပြီးတော့ အားလုံး ချီတက်ကြပါစို့လို့ ကျွန်မမှာကြားချင်ပါတယ်။ ။



ဦးအောင်မြကျော် မေးမြန်းခန်း
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 23 အင်တာဗျူး - နိရဉ္စရာ



ရခိုင်ပြည်နယ် လွှတ်တော်ကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ပြန်လည် စတင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်မှာ ဘာတွေကို ဆွေးနွေးပြီး အစိုးရအပိုင်းက ဘာတွေကို တင်ပြခဲ့သလဲ ဆိုတာ သိရှိနိုင်အောင် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်ကို ဆက်သွယ်မေးမြန်းခဲ့ပါ တယ်။ ဦးအောင်မြကျော်က ကျွန်တော်တို့ မေးမြန်းတဲ့ မေးခွန်းတွေကို ခုလိုဘဲ ပြန်ဖြေကြားထားပါတယ်။




(ရခိုင်ပြည်နယ်မှာ ဒီနေ့လွှတ်တော် ကျင်းပတယ်ဆိုတော့ ဘာတွေကို အဓိထားပြီး ဆွေးနွေး ကြပါသလဲ ခင်ဗျား။)



ဖြေ။ ။ ဒီနေ့ ကျနော်တို့ဆွေးနွေးတာကို ပြောရမယ် ဆိုရင် လွှတ်တော်ပထမနေ့မှာ ဆွေးနွေးတာတော့ မရှိပါဘူး။ အစိုးရအဖွဲ့ဝင်တွေရဲ့ တနှစ်တာ အစီရင်ခံစာတွေပါလဲ။ ဥပမာ အားဖြင့် ဆိုရင် တရားသူကြီးချုပ်တို့၊ ဥပဒေချုပ်တို့၊ စာရင်းစစ်ချုပ်တို့ သူတို့တွေရဲ့ တစ်နှစ်တာ ဆောင်ရွက်ခဲ့တဲ့ အစီရင် ခံစာတွေ တင်သွင်းကြပါတယ်။ အဲသလို အစီရင်ခံစာတွေကို ဖတ်ပြတာနဲ့ ပထမနေ့ လွှတ်တော်က ပီးဆုံးသွားခဲ့ပါတယ်။



(ဟုတ်ကဲ့။ အဲသလို အစီရင်ခံစာတွေ ဖတ်ပြတယ်ဆိုတော့ တခြားလွှတ်တော် အမတ်တွေကတော့ သူတို့ အစီရင်ခံစာတွေ အပေါ်မှာ ထပ်ဆွေး နွေးလို့ ရပါလားခင်ဗျား။)



ဖြေ။ ။ သူတို့ရဲ့ အစီရင်ခံစာတွေကိုတော့ လုပ်ဆောင်တဲ့ ကဏ္ဍတွေကိုသာ တင်ပြတာပါ။ ဆွေးနွေးမယ့် အဆိုအ နေနဲ့ တင်ပြတာ မဟုတ်တော့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဆွေးနွေးခွင့်တော့ မရှိဘူးပေါ့နော်။ နားထောင်ဖို့ သက်သက်ပါပဲ။



(အဲဒီတော့ ဆွေးနွေးမယ်ဆိုတော့ တောင်းဆိုလို့ ရနိုင်မယ့် အနေအထားရှိပါလား။)



ဖြေ။ ။ သူတို့က အဆိုအနေနဲ့ တင်ပြတာမဟုတ်တော့ လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ဆွေးနွေးခွင့်တော့ ရှိမှာ မဟုတ်ပါဘူး။ ရနိုင်မယ် မထင်ပါဘူး အဲသလို။



( ဟုတ်ကဲ့။ သူတို့ ဒီနေ့တင်ပြတဲ့ အထဲမှာ ထူးခြားတာက ဘာတွေရှိပါသလဲ။ ရခိုင်ပြည်သူတွေကို ချပြ လို့ရတဲ့ အချက်တွေ ဘာတွေရှိပါသလဲ။)



ဖြေ။ အဓိကတော့ တရားသူကြီး အဖွဲ့တွေက အမှုဘယ်လောက် တက်တယ်။ အဲဒီ အမှုအပေါ်မှာ ဘယ် လောက်ထိ တရား စီရင်မူ လုပ်ထားပြီးပြီ ။ ဘယ်လောက်ထိ အမူတွေ စီရင်ချက် မချဘဲ ကျန်နေသးတယ်။ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ကိန်းဂဏန်းတွေနဲ့ ချပြပါတယ်။



(ဟုတ်ကဲ့။ အဲဒီကိန်း ဂဏန်းတွေကို ပြောပြလို့ရမှာလား ခင်ဗျား။)



