သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Friday, November 11, 2011

Nov 11


နိုဝင်ဘာ ၁၁ သောကြာနေ့

မိုးမခ လူကြီးမင်းများက အထူး ဖြန့်ဝေသည်


ဦးဘဂျမ်းလမ်း ကာတွန်းပြပွဲ အနီး လမ်းဘေးဆိုင်တခုတွင် တွေ့ရသော ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများ - မိုးမခ

ဗေဒါသင်တန်း ရှမ်းပြည်နယ်တွင် ဖွင့်လှစ်
Nov - 11, 2011 by ပီတာအောင် DVB

ဆန္ဒပြလယ်သမားများ အာမခံ ပယ်ချခံရ
Nov - 11, 2011 by မင်းလွင် DVB

ရွှေဝါရောင်သံဃာခေါင်းဆောင် ကျန်းမာရေး ပြန်လည် ကောင်းမွန်
Nov - 11, 2011 by နေသွင် DVB

နမ့်ခမ်းရဲစခန်းတွင် ဗုံးပေါက်ကွဲပြီး ရဲအရာရှိ ၁ ဦး သေဆုံး
Nov - 11, 2011 by နော်နိုရင်း DVB

ဗန်းမော်မှာ ရှားရှားပါးပါး စာပေဟောပြောပွဲ ပြုလုပ်
Nov - 11, 2011 by ဒီဗွီဘီ DVB



ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တနှစ်ပြည့်အထိမ်းအမှတ် သွေးလှူမည်
Nov - 11, 2011 by နေသွင် · DVB

အခြေခံ ဥပဒေဆိုင်ရာ ပြင်ဆင်မှုလုပ်ရန် ကြံ့ခိုင်ရေး အမတ်များ ကြိုးပမ်း
ကိုဝိုင်း | သောကြာနေ့၊ နိုဝင်ဘာလ ၁၁ မဇ္စျိမ

ရခိုင်မျိုးချစ်အဆိုတော် ဝင်းကိုခိုင်
ဖနိဒါ | သောကြာနေ့၊ နိုဝင်ဘာလ ၁၁ မဇ္စျိမ

ပြုပြင်ပြောင်းလဲရေးလုပ်ရင် မိတ်ဆွေဖြစ်လာဖို့ အဆင်သင့်ဖြစ်ကြောင်း ကလင်တန်ပြောကြား
2011-11-10 RFA

အမေရိကန် နည်းပညာနဲ့ မြန်မာအစိုးရ အင်တာနက် ဆင်ဆာ လုပ်နေ
2011-11-10 RFA

တန်ဆောင်မုန်းလပြည့်ကြိုတရက် ပွဲတော်ညနဲ့ ဦးဘဂျမ်း ကာတွန်းပြပွဲမြင်ကွင်း
မိုးမခအထောက်တော် ရန်ကုန်၊ နိုဝင်ဘာ ၁၁၊ ၂၀၁၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်သမားလုပ်ငန်းအဖွဲ့ဝင် တနင်္သာရီတိုင်းစည်းရုံးရေးမှူး ဦးမောင်ကို (၁၉၃၉ - ၁၉၉၀) ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့်ကျင်းပ
တာရာဝေယံ (ရန်ကုန်)
နိုဝင်ဘာ ၁၁၊ ၂၀၁၁မိုးမခ
ဒီမိုကရေစီဘောင်ကိုချဲ့ ပါ၊ သမိုင်းဘီးရှေ့ သို့ လှည့်ပါ
ညီသင့်မြတ်၊ နိုဝင်ဘာ ၁၁၊ ၂၀၁၁မိုးမခ

မကွေးတိုင်း ရေဘေးဒုက္ခသည်များ အကူအညီလိုနေဆဲ
By featured, ရန်ပိုင် on November 11, ဧရာဝတီ

ထပ်မပြောတော့ဘူး မောတယ်၊ လူထုထဲက ကာတွန်းပွဲနဲ့ ရွှေစင့်စပွန်ဆာ ဘယ်သူလဲ
By featured, မစပ်စု on November 11, ဧရာဝတီ

မန္တလေး-မြစ်ကြီးနား ရထားလမ်း KIA ဗုံးခွဲ
By featured, ဧရာဝတီ on November 11, ဧရာဝတီ

အောင်ဆန်းဓာတ်ပုံ ရန်ကုန်မှာ အရောင်းသွက်
By featured, ဧရာဝတီ on November 11, ဧရာဝတီ

KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဖွဲ့စည်း
By featured, ဧရာဝတီ on November 11, ဧရာဝတီ

မဲဆောက် မြန်မာအလှမယ် ရွေးပွဲ မြ၀တီသူ ပထမ ရရှိ
By featured, ဧရာဝတီ on November 11, ဧရာဝတီ

ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်းသာ ရှိခဲ့
သောကြာနေ့၊ နိုဝင်ဘာလ 11 ခိုနူမ်းထုန် သတင်းဌာန

နိုင်ငံခြားသားခြေရာများ ရှားပါးလာသည့် ကျေးရွာဆီသို့ အလည်တခေါက်
ကြာသပတေးနေ့၊ နိုဝင်ဘာလ 10 ဖဲမော့၊ ဆိုရှားဖဲ ဆောင်းပါး - ကန္တာရ၀တီတိုင်း(မ်)

မိုးမခ လူကြီးမင်းများက အထူး ဖြန့်ဝေသည်

==================  

 
 
ဗေဒါသင်တန်း ရှမ်းပြည်နယ်တွင် ဖွင့်လှစ်
Nov - 11, 2011 by ပီတာအောင် DVB

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ လူမှုရေး၊ နိုင်ငံရေးနဲ့ ဒီမိုကရေစီရေးရာတွေ ဆွေးနွေးပို့ချမယ့် သင်တန်းတခုကို ဗေဒါသင်တန်းကျောင်းက ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။

ဒီသင်တန်းကို ဗေဒါသင်တန်းကျောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရှမ်းပြည်နယ်)တို့ ပူးပေါင်းပြီး တောင်ကြီးမြို့ စိန်ပန်းရပ်ကွက် လောကမာန်အောင် ကျောင်းတိုက်မှာ ဖွင့်လှစ်ထားတာပါ။

ဒီသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် ဗဟိုဦးစီးအဖွဲ့ ဝင် ဒေါ်ခင်မိုးမိုးက ခုလို ပြောပါတယ်။

ရှမ်းပြည်က ကလေးတွေက ပြည်မနဲ့စာရင် သင်တန်းတွေ ရန်ကုန်အထိ သွားတက်နိုင်ခွင့် မရခဲ့ဘူး။ ဒါကြောင့်မိုလို့ ကျမတို့က ရှမ်းပြည်က ကလေးတွေကို ပြည်ထောင်စုတဝှမ်းက ကလေးတွေနဲ့ အတူ အသိပညာတွေ ရစေချင်တဲ့ စေတနာနဲ့ ဒီသင်တန်းကို ဖြစ်မြောက်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်အင်အားစုတွေ ပေါ်ထွန်းလာဖို့ ရည်ရွယ်ပါတယ်။”

ဒီသင်တန်းကို ရွှေညောင်၊ လွိုင်လင်၊ ဆီဆိုင်၊ နမ့်စန်၊ ရပ်စောက် စတဲ့ ရှမ်းပြည် တောင်ပိုင်းမြို့နယ်တွေက လူငယ် ၆၀ ခန့် တက်ရောက်နေကြတယ်လို့လည်း သင်တန်းစီစဉ်သူတွေက ပြောပါတယ်။

သင်တန်းအမည်ကို လူမှုအထောက်အကူပြုနှင့် ကွန်ရက်ဖွဲ့စည်းခြင်း လုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲလို့ အမည်ပေးထားပြီး သင်ကြားပို့ချမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဗေဒါသင်တန်းကျောင်းရဲ့ ညွန်ကြားရေးမှူး ကိုမျိုးရန်နောင်သိမ်းက ခုလိုရှင်းပြပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းကို ဘယ်လိုဖွဲ့စည်းမလဲ၊ Networking ဘယ်လိုချိတ်မလဲ၊ ဒီမိုကရေစီရေးရာ အကြောင်းအရာတွေပေါ့။ လူ့အခွင့်အရေးတို့၊ အမျိုးသမီးအခွင့်အရေးတို့၊ ကလေးသူငယ်အခွင့်အရေးတို့ အဲဒီ အခွင့်အရေးတွေ အကြောင်းကို ရှင်းပြတယ်။ ပြီးတော့ အဖွဲ့အစည်းတွေ ဘယ်လို ဖွဲ့စည်းတယ်။ အဖွဲ့အစည်းကို ဘယ်လိုမျိုး ကြီးထွားလာအောင် ဘယ်လို ဆောင်ရွက်လဲ။ အဲဒီလိုမျိုး အကြောင်းတွေကို ၅ ရက်သင်တန်း ပို့ချပါတယ်။”

ဗေဒါသင်တန်းကျောင်းတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီကွန်ရက်ရဲ့  အစ်ီအစဉ်တခုလည်းဖြစ်ပါတယ်။

လတ်တလော ရန်ကုန်နဲ့  မန္တလေးမြို့တွေမှာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ထားပြီး လူငယ်တွေရဲ့ စွမ်းရည် မြှင့်တင်ရေးသင်တန်းတွေနဲ့ လူမှုရေးနဲ့ နိုင်ငံရေးသိပံ္ပ ဘာသာရပ်တွေကို ပို့ချသင်ကြားပေးနေတာပါ။

ဆန္ဒပြလယ်သမားများ အာမခံ ပယ်ချခံရ
Nov - 11, 2011 by မင်းလွင် DVB

လယ်ယာမြေအသိမ်းခံရတဲ့အတွက် ဆန္ဒပြခဲ့ကြတဲ့ လယ်သမားတွေက သူတို့ကို ဖမ်းဆီးထောင်ချတာတွေ မလုပ်ဘဲ အာမခံပေးဖို့ တောင်းဆိုချက်ကို ဗိုလ်တထောင် တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့လက ဆန္ဒပြခဲ့တဲ့ လယ်သမားများ အပါအ၀င် ၇ ဦးက အာမခံပေးဖို့ လျှောက်ထားခဲ့ရမှာ ဗိုလ်တထောင် တရားရုံးက ဒီကနေ့မှာ ပယ်ချလိုက်တာပါ။

