သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Monday, February 20, 2012

Feb 20

http://www.facebook.com/MoeMaKaNews


ဖေဖော်ဝါရီ ၂၀ သတင်းများ
မိုးမခက စုစည်းသည်












စောငိုရဲ့ မိုးမခကာတွန်းများ




၈၈ မျိုးဆက်များ၏ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲ ပြုလုပ်
Published on February 20, 2012 by အေးနိုင် · DVB
ဟင်္သာတကို အသွား လမ်းတလျှောက် ကြိုဆိုပုံကို ယာဉ်တန်းနဲ့ လိုက်ပါ
အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲ မြန်မာနိုင်ငံတွင် ကျင်းပမည်
Published on February 20, 2012 by ဒီဗွီဘီ · · DVB
ငြိမ်းချမ်းရေးဖော်ဆောင်ဆဲကာလ ရှမ်းနှင့် ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများ ဖြစ်ပွား
Published on February 20, 2012 by နန်းမြနဒီ · · DVB



ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်လှုပ်ရှားမှုကို ပြန်ခွင့်ပြု
Published on February 20, 2012 by အေးနိုင် · · DVB



ချင်းအမျိုးသားနေ့ အစား ပြည်နယ်နေ့အဖြစ်သာ ကျင်းပခွင့်ရ
Published on February 20, 2012 by ကိုထွေး · · DVB



အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးနှင့် မေးမြန်းချက်
Published on February 20, 2012 by အေးနိုင် · · DVB



ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်သိက္ခာချတဲ့ စာဖြန့်ဝေမှု
2012-02-18 · RFA



တနင်္လာ, 20 ဖေဖော်ဝါရီ 2012
NLD မဲဆွယ်စည်းရုံးရေး ကန့်သတ်မှု ကော်မရှင် ရုပ်သိမ်း
By မသိင်္ဂီထိုက် VOA
တနင်္ဂနွေ, 19 ဖေဖော်ဝါရီ 2012
ရွှေည၀ါဆရာတော် ကျောင်းတိုက်က ဖယ်ပေးရ
By မသိင်္ဂီထိုက် VOA



ငြိမ်းချမ်းရေးဖော်ဆောင်ဆဲကာလ ရှမ်းနှင့် ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများ ဖြစ်ပွား
Published on February 20, 2012 by နန်းမြနဒီ ·



မြန်မာဒုက္ခသည်များ တရားဝင်ပြန်နိုင်ရန် မျှော်လင့်ကြောင်း အဖီဆစ် ပြော
By featured, ဧရာဝတီ on February 20 ဧရာဝတီ

တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲလာကြောင်း NLD ပြောပြီ
By featured, ဧရာဝတီ on February 20,ဧရာဝတီ



အရှင် ဂမ္ဘီရကို အရေးယူမည်ဟု ထုတ်ပြန်
By featured, လင်းသန့် on February 20, ဧရာဝတီ
ဒီမိုကရေစီစနစ်အတွက် အရပ်သားလူမှုအဖွဲ့အစည်းများ အားကောင်းရန်လိုဟုဆို
By featured, လင်းသန့် on February 20, ဧရာဝတီ



တိုင်းရင်းသားများအားဦးဆောင်ရန် ခွန်ထွန်းဦးအား ဇခုံတိန့်ယိန်းတိုက်တွန်း
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 20 သျှမ်းသံတော်ဆင့်သတင်း



ယုံကြည်ရလောက်သည့် ငြိမ်းချမ်းရေးလော?
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 20 ခိုနူမ်းထုန် သတင်းဌာန



လှိုင်သာယာ အလုပ်သမားသပိတ် ဆက်လက်ဖြစ်ပွားနေဆဲ
Yangon Press International - ဓာတ်ပုံသတင်း။ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂ မိုးမခ
မောင်းချင်ဦးဟဲ့ ပါရမီတက္ကစီ
ရွှေရိုး ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂ မိုးမခ



ကိုဇာဂနာနဲ့ မေးခွန်းများ - အမေရိကားကို ဘာတွေ သယ်လာသလဲ
မိုးမခ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂ မိုးမခ



Than Soe Hlaing - တကယ့် အပြောင်းအလဲလား
သန်းစိုးလှိုင် ဖေဖေါ်ဝါရီ ၁၉၊ ၂၀၁၂ မိုးမခ
===================






မိုးမခက စုစည်းသည်
၈၈ မျိုးဆက်များ၏ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲ ပြုလုပ်
Published on February 20, 2012 by အေးနိုင် · DVB



၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ဟသာင်္တမြို့ကို ဒီနေ့ရောက်ရှိရာမှာ လမ်းတလျှောက် လူရာထောင်ချီ ကြိုဆိုကြပြီး မြို့ခံ ဒီမိုကရေစီ လိုလားသူတွေနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲတခုကို ပြုလုပ်ပါတယ်။



မြို့ခံ ဒီမိုကရေစီလိုလားသူတွေရဲ့ ဖိတ်ကြားချက်အရ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားတွေဟာ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲကို တက်ရောက် ဆွေးနွေးခဲ့တာပါ။



မွန်းလွဲ ၁ နာရီက ဟင်္သာတမြို့နယ် ဦးအောင်မြတ်ကျော် ပြည်လုံးချမ်းသာ ခန်းမမှာ မြို့ခံလူထုနဲ့ တွေ့ဆုံရာ လူငါးထောင်ကျော်ဆန့်တဲ့ ခန်းမတခုလုံး ပြည့်လျှံသွားရုံတင်မကဘဲ အပြင်မှာလည်း လူတွေ စောင့်ဆိုင်း နားထောင်နေကြတယ်လို့ အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။



ဒီပွဲမှာ ကိုမင်းကိုနိုင်က “ဒီလို ကျက်သရေ မင်္ဂလာရှိတဲ့ ခန်းမကြီးထဲမှာ၊ မီးရောင်စုံအောက်မှာ၊ ဒီကင်မရာ မီးရောင်တွေ တဖျပ်ဖျပ်ရှေ့မှာ မတ်တပ်ရပ်ပြီးတော့ ပြောနိုင်တယ်ဆိုတာ တကယ်လို့ ကျနော်တို့က အဖူးအပွင့်တွေဆိုရင် ကျနော်တို့မှာ ပင်စည်ရှိပါတယ်။ ရေသောက်မြစ်တွေ ရှိပါတယ်။ ဘယ်ပန်းမှ အမြစ်မရှိဘဲ ပွင့်လို့မရပါဘူး။ အဲဒီတော့ နောက်ဆုံး ဂုဏ်ပြုခံနေရတဲ့ ဘ၀။ ပန်းတွေနဲ့ ဝေနေတဲ့ ဒီပုဂ္ဂိုလ်တွေရဲ့ တကယ့် အရင်းအမြစ်ကို ကြည့်လိုက်ရင် ပြည်သူလူထုပါ။ ပြည်သူလူထု မရှိဘဲနဲ့ ဘယ်အောင်ပွဲမှလည်း မရှိဘူး။ ပြည်သူလူထု လက်မခံရင်လည်း ဘယ်အာဏာရှင်မှ ကြာကြာမခံဘူးဆိုတာ သမိုင်းမှာ သက်သေများစွာ ပြခဲ့ပါပြီ” လို့ ပြောပါတယ်။



ကိုမင်းကိုနိုင် မိန့်ခွန်းအပြီးမှာ ကိုကိုကြီးနဲ့ ရှစ်ဆယ့်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း မိန့်ခွန်းတွေ ပြေကြားခဲ့ကြသလို ပြည်သူတွေကလည်း ပြန်လည်ဆေးနွေးခဲ့ကြပါတယ်။



ဒီနေ့ဆွေးနွေးပွဲအနှစ်ချုပ်ကို ကိုယ်တိုင်ဆွေးနွေးခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးက ခုလို ရှင်းပြပါတယ်။



အဓိကကတော့ ပွင့်ပွင့်လင်းလင်း နေခွင့်၊ ပြောခွင့်၊ ဖော်ထုတ်ခွင့် မရတဲ့ အပိတ် လူ့အဖွဲ့အစည်းကြောင့်မို့လို့ ကျနော်တို့လူ့အဖွဲ့အစည်းဟာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရတယ်၊ နောက်ကျခဲ့ရတဲ့အခြေအနေတွေ။ နောက်တခါ အပိတ်လူ့အဖွဲ့အစည်းဆိုတာက ဟိုအထက်ကနေပြီးတော့ အောက်ခြေကို အမိန့်၊ အကြောက်တရားနဲ့ မောင်းနှင်တဲ့ လူ့အဖွဲ့အစည်း ဆိုတာဟာ လူသားရဲ့ ဂုဏ်သိက္ခာ ထိခိုက်တဲ့၊ လူသားမပီသတဲ့ ဘဝမျိုးကို ဖြတ်သန်းခဲ့ရတယ် ဆိုတာရယ်။ အဲဒီတော့ အခု ကျနော်တို့ ရည်ရွယ်နေတဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းဆိုတာက အသိတရားနဲ့ မောင်းနှင်တဲ့ လူ့အဖွဲ့အစည်း။ အဲဒီဟာကသာ တကယ်ခိုင်ခန့်တဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နိုင်မယ်ဆိုတဲ့အကြောင်း၊ အဲဒီတော့ အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ဒီ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို အားကောင်းလာအောင် ဝိုင်းပြီး တည်ဆောက်ကြဖို့ တိုက်တွန်းဖြစ်တာပါ။”



ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဌေးကြွယ်တို့ဟာ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီတောင်းဆိုတဲ့ သမိုင်းဝင် လူထုအုံကြွမှုကို အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပြီး ဒီနှစ်ဆန်းကမှ ပြန်လွတ်လာကြတာပါ။



ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ပြီးရင် ဒီခရီးစဉ်ဟာ လူထုအများဆုံး လာရောက်အားပေးတဲ့ ခရီးစဉ်ဖြစ်တယ်လို့ မျက်မြင်တွေနဲ့ အကဲခတ်သူတွေက ပြောပါတယ်။



ဟင်္သာတကို အသွား လမ်းတလျှောက် ကြိုဆိုပုံကို ယာဉ်တန်းနဲ့ လိုက်ပါလာသူ မျက်မြင်တဦးက “ကျနော်က မြို့ကနေ သွားကြိုတာ။ ဇလွန်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ ကျုံပျော်မြို့နယ်က အန်အယ်လ်ဒီ လူငယ်တွေရော၊ ဒီမိုကရေစီကို မြတ်နိုးတဲ့သူတွေရော၊ ၈၈ အရေးတော်ပုံမှာ အားတက်သရော ပါဝင်ခဲ့တဲ့ လူကြီးတွေ၊ လူငယ်တွေ သွားကြိုတယ်။ ကားအစီးရေ ၂၀ ကျော်ပေါ့။ လောလောဆယ် ဗိုလ်မြတ်ထွန်းလမ်းပေါ်မှာပါ” လို့ ပြောပါတယ်။



၈၈ မျိုးဆက်ကျောင်းသားတွေဟာ ပရဟိတဆောင်ရွက်တဲ့ ဘုန်းတော်ကြီး၊ လူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ခရီးစဉ်မှာပါပြီး ညနေပိုင်းမှာ သရက်မြို့နဲ့ ဇလွန်ဘက်တွေကလည်း ၀င်ရောက်မယ်လို့ သိရပါတယ်။



အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲ မြန်မာနိုင်ငံတွင် ကျင်းပမည်
Published on February 20, 2012 by ဒီဗွီဘီ · · DVB
၁၁ ကြိမ်မြောက် အရှေ့တောင်အာရှ တံခွန်စိုက် အမျိုးသား ကာယဗလ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။



အရှေ့တောင်အာရှ တံခွန်စိုက် ကာယဗလ ပြိုင်ပွဲကို ၁၉၉၅ ခုနှစ်က စင်ကာပူနိုင်ငံမှာ စတင်ကျင်းပခဲ့ပြီး၊ ၁၉၉၆ ခုနှစ်မှာ ဒုတိယကြိမ်အဖြစ် ကျင်းပခဲ့စဉ်က ရန်ကုန်မြို့မှာ ကျင်းပခဲ့ဖူးကြောင်း သိရပါတယ်။



၂၀၁၂ အရှေ့တောင်အာရှ တံခွန်စိုက် ကာယဗလ ပြိုင်ပွဲဟာ ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲ အကြိုပြိုင်ပွဲဖြစ်နေတာကြောင့် ဒေသတွင်းက ကာယဗလသမားတွေ အတွက် အကြိုအားစမ်းမှု ဖြစ်လာမှာပါ။



ဒီပြိုင်ပွဲမှာ အတန်း ၈ တန်း ပါဝင်မှာ ဖြစ်ပြီး အမျိုးသား ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၈၀၊ ၈၅ ကီလိုတန်းပြိုင်ပွဲတွေနဲ့ ၈၅ ကီလိုအထက်တန်း ပွဲစဉ်တွေ ထည့်သွင်းထား ပါတယ်။



ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ၂၀၀၇ ထိုင်းဆီးဂိမ်းတုန်းက ကာယဗလ အားကစားကို နောက်ဆုံး ထည့်သွင်းကျင်းပခဲ့ပြီး ၂၀၀၉ နဲ့ ၂၀၁၁ ဆီးဂိမ်းတို့မှာတော့ ထည့်သွင်း ကျင်းပခြင်း မရှိခဲ့ပါဘူး။



မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမှာ ကာယဗလ အားကစားကို ပြန်လည် ထည့်သွင်းဖို့ စီစဉ်နေပြီး အကြိုပြင်ဆင်မှုအဖြစ် ၂၀၁၂ အရှေ့တောင်အာရှ တံခွန်စိုက် ကာယဗလ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာ ဖြစ်ပါတယ်။



အိမ်ရှင် မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဟာ ဒီပြိုင်ပွဲမှာ ပွဲစဉ် ၈ ပွဲလုံး ပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နိုင်ငံအလိုက် ပထမနေရာအတွက် ဒီ ၃ နိုင်ငံကပဲ အဓိကထား ယှဉ်ပြိုင်ကြဖို့ ရှိနေကြောင်း သိရပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်ဆဲကာလ ရှမ်းနှင့် ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများ ဖြစ်ပွား
Published on February 20, 2012 by နန်းမြနဒီ · · DVB



အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ရခဲ့ပြီးလို့ မကြာသေးခင်မှာပဲ တဘက်နဲ့တဘက် ပစ်ခတ်မှုတွေ ပြန် ဖြစ်နေပါတယ်။



အစိုးရနဲ့ အပစ်အခတ်ရပ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့၊ ဒီကေဘီအေ (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်)က တပ်ဖွဲ့တွေနဲ့ နယ်မြေခံအစိုးရတပ်၊ နယ်ခြားစောင့် တပ်တွေနဲ့ ဖြစ်ပွားခဲ့တာပါ။



ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ထဲမှာ ဒီလ ၁၇ ရက်နေ့ မနက်မှာ အစိုးရတပ် ခလရ ၂၃ က ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)က တပ်မှူးတယောက်နဲ့ ဇနီးဖြစ်သူတို့ကို ပစ်ခတ်လို့ နှစ်ဦးစလုံး သေဆုံးခဲ့တယ်လို့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။



အပစ်အခတ်ရပ်စဲရေးကို ယုံပြီးတော့ ကျနော်တို့ တပ်မှူးတယောက် ဈေးဝယ်ပြီး ပြန်လာတာ။ အစိုးရတပ်နဲ့တွေ့တော့ အပစ်ခံရတာ သူ့မိန်းမကိုလည်း ပစ်သတ်တယ်။ သူ့ဆီမှာ ပါလာတဲ့ ရွှေတွေ၊ ငွေတွေလည်း ယူသွားတယ်။ သေနတ်တလက်လည်း သိမ်းယူသွားတယ်။”



၁၉ ရက်နေ့မှာ အစိုးရတပ်တွေနဲ့ ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု ဝမ့်ဟန်ဖိုက်ရွာနားမှာ တကြိမ်၊ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းဟိုင်းတိုက်နယ်ဘက်မှာ တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွေဟာ အစိုးရတပ်ဘက်က သဘောတူညီချက်ကို မလိုက်နာဘဲ နယ်မြေကျော်လို့ ဖြစ်တာလို့ အက်စ်အက်စ်အေက ပြောပါတယ်။



ဒီကိစ္စကို အစိုးရ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေဆီကို ဒီနေ့ စာရေးမေးမြန်းထားတယ်လို့ သူက ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးကို ယုံကြည်ပြီးတော့ သဘောတူညီထားတဲ့အတိုင်း ကျေးလက်ဒေသတွေမှာ ကျနော်တို့နေကြတယ်။ မြို့ထဲကိုလည်း ကျနော်တို့ မသွားဘူး။ ဒါပေမယ့် မလိုအပ်တဲ့ ပြဿနာတွေ ခုတလောမှာ နယ်မြေရှင်းလင်းရေးဆိုပြီးတော့ အစိုးရတပ်တွေက ဒေသတဝိုက်ထဲ လာပြီး လှုပ်ရှားနေတယ်။ အဲဒါကြောင့် ကျနော်တို့နဲ့ တွေ့တိုင်း ပြဿနာ ဖြစ်ရတယ်။”



ကျောက်မဲမြို့နယ်ထဲက တိုက်ပွဲကြောင့် အစိုးရတပ်ချောကားပေါ်က ကားစပယ်ယာ ပုံဝိုးရွာက ရွာသားတဦး သေဆုံးခဲ့ပြီး အပစ်ခံရသူ ရှမ်းပြည်တပ်မတော် တပ်မှူးနဲ့ ဇနီးသည်တို့ရဲ့ ၅ နှစ်အရွယ် ကလေးငယ်တဦး မိဘမဲ့ ဖြစ်သွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နဲ့ အစိုးရတပ်အကြား ဇန်နဝါရီ လလယ်ပိုင်းက နှစ်ဖက် အပစ်အခတ်ရပ်ဖို့ သဘောတူခဲ့ပြီး တိုက်ပွဲတွေ ဖြစ်နေတာပါ။



ကရင်ပြည်နယ်ဘက်မှာတော့ အပစ်အခတ်ရပ်ဖို့ သဘောတူထားကြတဲ့ ဒီကေဘီအေနဲ့ အစိုးရဘက်က နယ်ခြားစောင့်တပ်အကြား လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ မနေ့က ညနေပိုင်းနဲ့ ဒီနေ့ နေ့လည်မှာ တိုက်ပွဲဖြစ်ပါတယ်။
အဓိကကတော့ ဒီကေဘီအေရဲ့ စခန်းငါးခုက လက်နက်တွေကို နယ်ခြားစောင့်တပ်က ဝင်ရောက်သိမ်းပိုက်တဲ့အတွက် ဒါကို မကျေနပ်လို့ နယ်ခြားစောင့်တပ်ရဲ့ လက်နက်သယ်တဲ့ယာဉ်တန်းကို ဒီကေဘီအေက စောင့်ပစ်တာ အစိုးရဘက်က ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒီကေဘီအေ ပြောခွင့်ရ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။



ဒီနေ့ မွန်းတည့်မှာ မြိုင်ကြီးငူဘုန်းကြီးကျောင်းအနားမှာ စခန်းချတဲ့ ဒီကေဘီအေတပ်ဖွဲ့ကို နယ်ခြားစောင့်တပ်က စနိုက်ပါနဲ့ဝင်ပစ်သွားလို့ အရာရှိတဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒီကေဘီအေ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။



နယ်ခြားစောင့်တပ်က သိမ်းယူသွားတဲ့ လက်နက်တွေကို မြဝတီ ဆက်ဆံရေးရုံးကနေ တဆင့် ပြန်တောင်းမှာဖြစ်ပြီး ရက်ပိုင်းအတွင်း ပြန်မရရင် တိုက်ယူမယ်လို့ သူက ပြောပါတယ်။



အပစ်အခတ်ရပ်ကြပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ်ရတဲ့အပေါ် ဒီကေဘီအေ ပြောခွင့်ရ ပြည်ပဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး စောလုံ့လုံက ခုလိုပြောပါတယ်။



ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာက တတိုင်းပြည်လုံး ငြိမ်းချမ်းတဲ့ပုံစံ ဖြစ်ချင်တယ်။ အဲဒီတော့ ဒီလိုမျိုးပုံစံတွေမှာ ကျနော်တို့ ညီညွတ်ချင်တယ်။ ဘာအနှောင့်အယှက်မှ မရှိဘဲ အေးအေးချမ်းချမ်းနဲ့ လမ်းကြောင်း လျှောက်ချင်တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ အားပေးချင်တယ်။ ဖြစ်တာကောင်းတာပေါ့။ ဖြစ်ဖို့ကတော့ သက်ဆိုင်ရာ အာဏာပိုင် အဓိကကတော့ နိုင်ငံတော်က ဒီကိစ္စကို မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်သင့်တယ်။”



ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်လှုပ်ရှားမှုကို ပြန်ခွင့်ပြု
Published on February 20, 2012 by အေးနိုင် · · DVB



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ တရားမျှတရေးနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲအပြီး နာရီပိုင်းအကြာမှာ ကချင်ပြည်နယ်ဘက်က စည်းရုံးရေးခရီးစဉ် ကန့်သတ်ချက်တွေ ပြန်လည်ခွင့်ပြုချက် ရရှိခဲ့ပါတယ်။



အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲက တနာရီမှပြီးပါတယ်။ သုံးနာရီကျော်ကျော်မှာ ကချင်ပြည်နယ် မြစ်ကြီးနား ရွေးကောက်ပွဲ ကော်မရှင်က ကျနော်တို့အဖွဲ့ ပြည်နယ်အဆင့် ရှိတဲ့လူတွေကို ခေါ်တွေ့ပြီးတော့ ကန့်သတ် ထားတာတွေ အားလုံးကို ရုပ်သိမ်းလိုက်ပါပြီ။ အောက်က မှားယွင်းပြီးတော့ လုပ်တာပါတဲ့။ နောင် ဒါမျိုး မရှိပါဘူးလို့ အဲဒီလို ဖြေလျော့သွားပြီဗျာ” လို့ ပြောပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ၂၃ နဲ့ ၂၄ ရက်နေ့မှာ ကချင်ပြည်နယ်ကို မဲဆွယ် ခရီးသွားဖို့ စီစဉ်ထားတဲ့အနက် နမ္မတီး ကျေးရွာအုပ်စုမှာ စည်းရုံးဟောပြောခွင့်ကို မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေ့တော့ အဲဒီကိစ္စ ပြန်လည် ပြေလည်သွားတာ ဖြစ်ပါတယ်။



အဖွဲ့ချုပ်ဌာနချုပ်မှာ ဒီနေ့ မွန်းလွဲတနာရီ မထိုးမီ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ချုပ်စည်းရုံးရေး လုပ်တဲ့အခါ အခက်အခဲတွေ ကြုံနေရတာဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ထိခိုက်စေတယ်လို့ ရှင်းပြသွားပါတယ်။ ဒါကို ဦးဉာဏ်ဝင်းက ခုလို ပြောပါတယ်။



အနှစ်ချုပ်ကတော့ ကျနော်တို့ အဖွဲ့ချုပ် စည်းရုံးဟောပြောတဲ့နေရာ စည်းရုံးဟောပြောဖို့ ခွင့်တောင်းတဲ့ နေရာတွေမှာ အခက်အခဲတွေ ဖြစ်စေတယ်။ ဒါဟာ ပြည်ထောင်စု ၀န်ကြီးက ၀င်ရောက် ပြောဆိုတာမျိုးတွေပေါ့ဗျာ။



အဲဒါမျိုးတွေကို တခုချင်းအလိုက်လည်း ကျနော်ပြောပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က ဒီလိုသာ ဆက်ပြီးတော့ အခက်အခဲဖြစ်နေရင် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဟာ ထိခိုက်စေတာပေါ့နော်။ ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ ကျနော်တို့အဖွဲ့ပေါ်မှာ တဖက်က ပြောဆိုတာတွေလည်း ရှိတယ်။ ကျနော်တို့ စိတ်မဆိုးဘူး။ ကျနော်တို့က ဖြေရှင်းစရာရှိရင် ဖြေရှင်းတယ်”လို့ ပြောပါတယ်။



ချင်းအမျိုးသားနေ့ အစား ပြည်နယ်နေ့အဖြစ်သာ ကျင်းပခွင့်ရ
Published on February 20, 2012 by ကိုထွေး · · DVB



ဖေဖော်ဝါရီ ၂၀ ရက်နေ့ဟာ ချင်းအမျိုးသားနေ့ ဖြစ်တဲ့အတွက် “ချင်းအမျိုးသားနေ့” အဖြစ် မူလ နာမည်ရင်းအတိုင်း လွတ်လပ်စွာ တရားဝင်ကျင်းပခွင့်ရရေး ကြိုးပမ်းသွားမယ်လို့ ချင်းအမျိုးသားပါတီ (စီအန်ပီ) က သဘောထား ထုတ်ပြန်လိုက်ပါတယ်။



ဒီနေ့ထုတ် ချင်းအမျိုးသားပါတီရဲ့ ထုတ်ပြန်ချက်မှာ ၁၉၅၁ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး ချင်းအမျိုးသားနေ့ကိုက ကျင်းပလာခဲ့တာဖြစ်ပြီး အခုအခါ ချင်းပြည်နယ်နေ့ အဖြစ်သာ ကျင်းပခွင့်ပြုနေတဲ့ အကြောင်းနဲ့ ဒီလုပ်ဆောင်ချက်ဟာ ချင်းလူမျိုးတွေ စုစည်းညီညွတ်တာကို မလိုလားခြင်းနဲ့ ချင်းလူမျိုးတွေကို လူမျိုး/အမျိုးသား တရပ်အဖြစ် အသိအမှတ်မပြုလိုခြင်းနဲ့ ဒီမိုကရေစီကို ဆန့်ကျင်ခြင်းဖြစ်တယ်လို့ ပါရှိပါတယ်။



ချင်းအမျိုးသားနေ့ ကျင်းပလို့ မရတဲ့အပေါ် ချင်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်း Ceu Bik Htawng က “တရားဝင် ကျင်းပခွင့်ကိုတော့ အစိုးရက ဟားခါးမှာဆိုရင် ချင်းပြည်နယ် နေ့လို့ပဲ သူတို့က ကျင်းပခွင့် ပေးတယ်ပေါ့လေ။ ချင်းအမျိုးသားနေ့လို့တော့ ကျင်းပခွင့် မပေးဘူးပေါ့။ ချင်းအမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ သီးသန့်စာတင်ပြီးတော့ ချင်းအမျိုးသားနေ့လို့ပဲ တရားဝင် ကျင်းပခွင့်ပေးပါရန်ဆိုပြီး အစိုးရဆီ ပို့ထားတာတော့ ရှိတယ်။ ဒါပေမယ့် ဘာမှတော့ တုံ့ပြန်မလာသေးပါဘူး။ ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက ချင်းပြည်နယ်နေ့ကို တရားဝင် ကျင်းပဖို့ပေါ့နော်။ ချင်းအမျိုးသားနေ့ ကျင်းပဖို့က သူ့အနေနဲ့ မပြီးဘူးပေါ့။ သူကတော့ သူ့အနေနဲ့ ချင်းအမျိုးသားနေ့ကို တားဆီးပိတ်ပင်တာ မဟုတ်ဘူးလို့ ပြောတယ်။ ဒါပေမယ့် ကျနော်ကတော့ ဖေဖော်ဝါရီ ၂၀ ချင်းပြည်နယ်နေ့ကို ကျင်းပမယ်။ အဲ့လိုမကျင်းပရင် တာဝန်အရ အရေးယူမယ်တော့ ပြောတာပေါ့။”



၁၉၇၄ အခြေခံ ဥပဒေမှာ ဇန်နဝါရီ ၃ ရက်နေ့ကို ချင်းပြည်နယ်နေ့ အဖြစ် သတ်မှတ်ထားတာကြောင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ချင်းအမျိုးသားနေ့အဖြစ် ကျင်းပခွင့်ရအောင် ကြိုးပမ်းသွားမယ်လို့ ချင်းအမျိုးသားပါတီ (စီအန်ပီ)က ပြောပါတယ်။



စီအန်ပီ က ဒီကနေ့ ထုတ်ဝေလိုက်တဲ့ ထုတ်ပြန်ချက်မှာလည်း ချင်းလူမျိုးနဲ့ ခရစ်ယာန်ဖြစ်တဲ့အတွက် အစိုးရဝန်ထမ်း ရာထူးတိုးမြင့်ဖို့ ခက်ခဲတဲ့ ဒီမိုကရေစီမဆန်တဲ့ လုပ်ရပ်များကိုလည်း အမြန်ဆုံး ဖယ်ရှားပေးဖို့ တောင်းဆိုထားပါတယ်။



ဒါ့အပြင် ချင်းပြည်နယ် မြောက်ပိုင်းနယ်စပ်ဒေသမှာ ဧကပေါင်းများစွာ ဘိန်းစိုက်ပျိုး ရောင်းချနေတာတွေကိုလည်း တိုက်ဖျက်ပေးဖို့အတွက် အထူးကော်မရှင် ဖွဲ့စည်းဖို့လည်း ကြေညာချက်မှာ တောင်းဆိုထားပါတယ်။



အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးနှင့် မေးမြန်းချက်
Published on February 20, 2012 by အေးနိုင် · · DVB



ရန်ကုန်တိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးရဲ့ ပါတီဝင်အဖြစ် လျှောက်ထားချက်ကို လက်ခံလိုက်ပြီ ဖြစ်တဲ့အတွက် ဒေါက်တာ မြတ်ဉာဏစိုးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သွားပြီလို့ အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
ဒေါက်တာမြတ်ဉာဏစိုးကို ဆက်သွယ်မေးမြန်းထားပါတယ်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက သတင်းစာရှင်းလင်းပါတယ်။ အဲဒီမှာ ဒေါက်တာမြတ်ဉာဏစိုးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးလို့ ပြောသွားလို့လေ။



ဟုတ်ပါတယ်။ အမျိုးသားလွှတ်တော်ပါခင်ဗျာ။ ပြည်သူ့ကိုယ်စားလှယ်လို့ ပြောသွားတာပါ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပါ။”



ဒေါက်တာမြတ်ဉာဏစိုးက အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကို ဘယ်နေ့ကစပြီးတော့ စလျှောက်လိုက်တာလဲ။



ကျနော်ကတော့ ဇန်နဝါရီလဆန်းမှာ ပထမဦးဆုံး အဖွဲ့ချုပ်ကနေစပြီးတော့ ဒီ လျှောက်လွှာတွေ ဖြန့်ဝေတဲ့အချိန်က လျှောက်လိုက်တာပါ။”



မလျှောက်ခင်က ဘယ်ပါတီကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရတာပါလဲ။



ဟုတ်ကဲ့ ကျနော်က အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်ခဲ့တာပါ၊ ၂၀၁၀ ရွေးကောက်ပွဲကိုပါ။ အန်ဒီအက်ဖ်ကနေပြီးတော့ ကျနော် တရားဝင် နုတ်ထွက်ခဲ့တာကတော့ ဒီဇင်ဘာလဆန်းမှာ ဖြစ်ပါတယ်။”



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်တယ်ဆိုတော့ အခု လောလောဆယ် ပါတီက ဘာတာဝန်တွေ ပေးထားပါသလဲ။



အခု လောလောဆယ်မှာတော့ ကျနော်က နံပါတ် ၁ ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပေါ့နော်၊ ပါတီ၏ တဦးတည်းသော ကိုယ်စားလှယ်ပါ။ နောက်တခုကတော့ နေပြည်တော်မှာက နယ်မြေ ၄ ခု ပေါ့နော်။ နေပြည်တော် မြို့နယ် ၄ ခုမှာ ကျနော်တို့ ပါတီကနေပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဝင်ရောက်ပြီးတော့ အရွေးချယ်ခံမှာပါ။ အဲဒီ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကိုလည်း ဆောင်ရွက်ဖို့ တာဝန်ပေးထားပါတယ်။”



ပြည်ထောင်စုလွှတ်တော်မှာ အဓိကအားဖြင့် ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတယ်ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် တယောက်အနေနဲ့ ဘာတွေများ ဆွေးနွေးနေပါသလဲ။



ကျနော် အခု လောလောဆယ်ကတော့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပေါ့။ အဲ့ဒါကို ဆွေးနွေးပြီးပါပြီ။ စီမံကိန်းတွေရဲ့ မကျနမှုများပေါ့။ ကျနော်တို့ စီမံကိန်းဆိုတာက ပြည်သူ့အတွက် အကျိုးရှိသင့်တဲ့ စီမံကိန်းတွေ ဖြစ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့ ဘဏ္ဍာငွေတွေကို အကျိုးမဲ့ ဖြုန်းတီးမှု မဖြစ်ဖို့ လိုပါတယ်။ ဒီအကြောင်း ကိစ္စတွေကို ပါဝင်ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အခု လာမယ့် ဘတ်ဂျက်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေမှာလည်း ပြည်သူတွေအတွက် တကယ် ထိထိရောက်ရောက် လုပ်ကိုင် ဆောင်ရွက်ပေးရမယ့် အခန်းကဏ္ဍတွေ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း အစရှိသည်ဖြင့် ပေါ့နော်။ အလုပ်သမားရေးရာ စသည်တွေမှာ ဘတ်ဂျက်တွေကို ကျနော်တို့ ဒီထက်မက သုံးစွဲနိုင်ဖို့ ဒါတွေကို ကျနော် ဆွေးနွေးသွားမှာပါ။”



ခုနကမေးခွန်းက ခါးပြတ်သွားလို့ ဒေါက်တာအနေနဲ့ အန်ဒီအက်ဖ် ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဟိုကနေထွက်ပြီးတော့ ဒီမှာ ပြောင်းတာ ဘာဖြစ်လို့လဲ။ ဒေါ်အောင်ဆန်းစုကြည်ကနေ လူထုထောက်ခံမှု အများအပြား ရနေလို့လား။ ဘာကြောင့်ပါလဲခင်ဗျာ။



မဟုတ်ပါဘူးဗျာ။ ကျနော် ဒီ အန်ဒီအက်ဖ် က နုတ်ထွက်ခဲ့စဉ်အခါတုန်း ကပေါ့နော်။ အဲဒီတုန်းကလည်း ကျနော် ဘီဘီစီတို့၊ ဗွီအိုအေတို့ကို ကျနော် စနစ်တကျ ရှင်းပြပြီး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အန်ဒီအက်ဖ် ပါတီ ဆိုတာက မိခင် အန်အယ်လ်ဒီ ပါတီကနေပြီးတော့ ဆင့်ပွား ပေါ်ပေါက်လာတဲ့ ပါတီပါ။ နောက်တော့ အန်ဒီအက်ဖ် ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကလည်း ကျနော်တို့ကို ဖွင့်ပွဲ အခမ်းအနားမှာ သူမိန့်ကြားခဲ့တဲ့ စကားရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ အဲဒီ့ အချိန်တုန်းက အခြေအနေ၊ အကြောင်းအရာ၊ အရပ်ရပ်အရ အန်အယ်လ်ဒီ သည် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံမတင်သေးတဲ့ အချိန် ဖြစ်နေတယ်လေ။ အဲဒီ့တော့ အန်အယ်လ်ဒီအဖွဲ့ချုပ် မရှိတဲ့အချိန်မှာ အသက်ကယ်လှေ အနေနဲ့ပေါ့နော်။ အန်ဒီအက်ဖ်ကို ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အန်အယ်လ်ဒီ ပြန်လည် ပေါ်ပေါက်လာတဲ့အချိန်ကျရင် ဒီအသက်ကယ်လှေကို ချက်ချင်း ပြန်ကပ်ပါ့မယ်ဆိုတဲ့ ကတိစကားလည်း ရှိခဲ့ပါတယ်။ အဲဒီတော့ ကျနော် ဒီ အန်ဒီအက်ဖ် ဗဟိုဦးစီး ကော်မတီဝင် ဘဝမှာလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြီးတော့ အဖွဲ့ချုပ်က မှတ်ပုံတင်ပြီးတဲ့ အချိန်မှာ ကျနော် ချက်ချင်း အန်ဒီအက်ဖ်ပါတီကို တင်ပြခဲ့ပါတယ်။ အဲဒါကတော့ အန်ဒီအက်ဖ်သည် မိခင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ အမြန်ဆုံး ပြန်လည် ပူးပေါင်းရေးပါ။ အဲဒီတော့ ဒီလုပ်ငန်းစဉ်တွေ အခုထက်ထိ အကောင်အထည် မဖော်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျနော်ဟာ အန်ဒီအက်ဖ်ကနေ နုတ်ထွက်ပြီးတော့ မိခင် အန်အယ်လ်ဒီပါတီနဲ့ ပြည်လည် ပူးပေါင်းရခြင်း ဖြစ်ပါတယ်။”



အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၈ ပြည်သူ့အရေးတော်ပုံ ပြီးပြီးချင်းမှာ တည်ထောင်တဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ လူငယ်တွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ စသည်ဖြင့် အဲဒီလိုမျိုးပေါ့နော် ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ နေရာပေးလာတာ တွေ့ရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အခု လောလောဆယ်မှာ တဦးတည်းသော ပြည်သူ့ကိုယ်စားလှယ် တယောက်အနေနဲ့ အန်အယ်လ်ဒီရဲ့ အနာဂတ်ကို ဘယ်လိုမျိုး သုံးသပ်နိုင်ပါသလဲ။



မှန်ပါတယ်။ အဖွဲ့ချုပ်ဟာ အခု ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီးတော့ အဖွဲ့ချုပ်ကို ပြန်လည် ထူထောင်ခဲ့တာပါ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ဘဘဦးတင်ဦးနဲ့ ဘဘဦးဝင်းတင်တို့ အပါအဝင် အားလုံးဟာ ပါတီဝင် အဖြစ်ပေါ့နော်။ အသစ်ပြန်လည် ဝင်ရောက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ နောက် ပညာရှင်တွေရဲ့ အခန်းကဏ္ဍ၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးတော့ မြင့်မားလာပါတယ်။ နောက်ပြီးတဲ့အခါကျတော့ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံဟာလည်း ပိုမိုစနစ်ကျနပြီးတော့ ကျနော်တို့ အခုပြောပြောနေတဲ့ ခိုင်မာသော အဖွဲ့အစည်းကြီး တခုအနေနဲ့ ကျနော်တို့ အနာဂတ် မြန်မာ့နိုင်ငံရေး ခရီးလမ်းမှာ ပိုမို ခိုင်မာကျစ်လစ်စွာနဲ့ ပေါ့နော်။ ထိထိရောက်ရောက် လွှတ်တော်နိုင်ငံရေးကိုရော၊ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုရော ဆောင်ရွက်သွားနိုင်မယ့် အနေအထားမျိုး၊ အခွင့်အလမ်းကောင်းတွေ ရှိနေပြီလို့ ပြောချင်ပါတယ်။”



ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်သိက္ခာချတဲ့ စာဖြန့်ဝေမှု
2012-02-18 · RFA



ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ဆန့်ကျင်ရေးသားတဲ့ စာတစောင်ကို အမရပူရမြို့နယ်က ဒေါက်တာဇော်မြင့်မောင်ရဲ့ အိမ်ဝင်ပေါက် ရှေ့တည့်တည့်မှာ ဒီမနက်ပိုင်းက တွေ့ရတယ်လို့ ဆိုပါတယ်။



ဒေါက်တာဇော်မြင့်မောင် NLD ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ကို ရောက်နေချိန်မှာ အဲဒီစာကို ချသွားတာ ဖြစ်တယ်လို့ သူ့ဇနီး ဒေါက်တာယုယုက ပြောပါတယ်။



A-4 အရွယ် စာတစ်ရွက်မှာ နှစ်မျက်နှာစလုံး ကွန်ပြူတာ စာစီရိုက်ထားပြီး ရန်ကုန်ရှိ နိုင်ငံခြားသံရုံးတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးတွေမှာ ပါဝင်ကူညီနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားအထောက်အပံ့ကို လက်ခံရယူနေကြောင်း ဝေဖန်ရေးသားထားပါတယ်။ ဒါပေမယ့် ဒီစာကို ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက ရေးသားတယ်ဆိုတာ ဖော်ပြထားတာ မရှိဘူးလို့ ဆိုပါတယ်။



အရင်ကလည်း ခုလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ပုတ်ခတ်တဲ့ စာတွေ သူတို့အိမ်ရှေ့မှာ အထပ်လိုက် ချသွားဖူးတာ ရှိတယ်လို့လည်း ပြောပါတယ်။



