သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Wednesday, February 15, 2012

Feb 15

ဖေဖော်ဝါရီ ၁၅ သတင်းများ
မိုးမခက စုစည်းသည်







တေးရေးညီသစ် ဘန်ကောက်မြို့တွင် ကွယ်လွန်
Published on February 15, 2012 by ပီတာအောင် ·DVB



စင်ကာပူ စီးပွားရေးကုမ္ပဏီများ မြန်မာပြည်တွင် အခွင့်အလမ်းရှာ
Published on February 15, 2012 by နေသွင် · ·DVB



ပဒိုမန်းငြိမ်းမောင်အမှုတွင် တာဝန်ရှိသူများ၏ ပြောကြားချက်သည် တရားရုံးကို မထီမဲ့မြင် ပြုလုပ်ဟုဆို
Published on February 15, 2012 by အေးနိုင် ·DVB
သတင်းစာဆရာများအသင်း မြန်မာနိုင်ငံတွင် ဖွဲ့စည်းမည်
Published on February 15, 2012 by မင်းလွင် ·DVB
လယ်သမားက ဇေကမ္ဘာဦးခင်ရွှေကို တရားစွဲတော့မည်
Published on February 15, 2012 by အေးနိုင် · ·DVB
မြန်မာပြည်မှာ အထင်ကြီးစရာ အခြေအနေ တွေ့ခဲ့ရဟု ဂျိုးဇက်စတစ်ဂလစ် ပြော
Published on February 15, 2012 by နေသွင် ·DVB



စက်မှုဝန်ကြီးဌာနပိုင်ကား မိုင်းနင်းမိ၊ ၁ ဦးသေ ၃ ဦး ဒဏ်ရာရရှိ
Published on February 15, 2012 by ကိုထွေး · ·DVB



တာချီလိတ်တွင် စိတ်ကြွဆေးပြား ၈ သန်းကျော်နှင့် လက်နက်များ ဖမ်းမိ
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၅ မဇ္ဈိမ



အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းဖို့ ပြင်ဆင်ပြီးဖြစ်ဟု ဒေါ်စုပြော
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၅ မဇ္ဈိမ






ဗုဒ္ဓဟူး, 15 ဖေဖော်ဝါရီ 2012
ဒေါ်စု မရမ်းကုန်းနဲ့လှည်းကူး မဲဆွယ် စည်းရုံးရေးဆင်း
By မနန္ဒာချမ်း VOA






တပ်နှင့်ပြည်သူ ပိုနီးစပ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
By featured, ဧရာဝတီ on February 15 ဧရာဝတီ



စစ်တပ်လွှမ်းမိုးမှု လျှော့ချရေး လွှတ်တော်တွင်း ဆွေးနွေး
By featured, ခင်ဦးသာ on February 15 ဧရာဝတီ



ဦးသိန်းစိန် ဦးဆောင်ပြောင်းလဲမှု EU အားရ
By featured, ဧရာဝတီ on February 15 ဧရာဝတီ






ရွေးကောက်ပွဲမှာ မသမာမှုတွေ့ရင် အရေးယူမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ကတိပြု
2012-02-14 RFA



မြန်မာနိုင်ငံကို စီးပွားရေးလုပ်ဖို့နေရာ အဖြစ်လောက် တရုတ် မကြည့်သင့်
2012-02-14 RFA



ဒီအကြောင်း မရေးချင်ဘူး
ချိုတူးဇော်၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၂ မိုးမခ



ဂက်စ်ပိုက်လိုင်း လျော်ကြေးငွေနည်း သျှမ်းတောင်သူများလက်မခံ
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 15 သျှမ်းသံတော်ဆင့်သတင်း



မြန်မာစစ်တပ်အချင်းချင်းမှားပစ် နှစ်ယောက်သေ ရွာထဲသို့လက်နက်ကြီးများကျ
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 15 သျှမ်းသံတော်ဆင့်သတင်း



===================
မိုးမခက စုစည်းသည်







တေးရေးညီသစ် ဘန်ကောက်မြို့တွင် ကွယ်လွန်
Published on February 15, 2012 by ပီတာအောင် ·DVB



တေးရေးနဲ့ စာရေးဆရာ ညီသစ် () ဝင်းမျိုးကျော် အသက် ၄၂ နှစ်ဟာ ဖေဖော်ဝါရီ ၁၅ ဗုဒ္ဓဟူးနေ့ မနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကွယ်လွန်သွားပါတယ်။



ပန်းနာရင်ကျပ်ရောဂါနဲ့ အသက်ရှူရပ်ပြီး သေဆုံးသွားတာလို့ ဘန်ကောက်မြို့မှာရှိတဲ့ မာဘွန်ကရောင်း ဆေးရုံက ပြောပါတယ်။



ကိုညီသစ်ဟာ လေးဖြူ၊ ဝိုင်ဝိုင်း၊ ကြိုးကြာစတဲ့ နာမည်ကြီး အဆိုတော်တွေ သီဆိုခဲ့တဲ့ တေးသီချင်းတွေကို ရေးသားခဲ့သူဖြစ်ပြီး လေးဖြူသီဆိုတဲ့ ပါဝါတေးစီရီးထဲက မျက်ရည်များ၏နောက်ကွယ်၊ အငြိုးအင်အား၊ အလွမ်းရဲ့ နတ်သမီး၊ လတစင်းကိုရူးသွပ်သူ၊ လပြည့်ည စတဲ့ သီချင်းတွေ၊ လူသိများပါတယ်။ ဝိုင်ဝိုင်းသီဆိုတဲ့ “ကြိုးမဲ့စွန်” စီးရီးထဲက ရေဆန်လမ်း၊ “လမင်းနဲ့ပင်လယ်” စီးရီးထဲက – နှလုံးသားရှာသူ – အချစ်မဲ့နိဂုံး စတဲ့သီချင်းတွေ လူသိများပါတယ်။



၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒမဲခံယူပွဲ ကာလ ကလည်း ကန့်ကွက်မဲတွေ ပေးကြဖို့လှုံ့ဆော်ကြတဲ့ VOTE NO ဆိုတဲ့ သီချင်းကို ဖန်တီးဖြန့်ချိခဲ့ပါတယ်။



ဒါ့အပြင် ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ၊ အချစ်ဆိုတဲ့အရာ၊ ဇနီးတစ် ယောက် ချစ်ရာရောက်အောင်၊ ကမ္ဘာ့စကားပုံထဲက မိန်းမသား၊ ခင်ဗျားဒိန်ခဲကို ကျွန်တ်ာနေရာရွေ့ခဲ့တယ်နဲ့ စိတ်ဓာတ် ခွန်အားကို ပေးသောစာစုများ စတဲ့ ဘာသာပြန် စာအုပ်တော်များများကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။



၂၀၀၇ ခုနှစ်က ထိုင်းနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ပြည်ပအခြေစိုက် မီဒီယာတွေဖြစ်တဲ့ ခေတ်ပြိုင်ဂျာနယ်နဲ့ ဒီဗွီဘီသတင်းဌာနတွေမှာ တာဝန်ထမ်းခဲ့ဖူးပါတယ်။



စင်ကာပူ စီးပွားရေးကုမ္ပဏီများ မြန်မာပြည်တွင် အခွင့်အလမ်းရှာ
Published on February 15, 2012 by နေသွင် · ·DVB



မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ချက်နဲ့ စင်ကာပူ စီးပွားရေးကုမ္ပဏီ ၇၀ ကျော်က ကိုယ်စားလှယ်တွေ ၁၀၀ ကျော် ပါဝင်တဲ့ အဖွဲ့ဟာ အစိုးရ ရုံးစိုက်တဲ့ နေပြည်တော် ကို ရောက်နေပါတယ်။



ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ၊ ငွေကြေးစီမံခန့်ခွဲမှုလုပ်ငန်း၊ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မယ့် စွမ်းအင်ကုမ္ပဏီတွေက ကိုယ်စားလှယ်တွေဟာ ဒီကနေ့ သမ္မတဦးသိန်းစိန်၊ ဝန်ကြီးဌာနတွေက အရာရှိတွေနဲ့ သီးခြား တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။



မနက်ပိုင်းမှာ သမ္မတနဲ့တွေ့အပြီး နေ့လယ်ပိုင်းမှာ နေပြည်တော် ကွန်ဗင်းရှင်းစင်တာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စင်ကာပူကုမ္ပဏီတွေကို မြန်မာပြည်က စီးပွားရေး အခွင့်အလမ်းတွေကို ရှင်းပြတယ်လို့ ဒီတွေ့ဆုံပွဲကို စီစဉ်ပေးခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)က အတွင်းရေးမှူး ဒေါက်တာမျိုးသက်က ပြောပါတယ်။



အခုဖြစ်နိုင်တဲ့ဟာတွေပေါ့၊ ကျနော်တို့လည်း ဒီမှာတင်ပြတယ်။ ကုန်သွယ်မှုနဲ့ ပတ်သက်တာ၊ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တာ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ဘယ်လို၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကတော့ စွမ်းအင်ဌာနကပေါ့။ နောက်တခါ စက်မှုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ဟာကျတော့ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ လုပ်မယ့် စီမံကိန်းတွေ ကဏ္ဍအလိုက်တော့ ကျယ်ကျယ်ပြန့်ပြန့် ပြောသွားတာပေါ့။ တနေကုန်ပဲ။”



မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံမှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်နဲ့ ထိုင်းကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံထားကြပြီး စင်ကာပူက အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံနဲ့ စတုတ္ထအများဆုံး ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။



အာရှကုမ္ပဏီတွေဟာ အဓိကအားဖြင့် လျှပ်စစ်စွမ်းအား၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံထားကြတာပါ။



ဒေါက်တာမျိုးသက်က အခု နောက်ပိုင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တဲ့ကာလမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် စီးပွားရေးလုပ်ငန်းတွေကို ဝင်လာစေချင်တယ်လို့ ပြောပါတယ်။



အဓိက ဦးစားပေးကတော့ အလုပ်အကိုင်နဲ့ စက်မှုဇုန်တွေ တည်ထောင်အောင်လုပ်ဖို့ ကျနော်တို့က ဖိတ်ခေါ်တာပေါ့နော်။ ကျနော်တို့ဆီမှာ လူ့စွမ်းအား အရင်းအမြစ်က အများကြီး ရှိတယ်လေ။ စက်မှုလုပ်ငန်းကို အခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း မျှပြီးဝင်လာဖို့ ကျနော်တို့ကတော့ ဖိတ်ခေါ်တာပေါ့။ သူတို့လာတဲ့ သက်ဆိုင်ရာ မြှုပ်နှံမှုပေါ် မူတည်တာပေါ့။”



ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည်ကို စီးပွားရေးအကြံပေးဖို့ လာရောက်ခဲ့တဲ့ စီပွားရေးပညာရှင် ဂျိုးဇက်စတစ်ကလည်း ကဏ္ဍစုံလုပ်ကိုင်မယ့် စင်ကာပူ ကုမ္ပဏီစိတ်ဝင်စားလာတာ မြန်မာပြည်အတွက် သတင်းကောင်းဖြစ်တယ်လို့ ပြောပါတယ်။



စင်ကာပူက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အဖွဲ့ဟာ နောက်ထပ် သုံးရက် မြန်မာပြည်က စက်ရုံအလုပ်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ စက်မှုဇုန်တွေကို လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။



ပဒိုမန်းငြိမ်းမောင်အမှုတွင် တာဝန်ရှိသူများ၏ ပြောကြားချက်သည် တရားရုံးကို မထီမဲ့မြင် ပြုလုပ်ဟုဆို
Published on February 15, 2012 by အေးနိုင် ·DVB



ပဒိုမန်းငြိမ်းမောင်အမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဂျာနယ်တွေမှာ ပြောဆိုချက်တွေဟာ တရားရုံးကို မထီမဲ့မြင်ပြုလုပ်ချက်တွေ ဖြစ်တယ်လို့ ပဒိုမန်းငြိမ်းဘက်က လိုက်ပါဆောင်ရွက်တဲ့ ဥပဒေအကြံပေး ဦးအောင်သိန်းက ဝေဖန် ပြောဆိုလိုက်ပါတယ်။



တရားစီရင်ရေးရဲ့ လမ်းကြောင်းပေါ်မှာ သွားနေတဲ့အတွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေကနေ အစိုးရအဖွဲ့နဲ့ ဝင်ရောက် မစွက်ဖက်ဘူးဆိုတဲ့ သဘောမျိုးနဲ့ သူတို့ လွှတ်ထားတယ်။ နောက်ပြီးတော့ သူတို့ ဒီကိစ္စက လွတ်နိုင်ပါတယ် ဆိုပြီးတော့ ဂျာနယ်၊ မီဒီယာကနေပြီးတော့ ထုတ်ပြီးတော့ တာဝန်ရှိသူတွေက ပြီးတော့လွတ်သွားမှာပါ ဆိုတဲ့စကားလုံးကို သုံးတာဟာဖြင့် ရှင်းရှင်းပြောရင် တရားရုံးများကို မထီလေးစား ပြုလုပ်တယ်။ တရားစီရင်ရေးပေါ်မှာ လမ်းကြောင်းက သွားနေတဲ့ အလုပ်ပေါ်မှာ ဒီလို တာဝန်ရှိသူတွေက လက်လွတ်စပယ် ပြောတာကဖြင့် မပြောသင့်ဘူးလို့ အန်ကယ်တို့ဘက်က မြင်တယ်။ ”



ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်း ဥပဒေပုဒ်မတွေနဲ့ အစိုးရက တရားစွဲဆိုထားပြီး အင်းစိန်ထောင်မှာ ကြာသပတေးနေ့တိုင်း ရုံးထုတ်နေပြီး ပြန်ခေါ်သက်သေတွေကို စစ်မေးခဲ့ပါတယ်။ မနက်ဖြန်မှာ ပဒိုမန်းငြိမ်းမောင်ကို စတင် စစ်ဆေးဖို့ ရှိပါတယ်။



ဂျာနယ်တချို့မှာ ပါရှိတဲ့ “မန်းငြိမ်းမောင် ပြန်လွတ်မှာပါ”လို့ တာဝန်ရှိသူရဲ့ ပြောဆိုချက်ကို တရားရုံးက မန်းငြိမ်းမောင်ကို ပြသကြောင်းနဲ့ တကယ်တော့ ဒီလို မဖြစ်သင့်ကြောင်း ဦးအောင်သိန်းက ထောက်ပြပြောဆိုပါတယ်။



အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းက အချိန်မရွေး လွှတ်နိုင်ခွင့် ရှိတယ်ဆိုတာ ကျနော်တို့က နားလည်တယ်။ ဒါပေမယ့် တရားစီရင်ရေးပိုင်းမှာတော့ တရားစီရင်ရေးပိုင်းကို သွားနေတဲ့ အမှုအခင်းပေါ်မှာ ဒီလို ကြိုပြီးပြောပြီးတော့ တဖက်ကလည်း ခင်ဗျားလွတ်မှာပါ။ ဒါပေမယ့် ကျနော်တို့ အလုပ်ကိုတော့ ကျနော်တို့ လုပ်ရမှာပဲ။ ကျနော်တို့ တရားရုံးပေါ်မှာတော့ နားလည်မှု ပေးထားပါဆိုတဲ့ သဘောသက်ရောက်တဲ့ ဟာမျိုးကို ဖြစ်စေတာကို မသင့်လျော်ဘူးလို့ ထင်တယ်။”



ပဒိုမန်းငြိမ်းမောင်ဟာ တရုတ်နိုင်ငံကို ရောက်ရှိစဉ်မှာ ထိုင်းနိုင်ငံကို ပြန်ဖို့ ပြည်ဝင်ခွင့် အခက်အခဲ ဖြစ်ရာကနေ အစပြုလို့ မြန်မာအာဏာပိုင်လက်ထဲ အပ်ခံရပြီး ဖမ်းဆီး တရားစွဲခံနေရတာပါ။ ပျိုရွယ်စဉ်ကာလကလည်း သူရဲ့ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ဒဏ် တသက်တကျွန်း ကျခဲ့ဖူးပါတယ်။






သတင်းစာဆရာများအသင်း မြန်မာနိုင်ငံတွင် ဖွဲ့စည်းမည်
Published on February 15, 2012 by မင်းလွင် ·DVB



လက်ရှိ ရှိနေတဲ့ မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့ကနေ သတင်းစာဆရာတွေအတွက် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းကို သီးခြားခွဲထုတ်ပြီး ဖွဲ့စည်းဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။



အရင်က မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအသင်းမှာ သုတ၊ ရသ စာရေးဆရာများအပြင် သတင်းသမားတွေ ပါဝင်ကြပါတယ်။



သတင်းစာ ဆရာများအဖွဲ့ ဖွဲ့ပြီးရင်တော့ သုတ၊ ရသ စာရေးဆရာတွေအတွက် မြန်မာနိုင်ငံ စာရေးဆရာများအသင်းနဲ့ သတင်းသမားတွေအတွက် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဆိုပြီး သီးခြားနှစ်ဖွဲ့ ဖြစ်သွားလို့ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအသင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။



ရန်ကုန် သတင်းမီဒီယာသမားတွေကတော့ ဒါဟာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ခွင့်ပြုလို့ ဖွဲ့စည်းနိုင်တာလို့လည်း ပြောပါတယ်။



ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဖေမြင့်ကတော့ သတင်းသမားတွေရဲ့ အကျိုးစီးပွား ကာကွယ်ဖို့အတွက် သတင်းစာဆရာအဖွဲ့ သီးခြား ရှိရမယ်လို့ ပြောပါတယ်။



ခပ်စောစောက ဆွေးနွေးပွဲ တခုမှာတော့ ကျနော်တို့လည်း ပြောတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းသမား အဖွဲ့အစည်းတွေ ဖွဲ့ဖို့လိုတယ်။ တဖွဲ့တည်းအောက်မှာချည်း အကုန်လုံး ရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး။ သူတို့ဘာသာ နီးစပ်ရာ ဖွဲ့ချင်လည်း ဖွဲ့မယ်။ သို့သော် စာနယ်ဇင်းသမားတွေက စာနယ်ဇင်းကိစ္စနဲ့ ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းရေးရော၊ အကျိုးစီးပွား ကာကွယ်ရေးရော အဲဒါ့တွေအတွက် စုစည်းတဲ့ အသင်းအဖွဲ့ အားလုံး ပေါင်းစုပြီးတော့ ဖြစ်ဖြစ် စာနယ်ဇင်းကောင်စီဆိုတာမျိုး ဖွဲ့ဖို့လိုတယ်။ အဲဒါမျိုး ကျနော်တို့ ဆွေးနွေးဖူးတာ ရှိတယ်။”



မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့ကို ခေတ်အဆက်ဆက် အစိုးရတွေက ဦးဆောင်ဖွဲ့ပေးခဲ့တာဖြစ်ပြီး စာရေးဆရာတွေ၊ သတင်းလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေ ပါဝင်ပါတယ်။ မြို့နယ်အဆင့်ထိလည်း စာပေနဲ့စာနယ်ဇင်းအဖွဲ့ ဆိုပြီးတော့ ဖွဲ့ပေးထားပါတယ်။









လယ်သမားက ဇေကမ္ဘာဦးခင်ရွှေကို တရားစွဲတော့မည်
Published on February 15, 2012 by အေးနိုင် · ·DVB



ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ လယ်သမားတွေက ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေကို နိုင်ငံတော် အခွင့်အာဏာ အလွဲသုံးစားမှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။



ဇေကမ္ဘာ ကုမ္ပဏီက ရွှေနံ့သာကျေးရွာလယ်သမားတွေရဲ့ မြေတွေပေါ်မှာ စက်မှုဇုန် အကောင်အထည်ဖော်နေတာ ဖြစ်ပြီး လတ်တလောမှာ ရပ်နားထားပါတယ်။



လယ်တွေသိမ်းတုန်းက အစိုးရသိမ်းမှာမို့လို့ ဇေကမ္ဘာကုမ္ပဏီက ကြားဝင် ကရုဏာကြေး ပေးတယ်လို့ ပြောပြီး တဧကကို သုံးသိန်းပေးလို့ ဒီအပြောကို လယ်သမားတွေက ယုံကြည်ပြီး လယ်တွေဆုံးခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဇေကမ္ဘာကုမ္ပဏီရဲ့ လှည့်ဖြားတာခံရတယ်လို့ လယ်သမားတွေက ယူဆပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုင်လို့ စိမံကိန်းကို ရပ်ခိုင်းထားပါတယ်။



အခုတော့ လယ်သမားတွေက မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ကိုယ်စားလှယ်လွှဲပြီး ဦးခင်ရွှေနဲ့ ဦးဘိုကြီးဆိုသူကို တရားစွဲခိုင်းတယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။



အရောင်းအဝယ်လည်း မရှိသလို လယ်သမားတွေကို ငွေပေးတယ်ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် အဲဒီမှာ အမှုအကြောင်းကို ပေါ်ပေါက်အောင် လုပ်ထားတာက တောင်သူလယ်သမားတွေက မိမိတို့လယ်ကို မလုပ်စားချင်တော့လို့ တခြားစီးပွားရေး လုပ်ငန်းတွေကို ပြောင်းလဲ လုပ်ကိုင်ချင်တဲ့အတွက် ကျေးရွာမြေယာကော်မတီကို သွားပြီးတော့ မြေအပ်နှံမယ် ဆိုတဲ့ဟာကို လုပ်ထားတယ်။ တကယ်က အဲဒီမှာ အရင်က ရယက အဖွဲ့ဝင် ဦးဘိုကြီးက ဓမ္မဝိဟာရ ဓမ္မာရုံကို အကြိမ်ကြိမ် ခေါ်တွေ့ပြီးတော့ တောင်သူလယ်သမားတွေကို နိုင်ငံတော်က သိမ်းပြီဆိုတဲ့အကြောင်း အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုနေတာ။ အဲဒါနဲ့ ဦးခင်ရွှေ ကိုယ်တိုင်ကလည်း သူက နိုင်ငံတော်က သိမ်းပြီလို့ လိမ်လည် လှည့်ဖြားပြီး ပြောတာ။ အဲတော့ ဦးဘိုကြီးနဲ့ ဦးခင်ရွှေတို့ကို ကျနော်တို့က တရားစွဲမှာပါ။ နိုင်ငံတော် အခွင့်အာဏာကို အလွဲသုံးစား လုပ်တဲ့အမှုနဲ့ တရားစွဲမယ်။ ရှေ့တပတ်ထဲမှာ ဖြစ်မယ်။ ”



တရားစွဲပြီးတဲ့အခါ ဒေသခံတောင်သူတွေကို သီးစား ပြန်လည်ချထားပေးဖို့ ကျေးရွာ မြေယာကော်မတီမှာ လျှောက်မယ်လို့လည်း ဆိုပါတယ်။



ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ကိုယ်တိုင် စာထုတ်တာ ဇေကမ္ဘာကို လယ်ပဲစိုက်ခိုင်းထားတာ။ ဇေကမ္ဘာကိုပဲ လယ်စိုက်ခိုင်းတာကိုက ရန်ကုန်တိုင်းဒေသကြီး အစိုးရက မှားနေပြီ။ နောက်ပြီး ဒီမှာရှိတဲ့ ဒေသခံတောင်သူတွေကို သီးစားပြန်ချထားပေးရမယ်။ ၁၉၅၃ ခုနှစ် လယ်ယာစိုက်ပျိုးရေး ဥပဒေအရ၊ ၁၉၆၂ ခုနှစ် သီးစားချထားရေး ဥပဒေအရ တောင်သူလယ်သမားတွေက လယ်လုပ်ဖို့ ဥပဒေနဲ့ ညီတယ်။ ဒါကတော့ ကျနော်တို့က ဥပဒေကြောင်းအရ ရင်ဆိုင်ရမှာပဲ။”



လယ် ၁၃ ဧက ပါသွားတဲ့ ဒေါ်တင်စိန်က သူတို့ လှည့်ဖြားခံခဲ့ရတယ်လို့ ပြောပါတယ်။



လက်မှတ်ထိုးခိုင်းတာကတော့ သူအတင်းထိုးခိုင်းတာ။ နိုင်ငံတော် သိမ်းတယ်ဆိုပြီး ပြောတယ်။ အမှန်ကတော့ နိုင်ငံတော် မဟုတ်ရင် ရောင်းကို မရောင်းဘူး။ အဲ့မှာ ဦးခင်ရွှေက မရောင်းရင်လည်း တပြားမှ မရဘူး။ နိုင်ငံတော်က သိမ်းတယ်ဆိုပြီးတော့ ပြောတယ်။ မင်းတို့ တင်တဲ့စာလည်း အမှိုက်ခြင်းထဲ ရောက်သွားမယ်ဆိုတော့ လယ်သမားတွေက ကြောက်လန့်ပြီး လက်ခံရတယ်။ ”



လယ်ဧက ၅၀ ပါသွားတဲ့ ဦးကျော်စိန်ကလည်း “အဲဒါဆိုရင် သူဌေး ကျနော်တို့ သားသမီးတွေက လယ်သမားဘဝနဲ့ပဲ ပညာရေး၊ စားဝတ်နေရေး လည်ပတ်နေရတာ။ အခုလို အသိမ်းခံရမယ်ဆိုရင် ကျနော်တို့ စာတင်မယ်လို့ ပြောတော့ ဦးခင်ရွှေက ခင်ဗျားတို့ စာတင်လည်း အမှိုက်ပုံးထဲပဲ ရောက်မယ်လို့ ငြိမ်းခြောက်တဲ့စကား ပြောတယ်”လို့ ဆိုပါတယ်။



အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို တရားစွဲဆိုတဲ့ကိစ္စမှာ တရားရုံး၊ မီဒီယာ စသဖြင့် အချိန်ယူပြင်ဆင် ချိန်ဆနေတယ်လို့ ပြောဆိုပါတယ်။



မြန်မာပြည်မှာ အထင်ကြီးစရာ အခြေအနေ တွေ့ခဲ့ရဟု ဂျိုးဇက်စတစ်ဂလစ် ပြော
Published on February 15, 2012 by နေသွင် ·DVB



မြန်မာပြည်ကို စီးပွားရေးအကြံပေးဖို့ သွားရောက်ခဲ့တဲ့ ထင်ရှားတဲ့ စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်က မြန်မာပြည်မှာ အရင်နဲ့မတူ အထင်ကြီးလောက်စရာ အခြေအနေတွေကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။




မြန်မာသမ္မတ ဦးသိန်းစိန်၊ အစိုးရပိုင်းက ဝန်ကြီးတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဂျိုးဇက်စတစ်ဂလစ်က အခုခရီးစဉ်မှာ ၂၀၀၉ ခုနှစ် ခရီးနဲ့ မတူတဲ့ တိုးတက်မှုတွေကို တွေ့ခဲ့ရတဲ့အကြောင်း ဒီဗွီဘီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။



