သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Wednesday, February 22, 2012

Feb 22


မိုးမခက စုစည်းသည်
ဖေဖော်ဝါရီ ၂၂ သတင်းများ



သိက္ခာ ... သီလ .. ရှိကြ ... မှ
ကာတွန်း - ကူမိုးကြိုး မိုးမခ







ဝန်ထမ်းများ လစာတိုးပေးရေး ဦးရွှေမန်း ဆက်ကြိုးပမ်းမည်
By featured, ရန်ပိုင် on February 22, ဧရာဝတီ
ဆောင်းဦးလှိုင်ဖျော်ဖြေပွဲ ဝင်ငွေများကို လူမှုရေးအတွက် လှူဒါန်း
By featured, လင်းသန့် on February 22, ဧရာဝတီ
အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း မြန်မာပြသရန်လို
By featured, မြတ်မိုး on February 22, ဧရာဝတီ



၅၀၀၀ ကျပ်တန် ဆင်းမ်ကတ် အမြန်ဆုံး အသုံးပြုခွင့်ပေးရန် တောင်းဆို
Published on February 22, 2012 by ​အေး​နိုင် · DVB
ဂေါ်ရခါး လူမျိုးများ မှတ်ပုံတင်ရရန် လာဘ်ငွေသိန်းချီပေးရ
Published on February 22, 2012 by ကို​ထွေး​ · DVB
တရုတ်စီမံကိန်းကို နေရာဖယ်ပေးရမည့် ရွာသားများ မပြောင်းဘဲငြင်းဆန်
Published on February 22, 2012 by နေသွင် · DVB
ရထားလမ်းဖောက်လုပ်ရန် စိုက်ပျိုးဆဲစိုက်ခင်းကို မြေထိုးစက်ဖြင့်ထိုး
Published on February 22, 2012 by ကို​ထွေး​ · DVB






ကချင်ဒုက္ခသည်ကို ဒေါ်စုက ကျပ်သိန်း ၁၀၀ လှူမည်
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 21 - ကေအိုင်စီ






ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လာမည်
2012-02-21 RFA



RFA အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
2012-02-21 RFA



၈၈ ကျောင်းသားတွေရဲ့သတင်းစာရှင်းပွဲ စာအုပ်ထုတ်
2012-02-21 RFA









အင်္ဂါ, 21 ဖေဖော်ဝါရီ 2012
အာဆီယံရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ လက်ခံဖို့ မြန်မာ အလေးထားစဉ်းစား
By သားညွန့်ဦး VOA









ကြားဖြတ်ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်တိုင်းရင်းသားများနေထိုင်ရာ ကော့မှူးမြို့နယ်၊ ၀ါးသင်္ခကျေးရွာ
from Karen Newsletter / အယ်ဂလယ်မူး၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ မိုးမခ

အိုဘားမား လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း
ဥက္ကာကိုကို ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ မိုးမခ
=========================
မိုးမခက စုစည်းသည်


 

ဝန်ထမ်းများ လစာတိုးပေးရေး ဦးရွှေမန်း ဆက်ကြိုးပမ်းမည်
By featured, ရန်ပိုင် on February 22, ဧရာဝတီ



ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၀န်ထမ်းများ လစာတိုးရေး မိမိ၏အဆိုကို ပြည်ထောင်စု အစိုးရက ပယ်ချလိုက် သော်လည်း ဆက်လက် ကြိုးပမ်းသွားမည်ဟုယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။



ယမန်နှစ် စက်တင်ဘာလ ၉ ရက်နေ့ မြန်မာပြည်ပထမခရီးစဉ်အတွင်း တွေ့ရသည့် မစ္စတာ ဒဲရစ် မစ်ချယ်လ်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း (ဓာတ်ပုံ - AP)



ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် သတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက “၀န်ထမ်းတွေ လစာ တိုးပေးမယ့်ကိစ္စကို နောက်မဆုတ်ဘူး ဆက်လုပ်သွားမယ် ”ဟု ပြောကြောင်း Yangon Press International (YPI) သတင်းတပုဒ်တွင် ဖော်ပြထားသည်။



လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်ရေးအဆိုကို ဦးရွှေ မန်းက ဦးဆောင်ပြီး ပြည်ထောင်စုအစိုးရထံသို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်သည်။



ယင်းအဆိုတွင် ၀န်ထမ်းများ လုပ်ခ လစာနည်းခြင်းကို အကြောင်းပြု၍ လက်ဘက်ရည်ဖိုး တောင်းခံခြင်း နှင့် အလှူငွေကောက်ခံခြင်း စသည့် အကျင့်ပျက် ခြစားမှုများကို လုပ်ဆောင်နေကြကြောင်း၊ ထို့ကြောင့် ၀န်ထမ်းများ စားဝတ်နေရေး ဖူလုံရန်အတွက် အစိုးရက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပါရှိသည်။



သို့ရာတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ပြည်တွင်း၌ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ထောင်ချီနိုင်ခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ဝန်ထမ်းလစာတိုးမြှင့်ရေး အဆိုကို သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ကိုယ်စား ပယ်ချခဲ့သည်။



ယမန်နေ့ကလည်း ဦးရွှေမန်းသည် အစိုးရဝန်ထမ်းများအတွက် လစာကို အနိမ့်ဆုံးအားဖြင့် ကျပ် ၁ သိန်း ပေးသင့်ကြောင်း သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ခဲ့သေးသည်။



သတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၎င်းပြောကြားမည့် မိန့်ခွန်းအား အစိုးရမီဒီယာများ၌ ပြန်လည်ဖော်ပြရာတွင် စကားလုံးတချို့ ဖြတ်တောက်ခံရကြောင်း၊ မိမိက ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်သင့်သည်ကိုလုပ်ရန် ပြောဆိုခဲ့သော်လည်း “သတ္တိ” ဆိုသည့်စကားလုံး ဖြတ်တောက်ခံရကြောင်း ပြောဆိုသည်ဟုလည်း YPI သတင်းတွင် ဖော်ပြထားသည်။



ထိုရက်ပိုင်းက ထုတ်ဝေသည့် အစိုးရသတင်းစာတွင် ပြည်ထောင်စုလွှတ်တော်၌ ပြောဆိုသည့် ဦးရွှေမန်း၏ လစာတိုးပေးရေး ဆွေးနွေးမှုထက် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို အကျယ်တဝင့် ဖော်ပြထားသည်။



ဆောင်းဦးလှိုင်ဖျော်ဖြေပွဲ ဝင်ငွေများကို လူမှုရေးအတွက် လှူဒါန်း
By featured, လင်းသန့် on February 22, ဧရာဝတီ



တေးရေး အဆိုတော် ဆောင်းဦးလှိုင်၏ “နှလုံးသားတွေ လှူမယ့်ည” အမည်ရှိ တကိုယ်တော် ဂီတဖျော်ဖြေပွဲမှ ရရှိသည့် ငွေများကို နာရေးကူညီမှု အသင်း (ရန်ကုန်) အပါအဝင်လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လှူဒါန်း လိုက်ကြောင်း သိရသည်။



အဆိုတော်ဆောင်းဦးလှိုင်ကို တကိုယ်တော် ဂီတဖျော်ဖြေပွဲနေ့က ကိုကျော်သူ၊ စာရေးဆရာမ သန်းမြင့်အောင်၊ ကိုဝင်းမော် (ရွှေသံစဉ်) တို့နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - CJ)



ဖျော်ပြေပွဲမှ ရရှိသော ငွေ စုစုပေါင်း ကျပ် ၁၂၆ သိန်းဖြစ်ပြီး အဆိုပါငွေများအား လှူဒါန်းပွဲကို နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးတွင် ယနေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့သည်။



ကျနော် ကတိပေးထားတဲ့ အတိုင်း အားလုံးကို ၃ ပုံ ပုံတယ်၊ တပုံကို ၄၂ သိန်းရတယ်။ ၄၂ သိန်းက နာရေးကူညီမှုအသင်း (ရန်ကုန်) ကိုလှူပါမယ်၊ ၈၈ မျိုးဆက် ကျောင်းသားတွေ လူမှုရေးလုပ်ငန်း လုပ်ကိုင်နိုင်ဖို့ တပုံလှူပါမယ်” ဟု အဆိုတော် ဆောင်းဦးလှိုင်က ဧရာဝတီကို ပြောသည်။



ကျန်သည် ၄၂ သိန်းကို ၎င်း၏ လုပ်ဖော်ကိုင်ဘက်ဖြစ်သော MRTV4 အား လူမှုရေးလုပ်ငန်းများ လုပ်ကိုင် နိုင်ရန် ပြန်လည် လှူဒါန်းသော်လည်း မလိုအပ်ကြောင်း ပြောဆိုလာသည့်အတွက် အဆိုပါငွေကို နောက် ထပ် ဂီတ ဖျော်ဖြေပွဲများအတွက် မတည်ငွေအဖြစ် ချန်ထားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။



၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အသက် ၄၁ အရွယ် ကိုဆောင်းဦးလှိုင်၏ ပုံတူ ပန်းချီကား တချပ်ကို ပြန်လည် လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။



တဦးမေတ္တာ တဦးစေတနာပါပဲဗျာ” ဟု ကိုဆောင်းဦးလှိုင်က ပြောသည်။



ဖေဖော်ဝါရီလ ၁၇ ရက်ညက ရန်ကုန် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကိုဆောင်းဦးလှိုင်၏ တကိုယ်တော် ဖျော်ဖြေပွဲကို ဥက္ကာဦးသာ ဦးစီးသည့် Plus Three Band ကတီးခတ်ပေးခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကိုကျော်သူနှင့် ဇနီး မမြင့်မြင့်ခင်ဖေ (မရွှေဇီးကွက်)၊ မကြာခင်က အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သော ရွှေသံစဉ် ဂီတမှူး ကိုဝင်းမော်နှင့် အနုပညာရှင်များ တက်ရောက် အားပေးခဲ့ကြသည်။



ဖျော်ဖြေပွဲ မကျင်းပမီ ညနေပိုင်းက ဖိတ်ကြားထားသည့် ၈၈ မျိုးဆက် ကျောင်းသားများ တက်ရောက်လာလျှင် ပွဲလုပ်ခွင့်မပြုဟု သက်ဆိုင်ရာ ဒေသ အာဏာပိုင်များက လာရောက် ပြောကြားသည့်အတွက် အနည်းငယ် အခက်အခဲ တွေ့ခဲ့ရကြောင်း၊ သို့သော် ၈၈ မျိုးဆက် ကျောင်းသားများက နားလည်စွာ မလာရောက်ဘဲ နေခဲ့ကြောင်း ကိုဆောင်းဦးလှိုင်က ပြောသည်။



နာရေးကူညီမှု အသင်းဝင် တဦးဖြစ်သော ဂီတအနုပညာရှင် ဆောင်းဦးလှိုင်၏ ဂီတ ဖျော်ဖြေပွဲ ဖြစ်သည့်အတွက် အသင်းသားများ လာရောက်ရာတွင် အသင်းဝတ်စုံ မ၀တ်ရန်တားမြစ်ခြင်းနှင့် အသင်းပိုင် ကားအား ၀င်ခွင့်မပြုခြင်းများ ရှိခဲ့သည်ဟု သိရသည်။



အနှောင့်အယှက်တော့ မဟုတ်ပါဘူး။ ဖိအားတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ခံယူထားတာက ဘယ်အလုပ်ပဲ လုပ်လုပ် ဖိအားဆိုတာတော့ ရှိမှာပေါ့၊ အခုတော့ ပွဲကလည်း အောင်မြင်သွားပြီ၊ အလှူငွေတွေလည်း အောင်မြင်စွာနဲ့ လွှဲအပ်နိုင်ပြီ ဆိုတော့ တဦးကို တဦး အပြစ်တွေ ပြန်မပြောတော့ဘဲနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြော ချင်ပါတယ်” ဟု ကိုဆောင်းဦးလှိုင်က ဆိုသည်။



အနုပညာသမား ဖြစ်သည့်အတွက် အနုပညာဖြင့် အများပြည်သူကို ဆက်လက် အကျိုးပြုသွားမည်ဟု သူက ဆက်ပြောသည်။



အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း မြန်မာပြသရန်လို
By featured, မြတ်မိုး on February 22, ဧရာဝတီ



မြန်မာအစိုးရ အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ လွတ်လပ်မှုများ ပေးခြင်းအားဖြင့် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့်ရမည့် အာဆီယံဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း ပြသရမည်ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ပြောဆိုလိုက်သည်။
ဒေါက်တာ ဆူရင် ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစတင်၍ ၄ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဒေါက်တာ ဆူရင် ပစ်ဆူဝမ်သည် ယနေ့နံနက် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းထောက်များကို အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။