ဒီစာကို ဘယ်အချိန်က ချသွားမှန်း မသိရဘဲ ဒေါက်တာယုယု တာဝန်ခံ ဖွင့်လှစ်ထားတဲ့ မနောသုခ အခမဲ့ ဆေးခန်းအတွက် ဆေးဝါးတွေကို မနက်တိုင်း လာယူတဲ့ ဆေးခန်း အမှုဆောင် အဖွဲ့ဝင်တစ်ဦးက မနက် ၉ နာရီလောက်မှာ တွေ့ရှိတာလို့လည်း သိရပါတယ်။



တနင်္လာ, 20 ဖေဖော်ဝါရီ 2012
NLD မဲဆွယ်စည်းရုံးရေး ကန့်သတ်မှု ကော်မရှင် ရုပ်သိမ်း
By မသိင်္ဂီထိုက် VOA



ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမယ့် အလားအလာ နည်းတယ် ဆိုပြီး ဒီကနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ် ခရီးစဉ်တွေမှာ ကန့်သတ်မှုတွေ ကြုံတွေ့နေရတာ တွေကိုလည်း ပါတီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒီ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာတော့ NLD ဘက်က တင်ပြထားတဲ့ ကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တဲ့အကြောင်း ပြောဆိုပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတ၀န်း ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ ပါတီ စည်းရုံးရေး ခရီးစဉ်တွေမှာ ကန့်သတ်မှုတွေ၊ အဟန့်အတားတွေ တွေ့ကြုံနေရတယ် ဆိုပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ အန်အယ်လ်ဒီ ပါတီက ပြောဆိုလိုက်ပါတယ်။ ဒါကြောင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမယ့် အလားအလာ နည်းတယ် ဆိုပြီး ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး နာရီပိုင်း အတွင်းမှာပဲ အရင်က ကန့်သတ်ထားတာတွေကို ရုပ်သိမ်းတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အန်အယ်လ်ဒီ ပါတီကို အကြောင်းကြားလာတယ်လို့ ဦးဉာဏ်ဝင်းက တဆက်တည်း အခုလို ပြောပါတယ်။



ကျနော်တို့ အဲဒီ အခက်အခဲ ကန့်သတ်မှုတွေက လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကို ထိခိုက်စေတယ်၊ ကျနော်တို့ အများကြီး စိုးရိမ်စေတယ် ဆိုတာကို ပြောတာပါ။ ဒီနေ့ ကျနော်တို့ ပြောလိုက်တဲ့ ကိစ္စတွေ အားလုံးကို ပြည်ထောင်စု ကော်မရှင်အနေနဲ့ လိုအပ်သလို ဆောင်ရွက်နိုင်ဖို့ တင်ပြတယ် ဆိုပြီး ကျနော်တို့ တင်ပြထားပါတယ်။ နောက် တဆက်တည်း ပြောရရင် Press conference လုပ်တာ ၁ နာရီလောက်မှာ ပြီးပါတယ်။ ၃ နာရီခွဲလောက်မှာ ကျနော်တို့ ပြန်ပြီး ဖုန်းရပါတယ်။ ကော်မရှင်က ဒီကန့်သတ်မှုတွေသည် ခွင့်မပြုဘူး ထုတ်ထားတဲ့အမိန့်တွေ အားလုံးကို ပယ်ဖျက်လိုက်ပါတယ်တဲ့။ ကျနော်တို့ နမ်းမတီးက ခွင့်မပြုတဲ့ဟာတွေကို ပယ်ပေးတယ်။ မကျသေးတဲ့ဟာတွေကို ခွင့်ပြုမယ်လို့ ပြောတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ ကန့်သတ်ချက်တွေ မရှိပါဘူးလို့ ပြောပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျနော်က တယ်လီဖုန်းနဲ့ ဆက်ရတော့ အခုသိတာကို ရှင်းရှင်းလင်းလင်းတော့ ကျနော် မမေးရသေးပါဘူး။ ကျနော် မေးပြီးရင် ပြောပါ့မယ်။ NLD အပေါ်မှာ ကန့်သတ်ထားတာတွေကို လောလောဆယ် ဖယ်ပေးတယ်။ မဲဆွယ်စည်းရုံးရေးက အချက်အလက်တွေ ပါမပါကတော့ ကျနော် နောင်မှသိပါမယ်။ အဆင်ပြေသွားပါပြီလို့ ပြောချင်တာပါ။”



စည်းရုံးရေး ခရီးတွေအတွက် သက်ဆိုင်ရာ အားကစားကွင်းတွေကို လူထု စုရုံးဖို့ ရွေးကောက်ပွဲ ကော်မရှင်က အသုံးပြုခွင့် ပေးထားပေမဲ့ ပြည်ထောင်စု အားကစား ၀န်ကြီး ဦးတင့်ဆန်းက အသုံးပြုခွင့်ကို ပိတ်ပင် နေတယ်လို့လည်း ပါတီရဲ့ ပြောခွင့်ရ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။



မန္တလေးမှာ ဘထူးကွင်းမှာလုပ်ဖို့ စီစဉ်ထားတယ်။ ကော်မရှင်က ခွင့်ပြုပေမဲ့လို့ ကွင်းအခက်အခဲကြောင့် ရွှေ့ဆိုင်းခဲ့ရတယ်။ လှည်းကူးကို သက်ဆိုင်ရာ အားကစားမှူးက ပေးထားပါတယ်။ ပေးထားပြီးတော့ အဲဒီနေ့ မနက်ပိုင်းကျတော့မှ အားကစားဝန်ကြီး ဦးတင့်ဆန်းကနေပြီးတော့ အားကစား ဘောလုံးကွင်းကို ဟောပြောပွဲကွင်းအဖြစ်နဲ့ အသုံးပြုခွင့် မပြုဘူးလို့ ပြောလာပါတယ်။ ဦးဉာဏ်ဝင်းကလည်း နေပြည်တော်ကို ရောက်နေတုန်း ဆိုတော့ အဲဒီမှာ ဦးဉာဏ်ဝင်းက နေပြည်တော်ကို ချက်ချင်းတင်ပြပါတယ်။ တင်ပြတော့မှ ကော်မရှင်ဥက္ကဋ္ဌက နေပြီးတော့ မူလအစီအစဉ်အတိုင်း လှည်းကူး ဘောလုံးကွင်းမှာ လုပ်ပါလို့ အမိန့်ပေးပါတယ်။ နောက် ဖျာပုံ ကျတဲ့အခါကျတော့ ကြိုတင် စီစဉ်ထားပြီးခါမှ ဖျာပုံ ဘောလုံးကွင်းကို သုံးခွင့်မရပါဘူး၊ အားကစားဝန်ကြီးက ကန့်သတ်တယ်လို့ ပြောတာနဲ့ပဲ ဖျာပုံမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ သဲကွင်းမှာ သွားပြီးတော့ ဟောပြောပွဲကို လုပ်ခဲ့ရပါတယ်။ မြစ်ကြီးနားဘက်ကို သွားဖို့ စီစဉ်ထားတယ်။ မိုးကောင်းမှာ ဒေါ်အောင်ဆန်းစုကြည် စည်းရုံး ဟောပြောဖို့ရှိတယ်။ အဲဒီမှာ နမ်းမတီးကွင်းကို ကျနော်တို့ တောင်းတဲ့အခါမှာ ကော်မရှင်ကနေပြီးတော့ လုံခြုံမှုမရှိလို့ အဲဒီကွင်းကို မပေးနိုင်ပါဘူးလို့ အဲဒီလို ပြောတာမျိုး၊ ၀န်ကြီး ဦးတင့်ဆန်းရဲ့ သားက မြောင်းမြမှာ ၀င်ပြီးတော့ အရွေးခံဖို့ရှိပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဖြစ်နိုင်ပါတယ်။ အဲဒီမှာ သူက သူ အနိုင်ရလို့ရှိရင် ဆုပေးမယ် ဆိုတာမျိုး၊ ဥပမာ လမ်းခင်းပေးမယ်တို့၊ ဘာဆောက်ပေးမယ်တို့၊ ညာဆောက်ပေးမယ်တို့ ပြောတာမျိုးတွေဟာ ဒါဟာ ဥပဒေနဲ့ မညီညွတ်တဲ့အကြောင်း တင်ပြပြီးတော့ ကျနော်တို့ဘက်က အဲဒါတွေကို ပြည်သူသိအောင် တင်ပြတာ။”



ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေတင် မဟုတ်ဘဲ အန်အယ်လ်ဒီ ပါတီရဲ့ ကိုယ်စားလှယ်လောင်း တွေလည်း ခြိမ်းခြောက်ခံရမှုတွေ ကန့်သတ်ခံရမှုတွေ ရှိနေပါတယ်။ အင်းတော် မြို့နယ်ရဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ မဲဆွယ်မှု ပိတ်ပင်ခံရသလို မိတ္ထီလာက ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဟာလည်း ပစ်စာတွေ ရေးသား ခြိမ်းခြောက် ခံရတယ်လိုလည်း ပါတီက ပြောပါတယ်။



ဒီအခြေအနေတွေကြောင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ တရားမျှတမှု အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို တုံ့ပြန် ပြောကြားသလဲ ဆိုတာကိုလည်း ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။



ဥက္ကဋ္ဌကတော့ သူ့ဆန္ဒကတော့ ပြည်သူလူထုနဲ့ တွေ့ချင်တယ်။ ပါတီ စည်းရုံးရေးလုပ်ငန်းတွေ ပြောချင်တယ်။ ပြီးတော့ ရွေးကောက်ပွဲ မဲဆွယ်လုပ်ငန်းတွေ ပြောချင်တယ်။ အဲဒါက တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့၊ ဒီမိုကရေစီ သဘောတရားတွေပေါ့ဗျာ၊ ဒီမိုကရေစီ ကျင့်စဉ်တွေ ပိုပြီးတော့ ပျံ့နှံ့ဖို့။ သူက ဖြစ်နိုင်ရင်တော့ ရွေးကောက်ပွဲ လုပ်မယ့် ပြည်နယ်တိုင်း ၁၀ ခုက ရွေးကောက်ပွဲမှာ လစ်လပ်တဲ့နေရာဖြစ်တဲ့ ၄၈ နေရာ၊ အန်အယ်လ်ဒီ ၀င်ပြိုင်မယ့် ၄၈ နေရာ၊ မြို့နယ် ၄၈ မြို့နယ် အကုန်လုံးကို ရအောင် ကြိုးစားချင်ပါတယ်လို့ အဲဒီလိုတောင် ပြောပါတယ်။”



ရွေးကောက်ပွဲ မဲဆွယ်မှု ကန့်သတ်ခံရမှုတွေကို ကော်မရှင်ကို သုံးကြိမ် တင်ပြထားပြီး လူထုကို အခု ရှင်းပြတာ ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ တရားဥပဒေကြောင်း အရ အမှုဖွင့်ဖို့တော့ အခြေအနေ မရှိသေးဘူးလို့လည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားပါတယ်။ အခု ကန့်သတ်မှုတွေဟာ အစိုးရအဖွဲ့ဝင် ၀န်ကြီး တစ်ဦးက လုပ်ဆောင်နေတာ ဖြစ်ပြီး အစိုးရအဖွဲ့က လုပ်ဆောင်နေတာလို့ မဆိုလိုဘူး လို့လည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက ထည့်သွင်း ပြောကြားသွားပါတယ်။



တနင်္ဂနွေ, 19 ဖေဖော်ဝါရီ 2012
ရွှေည၀ါဆရာတော် ကျောင်းတိုက်က ဖယ်ပေးရ
By မသိင်္ဂီထိုက် VOA
ရွှေည၀ါ ဆရာတော်ဟာ နိုင်ငံတော် သံဃာ့ မဟာနယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ သာဓုပရိယတ္တိ စာသင်တိုက်ကနေ ဒီကနေ့ မှော်ဘီကို ကျောင်းပြောင်းရွှေ့ ပေးလိုက်ပါတယ်။ ဒီလို ကျောင်းပြောင်းရွှေ့လိုက်ရပေမဲ့ ရှေ့ဆက်ပြီး အမျိုးသား နိုင်ငံရေး ဆက်ပြီး လုပ်ဆောင်သွားမယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။ ဒါ့အပြင် မကြာခင်က ထောင်က လွတ်လာတဲ့ အရှင် ဂမ္ဘီရကို အစိုးရက အာဏာစက်နဲ့ အရေးယူမယ်ဆိုပြီး ဒီကနေ့ ကြေညာလိုက်တဲ့အပေါ် ဘာတွေများ တုံ့ပြန်လိုက်သလဲ ဆိုတာတွေကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။



ရွှေည၀ါ ဆရာတော် ဦးပညာသီဟက သံဃာ့မဟာနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဒီကနေ့ သာဓုပရိယတ္တိ စာသင်တိုက်ကနေ မှော်ဘီတောကျောင်းကို ပြောင်းရွှေ့ပေးလိုက်ရတာနဲ့ ပတ်သက်ပြီး ဆရာတော်က အခုလို မိန့်ပါတယ်။



ကတိက၀တ် တည်တဲ့အနေမျိုးနဲ့ ရွှေ့ပေးလိုက်တာပါ။ မှော်ဘီကို ရောက်နေလည်း ဘုန်းကြီး သာသနာပြုဖို့ အခွင့်အလမ်းတွေ နောက်ထပ် အားမာန်အပြည့်နဲ့ ဆက်လက် ကြိုးစားဦးမှာပါ။ ဒီပွဲဟာ နှုတ်ဆက်ပွဲ ဖြစ်တဲ့အတွက် ထာဝရ နှုတ်ဆက်တာ မဟုတ်ပါဘူး။ ငိုစရာ မဟုတ်တဲ့အတွက် မငိုကြပါနဲ့။ စိတ်မကောင်းလည်း မဖြစ်ကြပါနဲ့။ ပုထုဇဉ်တို့ပီပီ ခွဲခွာရတဲ့အခါ နောင်ကျရင် သေတဲ့အခါတောင် အပြီး ခွဲရဦးမှာပဲ။ အခုဟာက ရှင်ကွဲ ကွဲတာဆိုတော့ အချိန်မရွေး ပြန်လာလို့ရပါတယ်လို့။”



ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်သွားမယ် ဆိုတာကိုလည်း ဆရာတော်က အခုလို မိန့်ပါတယ်။



ဆက်ပြီးတော့ ဘုန်းကြီး ဖွဲ့ထားတဲ့ ရန်ကုန် ဗုဒ္ဓတက္ကသိုလ်ကြီးကို ပုံမှန်အတိုင်း လည်ပတ်ဖို့၊ လက်ထောက်တွေ၊ စာချတွေ၊ ကထိကတွေကို အကုန်လုံး မှာခဲ့တယ်။ အဲဒီလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်စာကိုယ်သင့်ကြ၊ ခိုက်ရန်မဖြစ်ကြနဲ့။ ညီညွတ်ရင် ကျေးဇူးများမယ်။ မညီညွတ်ရင်တော့ ဘေးတွေ့မယ်။ အဲဒါကိုလည်း သေချာမှာခဲ့တယ်။ အဲဒီတော့ စာပေပညာ သင်ကြားပို့ချနေတဲ့ အပိုင်းတွေကိုတော့ အဝေးကနေပြီး ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်လည်း ရဲရဲယူခဲ့တယ်လေ။ အဲဒါ ဘုန်းကြီးက သာသနာပြုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ဒါ ရန်ကုန် ဗုဒ္ဓတက္ကသိုလ်ရဲ့ စီမံကိန်းကို လောလောဆယ် ယန္တရား မရပ်သေးပါဘူးလို့။ နောက်တစ်ခုက နွေရာသီမှာဖွင့်တဲ့ ရွှေည၀ါ သင်တန်းကတော့ ဒီနှစ်အဖို့ လုပ်ဖြစ်ဖို့နဲ့ မလုပ်ဖြစ်ဖို့က ၅၀ - ၅၀ ရာခိုင်နှုန်းစီ ရှိနေပါတယ်။”



ဆရာတော်က သူ့အနေနဲ့ ပါတီနိုင်ငံရေး လုပ်တယ် မလုပ်ဘူး ဆိုတဲ့အပေါ်မှာ နားလည်မှု မလွဲကြဖို့ကိုလည်း အခုလို မိန့်ကြားပါတယ်။



နိုင်ငံရေး လုပ်လား မလုပ်ဘူးလား ဆိုတာ အများသိတယ်။ နိုင်ငံရေး ဘာမှမလုပ်ဘူး။ ပါတီနိုင်ငံရေး အလုပ်ကင်းရှင်းတယ်။ အမျိုးသားရေး အကျိုးစီးပွားကိုတော့ ကျရာနေရာ လက်လှမ်းမီသလောက် အကုန်လုပ်တယ်။ အမျိုးသားရေးကို အားပေးပြီးတော့ အမျိုးသား အကျိုးစီးပွားကို စောင့်ရှောက်နိုင်တဲ့ စောင့်ရှောက်တဲ့ သဘောတရား။ အဲဒါက နိုင်ငံရေးမဟုတ်ဘူး။”



မကြာခင်က အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ဆရာတော် ဦးဂမ္ဘီရဟာ ပြစ်မှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာတင် မကဘဲနဲ့ နိုင်ငံတော်အဆင့်ရှိတဲ့ သံဃာအဖွဲ့အစည်းကိုပါ စော်ကားကျူးလွန်ခဲ့တယ် ဆိုပြီး ဒီကနေ့ သတင်းစာက ရေးသားလိုက်ပါတယ်။ ဒါကြောင့် အရှင်ဂမ္ဘီရကို အာဏာစက်နဲ့ အရေးယူဖို့ ပြင်ဆင်နေတယ် လို့လည်း သတင်းစာက ဆိုပါတယ်။ ဆရာတော် ဦးဂမ္ဘီရရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ကျော်ကို ဆက်သွယ် မေးမြန်းကြည့်ပါတယ်။



ရဟန်းဝတ်ခွင့် ပြန်လည် လျှောက်ထားဖို့ဆိုတဲ့ အချက်ကိုတော့ လက်မှတ် မထိုးခဲ့ဘူးလို့ ပြောပါတယ်။ သူတို့ဟာ ထောင်ထဲကို ၀င်မသွားခင်တုန်းကလည်း ရဟန်းတွေ ဖြစ်တယ်။ ထောင်ထဲကို ၀င်သွားတော့လည်း ရဟန်းတွေပဲ။ ထောင်ထဲက ပြန်ထွက်လာတော့လည်း ရဟန်းတွေပဲလေ။ ဆရာတော်ကြီးတွေကလည်း လက်ခံပါတယ် အဲဒီဟာကို။ မဟန ဆရာတော် ဘုရားကြီးတွေ ကလည်း သူ့ရဲ့ လျှောက်ထားချက်ကို လက်ခံပါတယ်။”



ဒါပေမဲ့ မြန်မာအစိုးရရဲ့သတင်းစာမှာတော့ ဒီလို ပြန်လည် လျှောက်ထားချက်ဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ ဆရာတော်ကြီးတွေကို ထိပါး စော်ကားမှုဖြစ်ပြီး ဂုဏ်သိက္ခာ ကျဆင်းစေဖို့ အတင့်အရဲ ဆောင်ရွက်လာတာ ဖြစ်တယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။



ငြိမ်းချမ်းရေးဖော်ဆောင်ဆဲကာလ ရှမ်းနှင့် ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများ ဖြစ်ပွား
Published on February 20, 2012 by နန်းမြနဒီ ·



အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ရခဲ့ပြီးလို့ မကြာသေးခင်မှာပဲ တဘက်နဲ့တဘက် ပစ်ခတ်မှုတွေ ပြန် ဖြစ်နေပါတယ်။



အစိုးရနဲ့ အပစ်အခတ်ရပ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့၊ ဒီကေဘီအေ (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်)က တပ်ဖွဲ့တွေနဲ့ နယ်မြေခံအစိုးရတပ်၊ နယ်ခြားစောင့် တပ်တွေနဲ့ ဖြစ်ပွားခဲ့တာပါ။



ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ထဲမှာ ဒီလ ၁၇ ရက်နေ့ မနက်မှာ အစိုးရတပ် ခလရ ၂၃ က ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)က တပ်မှူးတယောက်နဲ့ ဇနီးဖြစ်သူတို့ကို ပစ်ခတ်လို့ နှစ်ဦးစလုံး သေဆုံးခဲ့တယ်လို့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။