ဥပမာအနေနဲ့ လိုင်စင်တွေ တော်တော်များများ ထုတ်ပေးထားလို့ ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုကလည်း တော်တော်လေး ရှိလာပါတယ်၊ အရင်တုန်းက ဒီလို ပြိုင်ဆိုင်မှု မရှိတဲ့ ဒဏ်တွေ ခံခဲ့ရတယ်လေ။ အခုနောက်ပိုင်းမှာတော့ ဈေးကွက်ကို စောင့်ကြည့်နေသူတွေက ဈေးနှုန်းတွေ ကျသွားတဲ့ အကြောင်း ပြောကြပါတယ်။ ဒါမျိုးတွေကို သူတို့ တော်တော်လေးကို လုပ်ထားတာ ရှိပါတယ်” လို့ ပြောပါတယ်။



အမေရိကန်ပြည်ထောင်စု၊ ကိုလံဘီယာတက္ကသိုလ်က နိုဘယ်လ်ဆုရ စီးပွားရေးပညာရှင် ဂျိုးဇက်စတစ် ဂလစ်ဟာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးနဲ့ ဆိုရှယ်လစ်စီးပွားရေး စနစ်နှစ်ခုကို ရောစပ်ထားတဲ့ တတိယနည်း စီးပွားရေးစနစ်ကို မြှင့်တင်သူအဖြစ် ပညာရှင် အသိုင်းအဝိုင်းကြားမှာ လူသိများသူဖြစ်ပါတယ်။



သူ့ကို မြန်မာအစိုးရက ဒုတိယအကြိမ် ဖိတ်ကြားတာဟာ သူ့ရဲ့ `တတိယနည်း´ စီးပွားရေးဒဿနကို စိတ်ဝင်စားလို့ ဖြစ်မယ်ဆိုရင် အံ့ဩစရာမရှိဘူးလို့ ဂျိုးဇက်စတစ်ဂလစ်က ပြောပါတယ်။



တတိယနည်းကတော့ မြန်မာအစိုးရက တော်တော်လေး စိတ်ဝင်စားတာ တွေ့ရပါတယ်။ မြန်မာပြည်က အာဆီယံအဖွဲ့ရဲ့ လွှမ်းမိုးမှုရှိတယ်၊ ကူးလူးဆက်ဆံမှု များတယ်၊ အာဆီယံမှာကလည်း တတိယနည်းဆိုတဲ့ စီးပွားရေး ဒဿနက အားကောင်း မောင်းသန်ရှိတယ်။ ဒါကြောင့် အံ့ဩစရာ မရှိပါဘူး။”



ဂျိုးဇက်စတစ်ဂလစ်ဟာ စနေနေ့မှာ ရန်ကုန်မြို့ လမ်းမတော်နားက မင်းရဲကျော်စွာလမ်းက မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှာ အရပ်ဘက်အဖွဲ့အစည်းတွေက စိတ်ဝင်စားသူတွေ တက်ရောက်တဲ့ စီးပွားရေးဆိုင်ရာ ဟောပြောပွဲလုပ်ခဲ့သလို၊ အင်္ဂါနေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။



အစိုးရပိုင်းမှာရော၊ အရပ်ဘက်အဖွဲ့အစည်းမှာပါ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အပေါ် စိတ်ဝင်တစား ရှိတာ တွေ့ခဲ့ရတယ်လို့ ဂျိုးဇက်စတစ်ဂလစ်က ပြောပါတယ်။



စနေနေ့ ကျနော့်ရဲ့ ဟောပြောချက် အကျဉ်းချုပ်က အင်္ဂါနေ့ သမ္မတနဲ့ တွေ့တဲ့အချိန်မှာ သမ္မတလက်ထဲမှာ ရောက်နေပြီ။ ဒါက အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။ အစိုးရပိုင်းက ပြည်တွင်းဖြစ် စီးပွားရေး အစီအစဉ် တခု ရှိလာဖို့ စိတ်ပိုင်းဖြတ်ထားပုံတော့ ရတယ်။ တချိန်တည်းမှာ အပြင်က လိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း အလေးအနက် နားထောင်သွားမယ် ဆိုတဲ့ သဘောမျိုးပေါ့။”



သမ္မတ အစိုးရဝန်ကြီးတွေနဲ့ ဆွေးနွေးတဲ့အခါမှာ ၂၀၀၉ ခုနှစ်တုန်းက သတိကြီးကြီးထားပြီး ပြောဆိုခဲ့ရတဲ့ ဆင်းရဲမွဲတေမှုကိစ္စ၊ လူသားအရင်းအမြစ်ကို အားသစ်လောင်းဖို့ ကိစ္စ၊ စီးပွားရေးကို လုံးဝဖွင့်ပေးဖို့ ကိစ္စတွေမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။



မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ်တွေက ပြသာနာဟာ ရင်းနှီးမြှုပ်နှံသူတွေက သဘာဝသယံဇာတကို ထုတ်ယူတဲ့ကဏ္ဍ၊ လျှပ်စစ်ဓာတ်အား ထုတ်ယူတဲ့ ကဏ္ဍတွေမှာပဲ ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ အလုပ်အကိုင်ကို ဖန်တီးပေးနိုင်မယ့် ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု မရှိခဲ့တာကြောင့်လို့ စတစ်ဂလစ်က သုံးသပ်ပါတယ်။



ရန်ကုန်က ဟောပြောပွဲမှာ တက်ရောက် နားထောင်သူတွေလည်း ၂၀၀၉ ခုနှစ် တုန်းက အခြေအနေနဲ့ မတူဘဲ ပိုပြီး ပွင့်ပွင့်လင်းလင်း၊ စိတ်အား ထက်ထက်သန်သန်နဲ့ ရှိတာ တွေ့ခဲ့ရပြီး၊ အထူးသဖြင့် `သယံဇာတကျိန်စာ´ကိစ္စ အပေါ် အလေးထား ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။



အစိုးရအဖွဲ့အတွင်းမှာ ပြုပြင်ပြောင်းလဲမှုကို လုပ်ချင်တဲ့ အင်အားစုတွေ အားကောင်းမောင်းသန် ရှိနေတာ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ ပိုပြီး အသက်ဝင်လာတာ၊ ပြီးခဲ့တဲ့ နှစ်တွေက နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာ ပညာတတ် လူငယ်တွေ နိုင်ငံထဲ ပြန်လာကြတာတွေဟာလည်း မြန်မာပြည်အတွက် အားတက်စရာ ဖြစ်တယ်လို့ စတစ်ဂလစ်က သုံးသပ်ပါတယ်။



စက်မှုဝန်ကြီးဌာနပိုင်ကား မိုင်းနင်းမိ၊ ၁ ဦးသေ ၃ ဦး ဒဏ်ရာရရှိ
Published on February 15, 2012 by ကိုထွေး · ·DVB



ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ မနေ့က စက်မှုဝန်ကြီးဌာနပိုင် ကားတစီး မိုင်းနင်းမိပြီး လူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ နမ့်ခမ်း ဆေးရုံ တာဝန်ရှိသူတဦးက ပြောပါတယ်။



ဒဏ်ရာရတာ ၃ ယောက်ရောက်တယ်။ ၁ ယောက်က အရိုးတွေ ကျိုးနေတယ်။ တယောက်က လက်ဖျံရိုးထဲမှာ ၆ လက်မ သံချောင်းပြတ် တချောင်းတွေ့တယ်။ လက်ဖျံရိုး အသေးကတော့ ကျိုးသွားတယ်။ နောက်တခုက ဒူးအနောက်မှာ။ ပေါင်သွေးလွှတ်ကြော အရိုးရဲ့နားမှာ။ အဲ့ဒါက ထုတ်လို့မရဘူး။ နောက်တယောက်က ကားပျက်စီးသွားတော့ ကားက မှန်စတွေ စိုက်ပြီးတော့ လက်ဖျံမှ စိုက်ဝင်နေတဲ့ မှန်စတွေတော့ ထုတ်ထားတယ်။ ပေါင်က မှန်စတော့ မထုတ်ရသေးဘူး။”



သေသွားသူဟာ တရုတ်လူမျိုး တဦးဖြစ်တယ်လို့ သိရပေမယ့် တရုတ်နိုင်ငံသား ဟုတ် မဟုတ်တော့ သေချာ မသိရသေးပါဘူး။



ဒဏ်ရာရသူ ၃ ဦးကို နမ့်ခမ်း ဆေးရုံမှာ ကုသခဲ့ပေမယ့်လည်း တဦးမှာ ဒဏ်ရာပြင်းထန်လို့ မူဆယ်ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှု ပေးနေရပါတယ်။



စက်မှုဝန်ကြီးဌာနက ကားဟာ လဲကျနေတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ပြင်ဆင်ဖို့ အသွား လမ်းမှာ မိုင်းမိတာ ဖြစ်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ဒီဒေသမှာ စစ်တပ်ယာဉ်တစီး မိုင်းနင်းမိခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နမ့်ခမ်း ဆေးရုံကနေ စုံစမ်းသိရပါတယ်။



တာချီလိတ်တွင် စိတ်ကြွဆေးပြား ၈ သန်းကျော်နှင့် လက်နက်များ ဖမ်းမိ
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၅ မဇ္ဈိမ



ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်အရှေ့ပိုင်း ထိုင်းနိုင်ငံ နယ်စပ် တာချီလိတ်မြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော်နှင့် လက်နက်များကို တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့နယ် မူးယစ်အာဏာပိုင် အသိုင်းအဝိုင်းထံမှ သိရသည်။



တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာစု ပါခါ ကျေးရွာရှိ မသင်္ကာဖွယ် အိမ်သုံးလုံးကို မြို့နယ်မူးယစ်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ဘက်လုံခြုံရေး-စရဖ အဖွဲ့များက ပူးပေါင်း စီးနင်းရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော် အပါအဝင် သေနက် ၄ လက်နှင့် ထိုဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအချို့ကို သိမ်းဆည်း ရမိခြင်း ဖြစ်ကြောင်း မူးယစ်အဖွဲ့နှင့် နီးစပ်သူ တဦးထံမှ သိရသည်။



သူတို့အဖွဲ့တွေထဲက တယောက်ကပဲ ဖုန်းနဲ့ လှမ်းအကြောင်းကြားတာကနေ ဝင်ရှာတာ။ ပိုင်ရှင် ၃ ဦးလုံးက အခါလူမျိုးတွေ။ ဝင်စီးတဲ့ အချိန်မှာ ပိုင်ရှင်တွေ အကုန်လုံးက ထွက်ပြေးကုန်ပြီ။ ပစ္စည်းပဲ မိတာ” ဟု သူက မဇ္ဈိမကို ပြောသည်။



ပူးပေါင်းတပ်ဖွဲ့က အခါလူမျိုးအများစုနေထိုင်သော အိမ်ခြေ ၅ဝ ခန့်ရှိ ပါခါရွာမှ မူးယစ်မသင်္ကာသူ ၃ ဦး၏ အိမ်များကို နံနက် ၇ နာရီခန့်က ဝင်ရောက်ရှာဖွေရာ ဦးအားကာ အိမ်မှ ၄,၄၆၈,၄ဝဝ၊ ဦးအားမူ အိမ်မှ ၂,၃၉၄,ဝဝဝ နှင့် ဦးအားထာ အိမ်မှ ၁,၈၅၆,ဝဝဝ တို့ ဖမ်းဆီးရမိခဲ့ပြီး ဦးအားကာ အိမ်မှ ဆေးပြားများအပြင် AK-47 တလက်၊ M-16 တလက်၊ ပွိုင့် ၃၈ ပစ္စတို တလတ်နှင့် M-22 တလက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။



ဦးအာကာ၏ အိမ်မှပင် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖိန်း အထုပ် ကီလို ၆ဝ နှင့် အခြား စက်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိကြောင်းသိရသည်။ ဦးအားမူ၏ အမျိုးသမီးကို တာဝန်အရ ခေါ်ယူ စစ်ဆေးမှု များ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။



ပါခါးကျေးရွာသည့် ထိုင်း-မြန်မာနယ်စပ်တွင် ရှိပြီး ထိုင်းဖက်ကမ်း မယ်ပါးလွမ် မြို့နှင့် ကပ်လျက်တွင် ရှိသည်။ ဖမ်းဆီးရမိသည့် အဆိုပါ စိတ်ကြွဆေးပြားကို ထိုင်းနိုင်ငံတွင်းသို့ တင်ပို့ဖွယ်ရှိနိုင်ကြောင်း မြန်မာ မူးယစ် အာဏာပိုင်များက ယူဆနေသည်။



စိတ်ကြွဆေးပြားများ ဖမ်းဆီးရမှုနှင့် ပါတ်သက်၍ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ကလည်း အတည်ပြု ပြောဆိုခဲ့ပြီး ထွက်ပြေး လွတ်မြောက်သွားသည့် အိမ်ရှင်သုံးဦးအား ဖမ်းဆီးနိုင်ရန်အတွက် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်း
ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောဆိုသည်။



သူတို့ကို တရားဥပဒေအရ ဆောင်ရွက်နိုင်အောင် ဟိုဘက် (ထိုင်း) အခြမ်းက အာဏာပိုင်အဖွဲ့တွေနဲ့လည်း ကျနော် တို့ ချိတ်ဆက် ဆောင်ရွက်သွားမှာပါ။ အခုတော့ သူတို့နဲ့ ပတ်သက်သူတွေကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု တာချီလိတ်မြို့နယ် ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။



တာချီလိတ်မြို့နယ်သည် နှစ်စဉ်တိုင်းကဲ့သို့ ဘိန်းနှင့် အခြား မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိလေ့ရှိပြီး အများစုမှာ ရှမ်းပြည်နယ် အတွင်းကပင် လာကြောင်း မူးယစ်အဖွဲ့နှင့် နီးစပ်သူက ပြောသည်။