အာမခံချက် အပြည့်အ၀ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေလိုတယ်။ မဲဆွယ်စည်းရုံးရေး ကာလတွေမှာလည်း ပါတီအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိရမယ်။ နိုင်ငံတကာက လိုလားနေတဲ့ အာမခံချက်တွေကို မြန်မာအစိုးရ လုပ်ဆောင်ပြရမယ်” ဟု ၎င်းက ဆိုသည်။



မြန်မာအစိုးရ၏ ထိုသို့လုပ်ဆောင်ပြရေးတွင် လိုအပ်သော အကူအညီများကို အာဆီယံက ကူညီပေးမည်ဖြစ်ကြောင်း ဒေါက်တာ ဆူရင်ပစ်ဆူဝမ်က နေပြည်တော်တွင် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်ကလည်း ပြောဆိုခဲ့သည်။



မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ အမြင်များ၊ အစိုးရအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ပူးပေါင်းဆောင်ရွက်နိုင်ဖွယ် ကိစ္စရပ်များနှင့် လူထုအားလုံး အကျိုးသက်ရောက်မှု ခံစားရရှိစေနိုင်မည့် လုပ်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိက ဆွေးနွေးခဲ့ကြောင်း ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ဆိုသည်။



သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အာဆီယံ အဖွဲ့ချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ လာရောက် လေ့လာ စောင့်ကြည့်နိုင်ရေး အလေးအနက်ထား စဉ်းစားမည်ဟု ပြောဆိုခဲ့ကြောင်း၊ သို့သော် လာရောက်ခွင့် ပေးမည့် အချိန်ကာလ အတိအကျကို မသိရသေးကြောင်း ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က သတင်းထောက်များကို ပြောသည်။



ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ဒေါ်အောင်ဆန်းစုကြည်အား MYANMAR-ASEAN CHAIR 2014 စာတမ်းပါ တီရှပ်ကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သေးသည်။



၅၀၀၀ ကျပ်တန် ဆင်းမ်ကတ် အမြန်ဆုံး အသုံးပြုခွင့်ပေးရန် တောင်းဆို
Published on February 22, 2012 by ​အေး​နိုင် · DVB



၅၀၀၀ ကျပ်တန် ဆင်းမ်ကတ် အမြန်ဆုံး သုံးစွဲခွင့်ပေးဖို့ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခေါင်းဆောင် ကိုထင်ကျော်က သမ္မတဦးသိန်းစိန်ကို တောင်းဆိုလိုက်ပါတယ်။



အများသူငါ တယ်လီဖုန်း သုံးစွဲနိုင်အောင် စီစဉ်ပေးခြင်းအားဖြင့် ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှု တစိတ်တဒေသ လျော့ပါးရေးကို အထောက်အကူပြုစေလိမ့်မယ်လို့ သမ္မတရုံးထံ ပေးပို့ တောင်းဆိုတဲ့ စာမှာ ရေးပါတယ်။



ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု အမည်နဲ့ ပြန်လည် လှုပ်ရှားလာတဲ့ ကိုထင်ကျော်က တောင်းဆိုရတဲ့ ရည်ရွယ်ချက်ကို ခုလို ပြောပါတယ်။



သမ္မတဦးသိန်းစိန်ဆီ တင်တဲ့စာကတော့ လက်ရှိပြည်သူလူထု ဆင်းရဲနွမ်းပါးမှုကို သမ္မတ ဦးသိန်းစိန်က မြန်မာတနိုင်ငံလုံးနဲ့ နိုင်ငံတကာကသိအောင် ကြေညာခဲ့တာ။ မြန်မာ ပြည်သူလူထုတွေက ဆင်းရဲနွမ်းပါးမှု ရှိနေတယ်ဆိုတာ ကြေညာခဲ့တဲ့အတွက် အဲ့ဒါကို ထောက်ခံပြီးတော့ လက်ရှိဆင်းရဲနွမ်းပါးမှု ပပျောက်ရေးပေါ့။ ကျနော်တို့ ကုန်ဈေးနှုန်း ကျဆင်းရေး ခေါင်းစဉ်မှာ ပါဝင်နေတဲ့အတွက် အဲဒီအချက်ကို ထောက်ခံသောအားဖြင့် လက်ရှိ မြန်မာပြည်သူလူထု အခြေခံလိုအပ်ချက်မှာ တခု အပါအ၀င်ဖြစ်တဲ့ လက်ကိုင်ဖုန်း သုံးခွင့်မှာ ၅၀၀၀ တန် အသုံးပြုခွင့်ပေးဖို့ တောင်းဆိုတဲ့ တင်ပြစာပါပဲ။”



ဆင်းမ်ကတ်တခု ၅၀၀၀ ကျပ်နဲ့ ရရှိရေး ငြိမ်းချမ်းစွာ ဆောင်ရွက်သွားမယ်လို့ ကိုထင်ကျော်က ပြောပါတယ်။



လူထု လှုပ်ရှားမှုအနေနဲ့ တနိုင်ငံလုံးမှာ ကျနော်တို့ ဆောင်ရွက်သွားမှာပါ။ ဒီမိုကရေစီ စနစ်အရ ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒကို အဓိက ထားပြီးတော့ ဖော်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒါကိုလည်း ဒီနေ့ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ ခုနှစ်မှာ သမ္မတကြီးနဲ့တကွ ပြည်ထောင်စုလွှတ်တော် နာယကကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ လွှတ်တော် ကိုယ်စားလှယ်များကို ဒီနေ့ ကျနော်တို့ အကြောင်းကြားစာ ပေးပို့လိုက်ပါပြီ။ နိုင်ငံရေးပါတီတွေကိုလည်း ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီ့အတွက်ကို ဒီနေ့က စပြီးတော့ ၅ ရက် စောင့်ကြည့်ပါမယ်။”



လွန်ခဲ့တဲ့ လပိုင်းက ရွှေပြည်တံခွန်ကုမ္ပဏီက ဆင်းမ်ကတ်တခု ကျပ် ၅၀၀၀ နဲ့ ဖြန့်ဝေဖို့ သမ္မတထံ တင်ပြထားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြင်ပမှာ ဆင်းမ်ကတ်တခု ၅ သိန်း ဈေး ရှိနေတာကြောင့် ဒီကိစ္စကို လူပြောများခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးကတော့ တည်ဆဲ ဥပဒေအရ မဖြစ်နိုင်ဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။



ဂေါ်ရခါး လူမျိုးများ မှတ်ပုံတင်ရရန် လာဘ်ငွေသိန်းချီပေးရ
Published on February 22, 2012 by ကို​ထွေး​ · DVB



ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ထဲက ဂေါ်ရခါးလူမျိုးတွေ မှတ်ပုံတင် လုပ်ကြတဲ့အခါ လာဘ်ငွေအမြောက်အမြား ပေးနေရပြီး ငွေမပေးရင် ကြန့်ကြာတယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီမြို့နယ်ကနေ ၀င်ပြိုင်မယ့် အမတ်လောင်းတဦးက ပြောပါတယ်။



ဟိန္ဒူဘာသာဝင် ဂေါ်ရခါးလူမျိုးတွေ မှတ်ပုံတင်လုပ်တဲ့အခါ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုမှုနဲ့ နိုင်ငံသားဆိုတဲ့ အဆင့် ၃ ဆင့် လုပ်ကိုင်ဖို့ လာဘ်ငွေမပေးရင် မှတ်ပုံတင်ရဖို့ မလွယ်ကူတဲ့အတွက် အခက်တွေ့နေတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြု ပြိုင်မယ့် အမတ်လောင်း ဦးမြတ်မိုးမြင့်က ပြောပါတယ်။



မှတ်ပုံတင်လုပ်ဖို့ သတ်မှတ်ကုန်ကျငွေက ထောင်ဂဏန်းလောက်သာ ရှိပေမယ့်လည်း တကယ်လက်တွေ့မှာ ၁ သိန်းခွဲ၊ ၂ သိန်းနီးပါး ကုန်ကျနေတယ်လို့ ဆိုပါတယ်။



ကျနော်တို့ကျေးရွာက ဂေါ်ရခါးတွေက ဆင်းရဲသားများတယ်။ တောင်သူလယ်သမားတွေ များတယ်။ နောက်ပြီးတော့ သူတို့က မိသားစုလိုက် နိုင်ငံသားဖြစ်ထားတာတွေ များတယ်။ ဒါပေမယ့် သူတို့မှတ်ပုံတင် လုပ်တဲ့အခါကျတော့ ၁ သိန်းခွဲကနေ ၃ သိန်းထိ ပေးရတယ်လို့ လာတိုင်ကြတယ်။ လ၀က ရုံးကိုသွားမေးတော့ မတောင်းဘူးလို့ပြောတယ်။ တောင်းရင်လည်း ဘယ်သူတောင်းလဲ၊ ဘယ်နေ့ကလဲ၊ ဘယ်လောက်တောင်းတာလဲ မှတ်ပြီးတော့ လာတိုင်ပါ၊ ဖြေရှင်းပေးမယ်လို့ ပြောတယ်။ လွန်ခဲ့တဲ့ ဇန်န၀ါရီလလောက်က လုပ်ထားတဲ့လူ ၁ယောက်နဲ့ တွေ့တယ်။ ပေးရတယ်လို့ပြောတယ်။ နှစ်ဖက်လုံး တိုင်းရင်းသားဖြစ်တယ်။ ဇနီးဘက်ကကော သူ့ဘက်ကပါ နိုင်ငံသားဖြစ်ထားပြီးသား၊ ၁ သိန်းခွဲ ပေးခဲ့ရတယ်လို့ ပြောပါတယ်။”



ရွာမှာ တချို့သော ဂေါ်ရခါးလူမျိုးတွေဟာ နိုင်ငံသား အဆင့် ရထားပေမယ့်လည်း သားသမီးတွေ မှတ်ပုံတင် သွားရောက် လုပ်ကိုင်ရာမှာ အခက်အခဲဖြစ်နေတယ်လို့ ဦးမြတ်မိုးမြင့်က ပြောပါတယ်။



လာဘ်ငွေမပေးရင် ကြန့်ကြာအောင် လုပ်ထားတဲ့အတွက် မှတ်ပုံတင်ရရေး မလွယ်ကူသလို ငွေတောင်းတဲ့သူကို တိုင်ရင်လည်း အထောက်အထား မရှိတဲ့အတွက် ပြန်လည် တရားစွဲခံရမှာကို ကြောက်လို့ မတိုင်ရဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။



ဒီကိစ္စနဲ့ပတ်သက်လို့ စွပ်စွဲခံရတဲ့ လ၀ကရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။



မိုးကောင်းမြို့နယ်အတွင်း ကမ်ဘာလီ၊ အုတ်ကျင်း၊ သစ္စာ၊ သူဌေးကုန်းရွာတွေမှာ ဂေါ်ရခါးလူမျိုးတွေ အများဆုံး နေထိုင်ကြပြီးတော့ အိမ်ထောင်စုဝင် ၁,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။



တရုတ်စီမံကိန်းကို နေရာဖယ်ပေးရမည့် ရွာသားများ မပြောင်းဘဲငြင်းဆန်
Published on February 22, 2012 by နေသွင် · DVB



တရုတ်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတဲ့ စစ်ကိုင်းတိုင်းထဲက ကြေးနီစီမံကိန်း ဧရိယာထဲမှာ ပါဝင်နေတဲ့ ရွာတရွာက မိသားစု ၅၀ နီးပါး အဓမ္မပြောင်းရွှေ့တာကို လက်မခံဘဲ ငြင်းဆန်နေပါတယ်။



မုံရွာမြို့ တဖက်ကမ်း ချင်းတွင်းမြစ် အနောက်ဘက်မှာ ရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီးတူးဖော်ရေး စီမံကိန်းအတွက် ဆားလင်းကြီးမြို့နယ်အတွင်းက ရွာလေးရွာ ပြောင်းရွှေ့ခိုင်းထားတာ ဖြစ်ပြီး၊ ၀က်မှေးရွာက မိသားစုတွေက ငြင်းဆန်နေကြတာပါ။



ဝက်မှေးရွာမှာနေထိုင်တဲ့ မ၀င်းက “လူဦးရေတော့ မသိဘူး။ အိမ်ခြေကတော့ ၄၈ အိမ်ပါ။ ကျမတို့ ဘိုးဘွားလက်ထက်ထဲက နေလာတဲ့ရွာဆိုတော့ မပြောင်းတော့ဘူးဆိုပြီး သံန္နိဋ္ဌာန်ချထားတယ်။ မပြောင်းတော့ဘူး။ လုပ်ကိုင်စားသောက်ရတာ ကျမတို့ရွာက အဆင်ပြေလို့ပါ။”



လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ၂၀၁၀ ဇွန်လဆန်းပိုင်းက တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်းမှာ တရုတ်ကုမ္ပဏီ တခုဖြစ်တဲ့ China Industries Corporation က တရားဝင် လုပ်ပိုင်ခွင့် ပေးလိုက်တာ ဖြစ်ပြီး၊ စီမံကိန်းထဲမှာ ပါဝင်နေတဲ့ ကံတော၊ ဝက်မှေး၊ ဆည်တည်းနဲ့ ဆီးတောရွာတွေကို မနှစ် ဒီဇင်ဘာ နောက်ဆုံးထားပြီး ပြောင်းရွှေ့ခိုင်းထားတာပါ။



အာဏာပိုင်တွေက ရွာသားတွေကို အကြောင်းကြားထားတဲ့ စာကို ၀က်မှေးရွာသားတယောက်က အခုလို ဖတ်ပြပါတယ်၊



အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အိမ်ထောင်ဦးစီးများအနေဖြင့် ၉ ရက် ၁၂ လ၊ ၂၀၁၁ ခုနှစ်တွင် ပြောင်းရွှေ့ရန် ကြိုပို့ယာဉ်များ၊ သယ်ယူရန်လူအင်အားများ၊ စီစဉ်ပေးမည် ဖြစ်ကြောင်းနှင့် ပြောင်းရွှေ့ခြင်းမရှိပါက ယင်းရွာမှ အိမ်ထောင်ဦးစီးများ၏ တာဝန်သာ ဖြစ်ကြောင်း တတိယအကြိမ် အကြောင်းကြားပါသည်။”



ရွာသားတွေကို ပုသိမ် – မုံရွာ ကားလမ်းကြီးဘေး ချောက်သင်းကျတောရ ကျောင်းအနီးမှာ နေရာ ချထားပေးဖို့ ညွှန်ကြားထားတာပါ။ ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ ရွာသားတွေက နေရာသစ်မှာ အခြေမဲ့အနေမဲ့ ဖြစ်မှာစိုးတယ်လို့ ၀က်မှေးရွာသားက အခုလို ပြောပါတယ်။



လက်မဲ့ဖြစ်သွားတယ်။ ဘာမှလုပ်ကိုင် စားသောက်ဖို့မရှိဘူး။ ကျနော်တို့မှာ မိရိုးဖလာ လုပ်ကိုင်စားသောက်တဲ့ တောင်ယာတွေပဲရှိတာ။ တောင်ယာတွေ မရှိတဲ့သူတွေကလည်း လယ်ငှားရမ်းလိုက်တယ်၊ အသီးအရွက်လေးတွေ ခူးရောင်းတယ်၊ မန်ကျဉ်းသီးတို့ မန်ကျဉ်းရွက်တို့ပေါ့။ အသီးအပင်က ပေါတာကိုး။ ဟိုမှာကတော့ ဘာနေရိပ်မှမရှိဘူး၊ ဘာသစ်ရိပ်ဝါးရိပ်မှ မရှိတာ။”



မနှစ် ဒီဇင်ဘာတုန်းကလည်း ၀က်မှေးရွာ ဘုန်းကြီးကျောင်းကို ကုမ္ပဏီက မြေတူးစက်တွေနဲ့ ဖြိုဖျက်ဖို့ ၀င်လာတာကြောင့် ရွာသားတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကြားမှာ ခဲတွေနဲ့ ပေါက်တဲ့အထိ (ရုန်းရင်းဆန်ခတ်တွေ) တွေ ဖြစ်ခဲ့တယ်လို့ ရွာသားက ပြောပါတယ်။



အခုလို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတဲ့ ကိစ္စကို ရွာသားတွေက သမ္မတ ဦးသိန်းစိန်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ အလုပ်သမားရေးရာ ဝန်ကြီး၊ လယ်ယာဆည်မြောင်းရေးရာ ဝန်ကြီးတို့ဆီကို အသနားခံစာ ပေးပို့ထားတယ်လို့ ဆိုပါတယ်။



လက်ပန်းတောင်းတောင် အနီး ကြေးစင်တောင်နဲ့ စပယ်တောင် တို့မှာလည်း ကြေးနီစီမံကိန်းတွေကို ၁၉၈၀ ပြည့်လွန် နှစ်တွေကတည်းက ယူဂိုဆလားဗီးယားနိုင်ငံ၊ ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံ ကုမ္ပဏီတွေက ကြေးနီ ထုတ်ယူနေတယ်လို့ သိရပါတယ်။



ရထားလမ်းဖောက်လုပ်ရန် စိုက်ပျိုးဆဲစိုက်ခင်းကို မြေထိုးစက်ဖြင့်ထိုး
Published on February 22, 2012 by ကို​ထွေး​ · DVB



ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ ရိတ်သိမ်းတော့မယ့် မတ်ပဲနဲ့ စပါးခင်းတွေကို ပုဂ္ဂလိက ကုမ္ပဏီတခုက မီးရထားလမ်း ဖောက်လုပ်ဖို့ဆိုပြီး တောင်သူတွေကို အသိမပေးဘဲ မြေထိုးစက်နဲ့ ထိုးလိုက်တဲ့အတွက် တောင်သူတွေ နစ်နာဆုံးရှုံးနေကြပါတယ်။



ပုသိမ်နဲ့ ဆပ်ကော့ ဘူတာ ပတ်လမ်းအ၀င် ရထားလမ်းအတွက် တောင်သူတွေ စိုက်ပျိုးထားတဲ့ လယ်ယာမြေတွေကို အသိမပေးဘဲ Steel Stone ကုမ္ပဏီက မြေထိုးစက်နဲ့ ထိုးလိုက်တာပါ။



ရိတ်သိမ်းခါနီး လယ် ၈ ဧကနဲ့ ငါးမွေးကန် ၁၈ ဧကလောက် ဆုံးရှုံး နစ်နာခဲ့ရတဲ့ တောင်သူ ဦးဝင်းဌေးက စုစုပေါင်း စိုက်ခင်းဧက ၆၀ လောက် ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။



ပြီးခဲ့တဲ့ ၅ ရက်လောက်က စပြီး မြေထိုးစက်နဲ့ ထိုးပြီး မြေသားတွေကို ပုံလိုက်တဲ့အတွက် ဆပ်ကော၊ အုန်းပင်စု၊ အောက်စု ကျေးရွာက လယ်သမား ၅၁ ဦးရဲ့ လယ်ယာမြေဧက ၁၀၀ လောက်လည်း ထိခိုက်ခဲ့ရပါတယ်။



ကျနော်တို့ ဆုံးရှုံးမှုက များတယ်။ တနွေလုံး လုပ်လာပြီးမှ ဒီလို ဆုံးရှုံးတော့ တောင်သူ တော်တော်များများလည်း မခံမရပ်နိုင် ဖြစ်တယ်။ ကြိုတင် တားထားလို့ ကျနော်တို့က စိုက်ပျိုးရင်တော့ တမျိုးပေါ့။ ကြိုတင် တားမြစ်မထားပဲ အခုလို လုပ်တော့ ခံပြင်းကြတာပေါ့။”



မြေထိုးစက်နဲ့ ထိုးနေတဲ့အချိန်မှာ တောင်သူတွေက သွားရောက် ဟန့်တားခဲ့ပေမယ့် မရသလို ကုမ္ပဏီကလည်း လျော်ကြေး တစုံတရာ မပေးဘူးလို့ ပြောပါတယ်။



ဒီသတင်းနဲ့ ပတ်သက်လို့ Steel Stone ကုမ္ပဏီကို မေးကြည့်ရာမှာ သက်ဆိုင်ရာထံက ခွင့်ပြုချက်ရယူပြီးမှ လုပ်တာပါလို့ တာဝန်ရှိသူတဦးက ဖြေပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သိမ်းယူထားတာ ဖြစ်ပြီးတော့ ကျေးရွာနဲ့ မြို့နယ် အာဏာပိုင်တွေက ရထားလမ်းဖောက်လုပ်ဖို့ သတ်မှတ်ပေးထားတဲ့အတွက် လုပ်ဆောင်တာလို့ အဲဒီနေရာမှာ လုပ်ကိုင်နေတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။



ကျနော်တို့ ကုမ္ပဏီနဲ့ မဆိုင်ပါဘူး။ လမ်းအူကြောင်း ဖောက်ဖို့အတွက်ကို နိုင်ငံတော်ကို တင်တာပေါ့။ တင်ပြီးမှ လမ်းကြောင်းမှာ ဒီနေရာတွေ ဖို့ပါဆိုတော့မှ ကျနော်တို့က လုပ်ရတာ။ ကျနော်တို့က မြေဖို့လုပ်ငန်း သက်သက်ပဲ။ အဲဒီနေရာကို အခု ရထားလမ်း မြေကြီးဖို့တော့မှာဆိုတော့ ကျနော်တို့ ရှင်းတာပေါ့။မီးရထားလမ်း ဖောက်မှာပါ။ လမ်းအူကြောင်းမှာ အလံတွေ စိုက်ထားတယ်။ အစောပိုင်းကတည်းကပါ။ အခု သုံးနှစ်ရှိပါပြီ။ ရထားလမ်းဖောက်ဖို့ နေရာဆိုပြီး သိမ်းထားပြီးသားပါ။ ကျေးရွာအဖွဲ့အစည်းနဲ့ မယက အဖွဲ့အစည်းတွေကို ဒီနေရာတွေ လုပ်ဖို့ဆိုတာကို သတ်မှတ်ပြီးသား၊ အဲဒီ့ နေရာကို မစိုက်ဖို့ မှာထားပြီးသား။ ပထမ တနှစ် လုပ်တယ်။ လွတ်ရင် စားမယ်ပေါ့။ ငြိတော့လည်း မတတ်နိုင်ဘူးပေါ့။”



ကုမ္ပဏီက လျော်ကြေးပေး၊ မပေး ဆိုတာကို မေးမြန်းရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကိုင်တွယ်နေတာ ဖြစ်လို့ သိရှိခြင်း မရှိကြောင်း ပြောဆိုပါတယ်။



တောင်သူတွေက သူတို့ နစ်နာချက်တွေအတွက် ကျေးရွာနဲ့ ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တိုင်ကြားခဲ့ကြပါတယ်။ အုပ်ချုပ်ရေးမှူးရုံးတွေကို ဆက်သွယ်မေးမြန်းလို့တော့ မရပါဘူး၊



Steel Stone ကုမ္ပဏီဟာ ဟင်္သာတကနေ ဆပ်ကော့ဘူတာအ၀င်လမ်း ဖောက်တုန်းကလည်း လယ်မြေတွေဆုံးရှုံးခဲ့ရပြီး လျော်ကြေးမရဘူးလို့ တောင်သူတွေက ပြောပြကြပါတယ်။






ကချင်ဒုက္ခသည်ကို ဒေါ်စုက ကျပ်သိန်း ၁၀၀ လှူမည်
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 21 - ကေအိုင်စီ



မြန်မာအစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့-KIA တို့၏ တိုက်ပွဲကြောင့် ရွာစွန့်ထွက်ပြေး တိမ်းရှောင် နေရသည့် ကချင်ဒုက္ခ သည်များအတွက် ရည်ရွယ်၍ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေသိန်း ၁၀၀ လှူဒါန်းမည်ဟု သိရသည်။

NLD ၏ ပြောခွင့်ရ ဦးဉာဏ်ဝင်းက “ဒေါ်စု လှူတဲ့ငွေကို သွားပေးဖို့ မန္တလေးက NLD အဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်ဝင်းမြမြ က ဦးဆောင်ပြီး အဖွဲ့ တစ်ချို့နဲ့ ဒီနေ့ ကချင်ပြည်နယ်ဘက်ကို ထွက်သွားပြီ။ ရန်ကုန်မှာကတော့ ပိုက်ဆံ၊ ပစ္စည်းတွေနဲ့ အနွေးထည်တွေ၊ စောင်တွေနဲ့ ထည့်ပေး လိုက်တယ်။ မန္တလေးကတော့ ဘာပါသွားလဲ မသိဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။



သို့သော် ကချင်ပြည်နယ်၏ မည်သည့်မြို့နယ်တွင် သွားရောက်ကူညီရန် ၎င်းတို့အနေဖြင့် နေရာအတိအကျ မသိရသေးကြောင်း၊ ခရီးစဉ် နှင့် ပတ်သက်၍ ကြာမြင့်မည့်ရက်ကို မပြောနိုင်သေးကြောင်း သူက ဆက်ပြောသည်။



ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၂၃ရက်နှင့် ၂၄ရက်နေ့တွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ နန့်တီးကျေးရွာတွင် နိုင်ငံရေး ဟောပြောပွဲ ကျင်းပရန် အစီအစဉ်လည်း ရှိသည်။



အခု ဒေါ်စုလှူတဲ့ငွေဟာ သူ့ခရီးစဉ်နဲ့တော့ ဘာမှ မပတ်သက်ဘူး။ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ကချင်ဒုက္ခသည်တွေကို ကူညီတာ သက်သက်ပါ။”ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။



