သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Wednesday, January 11, 2012

Jan 11


Jan 11 သတင်းများ
မိုးမခက ဖြန့်သည်


ကာတွန်း ဘီရုမာ - တဥတည်းကပေါက်တာ ဒို့မမှုပါ
မိုးမခ

စစ်ပြေး ဒုက္ခသည် ကလေးငယ်များ ပညာရေး အခက်ကြုံ
Published on January 11, 2012 by နေသွင် · DVB

ဆင်းရဲမွဲတေမှု ပပျောက်ရေး ကြိုးပမ်းချိန် သံတွဲတွင် လူထုထံမှ ငွေကောက်ခံဆဲ
Published on January 11, 2012 by ​အေး​နိုင် · · DVB

ထိုင်းမှာ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ မြန်မာအလုပ်သမား​တချို့ ကျန်းမာရေးအာမခံ မရ
Published on January 11, 2012 by မန်းစိုင်းမွန် · · DVB

အပစ်ရပ်ရေးဆွေးနွေးမည့် ကေအန်ယူကို ပြည်သူများ ကြိုဆို
Published on January 11, 2012 by နော်နိုရင်း · · DVB

အရန်ဆန်ဝယ်ယူရေးအဖွဲ့က ဈေးပိုပေးသင့်ဟု လုပ်ငန်းရှင်များပြော
Published on January 11, 2012 by ရွှေအောင် · · DVB

ကျောက်ဆည်တက္ကသိုလ်ရှေ့ အကြမ်းဖက်မှု လူသေဆုံး
Published on January 11, 2012 by ​အေး​နိုင် · · DVB

ပြည်သူတွေ အကျိုးရှိမယ့်အရာကို လုပ်ဆောင်မယ် (ဒေးဗစ်ထော)
Published on January 10, 2012 by နော်နိုရင်း · · DVB
သမ္မတကြီးဖတ်ဖို့ ရေးတဲ့စာ
ခင်စုကြည် ဇန်န၀ါရီ ၁၁၊ ၂ဝ၁၂ မိုးမခ

အကောက်ခွန်တား ကားများအား ဒဏ်ဆောင်၍ ပြန်ထုတ်နိုင်
မင်းသက် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၀ မဇ္ဈိမ

ဗမာက ကချင်ကို ဂရုစိုက်ကြောင်း နာရေးအသင်း ပြသလို
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၁ မဇ္ဈိမ

ပြည်သူ မျက်ရည်ကျချိန် မနောပွဲ မလုပ်လိုတဲ့ ကချင်ပြည်
ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၀ မဇ္ဈိမ

ကချင်တိုက်ပွဲ ဖားကန့်ကို ရောက်မလား
By featured, သန်းထိုက်ဦး on January 11,ဧရာဝတီ

နိုင်ငံရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်စေလို
By featured, ဧရာဝတီ on January 11,ဧရာဝတီ

နယ်စပ်ကုန်သွယ်ရေးကို အကောက်ခွန်လက်သို့ ပြန်လွှဲ
By featured, ဧရာဝတီ on January 11,,ဧရာဝတီ

ရခိုင် သဘာဝဓာတ်ငွေ့ ခွဲတမ်းရရေး တရားဝင် မဖြစ်သေး
By featured, ခင်ဦးသာ on January 11,,ဧရာဝတီ

အင်္ဂါ, 10 ဇန်နဝါရီ 2012
ဒေါ်စု ကော့မှူးမြို့နယ်က ဝင်ပြိုင်မည်
By မသင်းသီရိ VOA

အပစ်ရပ်ရေး ပြေပြေလည်လည် ညှိနှိုင်းပြီးမှ KNU လက်မှတ်ထိုးမယ်
2012-01-10 RFA

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းထဲမှာ လူငယ် သုံးပုံတစ်ပုံ ပါဝင်
2012-01-10 RFA

မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ ဂျပန် ကူမယ်
2012-01-10 RFA
ဦးရုက္ခစိုးနှင့် ယဉ်ကျေးပျူငှာ ရွှေမြန်မာ
By featured, ရန်ကုန်သားတာတေ on January 11, ဧရာဝတီ
==================================




စစ်ပြေး ဒုက္ခသည် ကလေးငယ်များ ပညာရေး အခက်ကြုံ
Published on January 11, 2012 by နေသွင် · DVB

ကချင်ပြည်နယ်တွင်းမှာ လပေါင်းများစွာ ဆက်တိုက်ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ကလေးငယ်တွေ ပညာသင်ကြားရေး အခက်တွေ့နေရတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
မြစ်ကြီးနား အရှေ့ဘက်မိုင် ၈၀ ကျော်ဝေးတဲ့ တရုတ်၊ မြန်မာနယ်စပ်က စစ်ပြေးဒုက္ခသည် ၁၆၀၀ ၀န်းကျင်ခိုလှုံနေတဲ့ စိန်ကြိုင် ဒုက္ခသည်စခန်းကို အကူအညီပေးဖို့ ရောက်နေတဲ့ ကိုဝင်းဘိုက ခုလို ပြောပါတယ်။

ကလေးတွေ ပိုများတယ်။ ၇ နှစ်ကနေ ၁၀ နှစ်ထိ ကလေးတွေ၊ ပိုများတဲ့အပြင် အဲဒီကလေးတွေက ၄ တန်း၊ ၅ တန်း၊ ၆ တန်း ကျောင်းတက်နေတဲ့ ကလေးတွေ၊ အဲဒီတော့ မိဘတွေက ရွာတွေဘာတွေ ပစ်သွားတဲ့အခါကျတော့ ယနေ့ချိန်ထိ အဲဒီမှာနေတဲ့ ကျောင်းသားကလေး တယောက်မှ ကျောင်းမတက်ရဘူး။ ဒီအတိုင်းပဲ နေကြရတယ်။ ကျနော်တို့ သိတဲ့အတိုင်းဆို မူလတန်း ကျောင်းသားဦးရေ ၂၀၀ ကျော်လောက် ရှိတယ်။”

မနှစ်ဇွန်လက စခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်း သောင်းနဲ့ချီ ထွက်ပြေးခဲ့ရပြီး မကြာသေးတဲ့ ရက်ပိုင်းကအထိ ရွာလုံးကျွတ် ပြောင်းရွှေ့ ထွက်ပြေးတာတွေလည်း ဖြစ်ပေါ်နေပါတယ်။

အခုရက်ပိုင်း အတွင်းမှာပဲ ဖားကန့်မြို့နယ် မိုးကောင်းနဲ့ ဖားကန့်လမ်းကြားက ရွာငယ်တွေက စစ်ပြေးဒုက္ခသည် ၅၀၀ ၀န်းကျင် မြစ်ကြီးနား အနောက်ဘက် မိုင် ၁၀၀ လောက်ဝေးတဲ့ မော်စီစာဆိုတဲ့ ရွာက ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံဖို့ ရောက်နေတယ်လို့ ဒေသခံ ကိုစိုးနိုင်က ပြောပါတယ်။

မူလတန်း ကျောင်းသားတွေ ၆၀ လောက်ရှိတယ်။ ရိပ်သာမှာ ယာယီကျောင်း အဖြစ်နဲ့ လုပ်ပြီးတော့ ခရစ်ယာန်ကျောင်းကရော၊ ရွာကရာ ပေါင်းပြီး ယာယီကျောင်းလေး ဖွင့်ထားတယ်။ နဂို ရွာကျောင်းလေးတွေက ဆရာ၊ ဆရာမတွေလည်း လာဝိုင်းသင်ပေးတယ်။ မူလတန်းအကုန် လေးတန်းထိ။”

ဒုက္ခသည် အကူအညီပေးရေး အဖွဲ့တွေကတော့ ကချင်ပြည်နယ်မြို့ပေါ်မှာပဲ ဒုက္ခသည် ၇ သောင်းဝန်းကျင် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ဒုက္ခသည် အကူအညီပေးရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ လူထုအလင်းကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့က မေလီအောင်က စစ်ပြေးဒုက္ခသည်တွေထဲမှာ ကလေးငယ်တွေ သောင်းနဲ့ချီ ရှိမယ်လို့ ခန့်မှန်းပါတယ်။

အခုကျတော့ ကလေးတွေက အကုန်လုံး ကျောင်းတွေပိတ်ထားတော့ ဒုက္ခသည် ၁၀၀၀ မှာ ကလေးက ၆၀၀ ကျော်ပါတယ်။ ထက်ဝက်ကျော်က ကလေးတွေ ဖြစ်နေတယ်။ ကလေးတွေ အများကြီးဖြစ်ပြီး ဘာမှလည်း ကလေးတွေအတွက် ၀ိုင်းဝန်း စောင့်ရှောက်တာလည်း မလုပ်နိုင်တော့ အကြီးအကျယ် ဒုက္ခရောက်နေတယ်။”

ကေအိုင်အိုနဲ့ အစိုးရအဖွဲ့ကြားမှာ မနှစ်ဇွန်လကစလို့ အပစ်ခတ်ရပ်စဲရေး ပျက်ပြားခဲ့ပြီး တိုက်ပွဲတွေ ဆက်တိုက် ပြန်ဖြစ်နေတာပါ။ အစိုးရဘက်က အပစ်ရပ်စဲရေး ဆွေးနွေးလိုပေမယ့် ကေအိုင်အေဘက်ကတော့ နိုင်ငံရေး အဖြေတရပ် ရှာဖို့အထိ လိုလားနေပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်းမှာ ကေအိုင်အေနဲ့ အစိုးရကြားမှာ ဆွေးနွေးပွဲတွေ ပျက်လိုက်၊ ပြန်စလိုက်ဖြစ်ခဲ့ပြီး၊ ဒီလထဲမှာနောက်ထပ် ဆွေးနွေးပွဲတွေ ပြန်စဖွယ်ရှိတယ်လို့ ကေအိုင်အို အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။

ဒီဇင်ဘာလ လလယ်လောက်မှာ သူတို့ကနေ ကေအိုင်အိုနဲ့ သီးခြားတွေ့ဆုံဖို့ ၁၁ ဦးပါတဲ့ ကိုယ်စားလှယ်တဖွဲ့ ဖွဲ့စည်းထားတာကို ကျနော်တို့သိရတယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု လုပ်ကြမယ်ဆိုပြီး ကမ်းလှမ်းလာလို့ ကျနော်ပဲ ပြန်ပြီးတော့ အကြောင်းပြန်တာပေါ့။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ကို အမြဲတမ်း အဆင်သင့်အနေနဲ့ စောင့်နေတာပါ။ သူတို့ကတော့ ဇန်န၀ါရီလ အတောအတွင်းမှာ တွေ့ဆုံ ဆွေးနွေးလို့ရအောင် လုပ်ကြရအောင်ဆိုပြီး အပေါ်ယံ အကြမ်းဖျဉ်းအားဖြင့် ပြောဆိုထားတာတွေ ရှိတယ်။”

ကချင်ပြည်နယ်မှာ အခုစစ်ပွဲတွေ ဆက်ဖြစ်နေရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ကေအိုင်အေရဲ့ နယ်မြေထဲကို အစိုးရတပ်တွေက တိုးချဲ့လာလို့ ထိပ်တိုက်တွေ့ရတာလို့ ကေအိုင်အေက ဆိုပြီး အစိုးရဘက်ကတော့ ကေအိုင်အေဘက်က ဖျက်ဆီးထားတဲ့ လမ်းတံတားတွေ ပြန်လည် တည်ဆောက်ရေးအတွက် နယ်မြေရှင်းလင်းရေး လုပ်တာလို့ ဆိုပါတယ်။

ဆင်းရဲမွဲတေမှု ပပျောက်ရေး ကြိုးပမ်းချိန် သံတွဲတွင် လူထုထံမှ ငွေကောက်ခံဆဲ
Published on January 11, 2012 by ​အေး​နိုင် · · DVB

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ နယ်မြေခံအာဏာပိုင်တွေဟာ ဒေသခံတွေ ထံကနေ တအိမ်ထောင်ကျပ် ၄၅၀၀ ကောက်ခံသွားလို့ ပေးလိုက်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်​။

တပ်မတော်​ နယ်လှည့်ဆက်ဆံရေး​ ကဇာတ်အတွက် ဒီဇင်ဘာ လကုန်ပိုင်း တုန်းက ရခိုင်ပြည်နယ် သံတွဲမြိုနယ်ရပ်ကွက်တွေမှာ တအိမ်ထောင်ကို ကျပ်ငွေ ၁၅၀၀ ကောက်ခံသွားပုံကို သံတွဲမြို့ခံတဦးက ပြောပါတယ်​။

ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ကလာပြီးတော့ နယ်လှည့်ဆက်ဆံရေးအဖွဲ့အတွက် ဆိုပြီး တအိမ်ထောင်ကို ၁၅၀၀ ကောက်တယ်ဆိုတော့ အိမ်တိုင်း ၁၅၀၀ စီ ထည့်လိုက်ရတာပေါ့။ မြို့ထဲက ဘောလုံးကွင်းနားလေးမှာ တရက် ကသွားတယ်။ နောက် ပင်လင်ကမ်းခြေမှာပဲ သူတို့ ၂ ရက်လောက် ကသွားတယ်။ ငပလီမှာက တပ်ရင်းတွေ ရှိတယ်လေ။ ခလရ ၅၅၊ ခမရ ၅၆၆ တို့ သွားကတယ်လေ။”

မြို့နယ်အုပ်ချုပ်ရေးမှူးက ကောက်ခံခိုင်းတယ်ဆိုပြီး မြို့ပေါ်က ရပ်ကွက် ၇ ခုမှာ လာရောက် ကောက်ခံသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ နယ်လှည့်ဇာတ်ဟာ မြို့ပေါ်မှာ တညကပြပြီး ငပလီကမ်းခြေမှာ နှစ်ည ကပြတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ အားကစားလအတွက်လည်း တအိမ်ထောင်ကို ကျပ် တထောင့်ငါးရာ ကောက်ခံသွားတယ်လို့လည်း ပြောပါတယ်။ ဒီလဆန်းပိုင်းကလည်း မီးကင်းကြေးဆိုပြီး တအိမ်ထောင်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျပ်ငွေ တထောင့်ငါးရာ ကောက်ခံ သွားပြန်တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေဟာ ခုလို ငွေအတင်းအကျပ် ကောက်ခံတာမျိုး အရင် နှစ်တွေကလည်း လုပ်ခဲ့ကြပေမယ့် ဒီမိုကရေစီစနစ်သွားမယ့် ခုလိုအချိန်မျိုးမှာတော့ မလုပ်သင့်တော့ဘူးလို့ အဲဒီမြို့ခံက ပြောပါတယ်။

ဘယ်ကြည်ဖြူမလဲ။ တကြိမ်လည်း မဟုတ်။ နှစ်ကြိမ်လည်း မဟုတ် ဆိုတော့ ကျနော်တို့တောင် ၄၅၀၀ ဖြစ်သွားပြီလေ။ ဒီငွေက မိသားစုတစုအတွက် စားသောက်လို့ရတယ်လေ။ တော်တော်တန်တန် အိမ်တွေဆို ဘယ်တတ်နိုင်မလဲ။ ညည်းကြတာပေါ့။ အစိုးရလည်း ပြောင်းလဲသွားပြီ။ ဘာကြောင့် ငွေတွေ ထည့်နေကြတာလဲဆိုတာ လူတိုင်းလိုလို ပြောနေကြပြီ။”

သမ္မတဦးသိန်းစိန်က ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ကြိုးပမ်းနေတယ်လို့ ကတိပြု ဆောင်ရွက်ပေမယ့် အောက်ခြေမှာ ပြည်သူတွေဟာ တပ်မတော်နဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အပါအ၀င် ဒေသခံ အာဏာပိုင်တွေရဲ့ ကောက်ခံတဲ့ ငွေကို ပေးဆပ်နေရဆဲ ဖြစ်ပါတယ်။

ထိုင်းမှာ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ မြန်မာအလုပ်သမား​တချို့ ကျန်းမာရေးအာမခံ မရ
Published on January 11, 2012 by မန်းစိုင်းမွန် · · DVB

ထိုင်းက မြန်မာအလုပ်သမားတွေဟာ နိုင်ငံသားစိစစ်ရေး လုပ်ပြီးမှ ကျန်းမာရေး အာမခံ မရှိတော့သူတွေ ဖြစ်သွားကြပါတယ်။

ထိုင်းနဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ နှစ်လယ်ကနေ ဒီနှစ်အထိ ပူးပေါင်း ဆောင်ရွက်မှုတွေ အရ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမား ၂ သန်းလောက်ထဲက ၇ သိန်းကျော်ဟာ မြန်မာ ယာယီနိုင်ငံကူးလက်မှတ်နဲ့ ထိုင်း ဥပဒေနဲ့ အညီ အလုပ်လုပ်ခွင့် ရထားကြပြီလို့ ထိုင်းအလုပ်သမားရေး ဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် အလုပ်ရှင်အများစုဟာ သူတို့ရဲ့ အလုပ်သမားစာရင်းကို လူမှုဖူလုံရေး အာမခံဌာနမှာ စာရင်းသွား မတင်ပေးကြတဲ့ အတွက် အလုပ်သမား အများစု အခက်အခဲ တွေ့နေရပါတယ်။

HRDF ခေါ် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက မြန်မာအလုပ်သမားရေးရာ တာဝန်ခံ တဦးဖြစ်သူ ဦးစိန်ဌေး ပြောပြတာက
ပတ်စ်ပို့ရထားတဲ့ အလုပ်သမားအားလုံး ၇ သိန်းလောက် ရှိတဲ့အထဲမှာ ၅ သောင်းလောက်ပဲ စာရင်းဝင်သေးတဲ့ အခါကျတော့ ကျန်တဲ့ အလုပ်သမားတွေ ဘာခံစားခွင့်မှ မရှိဘူး။ နဂိုက ဘတ် ၃၀ ကုန်တဲ့ ကျန်းမာရေးအာမခံလည်း မရှိတော့ဘူး။ အဲလိုဖြစ်နေတယ် ပတ်စပို့ရပြီး တရားဝင် အလုပ်သမား ဖြစ်ပြီးခါမှပဲ ဘာအခွင့်အရေးမှ မရသလိုဖြစ်နေတယ်။ သူတို့ ဟာ လက်မှတ်မရှိတဲ့ လူတွေလိုပဲ။ ဆေးရုံကုန်ကျစရိတ်ကို ကိုယ့်ဘာသာ ကိုယ်ပဲ အကုန်ကျခံရတယ်။”