အပစ်အခတ်ရပ်စဲရေးကို ယုံပြီးတော့ ကျနော်တို့ တပ်မှူးတယောက် ဈေးဝယ်ပြီး ပြန်လာတာ။ အစိုးရတပ်နဲ့တွေ့တော့ အပစ်ခံရတာ သူ့မိန်းမကိုလည်း ပစ်သတ်တယ်။ သူ့ဆီမှာ ပါလာတဲ့ ရွှေတွေ၊ ငွေတွေလည်း ယူသွားတယ်။ သေနတ်တလက်လည်း သိမ်းယူသွားတယ်။”



၁၉ ရက်နေ့မှာ အစိုးရတပ်တွေနဲ့ ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု ဝမ့်ဟန်ဖိုက်ရွာနားမှာ တကြိမ်၊ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းဟိုင်းတိုက်နယ်ဘက်မှာ တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွေဟာ အစိုးရတပ်ဘက်က သဘောတူညီချက်ကို မလိုက်နာဘဲ နယ်မြေကျော်လို့ ဖြစ်တာလို့ အက်စ်အက်စ်အေက ပြောပါတယ်။



ဒီကိစ္စကို အစိုးရ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေဆီကို ဒီနေ့ စာရေးမေးမြန်းထားတယ်လို့ သူက ပြောပါတယ်။



အပစ်အခတ်ရပ်စဲရေးကို ယုံကြည်ပြီးတော့ သဘောတူညီထားတဲ့အတိုင်း ကျေးလက်ဒေသတွေမှာ ကျနော်တို့နေကြတယ်။ မြို့ထဲကိုလည်း ကျနော်တို့ မသွားဘူး။ ဒါပေမယ့် မလိုအပ်တဲ့ ပြဿနာတွေ ခုတလောမှာ နယ်မြေရှင်းလင်းရေးဆိုပြီးတော့ အစိုးရတပ်တွေက ဒေသတဝိုက်ထဲ လာပြီး လှုပ်ရှားနေတယ်။ အဲဒါကြောင့် ကျနော်တို့နဲ့ တွေ့တိုင်း ပြဿနာ ဖြစ်ရတယ်။”



ကျောက်မဲမြို့နယ်ထဲက တိုက်ပွဲကြောင့် အစိုးရတပ်ချောကားပေါ်က ကားစပယ်ယာ ပုံဝိုးရွာက ရွာသားတဦး သေဆုံးခဲ့ပြီး အပစ်ခံရသူ ရှမ်းပြည်တပ်မတော် တပ်မှူးနဲ့ ဇနီးသည်တို့ရဲ့ ၅ နှစ်အရွယ် ကလေးငယ်တဦး မိဘမဲ့ ဖြစ်သွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။



ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နဲ့ အစိုးရတပ်အကြား ဇန်နဝါရီ လလယ်ပိုင်းက နှစ်ဖက် အပစ်အခတ်ရပ်ဖို့ သဘောတူခဲ့ပြီး တိုက်ပွဲတွေ ဖြစ်နေတာပါ။



ကရင်ပြည်နယ်ဘက်မှာတော့ အပစ်အခတ်ရပ်ဖို့ သဘောတူထားကြတဲ့ ဒီကေဘီအေနဲ့ အစိုးရဘက်က နယ်ခြားစောင့်တပ်အကြား လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ မနေ့က ညနေပိုင်းနဲ့ ဒီနေ့ နေ့လည်မှာ တိုက်ပွဲဖြစ်ပါတယ်။



အဓိကကတော့ ဒီကေဘီအေရဲ့ စခန်းငါးခုက လက်နက်တွေကို နယ်ခြားစောင့်တပ်က ဝင်ရောက်သိမ်းပိုက်တဲ့အတွက် ဒါကို မကျေနပ်လို့ နယ်ခြားစောင့်တပ်ရဲ့ လက်နက်သယ်တဲ့ယာဉ်တန်းကို ဒီကေဘီအေက စောင့်ပစ်တာ အစိုးရဘက်က ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒီကေဘီအေ ပြောခွင့်ရ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။



ဒီနေ့ မွန်းတည့်မှာ မြိုင်ကြီးငူဘုန်းကြီးကျောင်းအနားမှာ စခန်းချတဲ့ ဒီကေဘီအေတပ်ဖွဲ့ကို နယ်ခြားစောင့်တပ်က စနိုက်ပါနဲ့ဝင်ပစ်သွားလို့ အရာရှိတဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒီကေဘီအေ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။



နယ်ခြားစောင့်တပ်က သိမ်းယူသွားတဲ့ လက်နက်တွေကို မြဝတီ ဆက်ဆံရေးရုံးကနေ တဆင့် ပြန်တောင်းမှာဖြစ်ပြီး ရက်ပိုင်းအတွင်း ပြန်မရရင် တိုက်ယူမယ်လို့ သူက ပြောပါတယ်။



အပစ်အခတ်ရပ်ကြပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ်ရတဲ့အပေါ် ဒီကေဘီအေ ပြောခွင့်ရ ပြည်ပဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး စောလုံ့လုံက ခုလိုပြောပါတယ်။



ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာက တတိုင်းပြည်လုံး ငြိမ်းချမ်းတဲ့ပုံစံ ဖြစ်ချင်တယ်။ အဲဒီတော့ ဒီလိုမျိုးပုံစံတွေမှာ ကျနော်တို့ ညီညွတ်ချင်တယ်။ ဘာအနှောင့်အယှက်မှ မရှိဘဲ အေးအေးချမ်းချမ်းနဲ့ လမ်းကြောင်း လျှောက်ချင်တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ အားပေးချင်တယ်။ ဖြစ်တာကောင်းတာပေါ့။ ဖြစ်ဖို့ကတော့ သက်ဆိုင်ရာ အာဏာပိုင် အဓိကကတော့ နိုင်ငံတော်က ဒီကိစ္စကို မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်သင့်တယ်။”



မြန်မာဒုက္ခသည်များ တရားဝင်ပြန်နိုင်ရန် မျှော်လင့်ကြောင်း အဖီဆစ် ပြော
By featured, ဧရာဝတီ on February 20 ဧရာဝတီ

ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ မြန်မာ ဒုက္ခသည်များသည် တနေ့တွင် အိမ်သို့ စိတ်ချလက်ချဖြင့် တရားဝင် ပြန်နိုင်မည်ဟု မျှော်လင့်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်းအဖီဆစ် ဝေ့ချာချီဝက ပြောသည်။



သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော မစ္စတာ အဖီဆစ် ဝေ့ချာချီဝနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)



ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒီမိုကရက်ပါတီခေါင်းဆောင် မစ္စတာ အဖီဆစ်က “ထိုင်း-မြန်မာနယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူ တော်တော်များများက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပါတယ်။ တနေ့မှာ သူတို့အားလုံး တရားဝင် သူတို့ရဲ့ နေအိမ်ရပ်ရွာတွေဆီ ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။



ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခု၌ မြန်မာဒုက္ခသည် ၁ သိန်း ၄ သောင်းခန့် ရှိသည်။



မြန်မာနိုင်ငံတွင် ဖြစ်ထွန်းနေသော ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံပြီး အပြောင်းအလဲများ ဆက်လက် လုပ်ဆောင်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း မစ္စတာ အဖီဆစ်က ပြောသည်။



ဒီကိုလာတာက ဒီနိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့၊ ဒေသတွင်းနိုင်ငံတွေအတွက် အလွန်အရေးကြီးတဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံဖို့ပါ။ အနာဂတ်မှာ အိမ်နီးချင်းနိုင်ငံအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုက နေရလာတဲ့ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို မျှဝေခံစားချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံပါတယ်။



နိုင်ငံတကာအဖွဲ့အစည်းတွေလိုပဲ ကျနော်တို့အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ကျေနပ်အားရပါတယ်။ ဒါက ဆက်လက် လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု မစ္စတာ အဖီဆစ်က ဆိုသည်။



ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ အဖီဆစ်နှင့်တွေ့ဆုံခြင်းသည် နှစ်နိုင်ငံ ဒီမိုကရေစီလမ်းကြောင်း လျှောက်ခဲ့ရသည့် အတွေ့အကြုံများကို ဖလှယ်ခြင်းဖြစ်ပြီး ကောင်းမွန်သော တွေ့ဆုံမှုဖြစ်ကြောင်း ပြောသည်။



အန်တီတို့နဲ့ ထိုင်းနဲ့ ဒီမိုကရေစီခရီးကို လျှောက်တဲ့အခါမှာ ဘယ်လို အတွေ့အကြုံတွေရှိလဲ၊ အတွေ့အကြုံတွေ ဖလှယ်တာပေါ့။ အတွေ့အကြုံတွေ ဖလှယ်တယ်ဆိုတော့လည်း ဒီဟာတွေ ပြန်စဉ်းစားလို့ရှိရင်လည်း အကြံဉာဏ်တွေ နောက်ထွက်လာမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။



၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သေးသည်။

တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲလာကြောင်း NLD ပြောပြီ
By featured, ဧရာဝတီ on February 20,ဧရာဝတီ




ကြားဖြတ် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုများကို အာဏာပိုင်များက ကန့်သတ်မှု များပြားလာရာ လွတ်လပ် တရားမျှတသောရွေးကောက်ပွဲ တခုဖြစ်ရန် ခက်ခဲလာကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။



NLD အထူးသတင်းစာ ရှင်းလင်းပွဲတွင် ရှေ့နေဦးဉာဏ်ဝင်း ရှင်းလင်းပြောဆိုနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)



ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ယနေ့ ကျင်းပပြုလုပ်သော အထူးသတင်းစာ ရှင်းလင်းပွဲ၌ ဦးဉာဏ်ဝင်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။



ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာ၌ အားကစားကွင်းများအတွင်း လုံးဝ မဲဆွယ်စည်းရုံး ဟောပြောမှုများမပြုလုပ်ရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့ကြောင်း၊ လှည်းကူးမြို့နယ်ရှိ ဘောလုံးကွင်းတွင် မဲဆွယ်စည်းရုံးမှုများပြုလုပ်ရန် သက်ဆိုင်ရာက ခွင့်ပြုပြီးဖြစ်သော်လည်း ၁၄ ရက်နေ့တွင် အားကစားဝန်ကြီး ဦးတင့်ဆန်းက အားကစားကွင်းတွင် မဲဆွယ်စည်းရုံးခွင့်မပြုဟူသည့် အမိန့်တရပ် ထုတ်ပြန်လိုက်ကြောင်း၊ ထိုအချိန် နေပြည်တော် ရောက်ရှိနေသော ဦးဉာဏ်ဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ယင်းကိစ္စ ချက်ချင်း တိုင်ကြားနိုင်ခဲ့သဖြင့် နဂိုခွင့်ပြုထားသည့်အတိုင်း သုံးစွဲခွင့်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ လှည်းကူးခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း၊ သို့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်ပင် အားကစားကွင်းများအတွင်း မဲဆွယ်ဟောပြောခွင့် မပေးဟူသော ညွှန်ကြားချက် ထုတ်ပြန်လိုက်သောကြောင့် အံ့အားသင့်ခဲ့ ရကြောင်း ၎င်းက ပြောသည်။



ဖျာပုံမှာ အားကစားကွင်း အသုံးမပြုနိုင်အောင် ၀န်ကြီးဦးတင့်ဆန်းက ဟန့်တားတာက တရားမျှတတဲ့ ရွေးကောက်ပွဲ တခုဖြစ်ဖို့ ထိခိုက်တယ်။ NLD ပါတီစည်းရုံးရေး ထိခိုက်တယ်လို့ ယူဆတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။



ကချင်ပြည်နယ် ခရီးစဉ်ကို ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၄ ရက်နေ့တွင် စီစဉ်ထားပြီး မိုးကောင်းမြို့နယ်ရှိ နန့်တီးကျေးရွာတွင် ဟောပြောပွဲ ကျင်းပခွင့် တောင်းခံရာ လုံခြုံရေး အကြောင်းပြပြီး ကျင်းပခွင့် ပိတ်ပင်ခံနေရကြောင်းလည်း ၎င်းက ဆက်ပြော သည်။



လုံခြုံရေးစိုးရိမ်ရရင် ဘာလို့ ရွေးကောက်ပွဲကျင်းပ သလဲ။ လုံခြုံရေးရှိလို့ ရွေးကောက်ပွဲကျင်းပတာ။ ဟောပြောခွင့်ကိုတော့ လုံခြုံရေး စိုးရိမ်မှုရှိလို့ ဆိုပြီး ပိတ်ပင်တယ်။ ဒါက ကျိုးကြောင်းမဆီလျော်ဘူး၊ ရှေ့နောက်မညီဘူး” ဟု သူက ဆိုသည်။



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က နွားထိုးကြီးရှိ ဘာသာရေးဇရပ်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို “အဘွားကြီး” ဟု ခေါ်ဝေါ်ခဲ့သည့်အပြင် NLD ပါတီကို ထောင်ထွက်များနှင့် ဖွဲ့စည်းထားသည့် ပါတီဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။



ကျနော်တို့က ထောင်ထွက်ဆိုပေမယ့် ခိုး၊ ဆိုး၊ နှိုက်လို့၊ ပြစ်မှုကျူးလွန်ထားလို့ ထောင်ကျတာမဟုတ်ဘူး။ ယုံကြည်ချက် ကြောင့် ထောင်ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အဘွားကြီးလို့ ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မပြောဘူး။ ဒါကို သူလက်ခံတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတရားမျှတမှုရှိစေရန် ကြိုတင်မဲများ မှန်မှန်ကန်ကန်ဖြစ် စေရမည်ဟု ပြောဆိုထားသည့်အပေါ် လေးစားမိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ တားမြစ်ချက်ကို လိုက်နာသွားမည် ဖြစ်သော်လည်း ကော်မရှင်၏ ခွင့်ပြုချက်များအပေါ် ၀န်ကြီးဌာနတခုက ကန့်ကွက်မှုများမှာ မဖြစ်သင့်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်သော ကော်မရှင်တခုဖြစ်ရန် အရေးကြီးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။



စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် NLD ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုချက် မပေးဘဲ မဲဆွယ်စည်းရုံးမှု မလုပ်ရန် အာဏာပိုင်များက ဟန့်တားနေကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပါတီများ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနိုင်ပြီဟု ပြောဆိုထားပြီးဖြစ်သော်လည်း အောက်ခြေ အဖွဲ့အစည်းများက ကော်မရှင်၏ ခွင့်ပြုချက်အပေါ် မလိုက်နာကြဟု ၎င်းက ဆိုသည်။



ကန့်သတ်မှုတွေ များလာတယ်။ ၀န်ကြီးဦးတင့်ဆန်းရဲ့သားကိုယ်တိုင်က ရွေးကောက်ပွဲဝင်တယ်။ နိုင်ရင် ဆုပေးမယ် ဆိုပြီးပြောတယ်။ ဒါက ဥပဒေနဲ့ငြိတယ်။ မဲဝယ်တာ။ ဆုပေးမယ်ဆိုတာ မဲဝယ်တာပဲ။ ကျနော်တို့ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တရားနည်းလမ်း မကျတာတွေကို ရွေးကောက်ပွဲကော်မရှင်ကို အကုန်တိုင်ကြားတယ်။ ဒါပေမဲ့ ခုအချိန်အထိ ရှင်းရှင်းလင်းလင်း အဖြေမရဘူး” ဟု သူက ပြောသည်။



ဆက်လက်၍ ဦးဉာဏ်ဝင်းက လက်ရှိ အခြေအနေအတိုင်း ဆက်သွားမည် ဆိုလျင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတသည်ဟု မပြောနိုင်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။



ကျနော်တို့ တရားရေးလောကမှာ ဆိုရိုးစကားရှိတယ်။ အမှန်ကိုလုပ်နေတယ်၊ တရားမျှတအောင် လုပ်နေတယ်လို့ ပြောရုံနဲ့ မပြီးသေးဘူး။ တရားမျှတမှုနဲ့ အမှန်ကို မြင်အောင်ပြနိုင်မှ ဖြစ်မယ်။ လက်ရှိမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အန္တရာယ်တွေ ရှိပါတယ်” ဟု ၎င်းက သတင်းထောက်များအား ရှင်းပြသည်။



ယခု ရှင်းလင်းပြောဆိုချက်များသည် တရားမျှတမှုရှိရန် ဖြစ်ပြီး အစိုးရအဖွဲ့နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ လက်ရှိဖြစ်ပျက်နေသော အခြေအနေများကို ရှင်းလင်း တင်ပြခြင်းဖြစ်ကြောင်း၊ ၀န်ကြီးဦးတင့်ဆန်း၏ အမည်ကို တပ်၍ ပြောဆိုရခြင်းမှာလည်း အစိုးရအဖွဲ့ကို ဆိုလိုခြင်းမဟုတ်သည်ကို နားလည်စေလိုကြောင်း၊ မိမိအနေနှင့် အစိုးရအဖွဲ့ဟု ပြောဆို သုံးနှုန်းခြင်းမရှိသည်ကို သတိထားစေလိုကြောင်း ဦးဉာဏ်ဝင်းက သတင်းထောက်များ ကိုရှင်းပြသည်။



နိုင်ငံ့ဘဏ္ဍာနှင့် နိုင်ငံပိုင် ပစ္စည်းများသုံးစွဲသော နိုင်ငံရေးပါတီများကိုလည်း သက်ဆိုင်ရာက ပြဋ္ဌာန်းထားသော နိုင်ငံရေး ပါတီများ ဥပဒေ၊ နည်းဥပဒေများအရ အရေးယူရန် တိုင်ကြားသွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ပါတီတခုက လမ်းခင်း ပေးမည်၊ မီးသွယ်ပေးမည်ဟုဆိုကာ မဲဆွယ်စည်းရုံးမှုများ ရှိနေကြောင်း ၎င်းက ဆိုသည်။



ယခု အခြေအနေအတိုင်း ဆက်လက်ဖြစ်ပျက်နေပါက NLD အနေဖြင့် မည်သို့ ဆုံးဖြတ်မည်ကို လက်ရှိတွင် မပြောနိုင် သေးကြောင်း၊ နိုင်ငံရေးပါတီတရပ် အနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သူက ပြောသည်။



ယနေ့ NLD ပါတီ၏ သတင်းစာရှင်းလင်းပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးအား NLD ၏ လွှတ်တော်ကိုယ်စားလှယ် အဖြစ် လက်ခံလိုက်ပြီ ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆိုသည်။



ဒေါက်တာမြတ်ဉာဏစိုးကမူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ၏ လုပ်ဆောင်မှုများကို ကြိုဆို ထောက်ခံသဖြင့် ပါတီကူးပြောင်းရခြင်းဖြစ်ကြောင်း၊ ၎င်းအပေါ် “သာကူး၊ မှန်ပြောင်း” အစရှိသည်ဖြင့် ပြောဆို သုံးနှုန်းမှုများအား တုံ့ပြန်လိမ့်မည်မဟုတ်ကြောင်း သတင်းမီဒီယာများကို ပြောသည်။



ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းအတွင်း မြို့နယ်များသို့ နေ့ချင်းပြန် စည်းရုံးရေး ခရီးစဉ်များ သွားရောက်မည်ဖြစ်ပြီး ကချင်ပြည်နယ်သို့ ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်၊ မတ်လ ၄ ရက်နှင့် ၅ ရက်နေ့၊ ၎င်းနောက် မန္တလေးခရီးစဉ် သွားရောက်ရန် အကြမ်းဖျဉ်း အစီအစဉ်ဆွဲထားကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။



အရှင် ဂမ္ဘီရကို အရေးယူမည်ဟု ထုတ်ပြန်
By featured, လင်းသန့် on February 20, ဧရာဝတီ



ရွှေဝါရောင် လှုပ်ရှားမှု ဦးဆောင်သံဃာ တပါးဖြစ်သည့် အရှင်ဂမ္ဘီရသည် အာဏာပိုင်များက အာဏာစက်ဖြင့် ဆောင်ရွက် မည်ဟု ပြောဆိုလိုက်ပြီးနောက် အရေးယူရန်ရှာဖွေမှုများ ပြုလုပ်နေ၍ တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။



အရှင် ဂမ္ဘီရ (ဓာတ်ပုံ - Khin Maung Win / AP)