ကမ္ဘာတဝှန်း ဘိန်းစိုက်ပျိုးမှုမှာ ၂ဝဝ၉ ခုနှစ်ထက်စာလျှင် ၂ဝ၁ဝ ခုနှစ်ထဲတွင် ၅ ရာခိုင်နှုန်း တိုးပွားလာခြင်းမှာ
မြန်မာနိုင်ငံကြောင့်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC ၏ ၂ဝ၁၁ ခုနှစ်ထုတ် အစီရင်ခံစာက ဆိုသည်။ ထို့အပြင် UNODC က မြန်မာနိုင်ငံသည် အရှေ့အာရှဒေသ၌ မက်သာဖက်တမင်းခေါ် စိတ်ကြွဆေးပြား အဓိက ဖြန့်ဖြူးရာ နိုင်ငံ အဖြစ်လည်း သတိပေးထားသည်။



မြန်မာနိုင်ငံ၌ ၂ဝဝ၉ ခုတွင် ဘိန်းစိုက်ပျိုးမှု ၃၁,၇ဝဝ ဟက်တာ (၇၈၂၉၉ ဧက) ရှိပြီး၊ ၂ဝ၁ဝ ခု၌ ၂ဝ ရာခိုင်နှုန်း တိုးလာကာ ၃၈,၁ဝဝ ဟက်တာ (၉၄၁ဝ၈ ဧက) အထိ ဖြစ်လာခဲ့သည်။ ထိုအထဲတွင် ရှမ်းပြည်နယ် အရှေ့၊ မြောက်
နှင့် တောင်ပိုင်းတို့တွင် အများဆုံး စိုက်ပျိုးပြီး ၂ဝဝ၉ တွင် ဟက်တာ ၃ဝဝဝဝ ရှိရာမှ ၂ဝ၁ဝ တွင် ၃၅ဝဝဝ အထိ ၁၇ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာက ဆိုသည်။



အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းဖို့ ပြင်ဆင်ပြီးဖြစ်ဟု ဒေါ်စုပြော
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၅ မဇ္ဈိမ



ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရန် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ ဆောင်ရွက်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။



မြန်မာနိုင်ငံ၏ အဓိက ပြဿနာမှာ ဆင်းရဲမွဲတေမှုဖြစ်ပြီး ဆင်းရဲခြင်းကို ဖြစ်စေသည့် အကြောင်းမှာ အလုပ်လက်မဲ့ များပြားခြင်းဟု ဗုဒ္ဓဟူးနေ့မနက်က မရမ်းကုန်းမြို့နယ် ပါတီစည်းရုံးရေး ဟောပြောပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။



ကျမတို့နိုင်ငံရဲ့ အဓိက ပြဿနာကြီးကတော့ ဆင်းရဲမွဲတေမှုပါပဲ။ ဒီပြဿနာနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားသလဲလို့ မေးလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံကို ကူညီချင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေနဲ့ ဒီကိစ္စတွေကို ကျမတို့ ဆွေးနွေးပြီးပါပြီ။ ကျမတို့ ဘယ်လိုပုံစံနဲ့ အကောင်းဆုံး လုပ်မလဲဆိုတာကို စတင်ပြီးတော့ ကျမတို့ တတ်နိုင်သလောက် ဆောင်ရွက်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။






ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကော့မှူးမြို့နယ် ပါတီစည်းရုံးရေး ခရီးစဉ်တွင်လည်း “ကော့မှူးမြို့နယ်မှာ ဆိုရင် အရေးအကြီးဆုံး ကိစ္စကတော့ အလုပ်အကိုင် မရှိခြင်းပါပဲ။ အလုပ်အကိုင်ကို ပြည်သူတွေ အတွက် လုံလုံလောက်လောက် ရှိအောင်လို့ လုပ်ပေးရမှာဟာ ပထမဦးဆုံး တာဝန်တခုဖြစ်တယ်ဆိုတာ ကျမတို့ နားလည်ပါတယ်” ဟု NLD ဥက္ကဋ္ဌက ပြောကြားသွားခဲ့သေးသည်။



ထိုသို့ NLD ပါတီက ဆင်းရဲမွဲတေမှု ပြဿနာကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းမည်ဟု ပြောဆိုနေစဉ် သမ္မတ ဦးသိန်းစိန်ကလည်း တနိုင်ငံလုံး ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်း ရှိနေရာမှ ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းသို့ လျော့ချနိုင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းတွင် ပြောကြားသွားသည်။



၂၀၁၁ ခု နှစ် မေလအတွင်း နေပြည်တော်တွင် ကျင်းပသည့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲအတွင်း သမ္မတ မိန့်ခွန်းတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် လယ်ယာနှင့် သားငါး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရန်၊ ကျေးလက် အိမ်တွင်း စက်မှု လုပ်ငန်းများမှ ဝင်ငွေရရန်၊ အသေးစား ငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးရန်၊ ကျေးလက် သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးရန် လုပ်ငန်းစဉ်များ ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။



ဆင်းရဲတွင်းနက်မှုကို လျော့ပါးရေးအတွက် အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဟာ လက်နက်ကောင်း တခု
ဖြစ်ပါတယ်” ဟုလည်း သမ္မတ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားခဲ့သည်။
သမ္မတ က အလုပ်လက်မဲ့များ၏ အဓိကပြဿနာမှာ ငွေအရင်းအနှီးဖြစ်ကြောင်း “ဆင်းရဲ နွမ်းပါးသူ အများစုဟာကျေးလက်မှာ နေထိုင်သူများဖြစ်ကြပါတယ်။ ၎င်းတို့ဟာ အလုပ် မလုပ်ချင်လို့ မဟုတ်ဘဲ အများစုမှာ အလုပ် လုပ်ကိုင်လိုကြပါတယ်။ အလုပ်လုပ်နိုင်ရန် လုပ်ခင်းကိုင်ခင်းများလည်း ရှိကြပါတယ်။ ၎င်းတို့ရဲ့ အဓိက လိုအပ်ချက် ဟာ ငွေအရင်းအနှီးဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။



မရမ်းကုန်းမြို့နယ် ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးနှင့် ကျန်းမာရေးသည်လည်း အရေးကြီး သည့် အချက်များဖြစ်နေပြီး NLD ပါတီအနေဖြင့် အလေးထား ဆောင်ရွက်ရန် ရှိကြောင်းလည်း ထည့်သွင်း ပြောကြား ခဲ့သည်။



ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဟူးနေ့တွင်ပင် လှည်းကူးမြို့နယ်သို့ပါ ပါတီစည်းရုံးရေး ခရီးထွက်ခဲ့ပြီး လှည်းကူး မြို့နယ် အားကစားကွင်းအတွင်း ပရိသတ် ငါးသောင်းခန့်ကို ဟောပြောမှုတွင် တရားဥပဒေ စိုးမိုးရေးကို အဓိကထားပြောကြားခဲ့သည်။ ထို့ပြင် လှည်းကူးမြို့နယ်၏ NLD ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းကိုလည်း လူထုနှင့် မိတ်ဆက်ပေးခဲ့သေးသည်။



ဗုဒ္ဓဟူး, 15 ဖေဖော်ဝါရီ 2012
ဒေါ်စု မရမ်းကုန်းနဲ့လှည်းကူး မဲဆွယ် စည်းရုံးရေးဆင်း
By မနန္ဒာချမ်း VOA
ကြားဖြတ်ရွေးကောက်ပွဲအတွက် မရမ်းကုန်းမြို့နယ်နဲ့ လှည်းကူးမြို့နယ်တွေကို ပါတီစည်းရုံးရေးခရီး ဒီကနေ့ သွားရောက်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က - လူထုတွေအနေနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ပြီးတော့ - လစ်လပ် မဲဆန္ဒနယ်မြေအားလုံးမှာ NLD အနိုင်ရဖို့အတွက် - NLD ကိုယ်စားလှယ်လောင်းတွေကို မဲပေးထောက်ခံကြဖို့ အတွက် တိုက်တွန်းပြောဆိုသွားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်းကတင်ပြပေးထားပါတယ်။



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် မရမ်းကုန်းမြို့နယ် နဲ့ လှည်းကူးမြို့နယ်တွေကို နေ့ချင်းပြန်ခရီး ဒီကနေ့ သွားရောက်ခဲ့တာပါ။ မရမ်းကုန်းမြို့နယ်မှာတော့ - NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဖွင့်လှစ်ပေးခဲ့ပြီး - လူထုအနေနဲ့ - NLD ရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ပြီးတော့ - ကြားဖြတ်ရွေးကောက် ပွဲမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေ ၄၈ နေရာစလုံးကို NLD အနိုင်ရဖို့အတွက် မဲပေးကြဖို့ နဲ့ မရမ်းကုန်းမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမေ၀င်းမြင့်ကို မဲထည့်ကြဖို့အတွက် လူထုကို ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းသွားပါတယ်။



အရည်အချင်းဆိုတာ ၂ ခု ရှိပါတယ်။ ပါတီအဖွဲ့အစည်းရဲ့ အရည်အချင်းနဲ့ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်း၊ ၂ ခုရှိပါတယ်။ ဘယ်ဟာ ပိုပြီးတော့ အရေးကြီးသလဲဆိုတော့ တကယ်တော့ ပါတီအဖွဲ့အစည်းရဲ့အရည်းအချင်းနဲ့ မူဝါဒတွေက ပိုပြီးတော့ အရေးကြီးပါတယ်။ ကျမတို့ရဲ့ မူဝါဒတွေအရ၊ ကျမတို့ရဲ့ ခံယူချက်တွေအရ၊ ကျမတို့ အနှစ် ၂၀ ကျော် ဖြတ်သန်းလာတဲ့ ခရီးအတွေ့အကြုံတွေအရ ကျမတို့ရဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာ ရောက်လို့ရှိရင် ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီတော့ လူပုဂ္ဂိုလ်ကို ကြည့်တာထက် ကျမတို့အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ပြီးတော့ ဆုံးဖြတ်စေချင်ပါတယ်”



ဒါ့အပြင် မြန်မာနိုင်ငံမှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုပြဿနာကို ဖြေရှင်းဖို့ဆိုရင် ချက်ချင်း လက်ငင်း လုပ်ဆောင်ရမယ့် အရာဟာ - အလုပ်လက်မဲ့ ပြဿနာဖြစ်ပြီး - ဒါကိုလည်း NLD ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာကတည်းက ဖြေရှင်းပေးနေကြောင်း ပြောဆိုခဲ့ပါတယ်။



အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်က မွန်းလွဲပိုင်းမှာ လှည်းကူးမြို့ကို ဆက်လက်ထွက်ခွာခဲ့ပြီး လမ်းတလျှောက် ထောင်သောင်းချီတဲ့ လူထုတွေက ကြိုဆိုခဲ့ကြတာပါ။ လှည်းကူးမြို့နယ် အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကိုနားထောင်ဖို့ စောင့်ဆိုင်း နေကြတဲ့ လူအုပ်ကြီးကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က



အခု ကျမ လှည်းကူးမြို့ကို ရောက်လာတဲ့ အကြောင်းရင်းကတော့ အများသိတဲ့အတိုင်းပါပဲ။ ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စနဲ့ပတ်သက်လို့ စည်းရုံးရေးခရီးပဲ ဆိုကြပါစို့။ စည်းရုံးရေးခရီးဆိုတာဟာ ကျမတို့က စည်းရုံးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို နည်းနည်း နားလည်ဖို့ လိုပါတယ်။ စည်းရုံးတယ်ဆိုတာ တကယ်တော့ပြည်သူလူထုရဲ့ နှလုံးသားထဲကတင်မက ပြည်သူလူထုရဲ့ ဦးနှောက်နဲ့ပါ ဆုံးဖြတ်တဲ့ ထောက်ခံမှုကို လိုချင်တာကို ဆိုလိုတာပါ။ တကယ့်စည်းရုံးရေးဆိုတာ နှလုံးသားရဲ့ ထောက်ခံမှုလည်းပါရမယ်။ ဦးနှောက်ရဲ့ထောက်ခံမှုကိုလည်း ပါအောင် လုပ်ယူရမယ်။ ခံစားမှုတခုတည်းနဲ့တင် မဟုတ်ဘဲနဲ့ ချင့်ချိန်စဉ်းစားပြီးတော့ ထောက်ခံတာမျိုးက အများကြီး ပိုပြီးတော့ တန်ဖိုးရှိပါတယ်”



ဒါ့အပြင် လှည်းကူးမြို့နယ်ကနေ ၀င်ရောက်အရွေးခံမယ့် NLD ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကိုလည်း မဲပေးကြဖို့ လူထုကို တိုက်တွန်းခဲ့သလို - မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဟာ အင်မတန်အရေးကြီးတဲ့အကြောင်းကိုလည်း မနေ့က NLD ပါတီ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ကို ဥပမာပေး အခုလို ပြောခဲ့ပါသေးတယ်။