လက်ရှိ ထိုင်းအစိုးရ ဥပဒေအရ အလုပ်သမား လူမှုလုံခြုံရေး အာမခံအတွက် အလုပ်သမားရဲ့ လစာက ၅ ရာခိုင်နှုန်း၊ အလုပ်ရှင်က အဲဒီ ၅ရာခိုင်နှုန်းနဲ့ အညီ ပေါင်းထည့်ဝင်ပြီး အစိုးရက ၂.၇၅ ရာခိုင်နှုန်း ဖြည့်ဆည်းပေးရပါတယ်။

အလုပ်ရှင်တွေက မပေးချင်တဲ့အတွက် သူတို့ရဲ့ အလုပ်သမားစာရင်းကို အလုပ်သမား လူမှုလုံခြုံရေး အာမခံဌာနကို မပေးဘဲ ထားတာ ဖြစ်ပါတယ်။ ဒီအမှုမျိုး ရင်ဆိုင်ရတဲ့ အလုပ်သမားတိုင်းဟာ အလုပ်သမားရေးရာဌာနကို တိုင်ကြား တရားစွဲဆိုပိုင်ခွင့် ရှိပါတယ်လို့လည်း ဆိုပါတယ်။

အခုလက်ရှိ ဖြစ်နေတဲ့ပြသနာက အလုပ်ရှင်က မလျော်တာတွေ တာဝန်မယူတာတွေ။ အလုပ်ရှင်ကိုလိုက်ပြီး တရားစွဲနေရတဲ့အခါကျတော့ နှစ်ရှည်လများ ထိခိုက်ဒဏ်ရာ ရနေတဲ့လူတွေက အလုပ်လဲမလုပ်နိုင်ဘူး။ အမှုကလည်း နှစ်ရှည်လများ ရင်ဆိုင်ရမယ်ဆိုရင် နဂို လမ်းကြောင်းအတိုင်း ဖြစ်သွားမှာ ဘာမှမထူးဘူးလေ။ တရားစွဲတဲ့ဟာကလည်း နိုင်ဦးမှ။”

အပစ်ရပ်ရေးဆွေးနွေးမည့် ကေအန်ယူကို ပြည်သူများ ကြိုဆို
Published on January 11, 2012 by နော်နိုရင်း · · DVB

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ သွားတဲ့ ကရင်အမျိုးသား​ အစည်းအရုံး (ကေအန်ယူ) ကိုယ်စားလှယ်တွေကို​ ဘားအံမြို့ခံ ထောင်ပေါင်းများစွာက ကြိုဆိုခဲ့ကြပါတယ်။

ဒီကနေ့မနက်မှာ ကေအန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ လမ်းကြောကနေ ကရင်ပြည်နယ် ဘားအံမြို့ကို မွန်းလွဲ ၂ နာရီမှာ ရောက်ရှိပါတယ်။

ဘားအံမြို့ ဇွဲကပင်ဟိုတယ်ကို​ ​ရောက်ရှိချိန်မှာ ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ကို အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ သောင်းနဲ့ချီတဲ့ ကရင်ပြည်နယ်က လူထုတွေ ဒုံးအကတွေနဲ့ ကြိုဆိုကြတယ်လို့ ဒီပွဲကို သွားရောက်ခဲ့တဲ့ ဘားအံမြို့ခံတဦးက ပြောပါတယ်။

၂ နာရီလောက် ဇွဲကပင် ဟိုတယ်ကို ရောက်တယ်။ ကေအန်ယူ ဗဟိုအဖွဲ့က အကုန်လုံး ၁၉ ယောက်၊ အစိုးရအဖွဲ့က ၀န်ကြီးချုပ်ဇော်မင်း ဦးစီးပြီးတော့ ဌာနဆိုင်ရာတွေ၊ ကျောင်းသူကျောင်းသားတွေ တော်တော်များတယ်။ လူကတော့ တသောင်းကျော်လောက် ရှိမယ်။ ကရင်ဒုံးယိမ်းနဲ့ ကြိုဆိုတယ်။ စီတန်းပြီး ပန်းကုံးတွေ စွပ်တယ်။ မနက်ဖြန်ကျရင် ရတခ သွားမယ်။ ညစာသွားစားမယ်။”

ဒီညနေပိုင်း အဲဒီဟိုတယ်မှာ နှစ်ဖက် ကိုယ်စားလှယ်တွေ စတင် ဆွေးနွေးနေပြီလို့ လိုက်ပါ သတင်းယူနေတဲ့ သတင်းထောက်တွေက ပြောဆိုပြီး နက်ဖြန်ကျရင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ကေအန်ယူက အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမယ့် လုပ်ငန်းစဉ်ရဲ့ ပထမ အဆင့်မှာ တပြည်လုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲဖို့ အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အမြန်ဆုံးရပ်ဖို့ အပါအ၀င် ပြည်သူတွေရဲ့ ကြောက်ရွံမှု ရပ်တန့်နိုင်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေပါ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကေအန်ယူဟာ ၂၀၀၄ ခုနှစ် အစောပိုင်းတုန်းက ဗိုလ်ချုပ်ကြီး စောဗိုလ်မြ ကိုယ်တိုင် အပစ်ရပ်စဲရေးအတွက် ရန်ကုန်မှာ သွားရောက် ဆွေးနွေးခဲ့ဖူးပါတယ်။

ဒီတခေါက် ဆွေးနွေးမှုမှာတော့ ကေအန်ယူ ဗဟိုကော်မတီမကပဲ ခရိုင်၊ တပ်မဟာနဲ့ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်တွေပါ သွားရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။

ကေအန်ယူဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့ကစပြီး အစိုးရ အဆက်ဆက်ကို တိုက်ပွဲဝင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုခွဲအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အတော်များများ အပစ်ရပ်စဲပြီး အစိုးရဦးစီးတဲ့ ညောင်နှစ်ပင် ညီလာခံ တက်ရောက်ခဲ့ကြပေမယ့် ကေအန်ယူက အပစ်ရပ်စဲခြင်း မရှိခဲ့ပါဘူး။

အရန်ဆန်ဝယ်ယူရေးအဖွဲ့က ဈေးပိုပေးသင့်ဟု လုပ်ငန်းရှင်များပြော
Published on January 11, 2012 by ရွှေအောင် · · DVB

အရန်ဆန် ၀ယ်ယူရေးအဖွဲ့က အနိမ့်ဆုံး ပေးဝယ်မယ့် စပါးဈေးဟာ နည်းတဲ့အတွက် တောင်သူတွေ အဆင်ပြေအောင် ဒီ့ထက် ဈေးပိုပေး ၀ယ်သင့်တယ်လို့ ဆန်လုပ်ငန်းရှင်တချို့က ပြောပါတယ်။

အစိုးရက ဖွဲ့ထားတဲ့ နိုင်ငံတော်အတွက် အရန်ဆန်ဝယ်ယူရေးအဖွဲ့ရဲ့ စပါးတင်းတရာ ကျပ်သုံးသိန်းနဲ့ အနိမ့်ဆုံးဈေး ပေးဝယ်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်တဲ့ အပေါ် ဆန်စပါးလုပ်ငန်းရှင်တွေက ပြန်လည် သုံးသပ်လိုက်ကြတာပါ။

ဆန်စပါး လုပ်ငန်းရှင် တဦးက “အခုက သုံးသိန်းနဲ့ဆိုတော့ သိပ်များ နိမ့်ပါးနေမလားလို့ စဉ်းစားကြည့်တာ။ ကျနော်တို့က နွေစပါးနဲ့ မိုးစပါး ကုန်ကျစရိတ်ခြင်း မတူဘူးလေ။ မိုးစပါးက ကုန်ကျစရိတ် အတော့်ကိုနည်းတယ်။ နွေစပါးကျတော့ တဧကကို တသိန်းခွဲနဲ့ တသိန်းခြောက်သောင်း ၀န်းကျင်မှာ ကုန်ကျစရိတ်ရှိတယ်။ သုံးသိန်း နှစ်သောင်းခွဲလောက် ဆိုရင်တော့ လယ်သမားလည်း ခံသာတယ်။ ကုန်သည်လည်း သူ့ဟာနဲ့သူ အရောင်းအ၀ယ် ဖြစ်တယ်။ ခုချိန်က လယ်သမားက သုံးသိန်းဈေး ဆိုရင် တော်တော်များများ နိမ့်နေမလားလို့။”

ဆန်စပါးဈေးကွက်နဲ့ ထုတ်လုပ်မှုအပိုင်း​ကို ​လေ့​လာသူ ​ဒေါက်တာမျိုး​အောင်​ကျော် ကတော့ အနိမ့်ဆုံးဈေး ကျပ်သုံးသိန်းနဲ့ ပတ်သက်ပြီး ခုလို ပြောပါတယ်။

လက်ရှိ အနေအထားကတော့ စပါးဈေးက သုံးသိန်းအောက်မှာပဲဆိုတော့ ဘာပဲပြောပြော လတ်တလောမှာ ဖြေရှင်းစရာတခုလို့ပဲ မြင်တာပေါ့။ မဆိုးတော့ မဆိုးပါဘူး။ တကယ်တမ်း အချိန်နဲ့တပြေးညီ ၀ယ်ပေးနိုင်ရင်တော့ လယ်သမားက နည်းနည်း အရှုံး သက်သာသွားတာပေါ့။”

အရန်ဆန်ဝယ်ယူရေး အဖွဲ့အနေနဲ့ တောင်သူတွေထံက စပါးဝယ်ဖို့ အများပိုင် ကုမ္ပဏီကြီးတခုဖွဲ့ပြီး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီအပေါ်မှာလည်း တောင်သူတွေနဲ့ လုပ်ငန်းရှင်တချို့က စိတ်ဝင်စားမှု မရှိကြဘဲ အဲ့ဒီလိုလုပ်ခဲ့တိုင်း အောင်မြင်တာ မတွေ့ရဘူးလို့ ပြောပါတယ်။

ပြည်တွင်းမှာ ဆန် ၀ယ်လိုအားမရှိတာနဲ့ ပြည်ပကို အမြောက်အမြား မတင်ပို့နိုင်တာတွေကြောင့် စပါးဈေး ကျနေရခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က သူပိုင်ကုမ္ပဏီကနေ အနိမ့်ဆုံးဈေး စပါးတင်းတရာ ကျပ်လေးသိန်းနဲ့ အနိမ့်ဆုံးဈေး ပေးဝယ်မှ တောင်သူတွေ အဆင်ပြေနိုင်မယ်လို့ မီဒီယာတွေကို ထုတ်ဖော် ပြောခဲ့ဖူးပါတယ်။

အရန်ဆန် ၀ယ်ယူရေး ကြီးကြပ်မှုကော်မတီကို စီးပွားကူးသန်း ၀န်ကြီးဌာနက ပြီးခဲ့တဲ့ အပတ်ထဲ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပြီး ဥက္ကဋ္ဌက ဦးချစ်ခိုင်ပါ။

ကျောက်ဆည်တက္ကသိုလ်ရှေ့ အကြမ်းဖက်မှု လူသေဆုံး
Published on January 11, 2012 by ​အေး​နိုင် · · DVB

ဒီလထဲမှာ မန္တလေးတိုင်း ကျောက်ဆည်တက္ကသိုလ်ရှေ့မှာ ကျောင်းသားအုပ်စု တစုက ကျန် ကျောင်းသားတစုကို ဓားနဲ့ခုတ် ကားနဲ့တိုက်လို့ ၁ ဦးသေဆုံးပြီး အနည်းဆုံး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ တရားခံလို့ ယူဆရသူ ၉ ဦးအနက် ၅ ဦးကို စဥ့်ကိုင်ရဲစခန်းက ဖမ်းထားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ကျောက်ဆည်တက္ကသိုလ် ကျောင်းသားတွေ ထိုးခုတ် ကားတိုက်ခံရရာမှာ အသက် ၁၇ နှစ်အရွယ် ပထမနှစ် ဘူမိဗေဒကျောင်းသား ညီဇော်ထွန်း ကားနဲ့ကြိတ်ခံရလို့ သေဆုံးခဲ့တာပါ။

လွတ်လပ်ရေးနေ့မှာ ဘူမိဗေဒဌာနရဲ့ မိုင် ၂၀ လမ်းလျှောက် အစီအစဉ်ကြောင့် ကျောင်းကို လာအိပ်ရင်း ဖြစ်ခဲ့တာလို့ သေဆုံးသူ ကျောင်းသားရဲ့ ဖခင် ဦးမောင်မောင်ဝင်းက ဒီကနေ့ သူ့သား သေဆုံးခဲ့တဲ့ နေရာကို လာကြည့်ရင်း ပြောပါတယ်။

ဒီပွဲကို လာရတာကလည်း သူတို့ ဘူမိဗေဒဌာနက မိုင် ၂၀ လမ်းလျှောက်ပွဲ ရှိတယ်လေ။ ၄ ရက်နေ့ မနက်မှာဆိုတော့။ ၃ ရက်နေ့ ညကနေ ကျောင်းမှာ လာအိပ်ရတာ။ ဒီလိုပဲ ကားတိုက်တယ်လို့ အသံကြားရတယ်။ လိုက်လာတဲ့ အချိန်ကျတော့ ကျနော့်သား အသက်မရှိတော့ဘူး။”

ဒေသခံ မျက်မြင်တဦး အဆိုအရ အဲဒီညက ဖြစ်စဉ်မှာ အဲဒီကားနဲ့ လာတဲ့ လူငယ် ကျောင်းသားတွေဟာ တခြားတက္ကသိုလ်တွေက ဖြစ်ပြီး ကျောက်ဆည် တက္ကသိုလ်က ကျောင်းသား ၅ ဦးနဲ့ စတင်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။

အပြင်မှာ မုန့်ထွက်စားတဲ့ မောင်ညီဇော်ထွန်း အပါအ၀င် ၃ ဦးက ကွန်ပျူတာ ဂိမ်းဆိုင်မှာ ရန်ပွဲပြီးအောင် နာရီဝက်လောက် စောင့်နေပြီးမှ အပြန်မှာ ကားနဲ့လာတဲ့ ကျောင်းသားတွေက လိုက်တိုက်တာလို့ ဆိုပါတယ်။ ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ ကျန် ၂ ဦးက ဓားဒဏ်ရာရခဲ့ပြီး မောင်ညီဇော်ထွန်း ကတော့ လမ်းပေါ်မှာ ၀ါးတရိုက်လောက် ပြေးပေမယ့် ကားနဲ့ တိုက်ပြီး တက်ကြိတ်သွားတာလို့ ဒေသခံတဦးက ဆိုပါတယ်။

ကားနဲ့တိုက်သွားတာ။ ၂ ယောက်က ဘေးမှာရှောင်ပြီး လွတ်သွားတယ်။ တယောက်က ကားလမ်းအတိုင်း ပြေးတာ။ အောက်ဆင်းပြေးတော့ အောက်ထိ လိုက်တိုက်တာ။ နေရာတင် သေသွားတယ်။”

ကျောက်ဆည် တက္ကသိုလ်နားမှာ ဖြစ်ပေမယ့် အခင်းဖြစ်တဲ့ နေရာဟာ စဥ့်ကိုင်အပိုင်ထဲမှာ ဖြစ်တာကြောင့် စဥ့်ကိုင်မြို့နယ် ရဲက ကိုင်တွယ် ဆောင်ရွက်ပါတယ်။ အဲဒီညက သွေးသံရဲရဲနဲ့ လူနာတွေ ဆေးရုံပို့ဖို့ ယာဉ်စီစဉ်ရာမှာ ကျောင်း တာဝန်ရှိသူတွေရော အုပ်ချုပ်ရေး အာဏာပိုင်တွေပါ ကိုင်တွယ်မှု နှေးကွေးတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ စဥ့်ကိုင်မြို့နယ် ရဲစခန်းနဲ့ ၆ မိုင်လောက် ကွာဝေးတာကြောင့် ရဲလည်း ချက်ချင်း မရောက်လာနိုင်ဘဲ ဖြစ်ခဲ့ရပေမယ့် နောက်ပိုင်းမှာ လူ ၅ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

သေဆုံးသူ ကျောင်းသားရဲ့ ဖခင် ဦးမောင်မောင်ဝင်းက သူ့သားအတွက် စဥ့်ကိုင် ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးပမ်းပါတယ်။ ဒါပေမယ့် ရဲက သူကိုယ်တိုင် အမှုဖွင့်ခဲ့ပါတယ်။ ရဲက ဒီအမှုကို လူသေမှုသာဖြစ်ပြီး လူသတ်မှု မဟုတ်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမှန်တရားအတိုင်း ဖြစ်စေချင်ကြောင်း ပြောပါတယ်။

လူကြီးတွေကတော့ မှန်မှန်ကန်ကန်နဲ့ လုပ်နေပြီလို့ ထင်ပါတယ်။ အောက်ခြေ အဖွဲ့အစည်းကလည်း မှန်မှန်ကန်ကန် လုပ်ရင်တော့ ကောင်းတာပေါ့။ အဲဒီလိုမှသာ ကျောင်းသားလူငယ်တွေ အေးအေးချမ်းချမ်းနဲ့ ပညာသင်ကြားတဲ့ အခါမှာ အန္တရာယ်ကင်းကင်း ဖြစ်စေချင်တာပေါ့။ ဒါတွေကလည်း အာဏာပိုင် အဖွဲ့အစည်းရဲ့ ကာကွယ်စောင့်ရှောက်မှု ရှိမှသာ ဖြစ်တော့မယ့်ကိစ္စကို။”