လွန်ခဲ့သည့် တနင်္ဂနွေနေ့က အစိုးရ သတင်းစာများတွင် အရှင် ဂမ္ဘီရကို ရဟန်းနှင့်မအပ်စပ်သော နိုင်ငံရေးမှိုင်းမိ၍ ထင်ရာ စိုင်းနေဟု ရေးသားထားပြီး ၄င်းကို ဥပဒေများနှင့်အညီ “ထိထိရောက်ရောက်” အရေးယူမည်ဟု ဖော်ပြထားသည်။



အာဏာပိုင်တွေက သူ့ကို လိုက်ရှာတယ်။ ည ၁၂ နာရီလောက်ကြီး သူ့ကိုလာစောင့်တယ်။ SB (ရဲ အထူးသတင်းတပ်ဖွဲ့)တွေ ရောပါတယ်။ မဂ္ဂင်ကျောင်းတိုက်ကိုလည်း လာမေးတယ်”ဟု မဂ္ဂင်ကျောင်းတိုက်နှင့် နီးစပ်သည့် သံဃာတပါးက ဧရာဝတီ ကို မိန့်သည်။



အရှင် ဂမ္ဘီရသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကတည်းက မဂ္ဂင်ကျောင်းတွင် သတင်းမသုံးတော့ကြောင်း၊ သတင်းစာတွင် ဖော်ပြပါရှိသည့်အတွက် ဖမ်းဆီးထားသည်ဟုလည်း ယူဆနိုင်ကြောင်း ထို သံဃာက ဆက်လက် မိန့်ဆိုသည်။



အရှင် ဂမ္ဘီရသည် ပြစ်မှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရုံသာမက နိုင်ငံတော်အဆင့် သံဃာ အဖွဲ့အစည်းများကိုလည်း ထိပါး စော်ကားမှုများ ကျူးလွန်ကြောင်း သတင်းစာ၌ ရေးသားထားသည်။



အရှင် ဂမ္ဘီရကို ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိပေ။



အရှင် ဂမ္ဘီရ၏ အစ်ကိုတော်စပ်သူ ကိုအောင်ကျော်ကျော်နှင့် အဆက်အသွယ်ရခဲ့ရာ မိသားစုဝင်များက စိုးရိမ်လျက်ရှိကြောင်း၊ ယမန်နေ့ ညနေပိုင်း အထိ တယ်လီဖုန်း ဆက်သွယ်မှုရပြီးနောက်ပိုင်း အဆက်အသွယ်မရတော့ကြောင်း သိရသည်။



သူက တပတ်လောက် ခရီးထွက်မယ် ပြောတယ်။ အိမ်ကို ပြန်မလာတော့ဘူးတဲ့။ ဦးပဉ္ဇင်း အဖမ်းခံနေရပြီလား၊ တပည့်တော် ကို ရှင်းရှင်းပြောပါဆိုတော့၊ မဟုတ်ပါဘူးတဲ့၊ အေးအေးဆေးဆေး ပါတဲ့၊ အဖမ်းခံနေရသလား၊ တကယ်ခရီး ထွက်သွားလား ကျနော်လည်း မသေချာဘူးဗျ၊ ကျနော်ကိုယ်တိုင် အဖမ်းခံရတုန်းကလည်း ဒါမျိုးကြုံဖူးတယ်”ဟု ကိုအောင်ကျော်ကျော်က ပြော ဆိုသည်။



သတင်းစာပါ အရေးယူမည်ဆိုသည့်သတင်းကို အရှင် ဂမ္ဘီရက နောက်ပိုင်းသိရှိခဲ့ကြောင်း၊ သို့သော် သူ့အနေနှင့်အပြစ်မရှိဟု ပြော ကြောင်း ၎င်းက ဆိုသည်။



ဇန်န၀ါရီလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အရှင် ဂမ္ဘီရသည် ဧရာဝတီတိုင်း မြောင်းမြ ထောင် မှ ပြန်လွတ်လာပြီးနောက် မဂ္ဂင်ကျောင်းတိုက် အပါအ၀င်၂၀၀၇ နောက်ပိုင်း ချိပ်ပိတ်ခံထားရသော ဘုန်းတော်ကြီး ကျောင်း တချို့ကို သော့ဖွင့်၍ ၀င်ရောက်သတင်းသုံး နေထိုင်ခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့(မဟန)က ခွင့်ပြုချက်မယူဘဲ စည်းကမ်း မလိုက်နာသူအဖြစ် ဆုံးမ သြ၀ါဒ ပေးရန် ဆင့်ခေါ်ခဲ့ရာ ၃ ကြိမ်တိုင် ပျက်ကွက် ခဲ့သည်ဟု သိရသည်။



အရှင် ဂမ္ဘီရသည်၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုပြီးနောက် ယခင်စစ်အစိုးရ၏ ဖမ်းဆီးခံရကာ ထောင်ဒဏ် ၆၃ နှစ်ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။



အရှင် ဂမ္ဘီရကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က အာဏာပိုင်များကခေါ်ယူစစ်မေးခဲ့ပြီး နေ့လယ်ပိုင်းတွင် မဟန ဆရာတော်ကြီးများထံ သြ ၀ါဒ ခံယူရကြောင်း၊ ၀ိနည်းနှင့်အညီ နေထိုင်ရန်နှင့် ရဟန်း ပြန်လည်ဝတ်ခွင့် ပြန်လျှောက်ထားရမည်ဟူသည့် လက်မှတ် ၂ ခု ထိုးခိုင်းကြောင်း သိရသည်။



ကိုအောင်ကျော်ကျော်က “ဦးပဉ္ဇင်းက ကျနော့်ကို ပြောတာက ရဟန်းဟာ ၀ိနည်းနဲ့ နေရမယ်ဆိုတာက ယုတ်တိယုတ်တာ ကျပါ တယ်တဲ့။ အဲဒါကြောင့် သူလက်မှတ် ထိုးခဲ့ပါတယ်တဲ့”ဟု ဆိုသည်။



သို့သော် ရဟန်းပြန်ဝတ်ခွင့်လျှောက်ရမည်ဆိုသည့်အချက်ကို အရှင် ဂမ္ဘီရက လက်မှတ်မထိုးခဲ့ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ထောင်မကျခင်၊ ထောင်တွင်း ကာလ၊ ထောင်က ပြန်လွတ်လာသော်လည်း ရဟန်း ဖြစ်လိုသည့် စိတ်ကို မစွန့်လွှတ်သမျှ ကာ လ မည်သည့် အ၀တ်ဝတ်ထားလင့်ကစား ဘုရား ၀ိနည်းတော်နှင့်အညီ ရဟန်းသာဖြစ်သည်ဟု ရှင်းပြခဲ့ကြောင်း သိရသည်။



အရှင် ဂမ္ဘီရ၏ ညီငယ် ကိုလွင်မောင်မောင်ကလည်း“ရဟန်းဝတ်ခွင့်ပြုဖို့ လက်မှတ်တော့ မထိုးနိုင်ဘူးလို့ ပြောလိုက်တော့ မဟန ဆရာတော်ကြီးတွေ ကလည်း လက်ခံတယ်”ဟု ပြောဆိုသည်။



ထို့နေ့က မဟန ဆရာတော်ကြီးများထံ ရောက်ချိန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်း စုအဖွဲ့၏ ဦးဆောင် သံဃာတော် အဖြစ် အရှင် ဂမ္ဘီရက အချက် ၁၀ ချက်ပါသည့် စာဖြင့် လက်မှတ်ထိုး၍ လျှောက်ထား တင်ပြခဲ့ကြောင်းလည်း သိရသည်။



ယင်းစာ၌ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ပေးပို့သော အကြောင်းကြား စာပါ “ခွင့်ပြုချက်မရှိပဲ ပြစ်မှုကျူးလွန်နေသော”ဟူသည့် စကားရပ်ကို အလေးအနက် ကန့်ကွက်ကြောင်း၊ ထို့အပြင် ဓမ္မ၀ိနယနှင့် မညီသော မဟန ၏ ဆုံးဖြတ်ချက်များကိုလည်း ကန့်ကွက်ကြောင်း ပါရှိသည်။



အရှင် ဂမ္ဘီရ၏ မဟန သို့ လျှေက်ထားချက် အပိုဒ် ၉ တွင်လည်း မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေးအကျဉ်း သား ၄၁၅ ဦးတွင်ပါဝင်သော ရဟန်းတော် ၄၃ ပါးအား လွတ်မြောက်ရန် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့မှ ဆောင်ရွက် ပေးမှု မရှိခြင်းကို အလေးအနက် ရှုတ်ချကြောင်း ဖော်ပြထားသည်။



ထိုသို့ သံဃ မဟာနာယက အဖွဲ့ကို“ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း”ဟူသည့် ထိပါးစော်ကားမှုများအား လျစ်လှူရှုပါက ပိုမို အတင့်ရဲလာစေနိုင်သည့် အလားအလာ ရှိသည်ဟု သတင်းစာတွင် ရေးထားသည်။



မဟန အနေဖြင့် ဓမ္မစက်ဖြင့်ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့်ဆောင်ရွက်ရန် ဆန္ဒရှိသောကြောင့် အရှင် ဂမ္ဘီရကို ပြစ်မှုဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်တော့မည်ဟုလည်း သတင်းစာက ဆိုသည်။



ဒီမိုကရေစီစနစ်အတွက် အရပ်သားလူမှုအဖွဲ့အစည်းများ အားကောင်းရန်လိုဟုဆို
By featured, လင်းသန့် on February 20, ဧရာဝတီ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်မာစွာ ဖြစ်ထွန်းစေရေးအတွက် အရပ်သားများပါဝင်သည့် လူမှုအဖွဲ့အစည်းများ အားကောင်းရန် အရေးကြီးကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ယနေ့ ပြောကြားလိုက်သည်။



ကျနော်တို့ကတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို အားသန်တဲ့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းမောင်းသန် ဖြစ်ဖို့ပါပဲ။ ဒီအဖွဲ့အစည်းတွေ အားကောင်းမှလည်း ဒီမိုကရေစီ အားကောင်းမှာပါ” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောသည်။



ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲကို ဦးစီးကျင်းပသည့် ဟင်္သာတမြို့ခံ လူငယ်များ (ဓာတ်ပုံ - Naing Soe facebook မှ)



ဧရာဝတီတိုင်း ဟင်္သာတမြို့ရှိ ဦးအောင်မြတ်ကျော် ခန်းမ၌ ယနေ့ ကျင်းပသော “ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲ” တွင် ကိုမင်းကိုနိုင်က အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ယင်းအခမ်းအနားကို ဟင်္သာတ မြို့ခံ လူငယ်များက ဦးစီးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။



ပြည်သူလူထုက တိုင်းပြည် အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်လာလျှင် ပြည်သူကို အာဏာပိုင်များက မကြောက်လန့်သင့်ကြောင်း၊ ပြည်သူလူထု ထွက်လာ၍ ပူးပေါင်းဆောင်ရွက်လာတိုင်း ဆန့်ကျင်မည်ဟု အာဏာပိုင် များ ဘက်မှ တွေးမထားသင့်ကြောင်း ကိုမင်းကိုနိုင်က ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်းတွင် အရပ်သားများ၏ ညီညွတ်မှုကြောင့် အောင်ပွဲရခဲ့သည့် ဥပမာကို ပေး၍ ပြောခဲ့သည်ဟု သိရသည်။



ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေးပွဲ အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့က အရပ်ဘက် လူ့အဖွဲ့အစည်းများ အရေးကြီးပုံကို ဟောပြောခဲ့ကြောင်း ပွဲစီစဉ်သူ တဦးဖြစ်သည့် ကဗျာဆရာ မြတ်ခိုင်ဦးက ပြောသည်။



ကိုကိုကြီးကလည်း အထက်မှ အောက်သို့ အမိန့်ပေးစေခိုင်းခြင်းမှာ မြန်မာလူထုအတွင်း ခေါက်ရိုးကျိုးနေပြီ ဖြစ်သောကြောင့် ထိုအကျင့်များကို ပြင်ကာ အောက်ခြေမှ အထက်သို့ တင်ပြသည့် ပုံစံမျိုးဖြစ်ရန် လိုအပ်ကြောင်း အင်တာဗျူးတခုတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုသည်ကို အလေးအနက် တန်ဘိုးထား အသိအမှတ်ပြုသည်ဟု ဆိုသည်။



အဲဒီလို အထက်နဲ့အောက် ကွာဟနေတဲ့ကြားမှာ အထက်ကို လက်လှမ်းမမီတဲ့ အောက်ခြေ ပြည်သူတွေနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ ကြားထဲမှာ ၈၈ ကျောင်းသား ခေါင်းဆောင်တွေက တံတားခင်းသွားမယ် ဆိုတဲ့အကြောင်း၊ ဒီလစ်ဟာနေတဲ့ ကွက်လပ်ကို ၈၈ အနေနဲ့ ဖြည့်ဆည်းသွားဖို့ ရည်ရွယ်တယ်ဆိုတဲ့အကြောင်း အခမ်းအနားမှာ ပြောဖြစ်ခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။



၈၈ မျိုးဆက်ကျောင်းသားများသည် အနာဂတ်တွင် ကိုယ်စီကိုယ်ငှ တာဝန်ကိုယ်စီခွဲဝေပြီး သွားကြမည်ဖြစ်ကြောင်း၊ ယခင် နှစ်ပေါင်း ၅၀ ၀န်းကျင် အမှောင်ခေတ်၊ အပိတ်ခေတ်မှသည် ယခုအခါ ပွင့်လင်းသည့်ခေတ်ကို သွားရာတွင် အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်တို့ကို နယ်ပယ် အသီးသီးတွင် နိုင်ငံသားတဦးချင်းစီက လေ့ကျင့်သွားကြရန် လိုအပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ရှင်းပြသည်။



ယနေ့ ဟင်္သာတမြို့မှ ယင်းအခမ်းအနားကို နေ့လယ် ၁ နာရီမှ ၃ နာရီအထိ လူပေါင်း သောင်းချီတက်ရောက်၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂမှ ပေးပို့သည့် သ၀ဏ်လွှာ ဖတ်ခြင်း၊ မြို့ခံတဦးက နှုတ်ခွန်းဆက် ကျေးဇူးတင် စကားပြောခြင်း၊ စာရေးဆရာမ မသီတာ (စမ်းချောင်း) နှင့် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) အဖွဲ့ဝင် မအေးသီတာတို့က အသီးသီး ဆွေးနွေး တင်ပြခြင်း စသည်ဖြင့် အခမ်းအနားကို ကျင်းပခဲ့သည်ဟု ကဗျာဆရာ မြတ်ခိုင်ဦးက ပြောသည်။



ယမန်နေ့ညက ၈၈ မျိုးဆက် ကျောင်းသားများကို ဆန့်ကျင် အပုပ်ချသည့် အမည်မသိသူ၏ စာရွက်စာတမ်းများ ဟင်္သာတ မြို့တွင် ဖြန့်ဝေသွားခဲ့ကြောင်း၊ သို့သော် အခမ်းအနားတွင် မည်သည့် အာဏာပိုင်များကမှ နှောက်ယှက်ဟန့် တားမှု မရှိခဲ့ကြောင်း သိရသည်။



လူထုကလည်း သူတို့ ခေါင်းဆောင်တွေကို ကြိုဆိုတယ်။ အာဏာပိုင်တွေက ကျနော်တို့ကိုတောင် ကူညီပါတယ်” ဟု ကဗျာဆရာ မြတ်ခိုင်ဦးက ဧရာဝတီကို ပြောသည်။



မြန်မာ့လူ့အဖွဲ့အစည်းသည် နှစ်ပေါင်းများစွာ ပိတ်ဆို့နေသည့် လူ့အဖွဲ့အစည်းတွင် နေလာခဲ့ရသည့်အတွက် ယခု ပွင့်လင်းလာသည့် လူ့ အဖွဲ့အစည်းနှင့် မိတ်ဆက်စေလိုသည့် ဆန္ဒတို့ကြောင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကို ဖိတ်ကြားကာ ယခုအခမ်းအနား ကျင်းပခြင်း ဖြစ်သည်ဟု သူက ဆိုသည်။



တိုင်းရင်းသားများအားဦးဆောင်ရန် ခွန်ထွန်းဦးအား ဇခုံတိန့်ယိန်းတိုက်တွန်း
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 20 သျှမ်းသံတော်ဆင့်သတင်း



ကချင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇခုံတိန့်ယိန်း ဟာသျှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညနေပိုင်းတုန်းက ရန်ကုန်မြို့ရှိ နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။



SNLD ဥက္ကဌ ခွန်ထွန်းဦး နဲ့ NDA-K ခေါင်းဆောင် ဇခုံတိန့်ယိန်း (ဓါတ်ပုံ - SNLD)
ဇခုံတိန့်ယိန်း ဟာ ခွန်ထွန်းဦး နဲ့ အိမ်နီးချင်းလည်းဖြစ်၊ တိုင်းရင်းသားများရဲ့ ခေါင်းဆောင်လည်း ဖြစ်ပြီး လွတ်မြောက် လာတာကိုဝမ်းသာစကား လာရောက်ပြောကြားနှုတ်ဆက်လိုတာကြောင့် လွှတ်တော်နားရက် မှာအချိန်ယူပြီး တမင်လာတွေ့တာ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောပြပါတယ်။



ဇခုံတိန့်ယိန်း ပြောသွားတာတွေက အစဉ်လာကြီးတဲ့ ပါတီကြီးတစ်ခုရဲ့ခေါင်းဆောင်၊ တိုင်းရင်းသားများရဲ့ အရေးကို ဦးဆောင်တောင်းဆိုလာသူတစ်ယောက်အနေနဲ့တိုင်းရင်းသားများရဲ့ စည်းလုံး ညီညွတ်ရေး၊ မိမိတို့ရဲ့ပြည်နယ် ဒေသတွေမှာ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ် ရပ်တည်နိုင် ရေးအတွက်ဆက် လက်ဦးဆောင်ဦးရွက်ပြုဖို့ တိုက်တွန်း ပန်ကြားလိုတယ်၊ သူတို့ကလည်းလွှတ်တော်ထဲက ကြိုးစားနေပါ တယ်” - လို့ စိုင်းလိတ်ကပြန်လည်ပြောပြပါတယ်။



ခွန်ထွန်းဦး ကလည်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူအရ တိုင်းရင်းသားအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိရေး၊တန်းတူညီမျှမှုရရှိရေးအတွက် မိမိကလည်း ဆက်လက်ကြိုးပမ်းမည်ဖြစ် ကြောင်းလာရောက်တွေ့တာကို ဝမ်းသာကျေးဇူးတင်ကြောင်း ပြောကြားသွားကြောင်း လည်းသိရပါ တယ်။



ကျန်းမာရေး၊ ငြိမ်းချမ်းရေးကိစ္စများနှင့် အထွေထွေကိစ္စများကို ဆက်လက်ဆွေးနွေးပြီး ဇခုံတိန့်ယိန်း ပြန်သွားပါတယ်။



ဇခုံတိန့်ယိန်းဟာ ခွန်ထွန်းဦး နေထိုင်သည့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကိုးမိုင်စော်ဘွားလမ်းရှိ နေအိမ်နှင့် မျက်နှာချင်းဆိုင် အိမ်တွင်နေထိုင်သူလည်းဖြစ်ပြီး ဆယ်နှစ်တာကာလအတွင်းမှာ ပထမဦးဆုံး အကြိမ်တွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။



ဇခုံတိန့်ယိန်းသည် ၁၉၆၀ ပြည့်နှစ် အစောပိုင်းများက KIA တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး KIA အတွင်း ခွဲခြားဆက်မှုရှိတယ်လို့ဆိုပြီး KIA ကနေ ခွဲထွက်ကာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပူးပေါင်းခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ (၁၀၁)စစ်ဒေသ ကိုဦးဆောင်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီမှ ထပ်မံခွဲထွက်ပြီးတော့ ဒီမိုကရေစီသစ် တပ်မတော် (ကချင်) New Democracy Army (Kachin) အမည်သစ်နဲ့ငြိမ်းချမ်း ရေးရယူခဲ့ပါတယ်။ ၂၀၀၉ NDA-K နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့ပြီး ခေါင်းဆောင်ဖြစ်တဲ့ ဇခုံတိန့်ယိန်းက ၂၀၁၀ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။



ယုံကြည်ရလောက်သည့် ငြိမ်းချမ်းရေးလော?
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 20 ခိုနူမ်းထုန် သတင်းဌာန