အမှုပယ်ချခံရတာနဲ့ ပတ်သက်ပြီး လယ်သမားတွေရဲ့ဥပဒေအကျိုးဆောင် ကိုဖိုးဖြူက “အခုလတ်တလောမှာ အာမခံနဲ့ နေတယ်။ ချိန်းဆိုထားတဲ့ ရုံးချိန်းအတွက်ကို ကိုယ်တိုင် ခံဝန်ချက် ပေးမယ်။ နောက်ရုံးချိန်းတွေ အတွက်ကို အာမခံတဲ့သူနဲ့မှ ပေးမယ်ဆိုတဲ့ အမိန့်ကို ကျနော်တို့ တောင်သူလယ်သမားတွေက မကျေနပ်ကြပါဘူး။

ဒါကြောင့် ကြားထဲမှာ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ရုံးချိန်း ၂၂ ရက်မတိုင်ခင် ဆက်တက်မှာဖြစ်ပါတယ်။ ဒီအမိန့်ဟာ လွဲမှားတယ်။ မှားယွင်းတယ်။ ဥပဒေအရဆိုရင် အာမခံ ပေးကိုပေးရမယ့် အမှုဖြစ်တယ်။ ကိုယ်ပိုင်ခံဝန်ချက်ကိုပဲ အာမခံပေးနိုင်တဲ့ အမှုလည်းဖြစ်လျက်သားနဲ့ကို အာမခံတောင်းတာဟာ ဥပဒေကြောင်းအရ မှားယွင်းတယ် ဆိုတာကို ကျနော်တို့တွေ ပြင်ဆင်မှု ဆက်လက် တင်သွင်းမှာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အာမခံရာမှာ ကိုယ်ပိုင်ခံဝန်ချုပ် အာမခံနဲ့ ပစ္စည်းအာမခံဆိုပြီး နှစ်မျိုးရှိရာမှာ လယ်သမားတွေဟာ ပစ္စည်းအာမခံမပေးနိုင်တဲ့အတွက် ကိုယ်ပိုင်ခံဝန်ချုပ်နဲ့ အာမခံပေးဖို့ တရားရုံးကို လျှောက်ထားခဲ့တာပါ။

အောက်တိုဘာလ ၂၇ ရက်နေ့က ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းမပေါ်က မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာန ရုံးရှေ့မှာ လယ်သမား ၁၁၂ယောက်က ဆန္ဒပြခဲ့ကြတဲ့အတွက် ကိုဖိုးဖြူနဲ့ ၆ ဦးကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ တရားစွဲခံထားရတာပါ။

ဗိုလ်တထောင်တရားရုံးကနေ မတရားသဖြင့် အမိန့်ချမှတ်ခံရရင်တော့ အဖမ်းခံဖို့ အသင့်ပါပဲလို့ ပြောပါတယ်။

ကျနော် ဥပဒေ အကြံပေးတဦး အနေနဲ့ကတော့ ခံဝန်ချက် ပေးနိုင်လောက်အောင်၊ အာမခံ ပေးနိုင်လောက်အောင် ကျနော်တို့မှာ ပြည့်စုံမှု မရှိပါဘူး။ ဒီအတွက်ကြောင့်မို့ ချမယ်ဆိုရင်လည်း ခံယူဖို့ အသင့်ပါပဲ။”

ဒဂုံမြို့သစ် သုံးမြို့နယ်က တောင်သူလယ်သမား တထောင်ကျော်ရဲ့လယ်ဧက ၆ သောင်းကို မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာနက ၁၉၈၉ ခုနှစ်ကတည်းက သိမ်းယူခဲ့တာပါ။

တရားစွဲခံထားရသူတွေကတော့ ကိုဖိုးဖြူ၊ လယ်သမားတွေဖြစ်တဲ့ ဦးညို၊ ဦးစိုးနိုင်၊ ဦးခင်ထွေး၊ ဦးအောင်မြင့်၊ ဦးသိန်းထွန်းနဲ့ ဆန္ဒပြပွဲကို ရပ်ကြည့်မိတဲ့ အချက်အပြုတ် နည်းပြဆရာ ဦးသီအောင်တို့ ဖြစ်ပါတယ်။

ရွှေဝါရောင်သံဃာခေါင်းဆောင် ကျန်းမာရေး ပြန်လည် ကောင်းမွန်
Nov - 11, 2011 by နေသွင် DVB

စစ်ကိုင်းတိုင်း ကလေးထောင်မှာ အကျဉ်းကျနေတဲ့ ရွှေဝါရောင်သံဃာခေါင်းဆောင် ဦးဂမ္ဘီရရဲ့ကျန်မာရေး ပြန်လည် ကောင်းမွန်နေတယ်လို့ ဒီနေ့ ထောင်ဝင်စာတွေ့တဲ့ မယ်တော် ဒေါ်ရေးက ပြောပါတယ်။

ကျန်းမာရေး တိုးတက်လာပါတယ်။ အရင်အခေါက်ထက် လန်းလန်းဆန်းဆန်း ပိုရှိတယ်။ လွတ်လည်း လွတ်တော့မှာပါနော်။ မလွတ်ခင် နောက်ဆုံးအကြိမ် ထောင်ဝင်စာ တွေ့တာလို့ပဲ စိတ်ထဲမှာ သတ်မှတ်ထားတယ်။”

လာမယ့် ၁၄ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ်လို့ ကောလာဟလတွေ ထွက်နေတာကြောင့် ၁၄ ရက်နေ့အထိ ကလေးမြို့မှာ စောင့်နေမယ်လို့ အရှင်ဂမ္ဘီရရဲ့မယ်တော် ဒေါ်ရေးက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်က အရှင်ဂမ္ဘီရကို ထောင်ဝင်စာတွေ့တဲ့အချိန်မှာ ဆောင်းရာသီ အအေးဒဏ်ကြောင့် ကိုယ်တော်ရဲ့ကျန်းမာရေး ဆိုးနေတယ်လို့ မယ်တော်ဒေါ်ရေးကပဲ မီဒီယာတွေကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူး ကင်တားနားက အရှင်ဂမ္ဘီရရဲ့ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အရှင်ဂမ္ဘီရဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ် ၆၃ နှစ်ကျခံနေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပြန်လည် လွတ်မြောက်လာခဲ့ပြီး နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၁၇၀၀ နီးပါး ကျန်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဆိုပါတယ်။

နမ့်ခမ်းရဲစခန်းတွင် ဗုံးပေါက်ကွဲပြီး ရဲအရာရှိ ၁ ဦး သေဆုံး
Nov - 11, 2011 by နော်နိုရင်း DVB

ရှမ်းပြည်နယ် နမ့်ခမ်းမြို့မှာ ဗုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးပြီး ရဲတပ်သားတဦးနဲ့ အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့ကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ရဲစခန်းမှာ မနေ့ညက ဗုံးပေါက်ကွဲမှုတခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် ဇော်ထူးစံနောင် သေဆုံးသွားသလို ရဲတပ်သားတဦးအပါဝင် ရဲစခန်းအနီး ထမင်းဆိုင်က အမျိုးသမီး နှစ်ဦးလည်း ထိခိုက် ဒဏ်ရရှိသွားတဲ့အကြောင်း နမ့်ခမ်းမြို့နယ် ရဲစခန်းတာဝန်ရှိသူ တဦးက ပြောပါတယ်။

ည ၈ နာရီ မိနစ် ၄၀ လောက်မှာ လူတယောက်က ဆိုင်ကယ်တစီးနဲ့ အထုတ်တထုတ် လာချသွားပါတယ်။ ချသွားတဲ့အကြောင်းကို ဘေးကမြင်တဲ့သူက ရဲစခန်းကို လှမ်းအကြောင်းကြားတော့ ရဲခစန်းတာဝန်မှူးက သွားကြည့်တဲ့အခါ တာဝန်မှူးက အထုတ်နားမရောက်ခင်မှာပဲ ဗုံးကကွဲသွားတယ်။ ကျနော်တို့ စုံစမ်းလို့တော့ မရဘူး။ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ။ မှောင်နေတဲ့အချိန် ဖြစ်တာလည်းပါတယ်။ မှောင်နေတော့ ဗြုန်းဒိုင်းဆိုပြီး ထွက်ပြီးကြည့်လို့မရလို့လေ။ သေချာတာကတော့ သောင်းကျန်းသူ အဖွဲ့အစည်းတခုခုက လုပ်တာတော့ သေချာတယ်။ ကျနော်တို့ ဆရာ တာဝန်မှူး ဒု-ရဲအုပ်တဦး ဆုံးသွားပါတယ်။ ကျန်တာက တပ်ဖွဲ့ဝင် တဦးနဲ့ အရပ်သူနှစ်ဦးလည်း ဒဏ်ရာရတယ်။”

နမ့်ခမ်းဆေးရုံ ရုံးခန်းတာဝန်ခံ ဒေါ်နန်းနန်းခင်က “ဆေးရုံကို ၄ ယောက် ရောက်လာတယ်။ တယောက်ကတော့ ဆုံးသွားတယ်။ ဆုံးသွားတဲ့ တယောက်က ဒု-ရဲအုပ် သော်ထူးစံပါ။ ရဲတပ်သားတယောက် ထိခိုက်ဒဏ်ရာရတဲ့ တယောက်ကတော့ ကျော်စွာမိုး။ ကျန်တဲ့ အမျိုးသမီးနှစ်ယောက်ကတော့ နာမည် မသိလိုက်ဘူး။ ထမင်းဆိုင်မှာ ဈေးရောင်းတဲ့ သူတွေလို့ သိပါတယ်။ မူဆယ်ဆေးရုံကို လွှဲပြောင်းပေးလိုက်တယ်။ နည်းနည်းစိုးရိမ်ရလို့ပါ။ ဟိုဆေးရုံမှာက အထူးကု ဆရာဝန်တွေ ရှိလို့ပါ။”