မနေ့ကဆိုလို့ရှိရင် ကျမတို့ ဒီထဲက ပရိသတ်လည်း အများစု သိပြီး ဖြစ်ပါလိမ့်မယ်။ ဘောလုံးကွင်းကို သုံးခွင့်ပြုပြီးကာမှ သုံးပိုင်ခွင့်ကို ပြန်ပြီးတော့ ရုပ်သိမ်းပါတယ် ဆိုတာ ဖြစ်လာပါတယ်။ ဖြစ်လာတဲ့အခါကျတော့ ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အရ ကျမတို့ရဲ့ အဖွဲ့ချုပ်တာဝန်ခံများဟာ ရွေးကောက်ပွဲကော်မရှင်ကို ဒီကိစ္စတင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ ရွေးကောက်ပွဲကော်မရှင်ကလည်း မှန်မှန်ကန်ကန်ပဲ ဆုံးဖြတ်လိုက်တာဟာ မူလခွင့်ပြုချက်အတိုင်း ရရှိစေရမယ်။ ဒါကြောင့်မို့လို့ ဆက်ပြီးတော့ လုပ်စေရမယ်ဆိုတာနဲ့ အခု ကျမတို့ ဒီလို စုရုံးနိုင်တယ်။ အဲဒါ ဥပဒေစိုးမိုးရေးပဲ။ ဒါဟာ အသေးအဖွဲလေး ကိစ္စလေးတခုပါ။ ဒါပေမယ့် ဥပဒေစိုးမိုးရေးဟာ ငါတို့နဲ့ ဘာဆိုင်လဲလို့ စဉ်းစားတဲ့လူတွေ ချက်ခြင်းလက်ငင်း နားလည်အောင်လို့ ဒီလို ကိုယ့်ရဲ့ နိစ္စဓူဝ ဘဝမှာ ကိစ္စလေးတွေ အကြီးအငယ် အားလုံးဟာ ဥပဒေစိုးမိုးရေးအောက်မှာ ရှိနေပါတယ်။ ဒီနိုင်ငံပြည်သူလူထုအားလုံးက ဆွေးနွေးထားတာဟာ၊ ဆွေးနွေးသင့်တာဟာ တရားမျှတတဲ့ ဥပဒေတွေပဲဖြစ်တယ်။ အဲဒါကြောင့် ကျမတို့က တရားဥပဒေစိုးမိုးရေးအတွက် ကြိုးစားသွားမယ် ဆိုတာကို မနေ့က အဖြစ်အပျက်ကနေ ကျမတို့ လက်တွေ့ကျကျလုပ်နေပါတယ်ဆိုတကို တင်ပြချင်ပါတယ်”



NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးခွန်သာမြင့် ကတော့ - ဒီခရီးစဉ်ဟာလည်း အောင်မြင်တဲ့ ခရီးစဉ်တခုဖြစ်ကြောင်း - လာမယ့် သောကြာနေ့မှာလည်း ကျောက်ထော် နဲ့ ဖျာပုံမြို့တွေကို စည်းရုံးရေးခရီး ထွက်ခွာဖို့ရှိတယ်လို့ ဗွီအိုအေကို ပြောပြပါတယ်ရှင်။









တပ်နှင့်ပြည်သူ ပိုနီးစပ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
By featured, ဧရာဝတီ on February 15 ဧရာဝတီ



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က တပ်မတော်သည် ပြည်သူလူထုနှင့် ပိုမို နီးစပ်ရန် လိုအပ်ပြီး တပ်မတော်နှင့် ပြည်သူ လက်တွဲပြီးဒီမိုကရေစီရရှိရန် ဆောင်ရွက် သွားလိုကြောင်း ယနေ့ ပြောဆို လိုက်သည်။



လှည်းကူးမြို့နယ် စည်းရုံးရေး ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)



ယနေ့ နံနက် လှည်းကူးမြို့နယ် ဘောလုံးကွင်းတွင် NLD ပါတီအတွက် မဲဆွယ်စည်းရုံးမှု ပြုလုပ်စဉ် ပြည်သူလူထုအား ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။



ကျမတို့ကို ထောက်ခဲ့တဲ့သူတွေထဲမှာ လှည်းကူးမြို့နယ်မှာမို့လို့ တပ်မိသားစုတွေလည်း အများကြီး ပါမယ်လို့ မျှော်လင့်ပါတယ်။ ဒီမြို့နယ်ကနေ စပြီးတော့ တပ်မတော်နဲ့ပြည်သူကြားမှာ ပိုပြီး နီးစပ်အောင်လို့ တပ်မတော်နဲ့ ပြည်သူ လက်တွဲပြီးတော့ ဒီမိုကရေစီရအောင် လုပ်ကြပါစို့လို့ ဆန္ဒပြုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။



ဒီမိုကရေစီနိုင်ငံရေးတွင် သဘောထားမတူညီမှုများ ရှိနိုင်ကြောင်း၊ ယင်းသဘောထား မတူညီမှုများကို အေးချမ်းစွာ အကြမ်းမဖက်ဘဲ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ယင်းနည်းလမ်းမှာ ရွေးကောက်ပွဲပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေနှင့် တဦးနှင့်တဦး ရန်ဘက်ကဲ့သို့ သဘောမထားဘဲ ပြိုင်ဘက်အဖြစ်သာ သဘောထား၍ နိုင်လျှင် ညှာတာမှုနှင့် သဘောထားကြီးရမည် ဖြစ်သကဲ့သို့၊ ရှုံးသော အခါတွင်လည်း အိနြေ္ဒဂုဏ်သိက္ခာနှင့် အောင်နိုင်သူကို မေတ္တာပို့ မုဒိတာပွားနိုင်သော အရည်အချင်းရှိရမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။



ယှဉ်ပြိုင်ဘက်ဆိုတာ တနည်းအားဖြင့် ဒီမိုကရေစီ ရှင်သန်အောင် လုပ်ပေးတာပဲလို့ ကျတို့စိတ်ထဲမှာ ထားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ အတိုက်အခံရှိမှ ဒီမိုကရေစီ ဖြစ်မြောက်တာပါ။ အတိုက်အခံမရှိဘဲနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာပြောလို့ မရပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။



NLD ပါတီသည် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ ခုစလုံး၌ ၀င်ပြိုင်ခြင်းဖြင့် ဒီမိုကရေစီ အတိုက်အခံ အဖြစ် တရားဝင်ရပ်တည်မည်ဟုလည်း သူက ပြောသည်။



၄၈ နေရာဆိုတာက လွှတ်တော်ထဲမှာရှိတဲ့နေရာတွေထက် ရာခိုင်နှုန်းနည်းနည်းလေးပဲ ဖြစ်ပါတယ်။ ဒီနည်းနည်းလေးအတွက် ကျမတို့ယှဉ်ပြိုင်တာက ဒီမိုကရေစီစိတ်ဓာတ်နဲ့ ယှဉ်ပြိုင်တာပါ။ ဒီမိုကရေစီ အတိုက်အခံအဖွဲ့တခုအနေနဲ့ ရပ်တည်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျမတို့ယှဉ်ပြိုင်တာပါ။ အတိုက်အခံလုပ်ရဲတဲ့ သတ္တိ ကျမတို့မှာ ရှိမှ တကယ် နိုင်ငံကို ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေလည်း ကျမတို့မွေးမြူနိုင်မှာ ဖြစ်ပါတယ်။ အတိုက်အခံမလုပ်ရဲတဲ့ အတိုက်အခံ အနည်းစုအနေအထားမှာ မနေရဲတဲ့ အင်အားစုတွေဆိုတာက စစ်မှန်တဲ့ဦးဆောင်မှုကို ပေးနိုင်မှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။



တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးသည် NLD ပါတီ၏ အဓိက မူဝါဒများ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရန် ပြည်သူ့ထောက်ခံမှု လိုအပ်နေကြောင်း သူက ဆက်ပြောသည်။



၁၉၉၀ ခုနစ်ကနေပြီးတော့ ၂၀၁၂ ခုနစ်ရောက်တဲ့အထိကို ကျမတို့အများကြီး ဖြတ်ကျော်ခဲ့ရတယ်၊ ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် ဒီဟာတွေက တန်ပါတယ်။ အဲဒီလို ရုန်းကန်ခဲ့လို့၊ ဖြတ်ကျော်ခဲ့လို့ အခုကျမတို့က ပြည်သူနဲ့ပြန်ပြီးတော့ ထိတွေ့ပိုင်ခွင့် ရတယ်။ ပြည်သူရဲ့အင်အားနဲ့ ကျမတို့ အင်အားနဲ့ ပေါင်းပြီးတော့ ကျမတို့လိုချင်တဲ့ နိုင်ငံတခုကို တည်ဆောက်နိုင်မယ့် အခွင့်အရေးတွေပေးမယ့် လမ်းတခုပွင့်လာတယ်။ လမ်းကပွင့်ရုံပဲ ရှိသေးတယ်။ ကျမတို့ ဒီလမ်းကို လျှောက်နိုင်ဖို့ဆိုတာက ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့မဲပေးဖို့ လိုပါတယ်” ဟု ၎င်းက ရှင်းပြသည်။



လှည်းကူး မြို့နယ်တွင် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၈၈ မျိုးဆက်ကျောင်းသားဟောင်း တဦးဖြစ်သူ ဦးဖြိုးမင်းသိန်းက ၀င်ရောက်ယှဉ်ပြိုမည်ဖြစ်သည်။



လှည်းကူးမြို့နယ်ရှိ ဘောလုံးကွင်းတွင် လူထုဟောပြောခွင့်ရရှိရန် တရားဥပဒေအတိုင်း ကြိုးစားခဲ့ရကြောင်း၊ ယမန်နေ့က လှည်းကူး ဘောလုံးကွင်းကို အသုံးပြုခွင့် ပေးပြီးမှ ဒေသခံ တာဝန်ရှိသူများက သုံးပိုင်ခွင့်ကို ပြန်ရုပ်သိမ်းခဲ့ကြောင်း၊ ထို့ကြောင့် NLD ပါတီက အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့ကြောင်း သိရသည်။



ရွေးကောက်ပွဲကော်မရှင်ကလည်း မှန်မှန်ကန်ကန်ပဲ ဆုံးဖြတ်လိုက်တာက မူလခွင့်ပြုချက်အတိုင်း ရှိစေရမယ်၊ ဆက်ပြီးတော့ လုပ်စေရမယ်ဆိုတာနဲ့ ကျမတို့အခုလို စုရုံးနိုင်တယ်။ အဲဒါဥပဒေစိုးမိုးရေးပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။



ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်လိုခြင်းမှာ ပြည်သူလူထု၏ သြဇာအာဏာသည် နိုင်ငံကို လွှမ်းမိုးစေရရန်အတွက် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုကို အကျိုးပြုမည့် ဥပဒေ ဖြစ်ရန်လိုကြောင်း သူက ဆက်လက် ပြောဆိုသည်။



ပြည်သူလူထုကို အကျိုးပြုမယ်ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူလူထုရဲ့ အင်အားက လွှမ်းမိုးရမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ တရားနည်းလမ်းအရ အေးအေးဆေးဆေးနဲ့ လွှမ်းမိုးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး ကျမတို့ လိုတာပါ။ ပြည်သူလူထုရဲ့ သြဇာအာဏာ လွှမ်းမိုးနိုင်မှ ပြည်သူလူထုက ချမ်းသာနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။



တောင်သူလယ်သမားများ ဘ၀တိုးတက်ခိုင်မာရေးအတွက်လည်း NLD ပါတီက ကြိုးပမ်းလျက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့သည်။



ယနေ့ လှည်းကူးမြို့နယ်အတွင်း NLD ပါတီ စည်းရုံးရေး ခရီးစဉ်တွင် ဒေသခံ ပြည်သူလူထု ထောင်ပေါင်းများစွာ တို့က လမ်းဘေးဝဲယာ တလျှောက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။



စစ်တပ်လွှမ်းမိုးမှု လျှော့ချရေး လွှတ်တော်တွင်း ဆွေးနွေး
By featured, ခင်ဦးသာ on February 15 ဧရာဝတီ

တပ်မတော်နှင့် ပြည်သူအကြား နားလည်မှု ပြန်လည် တည်ဆောက်၍ ပြည်သူ၏ ယုံကြည် အားထားမှု ရယူနိုင်ရေးနှင့် ပတ်သက် ပြီး လွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေး တောင်းဆိုကြကြောင်း သိရသည်။



၂၀၁၀ ပြည့် မတ်လ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသော ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား၌ မြင်တွေ့ရသည့် တပ်မတော်သားများ (ဓာတ်ပုံ - AP)



စစ်တပ်၏ အခန်းကဏ္ဍ လွှမ်းမိုးကြီးစိုးနေခြင်းကို လျှော့ချပြီး ပြည်တွင်းစစ်ရပ်စဲ၍ ပြည်ပရန် ကာကွယ်ရေး အတွက်သာ ဦး တည်ရေး၊ ကြည်း၊ ရေ၊ လေ တပ်မတော်သုံးရပ် စလုံးကို တပြေးညီ ကျစ်လျစ်ခေတ်မီရေး စသည်တို့ကို ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ခဲ့ကြကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ပြောသည်။



အရပ်ဘက်ဌာနတွေရဲ့ အကြီးအကဲတွေ အားလုံးကို စစ်တပ်က အငြိမ်းစားတွေ ခန့်ထားတာ ရပ်တန့်ပေးဖို့၊ ဒီလုပ်ရပ်ဟာ အရပ်ဘက် ၀န်ထမ်းတွေရဲ့တက်လမ်းတွေကို ပိတ်ပင်ရာ ရောက်တော့ စစ်တပ်အပေါ်မှာ အမြင်မကြည်မှုတွေ ဖြစ်နေတာတွေ ကို ပြေပျောက်သွားစေချင်တဲ့ အတွက်ပါ”ဟု ဒေါက်တာ အေးမောင် က ဆိုသည်။



မလွှဲ မရှောင်သာ ခန့်ထားရမည်ဆိုပါက ရဲ ဌာနကဲ့သို့ နေရာမျိုး၌ စစ်ယူနီဖောင်းဖြင့်သာ ခန့်ထားရေး စသည့် စစ်တပ်၏ အခန်း ကဏ္ဍများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြကြောင်း ကိုယ်စားလှယ်များက ပြောသည်။