KIA သည် မြန်မာအစိုးရနှင့် ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက် ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ဇွန်လတွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသောကြောင့် လက်ရှိ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်တလျှောက်တွင် ကချင်ဒုက္ခသည် လေး သောင်းခွဲဝန်းကျင် ခိုလှုံနေထိုင်နေရကြောင်း ကချင်ဒုက္ခသည်များကော်မတီထံမှ သိရသည်။



တရုတ်နိုင်ငံဘက်တွင် ကချင်ဒုက္ခသည်စခန်း ၁၉ခုနှင့် ကချင်ပြည်နယ်အတွင်ရှိ လိုင်ဇာ၊ မန်စီ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ ဒေါ့ဖုယန်၊ ဝိုင်း မော်နှင့် မန်ဝင်းကြီးမြို့နယ်များတွင် ဒုက္ခသည်စခန်းပေါင်း ၄၀ကျော်ရှိသည် ဟုလည်း ၎င်းအဖွဲ့က ဆိုသည်။









ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လာမည်
2012-02-21 RFA



မကြာခင် ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် လာရောက်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့ မြစ်ကြီးနားနဲ့ ဗန်းမော်မြို့က ကချင်ရိုးရာ မနောကွင်းတွေမှာ စီစဉ်ထားတယ်လို့ သိရပါတယ်။



မြစ်ကြီးနား မနောကွင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖူးတယ်ဆိုပြီး သမိုင်းမှာ ဂုဏ်ယူစရာဖြစ်အောင် ဟောပြောပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ စီစဉ်ထားတယ်လို့ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးနေ၀င်းက ပြောပါတယ်။



ဗန်းမော်မြို့မှာလည်း မူလက ဘောလုံးကွင်းမှာ ကျင်းပဖို့ တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက် မရခဲ့တဲ့အတွက် ကချင်ရိုးရာ မနောကွင်းကို စီစဉ်ခဲ့ပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်က ဘောလုံးကွင်းတွေကို ပြန်လည် ခွင့်ပြုလိုက်ပေမယ့် လေယာဉ်ကွင်း အနီးမှာရှိပြီး မြို့လယ်နဲ့ ၆ ဖာလုံလောက်သာဝေးတဲ့ မနောကွင်းမှာပဲ ကျင်းပမှာဖြစ်ကြောင်း ဗန်းမော်မြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး တာဝန်ခံ ဦးဇော်သင်းက ပြောပြပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ ၂၃ ရက်မှာ ရန်ကုန်က မြစ်ကြီးနားကို လေကြောင်းနဲ့ လာရောက်ပြီး အဲဒီနေ့မှာပဲ နမ္မတီးနဲ့ မိုးကောင်းမြို့က ပြည်သူလူထုကို သွားရောက် ဟောပြောမှာပါ။ အဲဒီနောက် မြစ်ကြီးနားမှာ ညအိပ်၊ နောက်နေ့မနက် မြစ်ကြီးနား မနောကွင်းမှာ လူထုကို စည်းရုံး ဟောပြောပြီး ဗန်းမော်မြို့ကို ဆက်သွားမှာပါ။ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဗန်းမော်ကနေ ရန်ကုန်ကို ပြန်မှာဖြစ်ကြောင်း ဦးနေ၀င်းက ပြောပါတယ်။



RFA အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
2012-02-21 RFA



မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လွတ်လပ်တဲ့ အာရှအသံ RFA အဖွဲ့ဝင်တွေဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တွေ့ဆုံပြီး ရင်းရင်းနှီးနှီး နေ့လယ်စာ အတူသုံးဆောင်ခွင့် ရခဲ့ပါတယ်။



RFA အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Susan Lavery၊ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေနဲ့ သတင်းထောက် ကိုကျော်ကျော်အောင်တို့ပါဝင်တဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ရေးရာ ကော်မတီဝင်တွေကို နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။



မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေက RFA ရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့အကျိုးအတွက် အတူလက်တွဲ လုပ်ကိုင်နိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။



ရန်ကုန်မြို့ကိုရောက်နေတဲ့ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေနဲ့ ဦးခင်မောင်စိုး ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။



၈၈ ကျောင်းသားတွေရဲ့သတင်းစာရှင်းပွဲ စာအုပ်ထုတ်
2012-02-21 RFA



၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဇန်န၀ါရီ ၂၁ ရက်က ရန်ကုန် တော်ဝင်စင်တာမှာ ပထမဦးဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက အချက်အလက်တွေပါဝင်တဲ့ “၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ” စာအုပ် ရောင်းချတဲ့ အခမ်းအနားကို ရန်ကုန် ရန်ကင်းစင်တာမှာ ဒီကနေ့ နေ့လယ်က ကျင်းပပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ အတွေးအမြင်တွေ၊ ခံယူချက်တွေကို ပြည်သူတွေကို သိစေချင်တဲ့အတွက် အခုလို စာအုပ်အဖြစ်ထုတ်ဝေ ဖြန့်ချိရတာလို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။



နှစ်ဆယ့်သုံးနှစ်လောက် ကျွန်တော်တို့ ရင်းနှီးလိုက်ရတဲ့နောက်မှာ ကျွန်တော်တို့ စိုက်ခဲ့တဲ့အပင်လေးက ဖူးလာ ပွင့်လာတဲ့အပွင့်ကို ကျွန်တော်တို့ရဲ့မိဘပြည်သူများထံကို ဆက်သခြင်းပါပဲ။ နှစ်ဆယ့်သုံးနှစ်ဆိုတဲ့ ကာလလောက် ပေးပြီးတော့မှ ဒီလူတွေအားလုံး ပြန်ဆုံပြီး ပြန်တွေ့ရတယ်ဆိုတာ အခွင့်အရေးတစ်ရပ်နဲ့လည်း တူပါတယ်။ အဲဒီအခွင့်အရေးပေါ်မှာ ကျွန်တော်တို့ ပြောချင်တာတွေ၊ ကျွန်တော်တို့ တွေးမိတာတွေ၊ ကျွန်တော်တို့ မြင်တာတွေ၊ ပြီးတော့ ကျွန်တော်တို့အပေါ်မှာ ရောက်လာတဲ့ မေးခွန်းတွေကို ပြန်ဖြေပေးလိုက်တာကို ကျွန်တော်တို့ရဲ့ ပြည်သူတွေကို သိစေချင်တဲ့ ရည်ရွယ်ချက်ပါပဲ”



၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဒီအခမ်းအနားမှာ အမှတ်တရ လက်မှတ် ရေးထိုးပေးပါတယ်။ ဒီစာအုပ်မှာ စာပေစိစစ်ရေး ရှိသင့် မရှိသင့်ဆိုတဲ့ မေးခွန်းကို ကိုမင်းကိုနိုင် ပြန်လည် ဖြေကြားချက်မှအပ တော်ဝင်စင်တာ သတင်းစာရှင်းလင်းပွဲ အပြည့်အစုံကို ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။ စာအုပ်ရောင်းချရာက ရရှိငွေတွေကို ရန်ပုံငွေအဖြစ်ထားရှိပြီး လူမှုအကျိုးပြု လုပ်ငန်းတွေမှာ သုံးစွဲသွားမယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။



၈၈ မျိုးဆက် ကျောင်းသားများရဲ့ သတင်းစာ ရှင်းလင်းပွဲစာအုပ် ထုတ်ဝေဖြန့်ချိဖို့အတွက် ပုဂံ စာအုပ် တိုက်က တာဝန်ယူ ဆောင်ရွက်တာဖြစ်ကြောင်း သိရပါတယ်။ စာအုပ်တစ်အုပ်ကို ကျပ် တစ်ထောင် နဲ့ ရောင်းချနေပြီး အခုအချိန်အထိ အုပ်ရေ ရှစ်ရာကျော် ရောင်းချရပြီးဖြစ်ကြောင်း သိရပါတယ်။



အင်္ဂါ, 21 ဖေဖော်ဝါရီ 2012
အာဆီယံရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ လက်ခံဖို့ မြန်မာ အလေးထားစဉ်းစား
By သားညွန့်ဦး VOA



လာမယ့် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ လေ့လာရေးအဖွဲ့ လက်ခံဖို့ကိစ္စကို မြန်မာအစိုးရအနေနဲ့ အလေးအနက်ထား စဉ်းစားပါ့မယ်လို့ အကြောင်းပြန်ထားပါတယ်။ လေ့လာသူတွေကတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အရင် ၂၀၁၀ ရွေးကောက်ပွဲနဲ့မတူဘဲ လွတ်လပ်မျှတမယ့်သဘောတော့ ရှိတယ်လို့ ယူဆကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။



မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အာဆီယံအတွင်းရေးမှုးချုပ် ဆူရင်းပစ်ဆူဝမ်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ဒီကနေ့ တွေ့ဆုံခဲ့ရာမှာ၊ အာဆီယံဘက်က အခုလို ကြားဖြတ်ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ စေလွှတ်မယ်ဖို့ ကမ်းလှမ်းချက်ကို၊ အလေးအနက်ထားပြီး စဉ်းစားပါ့မယ်လို့ သမ္မတဦးသိန်းစိန်က တုံ့ပြန်သွားခဲ့တာပါ။ ၄ ရက်ကြာခရီးအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အာဆီယံအတွင်းရေးမှုးချုပ်ဟာ ဒီကနေ့မှာ နေပြည်တော်မှာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှုး ဦးဥာဏ်ဝင်းက အခုလို အာဆီယံ လေ့လာရေး အဖွဲ့ စေလွှတ်ခွင့်ရမယ်ဆိုရင်၊ မျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်တယ်ဆိုတာကို သက်သေပြရာ ရောက်မယ်လို့ ပြောပါတယ်။



ခုရွေးကောက်ပွဲကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့စာရင်တော့ နိုင်ငံတကာစောင့်ကြည့်ခွင့်တွေ ရလာမယ်လို့ ကျနော်တို့ မျှော်လင့်တယ်၊ ရလည်း ရသင့်တယ်လို့ ထင်ပါတယ်။ ရလာတဲ့အခါမှာ မျှတတဲ့ ရွေးကောက်ပွဲတခု မြန်မာနိုင်ငံမှာ ကျင်းပနိုင်တယ်လို့ ဂုဏ်ယူစရာတခု အဖြစ် ပေါ်လာ တာပေါ့။”



မေး၊ အာဆီယံကြည့်ရှုနိုင်တဲ့အခြေအနေနဲ့ရော ထူးခြားပါ့မလား၊



ထူးတာပေါ့ဗျာ.. အနည်းဆုံးတော့ဗျာ.. မြန်မာနိုင်ငံပြင်ပက ဘယ်ကဖြစ်ဖြစ် လာပြီးတော့ ကြီးကြပ် တာကို လုပ်ရဲတယ်.. ပြရဲတယ် ဆိုတဲ့ အင်္ဂါရပ်တော့ ပေါ်တာပေါ့။”



အာဆီယံအနေနဲ့ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့စေလွှတ်နိုင်မယ်ဆိုရင်တော့ ဒါဟာ ဆယ်စုနှစ်တွေ အတွင်း မြန်မာနိုင်ငံက ရွေးကောက်ပွဲတခုကို နိုင်ငံတကာအဖွဲ့အစည်းတခုက ပထမဆုံးအကြိမ် လာရောက်လေ့လာခွင့်ရတဲ့ သဘောဖြစ်မှာပါ။ မင်္ဂလာမြန်မာအဖွဲ့က ဒါရိုက်တာဖြစ်သူ ဦးဖုန်းဝင်း ကတော့ အနောက်နိုင်ငံက လေ့လာရေးအဖွဲ့တွေထက်စာရင်တော့၊ အာဆီယံလို အဖွဲ့က ကိုယ်စားလှယ်ကို မြန်မာဘက်က ပိုပြီး လိုလားတာကြောင့် အာဆီယံ ကိုယ်စားလှယ်အဖွဲ့ လာရောက်ရေးဖြစ်နိုင်တယ်လို့ မြင်ပါတယ်။



ကျနော်ထင်တာတော့ အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေထက်စာရင် အာဆီယံကနေ လွှတ်တဲ့အဖွဲ့ကို လက်ခံနိုင်ဖို့ ပိုများတာပေါ့။ အာဆီယံ အနေနဲ့ ကလည်း ဒီလုပ်ငန်းကို ၀င်လုပ်ချင်တဲ့ ပုံစံရှိတယ်လေ။ မြန်မာပြည်ကလည်း အာဆီယံကိုတော့ လက်ခံတဲ့သဘောရှိတယ်လေ။ အာဆီယံက နာဂစ်တုန်းကလည်း မြန်မာအစိုးရနဲ့ သေသေချာချာ ပူးပေါင်းပြီး လုပ်ကိုင်နိုင်တဲ့အတွက် အောင်မြင်တာတွေ ရှိတယ်။ ဆိုတော့ အာဆီယံကလည်း ပြန်လုပ်ချင်တယ်။ မြန်မာအစိုးရကလည်း အာဆီယံဆိုရင်တော့ လက်ခံနိုင်လောက်တယ်လို့ ကျနော်တို့ ယူဆထားပါတယ်။ မြန်မာအစိုးရက သေသေချာချာ လေးလေးနက်နက် စဉ်းစားပြီးတော့ လက်ခံလိမ့်မယ်ထင်ပါတယ်။”