ဒီပေါက်ကွဲမှုအတွင်း ရဲစခန်းအနီးနားက လူအိမ်တချို့လည်း အနည်းငယ် ပျက်စီးသွားပြီး ဒီဗုံးဟာ အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲတာလို့ ယူဆရကြောင်း ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

ကျနော်တို့ကတော့ အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲတဲ့ ဗုံးလို့ယူဆတယ်။ သံချောင်းတွေကိုဖြတ်ပြီး လုပ်ထားတဲ့ဗုံးပါ။ လက်လုပ်ဗုံးပါ။”

နမ်းခမ်းမြို့မှာ အခုလို ဗုံးပေါက်ကွဲတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက နမ်းခမ်းမြို့နယ်မှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်ကို အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်တဲ့အတွက် အဲဒီ ဒေသတ၀ိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေရဲ့ဂယက်ကြောင့် နမ့်ခမ်းမြို့ပေါ် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားရတာလို့ နမ့်ခမ်းရဲစခန်းတာဝန်ရှိသူက မှတ်ချက်ပေးပါတယ်။

ခုလို ဗုံးပေါက်ကွဲမှုကြောင့် မြို့ခံတွေအနေနဲ့ လုံခြုံရေးအတွက် ညဘက် အပြင်သိပ်မထွက်ဖို့ ရဲတပ်ဖွဲ့က သတိပေးထားထားပါတယ်။

ဗန်းမော်မှာ ရှားရှားပါးပါး စာပေဟောပြောပွဲ ပြုလုပ်
Nov - 11, 2011 by ဒီဗွီဘီ DVB

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ဗန်းမော်မြို့ မြောက်ဘက်၊ ရွှေကျီးနားဘုရားဝင်းအတွင်းရှိ တံခွန်တိုင် ကျောင်းတိုက်မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

စာရေးဆရာမ ရွှေကူမေနှင်း၊ စာရေးဆရာ သုဝဏ်ဏကျော်စိန်နဲ့ ကိုရွှေအောင်သင်းတို့က ဟောပြောခဲ့တာလို့ စာပေဟောပြောပွဲ တက်ရောက်ခဲ့သူ ဗန်းမော် ဒေသခံတဦးက ပြောပါတယ်။

ရွှေကူမေနှင်းက စာကြည့်တိုက် ခေါင်းစဉ်နဲ့ ဟောပြောတယ်။ သုဝဏ်ဏကျော်စိန်က စာဖတ်ကြပါဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောတယ်၊ ကိုရွှေအောင်သင်းက စာမတတ်သူ ပပျောက်ရေးဆိုပြီး ဟောတယ်။ ဒါပေမယ့်လို့ ကိုရွှေအောင်သင်းကတော့ ဧရာဝတီမြစ်နဲ့ ပတ်သက်တာ တော်တော် တွယ်သွားတယ်။ ကိုရွှေအောင်သင်းက တော်တော်လေး ကောင်းတယ်၊ ဆွဲဆောင် အားလည်း ကောင်းတယ်။ နောက်တခုက ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ဟာ ပန်းတိုင်ကိုသွားဖို့ ပြည်သူလူထုဟာ လိုက်ပါဖို့၊ မကြောက်ဖို့၊ လွတ်လပ်စွာ ဟောပြောခွင့်ရှိတဲ့ အကြောင်းကို ဟောသွားတယ်။ တော်တော် ကောင်းပါတယ်။”

ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ မြန်မာစစ်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေလို့ နယ်မြေအေးချမ်းမှု မရှိသေးတာကြောင့် ညမထွက်ရ အမိန့်တွေ ထုတ်ထားတဲ့ ဗန်းမော်မြို့မှာ အခုလို စာပေဟောပြောပွဲကို နေ့ဘက်မှာ ပြုလုပ်ခဲ့တာပါ။

စာပေဟောပြောပွဲကို ဗန်းမော်မြို့မှာ ၁၉၉၀ ခုနှစ် နောက်ပိုင်းကတည်း မကျင်းပတော့တာဖြစ်ပြီး အခုကျင်းပရာမှာလည်း မြို့စွန်ဘက် တံခွန်တိုင် ကျေးရွာမှာ ကျင်းပတဲ့အတွက် စာပေ၀ါနာရှင်တွေနဲ့ ကျောင်းသူကျောင်းသား ၆၀၀ လောက်သာ လာရောက်တယ်လို့ ပြောပါတယ်။

နေရာက မြို့မြောက်ဘက်က ဆင်ခြေဖုံးကိုဗျ။ တပ်ကိုဖြတ်မယ့် ဂိတ်တွေက ရှိတယ်။ ၅ နာရီခွဲဆို ဂိတ်တွေ ပိတ်ပြီ။ နေ့မှာဟောတော့ လူနည်းနည်း နည်းတာပေါ့။ ညဆို ပိုကောင်းလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဟိုဘက်ကလည်း ဒီကိုလာလို့မရ၊ ဒီဘက်ကလည်း ဟိုကိုသွားလို့မရ ပြန်တဲ့အခါ အခက်အခဲရှိတော့ နေ့ပွဲကို လုပ်လိုက်တာ။ နေရာ အခက်အခဲကြောင့် တံခွန်တိုင်မှာ လာလုပ်တာပေါ့။ မြို့ပေါ်က နေရာ မရဘူး။”

မြို့ပေါ်ရှိ အစိုးရနဲ့ဆိုင်တဲ့ အဆောက်အဦတွေကို အသုံးပြုခွင့်မရတာကြောင့် ကိုယ်တိုင်လည်း စာရေးဆရာဖြစ်တဲ့ မင်းလှဆရာတော်က သူ့ရဲ့ကျောင်းတိုက်မှာ လက်ခံကျင်းပခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တနှစ်ပြည့်အထိမ်းအမှတ် သွေးလှူမည်
Nov - 11, 2011 by နေသွင် · DVB

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တနှစ်ပြည့် အထိမ်းအမှတ် အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေက ဦးဆောင်ပြီး ရန်ကုန်မြို့က ဆေးရုံ ၃ ခုမှာ သွေးလှူဒါန်းသွားမယ်လို့ သွေးလှူအဖွဲ့က ပြောပါတယ်။

သင်္ဃန်ကျွန်း စံပြဆေးရုံ၊ အလုံ ဗဟိုအမျိုးသမီးဆေးရုံ၊ ကလေးဆေးရုံတို့မှာ မနက်ဖြန်ကစပြီး ၃ ရက်ဆက် လှူဒါန်းမယ်လို့ သွေးလှူအဖွဲ့ (ဘီဂျီ) ၀င် ဆက်သွယ်ရေးမှူး ကိုညီညီက ပြောပါတယ်။

အခု သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ စံပြဆေးရုံမှာ ဆိုရင်လည်း သွေးတွေက နေ့စဉ်လိုအပ်နေတယ်။ သင်္ဃန်းကျွန်းဆေးရုံကို ပို့မယ်။ ဗဟိုအမျိုးသမီးဆေးရုံကိုလည်းပို့မယ်။ ကလေးဆေးရုံကိုပို့မယ်။ လောလောဆယ်မှာ အဲ့ ၃ ခုကိုပဲ လျာထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တနှစ်ပြည့် အထိမ်းအမှတ်မှာ လှူရတဲ့အကြောင်းက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ကုသိုလ်ကောင်းမှုတွေရမယ်၊ ဆက်လက်ပြီးတော့လည်း ဒီကုသိုလ်ကောင်းမှုတွေနဲ့ အတူ နိုင်ငံ့အကျိုးကိုလည်း ပိုမိုထမ်းရွက်နိုင်မယ်။ နောက်တချက်ကတော့ ဒီလိုလှူဒါန်းခြင်းအားဖြင့် အမှန်တကယ်သွေးလိုအပ်နေတဲ့ လူနာတွေဆီကို သွေးရရှိသွားမယ်။”

ဘီဂျီအဖွဲ့က သင်္ဃန်းကျွန်း စံပြဆေးရုံအပါအ၀င်၊ သွေးလိုအပ်နေတဲ့ ဆေးရုံတွေကို အပတ်စဉ် သွေးပုလင်းအလုံးပေါင်း ၃၀ ခန့် လှူဒါန်းနေတယ်လို့ ကိုညီညီက ပြောပါတယ်။

ဘီဂျီသွေးလှူရေးအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး သွေးလှူခြင်းအပြင် အခြား ကျန်းမာရေး၊ ပညာရေး၊ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရန်ကုန်မြို့မှာ အခြေပြုပြီး ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

သွေးလှူဒါန်းလိုသူတွေ အနေနဲ့ ဘီဂျီအဖွဲ့ရဲ့ဖုန်းနံပါတ်တွေ ဖြစ်တဲ့ ၀၉၄ ၉၃၂ ၈၀၅၅၊ ၀၉၇၃၁၂၅၈၈၅၊ ၀၉၄၃၀၃၈၈၀၁ တို့ကို ဆက်သွယ်နိုင်ပါတယ်။



အခြေခံ ဥပဒေဆိုင်ရာ ပြင်ဆင်မှုလုပ်ရန် ကြံ့ခိုင်ရေး အမတ်များ ကြိုးပမ်း
ကိုဝိုင်း | သောကြာနေ့၊ နိုဝင်ဘာလ ၁၁ မဇ္စျိမ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် နီးလာချိန်တွင် အစိုးရအဖွဲ့ဝင်များကို လွှတ်တော်အမတ်နေရာ ပြန်ပေးရန် ရည်ရွယ်၍ ၂ဝဝ၈ ဖွဲ့စည်းပုံပါ ဥပဒေ တချို့ကို ပြင်ဆင်ဖြည့်စွက်နိုင်ရန် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမတ်အချို့ ကြိုးပမ်းမှုများ ရှိနေကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ "နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများသည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှမဖြစ်စေရ" ဟူသည့်အချက်ကို ကြံ့ခိုင်ရေးအမတ်များက ပယ်ဖျက်လိုနေသည်။ ယင်းအပြင် “သမ္မတများသည် မိမိရွေးချယ် ခံခဲ့သော မြို့နယ်များ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရပ်တည်ခွင့်ရှိသည်။”ဟု ကြံ့ခိုင်ရေး အမတ်များ
မှ ဖြည့်စွက်လိုကြောင်း မဇ္ဈိမက ရရှိထားသည့် အထောက်အထားများက ဖေါ်ပြသည်။