မောင်ညီဇော်ထွန်းရဲ့ ဈာပနကို ဇန်န၀ါရီ ၅ ရက်နေ့က ကျောက်ဆည်မှာ သဂြိုငှ််ခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါ သူ့သား သေဆုံးတဲ့နေရာကို လာကြည့်ပြီး ဇရပ်ဆောင်တခုခု ဆောက်လုပ်လှူဒါန်းဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုသွားပါတယ်။

ပြည်သူတွေ အကျိုးရှိမယ့်အရာကို လုပ်ဆောင်မယ် (ဒေးဗစ်ထော)
Published on January 10, 2012 by နော်နိုရင်း · · DVB

လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ကရင်ပြည်နယ် ဘားအံမြို့မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှာ​ ဖြစ်ပါတယ်။

မနက်ဖြန် ဇန်န၀ါရီ ၁၁​ ရက်နေ့မှာပဲ ကရင်အမျိုးသားအစည်းအရုံး​ ​ငြိမ်းချမ်းရေးကောင်စီအဖွဲ့နဲ့​ အတူ တပ်မဟာခရိုင်က ကိုယ်စားလှယ်ပေါင်း ၁၉ ဦး ဘားအံမြို့ကို ထွက်ခွာသွားဖို့​ ရှိပါတယ်။

ကရင် ​အမျိုးသားအစည်းအရုံး​ အနေနဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့​​ ​တွေ့တဲ့အခါ ဘာတွေ ဆွေးနွေးမလဲ၊ ဘာကြောင့် ကော်မတီဝင် အပါအ၀င် ခရိုင်တပ်မဟာ ကိုယ်စားလှယ်တွေပါ​ သွားရောက် ဆွေးနွေးလဲဆိုတာနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ​ သွားရောက်​ဆွေးနွေးမယ့်​ ​ကေအန်ယူငြိမ်းချမ်းရေး​ ​ကော်မတီ​ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောကို ဆက်သွယ်​ မေးမြန်းထားပါတယ်။

မနေ့တုန်းက အန်ကယ်တို့ အစည်းအဝေး လုပ်ပြီးတော့ သွားမယ့်အဖွဲ့တွေကို ရွေးလိုက်ပြီဆိုတော့ ဘယ်သူတွေကို ရွေးလိုက်တာလဲ။ ဘယ်နှယောက် သွားမှာလဲ ဆိုတာကို ပြောပြပေးပါလား။

အဖွဲ့ခေါင်းဆောင်ကတော့ ကျနော်တို့ရဲ့ စစ်ဦးစီးချုပ် စောမူတူးစေးဖိုး ဖြစ်ပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ကျနော်ကတော့ အတွင်းရေးမှူးတယောက်အပြင် ဒု-အဖွဲ့ခေါင်းဆောင်လို့ ပြောလည်းရပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အဖွဲ့ဝင်ဖြစ်တဲ့ စောရောဂျာခင် ပါတယ်။ ပဒိုစောအားတိုး ပါတယ်။ နောက် ပဒိုစောအောင်မောင်​အေး ပါတယ်။ ၇ ယောက်ရှိတဲ့အထဲမှာ ၅ ယောက်ပါတယ်။ ခရိုင်ဥက္ကဋ္ဌအနေနဲ့ မြိတ် ထားဝယ်က ဆိုရင် ပဒိုစောကွယ်တူးဝင်း၊ ညောင်လေးပင်ခရိုင်ကဆို ပဒိုစောလေးလော်​ဆော​၊ တောင်ငူခရိုင်ကဆိုရင် ပဒိုစောအယ်ဝါး၊ ဒူးပလားယား ခရိုင်အုပ်စုက ပဒိုစောရွှေမောင်း၊ နောက် တပ်မဟာ ၇ က တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ တပ်မဟာ ၁ ရဲ့ ရုံးထိုင်မှူးကတော့ ဗိုလ်မှူးစောအိသာ၊ နောက် တပ်မဟာ ၆ ရဲ့ ရုံးထိုင်မှူးကတော့ ဗိုလ်မှူးစောရှီးရှို၊ ဗိုလ်မှူးဂျော်နီကို ကူဖို့အတွက်က ဗိုလ်ကြီးဆတ်​ဆေး​​၊​ နောက် ဗဟိုကော်မတီဝင်ဖြစ်တဲ့ ပဒိုသော​သီဘွဲ၊ ပဒိုစောလှထွန်း၊ စောတာမူလာ၊ စောအောင်ဝင်းရွှေ၊ ဆေးမှူးအနေနဲ့ ဆရာဂျီးဂျီ၊ နောက်ဆုံး ၁၉ ယောက်ကတော့ ဗိုလ်ကြီးဆာဆေး ဖြစ်ပါတယ်။”

အန်ကယ်တို့ ဘယ်နေ့စသွားမှာလဲ။

ကျနော်တို့ ၁၂ ရက်နေ့ တွေ့မှာဖြစ်တဲ့အတွက် ၁၁ ရက်နေ့မှာ သွားပါမယ်။”

အသွားအလာ ကိစ္စက ဘယ်လိုပုံစံနဲ့ သွားကြမှာလဲရှင်။

အသွားအလာကိစ္စမှာ ကျနော်တို့ ဒီဘက်ကနေပြီးတော့ ထိုင်းအာဏာပိုင်တွေက ကျနော်တို့ကို မြ၀တီဘက်ကမ်းအထိ ရောက်အောင် ပို့ပေးမယ်။ မြ၀တီဘက်ကနေ ဟိုဘက်ကို ၀န်ကြီးဦးအောင်မင်းနဲ့ တခြားသော ခေါင်းဆောင်တွေက စီစဉ်မှုအရ ကျနော်တို့ ခရီးစဉ်ကို စတင်မှာ ဖြစ်ပါတယ်။”

အန်ကယ်တို့အနေနဲ့ ကေအန်ယူ ငြိမ်းချမ်းရေးကော်မတီက တာဝန်ရှိသူတွေရယ်၊ နောက်တပ်မဟာက တာဝန်ရှိသူတွေရယ်၊ ခရိုင်ကတာဝန်ရှိသူတွေရယ်၊ ပါဝင်ပြီးတော့ ခေါ်သွားရခြင်းက၊ အဓိက ဘာအကြောင်းတွေ ဆွေးနွေးမှာလဲ။ နောက် ဘယ်လိုမျိုး မျှော်လင့်ထားလဲဆိုတာ အန်ကယ်ပြောပြပေးပါရှင့်။

ကျနော်တို့ လူစုံတက်စုံနဲ့ သွားရတဲ့အကြောင်းကတော့ တချို့ နယ်မြေကိစ္စတွေက ကာယကံရှင်တွေက ပါဝင်ပြီးတော့ ဆွေးနွေးမှပဲ ရှင်းရှင်းလင်းလင်းနဲ့ သိကြမယ့် အနေအထား ရှိပါတယ်။ ကျနော်တို့ နယ်မြေ အားလုံးကို ကျနော်တို့အနေနဲ့က အသေးစိတ် မသိနိုင်တော့ နယ်မြေခံတွေပါတော့ ဆွေးနွေးပွဲမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက ပိုပြီးတော့ နားလည် သဘောပေါက်လိမ့်မယ်ဆိုတဲ့ အချက်ရယ်၊ နောက်တချက်က ကျနော်တို့ဘာတွေ ဆွေးနွေးတယ်ဆိုတာ နယ်မြေခံတွေက ပါဝင်ခြင်းအားဖြင့် သူတို့နယ်မြေအတွင်းမှာ ရှိနေတဲ့ တပ်ရင်းတို့၊ မြို့နယ်နဲ့ လူထုတွေကို ပြန်လည် ရှင်းပြတဲ့အခါ လွယ်ကူတယ်။ ကျနော်တို့ ဗဟိုကချည်းပဲဆိုရင် သွားလိုက်ရှင်းဖို့က တော်တော်အချိန်ယူရမယ်။ သူတို့ပါလာတော့ သူတို့နယ်မြေကို ပြန်ရှင်းပြတာ လွယ်သွားတာပေါ့။”

၂၀၀၄ တုန်းက သွားတဲ့ဆွေးနွေးပွဲနဲ့ အခုသွားမယ့်ဆွေးနွေးပွဲမှာ အခုတခေါက်က ပိုပြီးတော့ လူစုံတက်စုံရှိတယ်။ ဒီလို အစိုးရနဲ့ဆွေးနွေးပြီးတဲ့အခါ တခါတည်း အပစ်အခတ်ရပ်စဲဖို့ကို လက်မှတ်ရေးထိုးခဲ့မှာလား။ ဘယ်လိုမျိုး စီစဉ်ထားလဲရှင့်။

ကျနော်တို့ကတော့ ဒီဆွေးနွေးပွဲမှာ တဖက်ရဲ့ တင်ပြချက်အရဆိုရင် အပစ်အခတ်ရပ်စဲရေး၊ နောက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းမှာဆိုရင် တယောက်နဲ့ တယောက် အကြောင်းကြားရေး ဆိုတဲ့ကိစ္စ၊ နောက် နိုင်ငံရေးကိစ္စကို ဆွေးနွေးဖို့ ရက်သတ်မှတ်ဖို့ရယ်ဆိုတဲ့ အချက်လေးချက်ကို အဆိုပြုထားတာ ရှိတယ်။ အဒီအပေါ်မှာ အခြေခံပြီးမှ ကျနော်တို့ ကေအန်ယူဘက်ကတော့ အပစ်အခတ် ရပ်စဲရေးကို လုပ်တဲ့အပိုင်းမှာ လိုအပ်တဲ့ အချက်လေးတွေကို တင်ပြဖို့ စီစဉ်ထားတာ ရှိပါတယ်။ အဲဒီဟာကတော့ အဓိက လူထုကိစ္စပါပဲ။ လူထုဆိုတာက ကျနော်တို့ ဒီပြည်သူလူထုတွေက အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ သူတို့အတွက် ဘယ်လောက် အကျိုးရှိတယ်။ ဘယ်လောက် သူတို့အတွက် ကာကွယ်တယ် ဆိုတဲ့ဟာကို ရှိမှသာလျှင် သူတို့ကလည်း အပစ်အခတ် ရပ်စဲရေးပေါ်မှ ယုံကြည်စိတ်ချမယ်၊ နောက်ပြီးတော့ ပါဝင်ပြီးတော့ ကူညီမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ် လူထုကတော့ သူတို့အတွက် အကျိုးစီးပွား မရှိတဲ့ အပစ်အခတ် ရပ်စဲရေးကို ထောက်ခံမှာ မဟုတ်ဘူး။ အဲဒါတော့ သေချာတယ်။”

ကေအန်ယူ အနေနဲ့ကလည်း ငြိမ်းချမ်းရေးစပြီးတော့ ဆွေးနွေးပြီးကတည်းက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမယ်ဆိုပြီး နောက်ပိုင်းမှာ လူထုရဲ့ သဘောထားကို လိုက်လံ ကောက်ယူတာမျိုးတွေ ရှိတယ်လေ။ အများအားဖြင့် လာတဲ့ သဘောထားတွေက ဘယ်လိုမျိုးရှိလဲရှင့်။

လူထုသဘောထားတွေကို ကြည့်မယ်ဆိုရင် လူထုတွေက ငြိမ်းချမ်းရေးကို အင်မတန်မှ လိုလားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးမရှိဘဲနဲ့ စစ်မက်ပဲ ဖြစ်ပွားနေရင် ဘာပဲပြောပြော သူတို့ရဲ့ ဘ၀လုံခြုံရေးပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်၊ ပြန်လည် ထူထောင်ရေးပဲဖြစ်ဖြစ်၊ ဘယ်လိုမှ မလုပ်နိုင်တာကို တွေ့ရှိရတော့ တနေ့တခြား ကျနော်တို့လူထုတွေက ဆင်းရဲတဲ့ဘ၀တွေနဲ့ ရင်ဆိုင်နေရတဲ့ အတွက်ကြောင့် သူတို့တွေအနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားပါတယ်။ တချို့အကြံပေးချက်တွေကတော့ တခါမှ အပစ်အခတ် ရပ်စဲရေးမလုပ်ခဲ့တဲ့ ကေအန်ယူကို သတိပေးတာတွေ စိုးရိမ်မှုရှိတာတွေတော့ ရှိပါတယ်။ ကျနော်တို့လည်း သူတို့ရဲ့ အကြံပြုချက်တွေကို အရေးတယူ သဘောထားပြီးတော့ သူတို့ အကြံပေးချက် အတိုင်းပဲ ကျနော်တို့ လုပ်ဆောင်နေပါတယ်လို့ ပြောချင်ပါတယ်။ နိုင်ငံတကာမှာ ရောက်နေတဲ့ ကရင်အမျိုးသားတွေပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာ ရှိနေတဲ့ ကရင်အမျိုးသားတွေပဲဖြစ်ဖြစ်၊ ဒီပဋိပက္ခဖြစ်တဲ့ နယ်မြေမှာရှိတဲ့ ကရင်အမျိုးသားတွေပဲဖြစ်ဖြစ်၊ သူတို့ရဲ့ စိုးရိမ်မှုတွေကို ကျနော်တို့ အလေးထားပါတယ်။ သူတို့ရဲ့ကိစ္စက ကျနော်တို့ရဲ့ ကိစ္စပါပဲ။ ကျနော်တို့ အဖွဲ့အစည်းက ပြည်သူလူထုအတွက် ရပ်တည်တဲ့အဖွဲ့အစည်း ဖြစ်တဲ့ အတွက်ကြောင့်၊ ပြည်သူလူထု အကျိုးမရှိတဲ့ အလုပ်ကိုတော့ ကျနော်တို့ မလုပ်ပါဘူး။ ကျနော်တို့အနေနဲ့ ပြည်သူတွေ အကျိုးရှိမယ့်ဟာကိုပဲ ရည်ရွယ်ပြီး လုပ်ဆောင်သွားမယ် ဆိုတာကို သတင်းစကား​ ပါးချင်ပါတယ်။”

သမ္မတကြီးဖတ်ဖို့ ရေးတဲ့စာ
ခင်စုကြည်
ဇန်န၀ါရီ ၁၁၊ ၂ဝ၁၂

ဇန်န၀ါရီ ၃ ရက်နေ့မှာ ကိုဝင်းမော်ရဲ့ ဇနီးဟာ ကျောက်ဖြူထောင်မှာ ထောင်ဝင်စာသွားတွေ့နေပါတယ်။ ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကိုဝင်းမော် လွတ်လာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားခဲ့တာပါ။ ဟိုရောက်ပြီး ၃ ရက်နေ့ မွန်းလွဲပိုင်း ထောင်ဝင်စာ တွေ့နေတဲ့ အချိန်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက် ထွက်ပေါ်လာပါတယ်။ ကြေညာချက်အကြောင်း ရှင်းရှင်း လင်းလင်း မသိရသေးတော့ ထောင်ဝင်စာအပြီး ထောင်ပိုင်နဲ့ စကားပြောဖို့ ထောင်ရှေ့မှာ ခဏ စောင့်တယ်။ နာရီ အနည်းငယ်ကြာလို့ ကြေညာချက်မှာ ပါတဲ့ အချက်အလက်တွေ ရှင်းလင်းသွားတဲ့ အခါမှာ လွတ်ဖို့ မျှော်လင့်ချက် လျော့ပါးသွားပြန်တယ်။
စိတ်ဓာတ်ကျပြီး နောက်တနေ့နံနက် ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ညဘက်မှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် နောက်ထပ်စာရင်း နေပြည်တော်က ၀င်လာမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြန်တော့ မျှော်လင့်ချက် နည်းနည်း ပြန်ရှိလာပြန်တယ်။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်တွေ နံနက်ခင်းနေရောင်နဲ့ အတူ လွှင့်ပါးသွားကြတယ်။
ဒီတခေါက် လွတ်ငြိမ်းချမ်းသာမှာ မပါလာတဲ့ နိုင်ငံရေး အကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေရဲ့ မိသားစုတွေရဲ့ ခံစားချက်ကို ယခု ကိုဝင်းမော်ရဲ့ သမီးဖြစ်သူ မခင်စုကြည်ရဲ့ ဦးသိန်းစိန်သို့ပေးစာက တစိတ်တပိုင်း ဖေါ်ပြပေးနိုင်ပါလိမ့်မယ်။ (မိုးမခ အယ်ဒီတာ)

သမ္မတကြီး ထံသို့ ဂီတမှူးတယောက်ရဲ့သမီး အိတ်ဖွင့် ပေးစာ

သမီးရဲ့ဖေဖေဟာ ရွှေသံစဉ် နဲ့ အလင်္ကာတေးဂီတ အဖွဲ့တွေမှာ Lead Guitar တီးခတ်တဲ့ ဂီတမှူး ဦးဝင်းမော်ပါ။ တီးဝိုင်းခေါင်းဆောင်လည်းဖြစ်ပါတယ်။ The Aces တေးဂီတ အဖွဲ့ကြီးမှာလည်း ၁၉၈၉ ကနေ ၁၉၉၆ ထိ ၇ နှစ်တိတိ Lead Guitar တီးခတ်ခဲ့ပါတယ်။

၁၉၉၆ ခုနှစ် Visit Myanmar Year နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၈ ရက်၊ သမီးအသက် ၂ နှစ်အရွယ်မှာဘဲ သမီးဖေဖေဟာ န ၀ တ အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက် ဖေဖေက သီချင်း ၂ ပုဒ် ရေးသားတီးခတ်ပေးခဲ့လို့ အကျဉ်းထောင်ထဲမှာ ၆ နှစ် နေခဲ့ရပါတယ်။

၂၀၀၂ ခုနှစ်မှာ တောင်ငူအကျဉ်းထောင်က ပြန်လွတ်မြောက်လာတဲ့ ဖေဖေနဲ့ သမီးတို့ မိသားစု ၅ နှစ်လောက်ပဲ အတူနေခွင့်ရခဲ့ပြီး ၂၀၀၇ သံဃာတော်များ မေတ္တာပို့ လမ်းလျှောက် ဆုတောင်းပွဲမှာ ဖေဖေ နဲ့ သမီးတို့မိသားစု ထပ်ပြီး ခွဲခွာခဲ့ရပြန်ပါတယ်။