မေး။ ခု လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကရော ဘယ်လောက်ထိ လွတ်လပ်မျှတမယ့် အခြေနေ ရှိလဲ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲတွေဘာတွေ ပြဿနာတွေနဲ့ တော်တော် ရှုပ်ရှုပ် ယှက်ယှက် ဖြစ်ခဲ့တော့လေ။



ခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲကတော့ လက်ရှိအခြေနေကိုပဲ ကြည့်လိုက်လို့ရှိရင် အရင် ရွေးကောက်ပွဲ နဲ့ မတူဘဲ တော်တော်လေးကို လွတ်လွတ်လပ်လပ် လုပ်ပေးထားတာ တွေ့ရတယ်။ ရွေးကောက်ပွဲလုပ်မယ့် ဧပြီ ၁ရက်နေ့အထိလည်း ခုလိုပဲ ဆက်ပြီး လွတ်လပ်ခွင့်တွေ ပေးထားမယ်လို့ ကျနော်တို့ ယူဆတယ်၊ ရွေးကောက်ပွဲနေ့ကျရင်လည်း အစိုးရအနေနဲ့ အတတ်နိုင်ဆုံး သန့်သန့်ရှင်းရှင်း ဖြစ်အောင် လုပ်မယ့်သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်ခြင်းအားဖြင့် ပါတီတွေအားလုံး သန့်သန့်ရှင်းရှင်း နဲ့ လွတ်လွတ်လပ်လပ် မျှမျှတတလုပ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုပြိုင်ရမလဲဆိုတာ သူတို့ နားလည်သွားမယ်။ ဒီတော့ အဲလို နားလည်သွားခြင်းအားဖြင့် ဒီပါတီတွေက ၂၀၁၅ အတွက် သူတို့ ပြင်ဆင်ချိန် ရသွားမယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်လိုက်တဲ့ အကျိုး ကျေးဇူးက အတိုက်အခံပါတီတွေပေါ်မှာပဲ ရှိတာမဟုတ်ဘဲနဲ့ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွက်လည်း အကျိုး ရှိမယ်လို့ ထင်ပါတယ်။ သူတို့လည်း ၂၀၁၅ မှာ ဘယ်လိုပြိုင်ရမလဲဆိုတာကို နားလည်သွားမှာပေါ့။”



လာမယ့် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာကို ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာ အားလုံးနိုင်တယ်ပဲထား၊ လွှတ်တော်ထဲမှာတော့ အာဏာရကြံခိုင်ရေးပါတီကပဲ အများစုနေရာ ရှိနေဦး မှာပါ။ ဒါကြောင့်လည်း အာဏာပိုင်တွေဘက်က ဒီရွေးကောက်ပွဲကိုတော့ လွတ်လပ်မျှတအောင် ကျင်းပပေးနိုင်တယ်လို့ သုံးသပ်သူတွေ ယူဆကြပါတယ်။



မြန်မာနိုင်ငံကို ရောက်နေတဲ့ အာဆီယံ အတွင်းရေးမှုးချုပ် ဆူရင်းပစ်ဆူဝမ်ဟာ ရန်ကုန်မြို့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖွယ် ရှိပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်း ဖျာပုံဘက်ကို သွားရောက်ဖို့ရှိပါတယ်။ အဲဒီမှာတော့ အာဆီယံက ကူညီဆောင်ရွက် ပေးနေတဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေနဲ့ နာဂစ်ကယ်ဆယ်နေရာချထားရေးအစီအမံတွေကို သွားရောက် စစ်ဆေးမှာဖြစ်ပါတယ်။






ကြားဖြတ်ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်တိုင်းရင်းသားများနေထိုင်ရာ ကော့မှူးမြို့နယ်၊ ၀ါးသင်္ခကျေးရွာ
from Karen Newsletter / အယ်ဂလယ်မူး၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ မိုးမခ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခုနှစ်၊ ဧပြီလ ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ရန်ကုန်တိုင်းဒေသကြီး၊ တောင် ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေါ်အောင်ဆန်းစု ကြည်၏ အဓိကယှဉ်ပြိုင်ဘက် ဖြစ်လာမည့်သူမှာ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမင်း ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများအရ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်သို့ အိမ်ထောင်စုဇယား(ပုံစံ-၁၀) ပြောင်းရွှေ့ရသည်။
ကော့မှူးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများအား ပြောကြားချက်အ ချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ “ကော့မှူးက ပြိုင်မယ်ဆိုတော့ အဲဒီမှာပဲ မဲထည့်ရမယ်။ မဲထည့်ရမယ်ဆိုတော့ အန်တီက အဓိက ကတော့ အဲဒီရွာ(၀ါးသင်္ခကျေးရွာ)ကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေ ရွာမို့လို့ပါ။” ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အ ဖြစ် ကော့မှူးမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနည်းဆုံး ()ကြိမ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်၊ စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်သို့ ရွေးကောက်ပွဲအကြို၊ မဲဆွယ်စည်းရုံး ရေး ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် လာရောက်ခဲ့ရာ ဒေသခံ ပြည်သူလူထု ထောင်ပေါင်းများစွာတို့မှ ဒေါ်အောင်ဆန်းစုကြည်အား နွေး ထွေးလှိုက်လှဲစွာ အားပေးထောက်ခံကြိုဆိုခဲ့ကြပါသည်။ ကော့မှူးမြို့နယ် စည်းရုံးရေးခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကရင် တိုင်းရင်းသားဝတ်စုံကို ၀တ်ဆင်လာခဲ့ပါသည်။ ကော့မှူးမြို့နယ်သည် ကရင်တိုင်းရင်းသား အများအပြား နေထိုင်ရာဒေသ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် မဲထည့်ရန် ရွေးချယ်ထားသော ကော့မှူးမြို့နယ်၊ ၀ါးသင်္ခကျေးရွာအကြောင်း အကျဉ်းမျှ ဖော်ပြလိုက်သည်။
ဝါးသင်္ခရွာနှင့် ကော့မှူးမြို့သည် ၁၆မိုင်နှင့် ၁ဖာလုံမျှသာ ကွာဝေးပြီး ကျိုက်ထော်နှင့် ၀ါးသင်္ခသည် အရှေ့နှင့် အနောက် ကျောချင်းကပ် နေကြသည်။ ကော့မှူးမြို့သည် ရန်ကုန်-ဒလ-တောတန်း ကားလမ်းပေါ်တွင် တည်ရှိပြီး တွံတေးနှင့် ရန်ကုန်သို့ အလွယ်တကူ သွားလာ နိုင်သည်။ ထို့ပြင်မက တောင်ဘက်ရှိ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းသို့လည်း အသွားအလာ လွယ်ကူသော မြို့တစ်မြို့ ဖြစ်သည်။
ကော့မှူးမြို့နယ်၊ ၀ါးသင်္ခရွာနှင့် ကျောချင်းကပ်လျက်ရှိသော ကျိုက်ထော်ရွာသည် ဧရာဝတီမြစ်ကမ်းနဖူးပေါ်တွင် တည်ရှိပြီး ဖျာပုံ၊ ဘိုက လေး၊ ကျိုက်လတ် စသည့် မြစ်ဝကျွန်းပေါ်ဒေသများသို့ သင်္ဘေင်္ာများဖြင့် အစဉ်အမြဲ သွားလာ၍ လွယ်ကူသောနေရာ ဖြစ်ပါသည်။ ကော့ မှူးမြို့သည် ရန်ကုန်တိုင်း၏ အနောက်တောင်ဘက်အစွန်းတွင် တည်ရှိပြီး တွံတေးမြို့နှင့် ကွမ်းခြံကုန်းတို့၏ အလယ်ဗဟိုတွင်ရှိကာ အလွန် နှစ်လိုဖွယ်ကောင်းသည့် မြို့လေးတစ်မြို့ ဖြစ်သည်။
ကော့မှူးမြို့သည် ယခင်က ကွမ်းခြံကုန်းမြို့နယ်တွင် ပါဝင်ခဲ့ပြီး မြို့နယ်အဖြစ်သို့ တိုးတက်ပြောင်းလဲ သတ်မှတ်ခြင်းခံရပြီးနောက် ၁၉၉၄ခု နှစ်၊ စာရင်းအရ လူဦးရေ (၁၀၇,၀၀၀)ကျော်ရှိ၍ တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိသော မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်အ တွင်း ကရင်တိုင်းရင်းသား အများအပြား နေထိုင်ကြပြီး ၀ါးသင်္ခကျေးရွာသည် ကရင်လူမျိုးများ နေထိုင်ကြသော ကျေးရွာတစ်ရွာဖြစ်သည်။ ၀ါးသင်္ခကျေးရွာသားများသည် မျိုးချစ်စိတ်ဓာတ် ထက်သန်ကြသူများဖြစ်ပြီး ကရင်ရိုးရာယဉ်ကျေးမှု အထိမ်းအမှတ် ကျောက်စာတိုင်ကြီး တစ်ခုကို တည်ဆောက်ထားကြသည်။



နောက်ဆုံး

အိုဘားမား လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း
ဥက္ကာကိုကို
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ မိုးမခ



() အိုဘားမားသည် ၎င်းနေထိုင်သမှုပြုရာ ထုံးဖြူသုတ်ထားသည့် အိမ်ဟောင်းကြီးရှေ့တွင် “အိုတီး-(O-Tea)” အမည်ရှိ လက်ဖက်ရည် ဆိုင်တစ်ခုကို ဖွင့်လှစ်လိုက်သည်။ အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်အား သူ၏မိတ်ဆွေအပေါင်းအသင်းများ၏ ၀ိုင်းဝန်းတိုက်တွန်း လှုံ့ဆော်မှု ကြောင့် ဖွင့်လှစ်ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။



() ထိုအချိန်က မြန်မာဟူသည့် လူညိုများနေထိုင်ရာ အရှေ့ပိုင်းရွာငယ်လေးတစ်ခုတွင် “လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု” ဆိုသော ယဉ်ကျေး မှုတစ်ရပ် အတော်အတန်ကြီးမားထွန်းကားလျှက်ရှိလေသည်။ ယင်းရွာငယ်လေးရှိ ရွာသူရွာသားအတော်များများမှာ နာရီ၊ စက္ကန့်၊ မိနစ်များစွာကို လက်ဖက်ရည်ဆိုင်များထဲတွင် တမ်းတမ်းစွဲစွဲ ပြွတ်ပြွတ်သိပ်သိပ် အချိန်ပေးထိုင်တတ်ကြကြောင်း သတင်းများကြား ရစဉ်က အိုဘားမားကြီးတစ်ယောက် အံ့အားကြီးစွာဖြစ်ရလေ၏။



အချိန်သည်ငွေ”ဟူ၍ သူတို့အနောက်ပိုင်းရွာသားများ အားသွန်ခွန်စိုက် ကြိုးစားလှုပ်ရှား၍ ငွေရရှိအောင် အချိန်ကိုပေးဆပ်နေကြရသည့် ကာလတွင် မြန်မာလူညိုများမှာကား ငွေများပစ်ပေး၍ပင် အချိန်ကို ၀ယ်ယူစည်းစိမ်ယစ်နေကြပါတကားဟု အထင်ကြီးလေးစားစိတ်လည်း အံ့ဘနန်းဖြစ်ပေါ်ရချေသည်။



မြန်မာရွာသို့ အလည်အပတ် အပျင်းပြေအပျော်ခရီးထွက်ဖူးကြသော သူ၏မိတ်ဆွေကြီးများကလည်း မြန်မာ့လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်းကို မစားရ၀ခမန်း ပြန်လည်ဖောက်သည်ချလေ့ရှိကြသဖြင့် လက်ဖက်ရည်ဆိုင်ဟူသည့်အရာအား အိုဘားမားကြီး စတင်စိတ်ဝင်စားခဲ့ရလေတော့သည်။