သမ္မတများအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်တို့အဖြစ် တာဝန် ထမ်းဆောင်ရပါက လွှတ်တော်အမတ်အဖြစ်မှ နုတ်ထွက်ရမည်ဟူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း () တွင် ပြဋ္ဌာန်းထားသည့် ပုဒ်မအချို့ကို ဖြည့်စွက်ပြင်ဆင်ရန် ကြံ့ခိုင်ရေးအမတ်များ လွှတ်တော်ပြင်ပတွင် ကြိုးပမ်းနေကြခြင်းလည်းဖြစ်သည်။

အခွင့်အရေးဆုံးရှုံးရသည်ဟု အကြောင်းပြ၍ လွှတ်တော်သို့ အဆိုတင်နိုင်ရေး အမတ်ဦးရေ၏ ၂ဝ ရာခိုင်နှုန်း ရရှိနိုင်ရန် ကြံ့ခိုင်ရေးနှင့် ပါတီတချို့မှ ကိုယ်စားလှယ်များ အုပ်စုဖွဲ့ လက်မှတ်ထိုးသည့် အဆင့်သာ ရှိသေးကြောင်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက မဇ္ဈိမကိုပြောသည်။
lotdaw97

အစိုးရအဖွဲ့ဝင်များကို လွှတ်တော်အမတ် နေရာ ပြန်ပေးရန် ရည်ရွယ်၍ ၂၀၀၈ ဖွဲ့စည်းပုံမှ ဥပဒေ တချို့ကို ပြင်ဆင်နိုင်ရန် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်အချို့က ကြိုးပမ်း (ဓါတ်ပုံ မဇ္ဈိမ)

တချို့ အဲဒါ လက်မှတ် လိုက်ထိုးကြတယ်လို့ ကြားပါတယ်။ သမ္မတရော ဘာရော လွှတ်တော်ကိုယ်စားလှယ်ထဲ မပါတော့ဘူးဆိုရင် သူတို့ရဲ့ အခွင့်အရေး ဆုံးရှုံးတယ်။ သူတို့နယ်မြေမှာလည်း မလုပ်ပေးနိုင်ဘူး။ လွှတ်တော်နဲ့ လုံးဝအဆက်ပြတ်သွားလို့ရှိရင် လွှတ်တော်က ဘာဆုံးဖြတ်တယ် ဆိုတာလည်း သူတို့ သိခွင့်မရှိဘူးလို့ အကြောင်းပြတယ်လို့ ပြောတာပဲ။” ဟု သူကပြောသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် တာဝန်ပေးခံရသည့် နေ့မှစ၍ “လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်။” ဟု ဆိုသော ပုဒ်မ ၂၄၂ ()၊ ၂၃၂ (ဈ)၊ ၂၃၄ () တို့မှ စာပိုဒ်ကိုလည်း အလားတူ ပြင်ဆင်ရန် စိုင်းပြင်းနေသည်။

ကြံ့ခိုင်ရေးနှင့် စစ်တပ်အမတ်ပေါင်းပြီး ပြည်ထောင်စုလွှတ်တော် အမတ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်ဖြင့်
ဖော်ပြပါ ဥပဒေများကို ပြင်နိုင်ရန် အခွင့်အလမ်းရှိနေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အစိုးရနှင့် လွှတ်တော်အကြား ဆက်ဆံရေးကောင်းမွန်နေသဖြင့် ယင်းကြိုးပမ်းမှုမှာ လွယ်လွယ်ဖြင့် အောင်မြင်မည်ဟု
ပြည်သူ့လွှတ်တော်အမတ်က မယူဆပေ။

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေကမူ ဖွဲ့စည်းပုံပါ ပြင်ဆင်ရန် ကြိုးစားနေမှုကို မကြားသိကြောင်းသော်လည်း အာဏာပိုင်အဖွဲ့အစည်းဝင်များအနေဖြင့် လူထုထံ မှ အမြင်ရှင်းလင်းမှုကို ကြိုးစား ရယူသင့်သည်ဟု ဆိုသည်။

တချိန်တုန်းက ကျင့်သုံးခဲ့တဲ့ အစဉ်အလာအရက one party system ဆိုရင် ဒါပြဿနာမဟုတ်ပါဘူး။ ပါတီစုံ စနစ် ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာကလည်း ဘယ် source ကလာတာလဲ။ ဘယ်ပါတီကလာတာလဲ ဆိုတာရှိတာကိုး။ အဲဒီဟာမှာ အာဏာပိုင်အဖွဲ့အစည်းဆိုတဲ့ ပုဂ္ဂိုလ်က ရှင်းရှင်းလင်းလင်းနဲ့ လုပ်နိုင်လို့ရှိရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။” ဟု သူကပြောသည်။

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီအဆိုအရ လစ်လပ်နေသော အမတ်နေရာ ၄၈ နေရာရှိသော ကြားဖြတ်
ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင်
နေရာ ၂ဝ ခန့် ဝင်ပြိုင်ရန် လျာထားသည်။ အချို့သော နိုင်ငံရေးပါတီများက ရွေးကောက်ပွဲကော်မရှင်ကို ကိုးကားပြောကြားရာတွင် လစ်လပ်နေသော အမတ်နေရာမှာ ၇ဝ အထိ ရှိသည်ဟုဆိုသည်။

အမျိုသားဒီမိုကရေစီပါတီသစ် သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ရှေ့နေ ဦးသိန်းညွန့်က အစိုးရ အဖွဲ့ဝင်များ အမတ်နေရာပါယူခွင့် လှုပ်ရှားနေမှုနှင့်ပတ်သက်၍ မကြားသိရသော်လည်း ဖြစ်လာလိမ့်မည်ဟု လည်း မျှော်လင့်မထားသူပင်ဖြစ်သည်။

အဲဒီလိုအခြေအနေမျိုး ရောက်လာမယ်လို့ အခုအခြေ အနေမှာတော့ မထင်သေးဘူး။” ဟုပြောသည်။

ပြင်ဆင်ရန်ကြိုးစားနေသည့် ကျန်ဥပဒေများတွင် ပြည်ထောင်စုဝန်ကြီး ရွေးကောက်ပွဲနီးချိန်တွင် ပါတီစည်းရုံးရေး
ပြုလုပ်နိုင်ရန်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ လွှတ်တော် အမတ်အဖြစ် ပြန်ရပ်တည်ခွင့်၊
ပြည်ထောင်စု အဆင့် တရားသူကြီးများနှင့် တိုင်း/ပြည်နယ် တရားသူကြီး တို့၏ တာဝန်ထမ်းဆောင်ခွင့် သက်တမ်း ပြင်ဆင်မှုများလည်း ပါဝင်သည်။

အခြေခံဥပဒေအရ လွှတ်တော်အမတ် ဖြစ်ခွင့် မရှိသူများထဲတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလည်း ပါဝင်သည်။

ရခိုင်မျိုးချစ်အဆိုတော် ဝင်းကိုခိုင်
ဖနိဒါ | သောကြာနေ့၊ နိုဝင်ဘာလ ၁၁ မဇ္စျိမ

ချင်းမိုင်(မဇ္စျိမ) ။ ။ အမျိုးသားရေးသီချင်းများ ရေးစပ်သီဆိုသော အသက် ၄၂ နှစ်အရွယ် ရခိုင်အဆိုတော် ကိုဝင်းကိုခိုင်ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။


အကို့အမည်က ကိုဝင်းကိုခိုင် ဆိုတော့ နာမည်အရင်းက ဘယ်လိုခေါ်လဲ။

တခြားနာမည်မရှိဘူး။ ဝင်းကိုခိုင်ပါပဲ။ ဝင်းကိုခိုင် (Aryan)။ အနောက်ကဟာက ကျနော်တို့လူမျိုးရဲ့ အမျိုးနာမည်လေ။ ကျနော်က ရခိုင်သီချင်းတွေ ဆိုတယ်လေ။ သီချင်းတွေလည်း ရေးတယ်။ ကျနော်က ကဗျာရေးတယ်။ ကဗျာက ပုံမှန်ပဲ၊ နိုင်ငံရေး မပါဘူး။ အချစ်ရေးနဲ့ အမျိုးသားရေး အရောင်တွေနဲ့ ရောပြီး ရေးတယ်။”

ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် ထူးအိမ်သင်အတွက် သီချင်းတွေ ရေးပေးဖူးခဲ့တယ် ဆိုတော့ အဲဒီအကြောင်းပြောပြပါဦး။

ကိုထူးအိမ်သင် သီချင်းတွေက ကျနော် ၁၉၉၄ ခုနှစ်လောက်မှာ ရေးနေတာလေ။ သူ့ သူငယ်ချင်းတွေက တဆင့် ကျနော့် သူငယ်ချင်းတွေက သီချင်းတွေ ရောင်းကြတယ်။ “ဝင်းရိုးစွန်းမီး” ဆိုတဲ့သီချင်းက ကျနော့် သီချင်းပါ။ အဲဒါက သိပ်ပြီးတော့ မအောင်မြင်ခဲ့တဲ့ စီးရီးပေါ့နော်။ ၁၉၉၄ မှာ ထွက်တာ။”


ဇာတိကရော ဘယ်ကလဲ။ ငယ်ဘဝ အကြောင်းလေး ပြောပြပါလား။

ကျနော်ဇာတိက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာပါ။ ကျနော်ငယ်ဘဝက ပြောရမယ်ဆိုရင် အဲဒီခရိုင်ရွာရယ်။ ခရိုင်ရွာရဲ့ဟိုဘက်ကမ်း ကမ်းထောကျွန်းမှာ ကျနော် ခုနှစ်တန်းထိ ကျောင်းနေခဲ့တယ်။ အဲဒီမှာ ကျေးရွာ သဘာဝအရ အိုးစည်၊ ဒိုးပတ်တွေ တီးတယ်။ တောပလွေတွေ၊ မယ်ဒလင် တီးတယ်။ ရှစ်တန်းမှာ စပြီးတော့ တောင်ကုတ်ကို ကျောင်းသွားတက်တယ်။ အဲဒီမှာ ဂီတာစတီးဖြစ်တယ်။ အဲဒီမှာ စတီရီယိုသီချင်းတွေ စပြီးတော့ ၁၉၈၃ ခုနှစ်လောက်မှာ စဆိုဖြစ်တယ်။ အဲဒီအချိန်မှာ တွံတေးသိန်းတန်ရဲ့ တေးသံသီချင်းတို့၊ နေကာ မျက်မှန်လေးဆိုတဲ့ တောသီချင်းတွေ ဆိုခဲ့တယ်။”