ဒီတစ်ခါတော့ န အ ဖ စစ်အစိုးရက ဖေဖေ့ကို ထောင်ဒဏ် ၁၇ နှစ် ချလိုက်ပါတယ်၊ DVB သတင်းဌာနကို သံဃာတော်တွေ မေတ္တာပို့ဆုတောင်း လမ်းလျှောက်ပုံတွေ ဗီဒီယိုပုံရိုက်ကူးပေးပို့ခဲ့လို့ အပြစ်ပေးတာလို့ ဆိုပါတယ်။

ဖေဖေ ဟာ ရတနာ ၃ ပါးကို အရမ်း ရိုသေလေးစားသူဖြစ်ပါတယ်။ ဖေဖေ အမြဲပြောလေ့ရှိတာက သံဃာတော်တွေ လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့တာကြောင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ မြန်မာပြည်မှာ ထည်ထည်ဝါ၀ါ ပေါ်ထွန်း တည်တံ့ခိုင်မြဲနေတာဟာ သံဃာတော်တွေရဲ့ကျေးဇူး အင်မတန်ကြီးမားတယ် ဆိုတာပါပဲ။

၂၀၀၇ မှာ သံဃာတော်တွေဟာ ပြည်သူတွေ အတွက် နေပူ မိုးရွာမရှောင် ဆင်းရဲဒုက္ခ ခံပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းလမ်းလျှောက်ခဲ့တာကို အစိုးရက ရက်ရက်စက်စက် ချေမှုန်းတဲ့ Video ပုံတွေ ကို Editing လုပ်ရင်း ဖေဖေ ဟာ မျက်ရည်ကျခဲ့ရပါတယ်။ အဲဒီတုန်းက ဖေဖေ ပြောတာက တို့နိုင်ငံမှာသာသနာကွယ်တော့မယ် သမီးရယ် တဲ့။

၂၀၀၈ ခုနှစ် မေလ မှာ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့ အတည်ပြုပြီးတော့ ဖေဖေဟာ သူ့ သူငယ်ချင်းတွေနဲ့ အတူတူ အားလုံး အိမ်ပြန်ကြရတော့မယ်လို့ ယုံကြည်မျှော်လင့်ခဲ့တယ်။ သမီးဖေဖေ ရဲ့ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့ကလည်း မအူပင်ဆုံးဖြတ်ချက် ကိုဆုံးဖြတ်ခဲ့ကြတယ်တဲ့။ အဲဒီဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက သူတို့လက်မခံနိုင်တဲ့ ဥပဒေ အချို့ကို လွှတ်တော်ထဲမှာ ၀င်ရောက်ပြုပြင်ဖို့အတွက် နိုင်ငံတော် အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက် ရွေးချယ်ဖို့၊ တိုင်းပြည်အတွက် အစိုးရနဲ့ အတူ လက်တွဲပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဆောင်ရွက်ကြဖို့ ဆိုတာတွေပါတယ်လို့ ဖေဖေက ပြောပြခဲ့ဖူးတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေကနေ တစ်ဆင့် နိုင်ငံတော်အကြီးအကဲတွေထံ တင်ပြဆောင်ရွက်ခဲ့ကြပါတယ်၊ ဒါပေမဲ့ ဘာတစ်ခုမှ တုန့်ပြန်မှု မရခဲ့ဘဲ ဖေဖေ အပါအ၀င် ဖေဖေ့ သူငယ်ချင်းတွေအားလုံးကို မြန်မာပြည်ရဲ့ ဝေးလံတဲ့ဒေသ ထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရတယ်။

ရွေးကောက်ပွဲအပြီး သမ္မတကြီးရဲ့ ဒီမိုကရေစီ အစိုးရတက်လာတော့ ဖေဖေတို့ လွတ်မြောက်တော့မယ်လို့ သမီးတို့ မျှော်လင့်ခဲ့ကြပါတယ်။ ၂၀၁၀ မေလမှာပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်၊ ၂၀၁၁ အောက်တိုဘာမှာပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် တွေမှာ ဖေဖေ ပါမလာခဲ့ပါဘူး။

သမီးဖေဖေ ရဲ့ ဖခင် သမီးဖိုးဖိုးဟာ အသက် ၈၉ နှစ် ရှိပါပြီ၊ သူ့သားရဲ့ အိမ်ပြန်လာမယ့် ရက်ကို စောင့်မျှော်နေဆဲပါ။ ခု ၂၀၁၂ ဇန်န၀ါရီမှာ သမီးဖေဖေကို ကျောက်ဖြူ အကျဉ်းထောင်မှာ ထောင်ဝင်စာ သွားတွေ့နေတုန်း လွတ်ငြိမ်း ချမ်းသာခွင့်အမိန့် ထုတ်ပြန်တာနဲ့ ဆုံရပြန်ပါတယ်။ ဒါပေမယ့် သမီးဖေဖေ အပါအ၀င် ဖေဖေ့သူငယ်ချင်းတွေ တစ်ယောက်မှ ပါမလာကြပြန်ပါဘူး။

ဖေဖေက ဘာပြောလဲ ဆိုတော့ သူ့ကျွန်ဘ၀မှာ လူမျိုးခြား ဘာသာခြား အုပ်စိုးသူတွေက နိုင်ငံ လွတ်မြောက်ရေးအတွက် သူတို့ကို ဆန့်ကျင်တဲ့ သခင်နုတို့၊ သခင်စိုး တို့ စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းရင်တောင် ၆ လ ဘဲထောင်ချခဲ့လို့ သခင်ပေါက်စ ထောင်ခြောက်လလို့တောင် ပြောစမှတ် ရှိခဲ့တယ်တဲ့၊ အခု ကိုယ့်လူမျိုး ဘာသာတူ တစ်မြေထဲနေ တစ်ရေထဲသောက်ကြတဲ့ ကိုယ့်အစိုးရ လက်ထက်မှာမှ ဒီမိုကရေစီရေး လှုပ်ရှား ဆောင်ရွက်ကြသူတွေ၊ အစိုးရနဲ့ သဘောထား ကွဲလွဲကြသူတွေကို သေဒဏ်တွေ၊ တစ်သက် တစ်ကျွန်းတွေ၊ နှစ်ရှည် ထောင်ဒဏ်တွေ လိုကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနေတာ ရင်နာဖို့ကောင်းလိုက်တာသမီးရယ် တဲ့။

အခြေခံဥပဒေ မရှိခင် စစ်အစိုးရလက်ထက်မှာ တော့ထားပါတော့၊ ဥပဒေကို စစ်တပ်က လွှမ်းမိုးထားလို့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်လာပြီး ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်မှာတော့ ဖေဖေတို့ အားလုံး ပြန်လွတ်မှာပါ လို့ သမီးတို့လို ဘ၀တူ မိသားစုတိုင်း မျှော်လင့်ခဲ့ကြတာပါ။

ဖေဖေက ဂီတသမားဆိုတော့ ဂီတပညာနဲ့ ပတ်သက်တဲ့ ဥပမာစကားလေး ပြောလိုက်ပါတယ်။ ဂီတမှာ Timing ဟာ အသက်ပဲ အရေးကြီးဆုံးပဲ Timing လွဲသွားရင် တေးသွား သီချင်းရဲ့ အရသာ ပျက်သွားရော။ ထို့အတူပဲ ဟင်းချက်ရာမှာပဲ ဖြစ်ဖြစ်၊ အားကစား လုပ်ရာမှာပဲ ဖြစ်ဖြစ် Timing မှန်ဖို့ လိုအပ်တယ်။ သီချင်းတစ်ပုဒ်၊ ဟင်း တစ်ခွက် Timing Out သွားရင် သီချင်းလောက် ဟင်းလောက်ပဲ အရသာပျက်မှာ၊ နိုင်ငံရေးမှာ Timing လွဲ သွားရင် တိုင်းပြည်တစ်ခုလုံး Image ပျက်တယ်။ တစ်မျိုးသားလုံးဂုဏ် ထိခိုက် နစ်နာစေတယ်။ နိုင်ငံရေးမှာ Timing ဆိုတာ လုပ်သင့် လုပ်ထိုက်တာကို လုပ်သင့်တဲ့ အချိန်မှာ လုပ်ခြင်းပါပဲ။

ဖေဖေ တို့ကို လွှတ်မပေးလို့ ထောင်ထဲမှာ ပေးဆပ် အနစ်နာခံနေရမှာကို တုန်လှုပ်ခြင်း မဖြစ်ပါဘူး၊ တိုင်းပြည်အတွက် မိမိတတ်ကျွမ်းတဲ့ အနုပညာနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ဆောင်ရွက်ခွင့် မရတာကိုပဲ စိတ်မကောင်းဖြစ်တာပါ၊ ဖေဖေ တို့အပေါ် သမ္မတကြီးက အာဃာတ တရား ကြီးမားနေတာကိုပဲ စိတ်မကောင်းဖြစ်တာပါသမီးရယ် လို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် သမီးဖေဖေရဲ့ ဂီတ နဲ့ အနုပညာကိုမြတ်နိုးတဲ့စိတ်၊ ဒီမိုကရေစီကို ယုံကြည်တဲ့စိတ်၊ တိုင်းပြည်နဲ့လူမျိုးကို ချစ်မြတ်နိုးတဲ့စိတ်၊ ဘာသာတရားနဲ့ ရတနာသုံးပါးကို ရိုသေမြတ်နိုးတဲ့စိတ်ကို သမီးတို့ မောင်နှမတွေ လေးစား ဂုဏ်ယူနေမှာပါ။

ဖေဖေ နဲ့ ဖေဖေ့သူငယ်ချင်းတွေကို ယုံကြည်ချက် အကျဉ်းသားပဲ ဆိုဆို၊ လုံခြုံရေး အကျဉ်းသားပဲ ပြောပြော၊ နိုင်ငံရေးအကျဉ်းသားပဲ ခေါ်ခေါ်၊ သီးသန့်အကျဉ်းသားပဲ မှတ်မှတ်၊ အဲဒီ အမည်နာမ ပညတ်တွေက အရေးမကြီးပါဘူး။ သူတို့တွေ ဘာအတွက် ဘယ်သူ့အတွက် အသက်တွေ ဘ၀တွေကို ပေးဆပ်စွန့်လွှတ် အနစ်နာခံနေကြတာလဲ ဆိုတဲ့အချက်က အရေးကြီးတယ်လို့ သမီး ထင်ပါတယ်။

သမီးတို့ မြန်မာပြည်သူတွေသာမက ကမ္ဘာ့ ပြည်သူတွေပါ မနှစ်မြို့တော့တဲ့ အာဏာရှင် စနစ်ဆိုးကို ဆန့်ကျင်ခဲ့လို့ အာဏာရှင်တွေရဲ့ အမုန်းတရားတွေအောက်မှာ တရားလက်လွတ် ဖိနှိပ်ခံနေရတာပါ။ ဖေဖေနဲ့ ဖေဖေ့သူငယ်ချင်းတွေရဲ့ ခွပ်ဒေါင်းဝိဥာဉ်၊ ခွပ်ဒေါင်းစိတ်ဓါတ်တွေကိုပဲ သမီးတို့ မျိုးဆက်သစ်လေးတွေ လေးစားဂုဏ်ယူ မှတ်တမ်းတင်ပေးကြရမှာဖြစ်ပါတယ်။

အာဏာရှင် အစိုးရလက်ထက်မှာတော့ ဒီဖြစ်ရပ်တွေ အမှန်တကယ် ဖြစ်ခဲ့တာပါ။ ဂစ်တာလေးတီး သီချင်းဆိုရုံ၊ ဗီဒီယို ဓါတ်ပုံလေးရိုက်ရုံ၊ မေတ္တာပို့ ဆုတောင်း လမ်းလျှောက်ရုံ နဲ့ ထောင်ဒဏ်တွေ နှစ်ရှည် လများ ချမှတ်ခံရတာ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ သမီးတို့ တစ်နိုင်ငံပဲ ရှိတယ် လို့ ထင်ပါတယ်။ သမိုင်းဟာ ဖေဖေတို့ အပေါ်မှာ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။

သမ္မတကြီးနဲ့တကွ တိုင်းပြည်တာဝန် ဦးဆောင်ဦးရွက်ပြုနေသူ အားလုံး၊ စစ်မှန်တဲ့လမ်း ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံထူထောင်ရင်း၊ အာဏာရှင်စနစ်ဆိုးကို စွန့်ပယ်ပြီး အာဃာတတွေ ကင်းတဲ့နေမှာတော့ သမီးဖေဖေ နဲ့ ဖေဖေ့ သူငယ်ချင်းတွေ လွတ်မြောက်လာမယ်လို့ သမီးယုံကြည်ပါတယ်။

ဖေဖေအပါအ၀င် တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံနေကြတဲ့ ဖေဖေ့ရဲ့ သူငယ်ချင်းအားလုံးရဲ့ အိမ်အပြန်ကို ကြိုဆို မျှော်လင့်လျက် . . . . .

သမ္မတကြီးနှင့်မိသားစု စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ
ဖေဖေဂီတမှူး ၀င်းမော် ၏ သမီးငယ်
ခင်စုကြည်
ဒုတိယနှစ် ( ဥပဒေပညာအထူးပြု )
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ – ၈ ရက်

အကောက်ခွန်တား ကားများအား ဒဏ်ဆောင်၍ ပြန်ထုတ်နိုင်
မင်းသက် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၀ မဇ္ဈိမ

ရန်ကုန် (မဇ္ဈိမ) ။ ။ အထူးပါမစ်ဖြင့် မကိုက်ညီ၍ အကောက်ခွန်ဌာနမှ တားဆီးထားသော ပြည်ပမှ တင်သွင်း သည့် မော်တော်ယာဉ်များအား သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည် ထုတ်ယူခွင့် ပြုလိုက်သည်။

သိမ်းဆည်းထားသော ကားများကို ဒဏ်ကြေးများ ပေးဆောင်ကာ ပြန်လည် ထုတ်ယူနိုင်ကြောင်း အင်္ဂါနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အကောက်ခွန်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်သိန်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အထူးပါမစ် အမှတ်အတိုင်း ရရှိတဲ့ ကားတင်သွင်းခွင့် (IL ခွင့်ပြုချက်) အတိုင်း မဟုတ်ဘဲ တင်သွင်းလာတဲ့ ကားတွေကို ကာစတန်က ထုတ်မပေးဘဲ ထားတာ ဖြစ်တယ်။ အဲဒီအခါမှာ ယာဉ်ပိုင်ရှင်တွေက နစ်နာတဲ့အတွက် အခုလို ဒဏ်ကြေးနဲ့ ပြန်ထုတ်ပေးဖို့ ဖြစ်လာတာ ဖြစ်တယ်။ မော်ဒယ် လုံးဝနိမ့်နေတဲ့ ကားတချို့ပါပါတယ်။ အဲလို ကားတွေကိုကျတော့ လုံးဝ နိုင်ငံပိုင်အဖြစ် သိမ်းလိုက်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးမျိုးမြင့်သိန်းက ရှင်းပြသည်။

အထူးပါမစ်ဖြင့် မကိုက်ညီ၍ အကောက်ခွန်ဌာနမှ တားဆီးထားသော ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ်များအား သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည် ထုတ်ယူခွင့်ပြု (ဓါတ်ပုံ မဇ္ဈိမ)

သို့သော် သတ်မှတ်ဒဏ်ကြေး မပေးဆောင်နိုင်ပါက Customs duty နဲ့ commercial tax တွေကို သွင်းပြီးသား ကားပိုင်ရှင်များ အနေဖြင့် ထိုပေးဆောင်ပြီးငွေများ ပြန်လည် ထုတ်ယူနိုင်သည်ဟု သိရသည်။

၂၅.၁၀.၂၀၁၁ ရက်နေ့မှ ၉..၂၀၁၂ ရက်နေ့အတွင်း သတ်မှတ်စံချိန် စံညွှန်းနှင့် မကိုက်ညီသော ကားစီးရေ ၈၁ စီးကို အကောက်ခွန်မှ သိမ်းထားရာတွင် နိုင်ငံပိုင် သိမ်းထားသောကား ၂ စီးပါဝင်ပြီး ကျန် ၇၉ စီးရှိသည်။

ဒဏ်ကြေးများသတ်မှတ်ရာတွင် သတ်မှတ်မော်ဒယ် လွဲမှားသော ကားများကို စည်းကြပ်တန်ဖိုး CIF (ဆိပ်ကမ်း
ရောက်ဈေး) ဖြစ်သော ဒေါ်လာ ၅၀၀၀ အပေါ်အခြေခံကာ ပေးဆောင်ရမည် ဖြစ်ကြောင်း မော်ဒယ်နံပါတ်ကို တင်သွင်းခွင့်ရ အထူးပါမစ် အမှတ်အရ IL ခွင့်ပြုချက် အတိုင်းမဟုတ်ခြင်းတို့ကို ဒဏ်ကြေး သတ်မှတ်ခြင်း
ဖြစ်ကြောင်း သိရသည်။

Saloon Mitsubishi Air Treck အမျိုးအစားကား တင်သွင်းခွင့် ရသည်တွင် Mitsubishi Wagon Model 2002 အမျိုးအစား တင်သွင်းလာပါက ယင်းကားမှာ Mitsubishi Wagon Model အမြင့်ဆုံး သတ်မှတ်ချက် 2000 Model ထက်ကျော်သည့် အတွက် စည်းကြပ်တန်ဖိုး (AV) ကို နှစ်ဆ ဒဏ်ကြေး ပေးဆောင်ရခြင်း ဖြစ်ကြောင်း ဥပမာပြ၍ ဦးမျိုးမြင့်သိန်းက ဆက်လက် ရှင်းပြသည်။