ဒီလိုဗျာ... အဲဒီက လက်ဖက်ရည်ဆိုင်တွေဆိုတာ... ကျုပ်တို့ဆီမှာရှိတဲ့ ကဖေးဆိုင်တွေလိုပါပဲ။ ဒါပေမယ့် ဒီမှာလို သောက်စရာရှိတာတစ်ခွက်သောက်၊ ပြောစရာရှိတာထိုင်ပြောပြီး ပြန်သွားကြတာမျိုးမဟုတ်ပေဘူး အိုကြီးရဲ့။ သူတို့လက်ဖက်ရည်ဆိုင်တွေက လက်ဖက်ရည်တစ်ခွက်သောက်၊ အဲ... သုံးခွက်လည်းထိုင်သောက်ချင်သောက်၊ ပြီးရင် ရေနွေးတစ်အိုးပြီးတစ်အိုးသောက်ပြီး တစ်နေကုန်တစ်နေခမ်း စပ်မိစပ်ရာ ကွိစိကွစတွေကိုချည်း အချိန်ပေးထိုင်ပြောကြရတာကိုးဗျ။ ဆိုင်ရှင်တွေကလည်း ကြိုက်သလောက်ထိုင် ဘာမှမပြောတဲ့အပြင် သီချင်းလေး၊ ဗီဒီယိုလေး၊ ဘောပွဲလေးတွေပါ ပြပေးထားသေးတာဗျို့... ကျုပ်တော့အဲဒီမြင်ကွင်းတွေကြည့်ပြီး လူဖြစ်ရကျိုးနပ်လှချည်ကြရဲ့တကားလို့တောင် စိတ်ထဲကတွေးမိသေးတယ်” ဟု ရွာပေါင်းစုံမှပြဿနာများကို ဒိုင်ခံရှင်းလင်းပေးနေရသည့် တောင်ကိုရီးယားရွာသားကြီး ကုလဘန်ကီမွန်းကြီးက သူမြန်မာရွာကိုအလည်ရောက်ခဲ့စဉ်က မြင်ကွင်းကို ပြောပြခဲ့ဖူးရာ အိုဘားမားကြီး ပါးစပ်ဟောင်းလောင်းကလေးဖြင့် နားထောင်ခဲ့ရဖူးလေသည်။ ထိုသို့ဖြင့် ယူအက်စ်အေ ရွာလူကြီး အိုဘားမားတစ်ယောက် လက်ဖက်ရည်ဆိုင်နှင့်ပတ်သက်သော အချက်အလက်များကို ဟိုမေးဒီမြန်းဖြင့် လေ့လာရလေသည်။



() သူ့ရွာကိုရောက်နေကြသော မြန်မာရွာသားများ၏ ရှင်းပြချက်တို့အပြင် မြန်မာရွာဆီသို့ အပျော်ခရီးထွက်ဖူးကုန်ကြသော ကုလအဖွဲ့မှရောင်းရင်းများ၊ သူ့တပည့်ကျော်များ၏ စီကာပတ်ကုံးပြောပြချက်များကို နားထောင်ရင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်လိုစိတ်များ တဖွားဖွားပေါ်လာရတော့သည်။ သူ့မဟေသီ မီလ်ရှဲအိုဘားမားကလည်း လက်ဖက်ရည်ဆိုင်ဖွင့်ပါက ကုန်ကျမည့်စရိတ်နှင့် ပြန်ရမည့်အမြတ်ငွေတို့ကို မည်သို့မည်ပုံတွက်ချက်လိုက်သည်မသိ။



စာရင်းပေါင်းသော် အိုဘားမား၏ ရွာလူကြီးဝင်ငွေ၊ အတ္ထုပတ္တိစာအုပ်များရောင်းရငွေ၊ အောက်ဆိုက်ရငွေတို့ထက်ပင် ဖွတ်ကလိကဒင်္ဂါးပေါင်း ဘီလီယံသန်းနှင့်ချီထွက်ပေါ်လာ၍ ၀မ်းသာအားရပင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရေး မဟာစီမံကိန်းကြီးကို အမြန်ဆုံးအကောင်အထည်ဖော်ပါရန် အိုဘားမားကြီးအား နှစ်ကိုယ်ကြားတစ်ချက်လွှတ်အမိန့်ထုတ်လိုက်လေတော့သည်။



ထို့အပြင် မကြာသေးမီကလေးကပင် မြန်မာရွာသို့ အလည်အပတ်သွားရောက်ခဲ့သော သူ့ပြိုင်ဖက်ရဲဘော်ကြီး ဘုရားဒကာဂျွန်မက်ကိန်းက-



မင်း ဒီရွာကို ရွာလူကြီးအဖြစ်တာဝန်ယူနေပြီးတော့ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တောင် ဖြစ်မြောက်အောင်မဖွင့်နိုင်ဘူးဆိုတော့ နောက်လာမယ့်ရွေးကောက်ပွဲမှာ ခွေးဖြစ်မယ့်ကိန်းမြင်နေသကွယ့်” ဟုအဓိပ္ပာယ်ရသည့် စကားလုံးကြီးများဖြင့် အိမ်ရှေ့မှလှမ်းအော်သွားသေးတာမို့ အိုဘားမားတစ်ယောက် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရေးစီမံကိန်းကို စိတ်ဒုံးဒုံးချ ဆုံးဖြတ်အကောင်အထည်ဖော်ပါတော့၏။



တဆက်တည်းမှာပင် မြန်မာ့လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်းကို ရပ်ကျော်ရွာကျော်သတင်းမီဒီယာကြီးများက စာဖြင့်တဖုံ၊ ရုပ်သံဖြင့်တစ်မျိုး နေ့စဉ်ရက်ဆက်ဖော်ပြလာကြတာကြောင့် သူ့ရွာကြီးရှိ ရွာသူရွာသားများမှာ လက်ဖက်ရည်ဆိုင်ပိုးဝင်ကာ လှုပ်လှုပ်ရွရွဖြစ်လာကြလေသည်။ သတင်းများတွင်လည်း မြန်မာ့လက်ဖက်ရည်ဆိုင်အကြောင်း၊ သတင်းများ၊ ဆောင်းပါးများကို ဓာတ်ပုံများဝေေ၀ဆာဆာဖြင့် မြန်မာရွာသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ရိုက်ကူးတင်ဆက်ဖော်ပြလာကြသည်။ ရွာသူရွာသားတချို့ကလည်း ရွံ့ပုပ်ရောင်လက်ဖက်ရည်ခွက်ပုံများကိုရေးဆွဲထားသော ဆိုင်းဘုတ်များ၊ ဗီနိုင်းများကို ကိုင်ဆောင်ကာ သူနေထိုင်ရာ ထုံးဖြူသုတ်အိမ်ဟောင်းကြီးတစ်ဝိုက် စီတန်းလှည့်လည်ရင်း “We Can Change”၊ “We Can Change” ၊ “We Can Change”၊ ဟူ၍ အားတိုင်းယားတိုင်း လာလာအော်ဟစ်နေကြလေသည် “လက်ဖက်ရည်ဆိုင်ဖွင့်မယ်ဆိုရင်၊ စားပွဲနဲ့ ခုံပုလေးတွေလိုပါမယ်။ လက်ဖက်ရည်ခွက်သေးသေးလေးတွေလိုပါမယ်။ ရေနွေးကြမ်းအိုးနဲ့ ရေနွေးပန်းကန်လုံးတွေလိုပါမယ်။ နို့ဆီနို့စိမ်း၊ လက်ဖက်ခြောက်စသဖြင့်လိုအပ်ပါမယ်။ လူအနေနဲ့ အဖျော်ဆရာ၊ အကြော်ဆရာနဲ့ စားပွဲထိုးကလေးတွေလိုအပ်ပါမယ်။ ဆေးလိပ်ကိုလည်း တစ်လိပ်ချင်းရောင်းချပေးနိုင်ရပါမယ်။ သီချင်းဖွင့်ရပါမယ်။ ဘောပွဲပြရပါမယ်။ ရှယ်ဆိုရင်ဇွန်းတပ်ပေးပြီး ရိုးရိုးဆိုရင် ဇွန်းမထည့်ရပါဘူး။ ပလိန်းလို့ပြောရင် ကော်ဖီမစ်ထုပ်ကိုရေနွေးနဲ့ချပေးရပါမယ်.................. ” စသည့် အစီရင်ခံစာအပြည့်အစုံတစ်ခုအား မြန်မာရွာတွင်နေထိုင်သည့် သံတိုသံစရောင်းသူတပည့်ကျော်တစ်ဦးက လှမ်းပို့ပေးလိုက်သောအခါ လိုအပ်သောပစ္စည်းပစ္စယများကို ချက်ချင်းစုဆောင်းလိုက်ခြင်းအားဖြင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ရန် အဆင်သင့်ဖြစ်သွားပြီဖြစ်သည်။



သူ၏ ကျေးရွာအုပ်ချုပ်ရေးရုံးမှ လက်အောက်လူကြီးများကလည်း ဤကဲ့သို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်လှစ်လိုက်ခြင်းအားဖြင့် လူပေါင်းများစွာသည် လက်ဖက်ရည်သောက်ရင်း အချိန်ကုန်ခံကြတော့မည်ဖြစ်ရာ ကျွန်ုပ်တို့ရွာကြီးတွင်ဖြစ်ပေါ်လျှက်ရှိသည့် အလုပ်လက်မဲ့ပြဿနာကြီးအားအလိုလိုဖြေရှင်းနိုင်တော့မည်ဖြစ်ပါကြောင်း၊ ပင်စင်စားအဘိုးကြီးအဘွားကြီးများကလည်း လုပ်စရာမရှိတိုင်းလက်ဖက်ရည်ဆိုင်လာထိုင်နေတော့မည်ဖြစ်သဖြင့် ပင်စင်လစာပြဿနာများကိုလည်း အလိုလိုမေ့လျော့သွားကြလိမ့်မည်ဖြစ်ပါ ကြောင်းဖြင့် အဖက်ဖက်မှဝိုင်းဝန်း၍ အချွန်ဖြင့်မ ကြလေကုန်၏။



ထိုသို့ဖြင့်...... ထိုသို့ဖြင့်



အိုတီး” ဟု အမည်သမုတ်သည့်လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်မှာ ယူအက်စ်အေဆိုသည့်ရွာကြီးရှိ ထုံးဖြူသုတ်ထားသောအိမ်ဟောင်းကြီးရှေ့တွင် အောင်မြင်စွာပေါ်ထွက်လာခဲ့လေတော့သည်။



() အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ပွဲသို့ ကျေးရွာအသီးသီးမှ ရပ်ရွာခေါင်းဆောင်ကြီးများ တက်ရောက်ချီးမြှင့်ကြပြီး ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ဖဲကြိုးဖြတ် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သောကြောင့် မီဒီယာများတွင် အအောင်မြင်ဆုံး ဆိုင်သစ်ဖွင့်ပွဲတစ်ခုအဖြစ် ဝေေ၀ဆာဆာဖော်ပြပါရှိလာလေ၏။ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသော ပထမဆုံးလက်ဖက်ရည်တစ်ခွက်ကို တစ်ငုံသောက်ကြည့်သော အင်္ဂလန်ကျေးရွာလူကြီး အမျိုးသမီးကြီး ၀ိတိုရိယအဲလိဇဘက် ပင်လျှင် အရသာထူးကဲသောလက်ဖက်ရည်ချိုဆိမ့်ကြောင့် အင်တန်နှစ်ခြိုက်စွာဖြင့် “အိုး... ဂွတ်... အိုး..အိုး..ဂွတ်” ဟူ၍ စိတ်လွတ်ကိုယ်လွတ်မြည်ကြွေးမိလေ၏။ ယူအက်စ်အေရွာသားအပေါင်းတို့မှာကားမူ ၀မ်းမြောက်ဝမ်းသာအားပေးလိုက်ကြသည်မှာ ဆိုဖွယ်ရာပင်မရှိပြီ။



ဆိုင်ဖွင့်သည့်နေ့မှာပင် လက်ဖက်ရည်ခွက်ပေါင်း တစ်သန်းကျော်ရောင်းချလိုက်ရလေရာ ကောင်တာနောက်မှာထိုင်၍ ပိုက်ဆံသိမ်းနေသော မီရှဲလ်အိုဘားမား တစ်ယောက် ပြုံးပန်းပီတိဂွမ်းဆီထိကာ “အဟိ..အဟိ..ခွိခွိခွိ” ဖြင့် အူမြူးနေပေတော့သည်။



ဆိုင်ဖွင့်ပွဲအခမ်းအနားအား ရုပ်သံအသီးသီးမှ Live ထုတ်လွှင့်ပြသရာ စောင့်ကြည့်သူပေါင်း သန်းတစ်ထောင်တိတိရှိလေကြောင်း Time အမည်ရှိလက်ကမ်းစာစောင်တစ်ခုတွင် ဖော်ပြပါရှိလာ၏။ အိုဘားမားပါးစပ်လည်း နားရွက်တက်ချိတ်နေပါတော့၏။