၁၉၈၃ တောင်ကုတ်ရောက်တော့ ကျနော် မြန်မာပြည် စတီရီယို ခေတ်ဦး သီချင်းတွေပေါ့။ အဲဒီတုန်းက ခိုင်ထူး၊ စိုင်းထီးဆိုင်၊ လွှမ်းမိုးတို့ သူတို့ သီချင်းတွေနဲ့ တီးခတ်ပြီးတော့ တောင်ကုတ်မှာစပြီးတော့ ပထမဦးဆုံး ခြေရာမြစ်ဖျားကတော့ တောင်ကုတ်မြို့ပေါ့နော်။ ဆယ်တန်းကို အ..က တောင်ကုတ်ကနေ ၁၉၈၅ ခုနှစ်မှာ အောင်တယ်။ ၁၉၈၆- ၈၇ မှာ စစ်တွေ ဒီကရီကောလိပ်မှာ မြန်မာစာမေဂျာနဲ့ ကျောင်းတက်တယ်။ အဲဒီအချိန်မှာ ၁၉၈၈ အရေးအခင်း ဖြစ်တယ်။ အရေးအခင်းဖြစ်တော့ ကျောင်းတက်ရင်း ပွဲတွေ လုပ်တယ်။ အဲဒီတုန်းက စစ်တွေမြို့က သူငယ်ချင်းတွေနဲ့အတူ ကျနော် ဂီတအကြောင်းတွေ ပြောတယ်ဆိုတယ်။ အဲဒီအချိန်မှာ သူတို့က အများကြီးခေတ်မီတဲ့အတွက် သူတို့ဆီက အတွေ့အကြုံတွေ အများကြီးယူခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ရခိုင်အဆိုတော် မဖြစ်သေးဘူး။ အဲဒီအချိန်မှာ ဗမာသီချင်းတွေ တော်တော် လွှမ်းမိုးတဲ့ အချိန်ပေါ့နော်။ ရခိုင်သီချင်းတွေ မဖွံ့ဖြိုးသေးဘူး။”

အရေးအခင်း ပြီးနောက် ၁၉၈၉ ခုနှစ်လောက်မှာ သံတွဲမှာ နေဖြစ်တယ်။ သံတွဲမှာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်ထိUnited Star တီးဝိုင်း Lead တီးတယ်။ ကျနော့်သူငယ်ချင်းတွေနဲ့ Band လုပ်ပြီးတော့ သံတွဲမြို့မှာ နိုင်ငံတော် အစိုးရပွဲတွေ၊ ကမ်းခြေက နာလန်ထ စခန်းတွေမှာ ခြေကျိုး၊ လက်ကျိုး စစ်သားတွေကို အများကြီးဖျော်ဖြေခဲ့ရတယ်။ အဲဒီ ကမ်းခြေမှာ နာလန်ထစခန်းတွေမှာ ခြေကျိုးလက်ကျိုးလာတဲ့ စစ်သားတွေ အကုန်လုံးကို အနားပေးထားတယ်။ အဲဒီမှာ သုံးနှစ်လောက် ကျနော် လုပ်ခဲ့တယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ သံမှူးတွေ လာကြတယ် ဆိုရင်လည်း အဲဒီ ငပလီ ကမ်းခြေမှာဘဲ ကျနော်တို့က စတိတ်ရှိုးတွေနဲ့ ဖျော်ဖြေမှုတွေ လုပ်တယ်။နောက် ရိုးရာယိမ်းတွေနဲ့လည်း ဖျော်ဖြေတယ်။”


အဆိုတော်ဖြစ်လာပုံကိုလည်း ပြောပြပါလား။

၁၉၉၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ရခိုင် အာစရိယပူဇော်ပွဲ လုပ်တယ်။ အဲဒီပွဲမှာ အတွင်းရေးမှူးက ကျနော့် သူငယ်ချင်း ဖြစ်တယ်။ အဲဒီပွဲမှာ ရခိုင်သီချင်းတပုဒ် ရေးပြီးတော့ အဲဒီပွဲမှာ ဆိုပါဆိုပြီးတော့ တိုက်တွန်းတဲ့ အတွက် ကျနော်က ပထမဦးဆုံး ရခိုင်လိုလည်း မရေးထားသေးဘူး။ မြန်မာလိုပဲ ရေးပြီးတော့ ရောင်းနေတယ်။ အဲဒီမှာ မြန်မာလိုကျတော့ “လက်ဆောင်လှနဲ့ အိမ်ပြန်ကြမယ်”ပေါ့။ အဲဒီသီချင်းလေးရေးပြီးတော့ အဲဒီပွဲမှာ ကျနော် ဆိုတယ်။ ဆိုတော့ အဲဒီပွဲမှာ ရခိုင်စာပေ ထုတ်လုပ်တဲ့ ရခိုင်သားကြီး ဦးလှမြင့်က လာကြည့်တယ်။ သူကနေပြီးတော့ အဲဒီသီချင်းကို ကြိုက်တယ်။ အဲဒါနဲ့ အခွေလုပ်မယ် ဆိုပြီးတော့ ကျနော့်ကို ကမ်းလှမ်းပြီးတော့ အဲဒါနဲ့ သူနဲ့ဘဲ ပထမဦးဆုံး ကျနော်ရဲ့ “သင်းကွဲကြယ်” ဆိုတဲ့ အခွေကို သူနဲ့စပြီး လုပ်ခဲ့ပြီးတော့ ကျနော် ရခိုင် ဂီတထဲကို စပြီးတော့ ဝင်ရောက်လာတယ်။”


ကိုဝင်းကိုခိုင်ရဲ့ စီးရီးခွေတွေ ဘယ်နှစ်ခွေ ထုတ်ခဲ့ပြီး ပြီလဲ။

လက်ဆောင်လှနဲ့ အိမ်ပြန်ကြမယ်” “အိမ်လွမ်းစိတ်နဲ့ ငါ့ပင်လယ်” တွေပေါ့နော်။ ကျနော်စီးရီးက Group တွေ ပိုများတယ်။ တကိုယ်တော် Solo က ခြောက်ခွေ၊ ခုနှစ်ခွေလောက် ရှိမယ် ထင်တယ်။ စုစုပေါင်း ၂၀ ခွေ နီးပါးရှိပြီ ထင်တယ်။”
wkkကိုဝင်းကိုခိုင် ထုတ်ဝေခဲ့တဲ့ သီချင်းအယ်လ်ဘမ်တွေထဲက ဘယ်အလ်ဘမ်ကို အကြိုက်ဆုံးလဲ။

အားလုံးတော့ ကြိုက်ခဲ့တာပါပဲ။ ဒါပေမဲ့ အကြိုက်ဆုံး အယ်လ်ဘမ် ပြောရမယ်ဆိုရင် “အာရက္ခမြေ”ကို ပြောရမယ်။ ဒီစကားလုံးက ပါဠိစကားလုံး ဖြစ်တယ်။ မြန်မာလို “ရခိုင်မြေ”ကို ပြောတာပါ။ ဒါက “စောင့်ရှောက်” တာကို “အာရက္ခ”လို့ ပြောတယ်။ ဒီခွေက ၂၀၁၀ မှာ ထုတ်တာလေ။ ပရိသတ်က တော်တော်အားပေးကြပါတယ်။ အခု ၈,၀၀၀ ထောင်လောက် ရောင်းရပါပြီလို့ ပြောတယ် ပရိုဂျူဆာက။ အခု ၂၀၁၀ နှစ်ကုန်ပိုင်းမှာ “စိုင်းတရား မြင်းခွာ အသံ” အပိုင်း () ဆိုတဲ့ခွေကို ရခိုင်အဆိုတော်တွေချည်းပဲ အဖွဲ့လိုက် သီဆိုထားတယ်။ ဒီနှစ်က အပိုင်း () ထွက်တယ်။ ဒီခွေက ထွက်တာ နှစ်ပတ်၊ သုံးပတ်လောက်ပဲ ရှိသေးတယ်။ ခွေ ၁၀,၀၀၀ လောက်ရောင်းရပြီလို့ ပြောတယ်။”


ရန်ကုန်ကို ဘယ်အချိန်က ပြောင်းလာခဲ့လဲ။ အခုရော ဘယ်မြို့နယ်မှာ နေတာလဲရှင်။

ရန်ကုန်ကို ၁၉၉၁ ခုနှစ်မှာ မြန်မာစာ (ဂုဏ်ထူးတန်း) လာတက်တာလေ။ ခုတော့ ရန်ကုန် တာမွေမြို့နယ်မှာ
နေပါတယ်။ အဖေနဲ့ အမေကလည်း ရန်ကုန်မှာပါ။ ဦးသန်းရွှေ၊ ဒေါ်သောင်းခင်ပါ။ ရခိုင်လူမျိုးပါ။”


အကိုက ရခိုင်မျိုးချစ်တယောက်နဲ့ တူပါတယ်။ ရခိုင်သီချင်းတွေမှာ ဘယ်လို အကြောင်းအရာတွေ အဓိက ရေးစပ်ဖြစ်၊ ဆိုဖြစ်လဲ။