ဖြေ။ တစ်နှစ်လုံး အတိုင်းအတာတော့ သူတို့ ဟိုဟာ သူတို့ ရခိုင်ပြည်နယ်မှာ မနှစ်က တာဝန်စယူ ကတည်းကနေ ကိန်းဂ ဏန်းတွေ ပြောမယ်ဆိုလို့ရှိရင် အမှုပေါင်းက ၉၈၈ မူလောက်ဖြစ်တယ်။ အမှုတွေမှာ သူတို့ရဲ့ လုပ်ဆောင် မှုအပိုင်းတွေက နှစ်ဝက်တစ်ဝက်လောက် ရှိတာပေါ့။ ဥပမာ သူတို့ လုပ်ဆောင် ထားတဲ့ ယခင်လက်ကျန် မှာ အမှုပေါင်း ၉ ရာကျော်တက်တဲ့ အထဲမှာ ထ၀က်ကျော် လုပ်ဆောင် ပြီးတဲ့သဘော တင်ပြသွားတာပေါ့။ ပြီး ရင် စာရင်းစစ်ချုပ်တွေ အနေနဲ့လည်း စာရင်းစစ်ချုပ်က ဒီရခိုင်ပြည်နယ်မှာ လုပ်တဲ့ စီမံကိန်းတွေမှာ အပိုတင်ထားတဲ့ ကိန်းဂဏန်းတွေကို ပြန်ပြီး စစ်ဆေးတွေ့ရှိတဲ့ အကြောင်း၊ စစ်ဆေးတဲ့ အထဲက အပိုတင်ထားတဲ့ ဟာတွေကို ပြည်နယ် ဘဏ္ဍာကို ပြန်သွင်းခိုင်း တာတွေပေါ့လေ။ အဲသလို မျိုး အတိုင်းအတာတွေ ပြန်သွင်း ခိုင်းတော့ မလိုအပ်တဲ့ အသုံးတွေရှိရင် နည်းသွားတဲ့ သဘောပေါ့။ အဲဒီဟာတွေ ပြန်ပြီး သွင်းခိုင်တဲ့ အစီအစဉ်ကိုတော့ လုပ်တာတော့ တွေ့ရပါတယ်။ သူတို့ဖတ်ပြတဲ့ အထဲမှာ ပါပါတယ်။



(ဦးအောင်မြကျော်တို့ ရခိုင်ပြည်က လွှတ်တော်တွေ အနေနဲ့ မနက်ဖြန် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ လွှတ်တော်မှာ ဘာတွေ ကို အဓိကထား တင်ပြဖို့ စီစဉ်ထားတာရှိပါလဲ ခင်ဗျား။)



ဖြေ။ ကျနော့်အနေနဲ့ တော့ မေးခွန်း အဆိုတွေ တင်ထားတာပေါ့။ ဒါပေမဲ့ ဒီနေ့ လွှတ်တော် စတဲ့ နေ့မှာ တင်သွင်းတဲ့ ဥပဒေကြမ်းက နှစ်ခု တင်သွင်းပါတယ်။ အဲဒီ ဥပဒေကြမ်းတွေကို ကျနော်တို့ အသေးစိတ် ဆွေးနွေးမယ်လို့တော့ စီစဉ်ထားပါတယ်။ ဒီနဲ့ ဥပဒေမူကြမ်း နှစ်ခုကတော့ ရခိုင်ပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေဆိုပြီးတော့ အစိုးရ အဖွဲ့က တင်ပါတယ်။ ပြီးရင် တစ်နှစ်တာ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ရသုံး နှစ်ရှည် ဥပဒေမူကြမ်း နှစ်ခု တင်ပါတယ်။ အဲဒီ အပိုင်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးနိုင်မယ့် လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ အမည် စာရင်းတွေပေးပါ ဆိုတော့ ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေး တိုးတက်ရေး အတွက်ရော၊ ကျနော်တို့ ဒီဘက် ဘတ်ဂျက် မလိုအပ်တဲ့ အသုံး အနေနဲ့ရော၊ ပြီးရင် မလိုအပ်တဲ့နေရာမှာ အကုန်အကျမဖြစ်အောင် ဘတ်ဂျက်ကို ဘယ်လိုညှိ့မှာလဲ ဘယ်လိုလုပ်မှာလဲ ဆိုတာ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးရင်တော့ အသေးစိတ် ဆွေးနွေးမယ်လို့တော့ အစီအစဉ် လုပ်ထားပါတယ်။



ကျေးဇူးတင်ပါတယ်။



နောက်ဆုံး

တရုတ်ရှိ မြန်မာအမျိုးသမီးအလုပ်သမားများ ဥပဒေအကာအကွယ်လိုအပ်နေ
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 23 ကေအိုင်စီ