အိုတီးလက်ဖက်ရည်ဆိုင်တွင် အိုစပါယ်ရှယ် အစားအသောက်များမှာ လွန်စွာမှ လူကြိုက်များလှသည်။ ထိုအရာများကား အိုတီးရှယ်လက်ဖက်ရည်၊ အိုကြာကွေး၊ မီရှဲလ်ပလာတာ၊ အိုရှဲစမူဆာတို့ပင်ဖြစ်ကြသည်။ လက်ဖက်ရည်စားပွဲများကို ဆိုင်အတွင်းမှာသာမက ဆိုင်အပြင်ဖက် ထင်းရှူးပင်များအောက်တွင်လည်း ခင်းကျင်းထားရှိသည်။



အိုဘားမားမှာလည်း အိုတီးလက်ဖက်ရည်ဆိုင်ကို အနောက်ပိုင်းတခွင် စတင်ဖွင့်လှစ်သူအနေနှင့် ဟုန်းဟုန်းတောက်နာမည်ကျော်ကာ ဂရင်းနစ်စံချိန်တင်သွားလေသည်။ ရွာအသီးသီးရှိ ကျောင်းသင်ခန်းစာများတွင်လည်း “ယူအက်စ်အေရွာကြီးမှာ ပထမဆုံး လက်ဖက်ရည်ဆိုင် ဖွင့်လှစ်သူအမည်နှင့် ဆိုင်အမည်ကိုဖော်ပြပါ” စသဖြင့် ထည့်သွင်းသင်ကြားကြရသည့်အဆင့်ထိ ရောက်ရှိခဲ့လေသည်။



ယူအက်စ်အေရွာကြီးသို့ အလည်အပတ်လာရောက်ကြကုန်သော လူများမှာလည်း အိုတီးလက်ဖက်ရည်ဆိုင်နောက်ခံနှင့် ဓာတ်ပုံရိုက်ပါမှ လူရာဝင်ရသလိုလိုဖြစ်ကုန်ကြသည်။



() အိုဘားမားနှင့် ဇနီးသည်မီရှဲလ်တို့ ကောင်တာဘေးတွင် တိုးတိုးတွတ်တွတ် စကားများနေကြသည်။ မီရှဲလ်က -



ရှင်က ဒီရွာကလူကြီးပဲ... သူတို့ကို လက်မခံလို့ရတာပဲ”



အိုဘားမားက စိတ်ကျဉ်းကျပ်နေသည့်မျက်နှာမည်းလေးဖြင့်-



မဖြစ်ပေဘူးကွ... သူတို့တွေက ငါ့ရဲ့မိတ်ဆွေတွေ။ ပြီးတော့ ဒီလူတွေက သူတို့ရွာမှာ ရွာလူကြီးတွေပဲ။ လောလောဆယ်တော့ ဒို့ဆိုင်လေးကိုမထိခိုက်သရွေ့နည်းနည်းတော့ စောင့်ကြည့်ပါဦးကွာ”



သတိတော့ထားနော် ကိုကိုဘား... ကျွန်မကတော့ အဲဒီလူတွေကို သိပ်မသင်္ကာဘူး။ အာမက်ဒီနီဂျက်ဆိုတဲ့လူကို ပိုကြည့်မရဘူး”



အကြောင်းမူကား အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ပြီး နှစ်ပတ်အကြာတွင် ဆိုင်၏မလှမ်းမကမ်း၌ အီရန်ကျေးရွာမှ ရွာလူကြီး အာမက်ဒီနီဂျက်ဆိုသည့်ပါးသိုင်းမွေးနှင့်လူက “ကွမ်းမှာဘုရင်၊ အာမက်သခင်”ဟူသည့် ကွမ်းယာဆိုင်လာဖွင့်သောကြောင်းဖြစ်သည်။ သူနှင့် မရှေးမနှောင်းမှာပင် တရုတ်ရွာမှ ဟူကျင်တောင်ဆိုသည့်အဘိုးကြီးကလည်း “အသားကိုယူ၊ အဆီကိုစား၊ ပေါက်ဖော်အာရှကျား” အမည်ဖြင့် ၀က်သားတုတ်ထိုးဆိုင်လာဖွင့်လေသည်။ အိုဘားမားလည်း ကိုယ့်လိုလက်ဖက်ရည်ဆိုင်လာဖွင့်တာမှမဟုတ်ဘဲလေ ဆိုပြီး ဒီတိုင်းကြည့်နေလိုက်၏။ ဟူကျင်တောင်၏ ၀က်သားတုတ်ထိုးဆိုင်ကြောင့် အိုဘားမား၏ ဖောက်သည်ကောင်မလေးတချို့လျော့နည်းသွားတာ သိပ်ကိစ္စမရှိပေမယ့် အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်ကြောင့် သူ့ရွာရှိရွာသားတော်တော်များများ ကွမ်းစားတတ်ကုန်သည်။ လူကြီးလူငယ်များ၏ ပါးစပ်တွင် ကွမ်းသွေးများနီရဲစွာမြင်လာရသည်။ ဘီကလင်တန်၊ ဟီလာရင်ကလင်တန်လင်မယားဆိုလည်း အမြဲကွမ်းပလုတ်ပလောင်းတွေဖြစ်နေသည်။ သူနေထိုင်ရာ ထုံးဖြူသုတ်အိမ်ကြီး ပတ်ပတ်လည်မှာ ကွမ်းတံတွေးများ တဗျစ်ဗျစ် လာထွေးထားကြတာကိုလည်း နေ့တိုင်းရှင်းလင်းနေရသည်။



အိမ်နှင့်ရန်ဖြစ်ကာ ထွက်ပြေးလာသော အိမ်ခြေရာမဲ့ သက်ဆင် ဆိုသည့် ထိုင်းရွာသားတစ်ဦးကို စားပွဲထိုးခေါင်းဆောင်ခန့်ပြီး အောက်ခြေသိမ်းအလုပ်များကို ကြီးကြပ်ရှင်းလင်းခိုင်းထားရသည်။ အရေးထဲမှာ အိန္ဒိယကျေးရွာမှ မန်မိုဟာဆင်းန်ခေါင်းဆောင်သော နွားနို့ပို့သည့်ဘာဘူကြီးတွေကလည်း နွားနို့ထဲ ရေတွေအဆမတန်ရောလာကြသဖြင့် သတိပေးထားရသေးသည်။



() အိုတီး လက်ဖက်ရည်ဆိုင်လေးထဲမှာ လူစည်ကားနေသည်။ လင်းဆေးလိုဟန်၊ ဘရစ်တနီစပီးယား၊ အင်ဂျလီနာဂျိုလီ၊ ဂျနီဖာလိုပက်ဇ် တို့ဝိုင်းက ကျယ်လောင်ကျယ်လောင်ဖြင့် လေပန်းနေကြ၏။ ဒီကောင်မလေးတွေက မူးယစ်ဆေးနည်းနည်းသုံးထားပုံရသည်။ သူမတို့ဝိုင်းကို အက်ဖ်ဘီအိုင်နှင့် စီအိုင်အေသတင်းပေးများက တခြားဝိုင်းမှနေလှမ်းအကဲခတ်နေကြသည်။ ဂျိုလီက အီကြာကွေးကြီး တစ်ချောင်းကို ပါးစပ်ထဲအတင်းထိုးထည့်ပြီး အကဲခတ်နေသည့် ငနဲများကိုလှောင်ပြနေသည်။



ဘုန်း”



ဆိုင်ထဲကိုဘောလုံးတစ်လုံးဝင်လာပြီး ဆိုင်နံရံကိုထိမိသံဖြစ်သည်။ မီရှဲလ်က ကောင်တာမှနေ အပြင်သို့လှမ်းအော်သည်။



ဟဲ့.... ရွန်းနီတို့ ဘက်ခမ်းတို့၊ ဒိုလေးတို့ ဒရော့ဘာတို့ .. ဆိုင်နဲ့ဝေးဝေးမှာသွားကစားကြကွယ်... ဒီမှာ စားသောက်သူတွေရှိနေတယ်”



ဆိုင်ထဲရှိချောင်ကျကျဝိုင်းတစ်ခုမှာတော့ မြောက်ကိုရီးယားအဘိုးကြီး ကင်ဂျုံအီးတစ်ယောက်တည်းထိုင်နေသည်။ ညကများထား၍ အရက်နာကျနေပုံလည်းရသည်။ သူ့ဝိုင်းကို ကွမ်းယာသည်အာမက်ဒီနီဂျက် ခဏလာထိုင်ပြီး တိုးတိုးကျိတ်ကျိတ်စကားပြော၍ ဟိုကြည့်ဒီကြည့်ပြန်ထွက်သွားတာကို တွေ့လိုက်ရသဖြင့် အိုဘားမားနည်းနည်းမသင်္ကာဖြစ်သွားသည်။



ဆိုင်ထဲသို့ အာရပ်သုံးဦးဝင်လာသည်။ “ချိုဆိမ့်သုံးခွက်”ဟုမှာပြီး ၀ိုင်းအလွတ်တစ်ခုမှာဝင်ထိုင်ကာ ကောင်တာဖက်လှည့်၍ “ အိုမာကြီးအခွေဖွင့်ပေးပါဦး” ဟုတောင်းဆိုတာကြောင့် မီရှဲလ် စီဒီစက်ကိုဖွင့်လိုက်၏။



အိုမာကြီးဆိုတာ မကြာသေးမီက သေဆုံးသွားသော အိုစမာဘင်လာဒင်ကိုချစ်စနိုးခေါ်ကြခြင်းဖြစ်သည်။ ဘင်ဘာဒင်မသေမီနောက်ဆုံးထုတ်သွားခဲ့သော “အကြမ်းပတမ်းဖက်ပစ်လိုက်မယ်” ဟူသည့် ရော့ခ်သီချင်းခွေမှာ လူငယ်များကြားရေပန်းစားလျှက်ရှိလေသည်။



သေနတ်ကလေးကိုဆွဲ... မူရာမများတဲ့ ဒို့က... အကြမ်းဖက်မှာပဲ... ဟူးရေး... ၀ါး ဂါး.ဂရား” ဆိုပြီးရော့ခ်ကာကြီး အိုစမာ၏ ကျယ်လောင်သောသီချင်းသံကြီးထွက်လာပြီးနောက်မှာ လက်လှုပ်ခြေလှုပ်ဖြင့် စည်းဝါးလိုက်နေကြသော အာရပ်သုံးဦးကို အိုဘားမားကြည့်နေစဉ်မှာပင် ဆိုင်ရှေ့သို့ ပိုလာဝက်ဝံတံဆိပ်ကပ်ဂျစ်ကားလေးတစ်စီးထိုးရပ်လာလေသည်။ ဆင်းလာသူများက ရုရှားရွာမှရွာလူကြီးနှစ်ဦးဖြစ်သော မက်ဒီဗက်နှင့် ဗလာဒီမာပူတင်တို့ပင်ဖြစ်သည်။



သူတို့နှစ်ဦးက အိုဘားမားဆီလျှောက်လာပြီးနှုတ်ဆက်ကြသည်။ မက်ဒီဗက်က-



ဒီလိုအိုဘားမားရဲ့... ဒီက ကျုပ်ဆရာ ဗလာဒီမာပူတင်ကြီးက ခင်ဗျားဆိုင်ဘေးမှာ ဆိုင်တစ်ဆိုင်ဖွင့်ချင်လို့တဲ့... အဲဒါ ကျုပ်လိုက်ပြောပေးတာ”



အိုဘားမားတုန်လှုပ်စွာဖြင့်- “ဟင်.... ပူတင်က ဆိုင်ဖွင့်မယ်.. ဟုတ်လား... ဘာ..ဘာဆိုင်တုန်း”



ပူတီ ဆိုင်လေ... ရုရှားဝက်ဝံလေးပူတင်ရဲ့ပူတီ ဆိုပြီးဖွင့်မလို့... အဲဒါနေရာတစ်နေရာပေးလိုက်စမ်းပါဗျာ... ခင်ဗျားအာဖဂန်လွင်ပြင်မှာ အမဲလိုက်ထွက်ရင်သုံးလို့ရအောင် ကျုပ် ဒုံးကျည်လေးတစ်လုံးပို့လိုက်ပါ့မယ်”



ဟင်.. အမဲလိုက်ဖို့ ဒုံးကျည်....”