ကျနော်ကတော့ အချစ်သီချင်းတွေဆိုရင် သိပ်မရေးတော့ဘူး။wkk1 အမျိုးသားရေးသီချင်းတွေ ရေးတာများတယ်။ ဆိုဖြစ်တာလည်း အမျိုးသားရေးသီချင်းပဲ။ အာရက္ခမြေ၊ မဟာနွယ်၊ စိုင်းတရား
မြင်းခွာသံဆိုတာတွေလည်း အမျိုးသားရေး သီချင်းတွေပဲ။ ဒါက ကိုယ့်အမျိုးကို စောင့်ရှောက်ဖို့၊ ထိန်းသိမ်းဖို့။ ကိုယ့်ဘာသာ၊
သာသနာကို စောင့်ရှောက်ဖို့။ ဒါတွေကို အဓိကထားပြီးတော့
ဆိုတယ်။ ကျနော်တို့ ရခိုင်လူမျိုးတွေက တော်တော် လက်ခံကြတယ်။ တခြားလူမျိုးတွေနဲ့ မတူဘူး။ မတူဘူးဆိုတာက ကိုယ့်အမျိုးကို ပိုပြီးစိတ်ဝင်စားမှု ပိုရှိတယ်။ အဲတော့ ကျနော်ကလည်း အဲဒီလိုသီချင်းမျိုးတွေ ပိုပြီးတော့ နားထောင်တယ်။ ဒီအထဲမှာ ကျနော်ကလည်း အသိပညာတွေ ပါအောင်ရေးပြီးတော့
ဆိုပေးတာ။ သူတို့ ဇာတိမှန်၊ ဇာတိဂုဏ်ဖြစ်ဖို့အတွက် ကျနော် ကြိုးစားပေးနေပါတယ်။”


အဆိုတော် မဖြစ်ခင် ဘဝမှာ တခြား ဘာရည်ရွယ်ချက်တွေ ထားခဲ့ဖူးလဲ။

ကျနော်က သူတော်စင် ဖြစ်ချင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒုက္ခတရားတွေကို ကျနော် မကြိုက်ဘူး။ သန့်စင်တဲ့ အရာတွေကို ကြိုက်တယ်။ အမှားကင်းတဲ့လူ ဖြစ်ချင်တယ်။ ငြိမ်းချမ်းတဲ့လူ ဖြစ်ချင်တယ်။ အသိဉာဏ်၊ ပညာ ကြွယ်ဝတဲ့လူဖြစ်ချင်တယ်။ ချမ်းသာတဲ့လူ မဖြစ်ချင်ဘူး။”


မြန်မာပြည် နိုင်ငံရေး၊ လူမှုရေးတွေနဲ့ ပတ်သက်ပြီး
ဘယ်လိုမြင်လဲ။ အထူးသဖြင့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေပေါ့နော်။

ကျနော်တို့ ရခိုင်ပြည် အခြေအနေက အရင်အတိုင်းပဲ။ အရင်က မြင်ကွင်းမျိုးပဲ။ လောလောဆယ်တော့ ပြောင်းလဲ သွားတာမရှိသေးဘူး။ လုပ်နေလို့ ထင်ပါတယ်။”


နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘယ်လို အခန်းကဏ္ဍတွေမှာ ပါဝင်လှုပ်ရှားခဲ့ဖူးလဲ။

ကျနော်က နိုင်ငံရေးတွေ ဘာမှ မပါဝင်ခဲ့ဘူး။ ကျနော်က သီချင်းပဲ ဆိုချင်တာ။ အဲဒီသီချင်းရေးရ၊ ဆိုရတာလောက်နှစ်သက်တာ ကျနော်ဘဝမှာ ဘာမှမရှိဘူး။”


အနာဂတ်မှာရော ဒီဂီတနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ရည်မှန်းချက်တွေ ရှိလဲ။

ကျနော်လို့ လူမှုပတ်ဝန်းကျင် ဒီလောကမှာတော့ ကမ္ဘာအဆင့်အတန်းမီအောင်ထိ ဖြစ်ချင်တယ်။ သီချင်းရေးတာ၊ ဆိုတဲ့ဟာတွေ၊ Music အပိုင်းတွေမှာ အဆင့်အတန်းမြင့်တဲ့ လူတွေကို မွေးထုတ်ချင်တယ်။ ကျနော် ရည်ရွယ် ချက်ကတော့ အဲဒါလေးရှိတယ်။”


လက်ရှိကရော ဘာတွေ လုပ်နေလဲ။

အခုလောလောဆယ် ရခိုင်ပြည်မှာ လုပ်ဆဲ စတိတ်ရှိုးတွေက အခုလောလောဆယ် နားလိုက်တယ်။ ပြည်ပကို ဒီတလပိုင်းမှာ မလေးရှားသွားဖို့ ရှိတယ်။ ရန်ကုန်မှာလည်း ရှိုးတွေနားထားတယ်။ ခွေတွေပဲ ထုတ်တယ်။ နားထားတယ်ဆိုတာက အခွေတွေ လုပ်နေရတယ်။ ရှိုးလုပ်တဲ့အခါ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ရှိနေလို့ အဆင်သိပ်မပြေလို့ အခုလောလောဆယ် နားထားတာပါ။”


ဒါနဲ့ တနေ့က ဘီဘီစီသတင်းဌာနက ရေးသားတဲ့ ရိုဟင်ဂျာနဲ့ဆိုင်တဲ့ သတင်းတပုဒ်နဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်ဆန္ဒပြဖို့ ကြိုးစားတဲ့အထဲမှာ ပါသေးတယ်လို့ သိရတယ်။ ဆန္ဒပြချင်ရတဲ့ အကြောင်း ပြောပြပါဦး။

wkk2“ကျနော်တို့က လုပ်တဲ့လူတွေကို သွားကြည့်တာ။ သွားပြီး
အားပေးတာပါ။ ကျနော်တို့က နိုင်ငံရေးသမား မဟုတ်ဘူး။ ကျနော်တို့က သီချင်းဆိုတဲ့လူပဲ။ သီချင်းဆိုမယ်။ သီချင်း
ရေးတယ် ကျနော်တို့ အလုပ်ကဒါပဲ။ ဆန္ဒပြချင်တဲ့
အကြောင်းအရင်းကတော့ “အာရကန်” ဆိုတဲ့ စကားလုံးနဲ့ ဒီ“ရိုဟင်ဂျာ”ဆိုတဲ့ လူတွေက ရခိုင်ပြည်ကို သူတို့ ရိုဟင်ဂျာ တိုင်းပြည်လို ဖြစ်အောင် လုပ်နေတာပေါ့နော်။ ရခိုင်ပြည်ပေါက် လူတွေ ဖစ်အောင် သူတို့ လုပ်နေတာပေါ့။ အဲဒါက ဘင်္ဂါလီတွေပေါ့။ ဒီဘင်္ဂါလီတွေကက မြန်မာပြည် တိုင်းရင်းသား ဖြစ်အောင်၊ မြန်မာပြည်သား ဖြစ်ချင်တယ်။ သူတို့ကြိုးစား နေတယ်။ နိုင်ငံတော် အစိုးရကလည်း မြန်မာပြည်မှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာကို ကြေငြာထားတယ်။ အဲဒါကြောင့် အဲဒီ သတင်းထောက်တွေ၊ ဘီဘီစီကို ကန့်ကွက်တဲ့အနေနဲ့ သူတို့ ဆန္ဒပြမယ် ဆိုတဲ့ ပုံစံပေါ့။ ကျနော်က ဝဘ်ဆိုဒ် ကနေ သိရတာပါ။ ဒါကို သွားပြီး အားပေးတာပါ။ ကျနော်တို့က လှုပ်ရှားမှုထဲမှာ မပါပါဘူး။ ဘယ်လိုလှုပ်ရှားမှန်းတောင် မသိဘူး။ ဒါပေမဲ့ ကောင်းတယ်လေ။ ကျနော်က ကောင်းတဲ့အလုပ်ကို သွားကြည့် တာပါပဲ။”

ဆန္ဒပြပွဲမဖြစ်မြောက်တာ ဘာကြောင့်လို့ ထင်လဲ။

မဖြစ်မြောက်တာက လုပ်မဲ့လူတွေ မရောက်လာဘူးလေ။ ကျနော်တို့က စိတ်ဝင်စားတဲ့ လူဆိုတော့ အရင်ရောက်နေပြီ။ လုပ်မဲ့လူက လူစုမမိလို့လား မသိဘူး။”

ပြုပြင်ပြောင်းလဲရေးလုပ်ရင် မိတ်ဆွေဖြစ်လာဖို့ အဆင်သင့်ဖြစ်ကြောင်း ကလင်တန်ပြောကြား
2011-11-10 RFA

မြန်မာအစိုးရက ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်တယ်ဆိုရင် အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံ ဖြစ်လာဖို့ အဆင်သင့်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့မှာ ကျင်းပမဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ထိပ်သီး ညီလာခံ မတိုင်မီ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက အခုလို ထည့်သွင်း ပြောကြားလိုက်တာပါ။

မြန်မာအစိုးရက မြန်မာပြည်သူတွေ အတွက် ပြုပြင် ပြောင်းလဲရေးကို အစစ်အမှန် အခိုင်အမာ လုပ်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေ ဖြစ်လာမှာ ဖြစ်ကြောင်း၊ ဆယ်စုနှစ်များစွာ အတွင်း ပထမဆုံး ဆိုသလို မြန်မာနိုင်ငံမှာ အပြောင်းလဲတွေ အများအပြား လုပ်ဆောင်လာတာကို ချီးကျူးကြောင်း၊ တစ်ချိန်ထဲမှာပဲ မေးခွန်း ထုတ်စရာတွေလည်း ရှိနေသေးကြောင်း မစ္စစ်ကလင်တန်က ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး အကျဉ်းချ ထားမထား၊ အခု ပြုပြင် ပြောင်းလဲရေးတွေဟာ ရေရှည် တည်တံ့မှု ရှိနိုင် မရှိနိုင်၊ မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ တိုင်းရင်းသား ဒေသတွေက ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စ ပါမပါဆိုတဲ့ မေးစရာတွေ ရှိနေဆဲပါပဲလို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ထောက်ပြပါတယ်။