ဇလပ်၊ ခွါနင်းလေသောင်၊ ၂၀၁၁ နှစ်ကုန်- ၂၀၁၂ နှစ်ဦးကာလသည် တိုင်းရင်းသားလက်နက်ကိုင် တော်တော်များများနှင့် အစိုးရ တို့ တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ရယူသည့် သတင်း များအပြင် ပြည်ပရောက် ဒီမိုကရေစီအင်အားစုများ ကိုလည်း တွေ့ဆုံဆွေးနွေးရေးကို ကမ်းလှမ်းနေသည့် သတင်းများကို အများအားဖြင့် ကြားနေကြရသည်။






ဗိုလ်ချုပ် ခင်ညွန့်် ခေတ်တုန်း ကလည်း ယခုကဲ့သို့ပင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တွေရယူ ခဲ့ကြပါ တယ်။ သို့သော် နိုင်ငံရေး ဆွေးနွေးမှုမပါတဲ့ အပစ်ရပ်ငြိမ်းချမ်းရေး မို့လို့ မကြာပါဘူး ငြိမ်းချမ်းရေး ပြန်လည် ပျက်ပြယ်သွားခဲ့ကြတာပါပဲ။ ဦးသိန်းစိန် က ၄င်းကို သင်ခန်းစာယူပြီး ခုတဖန်နိုင်ငံရေး ဆွေးနွေးမှု ပါတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံမှုကို ဖော်ဆောင်ခဲ့ရာ တိုင်းရင်းသားအဖွဲ့အစည်း အားလုံးလိုလိုဆွေးနွေး နေကြပါပြီ။ ပြည်နယ်အ ဆင့်ဖြတ် သန်းပြီးပြည်ထောင်စု အဆင့်မှာ ပင်လုံကဲ့ သို့သော နိုင်ငံရေးကို ဆွေးနွေး ကြရမည်ဖြစ်သည်။ ရှေ့ဆက် ဘယ်လိုဖြစ် လာမယ်ကိုတော့ စောင့်ကြည့်ရ အုံးမှာပါ။



မကြာသေးခင်က တိုင်းရင်းသားလက်နက်ကိုင် တော်တော်များများ စုဖွဲ့ထားတဲ့ ယူအဲန်အက်ဖ်စီ ကလဲ အဖွဲ့ဝင် တွေကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအသီးသီးနဲ့ ဆွေးနွေးသွားကြဖို့ ဆုံးဖြတ်ထားတော့ ကိုယ့်ပြည်နယ် အစိုးရနှင့် ကိုယ်စီ ဆွေးနွေးကြရတယ်။ မြန်မာအစိုးရဖက်ကတော့ ရထား ၀န်ကြီးဌါန ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဦး သိန်းဇော်အဖွဲ့ဆိုပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးကြတယ်။ ဗေဒင် ကို အဆက်ဆက် ယုံကြည်လာခဲ့တဲ့ မြန်မာအစိုးရတို့ ဒီတစ်ခေါက်မှာ ဘယ်လို ယတြာမျိုးချေပြီး နှစ်ဖွဲ့နဲ့သွားသလဲတော့ သိချင်စရာ။



ဦးခင်ညွန့်လိုပဲ အဆုံးပြန်သတ်လေမလား၊ ဖွဲ့စည်းပုံက ခွင့်ပြုထားသလို အချိန်တန်ပြီဆိုမှ မင်း အောင်လှိုင်တို့ နှင့် တိတ်တဆိတ် ညှိနှိုင်းပြီး အာဏာသိမ်းပွဲပြန်ဖြစ်လာမလား စဉ်းစားစရာတော့ တပုံကြီးပေါ့။ ဗိုလ်နေ၀င်း အာဏာ သိမ်းခဲ့ပုံကလဲ ၀န်ကြီးချုပ် ဦးနုကနေ စတာ အားလုံးအသိပါ။ အပစ်အခတ် အားလုံးရပ်စဲပြီး နိုင်ငံရေး မဆွေးနွေးခင် အာဏာသိမ်းမှု ပြန်မဖြစ်နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်သလဲ။ ပြည်ထောင်စု အတိုင်းအတာ နိုင်ငံရေးဆွေးနွေးမှုအတွက် အချိန်ဇယားသတ်မှတ် လို့ မရအောင် တိုင်းရင်းသားအဖွဲ့အသီးသီးအား သီးခြားစီ ဆွေးနွေးခဲ့ကြတာကိုက ဒါရိုးမှ ရိုးရဲ့ လားပေါ့။ ယူအဲန်အက်ဖ်စီ အခန်းကဏ္ဍကတော့ ခုနေအတိုင်းဆိုယင် တဖြည်းဖြည်း မှေးမှိန်သွားနေပါပြီလို့ ဆိုရမည်။ ဆိုတော့ တိုင်းရင်းသားအဖွဲ့တွေအနေဖြင့် စစ်တပ်က အာဏာသိမ်းတဲ့ အခါကျမှ အရေးပေါ်အစည်းအဝေး တစ်ရပ် ပြန် လည်ခေါ်ယူပြီး အသစ်သော ခေါင်ချုပ်အဖွဲ့ ပြန်လည်ဖွဲ့ရမယ့် အနေအထားမျိုးဖြစ်ပြန်ယင် အစိုးရဖက်မှ အသာစီး ရမည်မှာ ဧကန်မလွှဲပေ။



အစိုးရဟာ အရှေ့ဖက် ကရင်နီအဖွဲ့ကို ငြိမ်းချမ်းရေး စကားကမ်းလှမ်းပေမဲ့ တပ်မတစ်ခု အင်အားတိုး နေရာချ တယ်။ ကရင်ဖက်မှာလည်း ထိုနည်း၎င်းပါ၊ ကချင်ကိစ္စကတော့ေ၀၀ါးပြန်ပြီ၊ အပစ်အခတ်ရပ်စဲ တယ် ဆိုတဲ့ စကားလုံး အောက်မှာ တိုင်းရင်းသားဒေသတွေမှာ တပ်အင်အား တိုးချဲ့နေရာချနေတာကိုက ယုံရကောင်း မယုံရကောင်းတဲ့ အနေအထားဖြစ်နေပါတယ်။ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး၊ ညှိမရ ယင် ဒီလိုပဲ ပြန် တိုက်မယ်လို့ အသိပေး လိုက်သလိုပဲ။



နှစ်ဖက် ဦးတည်တာက ထာဝစဉ် ငြိမ်းချမ်းရေးဖြစ်ပါတယ်။ တဖက်မှာ သမ္မတ ဦးသိန်းစိန်က မြန်မာ့တပ် မတော်ကို ခေတ်မှီတဲ့ တပ်မတော်အဖြစ် တည်ဆောက်မယ်လို့ ပြောထားတယ်၊ သို့သော် တိုင်းရင်းသား လက်နက်ကိုင် တွေရဲ့ နယ်မြေမှာ တပ်အင်အားတိုးချဲ့ နေရာချထားတာကိုက တိုင်းရင်းသားတွေ နလံပြန်ထူမ လာနိုင်အောင် ကြံရွယ် နေတာမဖြစ်နိုင်ဘူးလား။ ဖြစ်သင့်တာက အစိုးရဖက် ကနေ တိုင်းရင်းသား ဒေသတွေ က တစ်ချို့ တပ်စခန်း တွေကို တောင် ရုတ်သိမ်းပေးသင့်တာပေါ့၊ အခုက အပစ်အခတ်ရပ်စဲ ထားတဲ့ အက်စ်အက်စ်အေ တောင်ပိုင်း နှင့် ရင်ဆိုင် တိုက်ပွဲ ထပ်ဖြစ်နေတယ်။



နိုင်ငံတော်အတိုင်းအတာနှင့် နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်နေတဲ့ အချိန်မှာ အစိုးရရဲ့ လုပ်ရပ်က တကယ့်ကို တွေဝေစရာဖြစ်နေပါတယ်။ ခုနေအတိုင်း အစိုးရဖက်က ဆက်ဆက်တိုးလာယင် အစိုးရဟာ ထာဝစဉ်ငြိမ်းချမ်း ရေးကို ဦးတည်တာမဟုတ်ပဲ မြန်မာ့တပ်မတော်ပြန်လည်တည် ဆောက်ရေးအတွက် တိုင်းရင်းသားအဖွဲ့တွေကို ထာဝစဉ်န လံမထူအောင် အမြစ် ဖြုတ်နေတာလို့ တထစ်ချပြောရမှာပါ။



သတိချပ်စရာတခုက ဦးသိန်းစိန်ဟာ ဗိုလ်သန်းရွှေရဲ့ ဇက် ( ) မဲန်း လို့ ပြောကြပါတယ်။ ဗိုလ်သန်းရွှေဟာ လုံခြုံရေး ကောင်စီမှာ တကယ့်အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ ဦးသိန်စိန်ဟာ အမိန့်နာခံမှု ကောင်းပြီး အထက်က ခိုင်းတဲ့အ တိုင်း တသဝေမသိမ်း လိုက်လုပ်တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ သိရတယ်။ ဒါကြောင့် လည်း ညောင်နှစ်ပင်ညီလာခံ ကျင်းပရေး ကော်မ ရှင်ကို ဦးစီးခိုင်းကြတာဖြစ်မှာပါလေ၊ ညီလာခံကို ငါတို့ တရက်တည်းနဲ့ ပြီးအောင်လုပ်နိုင်ပါတယ်၊ ကြည့်လို့ကောင်း အောင် အချိန်ပေး လုပ်ရတာပါလို့ ၂၀၀၇ သြဂုတ်လမှာ ပြောခဲ့ပါတယ်။ နာဂစ် မုန်တိုင်းတုန်းက နိုင်ငံခြားအကူအညီ တွေကို တားဆီးခဲ့သူဖြစ်တယ်။ ကလေးစစ်သားကိစ္စနဲ့ ပတ်သက်ပြီး ငါတို့မ လုပ်ပါဘူး၊ စစ်တပ်ကို သူတို့ဟာနဲ့ သူတို့ ၀င် လာခဲ့ကြတာပါလို့ ၂၀၀၇ ဖေဖော်ဝါရီလမှာ ခံပြောခဲ့သူလည်း ဖြစ်တယ် စသဖြင့် စသဖြင့်—



လေ့လာချက်အရ လက်ရှိအစိုးရရဲ့ အုပ်ချုပ်ရေး အင်္ဂါစဉ်တွင် တပ်မတော်သည် အဆင့် (၁၀) မှာ ရှိနေခဲ့သော် လည်း ထိပ်ဆုံး အင်္ဂါစဉ် ()ကို ကိုင်တွယ်နေတဲ့ အစိုးရ ခေါင်းဆောင်များအနေဖြင့် အဘယ်ကြောင့် တိုင်းရင်း သား ဒေသ တွေက စစ်ပွဲတွေကို ရပ်တန့်အောင်မလုပ်နိုင်ရသလဲ၊ တဲ့တဲ့ပြောရမယ်ဆိုယင် သမ္မတ ဦးသိန်းစိန် က တပ်မတော်ကာ ကွယ် ရေးစစ်ဦးစီးချုပ် မင်းအောင်လှိုင်ကို မတားနိုင်တာလဲဆိုတာက မေးစရာဖြစ်နေ ပါတယ်။ ကချင်မှာ အပစ်ရပ်ဖို့ ပြောသော်လည်း ဗိုလ်ချုပ် မင်းအောင်လှိုင်က ဘာဖြစ်လို့ မနာခံရသလဲ၊ ရှင်းပါတယ်၊ တပ်မတော် လုံခြုံရေး ကောင်စီ က ပြည်ထောင်စု အစိုးရကို ကြိုးကိုင်နေတယ်ဆိုတာပါ။



ဘာပဲဖြစ်ဖြစ် ဒီငြိမ်းချမ်းရေးကို အရိုးရှင်းဆုံး၊ အသန့်ရှင်းဆုံးနဲ့ ကမ်းလှမ်းလာတယ်လို့ ယုံကြည်ရလောက် အောင် ထင်သာမြင်သာရှိတဲ့ လုပ်ဆောင်ချက်တွေကို ဦးသိန်းစိန် လုပ်သင့်ပါတယ်။ နိုင်ငံရေး ဆွေးနွေးမှုကို တဖွဲ့ချင်း စီ သော်၎င်း၊ တိုင်းရင်းသား အင်အားတွေ စုဖွဲ့ထားတဲ့ ယူအဲန်အက်ဖ်စီ ဒါမှမဟုတ် အီးအဲန် စီ တို့နှင့် သော်၎င်း လုပ် သင့်ပါတယ်၊ နောက်မှဆိုတာ မသေချာပါဘူး၊ ခုကတည်းက စသင့်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန်မှာ စစ်တပ် လှုပ်ရှားမှုကို ရပ်သင့်ပါတယ်။ တချို့ တပ်စခန်းတွေကို ရုတ်သိမ်းပြ သင့်တယ်။ ဒီလိုမျိုး ခိုင်လုံပြီး မြင်သာရ လောက်တဲ့ ယုံကြည်ရလောက်တဲ့ လုပ်ဆောင်မှုမျိုး မလုပ်ယင် လက်ရှိအစိုးရရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာ နောက် စစ်ပွဲ အတွက် ပြင်ဆင်မှုတစ်ခုသာ ဖြစ်ပါလိမ့်မယ်။






လှိုင်သာယာ အလုပ်သမားသပိတ် ဆက်လက်ဖြစ်ပွားနေဆဲ
Yangon Press International - ဓာတ်ပုံသတင်း။ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂ မိုးမခ



ယနေ့ နံနက်ကတည်းက လှိုင်သာယာ၊ တိုင်ယီစက်ရုံအလုပ်သမား အမျိုးသမီးများက သူတို့၏ အခွင့်အရေးတောင်းဆိုမှုများကို ဆက်လက်ညှိနှိုင်းလျုက်ရှိသည်။ ရှေ့နေကိုဖိုးဖြူက သက်ဆိုင်ရာတို့နှင့်ြ ၀ါဏိဇ္ဇပဋိပက္ခရုံးသွားတင်နေသည်ဟု ဆိုသည်။ ၁၁ နာရီခွဲအထိ လူစုမကွဲသေးဟု သိရသည်။



ကိုဟန်ဝင်းအောင်တို့၏ နိုင်/ကျဉ်းမိသားစုများ အကျိုးဆောင်ကွန်ယက်က စားသောက်စရာများ လာလှူကြောင်း၊ နိုင်ငံရေးလှုပ်ရှားသူ ဦးဝင်းချိုက အမေရိကန်ပြည်က စေတနာရှင်များ လှူဒါန်းသည့် အလှုငွေများ (၂ သိန်း ကျပ်) လာရောက်လှူဒါန်းကြောင်း၊ အလုပ်သမားများ၊ အလုပ်သမားခေါင်းဆောင်များ စိတ်ဓာတ်မကျရေး၊ တောင်းဆိုချက်များရသည်အထိ ဆက်လက်ရပ်တည်ရေးတို့ကို အားပေးကြကြောင်း သိရှိရသည်။ လူအင်အား ၁ ထောင်ခန့် ရှိသည်ဟု ဆိုသည်။ အဆိုပါ အလုပ်သမားသပိတ် ၁၅ ရက်တိုင်ခဲ့ပြီ ဖြစ်သည်။



မောင်းချင်ဦးဟဲ့ ပါရမီတက္ကစီ
ရွှေရိုး ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂ မိုးမခ



တချို့က ပြောကြတယ်။ ပါရမီက ရွှေထွက်တယ်ဆိုပဲ။ ဘာလဲ မိန်းမဆီက ရွှေတွေထွက်သွားတာလားလို့ မေးလိုက်ချင်ပါတယ်။ ပါရမီတက္ကစီ မောင်းချင်ရင်တော့ စပေါ်ငွေ လာထား ၁၅ သိန်း၊ လစာက ၄ သိန်း။ အရင်က စပေါ်ငွေကို အရစ်ကျပေးရတယ်။ အခုတော့ မဟုတ်တော့ တပေါင်းတည်း ပေးရတယ်။ အရစ်ကျစနစ်ဆိုတာ ပထမလ ၃ သိန်း၊ ဒုတိယ နှစ်သိန်း၊ နောက်လ ၃ သိန်း၊ နောက် ၂ သိန်းနဲ့ ၆ လပြည့်အောင် မြဝတီဘဏ်မှာသွင်းရတယ်။ လစာကလည်း အရင်က ၃သိန်း။ နောက်တော့ ဈေးတက်သွားပြီး ၄ သိန်း ဖြစ်သွားရော။



ကားကိုတော့ မနက် ၅ နာရီမှာ စထုတ်ရပြီး ည ၇ နာရီမှာ သိမ်းရတယ်။ ၇ နာရီကျော်လို့က လာထား ၂၀၀၀ ပဲ၊ ၇ နာရီ ၅ မိနစ်တောင် အစွန်းမခံဘူး။ အဲ ၈ နာရီကျော်ရင် နောက်ထပ် ၁၀၀၀ ပေးရမယ်။ ၉ နာရီကျော်ရင် ၂၀၀၀၀ ကောက် ပါသေးတယ်။ စုစုပေါင်း နောက်ကျကြေး ၅၀၀၀ ပေါ့။






ပါရမီမောင်းချင်ရင် ယူနီဖောင်းဝတ်ရမယ်။ ကားမောင်းနှင့် စိတ်ပိုင်းဆိုင်ရာ သင်တန်းတက်ရမယ်။ တရုတ် အင်္ဂလိပ် စပီကင်ကိုလဲ မတက် မနေရ။ ဒါဘာနဲ့ အစည်းအဝေးကိုလည်း တက်ရတယ်။ ယာဉ်စစ်တဲ့နေ့ဆိုရင် ညနေ ၃ နာရီကထဲက ကားကိုသန့်ရှင်းရေးလုပ်ပြီး အစစ် ခံရမယ် ၆ နာရီမှ ပြန်လွှတ်တယ်။



ပါရမီကားများက အပေါ်ယံအမြင်ကတော့ရှယ်ပဲ။ အတွင်းအင်ဂျင်ပိုင်းက အကျထဲကိုရောက်နေကာ လမ်းများပိတ်ဆို့မှုကြောင့် ဝင်ငွေ ထင် သလောက် မရကြ။ တစ်ပတ်မှာ ၃ ရက်လောက်က ကားပျက်ရင် အကြွေးတင်လာပြီမှတ်။ အချိန်လဲကုန်၊ ပစ္စည်းဖိုးလဲ ထည့်ရ၊ ဝပ်ရှော့ ဆရာဆီ ကားပြင်ခလဲ အကြွေးအထားခဲ့ရပေါင်း များလှပြီ။ အကြွေးပေါ် အကြွေးထပ်၊ ဖုန်းလာရင် မကိုင်ရဲ၊ အိမ်ရှင်မများကလည်း ချွတ် ရောင်း ပေါင်နှံရနဲ့ တော်တော့ကို ဒုက္ခများရပါတယ်။ တက္ကစီမောင်းတဲ့ ပိုက်လော့တွေအားလုံးလည်း စိတ်ညစ်နေကြတယ်။ စစ်မှုထမ်း ဟောင်းများ သက်သာချောင်ချိရေးတဲ့။ အခုတော့ မသက်သာ မချောင်ချိရေးဖြစ်နေပါပြီ။



ကျွန်တော်တို့လို လက်ရှိမောင်းတဲ့ ကားသမားများနောက်မှာ အကူယာဉ်မောင်းဆိုတာလည်း ရှိသေးတယ်။ အကူယာဉ်မောင်းဆိုတာ ပါရမီ မောင်းချင်လွန်းလို့ ၁၀သိန်းပေးပြီး စောင့်နေရသူတွေပါ။ အထက်က ဗိုလ်ချုပ် (ငြိမ်း) တွေကတော့ ပါရမီယာဉ်မောင်းများကို ရွှေထွက်တယ် လို့ မြင်နေကြမှာပါပဲ၊ အဲ အခုတောင် ကြိုတင်လစာ ၄ သိန်းကို လဝက်ထဲက တောင်းနေပါပြီ။ မပေးနိုင်ရင် သော့သိမ်းထားတယ်၊ ပိုက်ဆံ ပေးမှ သော့ပြန်ပေးတယ်။ မမောင်းနိုင်တော့ပဲ ကားပြန်အပ်ရင် စပေါ်ငွေ ၁၅ သိန်းကို ၇ သိန်းသာ အရင်ပေးပြီး ကျန် ၈ သိန်းကို ၂ လ စောင့်ရမယ်။ ဒါကလည်း ဒီကားကို တစ်ခြားလူ (အကူယာဉ်မောင်း) ကို မောင်းခိုင်းပြီး ရတဲ့ငွေနဲ့ပေးမှာပါ။ အော်…ဦးပိုင်ဆိုတဲ့အတိုင်း ဦး ပိုင်ပါပဲဗျာ။