ပြည်ပရောက် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက“ရေတပ် သဘောင်္ကျင်းမှာ လုပ်ခဲ့တဲ့အင်ဂျင်နီယာကို ကုန်းပေါ်က စက်ရုံမှာ ခန့်ထားတော့ သဘောသဘာဝ လုံးဝကွာနေတဲ့ အတွက် အဆင်မပြေမှုတွေနဲ့ ကြုံရတယ်”ဟု ဆိုသည်။



ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကလည်း ဒီမိုကရေစီစနစ်သို့ ဦးတည်နေပြီဖြစ်၍ ပြည်သူ၏ အခွန်ငွေများဖြင့် သုံးစွဲရမည်ဖြစ်သောကြောင့် ပြည်သူ ယုံကြည်အားထားရသည့် တပ်မတော်ဖြစ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။



တပ်မတော်သည် အမိ၊ တပ်မတော်သည် အဘ ဆိုတဲ့ ဆောင်ပုဒ်နေရာမှာ ပြည်သူ သည်သာ အမိ၊ ပြည်သူသည်သာ အဘ ဆိုတဲ့စ ကားရပ်ကို အစားထိုး ပြောင်းပေးဖို့ ဆွေးနွေးခဲ့ပါတယ်”ဟု ဦးသိန်းညွှန့် က ပြောသည်။



ကလေး စစ်သား စုဆောင်းမှု ပပျောက်ရေး အပါအ၀င် တပ်မတော်သား မိသားစုများ၏ စားဝတ်နေရေး ကိစ္စကိုလည်း မြှင့်တင်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်ဟု ဦးသိန်းညွှန့် က ဆိုသည်။



စီးပွားရေးကောင်းမှ တပ်မတော်အင်အားရှိမယ်၊ စီးပွားရေးကောင်းဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်၊ နှစ်ပေါင်း ၆၀ ကျော် ကိုယ့်တိုင်းရင်းသား အချင်းချင်းတွေနဲ့ တိုက်ခိုက်နေရတဲ့အတွက် ဖွံ့ဖြိုးမှု နှေးကွေးနေရတာပါ”ဟုလည်း ၎င်းကပြော သည်။



စစ်တပ်အရာရှိများ ဦးစီးသော စီပွားရေး ဦးပိုင်ကုမ္ပဏီ လီမီတက် နှင့်တပ်မတော်တို့အကြား မည်သို့ ဆက်စပ်ပတ်သက်မှု ရှိ သည်ကိုလည်း ပြည်သူများအား ရှင်းလင်းစွာထုတ်ပြန်ပေးရန် ဆွေးနွေးခဲ့ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။



အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး ကလည်း စစ်တပ်က ပြည်သူများ၏ လယ်ယာမြေများကို အဓမ္မသိမ်းယူခြင်းများ နိုင်ငံတ၀န်း ဖြစ်ပေါ်နေမှု၊ စစ်တပ်ပိုင် မြေ၌သာ တပ်ရိက္ခာ စိုက်ပျိုး မွေးမြူရေး လုပ်ရန်၊ လယ်သမားများ၏ အခွင့်အရေး အပြည့်အ၀ ရရန်နှင့်အကာအကွယ်ပေးရန်များကို တင်ပြ ဆွေးနွေးခဲ့ကြောင်း ပြောသည်။



စစ်တပ်လက်အောက်၌ စစ်တက္ကသိုလ် အပြင် တပ်မတော်နည်းပညာ တက္ကသိုလ်၊ ဆေး တက္ကသိုလ်၊ ဆေးဘက် ပညာသင် တက္ကသိုလ် စသည်ဖြင့် ပညာရပ်ဆိုင်ရာ တက္ကသိုလ်များ သီးသန့်ထားရှိခြင်းသည် တပ်မတော်နှင့်ကျောင်းသားများအကြား အ ယူ အဆများ လွဲမှားနိုင်သည့်အတွက် အရပ်ဘက်ဘွဲ့ရကျောင်းသားများကို တပ်မတော်၏ပညာရှင်အပိုင်း၌ နေရာပေးထားခြင်း မျိုး လုပ်ဆောင်ရန် ဆွေးနွေးကြကြောင်းလည်း သိရသည်။



ဒီလိုမျိုး သီးသန့် တက္ကသိုလ်တွေကြောင့် ဆက်ဆံရေး အမြင်မကြည်မှုရှိတာတွေ ပြေပျောက်သွားဖို့ရယ်၊ ဒီ တက္ကသိုလ် တွေ ကို ပယ်ဖျက်လိုက်ရင် စစ်တပ်ရဲ့ အသုံးစရိတ်တွေလည်း လျော့ကျသွားမှာပါ”ဟု ဒေါက်တာအေးမောင် က ဆိုသည်။



တပ်မတော်အား ပြည်ထောင်စု တပ်မတော်အဖြစ်တည်ဆောက်ရေးအတွက် တိုင်းရင်းသား လူမျိုးစုံနှင့်ပါဝင် ဖွဲ့စည်းရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်း ဒေါက်တာအေးမောင် က ပြောသည်။



တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဗိုလ်မှူးကြီး ဌေးနိုင်နှင့် ဗိုလ်မှူးကြီး တင့်ဆန်းတို့ က တပ်မတော် အင်အားရှိရန်လိုအပ်ကြောင်းကို အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်၍ ရှင်းလင်းပြီး အရပ်ဘက်ဌာနများတွင်လည်း တာဝန် ထမ်း ဆောင်ရန် တပ်မတော်မှ အငြိမ်းစားများအား စနစ်တကျလေ့ကျင့်ပေးထားပြီး ဖြစ်ကြောင်းတို့ကို ပြန်လည်ချေပ ဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။



စစ်တပ်၏ အခန်းကဏ္ဍလျှော့ချရေးနှင့်ပတ်သက်၍ ဒီမိုကရက်တစ် အတိုက်အခံ ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြမှုများအပေါ် စစ်တပ်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်က နှစ်သက်မှုမရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။



လက်ရှိ မြန်မာ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)အင်အားသည် ၃ သိန်း ၀န်းကျင် ရှိကြောင်း စစ်ဘက် အသိုင်းအ၀န်းက ပြော ဆိုထားပြီး စစ်တပ် အသုံး စရိတ်ကို လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် တနိုင်ငံလုံး စရိတ်၏ ၁၅ ရာခိုင်နှုန်းနီးပါး လျာထားကြောင်း အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။



ဦးသိန်းစိန် ဦးဆောင်ပြောင်းလဲမှု EU အားရ
By featured, ဧရာဝတီ on February 15 ဧရာဝတီ

သမ္မတ ဦးသိန်းစိန်၏ ဦးဆောင်မှုနှင့် ပြုလုပ်နေသော မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲ မှုများကို အားရကြောင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကူ အညီများ ပေးသွားမည် ဖြစ်ကြောင်းဥရောပ သမဂ္ဂ(EU)က ပြောသည်။

EU ဖွံ့ဖြိုးရေး ကော်မရှင်နာ Andris Piebalgs က မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်သည့် ယမန်နေ့က ထုတ်ပြန်ချက်တွင် ပြောကြား လိုက်ခြင်းဖြစ်သည်။



၃ ရက်ကြာခရီးစဉ်အတွင်း မြန်မာနိုင်ငံ အနာဂတ် ရုပ်ပုံကားချပ်ကို ကျယ်ပြန့်စွာတွေ့မြင်ခဲ့ရ၍ သမ္မတ ဦးသိန်းစိန် ဦးဆောင် ပြုလုပ်နေသည့် သမိုင်းဝင် ပြုပြင်ပြောင်းလဲမှု ခြေလှမ်းများကို အားရမိခြင်းဖြစ်သည်ဟု ဆိုသည်။



မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့က စတင်ရောက်ရှိလာသည့် Andris Piebalgs သည် ၎င်း၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည် သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပညာရေး ၀န်ကြီး ဒေါက်တာ မြအေး၊ မီးရထား ၀န်ကြီး ဦးအောင်မင်း ၊ ကျမ်းမာရေး ၀န်ကြီး ဒေါက်တာ ဖေသက်ခင် စသည့်အစိုးရအဖွဲ့ဝင်များ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံ တကာ NGO များ၊ ပြည်တွင်း လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။



ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲသည် လွတ်လပ်မျှတ၍ ယုံကြည်ရသည့် ရွေးကောက်ပွဲဖြစ်ရေးတို့ကို ဆွေးနွေးကြောင်း Andris Piebalgs က ပြောဆိုသည်။ ထို့
နောက် ရန်ကုန်တိုင်း ဒလ မြို့နယ်ရှိ EU ၏အကူအညီဖြင့်လုပ်ကိုင်နေသည့် စီမံကိန်းများသို့လည်း သွားရောက်ခဲ့သည်ဟု သိရ သည်။



ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြည့်လေ့လာသုံးသပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲ သည် ရလဒ်ကောင်းကိုပြသ ၍ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးမည် ဆိုပါက မြန်မာနိုင်ငံအပေါ် EU ၏ ပိတ်ဆို့အရေးယူမှုများ ပြန်လည်ရုပ်သိမ်းရန် ဦးတည်နေပြီ ဖြစ်ကြောင်းလည်း ဆိုသည်။



သမ္မတ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့နှင့်တွေ့ဆုံရာတွင် ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတရန်၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့် အရေး လေးစားလိုက်နာရန်၊ နိုင်ငံရေး အကျဉ်းသား ထပ်မံလွှတ်ပေးရန်တို့ကို တိုက်တွန်း ဆွေးနွေးခဲ့သည်ဟု Andris Piebalgs က ပြော သည်။



မြန်မာအစိုးရ၏ လက်ရှိဆောင်ရွက်နေသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုကိုလည်း EU အနေဖြင့် အသိအမှတ်ပြု ချီးကျူးလိုက်ပြီး ကူညီထောက်ပံ့သွားမည်ဟုလည်း ဆိုသည်။



ထို့အပြင် EU အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။



မြန်မာနိုင်ငံ အပြောင်းအလဲများအပေါ် EU အနေနှင့် ကူညီထောက်ပံ့လိုကြောင်း၊ မြန်မာနိုင်ငံသို့ EU အဆင့်မြင့် ကိုယ်စားလှယ်များကိုစေလွှတ်၍ တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက် တိုးမြှင့်သွားလိုကြောင်းလည်း ဆိုသည်။



မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို EU ၂၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများကလည်း ကြိုဆိုထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။



၎င်း၏ တွေ့ဆုံဆွေးနွေးမှုများအရ မြန်မာနိုင်ငံ၌ ချမ်းသာကြွယ်ဝမှုနှင့် ဖွံ့ဖြိုးတိုးတက်လိုသော ဆန္ဒများကို နားလည်သဘောပေါက် ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။



EU အနေနှင့် မြန်မာနိုင်ငံသို့ လာမည့် ၂ နှစ်အတွက် ယူရို သန်း ၁၅၀ ကူညီမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် လူမှုရေး ကဏ္ဍများအတွက် ဖြစ်သည်ဟု ဆိုသည်။ ယင်း အကူအညီသည် ၁၉၉၆ ခုနှစ်က စတင် ပေးခဲ့သည့် အကူအညီထက်၂ ဆနီးပါး ရှိကြောင်း သိရသည်။



၁၉၉၆ ခုနှစ်က စတင်ခဲ့သည့် EU အကူအညီ ပေးမှုများတွင် လူဦးရေ ၉၀၀၀၀ ခန့်အတွက် စိုက်ပျိုးမြေများနှင့် စားရေရိက္ခာ၊ ကလေး ၆ သန်း ခန့်အတွက် စာသင်ကျောင်းများနှင့် သင်တန်းများ၊ ငှက်ဖျား ရောဂါဝေဒနာရှင် ၂ သန်းခန့် နှင့် HIV ဝေဒနာရှင် ၆ သိန်းခန့် အတွက် အကူအညီများကို ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။



လာမည့် နှစ်ကာလများအတွက်လည်း မြန်မာပြည် ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီများ တိုးမြှင့်ကူညီသွားရန်ရှိပြီး ယင်းအကူအညီများသည် အခြေခံ လူမှု စီးပွား ကဏ္ဍစဉ်များ ကြိုတင်ပြင်ဆင်နိုင်ရန် အတွက် ဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အတွက် အဓိ က တွန်းအားလည်း ဖြစ်ကြောင်း ပါရှိသည်။









ရွေးကောက်ပွဲမှာ မသမာမှုတွေ့ရင် အရေးယူမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ကတိပြု
2012-02-14 RFA



လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မတရားမှုတွေ မသမာမှုတွေ တွေ့ရှိရလို့ အချက်အလက် တိတိကျကျ ပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားလာရင် အရေးယူပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို မနေ့က ပြောကြားလိုက်ပါတယ်။



လစ်လပ်နေရာ ၄၈ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၁၇ ခုက ပါတီ ကိုယ်စားလှယ်တွေကို နေပြည်တော်ကို ခေါ်ယူတွေ့ဆုံရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အဲဒီလို ပြောကြားကြောင်း မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကောင်းမြင့်ထွဋ်က ပြန်ပြောပြပါတယ်။



ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ အများအပြား တွေ့ကြုံခဲ့ရကြောင်း ဒီမိုကရေစီပါတီတွေရဲ့ ဝေဖန်တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌက ပြန်လည် ဖြေကြားသွားတယ်လို့လည်း သိရပါတယ်။