၂၀၀၉ ခုနှစ်က စပြီး မြန်မာ အစိုးရနဲ့ အမေရိကန် နိုင်ငံ ထိတွေ့ ဆက်ဆံခဲ့ပါတယ်။ မြန်မာ အစိုးရက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်မယ့် လက္ခဏာတွေ တွေ့ရပြီး မကြာခင် လပိုင်းက သံတမန်ရေး အရ ဆက်ဆံမှုတွေ တိုးမြှင့်ခဲ့ပြီး ဒီထက်မက တိုးပြီး ပြောင်းလဲရင် အမေရိကန်ဘက်က တိုးပြီး ဆက်ဆံ ဆောင်ရွက်မယ်လို့ အထူး ကိုယ်စားလှယ်ကလည်း ပြောခဲ့ပါတယ်။




အမေရိကန် နည်းပညာနဲ့ မြန်မာအစိုးရ အင်တာနက် ဆင်ဆာ လုပ်နေ
2011-11-10 RFA

မြန်မာနဲ့ ဆီးရီးယား အစိုးရတွေဟာ ပြည်သူတွေရဲ့ အင်တာနက် အသုံးပြုမှုကို ထိန်းချုပ်တဲ့ ဆင်ဆာ ပိတ်ပင်ရေး လုပ်ငန်းတွေမှာ အမေရိကန် နည်းပညာတွေ သုံးစွဲနေတာ အခိုင်အမာ တွေ့ရှိရကြောင်း သုတေသန အစီရင်ခံစာသစ် တစောင်က ဖော်ပြလိုက်ပါတယ်။

ကနေဒါနိုင်ငံ တိုရွန်တို တက္ကသိုလ် အင်တာနက် သုတေသနဌာန Citizen Lab က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ် အရ ဆီရီးယားနဲ့ မြန်မာ အစိုးရတွေဟာ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် အခြေစိုက် Blue Coat ကုမ္ပဏီရဲ့ နည်းပညာတွေ သုံးစွဲနေကြောင်း အထင်အရှား တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Blue Coat ကုမ္ပဏီ ကတော့ မြန်မာ အစိုးရက Blue Coat ရဲ့နည်းပညာတွေ အသုံးပြုနေတယ် ဆိုတဲ့ တွေ့ရှိချက်ဟာ အခု ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ကုမ္ပဏီ အနေနဲ့ မိမိတို့ နည်းပညာတွေကို အမေရိကန် အစိုးရက ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ နိုင်ငံတွေက အသုံးပြုတာ မလိုလားကြောင်း၊ ဒီအတွက် စတင် စုံစမ်း စစ်ဆေးနေပြီ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Steve Schick က ပြောပါတယ်။

မြန်မာနဲ့ ဆီးရီးယား နိုင်ငံတွေဟာ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့ အတွက် အမေရိကန် အစိုးရရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူခံထားရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

တန်ဆောင်မုန်းလပြည့်ကြိုတရက် ပွဲတော်ညနဲ့ ဦးဘဂျမ်း ကာတွန်းပြပွဲမြင်ကွင်း
မိုးမခအထောက်တော် ရန်ကုန်၊ နိုဝင်ဘာ ၁၁၊ ၂၀၁၁

ယမန်နေ့ညက ရန်ကုန်မြို့၊ တန်ဆောင်တိုင်ပွဲတော်ညမြင်ကွင်းနဲ့ ၁၃ လမ်း ဦးဘဂျမ်းကာတွန်းပြပွဲကို တွေ့ရစဉ်။
အနှစ် ၂၀ ကျော် မကျင်းပနိုင်ခဲ့သော ၁၃လမ်း မီးထွန်းပွဲနှင့် ကာတွန်းပြပွဲကို ပြည်သူများက သဘောကျနှစ်ခြိုက်ကြသည်ကို မြင်ရသည်။
ကာတွန်းပြကွက်များမှာ လက်ရှိခေတ်ကို ထင်ဟတ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ပိုစတာများ၊ ဓာတ်ပုံများကို ရောင်းချနေသည်ကိုလည်း တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်သမားလုပ်ငန်းအဖွဲ့ဝင် တနင်္သာရီတိုင်းစည်းရုံးရေးမှူး ဦးမောင်ကို (၁၉၃၉ - ၁၉၉၀) ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့်ကျင်းပ
တာရာဝေယံ (ရန်ကုန်)
နိုဝင်ဘာ ၁၁၊ ၂၀၁၁မိုးမခ


ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အင်းလျားကန်ဖျားကျောင်းတိုက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်သမားလုပ်ငန်းအဖွဲ့ဝင်၊ တနင်္သာရီတိုင်းစည်းရုံးရေးမှူး ဦးမောင်ကို ကွယ်လွန်ခြင်း ၂၁ ပြည့် ကြေကွဲလွမ်းဆွတ် အမှတ် တရ အလှူဒါနပြုပွဲကို ကျန်ရစ်သူမိသားစုများက ကျင်းပခဲ့ပါတယ်။

အလှူဒါနပြုပွဲကို NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဗဟိုကော်မီတီဝင်များ၊ NLD အဖွဲ့ဝင်များ၊ ကိုဇာဂနာ၊ ဦးအောင်လွင်၊ မောင်မိုးသူ၊ သာယာဝတီ စမ်းစမ်းနွဲ့၊ အစရှိတဲ့ အနုပညာရှင်များ နိုင်ငံရေးအကျဉ်းသားဟောင်းများ ၂၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

ကွယ်လွန်သူ ဦးမောင်ကိုရဲ့ ဇနီး ဒေါ်ခင်မြင့်နဲ့ ကျန်ရစ်သူ သားသမီးများက သံဃာတော်များကို ဆွမ်းကပ်ပြီး လှူဖွယ်ပစ္စည်း ရေစက်ချ လှူဒါန်းကာ ကြွရောက်လာသူများကို နံနက်စာနဲ့ တည်ခင်းဧည့်ခံခဲ့ကြပါတယ်။

ဦးမောင်ကိုဟာ ၁၉၃၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ ပခုက္ကူမြို့၌ အဖ ဦးတင်၊ အမိ ဒေါ်စောရင်တို့မှ မွေးဖွားခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်တွင် ပခုက္ကူ အထက () မှ ၁၀ တန်းအောင်မြင်ပြီး ရန်ကုန်မြို့ ဆိပ်ကမ်းကော်ပိုရေးရှင်းမှ လက်ထောက်ဆိပ်ကမ်းမှူး အလုပ်ကို စတင် ၀င်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၆၄ - ၆၈ တွင် လုပ်သားကောလိပ်မှ ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပါတယ်။ ၁၉၆၀ တွင် ဒေါ်ခင်မြင့်နှင့် အိမ်ထောင်ကျခဲ့ ပြီး ၁၉၇၄ ခုနှစ် ဇူလိုင်လမှာ လက်ထောက်ကုန်ဌာနမှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေစဉ် ဆွီဒင်နိုင်ငံမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းလုပ်ငန်းများနှီးနှော ဖလှယ်ပွဲကို တက်ရောက်ခဲ့ပြီး ဆွီဒင်၊ အင်္ဂလန်၊ ဂျာမဏီ၊ ဒိန်းမတ်၊ နော်ဝေနိုင်ငံများသို့ ရောက်ရှိခဲ့ပါတယ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အက်စ်စီ အက်စ် (ကျောင်းသားများ လှုပ်ရှားမှုကြီးကြပ်ရေးကော်မီတီ) တွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့ခြင်းကြောင့် လည်းကောင်း၊ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့တွင် သူတာဝန်ယူ ရုံးထိုင်သော သိမ်ဖြူလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ကုန်သေတ္တာ တံတားရုံး၌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အက်စ်စီအက်စ်တို့ ပထမဆုံးအကြိမ်တွေ့ဆုံသော သတင်းစာရှင်းလင်းပွဲကို တာဝန်ယူကျင်းပခြင်းကြောင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလမှာ အငြိမ်းစားပေးခြင်းခံခဲ့ရပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်၍ အက်စ်စီအက်စ်အဖွဲ့မှတဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ အထက () လမ်းမတော်မှာ အက်စ်စီအက်စ်နဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များ ဆွေးနွေးပွဲကိုကျင်းပခဲ့ရာ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ပြီး ရှေ့လုပ်ငန်းစဉ်များ အသေးစိတ်ဆွေးနွေးရာတွင် ပါဝင်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုအလုပ်သမားအဖွဲ့လုပ်ငန်းအဖွဲဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်တွင် ဒေါ်အောင် ဆန်းစုကြည်နဲ့အတူ တနင်္သာရီတိုင်း စည်းရုံးရေးခရီးစဉ်များကို သွားရောက်ခဲ့ပါတယ်။ ၁၉၉၀ မှာ ဆိပ်ကမ်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ် အစရှိတဲ့ မြို့နယ်များမှာ စည်းရုံးရေး ဟောပြောပွဲများ မကြာခဏ သွားရောက်ဟောပြောခဲ့ပါတယ်။

ထိုသို့ မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံတော်တရပ်ဖြစ်အောင် နိုင်ငံရေးတာဝန်များအား အချိန်ပြည့်ထမ်းဆောင်နေစဉ်အတွင်း ၁၉၉၀ အောက်တိုဘာ ၂၄ ရက် ည ၁၀ နာရီ ၄၀ အချိန်တွင် နေအိမ်မှာ လာရောက်ဖမ်းဆီးခြင်းခံရပြီး၊ ယင်းသို့ ဖမ်းဆီးစစ်ဆေးခံနေရစဉ် ၁၉၉၀ နိုဝင်ဘာ ၉ ရက်နေ့မှာ အမှတ် ၆ စစ်ထောက်လှမ်းရေးစခန်းမှာ နှိပ်စက်ညှင်းပန်းစစ်ဆေးခံရကာ ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။
ဒီမိုကရေစီဘောင်ကိုချဲ့ ပါ၊ သမိုင်းဘီးရှေ့ သို့ လှည့်ပါ
ညီသင့်မြတ်၊ နိုဝင်ဘာ ၁၁၊ ၂၀၁၁မိုးမခ