ဒဏ်ကြေးကို ဆောင်တဲ့အခါ ကားတန်ဖိုး ဒေါ်လာ ၅,ဝဝဝ ကို ငွေပေါက်ဈေးနဲ့ မြှောက်ရတယ်။ အထက်က ဥပမာပြောတဲ့ကားဆိုရင် AV နှစ်ဆ ဖြစ်တဲ့အတွက် ဒေါ်လာ ၁၀,၀၀၀ ကို ငွေပေါက်ဈေးနဲ့ မြှောက်ပြီးတော့
ပေးရမယ်။ ပြီးတော့ အဲဒီကားဟာ ဆိပ်ကမ်းကို ရောက်လာကတည်းက Customs duty နဲ့ commercial tax ကို မပေးသွင်းရသေးဘူးဆိုရင်လည်း အဲဒါတွေကို ပေးသွင်းသွားရမယ်”ဟု ဆိုသည်။

Van Toyota Caldina Model 2002 တင်သွင်းခွင့် ရထားသူအနေဖြင့် Toyota Caldina VAN Model 2006 ကို တင်သွင်းလာပါက စည်းကြပ်တန်ဖိုး(AV) ကို သုံးဆ ပေးသွင်းရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အတူ Nissan Mitsuokalysede Saloon Model 1996 ပါမစ်ရထားသူအနေဖြင့် Nissan Mitsuokalysede Saloon Model 1991 ကို တင်သွင်းလာပါက မော်ဒယ် အလွန်ကွာနေသည့်အတွက် (၄ နှစ်အောက် နိမ့်နေသည့် အတွက်) နိုင်ငံပိုင် သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရသည်။

Nissan Saloon Model ကို တင်သွင်းလာတယ်။ တင်သွင်းမယ့်ကားဟာ 1995 Model ထက် ကျော်ရမယ်လို့ သတ်မှတ်ထားတာ ဖြစ်တယ်။ ဒါပေမယ့် အခုက အမြင့်ဆုံး သတ်မှတ်ချက်ထက် နိမ့်နေတယ်။ မြန်မာနိုင်ငံ ကားသင်္ချိုင်း ဖြစ်လာမှာပေါ့။ အဓိက မော်ဒယ်ကို မြှင့်တာ။ ဒါပေမယ့် အခု မော်ဒယ်မြင့်တာတွေကို ဒဏ်ငွေ
ပေးဆောင်ပြီးတော့ ပြန်ထုတ်စေတယ်ဆိုတာကလည်း သတ်မှတ်တဲ့အတိုင်း သွင်းစေချင်လို့သာဖြစ်တယ်။ ဒီနှစ်ခုလုံးဟာ စီးပွါးကူးသန်း ဝန်ကြီးဌါနက သတ်မှတ်တဲ့အတိုင်း လုပ်စေချင်လို့သာဖြစ်တယ်”ဟု ညွှန်ကြားရေးမှူး ဦးမျိုးမြင့်သိန်းက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သက်တမ်းရင့် ကားအို ကားဟောင်းများအား ပယ်ဖျက်ကာ ကားသစ်များဖြင့် အစားထိုးခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ယာဉ်မှတ်ပုံတင် သက်တမ်းအနှစ် ၄ဝ ကျော်။ အနှစ် ၃ဝ နဲ့ ၄ဝ ကြား။ အနှစ် ၂ဝ ကျော်မှ အနှစ် ၃ဝ ကြား စသည့် ယာဉ်များကို ပယ်ဖျက်ကာ အစားထိုးယာဉ် တင်သွင်းရန် ပါမစ်များကို စက်တင်ဘာ လကုန်ခန့်က စတင်ပြီး ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

တရားဝင်မှတ်ပုံတင် စာရင်းများအရ အနှစ် ၄ဝ ကျော် (စ၊ဆ၊ဇ)ယာဉ် ၁ဝ၂၁၁ စီး။ နှစ် ၃ဝ နှင့် ၄ဝ ကြားယာဉ်
(ဈ၊ ည) အစီးရေ ၈၃၃၁ စီး။ နှစ် ၂ဝ နှင့် ၃ဝ ကြားယာဉ် (ဏ မှ ပ ထိ) စီးရေ ၃၆၈၇၅ စီး ရှိကြောင်း သိရသည်။

ဗမာက ကချင်ကို ဂရုစိုက်ကြောင်း နာရေးအသင်း ပြသလို
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၁ မဇ္ဈိမ

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဗမာလူမျိုးများက ကချင်လူမျိုးများအပေါ် ဂရုစိုက်နေကြောင်းကို ပြသလိုသောအားဖြင့် စစ်ပွဲကြောင့် တိမ်းရှောင်နေထိုင်နေရသော ကချင်ဒုက္ခသည်များသို့ ကျပ်ငွေ သိန်း ၃၀၀ ကို ထပ်မံ လှူဒါန်းရခြင်း
ဖြစ်ကြောင်း ရန်ကုန်မြို့ နာရေးကူညီမှုအသင်းက ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်နှင့် မန်စီမြို့နယ်များရှိ စစ်ပြေးဒုက္ခသည်များအတွက် နာရေးကူညီမှုအသင်း၏ ဒုတိယအကြိမ်မြောက် အလှူအဖြစ် ကြာသပတေးနေ့တွင် ကိုယ်တိုင်သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း အသင်း၏ အမှုဆောင် ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ဒေါ်ဇီးကွက် က ပြောသည်။

အန်တီတို့ သူတို့ကို လှူနိုင်တဲ့ဟာက ငွေရေးကြေးရေး ပမာဏက ဘာမှ မရှိပါဘူး။ ဒါပေမယ့် ဘာလို့ သွားရသလဲ ဆိုရင် ကချင်လူမျိုးဒုက္ခသည်တွေကို အန်တီတို့ ဗမာလူမျိုးတွေမက၊ မြန်မာပြည်မှာရှိတဲ့ ဗမာတိုင်းရင်းသားတွေက သူတို့အပေါ်မှာ Care လုပ်တယ်ဆိုတာကို ပြချင်လို့ သွားတာ အဓိကပဲ”ဟု မဇ္ဈိမကို ပြောသည်။
အစိုးရစစ်တပ်နှင့် ကချင်လွှတ်မြောက်ရေးအဖွဲ့ KIO တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်စေလိုပြီး
မြန်မာပြည်မှာ ရှိသော တိုင်းရင်းသားအချင်းချင်း တဦးနှင့်တဦး သင့်မြတ်နေကြောင်း ပြသလိုခြင်းအားဖြင့် ယခုကဲ့သို့ သွားရောက် လှူဒါန်းရခြင်း ဖြစ်ကြောင်းလည်း ပြောသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလဆန်းကလည်း ပထမအကြိမ် အဖြစ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ စစ်ပြေး ဒုက္ခသည် ၆,၀၀၀ ကျော်အတွက် တဦးလျှင် ၃,၅၀၀ ကျပ်နှင့် အနွေးထည်များ သွားရောက် လှူဒါန်းခဲ့သေးသည်။

ယခု ဒုတိယအခေါက်တွင် နာရေးကူညီမှု အသင်းနှင့်အတူ ၈၈ မျိုးဆက်ကျောင်းသားများ၊ မန္တလေးအခြေစိုက် ဘဝအလင်း ပရဟိတ အဖွဲ့များကလည်း ပါဝင်ပြီး ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို စုပေါင်း၍ လှူဒါန်းရန် မန္တလေးမြို့မှ သဘောင်္ဖြင့် သယ်ဆောင်သွားမည် ဖြစ်သည်။

ဤသို့ ထပ်မံသွားရောက် လှူဒါန်းရခြင်းမှာ ကချင်စစ်ပြေးဒုက္ခသည်များ အတွက် မြန်မာပြည်သူလူထုနှင့် လူမှု အဖွဲ့အစည်းများ လှူဒါန်းမှု အားနည်းနေသေးကြောင်းနှင့် စစ်ပြေးဒုက္ခသည်များ၏ အခက်အခဲများကို ပိုမို သိရှိလာ
စေရန်အတွက် ယခုကဲ့သို့ သွားရောက်လှူဒါန်းရခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြတ်သူ က ပြောသည်။

ကျနော်တို့ လူမှုအဖွဲ့အစည်းတွေ၊ မြန်မာပြည်သူတွေရော ကချင်ဒုက္ခသည်တွေကို ပိုပြီးတော့ အာရုံစိုက်လာအောင်၊ အခုအခြေအနေ အရမ်းဆိုးနေတယ်ဆိုတော့ သူတို့ရဲ့ ဒုက္ခဆင်းရဲတွေ ပြည်သူတွေ သိလာအောင်၊ ပြီးရင် ဒီတိုက်ပွဲ
တွေ ရပ်တန့်သွားဖို့ ဖိအားတခုခု ဖြစ်အောင်လို့ သွားလှူတဲ့ သဘောပါ။ အဓိကတော့ မြန်မာပြည် တပြည်လုံးက
ပြည်သူတွေက စာနာကူညီစိတ်နဲ့ အများကြီး ကူညီထောက်ပံ့ပေးကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်”ဟု မဇ္စျိမကို
ပြောသည်။

တိုက်ပွဲကြောင့် အိုးအိမ်စွန့် ထွက်ပြေး တိမ်းရှောင်နေရသော စစ်ပြေး ဒုက္ခသည်ပေါင်း ၅၅,၀၀၀ ကျော်ရှိပြီး ထိုအထဲမှ မီးရထားလမ်းပေါ်ရှိ ဟိုပင်၊ မိုးညှင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မန်စီနှင့် မိုးမောက်မြို့နယ် အတွင်း ၁၄,၀၀၀ ကျော်စာရင်းရှိပြီး အနည်းဆုံး ၆၀,၀၀၀ ကျော်ထိ ရှိနိုင်သည်ဟု ခန့်မှန်းကြောင်း KIO မှ ဒုက္ခသည် ကူညီရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

ကျနော်တို့က ဘယ်နေရာမှာပဲ လှူဒါန်း လှူဒါန်း စစ်ပြေးဒုက္ခသည်တွေ ဒုက္ခရောက်နေချိန်မှာ ဒီလိုကူညီလို့ ဝမ်းသာပါတယ်။ ဦးကျော်သူ တို့မို့လို့ စိတ်ဝင်စားရင် ကျနော်တို့ နယ်မြေကို လာရောက် ကူညီရင်လည်း ကျနော်တို့ ကြိုဆိုတယ်လို့ စာထုတ်ပြန်ထားတယ်။ ဒါပေမယ့် အခြေအနေအရ ခုထိ ဘာမှ ပြောလာတာ မရှိသေးဘူး။ လာမယ်ဆိုလည်း ကြိုဆိုပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

အစိုးရထိန်းချုပ်ရာ နယ်မြေရှိ စစ်ပြေးဒုက္ခသည်များထံ လှူဒါန်းခွင့်များ ပေးထားသော်လည်း KIO နယ်မြေရှိ စစ်ပြေး ဒုက္ခသည် များအတွက်မူ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှုကို ယနေ့ထိ အစိုးရက ခွင့်ပြုခြင်း မရှိသေးပေ။

ဗုဒ္ဓဟူးနေ့တွင်လည်း ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCRUNOCHA နှင့် ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF တို့မှ အဖွဲ့ဝင် ၁၀ ဦးတို့က ဝိုင်းမော်မြို့နယ် ဆဒုံးနှင့် ကန်ပိုင်တီအကြားရှိ စစ်ပြေးဒုက္ခသည် ၁,၀၀၀ ကျော်အတွက် ဒုတိယအကြိမ်မြောက် ထောက်ပံ့ပစ္စည်းများ သွားရောက် လှူဒါန်းနေသည်ဟု ဦးဒွဲပီဆားက ပြောသည်။

ဒီဇင်္ဘာလအတွင်း ကုလအဖွဲ့များက ပထမ အကြိမ် လာရောက်လှူဒါန်းသော ပစ္စည်းများအား KIO က လက်ခံခဲ့သော် လည်း အစိုးရမှ လှူသောပစ္စည်းများကိုမူ လက်မခံခဲ့ပေ။

ပြည်သူ မျက်ရည်ကျချိန် မနောပွဲ မလုပ်လိုတဲ့ ကချင်ပြည်
ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၀ မဇ္ဈိမ

ချင်းမိုင်(မဇ္စျိမ)။ ။ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ၆၄ ကြိမ်မြောက် “ကချင်ပြည်နယ်နေ့” အထိမ်းအမှတ် မနောပွဲတော်ကို မကျင်းပနိုင်ခဲ့ပေ။

ရိုးရာ ထုံးတမ်းစဉ်လာအရ မနောပွဲတော်ကို ပြည်တွင်းပြည်ပမှ ကချင်လူမျိုးများ ရောက်ရှိလာပြီး နှစ်စဉ် ဇန်နဝါရီ ၁ဝ ရက်နေ့တိုင်း စည်စည်ကားကား ကျင်းပခဲ့သော်လည်း ယခုနှစ်မှာမူ နိုင်ငံရေး မတည်ငြိမ်ခြင်းကြောင့် မကျင်းပနိုင်ခဲ့
ကြောင်း မနောပွဲဖြစ် မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ဒီနှစ်က မနောပွဲက ပြည်သူတွေ မျက်ရည်ကျနေတဲ့အချိန်မှာ ဒုက္ခရောက်ချိန်မှာ မနောပွဲကို မလုပ်တော့ဘူး။ ဒါပေမယ့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို မလုပ်ရင်လည်း မဖြစ်တော့ လူထုအခမ်းအနားလုပ်တယ်။ ညနေပိုင်းမှာ ညစာ စားပွဲပဲ လုပ်မယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဘာသာရေး ခေါင်းဆောင်များ၊ ကချင်ရိုးရာယဉ်ကျေးမှု ခေါင်းဆောင်များ၊ အစိုးရ ဌာနဆိုင်ရာများ အပါအဝင် လူပေါင်း ၆ဝဝ ကျော်က ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ညစာစားပွဲကို ပြည်နယ် မြို့တော်ခန်းမတွင် ပြုလုပ်မည်
ဖြစ်သည်။

မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသော စစ်ပြေးဒုက္ခ ရောက်နေသူများ ရှိနေသဖြင့် ယခုနှစ် မနောပွဲကို မကျင်းပရခြင်း ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ပြောသည်။

ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ်မူ ပြည်နယ်အစိုးရ ရုံးရှေ့တွင်ပင် ဌာနဆိုင်ရာ ဝန်ထန်းများ၊ ကချင်ရိုးရာအဖွဲ့ လူကြီးများ၊ မြို့နေ ရပ်မိ ရပ်ဖများကို ခေါ်ယူ၍ ၁၅ မိနစ်ကြာ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက မိန့်ခွန်းပြောဆိုခဲ့ခြင်းသာ ပြုလုပ်ခဲ့သည်။

ယခင်နှစ်များတွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကချင်လူမျိုးများ၊ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံရှိ ကချင်မျိုးနွယ်များ
ဖြင့် မနောပွဲတော်ကို စည်ကားစွာ ကျင်းပလေ့ရှိခဲ့သည်။ တေးဂီတ ဖျော်ဖြေပွဲများ မနောအလှမယ် ရွေးပွဲများလည်း ကျင်းပခဲ့သည်။

ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုခြင်း၊ ကချင်ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းသော အားဖြင့် ကချင်မနောပွဲကို
နှစ်စဉ်ကျင်းပရခြင်း ဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံ ကချင်ရိုးရာ ထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောသည်။

အခု ဒီအခြေအနေဆိုရင် ကချင်ပြည်နယ်နေ့ ဆိုတာတောင် ဖျက်ချင်လာကြတယ်။ ကချင်ပြည်နယ်နေ့ သတ်မှတ်တဲ့ရက်ကို ဂုဏ်ပြုတာ၊ ရိုးရာဓလေ့ကို မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့သဘော ကျင်းပတယ်။ အရှေ့အနောက်၊ တောင်မြောက် ကချင်လူမျိုးတွေ စုပြီးတော့ နိုင်ငံရေးအရ တိုင်ပင် ဆွေးနွေးနိုင်တယ်။ ဒါပေမယ့် ဒီနှစ် ကျင်းပမယ် ဆိုရင်တော့ အရှုံးဖြစ်သွားမယ်။ ခုတောင် တိုက်ပွဲဖြစ်နေတာကို တိုက်ပွဲမဖြစ်သလို ဖန်တီးချင်တဲ့ လူတွေရှိတယ်၊ ပြဿနာ အကြီးကြီး မဟုတ်ဘူးဆိုပြီး လုပ်ချင်တဲ့ လူတွေ ရှိတယ်”ဟု သူက မဇ္စျိမကို ပြောပြသည်။

မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး လုံခြုံရေးအရ စိုးရိမ်မှုများ ရှိနေသဖြင့် ယခုကဲ့သို့ မနောပွဲ မကျင်းပခြင်းမှာ ပို၍ သင့်တော်သည်ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခု ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ပထမဦးဆုံး သမ္မတ ဦးစပ်ရွှေသိုက် ကိုယ်တိုင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းသို့ တက်ရောက်၍ “ကချင်ပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ရာမှ နှစ်စဉ် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

၁၉၉၄ ခုနှစ် နဝတ အစိုးရနှင့် KIO အကြား အပစ်အခတ်ရပ်စဲချိန် ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်ထိ နှစ်စဉ် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ခမ်းနားစွာ ကျင်းပနိုင်ခဲ့သည်။

သို့သော် KIO က နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ငြင်းဆိုလိုက်သည့် ၂ဝ၁၁ ခုနှစ်တွင် ကျရောက်သော ၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိန်းအမှတ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဦးဆောင်၍ လေးရက်ကြာ ကျင်းပခဲ့သော်လည်း ယခင်နှစ်များကဲ့သို့ KIO ရဲဘော်များ မတက်ရောက်နိုင်ခဲ့ဘဲ ခေါင်းဆောင်တချို့သာ တက်ရောက်ခွင့် ရခဲ့သည်။

ပြည်ထောင်စု ဖြစ်ပေါ်လာရေးတွင် နှစ်ပေါင်း ၆၄ နှစ်ကြာ ကြိုးပမ်းခဲ့သော်လည်း ပြည်ထောင်စု၏ အနစ်သာရ ကချင်ပြည်နယ်နေ့၏ အနစ်သာရကို ယနေ့ထိ မခံစားနိုင်ခဲ့ရသေးကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောသည်။