ပြောချင်ရာပြောပြီး ပြန်ထွက်သွားသော မက်ဒီဗက်ကိုကြည့်ကာ အိုဘားမား ပါးစပ်ဟောင်းလောင်းလေးဖြစ်နေသည်ကို ပူတင်ကြီးက နဖူးပြောင်ကလေးပွတ်ကာပွတ်ကာဖြင့် ပြုံးပြုံးကြီးကြည့်နေလေသည်။ အိုဘားမားတစ်ဖြည်းဖြည်းနှင့် ဒေါပွလာသည်။



တောက်... ဘယ်လိုလူတွေလဲ.... ဟိုတစ်နေ့ကပဲ ပြင်သစ်ရွာက ဆာကိုဇီဆိုတဲ့ကောင် အနှိပ်ခန်းလာဖွင့်ထားသေးတယ်.... ပါကစ္စတန်က ပါဗက်ဇ်မူရှာရက်ဖ်ဆိုတဲ့ငနဲကလည်း အာဖဂန်က ဟာမစ်ကာဇိုင်းဆိုတဲ့လူနဲ့ပေါင်းပြီး ဘိလိယက်ခုံလာထောင်သေးတယ်.... ခု နောက်တစ်ယောက်ထပ်လာပြန်ပြီ... ဂျပန်က အကီဟီတို ဆိုတဲ့ဂျပုအဘိုးကြီးလည်း ဆူနာမီဒုက္ခသည်တွေအတွက်ဆိုပြီး လက်ဖက်ရည်တွေဝယ်သွားတာ ခုထိအကြွေးလာမပေးသေးဘူး... တောက်”



() အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ထားသည်မှာ တစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ အိုဘားမားတို့လင်မယားလည်း ၀င်ငွေအကောင်းဆုံး စာရင်းဝင်များဖြစ်ကာ ရွာတကာမှာအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာကြလေသည်။ နေ့စဉ်ဝင်ငွေရလာကြသော်လည်း သူ့ရွာကြီးရှိလူများမှာ တဖြည်းဖြည်းနှင့်မသိမသာ ပျက်စီးစပြုလာလေသည်။



ပူတင်ဆိုတဲ့ရုရှားက ပူတီရောင်းသလိုလိုနှင့် ဗော်ဒကာဟုခေါ်သော ရုရှားဘီအီးများကို အရက်ပုန်းရောင်းလျှက်ရှိရာ တစ်ရွာလုံး အရက်သမား ကွမ်းသမား ဘိလိယက်သမားတွေ ဖြစ်ကုန်ကြသည်။ စားပွဲထိုးခေါင်းခန့်ထားသော သက်ဆင်ဆိုတဲ့ကောင်က သူမသိအောင် “ချဲထီ”ဟုခေါ်သည့်လောင်းကစားတစ်ရပ်ကို ကြိတ်လုပ်နေသည်ဟု စီအိုင်အေမှသတင်းရပြီးနောက် ဂုတ်ကိုဆွဲကာ ဆိုင်ကကန်ထုတ်လိုက်ရ သေးသည်။



ရွာသူရွာသားလူငယ်များမှာလည်း ပူတင်၏ အရက်ဆိုင်မှာ တစ်လုံးဝင်မော့။ အာမက်ဒီနီဂျက်၏ ကွမ်းယာတစ်ထုတ်ဝယ်ဝါးကာ မူရှာရက်ဖ်နှင့် ဟာမစ်ကာဇိုင်းတို့၏ ဘိလိယက်ခုံမှာတစ်ပွဲဝင်ထိုးကြ။ ဒီကြားထဲ သက်ဆင်ဆီမှ ချဲထီတစ်ကွက်လောက်ပေါက်လိုက် လို့ကတော့ ဆာကိုဇီရဲ့ အနှိပ်ခန်းထဲကို ရောက်ရောက်သွားကြတော့သည်။



တလောကလည်း ၀က်သားအသိုးတွေကို လောဘကြီးပြီး ခပ်တည်တည်ရောင်းချရာမှ ကောင်မလေးများ ချီးပန်းကုန်ကြသဖြင့် ဟူကျင်တောင်အဘိုးကြီးကို ၀မ်နင်ထုတ်ထားရသေးသည်။



အဲဒါတွေကြောင့်ပင် အိုဘားမားတစ်ယောက် စိတ်ညစ်နေရသည်။ မနေ့ညက ကင်ဂျုံအီအဘိုးကြီးကို ကောင်မလေးဆယ်ယောက်နှင့် ရွာထိပ်တွင် တွေ့ရာမှ မသင်္ကာ၍ ရွာလုံခြုံရေးများကပ်သွားကြရာ ကင်ဂျုံအီကြီး ဖိနပ်လေးခါးကြားထိုးပြီး သုတ်ခနဲလစ်ပြေးသွားသဖြင့် ရွာသူကလေးဆယ်ဦးကို လူကုန်ကူးခံရမည့်ဘေးမှ လက်မတင်လေး ကယ်တင်လိုက်နိုင်လေသည်။ ထိုစဉ် ရုတ်ရုတ်သဲသဲအသံကြား၍ လှမ်းကြည့်လိုက်ရာ သူ့ဆိုင်မှာ ထိုင်နေကျ အာရပ်သုံးဦးကို အက်ဖ်ဘီအိုင်နှင့် စီအိုင်အေအဖွဲ့ဝင်များက လက်ပြန်ကြိုးတုပ်ဖမ်းဆီးလာတာ တွေ့လိုက်ရသည်။ အိုဘားမားလည်း ထိုင်ရာမှထလိုက်ရသည်။



ဘာဖြစ်လာကြတာလဲဟေ့”



ဒီကောင်သုံးကောင် လူကြီးမင်းရဲ့ အိမ်ဖြူကြီးကို လေးခွနဲ့လှမ်းပစ်နေကြလို့ ဖမ်းလာတာပါ။ မှန်နှစ်ချပ်ကွဲသွားပြီ”



ဟေ... ”



အာရပ်သုံးဦးကို စစ်ကြည့်လိုက်တော့ အာရပ်ယောင်ဆောင်ထားသော သူခိုးဓားပြသုံးကောင်ဖြစ်နေလေသည်။ တစ်ယောက်က သူ့နာမည်ကို “ဆိုမာလီ”ဟုပြောသည်။ နောက်တစ်ယောက်က “တာလီဘန်”ဟုဆိုသည်။ နောက်တစ်ယောက်ကတော့ “အယ်ကိုင်ဒါ”ဟု သိရသည်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ကဗျာဆရာများဟု အခိုင်အမာပြောဆိုနေကြသည်။



စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်..... သူတည်းတစ်ယောက်၊ ကောင်းမှုရောက်ဖို့.... အို...နေခြည်ကလည်း မထိုးရပါသလား....” စသဖြင့် ပါးစပ်ထဲပေါ်ရာ ကဗျာများကို တစ်ယောက်တစ်ပေါက် ကောက်ရွတ်ပြလိုက်ကြသေးသည်။ တကယ်တမ်းတွင် သူတို့သုံးယောက်မှာ နှလုံးသားနုနယ်လှသည့် ကဗျာဆရာစင်စစ်များပင်ဖြစ်ပါကြောင်း၊ အိမ်ဖြူကြီးကို လေးခွနှင့်ပစ်တာကလည်း “ပါဖောင့်မဲန့်” အနုပညာတစ်ရပ်ကို တင်ဆက်ကြခြင်းပင်ဖြစ်ပါကြောင်း တောင်ပြောမြောက်ပြော လျှောက်ပြောကြသည်။ သို့နှင့် အိုဘားမားကလည်း ကဗျာဆရာများကိုခံစားနားလည်စွာဖြင့် ထိပ်တုံးလေးပဲခတ်လိုက်ရလေသည်။



ပြဿနာတစ်ခုရှင်းလို့မပြီးသေးခင်မှာပဲ အရပ်ထဲမှ ဇာတ်သမ လင်းဆေးလိုဟန်နှင့် ဘရစ်တနီစပီးယားတို့ အူရားဖားယားပြေးလာပြီး အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်နောက်ဖက်တွင် မသင်္ကာစရာများတွေ့ခဲ့ကြောင်း၊ဓာတ်ငွေ့လိုလိုအငွေ့များလည်း ထွက်နေပြီး အနံ့အသက်မှာ ပြင်းထန်စူးရှလှကြောင်း၊ အထဲမှ “ပြာကျအောင်တော့မလုပ်နဲ့” ဟူသော အသံကြီးကိုလည်း ကြားခဲ့ရကြောင်း အိုဘားမားကိုတိုင်ကြသည်။ အိုဘားမားနှင့် တာဝန်ရှိသူများလည်း ပျာယာခတ်သွားသည်။ တခဏချင်းမှာပင် ---



အာမက်ဒီနီဂျက်ရဲ့ ကွမ်းယာဆိုင်ထဲမှာ နြူကလီးယားလက်နက်တပ်ဆင်နေတယ်” ဟုသော သတင်းက တစ်ရွာလုံးပျံ့နှံ့သွားပြီး ပြေးကြလွှားကြနှင့် ရှုက်ယှက်ခတ်ကုန်တော့သည်။



အိုဘားမားခေါင်းဆောင်သော ကျေးရွာလုံခြုံရေးတပ်ဖွဲ့များ အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်ကို ချက်ချင်းဝင်စီးလိုက်သည်။ ကွမ်းယာဆိုင်ပတ်ပတ်လည် ထွက်ပေါက်မရှိအောင်ဝိုင်းလိုက်ပြီး နောက်ဖက်တံခါးချပ်လေးကို ခြေနှင့်ကန်ဖွင့်လိုက်တော့ အထဲမှာ ပြောင်းတစ်ချောင်းဖြင့် ဆေးခြောက်ခိုးရှုနေကြသော အာမက်ဒီနီဂျက်နှင့် ဆုငွေထုတ်ခံထားရသည့် လစ်ဗျားရွာမှတောပုန်းကြီး ကဒါဖီ တို့ကို မျက်လုံးလေးကလယ်ကလယ်နှင့်တွေ့လိုက်ရသည်။



အာမက်ဒီနီဂျက်နှင့် ကဒါဖီက ဖမ်းဆီးခေါ်ဆောင်ရာနောက်လိုက်လာရင်း မကျေမချမ်းနှင့်ရေရွတ်သွားသည်။



တောက်... ကောင်မတွေ... သူတို့ကိုဆေးပေးမရှုခိုင်းတာနဲ့ပဲ ငါတို့ကိုချောက်ချတယ်”



() အိုတီးလက်ဖက်ရည်ဆိုင်လေးကို ရာသက်ပန်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရုပ်သံမီဒီယာများမှတဆင့် ကြေငြာလိုက်ပြီးတာနှင့် တဆက်တည်းပင် အိမ်ဖြူကြီးပတ်ပတ်လည်မှာလာဖွင့်ထားကြသော တခြားရွာများမှ ဆိုင်ခန်းများအားလုံးကို ဘော်ဒိုဇာဖြင့် ကော်ထိုးကာ အားလုံးဖျက်ဆီးပစ်လိုက်သည်။ ဆိုင်ပိုင်ရှင်အသီးသီးကိုလည်း တင်းတင်းမာမာရာဇသံပေးကာ ယူအက်စ်အေရွာကြီးမှ မောင်းထုတ်လိုက် သည်။



ခုတော့ ထုံးဖြူသုတ်ထားသည့်အိမ်ကြီးတစ်ဝိုက်မှာ ယခင်အတိုင်းပင် ပြန်လည် ရှင်းလင်းသွားပြီဖြစ်သည်။



အိမ်ဖြူကြီး ၀ရန်တာမှရပ်ရင်း အိုဘားမား သက်ပြင်းမောကြီးချလိုက်မိသည်။ စိတ်ထဲမှလည်း----



တကယ်တော့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဆိုတာ ငါတို့နဲ့ဘယ်လိုမှမအပ်စပ်ပါလားကွယ်.... ပြဿနာပေါင်းသောင်းခြောက်ထောင်တို့ စုဝေးရာနေရာဌာနကြီးကို လက်ဖက်ရည်ဆိုင်လို့ ခေါ်ဆိုကြသလားပဲ” ဟု တွေးတောဆင်ခြင် သံဝေဂရမိသည်။ ရွာလူကြီးတစ်ယောက်အနေဖြင့် ကိုယ့်အိနြေ္ဒနှင့်ကိုယ်မနေတတ်ဘဲ ဟိုစပ်စပ်ဒီစပ်စပ် ဆတ်ဆော့ချင်၊ ကမြင်းကြောလေးထချင်သော ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသဖြစ်မိသည်။



ဘာပဲဖြစ်ဖြစ် ယူအက်စ်အေရွာလူကြီးအဖြစ်က အနားယူပြီးလျှင်တော့ မြန်မာလူညိုများနေထိုင်ရာ ရွာငယ်လေးရှိ တက္ကသိုလ်ဟောင်းကြီး ထဲမှ ကမ္ဘာကျော် “ဦးချစ်” လက်ဖက်ရည်ဆိုင်လေးသို့ မီရှဲလ်နှင့် သမီးများကိုခေါ်ကာ တစ်ခေါက်လောက် အရောက်သွားဖြစ်အောင်ကြိုးစားဦး မည်ဟု အိုဘားမားဆုံးဖြတ်လိုက်သည်။



ဦးချစ်ဆိုင်မဟုတ်ရင်တောင်မှ လှည်းတန်းဆိုတဲ့အရပ်က ..ရွှေ...ဆိုတဲ့.. လက်ဖက်ရည်ဆိုင်လေးလောက်ဖြစ်ဖြစ်ပေါ့လေ။ ။




မိုးမခ

No comments:

Post a Comment