ဒီအကြောင်းနဲ့ ပတ်သက်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ရန်ကုန်အခြေစိုက် မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်နဲ့ ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။



ဆက်သွယ်မေးမြန်းချက်။ အသံဖိုင်ယူရန်။



မြန်မာနိုင်ငံကို စီးပွားရေးလုပ်ဖို့နေရာ အဖြစ်လောက် တရုတ် မကြည့်သင့်
2012-02-14 RFA



တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံကို တရုတ်ကုမ္ပဏီတွေ စီးပွားရေးလုပ်ဖို့နေရာ တစ်ခုအဖြစ်လောက်သာ မကြည့်မြင်သင့်ပါဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။






တနင်္လာနေ့က ထုတ်ဝေခဲ့တဲ့ ကွမ်တုံပြည်နယ်အခြေစိုက် Southern People Weekly ခေါ် ဒက္ခိဏ လူထုမဂ္ဂဇင်းနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောဆိုခဲ့ကြောင်း The Wall Street Journal သတင်းစာကြီးက ဖော်ပြလိုက်တာပါ။






မြန်မာနိုင်ငံဟာ အနာဂတ်မှာ တရုတ်နဲ့ရော အမေရိကန်နဲ့ပါ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ အားထုတ်သွားမှာ ဖြစ်ကြောင်း၊ တရုတ်ပြည်သူတွေအနေနဲ့ မိမိတို့အပေါ် ပိုမို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း၊ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါ ကုမ္ပဏီတွေဟာ နှစ်နိုင်ငံ ပြည်သူတွေရဲ့ဆက်ဆံရေးကိုလည်း ထည့်သွင်း စဉ်းစားမယ်လို့ မျှော်လင့်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။






အခုအခါ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ မဟာဗျူဟာမြောက် လွန်ဆွဲပွဲ အလယ်မှာ ရှိနေပါတယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုကနေ လွတ်ကင်းအောင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်လည်း ဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေကြောင့်ပဲ တရုတ်ပြည်ဟာ မြန်မာအစိုးရရဲ့ ဘဏ္ဍာရေး၊ နိုင်ငံရေး ကျောထောက်နောက်ခံ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ကုမ္ပဏီတွေက မြန်မာ့ သယံဇာတတွေကို လောဘတကြီး ၀ါးမျိုနေတဲ့အပေါ် အတိုက်အခံ အင်အားစုတွေက မခံမရပ်နိုင် ဖြစ်လာကြသလို၊ မြန်မာလူထုအတွင်း တရုတ် ဆန့်ကျင်ရေး သဘောထားတွေ ကြီးထွား လာနေတာကြောင့် နိုင်ငံရေး မငြိမ်မသက် ဖြစ်လာမှာကို မြန်မာအစိုးရကလည်း စိုးရိမ်လာနေတယ်လို့ အဲဒီသတင်းစာက ဖော်ပြထားပါတယ်။






အခုလို ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးနေချိန်အတွင်း တရုတ်မဂ္ဂဇင်း တစ်စောင်မှာပါဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေဟာ လာမယ့် လွှတ်တော်အနေနဲ့ အနာဂတ်မှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပိုမို တင်းကျပ်လာတော့မယ့် နိမိတ် လက္ခဏာပါပဲလို့ The Wall Street Journal က ရေးသားလိုက်ပါတယ်။



ဒီအကြောင်း မရေးချင်ဘူး
ချိုတူးဇော်၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၂ မိုးမခ



မြောက်ပိုင်းကျောင်းသားကိစ္စ ၀င်မရေးလို့ ဆိုပြီး မိတ်ဆွေတယောက်က လာပြောတယ်...
ဘာရေးရမှာလဲ ဗျာ။ ကျနော်ထောင်ထဲရောက်နေတုန်း ရုံးထုတ်တဲ့အချိန် အချုပ်ခန်းဘေးကိုလာ နှုတ်ဆက်သွားတဲ့ကိုရဲလင်း၊ ကျနော်တို့မရှိတုန်း ရုံးခန်းကို အပိုင်စီးတာကွ ဆိုပြီးတက်နေခဲ့တဲ့ စမ်းချောင်းအခသက ဘိုဘိုလေး၊ နောက် ညီနောင်ပါတီဖြစ်တဲ့ မန္တလေးအနကလ က ကိုစိုးလင်း၊ နောက် အောင်နိုင်...။ ဒီလူတွေ အတူထွက်သွားကြတယ်။ တယောက်က ဥက္ကဋ္ဌ လုပ်တဲ့အချိန်မှာ ကျန်တဲ့လူတွေကို ထောက်လှမ်းရေးလို့စွတ်စွဲပြီး ရက်ရက်စက်စက် မကြားဝံ့မနာသာတွေ ကျူးလွန်ခဲ့တယ်။
ကျနော်က ကျန်ခဲ့ရတဲ့ လူဆိုတော့ဘာမှ မပြောနိုင်ဘူး။ ဒါပေမယ့်ဒီကိစ္စတွေ ကို ဖေါ်ထုတ်ဖို့လိုတယ်ဆိုတာ တဖွဖွ ပြောခဲ့တယ်။ ပြည်တွင်းမှာလည်းကိုစိုးလင်းတို့ ဘိုဘိုတို့ဟာ ရင်းရင်းနှီးနှီး ဆိုတော့ အကုန်သိထားတယ်။ နောက်ဆုံး လွမ်းစိမ့် ကိုအတူကြည့်ရင်း ဘိုဘိုလေးက အသစ်တွေအဟောင်းပြန်ဖြစ်ပြီး ကိုထွန်းအောင်ကျော်အသတ်ခံရတဲ့အကြောင်းကို ပြန်ပြောပြီး လဘက်ရည်ဆိုင်မှာ ချုံးပွဲ ချ ငိုခဲ့တယ်။ တောထဲကပြန်ရောက်ကတည်းက ကိုရဲလင်း နဲ့ ကျနော် ၂ ခါ လောက်ပဲဆုံတယ်။
တွေ့စရာလည်း မရှိတာဗျာ...မတွေ့တာပဲ ကောင်းပါတယ် ” လို့ ကျနော်တို့ အချင်းချင်းမတွေ့ကြဘူး။ ဘာမှ တယောက်ကိုတယောက်နာကြည်းစရာမရှိပဲ မတွေ့ချင်ကြဘူး။ ၀င်မပါချင်လို့မပါတာ လို့ ပြောတာ တကယ်ပြောတာဗျာ။
ကိုအောင်မိုးဝင်းနဲ့တွေ့တဲ့ အချိန်မှာ သူပြင်ဆင်ထားတာတွေ နားထောင်ပြီး ၀မ်းသာအားရ တိုက်တွန်းခဲ့တယ်။ သူက စမတ် ဖြစ်တယ်၊ အချက်ကျကျ လုပ်သွားတာပါပဲ။ တိုက်တွန်းခဲ့တာပါပဲ။ ဒါပေမယ့် ကိုယ်တိုင်တော့ ဘယ်က ဘယ်လိုစရမှန်း မသိအောင် ပဲ။ ကာယကံရှင်လား ဆိုတော့မဟုတ်၊ ကိုယ်တိုင်ဂဃဏန လည်းမသိဘူး။ နောက် ကျနော် နားမထောင်နိုင်၊ မဖတ်နိုင်ဘူး။ ပျော့ညံ့တယ် ပဲ ဆိုဆို စိတ်နှလုံးဆင်းရဲလွန်းလို့ဗျာ။
ရွှေဝါရောင် တော်လှန်ရေးကာလမှာ မနီလာသိန်းက သူ့သမီးလေး အကြောင်းပြောရင်း အင်တာဗျူးမှာငိုတော့ မန်းလေးက ကိုတင်သစ်တို့၊ ခု ကဗျာဆရာ ဒုဥက္ကဋ္ဌ ကိုစစ်တို့ရှေ့ မျက်ရည်မထိန်းနိုင်ကျခဲ့ရတယ်။ ကျနော့်ကို ညံ့တယ်ပဲဆိုဆို၊ ဒီလိုကိစ္စမျိုးတွေ ၀င် ကိုမပါချင်ဘူး။ နောက် ဒီကိစ္စတွေကြားတိုင်း၊ ဘေးနားက ကျည်တွေတရွှီရွှီအဖြတ်သွား ခံရတာမျိုး အသည်းတယားယား၊ ကျောတအေးအေး ပါ။ တကယ်ဆို အဲဒီတုန်းက ကျနော့်လည်းကံဖယ်လို့။ တကယ်လို့များပါသွားခဲ့ရင် သေရောပေါ့။ ဒီလိုပါးစပ်၊ ဒီလိုပြောတတ်၊ ရေးတတ်ပုံမျိုးနဲ့။
ကိုရဲလင်း က ကံကိုပါတာဗျ။ မြိတ်သပိတ်စခန်းထဲမှာတုန်းကလည်း နှစ်ယောက်ထဲ ရန်ကုန်သား။ သပိတ်စခန်းထဲ က လူမိုက်ခေါင်းဆောင်တယောက်နဲ့ညိပြီး အဲဒီ လူမိုက်ခေါင်းဆောင်က အစည်းအဝေးပွဲမှာ သူလည်း ရှုံးရော၊ အောက်ဆင်း သူ့တပည့်လုံခြုံရေးတွေကို ခေါ်ပါးရိုက်၊ ပြီးတော့ မင်းတို့အသုံးမကျဘူး ကျောင်းပေါ်မှာ ထောက်လှမ်းရေးတွေ ရောက်နေပြီ လို့ ပြောခဲ့တယ်။ သပိတ်စခန်းတခုလုံးဗျာ..ခေါင်းစည်းအနီတွေနဲ့၊ လှံတွေ၊ မှိန်းတွေနဲ့၊ မြိတ်မှာဆိုတော့ သေနတ် တွေ လက်ပစ်ဗုံးတွေတောင် ရှိတယ် ဆိုပဲ။ အဲဒီတုန်းကလည်း မနည်းရှင်းခဲ့ရတယ်။ ကံကောင်းလို့ ခေါင်းဖြတ်မခံရတယ်။ ကျနော်တို့ ၈၈၈၈ မတိုင်မီ ပင်လယ်ထဲက ရွာတွေလျှောက်သွားခဲ့ စည်းရုံးရေးဆင်းခဲ့တုန်းက ရွာကလူတွေ သပိတ်စခန်းထဲရှိနေ၊ ၀ိုင်းအာမခံပေးပေလို့သာပေါ့။
အဲဒီလူမိုက်ခေါင်းဆောင်ဟာ ညစ်ပတ်တဲ့စိတ်နဲ့ အဲဒီလိုလုပ်ခဲ့သလိုပဲ၊ ၈၈ ထဲမှာ ဒီလို၊ အဲဒီလို ညစ်ပတ်တဲ့စိတ်ရှိတဲ့ ကျောင်းသားခေါင်းဆောင်တချို့ပါလာတယ်။ ဒီလိုလူတွေကြောင့် ဒီလို မကြားဝံ့မနာသာ ဖြစ်ရပ်တွေဟာ ဖြစ်ခဲ့ရတယ် လို့ကျနော်တော့ယူဆပါတယ်။



အဲဒီကတည်းက ကိုရဲလင်းကို ကျနော် အကြိမ်ကြိမ်သတိတွေ ပေးခဲ့ဖူးတယ်။ ကိုရဲ ကို မေးကြည့်ပါ။
ပါတီနိုင်ငံရေးကာလတလျှောက်မှာလည်း ရွေးကောက်ပွဲလုံးဝမ၀င်ပါဘူး လို့ ကြွေးကြော်လုပ်နေ သည့်တိုင် အမျိုးမျိုးညစ်ညစ်ပတ်ပတ် လုပ်တာကိုင်တာတွေ၊ တိုက်တာတွေရှိခဲ့တယ်။ တိုင်းရင်းသား ကျောင်းသား လူငယ်ပါတီတွေနဲ့ ညီညွတ်ရေးတွေ ပျက်ခဲ့ရဘူးတယ်။ ဘယ်သူဘယ်ဝါလို့တော့ နာမည်တပ်မပြောချင်တော့ဘူး။



ပြောရရင် ခုချိန်မှာလည်း ဒီလူတွေ ပြည်တွင်းနိုင်ငံရေးလောကကို ပြန်ဝင်ဖို့ပြင်ဆင်နေတယ်၊ ကြိုးစားနေတယ် လို့ ကျနော်မြင်မိတယ်။ အာဏာရှင်အုပ်စုက သူတို့ကိုပြန်အသုံးချနိုင်တယ်။ လက်ဝါးချင်းရိုက် လက်သပ်မွေးနိုင်တယ်။ ဒီတော့ သတိထားဖို့ပဲ ပြောချင်ပါတယ်။ အာဏာရှင်က ဒါကို ၀င်ပြီး အသုံးချမှာပဲ စိုးရိမ်တယ်။



ကိုယ့်ဘက်ကအမြတ်ထွက်မယ့် နိုင်ငံရေး အတိုး တခုခုယူနိုင်ရင် ကောင်းမလား စဉ်းစားမိတယ်။ အဲဒီ ရဲဘော်တွေဟာ နစ်နာခဲ့သလို၊ နိုင်ငံရေးစင်ပေါ်ကနေ ကန်ထုတ်ခံခဲ့ရသလိုပဲ။ ခုချိန်မှာ သူတို့ဦးဆောင်လှုပ်ရှားနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတခုခုပေါ်လာနိုင်မလား စဉ်းစားမိပါတယ်။ ငြိမ်းချမ်းရေးအတွက်ပေါ့။ အဲဒီ နစ်နာခဲ့တဲ့ ရဲဘော်တွေ နစ်နာထားတာနဲ့အမျှ တန်တဲ့ သမိုင်းအမြတ်တခု ထွက်စေချင်တယ်။