မြန်မာနိုင်ငံမှာ ပြည်ထောင်စုဆိုပြီး ဖြစ်ပေါ်လာတဲ့နောက် ပထမဆုံး ကချင်ပြည်နယ်နေ့ သတ်မှတ်ပေးတဲ့နေ့ပဲ။ ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာတဲ့ အရင်းအမြစ်က ပြည်ထောင်စုမှာ ကချင်တွေ ဘယ်လောက်ထိ ကြိုးပမ်းခဲ့တယ် ဆိုတာ၊ ဘယ်လောက်ထိ ပြည်ထောင်စုကို လိုလားတယ်ဆိုတဲ့ လက္ခဏာပြထားတယ်။ ဒါပေမယ့် အစိုးရခေတ် အဆက်ဆက်က မျက်ကွယ်ပြုထားတယ်။ ပြည်ထောင်စု အနစ်သာရ ရဖို့ ဒီနေ့ထိ ကျနော်တို့ ပြောနေတာ ဒါတွေပဲ”ဟု သူက မဇ္စျိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်သို့ ကချင်ပြည်နယ်အတွင်း ထိုးစစ်မဆင်ရန် ၂ဝ၁၁ ဒီဇင်္ဘာ ၁ဝ ရက်နေ့က ညွန်ကြားခဲ့ပြီးနောက် နှစ်ဘက် တိုက်ပွဲများ ၁ဝ၆ ကြိမ်ဖြစ်ပွားခဲ့သည်။

ကချင်တိုက်ပွဲ ဖားကန့်ကို ရောက်မလား
By featured, သန်းထိုက်ဦး on January 11,ဧရာဝတီ
ကျောက်စိမ်းထွက်သည့် ဖားကန့်ဒေသတွင် ယခုတပတ်အတွင်း စစ်ရေး တင်းမာမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေး တိမ်းရှောင်နေကြောင်းသိရသည်။
ဖားကန့်မြို့နယ် အတွင်းရှိ ဒေသခံများကို သတိဖြင့် သွားလာရန် တိုက်တွန်းထားသည်ဟု ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

တိုက်ပွဲတွေကတော့ ဖြစ်လာမယ့် အရိပ်အရောင် တွေ့လာတယ်။ စစ်တပ်ကလည်း တပ်ရင်းတွေ အလုံး အရင်းနဲ့ တက်လာတယ် ဆိုတော့ ဖြတ်သွားဖြတ်လာတဲ့ လူတွေကနေပြီးတော့ တိုက်ပွဲ ဖြစ်လာနိုင်တယ်၊ မသွားလာတာ ကောင်းပါတယ် ပုံစံမျိုးနဲ့ အချင်းချင်း သတိပေးရင်းနဲ့ ဖြစ်သွားတဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။

တိမ်းရှောင်နေသော ဒေသခံ အရေအတွက်ကို မခန့်မှန်းနိုင်သေးပေ။

ဖားကန့်နဲ့ ကာမိုင်း ကားလမ်းမပေါ်မှာ ထမင်းဆိုင်တွေ ဖွင့်ပြီးတော့ နေတဲ့ လူတွေက အဓိက မြန်မာပြည် အနှံ့က စီးပွားရေး လုပ်ကိုင် စားသောက်တဲ့ လူတွေ များတယ်၊ စစ်ပြေး ဒုက္ခသည် အဖြစ် အသွင် ပြောင်းသွားနိုင်တယ်” ဟု ဦးလနန်က ပြောသည်။

ဖားကန့်နှင့် နီးသည့် လုံးခင်း မြို့နယ်တွင်လည်း လုပ်ငန်းရှင် နှင့် အလုပ်သမားတချို့ နေရပ်ပြန်နေကြောင်း ဒေသခံတဦးက ပြောသည်။

ကချင်လက်နက်ကိုင်များနှင့် အစိုးရတပ်များ ၇ လကြာ အဆက်မပြတ် တိုက်ခိုက်နေကြသဖြင့် ဒေသခံ ထောင်ပေါင်းများစွာ ရပ်ရွာစွန့်ပြီး တိမ်းရှောင်နေကြသည်။

ကချင်ဒေသတွင် ထိုးစစ်ဆင်ခြင်း မပြုရန် သမ္မတ ဦးသိန်းစိန်၏ ဒီဇင်ဘာလညွှန်ကြားချက်ကို စစ်တပ်က လိုက်နာခြင်း မရှိကြောင်း တွေ့ရသည်။

ယမန်နေ့က ၆၄ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ ဖြစ်သော်လည်း မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်းတွင် အစိုးရက အခမ်းအနား ပြုလုပ်ခြင်း မရှိကြောင်း၊ ဒေသ တည်ငြိမ်မှု မရှိသောကြောင့် ဖြစ်နိုင်ကြောင်း မြစ်ကြီးနားမြို့ခံတဦးက သုံးသပ်သည်။

နိုင်ငံရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်စေလို
By featured, ဧရာဝတီ on January 11,ဧရာဝတီ

မိမိတို့၏ ဆန္ဒမဲဖြင့် ကိုယ်လိုချင်သော အစိုးရဖြစ်အောင် ဖန်တီးကြရန်နှင့် နိုင်ငံရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ယနေ့နံနက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီလမ်းကို သွားနိုင်ဖို့အတွက် ရွေးကောက်ပွဲ လုပ်တယ်ဆိုတာက အဓိကတော့ ပြည်သူတွေရဲ့အသံ ကျယ်ကျယ်ရှင်းရှင်း ကြားနိုင်အောင် လုပ်တဲ့ကိစ္စ။ သန်း ၆၀ စလုံးက မဲထည့်နိုင်တဲ့ အနေအထားမရှိဘူး။

ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့ သူတွေက မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို သုံးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လုပ်ပိုင်ခွင့်ကို ကိုယ်သုံးမှ ထိန်းသိမ်းထားနိုင်မှာပါ။ ကျမတို့ ပြည်သူတွေက မဲပြားတွေနဲ့ ကိုယ်လိုချင်တဲ့ အစိုးရဖြစ်အောင် လုပ်ရမယ်” ဟု ပြောသည်။

မဲပေးခြင်းသည် မိမိရွေးချယ်လိုက်သော ကိုယ်စားလှယ်ကို မိမိလုပ်စေချင်သည့် ကိစ္စများအတွက် တာဝန်အပ်နှင်းခြင်း ဖြစ်ကြောင်း၊ မဲရသူကလည်း အာဏာရခြင်းမဟုတ်ဘဲ တာဝန်တခုရသည်ဟု စိတ်ထဲတွင် ထားရန်လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုအချိန်တွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူများအကြား နားလည်မှုနှင့် ညီညွတ်ရေးရှိရန် လိုအပ်ကြောင်း၊ မိမိဒေသ၊ မြို့နယ်ဆိုသော အမြင်ဖြင့် မကြည့်ဘဲ မြန်မာနိုင်ငံတနိုင်ငံလုံး အတိုင်းအတာအတွက် စဉ်းစား အလုပ်လုပ်ရမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ကျမပြောချင်တာက သွားရမယ့် ခရီးက အရှည်ကြီးပဲ ရှိသေးတယ်။ နောက် လုပ်စရာကိစ္စတွေ အများကြီးရှိ သေးတယ်။ ပြီးတော့ ဒီမနက်နဲ့ မပြီးဘူး။ တရက်နဲ့ ပြီးမှာ မဟုတ်ပါဘူး။ တလနဲ့ပြီးမှာလည်း မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ကျမတို့ လိုချင်တဲ့ နိုင်ငံတခုကို တည်ဆောက်ဖို့ လိုမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ဖို့ အားတွေကို စုဆောင်းထားကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာသော ပရိသတ်များကို ပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့က NLD ၏ ဦးဆောင်မှုပုံစံ အပြောင်းအလဲလုပ်ခဲ့ရာ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် ၅ ဦးက သဘာပတိအဖွဲ့ ဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌနှင့် ဦးဉာဏ်ဝင်း၊ ဒေါက်တာ မေဝင်းမြင့် အပါအဝင် ကျန် ၆ ဦးက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်လာသည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲဆန္ဒနယ် ၄၈ နေရာစလုံး၌ NLD က ၀င်ပြိုင်မည်ဟု သိရသည်။

နယ်စပ်ကုန်သွယ်ရေးကို အကောက်ခွန်လက်သို့ ပြန်လွှဲ
By featured, ဧရာဝတီ on January 11,,ဧရာဝတီ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး (စီးပွား/ကူးသန်း) ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်းနှင့် အရာရှိ ဆယ်ဦးထက်မနည်းကို လာဘ်ပေးလာဘ်ယူမှုများနှင့် ဆက်နွယ်နေသဖြင့် ဌာနပြောင်းရွှေ့လိုက်ပြီး နယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခုကို ပိတ်သိမ်းကာ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်အတွင်းရှိ လားရှိုး-မူဆယ်လမ်းပေါ်မှ ရေပူ နယ်စပ်ကုန်စစ်ဆေးရေး စခန်းနှင့် မွန်ပြည်နယ်အတွင်းရှိ မရမ်းချောင် နယ်စပ်ကုန်စစ်ဆေးရေး စခန်းတို့တွင် တရားမ၀င် ကုန်စည်များကို လာဘ်ယူကာ တင်သွင်းခွင့်ပြုနေကြောင်း၊ ထို့ကြောင့် နယ်စပ်စခန်းများမှ ၀န်ထမ်းများမှာ ကျပ် သိန်းရာထောင်ချီ၍ ၀င်ငွေရရှိနေသည်ဟု တိုင်ကြားစာများ နေပြည်တော် သမ္မတရုံးက လက်ခံရရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ မသမာမှုများ အမှန်တကယ် ဖြစ်ပွားနေကြောင်း၊ ထို့ကြောင့် အရေးယူသည့် အနေဖြင့် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးဟောင်း ဦးအောင်မင်း အပါအ၀င် ဆယ်ဦးထက် မနည်းသော အရာရှိကြီးများကို ဇန်န၀ါရီလ ၇ ရက်နေ့တွင် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ဌာနသို ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။

နယ်စပ်ညွှန်ချုပ်ကို အရေးပေါ်အမိန့်နဲ့ရာထူးက ရွှေ့ပစ်လိုက်တယ်။ နယ်စပ်စခန်းတွေက စီးပွား/ကူးသန်း အရာရှိတွေ အကုန်ပြန်ခေါ်ပြီး ဌာနတွေပြောင်းပစ်လိုက်တယ်။ နယ်စပ်စခန်းတွေမှာ ငွေမတရားတောင်းလို့ ကုန်သည်တွေနဲ့ ဒေသခံ အာဏာပိုင်တွေ တိုင်ကြ၊ တောကြရင်း အဲဒီအမှုဖြစ်သွားတာ” ဟု ရန်ကုန်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးမှ အရာရှိတဦးက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်းသည် မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းရွှေ့ခံလိုက်ရပြီး ၎င်း၏ နေရာတွင် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးကို အစားထိုး ခန့်လိုက်ကြောင်း ဇန်န၀ါရီလ ၇ ရက်နေ့ထုတ် နိုင်ငံတော်ပြန်တမ်းများ၌ ဖော်ပြထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အရာရှိများနှင့် ၀န်ထမ်းများသည် နယ်စပ်ကုန် စစ်ဆေးရေးနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများသို့ သုံးလတကြိမ်၊ လေးလတကြိမ် ပြောင်းရွှေ့ အလုပ်လုပ် ကြရပြီး နယ်စပ်စခန်းများမှ ပြန်လာသောအခါတိုင်း ၀န်ထမ်းတဦးလျှင် အနည်းဆုံးသိန်းတရာမှ သိန်းထောင်ချီ ရရှိသဖြင့် စီးပွား/ ကူးသန်း ၀န်ထမ်း အများစုသည် နယ်စပ်စခန်းများသို့ ရွှေ့ပြောင်း အလုပ်လုပ်ခွင့်ရရန် ညွှန်ကြားရေးမှူးချုပ် ကဲ့သို့သော အရာရှိကြီးများအား လာဘ်ထိုး ရကြောင်း သိရှိရသည်။

နယ်စပ်စခန်း တခါသွားပြီး ပြန်လာရင် ကားဝယ်၊ အိမ်ဝယ်တွေ ဖြစ်ကုန်တယ်။ အဲဒါ သာမန် စာရေးကအစ အရာရှိအဆုံး အဲဒီလိုတွေဖြစ်နေတာ။ နယ်စပ်စခန်းမှာ တာဝန်ကျတဲ့ စီးပွား/ကူးသန်း ၀န်ထမ်းတင်မကဘူး အကောက်ခွန်၊ ရဲ ၀န်ထမ်းတိုင်း လိုလို နေ့ချင်းညချင်း ချမ်းသာကြတာ” ဟု အမည်မဖော်လိုသော အစိုးရအရာရှိကြီး တဦးက ပြောသည်။

၂၀၀၆ ခုနှစ် အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အပါအ၀င် ၀န်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူ မှုများနှင့် အရေးယူ ထောင်ချပြီးနောက် နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် နယ်စပ်စစ်ဆေးရေး ဂိတ်များကို အကောက်ခွန် ဦးစီးဌာနက ဦးစီး လုပ်ကိုင်ခွင့် မရတော့ဘဲ စီးပွား/ကူးသန်း ၀န်ကြီးဌာနက ဦးစီးလုပ်ပိုင်ခွင့် ရရှိခဲ့ကြောင်း၊ ယခုအခါတွင် နယ်စပ်စခန်း နှစ်ခုကို အကောက်ခွန်ဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်း ဦးစီးလုပ်ကိုင်ခွင့် ပေးလိုက်ကြောင်း သိရှိရသည်။

အကောက်ခွန်က နယ်စပ်စခန်းတွေ ပြန်ယူလိုက်လို့ ခြစားမှုတွေ ပျောက်မသွားပါဘူး၊ ဖြစ်မှာပဲ။ ထိထိရောက်ရောက် အရေးမယူ ဘဲနဲ့တော့ ခြစားမှုတွေ၊ လာဘ်ပေးလာဘ်ယူ မှုတွေက ဆက်ဖြစ်နေမှာ။ အခု ဖြစ်သွားတဲ့ ကိစ္စမှာလည်း ပေါ်ပေါ်တင်တင် ဖြစ်နေတာကို တွေ့ရပေမယ့် ဌာနပြောင်း ပြစ်ဒဏ်လောက်ပဲ ချတယ်။ အဲဒီတော့ ၀န်ထမ်းတွေထဲမှာ လာဘ်ပေးလာဘ်ယူ မှုတွေက ဆက်ပြီးရှိနေဦးမယ်” ဟု အစိုးရ၀န်ကြီး ဌာနတခုတွင် ညွှန်ကြားရေးမှူး အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေဆဲ အငြိမ်းစား ဗိုလ်မှူးတဦးက ဆိုသည်။

ဇန်န၀ါရီလ ၇ ရက်နေ့တွင်ပင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့သော တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးခင်ဇော်ကို ၀န်ကြီးချုပ်ရာထူးမှ အနားပေးခဲ့ပြီး အမိန့်စာတစ်ရပ်ကို သမ္မတဦးသိန်းစိန်က ထုတ်ပြန်ခဲ့ပြီး ၎င်း၏ ဆန္ဒသဘောအရ နုတ်ထွက်ခွင့်ပြုသည်ဟု အမိန့်စာတွင် ဖော်ပြခဲ့သည်။

ဘယ်လောက်ပဲ ကြီးမားတဲ့ လာဘ်ပေးလာဘ်ယူ လုပ်ပါစေ၊ ရာထူးအနားပေးရုံ၊ ဌာနပြောင်းရွှေရုံ လောက်ပဲ အရေးယူပြီး ပြီးသွားတယ်ဆိုရင်တော့ ဦးသိန်းစိန်အစိုးရ ပြောနေတဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ခြစားတဲ့ ၀န်ထမ်းတွေကို ထိထိရောက် တရားရုံးတင် ထောင်ချ၊ မီဒီယာတွေမှာ လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ပေးမှ နောင် အစိုးရ၀န်ထမ်းတွေ ခြစားမှုမလုပ်ရဲမှာ” ဟု ရန်ကုန်အခြေစိုက် ၀ါရင့်သတင်းစာ ဆရာတဦးက သုံးသပ်သည်။

ပြည်တွင်း သတင်းမီဒီယာများတွင် အစိုးရ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူ သတင်းများနှင့် ပတ်သက်ပြီး ဖော်ပြခွင့် မရသေးဘဲ ဆက်လက်ပိတ်ပင် ထားဆဲဖြစ်သည်။

ရခိုင် သဘာဝဓာတ်ငွေ့ ခွဲတမ်းရရေး တရားဝင် မဖြစ်သေး
By featured, ခင်ဦးသာ on January 11,,ဧရာဝတီ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်နယ် အတွက် ခွဲဝေသုံးစွဲခွင့် ပေးသွားမည်ဟုစွမ်းအင်ဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသော်လည်း တရားဝင်မဟုတ်သေးဟု ရခိုင်လွှတ်တော်အမတ်တဦးက ဝေဖန်လိုက်သည်။

ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က “ဂျာနယ်လေးတစောင်ကို ပြောရုံနဲ့ တရားမ၀င်ပါဘူး။ စွမ်းအင်ဝန်ကြီး ဒါမှမဟုတ် အစိုးရရဲ့တာဝန်ရှိသူ ၀န်ကြီးတဦးဦးက တရားဝင် သတင်းစာရှင်းလင်းပွဲ လုပ်တာမျိုး အစိုးရ သတင်းစာတွေက တရားဝင်ကြေညာတာမျိုးကိုမှ လက်ခံနိုင်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ကမ်းလွန်ဒေသမှ ထုတ်လုပ်မည့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်သူများ သုံးစွဲနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ကိုရီးယားဒေဝူးကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုမှုတွင် ၂၀၁၁ နှစ်ကုန်ပိုင်းက သဘောတူညီမှု ရခဲ့ကြောင်း နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကို ကိုးကား၍ ပြည်တွင်းဂျာနယ်များတွင် ပြီးခဲ့သည့် သတင်းပတ်က ဖော်ပြခဲ့သည်။