တစ်ချို့က မောင်းချင်လွန်းလို့ အာရကေ (ပွဲစားခ) ၅ သိန်းပေးရမလား၊ ၁၀သိန်းပေးရမလား၊ ဘယ်လိုလိုင်းဝင်ရမလဲ စုံစမ်းနေကြလေရဲ့။ အံ့ရော။ ပါရမီမောင်းလို့ ရွှေထွက်တယ်ဆိုတာ တကယ်မောင်းကြည့်မှ မင်္ဂလာဦးကရတဲ့ စိန်နားကပ်တောင် အတိုးမသတ်နိုင်လို့ အပေါင် ဆိုင်မှာ ဆုံးရောဗျာ…ဟဲ ဟဲ။



ပါရမီ ပိုက်လော့များ ၁၀ ဦးမှာ ၈ ဦးက အကြွေးနဲ့ ပြန်အမ်းချင်နေကြပြီ။ မောင်းချင်သူများ အမြန်ဆက်သွယ်ကြပါ။



မှတ်ချက်။ ။ ဒါတောင် စီအမ်ဂျီနဲ့ မောင်းနေရလို့။



ကိုဇာဂနာနဲ့ မေးခွန်းများ - အမေရိကားကို ဘာတွေ သယ်လာသလဲ
မိုးမခ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂ မိုးမခ



စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ် ဖမ်းဆီး ပိတ်ဆို့မှုတွေကြားက ပြည်သူတွေကို အနုပညာတင်ဆက်သူ၊ ဝေဖန်ထောက်ပြမှုတွေပြုလုပ်သူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာဂနာတယောက် နောက်ဆုံးတခေါက်အဖြစ် အကျဉ်းထောင်က လွတ်မြောက်လာပြီးနောက် ပြည်ပနိုင်ငံတွေအထိ ခြေဆန့်ပြီး ပြည်ပရောက် မြန်မာပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ မကြာသေးမီကပြုလုပ်ခဲ့တဲ့ လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပြပွဲက မှတ်တမ်းဇာတ်ကားတိုများ ပြသခြင်းတွေ ပြုလုပ်လျက်ရှိပါတယ်။
အမေရိကန်ကို ဖေဖော်ဝါရီလထဲ ရောက်နေခိုက် ၀ါရှင်တန်ဒီစီ မေရီလန်း၊ နယူးယောက်မြို့တော်များမှာသာမက ဆန်ဖရန်စစ္စကိုမြို့တော်မှာလည်း မြန်မာမိသားစုများနဲ့ ရုပ်ရှင်ပြပွဲနဲ့ တွေ့ဆုံဆွေးနွေးပွဲတော်ပြုလုပ်ရန် စီစဉ်ထားပါတယ်။ ယမန်နေ့က ကိုဇာဂနာရဲ့ ဇနီးနဲ့ သားသမီးများ ရှိရာ လော့စ်အိန်ဂျလိစ်မြို့တော်ကို ရောက်ရှိလည်ပတ်ခိုက် မိုးမခက တယ်လီဖုံးဆက်သွယ်ပြီး မေးမြန်းမိသမျှကို တင်ဆက်လိုက်ပါတယ်။



မေး - အယ်လ်အေမှာ ဘာတွေ အလုပ်များနေသလဲခင်ဗျာ။
ဖြေ - ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ဟောလိဝုဒ် ရုပ်ရှင်လောကက စိတ်ဝင်စားသူတွေနဲ့ တွေ့ဆုံတာတွေ၊ ဆွေးနွေးတာတွေ လုပ်နေပါတယ်။ သူတို့က ကျနော်တို့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး treatment ဆိုတာကို တောင်းတယ်ဗျာ။ ကျနော်ကလည်း treatment ဆိုလား ဘာလား နားမှမလည်တာကိုး။ အဲဒါ အမေရိကန်ကို ရောက်ကတည်းက မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး ၀ိုင်းပြင်ဆင်နေရသေးတယ်။ အလည်ရောက်နေတဲ့ (ဒေါ်) ဆွေဇင်ထိုက်ကလည်း ၀ိုင်းကူပေးပါတယ်။



မေး - အယ်အေမှာလည်း မြန်မာမိသားစုတွေနဲ့ မိတ်ဆုံပွဲတွေ ရုပ်ရှင်ပွဲတော်တွေ လုပ်ဖြစ်မယ် မျှော်လင့်ထားတာ အခုတော့ အလုပ်တွေပိနေတာပေါ့။
ဖြေ - ဟုတ်ပါတယ်။ အစကတည်းကလည်း ပြောထားတယ်လေ။ အယ်လ်အေမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားကိစ္စ ဒီက ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးတာတွေ၊ တင်ပြတာတွေ လုပ်မယ်ဆိုပြီးတော့ပေါ့။



မေး - ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို နိုင်ငံတကာက ရုပ်ရှင်ပညာရှင်တွေ အသိုင်းအ၀ိုင်းတွေနဲ့ တွဲပြီး လုပ်ဖို့ ပြင်ဆင်နေတာပေါ့ ဟုတ်လား။
ဖြေ - ဟုတ်ပါတယ်။ ကွန်ပျူတာပိုင်းဆိုင်ရာ၊ ဒါရိုက်တာပိုင်းဆိုင်ရာ၊ ဇာတ်ညွှန်းပိုင်းဆိုင်ရာ ထောင့်ပေါင်းစုံက သဘောထားတွေ၊ အကြံတွေ ရယူတယ်၊ ဆွေးနွေးနေတယ်ပေါ့နော်။ ပရိုဒတ်ရှင်းလိုမျိုးတွေမှာ အတွေ့အကြုံရှိတဲ့သူတွေနဲ့လည်း ချိန်းပြီး တွေ့တယ်။



မေး - အယ်လ်အေတင်ပဲလား၊ တခြား ရုပ်ရှင်တို့ မှတ်တမ်းပညာရှင်တွေနဲ့ကော တွေ့ဆုံဦးမှာလား။
ဖြေ - ဆန်ဖရန်မှာလည်း ဘာကလေမှာနေတဲ့ Stephen Goldblatt ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ cinematography အကြောင်း တိုင်ပင်ဖြစ်မယ် ထင်တယ်။ ပြီးတော့ အခြားတွေ့စရာလူတွေလည်း ရှိတယ်ဗျာ။ မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေတွေနဲ့လည်း တွေ့ကြမယ်၊ ဆုံကြမယ်လေ။



မေး - အခုလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးအတွက် တိုင်ပင်တာတွေ ဆွေးနွေးတာတွေက ကိုဇာဂနာသဘောတခုတည်းလား။
ဖြေ - မဟုတ်ပါဘူး။ ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့နဲ့ အားလုံး ပြန်လည်ဆွေးနွေးရဦးမယ်။ ဒီမှာ ပြောဆို ဆွေးနွေးမိကြတာတွေကိုပေါ့။ ပြီးရင် ကျနော် အင်္ဂလန်ကို သွားဖို့ ရှိတယ်။ အဲသည်က ဒါရိုက်တာတွေ ရုပ်ရှင်နယ်က သူတွေနဲ့ တွေ့ဆုံတာတွေ ဘာတွေ လုပ်ကြမယ်။ အချက်အလက်တွေ စုဆောင်းကြမယ်။ သဘောကတော့ ဒီရုပ်ရှင်ကို မြန်မာတွေတင်မဟုတ်ဘူးပေါ့၊ နိုင်ငံတကာက ပညာသည်တွေနဲ့ လက်တွဲပြီး အားလုံးဝိုင်းပြီး ဆောင်ရွက်တာ ရိုက်ကူးတာ လုပ်ချင်ပါတယ်။ အင်္ဂလန်ကို တန်းသွားဖို့ ရှိပေမယ့် မသွားဖြစ်သေးပါဘူး။ တခေါက် မြန်မာပြည်ပြန်ဦးမယ်။ အဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်မယ်။



မေး - ကိုဇာဂနာက အခုဆိုရင် လွတ်လပ်တဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်ပြင်ဆင်နေတာ အရမ်းကို ဈန်ဝင်နေတာပဲ။ ဒီတခါ ပြန်လည်လွတ်မြောက်လာတဲ့ဆီမှာ ဖန်တီး တင်ဆက် ပြသချင်တဲ့ အနုပညာတွေ အင်အားတွေ အပြည့်နဲ့ ဖြစ်နေပါလား။ သီးလေးသီးကို လွန်ခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံနောက်ပိုင်း ပြည်တွင်းကနေ ပြည်ပအထိ ခြေဆန့်ပြီး အနုပညာလှုပ်ရှားမှုတွေ လုပ်ခဲ့သလိုမျိုး ကိုဇာဂနာအနေနဲ့ အနုပညာလှုပ်ရှားမှုတွေ ပြင်ဆင်ထားသလား။
ဖြေ - ဟုတ်တယ်။ ဒီတခါ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် အများကြီး ပြင်ဆင်နေတာတွေ ရှိတယ်။ မတ်လ ၂၈ မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ရန်ပုံငွေကပွဲ ရန်ကုန်မှာ တင်ဆက်မယ်။ ၂ ရက် ဖြစ်မယ် ထင်တယ်။ သီးလေးသီး ဆေးရောင်စုံအငြိမ့်ပွဲတော်ရယ်။ ကျနော့်မိတ်ဆွေ ရုပ်ရှင်အနုပညာရှင်တွေနဲ့ ပဒေသာကပွဲလိုမျိုး ပွဲတော်ရယ် လုပ်ဖို့ စဉ်းစားထားတယ်။ ပြီးတော့ သီးလေးသီးနဲ့ အနုပညာခရီး ပြန်ထွက်လာမယ်။ မေလပိုင်းမှာ စင်္ကာပူ၊ မလေးရှား ပြီးတော့ အမေရိကား ပြန်လာမယ်။



မေး - သြ … သီးလေးသီး ပြန်လာပြီပေါ့။ ရွှေဝါရောင်နောက်ပိုင်းမှာ ကိုဇာဂနာမပါဘဲ သူတို့ကို အနုပညာလှုပ်ရှားမှုခရီး ခြေဆန့်ခိုင်းလိုက်တာမှာ ကျေနပ်အားရမှု ရှိသလား။ အခု တကျော့ပြန်လှုပ်ရှားမှုလား။
ဖြေ - ကျနော်မျှော်လင့်သလိုမျိုး အပြည့်အ၀ သူတို့မလုပ်နိုင်ခဲ့တာလည်း ပါတယ်။ ကျနော်တို့ အတူပြန်ကခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ ကခဲ့တဲ့ အငြိမ့်ပွဲတော်ကို ခင်ဗျား ကြည့်ဖြစ်သလား။ အဲဒီမှာ ကျနော်တို့ ကချင်၊ ပြချင်တာကို တွေ့ရမယ်။



မေး - ပြောပါဦးဗျာ။ ကိုဇာဂနာလုပ်ချင်တာတွေ ပြချင်တာတွေ ဘာတွေလဲ။
ဖြေ - ဥပမာ ပြက်လုံးတွေမှာ ဆန်းသစ်တဲ့ ပုံသဏ္ဍန်ဖြစ်ချင်တယ်။ အသားလွတ် ပြောနေတာမျိုးတွေ မလုပ်ချင်ဘူးဗျာ။ အာဝဇ္ဇန်းကောင်းတာနဲ့ ဒါကိုပဲ ထပ်တလဲလဲ နေရာတိုင်းမှာ ပြက်နေတာမျိုးလည်း မလိုချင်ဘူး။ ပြဇာတ်လို ပလော့နဲ့၊ အကွက်နဲ့ ပြက်တာမျိုး ဖြစ်ချင်တယ်။ နောက်ပြီးတော့ တနေရာမှာ ပြက်ပြီး ကပြီးရင် ဒီင်္ခေတ်ကြီးက အွန်လိုင်းခေတ်ဆိုတော့ မီဒီယာခေတ်ဆိုတော့ နေရာတိုင်းကို ပြန့်သွားပြီ။ ဒါပဲ ထပ်ကာ တလဲလဲ ကပြလို့ မရဘူး။ နေရာ ဒေသအလိုက် ဆန်းသစ်တာမျိုး ပြချင်တယ်။ နောက်ပြီး အငြိမ့်ကိုလည်း အသစ်ပုံစံဖြစ်ချင်တယ်။ တခါလာလည်း ရှေးတုန်းကလိုမျိုး ဒီပုံချည်းပဲ ဆိုတာ မဖြစ်ချင်ဘူး။



မေး - ပုံသဏ္ဍန်ကို ပြင်ချင်တယ် ဆိုတာ ဘာလဲ။ ပြောပါဦး။
ဖြေ - အငြိမ့်မှာ ကတဲ့အခါမှာ နရီ၊ ၀ါးလတ်၊ စုံ ဆိုတာ ရှိတယ်ဗျာ။ နောက်ပြီးတော့ အငြိမ့်က စလိုက်တာနဲ့ အထခွင်ဆိုတာ ရှိတယ်။ ဒီနည်းအတိုင်း သွားတာချည်းပဲ။ ခေတ်က ပြောင်းနေတော့ အဲသလို အရင်တုန်းကလိုမျိုးထက် ဆန်းသစ်ချင်တယ်။ ရွှင်လန်းတဲ့ ၀ါးလတ်နဲ့ ဖျော်ဖြေရေးကို လုပ်ပြချင်တယ်။ အဲဒါမျိုးတွေကို ကျနော်တို့ လွတ်လပ်ရေးနေ့ အငြိမ့်ပွဲမှာ မိတ်ဆက်ပြီး ကခဲ့တယ်လေ။



မေး - ခင်ဗျားက အနုပညာ ပုံပြောင်းချင်တယ်။ ပုံပြင်ချင်တယ်ပြောတယ်။ လက်ရှိ မြန်မာပြည်နဲ့ မြန်မာမိသားစုတွေဆီမှာအတွက် ခေတ်ကို ပြင်ချင်တာ ခေတ်ကို ပြောင်းချင်တာဆိုတဲ့ စေတနာကော ခင်ဗျားနဲ့ အတူ ပါမလားဘူးလား။
ဖြေ - အဲလိုပြောချင်လည်း ပြောပေါ့ဗျာ။ ကျနော်က အနုပညာသည်တဦးအနေနဲ့ form တွေ ပြင်ချင် ပြောင်းချင်တယ်။ သစ်ချင် ဆန်းချင်တယ်။ ဒါတွေနဲ့အတူ ခေတ်ကိုပါ ပြင်ချင်တာ၊ ပြောင်းချင်တာတွေလည်း ပါနေမှာပေါ့လေ။ ဥပမာ ပြက်လုံးတွေမှာ ခေတ်ကို ပြင်စေချင်လို့ ပြက်တာတွေ ရှိတယ်။ အဲသည်မှာ ပြင်လာအောင်၊ ပြင်နိုင်အောက် ကျနော်တို့က ဝေဖန်ထောက်ပြနိုင်ရမယ်လို့ ထင်ပါတယ်။



မေး - အေးဗျာ။ အမေရိကားမှာ comedy central ဆိုတာရှိတယ်ဗျာ။ ကိုဇာဂနာနဲ့ Jon Stuwart တို့ Colbert Report တို့ အတူကြည့်ချင်မိပါရဲ့။ အဲသည် နှစ်ဦးက အမေရိကန်က ထိပ်ဆုံးကနေ အောက်ခြေအထိ ခေတ်ကိုကော လူတွေကိုပါ သရော်တာဗျာ။ ခင်ဗျားရဲ့ သဘောကို မေးကြည့်ချင်မိပါရဲ့။
ဖြေ - ကျနော်က ၁၈ ရက်နေ့ ဆန်ဖရန်ရောက်မယ်ဗျာ။ ၁၉ မှာ ရုပ်ရှင်ပွဲတော်နဲ့ ဟောပြောပွဲရှိတယ်။ ၂၀၊ ၂၁ နဲ့ ၂၂ မှာ ချိန်းထားတာတွေ တွေ့စရာရှိတာတွေရှိတယ်။ မိတ်ဆွေတွေ တွေဆုံချင်တဲ့ ဧည့်သည်တွေနဲ့ တွေ့ဖြစ်မှာပါ။ ကန်ကြီးတွေ၊ တောင်ကြီးတွေ ဘာတွေ ညာတွေ လိုက်ပို့ချင်တယ်လို့ ပြောကြတယ်ဗျ။ ကျနော်က environmental သမားလည်း မဟုတ်ဘူးဗျာ။ ကျနော်ကတော့ လူတွေနဲ့ တွေ့ဆုံချင်ပါတယ်။



မေး - သီးလေးသီးကို ခင်ဗျား ပြည်ပအနုပညာခရီးကို လွှတ်လိုက်တဲ့အချိန်မှာ ခင်ဗျားက မြန်မာပြည်မှာ ကျန်ရစ်ခဲ့တယ်။ ပြီးတော့ ခင်ဗျားအကျဉ်းထောင်ထဲ ရောက်သွားတယ်။ သူတို့တတွေရဲ့ အနုပညာခရီးစဉ်ဟာ ခင်ဗျားနဲ့အတူ မျက်စိအောက်မှာ လွတ်လပ်ပွင့်လင်းစွာ လုပ်ခွင့်သာရမယ်ဆိုရင် ပိုပြီး ထိရောက်မယ်၊ လူထုကြားထဲ ရောက်မယ် ထင်သလား။
ဖြေ - ခေတ်ကို ပြင်ချင်တယ်ဆိုရင် ခေတ်ကို မြင်ဖို့ လိုတယ်။ အဲသည်မှာ လေ့လာတဲ့ အားနည်းရင်တော့ ကိုယ်မျှော်မှန်းသလောက် ဖြစ်မလာတော့ဘူးပေါ့။ အဲသည်မှာ ကျနော်ထောက်ပြချင်တာကတော့ လေ့လာတဲ့အားကောင်းရင် ပြောစရာတွေချည်းပဲဗျာ။ အခုဆိုကြည့် နေပြည်တော်မှာ လွှတ်တော်ကြီး ရှိနေသ၍ ကျနော်တို့မှာ ပြောစရာ မရှားဘူး။ ပြက်စရာမရှားဘူး လို့ ပြောချင်လည်း ပြော။



မေး - အေးဗျာ။ ကျနော်လည်း သီးလေးသီး ပြည်တော်ပြန်တဲ့ဆီပဲ အာရုံက ပြန်ပြန်ရောက်သွားတယ်။ ၂၀၁၁မှာ ခင်ဗျားပြန်လွတ်လာတော့ ခင်ဗျားရဲ့ သီးလေးသီးဝိုင်းတော်သားတွေဟာ ဘယ်နေရာ ဘယ်ဘ၀ရောက်ရောက် ခင်ဗျားဆီ ချက်ခြင်း အရောက်ပြန်လာကြတယ်။ မတူညီတာ ကွဲပြားတာတွေကို ခွာချပြီးတော့ ခင်ဗျားတို့ အနုပညာအင်အားစုတွေဟာ စုစည်း လက်တွဲလိုက်ကြတယ်။ တမိုးတည်း တလှေတည်း ပြန်တွဲပြီး ပြည်သူလူထုကို ပြန်လည် ဖျော်ဖြေတယ်။ ဒါဟာ ကျနော့်အတွက်ကတော့ ခင်ဗျားတို့ ကိုဇာဂနာနဲ့ သီးလေးသီးဆေးရောင်စုံကို အဲသလို တွေ့လိုက်ရတာ၊ ပြန်လည် စည်းလုံးညီညွတ် သင့်မြတ်သွားတာကိုယ်တိုင်က အလွန်လှပတဲ့ မြန်မာပြည်မြင်ကွင်းလေးလို မြင်မိတယ်။ ဘယ်လိုမျိုး ခင်ဗျားတို့ တည်ဆောက်သလဲ။ နားလည်သလဲ။ လှုပ်ရှားနေကြသလဲ။
ဖြေ - ကျနော်က အကျဉ်းထောင်ထဲမှာ ကျနေတုန်းကလည်း သူတို့အတွက် တစိတ်တည်းပဲရှိတယ်။ ဘယ်လို ကပြမလဲ။ ဘာတွေ ပေးမလဲ။ ကျနော်တို့က အသင်းအဖွဲ့စိတ်ဓာတ်နဲ့ လက်တွဲကြတယ်။ အသည်းနှလုံးနဲ့ ထူထောင်လာတာလို့ ပြောချင်တယ်။ သူတို့မှမဟုတ်ပါဘူး အခြား အနုပညာသည်တွေ ရောင်းရင်းတွေအားလုံးနဲ့ ကျနော်တို့တွေဟာ မိသားစုတွေလို ယိုင်းပင်းကြတယ် ဒါကို သိစေချင်တယ်။ ကျနော်ကနေပြီး ဦးဆောင်နေတယ်၊ ဆရာကြီးလုပ်နေတယ်လို့ မဟုတ်ဘူးဗျာ။ တသွေးတသားတည်းပဲ။ ထောင်ထဲမှာ ကျနော်ရောက်နေတုန်းကလည်း သူတို့တွေ ကျနော့်စကားကို နားထောင်ကြတာပဲ။ ကျနော်ကလည်း သီးလေးသီးကို လုပ်မစားဘူး။ အနုပညာဆိုတာကို ငှက်သိုက်လိုမျူိုး ကျနော်က အန်ကြွေးတာမျိုးပါ။ ဒါလိုမျိုးပဲ ကျနော် ခံစားမိပါတယ်။