ကိုရဲလင်းတို့ကိုသူတို့အမေပြန်သွားခေါ်တော့ အောင်နိုင်က မထိတထိနဲ့ “အောင်ဇော်မင်း ကိုလည်းပြောလိုက်စမ်းပါ၊ သိပ်သတိရတယ် လို့” လို့ပြောလိုက်သတဲ့။ သဘောကတော့ ကျနော့်ပါ စွပ်စွဲချင်တာပေါ့လေ။ ခု ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာရေးတော့ ရော်နယ်လ်အောင်နိုင် လို့နာမည်တပ်ထားတဲ့ အောင်နိုင် ကျနော့်ကို မိတ်ဆွေလာဖွဲ့တယ်။ ကျနော် သူ မိတ်ဆွေဖွဲ့တာ လက်မခံခဲ့ဘူး။ သူ ဒီစာဖတ်ဖြစ်ရင်သိဖို့ပြောမယ်။



ဇော်ရဲဝင်း ထောင်ထဲက သယ်လာလို့ ၀ဲတွေကူးကြတဲ့ကြားက ဆောင်းတွင်း ကြမ်းပြင်မှာ စောင်လုခြုံပြီး အတူအိပ်ခဲ့ကြ၊ စားစရာမရှိလို့ဆန်ပြုတ်သောက်ကြ၊ ဆေးပေါ့လိပ်တိုဖင်စီခံကို လုသောက်ကြကတည်းက သူငယ်ချင်း ရဲဘော် ဆိုတာ ဖွဲ့ခဲ့ကြပြီးပြီ။ တယောက်ကို တယောက် အသက်ပေးပေါင်းတယ် ဆိုတာ ကာကွယ်ဖို့၊ သတ်ပစ်ဖို့မဟုတ်ဘူး။ ခင်ဗျားနဲ့ကျနော် ဒီတသက် ဘယ်တော့မှ မိတ်ဆွေ ပြန်ဖြစ်နိုင်စရာအကြောင်းမရှိတော့ဘူး ဆိုတာပါဘဲ။
နာတယ်ဗျာ၊ ဒီအကြောင်းတွေ သိပ်မရေးချင်ဘူး။ ။



ဂက်စ်ပိုက်လိုင်း လျော်ကြေးငွေနည်း သျှမ်းတောင်သူများလက်မခံ
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 15 သျှမ်းသံတော်ဆင့်သတင်း



ဂက်စ်ပိုက်လိုင်းဖြတ်သန်းခ လျော်ကြေးငွေနည်းသဖြင့် လယ်မြေလက်လွတ်ဆုံးရူံးသွားသော သျှမ်းပြည် (မြောက်ပိုင်း) နမ့် ခမ်းမြို့နယ် မိုင်းဝီးကျေးရွာမှ လယ်သမားများ လက်ခံခြင်းမရှိကြောင်း သိရသည်။



ဒေသခံများ၏ လယ်များအား သိမ်းယူပြီး ပိုက်လိုင်းသွယ်တန်းဖြတ်သန်းထားပုံ ( ဓာတ်ပုံ- SHAN)

အဆိုပါ ဂက်စ်ပိုက်လိုင်းဖြတ်သန်းရန် မိုင်းဝီးကျေးရွာရှိ လယ်မြေ ၄၄.၅ ဧက သိမ်းပိုက်ခံခဲ့ရပြီး ယမန်နေ့က လျော် ကြေး ပေးရန် နမ့်ခမ်းမြို့နယ်မြေစာရင်းဦးစီးအရာရှိ ဦးကျော်စိုး၊ မြန်မာ့စွမ်းအင်ဋ္ဌာနမှ ဦးမျိုးမြင့်အောင်တို့ပါဝင် သည့်အဖွဲ့က မြေအသိမ်းခံ လယ်သမားများကို ခေါ်ယူလက်မှတ်ထိုးခိုင်းကြောင်း သိရသည်။



လယ်သမားများဘက်မှ ကျေနပ်ကြောင်း လက်မှတ်ထိုးခိုင်းခြင်း ဖြစ်ပြီး မြေတစ်ဧက ပြင်ပပေါက်ဈေး ကျပ်သိန်း ၄၀ ၀န်း ကျင်တန်သည့် မြေတစ်ကွက်အတွက် သိန်း ၃၀ ခန့်သာ အများဆုံးပေးသဖြင့် လယ်သမားတချို့ မကျေနပ်၍ လက်မှတ် မထိုးကြောင်း မိုင်းဝီးဒေသခံလယ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။



မိုင်းဝီးမှာ မနေ့ကနဲ့တနေ့က အစည်းအဝေးခေါ်ပြီး လက်မှတ်ထိုးခိုင်းတာပေါ့နော် မြေလွတ်မြေရိုင်းလည်း ပါတယ် ထင်းခြံ ရာဘာခြံ ၊ လက်ဖက်ခြံ ၊ လယ်မြေတွေပါတယ် ပထမတန်းစား ၊ ဒုတိယတန်းစား တတိယတန်းစားဆိုပြီး ခွဲပေးတာပေါ့ ပထမတန်းစားက သိန်း ၃၀ ပေးတယ် ဒုတိယက ၂၅ သိန်း တတိယက ၂၀ ဈေးပေးတာနည်းတဲ့အတွက် လယ်သမား တွေက သဘောမတူကြဘူး လက်မှတ်မထိုးဘူး ” ဟု ဆိုသည်။



မိုင်းဝီးဒေသတွင် မြေတစ်ဧက သိန်း ၄၀ ၀ယ်မည့်သူရှိသော်လည်း ရောင်းသူမရှိကြောင်း စိုက်ပျိုးထားသည့် အရင်း အနှီးနှင့် ရရှိသည့် လျော်ကြေးငွေမကာမိ၍ လက်မခံခြင်း ဖြစ်ကြောင်း အဆိုပါကိစ္စ သက်ဆိုင်ရာသို့ တိုင်ကြားရန် စီစဉ်နေကြောင်း သူက ဆက်ပြောသည်။



ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ တရုတ်နိုင်ငံအထိ သွယ်တန်းမည့် သဘာဝဓါတ်ငွေ့နှင့်ရေနံပိုက်လှိုင်းအား သျှမ်း ပြည် (မြောက်ပိုင်း) နမ္မတူမြို့နယ်ဘက်မှ ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့နယ် အတွင်းရှိ မိုင်းမော် ၊ တက္ကနိုင်း၊ မိုင်းဝီးကျေး ရွာများအတွင်း ဖြတ်သန်းခြင်းဖြစ်ပြီး အဆိုပါဒေသခံများ၏ လယ်ယာမြေများ သိမ်းယူခြင်းခံနေရကြောင်း သိရသည်။






နောက်ဆုံး






မြန်မာစစ်တပ်အချင်းချင်းမှားပစ် နှစ်ယောက်သေ ရွာထဲသို့လက်နက်ကြီးများကျ
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 15 သျှမ်းသံတော်ဆင့်သတင်း



မြန်မာစစ်တပ်အချင်းချင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံလူထုရပ်ကွက်အတွင်းသို့ လက်နက်ကြီး ၁၀ လုံးထက် မနည်း ကျရာ ရွာဘုရားကျောင်း အပျက်အစီးရှိပြီး၊ နောင်ချိုတပ်မှ နှစ်ယောက်သေဆုံးသည်ဟု ဆိုသည်။






ပိုက်လိုင်းလုံခြုံရေးတာဝန်ကျတဲ့ မြန်မာတပ်ရင်း ၅-၆ ရင်းလောက်ရှိတယ်။ အဲ့ထဲက ပန်ဝါဖက်လှုပ်ရှားနေတဲ့ ခမရ ၅၀၆ နဲ့ ခမရ ၁၁၅ (မိုင်းဟိုင်းစခန်းချ)။ သူတို့အချင်းချင်းမှားပစ်ကြတယ်။ နာရီဝက်နီးနီးလောက်ပေါ့။ ရွာထဲလက်နက်ကြီး တွေကျတာ။ ခရစ်ယာန်ဘုရားကျောင်း ပျက်စီးကုန်တာ” ဟု အမည်မဖော်လိုသည့် ကျားဖြူပါတီဝင်တဦးကပြောသည်။



ရေနံ/ဂက်စ်ပိုက်လုံး လုံခြုံရေးအတွက် မန်တုံမြို့နယ်ဘက် ရောက်ရှိလှုပ်ရှားသည့် နောင်ချိုမှ ခမရ ၁၁၅၊ နမ္မတူမှ ခလရ ၁၃၀၊ ခမရ ၃၂၄၊ ကျောက်မဲမှ ခမရ ၅၀၁၊ ၅၀၂ နမ့်လန်မှ ခမရ ၅၀၆ တို့အနက် နမ့်တူမြို့နယ် ပန်ဝါအုပ်စုဖက်လှုပ်ရှား သည့် ခမရ ၁၁၅ နှင့် ခမရ ၅၀၆ တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးသည်ဟုဆို၏။



နမ့်လန်အခြေစိုက် ပန်ဝါကျေးရွာ အဝင်လမ်း၌ စခန်းချသည့် ခမယ ၅၀၆ က ကင်းလှည့်လာသော ခမရ ၁၁၅ အား ဆီးကြိုတိုက်ခိုက်ခြင်းဖြစ်ကြောင်း လှုပ်ရှားစစ်ဗျူဟာမှူး ဒု ဗမကတင်ဝင်းအောင် ညွှန်ကြားမှ ပစ်ခတ်မှု ရပ်ကြကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။



ရွာသားတွေ ထိခိုက်ဒဏ်ရာရတာတော့မကြားမိဘူး။ ဘုရားကျောင်း အဆောက်အဦး တချို့ပျက်တယ်၊ လယ်နဲ့ ခြံအတွင်း စိုက်ခင်းတွေပျက်တယ်။ ခမရ ၁၁၅ ကတော့ ၂ ယောက်သေ တယ်လို့ သိရတယ်။ ဒီ ခမရ ၁၁၅ ကဘဲ ပြီးခဲ့တဲ့လ ၈ ရက် ကလဲ ကချင်တပ်နဲ့တိုက်ပွဲဖြစ်လို့ သူတို့ပစ္စည်း ထမ်းခိုင်းဖို့ ဖမ်းသွားတဲ့ ကချင်ကျောင်းသား လေး ၁ ယောက်တောင်မှ ခြေ ထောက်မှာ ဒဏ်ရာရသွားတာကော်။ ဒီ ၁၁၅ ကတော့ ရွာထဲဝင်ရင် ဓါးပြဘဲ။ ရွာသား တွေရဲ့ပစ္စည်းတွေယူတယ်။ အိမ်ရှင်မရှိရင်လဲ အိမ်သော့ဖျက်ပြီး ဝင်မွှေတယ်။ ပန်ဝါရွာသူကြီးတောင်မှ အိမ်ဝင်မွှေခံရသေးတာဘဲ” ဟု လားရှိုးရောက် နမ့်တူမြို့နယ်မှ ဒေသခံတဦးကပြောပြသည်။



ခမရ ၁၁၅ တပ်ရင်း၏ ရွာထဲဝင်ရောက်မွှေနှောက် လုယက်ယူငင်မှု၊ ဒေသခံလူထုအား ပေါ်တာဖမ်းဆီး ခေါ်ဆောင်မှု၊ အပတ် စဉ် ဆင့်ဆိုသောကြက်၊ ဝက် အသားငါးနှင့် စားသောက်ဖွယ်ရာများ အိမ်မွေး တိရိစ္ဆာန်များအား သွားရောက်ပို့ ဆောင် နေရ မှုတို့ကြောင့် နမ့်ဟိုင်း၊ မော်နေဒေသခံလူထုအများစုမှာ တရုပ်ပြည်သို့လည်းကြောင်း ထိုင်းနိုင်ငံသို့ လည်းကောင်းထွက် ပြေးတိမ်းရှောင်နေကြရကြောင်း နမ့်တူဒေသခံများက ပြောသည်။



အောက်တိုဘာလကလည်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ် မိုင်းတတ်ကျေးရွာအုပ်စုဝင် မိုင်းဆိန်ရွာဘက် နယ်လှည့် သည့် ခလရ ၁၄၇ လက်အောက်ခံ မြန်မာ့စစ်ကြောင်း တကြောင်းက နှစ်ဖွဲ့ခွဲပြီးရွာအဝင် ကေအိုင်အေထောင်ထားသည်ဟု ယူဆရသော မိုင်းနင်းမိသဖြင့် ၁ နာရီနီးပါးကြာအောင် အချင်းချင်းမှားပစ်မိရာ ၇ ဦးထက်မနည်းသေဆုံးခဲ့သည်။



ထိုအတွက်ကြောင့် မန်တုံမြို့နယ် ပန်ဝါ ရွာဘက် လှုပ်ရှားသော ခမရ ၃၂၄ ဒုတပ်ရင်းမှူး ဇော်မျိုးအောင် နှင့် ဗိုလ်ကြီး ဇင်မြတ်လင်းတို့ ဦးဆောင်သော စစ်ကြောင်းတကြောင်းက ပန်ဝါ ရွာသူရွာသား ၇၀ ကျော်အားဖမ်းဆီး ချုပ်နှောင်ကာ ပန်ဝါ ရွာသူကြီးနှင့် ဆိုင်ရှင် ဦးမာထွန်းကိုလည်း ကြိုးတုပ်နေ လှန်းရိုက်နှက်စစ်ဆေးခဲ့ဖူး ကြောင်း သိရပါသည်။



မိုးမခ

No comments:

Post a Comment