ဒီကိစ္စဟာ ပြည်သူတရပ်လုံးရဲ့ဆန္ဒဖြစ်တဲ့အတွက် ပြည်သူတွေကို အတိအကျ မကြေညာသေးသမျှ ကာလအတွင်း ပြည်သူ့ကိုယ်စား လွှတ်တော်မှာ တင်ပြ ဆွေးနွေးရဦးမှာပါ” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

နောက်နှစ်ဆိုရင် တရုတ်နိုင်ငံကို ရောင်းတော့မယ်။ တရုတ်ကို ရောင်းတာနဲ့ တပြိုင်တည်း ကျနော်တို့ကို ပေးရမယ်လို့ မတောင်းဆိုပါဘူး။ ဒါပေမယ့် ရခိုင်ပြည်ကို ဘယ်နှစ်ရာခိုင်နှုန်း၊ ဘယ်လိုအစီအစဉ်တွေနဲ့ လုပ်သွားမယ်ဆိုတာမျိုး ပြည်သူတွေကို ချပြပေးဖို့ အရေးကြီးတယ်” ဟု ဒေါက်တာအေးမောင် က ဆက်လက်ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်သည့်ဂက်စ်ဖြင့် ဒေသခံပြည်သူများအား လျှပ်စစ်ဓာတ်အား ပေးရန်အစီအစဉ် ရှိမရှိ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် လွှတ်တော်၌ မေးမြန်းခဲ့ရာ တရုတ်နိုင်ငံသို့ ရောင်းချထားပြီး ဖြစ်၍ ပေးရန်အစီအစဉ် မရှိဟု စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ဖြေဆိုခဲ့ပြီးနောက် ဒေသခံများအကြား ၂၄ နာရီ မီးရရှိရေး လှုပ်ရှားမှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည်။

ရွှေဂက်စ်စီမံကိန်းမှ ဓာတ်ငွေ့ကို ရခိုင်ပြည်သူများ ခံစားခွင့်ရရှိရေးအတွက် လူထုဆန္ဒခံယူပွဲတခုကို ကျောက်ဖြူမြို့၌ ဇန်န၀ါရီလ ၁ ရက်နေ့က RNDP ပါတီမှ ဦးဆောင်ကျင်းပခဲ့ရာ ဒေသခံထောင်ချီ၍ တက်ရောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကျောက်ဖြူမြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က “စွမ်းအင်အရာရှိက ဒီလိုပြောတာက မိမိတို့ ရပိုင်ခွင့်ကို ဆန္ဒထုတ်ဖော်နေကြတဲ့ လူထုကို နှစ်သိမ့်လိုတဲ့အတွက် ပြောတဲ့စကားလို့ပဲ ယူဆတယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “၂၀၁၁ ခုနှစ်ကတည်းက သဘောတူညီမှု ရရှိထားတယ်ဆိုရင် ဘာလို့ တရားဝင် မကြေညာတာလဲ။ ပြည်သူတွေကို တရားဝင်ကြေညာပေး လိုက်ရင် အခုလိုမျိုး လူထုဆန္ဒ ထုတ်ဖော်တာတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး။ အစိုးရ အနေနဲ့ပွင့်လင်းဖို့ လိုပါလိမ့်မယ်” ဟု ဆိုသည်။

ဒေါက်တာ အေးမောင်ကလည်း ပြည်ထောင်စုစနစ် ဖြစ်သည့်အတွက် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်သောဂက်စ်သည် ရခိုင်ပြည်သူများ သာမက ပြည်ထောင်စုတ၀ှမ်းလုံးရှိ တိုင်းရင်းသားအားလုံး သုံးစွဲခွင့်ပေးရန် အစိုးရအနေဖြင့် ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြောသည်။

စာချုပ် ချုပ်ထားသည်နှင့် လက်တွေ့ လုပ်ဆောင်မှုများ ကွဲလွဲနေသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း အကောင်အထည် ဖော်ရေးကြောင့် ဒေသခံပြည်သူများသည် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ခေါင်းပုံဖြတ်ခံရမှုများ ကြုံတွေ့နေကြရပြီး ထိုကိစ္စများကို လွှတ်တော်၌ တင်ပြဆွေးနွေးသွားမည်ဟု ရှေ့နေတဦးလည်းဖြစ်သူ ဦးဘရှိန်က ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် လျှပ်စစ်ရရှိရေးအတွက် လူထုလှုပ်ရှားမှုများ ပေါ်ပေါက်ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ ၀န်ကြီးနှစ်ဦးနှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ရာ ဝေစုတခု ရရှိရေးအတွက် ကြိုးပမ်းပေးမည်ဟု နှုတ်ကတိ ရခဲ့ဖူးကြောင်း၊ သို့သော် နှုတ်ကတိသာ ဖြစ်၍ တိကျသော အဖြေမရှိသေးဟု ဒေါက်တာအေးမောင်က ဆိုသည်။ ဆွေးနွေးခဲ့သည့် ဝန်ကြီးနှစ်ဦး အမည်ကိုမှု ဒေါက်တာအေးမောင်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အစိုးရ အနေနဲ့ ပြောနေရုံ၊ နှုတ်ကတိတွေ ပေးနေရုံနဲ့ ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေ ရပ်တန့်သွားမယ်လို့မထင်ပါဘူး” ဟု ဒေါက်တာ အေးမောင် ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တရုတ်နိုင်ငံသို့ တနှစ်လျှင် သဘာဝဓာတ်ငွေ့တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ ထိုသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ မြန်မာအစိုးရသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရရှိမည်ဖြစ်ကြောင်း ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှု အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ကမ်းလွန်ဒေသ၌ A-1 နှင့် A-3 ရေနံလုပ်ကွက်များကို ၂၀၀၃ ခုနှစ်မှ စတင်ထုတ်ယူပြီး တရုတ်နိုင်ငံသို့ ရောင်းချရန် သဘောတူထားပြီး ဖြစ်ကာ နှစ်ပေါင်း ၃၀ အထိ ၀ယ်ယူခွင့်ရမည် ဖြစ်သည်။ ရွှေသဘာဝဓာတ်ငွေ့အားလုံး၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းအား အစိုးရနှင့်သက်ဆိုင်သည့် စက်ရုံများတွင် သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာတစောင်တွင် မြန်မာနိုင်ငံ၌ ရခိုင်ပြည်နယ်သည် ဒုတိယ အဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံးဒေသ ဟု ဖော်ပြထားသည်။ ရခိုင်ပြည်နယ်၌ လျှပ်စစ်မီး တယူနစ်လျှင် ကျပ် ၅၀၀ မှ ၆၅၀ အထိပေး ဆောင်နေရကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။

အင်္ဂါ, 10 ဇန်နဝါရီ 2012
ဒေါ်စု ကော့မှူးမြို့နယ်က ဝင်ပြိုင်မည်
By မသင်းသီရိ VOA

လစ်လပ်နေတဲ့ လွှတ်တော်နေရာတွေအတွက် ဧပြီလကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက ဝင်ပြိုင်ဖို့ ပါတီမှတ်ပုံတင်ခွင့် ရရှိပြီးတဲ့နောက်မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဟာ ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်အဖွဲ့တွေရဲ့ အမည်စာရင်းကို NLD ပါတီက ဒီကနေ့ ထုတ်ပြန်လိုက်တာပြီး ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ အဖွဲ့ဝင်သစ်တွေ စည်းရုံးရေးတွေကိုလည်း နိုင်ငံတဝန်းမှာ လုပ်ဆောင်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကော့မှူးမြို့နယ်က ဝင်ယှဉ်ပြိုင်မယ်လို့ NLD ပါတီက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အသစ်ပြန်လည် ဖွဲ့စည်းရာမှာ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်အဖွဲ့ ၂ ဖွဲ့ရှိမှာဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့အမည်စာရင်းကို ဒီကနေ့ ဇန်န၀ါရီ ၁၀ ရက်၊ အင်္ဂါနေ့မှာ NLD ပါတီက တရားဝင်ကြေညာချက်ထုန်ပြန်ခဲ့ပါတယ်။

သဘာပတိအဖွဲ့ဝင် ၅ ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၇ ဦးတို့ကို ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေနဲ့အညီ ရွေးချယ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးအုန်းကြိုင်ကပြောပါတယ်။

သဘာပတိအဖွဲ့မှာက-
၁။ ဦးတင်ဦး (နာယက)
၂။ ဦးဝင်းတင်၊
၃။ ဦးသန်းထွန်း၊
၎။ ဦးလှဖေ၊
၅။ ဦးညွန့်ဝေ။

နောက် - ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာက-
၁။ ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)
၂။ ဦးဉာဏ်ဝင်း၊
၃။ ဦးဝင်းမြင့်၊
၎။ ဦးအုန်းကြိုင်၊
၅။ ဦးဟန်သာမြင့်၊
၆။ ဦးထွန်းထွန်းဟိန်၊
၇။ ဒေါက်တာမေဝင်းမြင့်- အဲလို ဖော်ပြထားပါတယ်။ နောင်တွင် သဘာပတိ အဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို သင့်လျော်သလို ပြင်ဆင်ဖြည့်စွက်မည် ဖြစ်ပါသည်။ အဲဒီလိုလည်း ဖော်ပြထားပါတယ်။”

နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ခွင့်ရထားပြီဖြစ်တဲ့ NLD ဟာ အခုလို ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်သလို တချိန်တည်းမှာပဲ ဧပြီလ ၁ ရက်နေ့ကျရင် ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း အောင်နိုင်ရေး ကော်မတီတွေနဲ့ နိုင်ငံတဝန်းမှာ စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ နို်င်ငံတဝန်း လစ်လပ်နေရာ ၄၈ နေရာစလုံးကို NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်း စာရင်းကို ၁၁ ရက်နေ့မှာ နောက်ဆုံး တင်ကြရမှာဖြစ်ပြီး ဇန်နဝါရီ ၁၆ မတိုင်ခင် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရန်ကုန်တိုင်းအတွင်း လစ်လပ်နေတဲ့နေရာတွေထဲက ကော့မှူးမြို့နယ်ကနေ ယှဉ်ပြိုင်မယ်လို့လည်း ပြောပါတယ်။

တခြားပြောင်းလဲစဉ်းစားထားတာ မရှိပါဘူး။ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်းအတွင်းမှာပဲ ဝင်မယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်းမှာဝင်ရင်လည်းပဲ ပြည်သူလူထု၊ လူမှုအဆင့်အတန်းနည်းနည်း ဆင်းရဲတော့ပေါ့ဗျာ- အားပေးထောက်ကူရာ လည်းရောက်အောင် ဝင်မယ်လို့ စဉ်းစားပြီးတော့ သူ ကော့မှူးမြို့နယ်ကို ရွေးချယ်ထားပါတယ်။ အခုထက်ထိ တခြားပြင်ဆင်တာမျိုး ကျနော်တို့ မကြားပါဘူးခင်ဗျ။ သွားပြီးတင်မှာကတော့ ၁၆ ပေါ့ဗျာ။ ဒါပေမယ့် ဒီကာလအတွင်းမှာလည်းပဲ ဆုံးဖြတ်ပြီးတာနဲ့ ထုတ်ပြီးတော့ ပြောမှာပါ။”

ဒါ့အပြင်ရန်ကုန် NLD ရုံးချုပ်နဲ့ တိုင်းနဲ့ပြည်နယ်တွေက NLD ရုံးတွေမှာ အဖွဲ့ဝင်သစ်တွေကိုလည်း စတင်လက်ခံနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ပတ်သက်လို့လည်း လစ်လပ်တဲ့တိုင်း သို့မဟုတ် ပြည်နယ်တွေမှာ ၂၀၁၀ ဇွန်လ ၁၄ ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ထားတဲ့ စည်းကမ်းနဲ့အညီ NLD ပါတီက စည်းရုံးမှုတွေလုပ်ဖို့ကိုလည်း NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

အဲဒီစည်းကမ်းချက်တွေထဲမှာ အစိုးရပိုင်အဆောက်အအုံတွေ၊ သာသနာပိုင် အဆောက်အအုံတွေထဲမှာ ပါတီစည်းရုံးရေး ဆိုင်ရာ မလုပ်ဖို့တွေ ပါဝင်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာ ၁၂ ရက်နေမှာ နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့် ကျခဲ့ပြီးနောက် ဇန်န၀ါရီလ ၅ ၇က်နေ့က တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကျခဲ့တာလည်း ဖြစ်ပါတယ်။

အပစ်ရပ်ရေး ပြေပြေလည်လည် ညှိနှိုင်းပြီးမှ KNU လက်မှတ်ထိုးမယ်
2012-01-10 RFA

မိမိတို့ တောင်းဆိုချက်တွေ ပြေပြေလည်လည် ညှိနှိုင်းပြီးချိန်မှ အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်မယ်လို့ KNU ကရင်မျိုးသား အစည်းအရုံးက ဒီကနေ့ ပြောဆိုပါတယ်။

ဇန်န၀ါရီ ၁၂ ရက် ဘားအံမြို့မှာ ကျင်းပမယ့် အပစ်ရပ်ရေး ဆွေးနွေးပွဲမှာ KNU အနေနဲ့ လက်မှတ် ရေးထိုးဖို့ သဘောတူညီပြီး ဖြစ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အာရ်အက်ဖ်အေက မေးမြန်းရာမှာ KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စောဒေဗစ်ထောက အခုလို ပြောဆိုခဲ့တာပါ။

KNU အဖွဲ့ အနေနဲ့ လက်မှတ်ရေးထိုးရန် အဓိက အချက်သုံးချက် တောင်းဆိုဖို့ ရှိတယ်လို့ ဆိုပါတယ်။ အဓိက အချက်ကတော့ ဒေသခံ ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်ရေး အတွက် အာမခံချက် ရရှိဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ တစ်ဆက်တည်း အပစ်အခတ် ရပ်စဲရေးကို အခွင့်ကောင်းယူပြီး စစ်အင်အား တိုးချဲ့တာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့လည်း ရှိတယ်လို့ စောဒေဗစ်ထောက ပြောပါတယ်။

ဘားအံမြို့ကို သွားရောက်မယ့် KNU ကိုယ်စားလှယ် အဖွဲ့ဝင် ၁၁ ဦးကို ဗိုလ်ချုပ်ကြီး စောဆေးမူတူး ခေါင်းဆောင်မှာ ဖြစ်ပြီး KNU ခရိုင် တာဝန်ခံတွေလည်း ပါဝင်ပါမယ်။

ဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၂ ရက်မှာ ဘားအံမြို့ ဇွဲကပင် ဟိုတယ်မှာ စတင်မှာ ဖြစ်ပြီး အစိုးရဘက်က မီးရထား ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့ လာရောက်ဖို့ ရှိတယ်လို့ စောဒေးဗစ်ထောက ပြောပါတယ်။

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းထဲမှာ လူငယ် သုံးပုံတစ်ပုံ ပါဝင်
2012-01-10 RFA

ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ် အရေအတွက် သုံးပုံတစ်ပုံ ပါဝင်မယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ တစ်နေရာက ပါဝင် ယှဉ်ပြိုင်မယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

အဖွဲ့ချုပ်ထဲကို ၈၈ မျိုးဆက်ကနေ ကျောင်းသားတွေဟာ အစုအဖွဲ့နဲ့ ဝင်ရောက်မှာ မဟုတ်ဘူး။ တစ်ဦး တစ်ယောက်ချင်းစီရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒတွေ အပေါ်ကနေ ဝင်ရောက် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ် အနှံ့၊ ပြောမယ်ဆိုရင် နယ်မြို့တွေက လူတွေ တော်တော် များများဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ရပ်တည်ကြဖို့ ဆန္ဒ သဘောထား ရှိပါတယ်။ ရန်ကုန်မှာတော့ တချို့က အဖွဲ့ချုပ်ရဲ့ ပြင်ပကနေပြီးတော့ပဲ ဝိုင်းရံမယ်ဆိုတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ အခုကာလမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တစ်ရပ်ကို ဆောင်ရွက်နေတဲ့ အခြေအနေမှာ ၂၀၁၀ ကြားဖြတ် ရွေးကောက်ပွဲကို ဒီမိုကရေစီရေး တိုက်ပွဲ အသွင်သဏ္ဌာန်နဲ့ လူထုပါဝင်တဲ့ လူထုလှုပ်ရှားမှုပုံစံ ကျွန်တော်တို့ ဆောင်ရွက်သင့်ပါတယ်။ ဒါဟာ ဒီမိုကရေစီရေး အတွက် လှုပ်ရှားမယ့် ဒီမိုကရေစီ တိုက်ပွဲ တစ်ခုပါ။”

လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့အရည်အချင်းမှာလည်း ဒီမိုကရေစီရေး အပေါ် သစ္စာစောင့်သိသူတွေ၊ ပညာ အရည်အချင်းနဲ့ အလုပ်အကိုင် အတွေ့အကြုံ ရှိသူတွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဦးစားပေးမယ်လို့ အန်အယ်လ်ဒီက ကြေညာထားပါတယ်။

ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် စာရင်းတွေကိုတော့ အန်အယ်လ်ဒီ ပါတီကို မနက်ဖြန် နောက်ဆုံး စာရင်း ပေးသွင်းရပါမယ်။

ဒီအတောအတွင်း မနေ့က ကျင်းပတဲ့ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ မိမိ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း တင်ပြခဲ့ပြီး ဗဟို အလုပ်အမူဆောင် အဖွဲ့ကလည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာအနက် အန်အယ်လ်ဒီ ပါတီက ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများရဲ့ အမည်စာရင်းကို ဇန်န၀ါရီ ၁၁ ရက်နောက်ပိုင်းမှာ ထုတ်ပြန်ဖို့ ရှိပါတယ်။



မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ ဂျပန် ကူမယ်
2012-01-10 RFA