တရုတ်နိုင်ငံတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအမျိုးသမီး အလုပ်သမားများ၏ အခွင့်အရေးများကို ဥပဒေဖြင့် အကာအကွယ်ပေး စေလိုကြောင်း မြန်မာအမျိုးသမီးများ သမဂ္ဂ (BWU)က တရုတ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။

ယနေ့ ထုတ်ပြန်လိုက်သည့် တရုတ်နယ်စပ်မြို့နောက်ကွယ်မှ အသံမဲ့ (သို့) ပုန်းကွယ်နေသောအရိပ်များ အမည်ရှိ BWU ၏ အစီရင်ခံစာ တွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။



BWU အနေဖြင့် လွန်ခဲ့သော ၁၀နှစ်ကျော်ကပင် တရုတ်နိုင်ငံရှိ မြန်မာအမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို လေ့လာ စောင့်ကြည့်ကာ အချက်အလက်များ စုဆောင်းခဲ့ပြီး ၂၀၁၀ခုနှစ်၊ ဧပြီမှ နိုဝင်ဘာလအထိ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး ၃၂ဦးကို တွေ့ဆုံ မေးမြန်း စစ်တမ်းပြုလုပ်၍ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။



တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ရွှေလီမြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁သိန်းကျော်ရှိနေပြီး အများစုမှာ အမျိုးသမီးအလုပ်သမား ဖြစ်သည်။ ၎င်းအမျိုးသမီးများသည် လိင်ဖျော်ဖြေရေးအလုပ်၊ အိမ်ဖော်၊ ဈေးရောင်းအလုပ်၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စက်ရုံအလုပ် ရုံများတွင် လုပ်ကိုင်နေကြသည်ဟု BWU အစီရင်ခံစာတွင် ဖော်ပြထားသည်။



BWU ကော်မတီဝင် ဒေါ်တင်တင်ညိုက “အမျိုးသမီးတွေ ခေါင်းပုံဖြတ်ခံနေရတာတွေ၊ နာရီအကြာကြီး အလုပ်လုပ်ရပြီးမှ အချိန်ပို လုပ် အားခ မရတာတွေ၊ လိင်လုပ်ငန်းက တရားဝင်မဟုတ်တဲ့အတွက် လမ်းပေါ်မှာ ဖောက်သည်လိုက်ရှာတဲ့ အနေအထားတွေမှာ အချိန်မရွေး အန္တရာယ်တွေနဲ့ ကြုံတွေ့နေရတယ်။”ဟု ပြောသည်။



တရုတ်နိုင်ငံ ရွှေလီ၊ ကြယ်ဂေါင်မြို့များတွင် ယခင်နှစ်များထက် မြန်မာအလုပ်သမားဦးရေ ၁၀ဆပိုလာကာ ၎င်းတို့အနက် အများစုမှာ စစ် ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းများမှ ဖြစ်သည်ဟု BWU က ပြောသည်။



မြန်မာပြည်တွင်း အလုပ်အကိုင် ရှာဖွေရခက်ခဲခြင်း၊ လစာရရှိမှု အလွန်နည်းပါးခြင်း၊ စီးပွားရေး၊ နိုင်ငံရေး အခက်အခဲများ ရှိနေခြင်း အလယ်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့သဖြင့် လယ်ယာလုပ်ငန်းများ မလုပ်ကိုင်နိုင်ကြတော့သဖြင့် တရုတ်နိုင်ငံဘက်သို့ အလုပ် သွားရောက် လုပ်ကိုင်ကြခြင်းဖြစ်သည်ဟုလည်း BWU ကော်မတီဝင်တစ်ဦးဖြစ်သည့် ဒေါ်နိုးနိုးထက်စံက ပြောသည်။



ဒီမှာ အလုပ်သမားတယောက်က တလစာဝင်ငွေ ၃၈ဒေါ်လာကနေ ၂၀၈ဒေါ်လာအထိ ရကြတယ်။ အမျိုးသားတွေထက် အမျိုးသမီးရ တာ နည်းတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်သည်တွေဆိုရင် အလုပ်က ထုတ်ပစ်လိုက်တယ်။ အလုပ်ထဲမှာ ထိခိုက်မှုဖြစ်ရင်လည်း လျော် ကြေးမရဘူး။”ဟု သူက ဆက်ပြောသည်။



BWU က ၎င်းတို့၏ ထုတ်ပြန်ချက်ကို ယခုအပတ်အတွင်း တရုတ်သံရုံးသို့ ပို့ဆောင်သွားမည်ဟု ဆိုသည်။



၁၉၉၅ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် မြန်မာအမျိုးသမီးသမဂ္ဂ (BWU) သည် ၂၀၀၀ပြည့်နှစ်နှင့် ၂၀၀၈ခုနှစ်တို့တွင် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းမြန်မာအမျိုးသမီးများအရေး အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
မိုးမခ

No comments:

Post a Comment