မေး - အဲသည်လိုမျိုးပေါ့လေ။ ကိုဇာဂနာရဲ့ အနုပညာမိတ်ဆွေတွေက ရုပ်ရှင်ပွဲတော်မှာ ၀ိုင်းကူကြတယ်။ ကိုဇာဂနာခေါ်ဆောင်လာလို့ ဒေါ်အောင်ဆန်းစုကြည်ဆီကိုအရောက် သူတို့တွေ ရောက်ရှိလာကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရုံးခန်းဖွင့်ပွဲတွေ စည်ကားသိုက်မြိုက်စွာ လုပ်ဖြစ်လာတယ်။ အဲသလိုမျိုး ပြောလို့ ရမလား။ အခုကော အမေရိကားကို ဘာတွေ သယ်ဆောင်လာသလဲ။
ဖြေ - ကျနော်ကိုယ်တိုင် အားလုံးသော မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ရဲဘော် ရဲဘက်တွေနဲ့ တွေ့တယ်၊ ဆုံတယ်၊ ထိတွေ့ပါတယ်။ အဲသည်က နားလည်မှုတွေ စာနာမှုတွေနဲ့ အလုပ်တွေ လုပ်ဖြစ်တာပါ။ ရုပ်ရှင်ရုံးခန်းဖွင့်ကြတော့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုယ်တိုင် ၀ိုင်းလုပ်ပေးကြတာပါ။ တယောက်တလက် ၀ိုင်းကြ ၀န်းကြလို့ ဖြစ်ပေါ်လာတာပါ။ အခု ကျနော်ရုပ်ရှင်ပွဲတော်မှာ အဲသည်ရဲ့ မိတ်ဆိတ်ခ်ျတွေ သယ်ဆောင်ပြီး ဟောဒီက မြန်မာမိသားစုတွေဆီကို တင်ပြဖို့ လာတာပါ။ ကျနော် လွတ်လပ်ခြင်းရုပ်ရှင်ပွဲတော်က ပြိုင်ပွဲဝင်တွေရဲ့ကားတွေ၊ ဆုရသူတွေ ရိုက်တဲ့ ကားလေးတွေ ကျနော် အမေရိကားမှာ ပြန်ပြတယ်။ အဲသည်တော့ ကျနော့်ကို ကာတွန်းမောင်မောင်အောင်က ပြောတဲ့စကားလေး အရမ်းထိတယ်။
ခင်ဗျားက မြန်မာပြည်က မျက်ရည်တွေကို သယ်လာတာကိုး” တဲ့။
ဟုတ်တယ်။ ကျနော် အစက မစဉ်းစားမိဘူး။ ကျနော်က ရုပ်ရှင်ပွဲတော်ကနေ ပရိသတ်ကို ပြောချင်တဲ့ စကားတွေသယ်လာတယ်။ ဆုရတဲ့ ကားလေးကားမှာ အဲသည်မက်ဆိတ်ခ်ျ ပါလာတယ်။ ပြီးတော့ ဆုရတဲ့ကလေးတွေ ပြန်ရိုက်ပြတဲ့ မြန်မာပြည်ရဲ့ ဇာတ်ကားတိုတွေ မှာ မြန်မာပြည်က မက်ဆိတ်ခ်ျတွေ ပါလာတယ်။ ပြီးတော့ ကျနော့်မိတ်ဆွေတွေ ၈၈ မျိုးဆက်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ မနီလာသိန်းတို့ရဲ့ ပြည်ပကမြန်မာတွေအတွက် မက်ဆိတ်ခ်ျတွေ ပါလာတယ်။ ဟုတ်တယ်။ အဲသည်က ပြောချင်တဲ့ မက်ဆိတ်ခ်ျတွေထဲမှာ အမြဲတမ်းတွဲပြီး ပါလာတာက မြန်မာပြည်က မျက်ရည်တွေ ပါလာတယ်။ ဟုတ်တယ်ဗျာ။ သူပြောပြလိုက်တော့ ပိုပြီး ထင်ရှားသွားတယ်။



မေး - ခင်ဗျားက မြန်မာပြည်က မျက်ရည်တွေနဲ့အတူ ဘာတွေ သယ်လာသလဲ။ ထပ်ပြောပါဦး။
ဖြေ - အဲသည်ထဲမှာ ကျနော်ပြတဲ့ ဇာတ်ကားတခုပါတယ်။ နံမယ်က Reunion တဲ့။ ကျနော်တို့ရဲ့ မက်ဆိတ်ခ်ျကို ရုပ်ရှင်နဲ့ ရိုက်ပြလိုက်တယ်။



မေး - ဟုတ်ကဲ့ပါ ကိုဇာဂနာရေ။ ကျေးဇူးအများကြီးတင်ပါတယ်။ ကွဲကွာနေတဲ့ မိသားစုနဲ့ ပြန်လည် ဆုံတွေ့မှုကနေ ထာဝရ ပေါင်းစည်းမှုတွေဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ အားလုံးအတွက်လည်း ဆုတောင်းပါတယ်။



Than Soe Hlaing - တကယ့် အပြောင်းအလဲလား
သန်းစိုးလှိုင်
ဖေဖေါ်ဝါရီ ၁၉၊ ၂၀၁၂ မိုးမခ



ယခုလပိုင်းများမှာ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်တွေအမျိုးအစားမျိုးစုံလာရောက်နေကြသည်။ အလည်လာသူတွေရော၊ အလုပ်ကိစ္စ၊ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်အဖွဲ့တွေက မြန်မာအစိုးရအဖွဲ့ထဲက တာဝန်ရှိသူတွေနှင့်တွေ့ဖို့ကအစ၊ အကူအညီပေးဖို့လာရောက် လေ့လာသူတွေ အလယ်၊ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲဆိုတာကို သတင်းရေးဖို့ နိုင်ငံခြား သတင်းစာဆရာတွေ အဆုံး လာရောက်နေသည့် ပမာဏက ယခုဆယ်စုနှစ်ပိုင်းမှာ မကြုံဘူးလောက်အောင် ဖြစ်နေသည်။



တလောက ဗြိတိန်နိုင်ငံထုတ် Financial Times သတင်းစာက မြန်မာနိုင်ငံလက်ရှိ အဖြစ်အပျက်ကို Burma burn-out ဆိုသည့် စကားလုံးဖြင့် ရည်ညွှန်းရေးသားလိုက်သည်။ အန်ဂျီအိုများ၊ အစိုးရအဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပြောင်းလဲသည့် အခြေအနေကိုလိုက်၍ လုပ်ဆောင်ရန် လူအင်အား၊ အဖွဲ့အစည်းအင်အား မလုံလောက်သည့် အခြေအနေကို ဖေါ်ညွှန်းပြောဆိုထားခြင်း ဖြစ်သည်။



ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်၊ ပါ့ခ်ရွိုင်ရယ် ဟိုတယ်တို့တွင် နိုင်ငံခြားသားများ၊ မြန်မာဋ္ဌာနေ အန်ဂျီအိုများ၊ ဖွံ့ဖြိုးရေးအစီအစဉ် ဆောင်ရွက်သူများဖြင့် စည်ကားနေသည်။ စာရွက်စာတမ်းတွေ ဖိုင်တွေကိုင်လျှက် ၀င်လိုက်ထွက်လိုက်ဖြင့် လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို တစွန်းတစ ထင်ဟပ်ပြသလိုရှိသည်။



နိုင်ငံတကာမှ သတင်းထောက်တွေလည်း တဦးပြီး တဦးဝင်လာနေသည်။ သက်ဆိုင်ရာ နိုင်ငံအလိုက် အစိုးရကိုယ်စားလှယ်များနဲ့ အတူ သတင်စာဆရာ ဗီဇာရရှိသဖြင့် ခါတိုင်းနဲ့မတူ ဗီဒီယိုကင်မရာအကြီးကြီးဖြင့် ရုပ်သံသတင်းရိုက်သူတွေရှိသလို သတင်းစာအတွက်နေပြည်တော်မှ အရာရှိကြီးများနှင့် တွေ့ဆုံမေးမြန်းခွင့်ရ၍ နေပြည်တော်ထိ တက်သွားသူတွေလည်း ရှိသည်။






ယခင်က တိုးရစ်ဗီဇာကိုပင် ရဖို့ မသေချာသည့်အနေအထားမှ ယခုအခါ သတင်းထောက် ဗီဇာရနိုင်လာသည်အခြေအနေမျိုးကို အနောက်နိုင်ငံမှ သတင်းစာဆရာများက ဒီအချက်များကို ကြည့်ကာ မြန်မာနိုင်ငံပြောင်းလဲနေပြီဟု ပြောကြ ရေးကြသည်မှာ သူ့အတွေ့အကြုံနှင့် သူတော့မှန်ကန်နေပါလိမ့်မည်။



နိုင်ငံရေး အင်အားစုတွေ
စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာတဲ့ အစိုးရလက်ထက် တလျှောက်လုံး အစိုးရက အတိုက်အခံ မလိုလားအပ်တဲ့ အင်အားစုဟု သတ်မှတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်အချို့၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ၊ ၂၀၀၇ စက်တင်ဘာ ကျောင်းသား ခေါင်းဆောင်များကို မကြာမီက လွှတ်ပေးလိုက်တဲ့အချက်ဟာ မြန်မာနိုင်ငံရေးမှာ အလှည့်အပြောင်းတခုဟု ဆိုနိုင်ပါလိမ့်မည်။



ယင်းအင်အားစုတွေ လွတ်မြောက်လာပြီးနောက်မှာ ယခင်က လုပ်ခွင့်မရှိခဲ့ဘူးတဲ့ ပြည်တွင်းမီဒီယာ အင်တာဗျူးတွေ၊ သတင်းစာရှင်းလင်းပွဲတွေ၊ တွေ့ဆုံပွဲ၊ ဖွင့်လှစ်ပွဲ နိုင်ငံခြား အစိုးရ အဖွဲဝင်များနဲ့ တွေ့ဆုံခြင်းတွေ မြင်တွေ့လာရသည်မှာ ယခင်နှင့်တော့ မတူဟုနားလည် နိုင်ပါသည်။



ယခင်က အသံမကြားချင်သည့် ကျောင်းသားသမဂ္ဂဆိုသည်ကို အသိအမှတ်မပြုသေးသည့်တိုင် ပေါ်ပေါ်ထင်ထင် ဖွဲ့ဖို့ကြိုးစားနေကြပြီ။ အလုပ်သမား အဖွဲ့အစည်းများ ဥပဒေအရ ခွင့်ပြုပြီးဖြစ်သော်လည်း နည်းဥပဒေများ မထွက်ရှိလာသေးသဖြင့် တရားဝင် မဖွဲ့ရသေး။ မကြာမီ အလုပ်သမား အဖွဲ့အစည်းများ၊ လယ်သမား အဖွဲ့အစည်းများ တရားဝင် ပေါ်ထွက်လာဖို့ အခြေအနေများတွေ့မြင်နေရသည်။



ကန့်သတ်ချက်များစွာဖြင့် လှုပ်ရှား လုပ်ကိုင်ခွင့်အခက်အခဲရှိနေဦးမည် မှန်သော်လည်း ယခင်ကလို ပုန်းရှိုးကွယ်ရှိုး လုပ်ဆောင်ရသည်နှင့်စာလျင် အများကြီးလုပ်ခွင့်သာလာပြီ ဟုဆိုရမည်ဖြစ်သည်။



ယခင်က လုပ်ခွင့်မရခဲ့သည့် နှစ်လည်နေ့များ၊ အထိမ်းအမှတ်နေ့များကိုလည်း ယခုအခါ ပေါ်ပေါ်ထင်ထင် လုပ်နိုင်လာသည့် အခြေအနေမျိုးဖြစ်သည်။ စိတ်ဝင်စားသည့် လူထုပရိသတ်လည်း တက်ရောက်ရဲသည့် အခြေအနေမျိုးဖြစ်လာသည်။



ဒါတွေက နိုင်ငံရေး သမားတွေ၊ အစိုးရခေါင်းဆောင်တွေ ရည်ညွှန်းသည့် အပြောင်းအလဲ၏ လက္ခဏာများ ဖြစ်လိမ့်မည်။



မပြောင်းလဲသေးသည့် အရာများ



ခေတ်ပြောင်းလာပြီဟု ဆိုရာတွင် အပေါ်ပိုင်းက အရင်ပြောင်းသည် အောက်ခြေကို နောက်တဖြေးဖြေး ရောက်လိမ့်မည်ဟု ယေဘုယျအားဖြင့်နားလည်ကြသည်။ သို့သော် လုံးဝ မပြောင်းလဲသေးသည့် ကဏ္ဍများလည်း အများအပြားရှိနေရာတွင် အောက်ခြေရှိ လူထုနှင့် ပတ်သက်သည့် ကိစ္စရပ်များသာမကပါ။ အချို့မှ အပေါ်မှ အောက်ခြေတိုင် မပြောင်းလဲသလောက်ရှိသည်ကိုတွေ့နေရသည်။



ယင်းကဏ္ဍတွေက ဘာတွေလဲဟု ဆိုလျှင် တရားစီရင်ရေး ၊ သာသနာရေး၊ ဆက်သွယ်ရေး စသည့်ကဏ္ဍများဖြစ်သည်။



တရားစီရင်ရေး အပိုင်းမှာ ပွင့်လင်းမှု အရိပ်အယောင် ယခုချိန်ထိ မမြင်တွေ့ရသေးပေ။ လာဘ်စားမှုများ၊ ငွေများ တရားနိုင်ခြင်းများ ဖြစ်နေဆဲ ဖြစ်သည်။ အမှုအခင်းဖြစ်ပြီဆိုလျှင် ငွေထုပ်နှင့် တရားသူကြီး၊ အစိုးရ ဥပဒေအကျိုးဆောင်၊ တရားရုံး အသီးသီးကို လိုက်ဖြည့်နိုင်လျှင် အမှုနိုင်ဖို့ ရာခိုင်နှုန်းများနေပြီဖြစ်သည်။ ပွင့်လင်းလာသည့် မြန်မာနိုင်ငံ၏ လတ်တလော အကျိုးဆက်များ ဤနယ်ပယ်မှာ လုံးဝမမြင်တွေ့ရသေးပေ။



သာသနာရေး နှင့်ပတ်သက်လျင်လည်း သံဃမဟာနာယက အဖွဲ့က သံဃာထုရဲ့ အမြင်များကို ထည့်သွင်းစဉ်းစားခြင်း မျိုး မတွေ့ရသေးပေ။ သံဃားများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ စီရင်ချက်များမှာ နကိုအခြေအနေအတိုင်းသာ ရှိနေသေးသည်ကိုတွေ့နေရသည်။



ထို့အတူ မြန်မာ့ဆက်သွယ်ရေး နှင့် ပတ်သက်လျှင်လည်း ဖုန်းဝန်ဆောင်ခများ ကြီးမြင့်ခြင်း၊ မိုဘိုင်းဖုန်း ၀န်ဆောင်မှုတွင် ပြိုင်ဆိုင်မှု ဈေးကွက်ဖွင့်ပေးခြင်း မရှိသေးပေ။ မကြာခင်က ဖြစ်ပွားခဲ့သည့် ၅ထောင်တန် ဖုန်းကဒ် ကိစ္စတွင် မြန်မာဆက်သွယ်ရေး လုပ်ငန်းက သုံးသိန်းဖုန်းအစီအစဉ် ရောင်းဖို့ စီစဉ်ပြီးသားဖြစ်နေရာ ဈေးမလျှော့ချင်သဖြင့် ၅ ထောင်တန်ဖုန်း မဖြစ်နိုင်ဟု မျက်စေ့မှိတ်ငြင်းနေခဲ့သည်။ ပထမပိုင်းတော့ နည်းပညာအရ မဖြစ်နိုင်ဟု ပြောရာမှ နောက်ဆုံး ဆက်သွယ်ရေး ဥပဒေအရ မဖြစ်နိုင်ဟု ပိတ်ကာပြောတော့သည်။ ဆက်သွယ်ရေး ဥပဒေဆိုသည်မှာ ပြုပြင်၍ မရသည့်အရာ မဟုတ်ပေ။
ဤ သာဓကတို့မှာ အပြောင်းအလဲသို့ မလိုလားသူများ၏ မိမိတို့ နေရာ၊ ရာထူး၊ အကျိုးစီးပွားကာကွယ်မှုများ ဖြစ်သည်။
သာမန်လူထုတွက် အပြောင်းအလဲ



ကိုယ့်အခွင့်အရေးကို တိုးချဲ့ယူနိုင်သူများက အခွင့်အရေး ရလာကြသည်မှာ မှန်ပါသည်၊
ကိုယ့်အခွင့်အရေးအတွက် တိုးချဲ့မယူတတ်သည့် သာမန်ပြည်သူတွေရဲ့ အခွင့်အရေးတွေရော တိုးတက်လာပါသလား။ သာမန်လူထုမှာ ယခုချိန်ထိ ကိုယ့်အလုပ်အကိုင်နှင့် ပတ်သက်သည့် အခွင့်အရေးများ တိုးတက်မလာသေးပေ၊ အလုပ်သမားများ လုပ်ခအတွက် ဆန္ဒပြတောင်းဆိုရာတွင် သတ်သတ်မှတ်မှတ် အဖွဲ့အစည်း မဖွဲ့စည်းနိုင်သေးပေ၊
သမဂ္ဂဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းပြီးသော်လည်း လက်တွေ့ ကျင့်သုံးဖို့ နည်းဥပဒေ မထွက်သေးပေ၊ လယ်သမားများလည်း လယ်မြေတွေ အသိမ်းခံနေရဆဲဖြစ်သည်။ စီးပွားရေး အခွင့်အလမ်း များပြားလာသည်နှင့် အတူ မြေယာသိမ်းခံရမည့် အန္တရာယ် ပိုမိုများလာသည်။



အလုပ်အကိုင် ရှားပါးခြင်း နှင့် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် ကလေးစစ်သားစုဆောင်းမှု အန္တရာယ်လည်း ရှိနေဆဲဖြစ်သည်။



ယခုဖေါ်ပြသည့် အချက်အလက်များက အောက်ခြေလူထုအဖို့ အပြောင်းအလဲရဲ့ အကျိုးဆက်ကို မခံစားရသေးသည်ကို ညွှန်းဆိုလျှက်ရှိသည်။



ခြုံပြောရလျှင် အပြောင်းအလဲဆိုသည်ကို ကြိုဆိုရမည်ဖြစ်သည်။ ယခုလို အခွင့်အလမ်းမျိုး ၊ ပွင့်လင်းမှု လမ်းစမျိုး လွန်ခဲ့သည့် ဆယ်စုနှစ် ၄၊ ၅ ခုအတွင်း မပေါ်ထွက်ခဲ့သည်ကို ၀န်ခံရမည်ဖြစ်သည်။ ယင်းပွင့်လင်းမှု လမ်းစကို မပျောက်သွားအောင် ဆုပ်ကိုင် ချဲ့ယူရမည်ဖြစ်သလို သာမန်လူထု ခံစားနိုင်ဖို့ လုပ်ဆောင်ရမည်မှာ နိုင်ငံရေး သမားတို့၏ တာဝန်ဟု ထင်ပါသည်။



 မိုးမခ

No comments:

Post a Comment