အန်အယ်လ်ဒီပါတီနဲ့ ဒီကနေ့ တွေ့ဆုံတဲ့ ဂျပန်နိုင်ငံ သုံးပါတီ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို စာနာထောက်ထားပြီး လိုအပ်တဲ့ အကူအညီများကို ပေးမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းက ဂျပန်နိုင်ငံက ဒီမိုကရက်ပါတီ၊ လစ်ဘရယ် ဒီမိုကရက်ပါတီနဲ့ ဂျပန် ကွန်မြူနစ်ပါတီ သုံးပါတီက ကိုယ်စားလှယ် အဖွဲ့ဝင်များနဲ့ အန်အယ်လ်ဒီ ပါတီ ဗဟို အလုပ်အမှုဆောင်များ ဖြစ်တဲ့ ဦးဥာဏ်ဝင်း၊ ဦးအုံးကြိုင်တို့ တွေ့ဆုံပါတယ်။

ဂျပန် ကိုယ်စားလှယ် အဖွဲ့ကို လွှတ်တော် ကိုယ်စားလှယ် မစ္စတာ အိုအီရှီ (Mr. Oishii) က ဦးဆောင်ပါတယ်။ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး ဂျပန်အဖွဲ့က မြန်မာကို အကူအညီပေးဖို့ ကမ်းလှမ်းတယ်လို့ ဦးဥာဏ်ဝင်းက ပြောပြပါတယ်။

အလားတူ ဂျပန် စီးပွားရေး ဝန်ကြီး မစ္စတာ ယုကိအို အယ်ဒါ့နို (Yukio Edano) ဟာ မနက်ဖြန် မြန်မာနိုင်ငံကို ရောက်လာပါမယ်။

နေပြည်တော်ကို ပထမ သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ စီးပွားရေး ဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးမှာပါ။

Edano ဟာ ကြာသပတေးနေ့ ညနေ ငါးနာရီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ဒီအဖွဲ့မှာ ဂျပန် စီးပွားရေး ဝန်ကြီးနဲ့ အတူ ဟီတာချီ၊ တိုရှီဘာ၊ မစ်စုအိ၊ နစ်ပွန်း ရေနံနဲ့စွမ်းအင် ကော်ပိုရေးရှင်း၊ မာရုဘန်နီ စတဲ့ ဂျပန် ကုမ္ပဏီကြီးတွေက အကြီးအကဲတွေ လိုက်ပါလာမယ်လို့ သိရပါတယ်၊
နောက်ဆုံး

ဦးရုက္ခစိုးနှင့် ယဉ်ကျေးပျူငှာ ရွှေမြန်မာ
By featured, ရန်ကုန်သားတာတေ on January 11, ဧရာဝတီ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း အဲဇလုံ လေယာဉ်ကြီး ဆိုက်လေပြီ။ လေဆိပ်အတွင်း ဝင်လိုက်သည်နှင့် ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ အိုက်စပ်မွန်းကျပ်ခြင်းအရသာကို ခံစားလိုက်ရသည်။ လျှာရှည်သော ဖိုးရှုပ်က အလကား မနေ။ အနားတွင်တွေ့သည့် ရဲဝန်ထမ်းတဦးကို မေးလိုက်သည်။

ဖိုးရှုပ်။ ။ ဒီမှာနောင်ကြီး … လေဆိပ်က အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်နေပြီး အိုက်စပ်လို့ပါလား။ ဘယ်လိုဖြစ်တာလဲ။

ရဲ။ ။ အဲကွန်းပိတ်ထားတယ်။ ခင်ဗျား အေးတာကြိုက်ရင်တော့ ကိုယ့်ဘာသာ ယပ်သာခပ်နေတော့။

ဖိုးရှုပ်။ ။ အဲကွန်းက ဘာလို့ ပိတ်တာလဲဗျ။ တော်ကြာ နိုင်ငံခြားသားတွေနဲ့ အားနာစရာ။

ရဲ။ ။ (စိတ်မရှည်သလို ကြည့်ရင်း) အဲကွန်းအတွက်သုံးမယ့် ဆီတွေခိုးထုတ်ရောင်းထား … အဲ ယောင်လို့၊ ခင်ဗျား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေမယ့် အလုပ်ကို တော်တော် အားပေးတဲ့သူပဲ။ နိုင်ငံခြားသားတွေက နားလည်မှုရှိတယ်။ ဘယ်သူမှ အိုက်တယ်မပြောဘူး။ ခင်ဗျား တယောက်တည်း အိုက်နေလို့ မနေတတ်ရင် ရေခဲတိုက်ထဲသွားနေ။

ရဲဝန်ထမ်းစကားကြောင့် ဖိုးရှုပ် ခေါင်းပုဝင်သွားသည်။ “သြော် ယဉ်ကျေးပျူငှာ ရွှေမြန်မာပါလား” ဟု တယောက်တည်း စဉ်းစားနေစဉ် အနားတွင် ကြွက်စုတ်တို့မရှိတော့။ ကြည့်လိုက်တော့ လူဝင်မှုကြီးကြပ်ရေး တွင် တန်းစီနေသည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိဖြစ်သူက ကြွက်စုတ်၏ နိုင်ငံကူးလက်မှတ်ကို သေချာစေ့ငုစွာ ကြည့်နေ၏။

လူဝင်အရာရှိ။ ။ ခင်ဗျား မြန်မာပြည် မပြန်တာ အတော်ကြာပြီနော်။

ကြွက်စုတ်။ ။ ဟုတ်ကဲ့ ၁၀ နှစ် ကျော်ပါပြီ။ တကယ်တော့ အရင်က ဟိုကဒီက ပြန်ပါတယ်။ ဟိုက ဒီက ဆိုတာ အထင်မလွဲပါနဲ့၊ ဦးရုက္ခစိုးနဲ့ နတ်ကြုံလိုက်တာကို ပြောတာပါ။ အခုလို အဲဇလုံနဲ့ ပြန်တာက ဒါပထမဆုံးပါ။ ဒါကလည်း တိုင်းပြည်ကြီး ပြောင်းလဲနေပြီဆိုလို့ ကြည့်ချင်လွန်းလို့ ပြန်တာပါ။

လူဝင်အရာရှိ။ ။ လျှာရှည်လိုက်တာ မိချောင်းသားရယ်။ အေးလေ … ရားဘာဒယ်၊ ရားဘာဒယ် (ရပါတယ်ကို ဝမ်းသာ အားရ ပြောခြင်းဖြစ်သည်) ဒါပေမယ့် ၁၀ နှစ်တောင် ပြည်တွင်း ပြန်မလာတဲ့သူဆိုတော့ လက်ဆောင်လေး ဘာလေးတော့ ပါမှာပေါ့နော်။

ချိုသာစွာမေးသည် အရာရှိကိုကြည့်ရင် ကြွက်စုတ်အားတက်သွားသည်။ စိတ်ထဲမှလည်း “ယဉ်ကျေးပျူငှာ ရွှေမြန်မာဆိုတာ ဒါမျိုး” ဟု တွေးလိုက်သည်။

ကြွက်စုတ်။ ။ ဟာ ပါပါတယ်။ ရွာက ကြီးတော်ကြီးက ညောင်းတတ်လို့ ထိုင်းရိုးရာ ကျပ်ထုပ်က တခု၊ အရက်ကြိုက်တတ်တဲ့ ဘကြီးအတွက် ထိုင်း တောအရက် တပုလင်း … ပြီးတော့ …။

လူဝင်အရာရှိ။ ။ အဲဒါတွေကို ပြောတာမဟုတ်ဘူး။ ကျုပ်ပြောတာက လက်ဆောင် ဘတ်ငွေလေးဘာလေး ဟဲဟဲ။

ကြွက်စုတ်။ ။ သြော် ဒါလား ပါပါတယ်၊ ပါပါတယ်။

လူဝင်အရာရှိ။ ။ (ခပ်တိုးတိုးလေသံဖြင့်) ဒါဆိုလုပ်လေဗျာ။ ကျုပ်ကို ဘတ်ငွေလေး ဘာလေး ပေးခဲ့ပါဦး။

ကြွက်စုတ်။ ။ ဘတ်ငွေ ပေးခဲ့ရမယ်ဟုတ်လား။

ကြွက်စုတ်က အူကြောင်ကြောင်လုပ်နေသဖြင့် ဦးရုက္ခစိုးက တံတောင်ဖြင့်တွတ်လိုက်ရာ အိတ်ထဲမှာ ၁၀ ဘတ်စေ့ တစေ့ကို အယောင်ယောင်အမှားမှားဖြင့် ထုတ်ပေးလိုက်သည်။

လူဝင်အရာရှိ။ ။ ဟင် ဒါပဲလားဗျ။

ကြွက်စုတ်။ ။ ဘုရားစူးရပါစေ့ဗျာ။ ကျုပ်မှာ ဘတ်ငွေဆိုလို့ ဒါပဲပါပါတယ်။ အဲဒါ ဖိုးရှုပ်မသိအောင် ဘတ်ထားတဲ့ ငွေလေးပါ။

ကြွက်စုတ်၏ ခုနစ်သံချီအသံကြောင့် လူဝင်မှုကြီးကြပ်ရေးအရာရှိလည်း လန့်သွားပြီး ဘေးဘယ်ညာကိုကြည့်ကာ ဘတ်ငွေ ၁၀ ကို ယူ၍ နိုင်ငံကူးလက်မှတ်ကို ဆောင့်ကြီးအောင့်ကြီး ပြန်ပေးလိုက်ကာ လွှတ်ပေးလိုက်သည်။ ဦးရုက္ခစိုးက ကိုယ်ယောင် ဖျောက်ထားသောကြောင့် မင်သေသေဖြင့် ကြွက်စုတ်ဘေးက ဝင်လိုက်လာသည်။

ဖိုးရှုပ်လည်း တဘက်က လူဝင်မှုကြီးကြပ်ရေး အရာရှိမ တဦးကို ဘတ်ငွေ ၂၀ ပေးကာ ဖြတ်သန်း လာခဲ့သည်။ သူလည်း အယ်ချုပ်ကြီးအိတ်ထဲက ဘတ်လာသည့် ဘတ် ၂၀ ဖြစ်သည်။

လေဆိပ်ထဲကထွက်လာတော့ ရန်ကုန်လေကို တဝကြီးရှုလိုက်ရာ မီးခိုးနံ့များကြောင့် ၂ ဦးနှင့်တပါး ချောင်းတဟွတ်ဟွတ် ဆိုးကြလေတော့သည်။ သူတို့ရှေ့တွင် တက္ကစီတစီးက “ဖုန်းဒိုင်း ဖုန်းဒိုင်း” အသံမျိုးစုံမြည်ကာ လာရပ်သည်။ တက္ကစီဒရိုင်ဘာ ဆင်းလာပြီး သူတို့လက်ထဲက အထုပ်များကို ရိုသေစွာ ယူ၍ ကားပေါ်သို့တင်လိုက်သည်။

ရုက္ခစိုး။ ။ ဒီလိုတော့လည်း ရန်ကုန်သားတွေက ဧည့်ဝတ်ကျေကြသားပဲကွ။ ဒါမျိုးကို ယဉ်ကျေးပျူငှာ ရွှေမြန်မာလို့ ခေါ်တယ် သိလား။

ဒရိုင်ဘာ။ ။ ကားပေါ် ကြွကြပါခင်ဗျ။

ဖိုးရှုပ်နှင့် ကြွက်စုတ်မှာ ဒရိုင်ဘာဖြစ်သူ၍ ယဉ်ကျေးပျူငှာသော ပုံစံကြောင့် စိတ်ကြီးဝင်ပြီး ကားပေါ်တက်ထိုင် လိုက်သည်။ ဦးရုက္ခစိုးလည်း မနေသာတော့ဘဲ လိုက်တက်လိုက်ရသည်။ ကားနောက်ခန်းတွင် ထိုင်လိုက်သော ဖိုးရှုပ်မှာ “အောင်မလေးဗျ” ဟု ရုတ်တရက် အော်လိုက်သဖြင့် အားလုံး လန့်သွားကြ၏။

ဒရိုင်ဘာ။ ။ ဆိုဖာစုတ်ပြီး စပရိန်ထွက်နေလို့ပါ။ နည်းနည်းလောက် ရှောင်ထိုင်လိုက်။ အားလုံးအဆင်ပြေ သွားမယ်။

ဒရိုင်ဘာ ပြောသည့်အတိုင်း ဖိုးရှုပ်က ထိုင်လိုက်စဉ် ကြွက်စုတ်က တံခါး ပိတ်မရဘဲ ဖြစ်နေသည်။ ဒရိုင်ဘာက တံခါးကို အပြင်မှ လာပိတ်ကာ ဝါယာကြိုးဖြင့် သေချာစွာ ချည်တုပ်ရင်း “အားလုံး အဆင်ပြေသွားပါပြီ ခင်ဗျာ။ ဘယ်ကို ပို့ပေးရပါမလဲ” ဟု မေးလိုက်သည်။

ရုက္ခစိုး။ ။ ဈေးသိပ်မကြီးတဲ့ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်း တခုခုကို ပို့ပါ။

ဒရိုင်ဘာ။ ။ ဟိုဟာရတဲ့ တည်းခိုးခန်းရှိတယ် ဆရာတို့။ ဈေးလည်း သိပ်မကြီးစေရဘူး။ မှတ်ပုံတင်လည်း ပြစရာ မလိုအောင် ကျနော် စီစဉ်ပေးလို့ရတယ်။

ဒရိုင်ဘာက ပြောရင်းဆိုရင်း ကားပြူတင်းပေါက်မှ ကွမ်းတံတွေးကို လမ်းပေါ်သို့ ပြစ်ခနဲ လှမ်းထွေးလိုက်သေးသည်။

ကြွက်စုတ်။ ။ ဟိုဟာဆိုတာ ဘာလဲဟင် … ရေပူရေအေးရတာကို ပြောတာလား။

ဒရိုင်ဘာ။ ။ ဟာ ကိုယ့်ဆရာကလည်း ပိန်းလိုက်တာ။ ဟိုဟာဆိုတာ ဟိုဟာပေါ့ဗျာ။ ဘာညာကွိကွပေါ့။

ဖိုးရှုပ်က ရုတ်တရက်သဘောပေါက် သွားပြီး “ဟာ ရတယ်၊ ရတယ်။ ကျနော်တို့ကို အသင့်အတင့် ဟိုတယ် တခုခုသာ ပို့ပေးပါ” ဟု ပြောလိုက်သည်။ ကားသမားက ကားကို ဆောင့်ထွက်လိုက်ရာ “ဖုန်းဒိုင်း” သံစုံမြည်၍ ထွက်ခွာသွားသည်။ ကားက လမ်းလျှောက် တဂျုံးဂျုံးမြည်နေသည်။

ဒရိုင်ဘာ။ ။ ဟဲဟဲ … ကျနော့်ကားက သိပ်မဆိုးပါဘူး။ လမ်းတွေက ချိုင့်တွေချည်းပဲမို့လို့ပါ။

ကားပေါ်တွင် သူတို့အားလုံး ယိမ်းထိုးနေကြသည်။ ကားက မီးပွိုင့်ကို ပွတ်ကာသီကာ ကျော်ဖြတ်သည်။ သူ့ကားကို ကားတစီးစီးကျော်ဖြတ်သွားလျှင် ဒရိုင်ဘာက ဆဲသည်။ ဒီလိုနှင့် အလတ်စား ဟိုတယ်တခု ရှေ့တွင် ကားဘရိတ်ကို ဆောင့်အုပ်လိုက်တော့သည်။

ကြွက်စုတ်။ ။ ဘယ်လောက်ကျလဲ။

ဒရိုင်ဘာ။ ။ တသောင်းခွဲ ကျပါတယ်။

ဖိုးရှုပ်။ ။ ဟာ များလိုက်တာဗျာ။ ခင်ဗျား တက္ကစီမှာ မီတာမပါဘူးလား ကြည့်ရအောင်။

ဒရိုင်ဘာက ဖိုးရှုပ်အား မျက်ထောင့်နီဖြင့် ကြည့်၍ “ခင်ဗျား ရူးနေလား။ ဒီလောက်စုတ်နေတဲ့ကား ဘယ်လိုလုပ် မီတာ တပ်မှာလဲ။ ရုတ်ရုတ်ရုတ်ရုတ်တော့ မလုပ်နဲ့၊ ပေး တသောင်းခွဲ” ဟု ပြောလိုက်သည်။

ရုက္ခစိုး။ ။ နည်းနည်းလောက် လျှော့ပေးလိုက်ပါ ငါ့တူရယ်။

ဒရိုင်ဘာ။ ။ ခင်ဗျားက ဘယ်ဇာတ်ထဲကလဲ အဘိုးကြီး။ ကြောင်တောင်တောင်မလုပ်ပါနဲ့။ တပြားမှ မလျှော့ပေးနိုင်ဘူး။ ကားပေါ်မတက်ခင် ကတော့ ဈေးမမေးဘဲနဲ့။

ဖိုးရှုပ်။ ။ ဒါကတော့ ခင်ဗျားက ကျနော်တို့ အထုပ်တွေကို ယူပြီး ကားပေါ်တင်လိုက်တာကိုး။ မေးချိန်မှမရတာ။

ဒရိုင်ဘာ။ ။ ဟာ … ခင်ဗျားတို့ တောသားတွေပဲ။ ဒါ ရန်ကုန်ဗျ။ ရန်ကုန်။ တောမဟုတ်ဘူး။ အူကြောင်ကြောင် လာမလုပ်နဲ့ အကုန်လုံး ပြဿနာ တက်သွားမယ် ဘာသိလဲ။

ဒရိုင်ဘာက စွတ်ဟောက်နေသဖြင့် အကျယ်အကျယ် မငြိမ်းဖွယ်များ ဖြစ်လာမည်ကို စိုးရိမ်သော ဦးရုက္ခစိုးမှာ မြန်မာကျပ်ငွေ ၅ ထောင်တန် ၃ ရွက်ကို အပ်ချလောင်းဟု မန်း၍ ပေးလိုက်မှ ကားကို ဆောင့်ထွက်ကာ “ဖုန်းဒိုင်း” သံစုံမြည်၍ မောင်းထွက် သွားလေတော့သတည်း။ ။

မိုးမခ

No comments:

Post a Comment