၁၉၄၈တွင် လွပ်လပ်ရေးရသည်။ ၀ါဒရေးရာပြဿနာနှင့် လူမျိုးစုအခွင့်အရေးပြဿနာကို အကြောင်းခံ၍ ရဲဘော်ရဲဘက်မှ ရန်သူရန်ဘက် အသွင်ပြောင်းကာ လပိုင်းအတွင်း ပြည်တွင်းစစ်ဖြစ်သည်။ သက်တမ်းနု ပါလီမန်ဒီမိုကရေစီစံနစ်သည် ၁၄နှစ်အကြာတွင် စစ်တပ်၏ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။ နိုင်ငံရေးသမားကြီး ၀ိဓူရသခင်ချစ်မောင် စကားနှင့်ပြောရပါမူ ပြည်တွင်းစစ်ကြောင့် စစ်ဘောင်ကျယ်လာကာ ဒီမိုကရေစီဘောင်ကျဉ်းလာခြင်း ဖြစ်သည်။ ၁၉၆၂မှ နိုင်ငံရေး နယ်ပယ်ထဲသို့ စီးနင်းဝင်ရောက်ခဲ့သော စစ်တပ်သည် ယနေ့ ဆိုလျှင် အနှစ် (၅၀)သက်တမ်း ရှိနေပြီ။
ယနေ့ နိုင်ငံရေးသော့ချက်ပြဿနာသည် ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေ၌ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် စစ်တပ်ပါဝင်နေခြင်း၊ တနည်းအားဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီခြင်းသော ဖွဲ့ စည်းပုံဖြစ်ခြင်းပင် ဖြစ်သည်။ အာဏာရအစိုးရ၏သမတ ဦးသိန်းစိန်ကိုယ်တိုင်ပင် ဖွဲ့ စည်းပုံအပေါ် လက်မခံနိုင်သူများရှိနေကြောင်း ၀န်ခံပြောဆိုထားသည်။ ဖွဲ့ စည်းပုံဟူသည် အခြေအနေနှင့်လျှော်ညီစွာ ပြင်ဆင်ပြောင်းလဲ၍ရသည်ဆိုသော်လည်း ယခုဖွဲ့ စည်းပုံမှာ ပြင်ဆင်နိုင်ရန် အလားအလာ နည်းလွန်းသည်ဟု ယုံကြည်ကြသည်။
၂၀၁၀ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများသည် အလုပ်ဖြစ်ရေးရှုထောင့်မှကြည့်၍ အတိုက်အခံဘ၀ဖြင့် လွှတ်တော်တွင်း ၀င်ကြသည်။ ထိုအချိန်က အဖွဲ့ ချုပ်သည် ရပ်တည်ချက်ရှုထောင့်မှကြည့်၍ ၁၉၉၀ပြည့်ရလဒ်နှင့်ရွှေဂုံတိုင်မူကို ဆုပ်ကိုင်ထားခဲ့သည်။ အဖွဲ့ ချုပ်အနေဖြင့် ရွေးကောက်ပွဲမ၀င်ခဲ့ခြင်းမှာ နိုင်ငံရေးအကျဉ်းသားများလွှတ်ရန်၊ ဖွဲ့ စည်းပုံပြင်ဆင်ရန်၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲကျင်းပရန်တို့ ကို စစ်အစိုးရဘက်မှ လျစ်လျူရှုခဲ့သောကြောင့် ဖြစ်သည်။ အများမျှော်လင့်ထားသည့်အတိုင်းပင် ပြည်ခိုင်ဖြိုးပါတီ နှင့်စစ်တပ်ကိုယ်စားလှယ်များက အာဏာသုံးရပ်လုံးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
ယခု ရွေးကောက်ပွဲတစ်နှစ်ပြည့်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို့ ၏ စိမ်းလဲ့ကန်သာ ဆွေးနွေးပွဲများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်စိန်တို့ ၏ နေပြည်တော်ဆွေးနွေးပွဲ၊ ကုလသမဂ္ဂ အမေရိကန် ဥရောပ အာစီယံတို့ ၏ မြန်မာ့အရေးအပေါ် ချဉ်းကပ်ဆွေးနွေးပွဲများ၊ ဧရာတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှု၊ နိုင်ငံရေးအကျဉ်းသား ရာချီလွှတ်ပေးမှု၊ စာပေနှင့်မီဒီယာထိမ်းချုပ်ခြင်း လျော့ချပေးမှု စသည်တို့ ကြောင့် အစိုးရဘက်မှ အပြုသဘောဆောင်သော ပြောင်းလဲခြင်း စတင်နေပြီဟု သုံးသပ်လာကြသည်။
လွှတ်တော်တွင်း၌ထင်ရှားသည့်အချက်မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို လွှတ်တော်နှစ်ရပ်လုံးက ပြန်လည်ပြင်ဆင်ခဲ့ပြီး သမတဦးသိန်းစိန်က အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ ဥပဒေသစ်တွင် “အခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့်နေရာတွင် “ထိန်းသိမ်းစောင့်ရှောက်” စကားရပ်အစား “လေးစားလိုက်နာ” ဟုပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီတခုသည် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဆိုသော (ကန့်သတ်ချက်) (ပြင်ဆင်ချက်) နှင့် ထောင်ဒဏ်ကျခံနေသူများ နိုင်ငံရေးပါတီဝင် မဖြစ်ရ ကန့်သတ်ချက်ကို ပယ်ဖျက်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ရည်ရွယ်ချက်မှာ ယခင်စစ်အစိုးရသည် ၂၀၀၈ ဖွဲ့ စည်းပုံဖြင့် ထွက်ပေါက်ယူခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့ ချုပ်ကိုလည်း ၂၀၀၈ဖွဲ့ စည်းပုံအောက်တွင် မှတ်ပုံတင်နိုင်ရန်နှင့် ရွေးကောက်ပွဲဝင်နိုင်ရန် ထွက်ပေါက်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ ကြောင့် အဖွဲ့ ချုပ်၏ သေရေးရှင်ရေးဆုံးဖြတ်ချက် ချရမည့်အချိန်၊ မြန်မာ့နိုင်ငံရေး၏ ကံကြမ္မာလှည့်ပြောင်းချိန်သို့ ရောက်လာသည်။ အဖွဲ့ချုပ်၏ ပါတီမှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ချက်ကို ပါတီဝင်များသာမက ပြည်တွင်းပြည်ပကပါ ရင်ခုန်စွာ စောင့်မျှော်နေကြပြီ။
အဖွဲ့ ချုပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းအရ “၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်” ဆိုသောအချက်မှာလည်း တောင်းသလောက်မရခဲ့ပါ။ အဖွဲ့ ချုပ်မည်သို့ ဆုံးဖြတ်မည်နည်း။ ရပ်တည်ချက်ရှုထောင့်မှ ချဉ်းကပ်မည်လား၊ အလုပ်ဖြစ်ရေးရှုထောင့်မှချဉ်းကပ်မည်လား။ ရပ်တည်ချက်ရှုထောင့်မှကြည့်သူသည် အကောင်းဆုံးကိုမျှော်လင့်သည်။ အလုပ်ဖြစ်ရေးရှုထောင့်မှကြည့်သူသည် လက်ရှိအခြေအနေထက် ပိုကောင်းတာကိုမျှော်လင့်သည်။

ရပ်တည်ချက်သမားသည် သော့ချက်ပြဿနာကို ဖြေရှင်းနိုင်မှသာ လက်အောက်ခံပြဿနာများ ဖြေရှင်းနိုင်မည်ဟူသောအမြင်ဖြင့် ချဉ်းကပ်သည်။ လက်တွေ့ သမားသည် သော့ချက်ပြဿနာကို မဖြေရှင်းနိုင်သေးပါက လက်ရှောင်ထားပြီး သဘောထားကွဲပြားသူများအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သော့ချက်ပြဿနာကို ဖြေရှင်းလာနိုင်မည်ဟူသောအမြင်ဖြင့် ချဉ်းကပ်သည်။ ထိုသူနှစ်ဦးသည် စေတနာအားဖြင့် တူညီကြသည်၊ သို့ သော် ချဉ်းကပ်ပုံခြင်းမတူ၊ ထို့ ကြောင့် အကျိုးတရားရလဒ်လည်း တူမည်မဟုတ်ပေ။ အကျိုးတရားရလဒ်သည် သန်း၆၀ ပြည်သူတို့ ၏ကံကြမ္မာနှင့် တိုက်ရိုက်အချိုးကျသောကြောင့် အရေးကြီးပါသည်။ ပို၍အရေးကြီးသည်မှာ သမိုင်းဘီး နောက်ပြန်မလှည့်ရေးပင် ဖြစ်သည်။

အဖွဲ့ ချုပ်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို ဆုပ်ကိုင်ထားသောကြောင့် အလုပ်ဖြစ်ရေး ရှုထောင့်မှ ချဉ်းကပ်မည်ဟု ယူဆမိသည်။ ပြည်သူတို့ အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ချုပ်၏ အနှစ်၂၀ ပေးဆပ်မှုအပေါ် အသိအမှတ်ပြုထားခြင်းကြောင့် မှတ်ပုံတင်ရေးဆုံးဖြတ်ချက် ချမည်ဆိုလျှင် ထောက်ခံအားပေးကြမည်သာ ဖြစ်သည်။ တရားဝင်နိုင်ငံရေး ပါတီအဖြစ်ဖြင့်သာ ပါတီတည်ဆောက်ရေး၊ အရည်အသွေးမြှင့်တင်ရေး၊ မျိုးဆက်သစ်ခေါင်းဆောင်များမွေးထုတ်ရေး၊ လူထုစည်းရုံးရေး၊ မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေး စသည့် ပါတီယန္တရားများကို ပြန်လည်လည်ပတ်နိုင်လိမ့်မည်။

အဖွဲ့ ချုပ်သည် လွှတ်တော်ပြင်ပတွင် ပြည်သူတို့ ၏ အကြောက်တရားကို လျော့ချကာ နိုင်ငံရေးရေချိန် မြှင့်ပေးခြင်းနှင့် ဆီဗဲလ်ဆိုဆိုက်တီး လူထုအခြေပြုအဖွဲ့ အစည်းများ ဖွဲ့ စည်းရန် ကူညီအားပေးခြင်း၊ လွှတ်တော်အတွင်း အတိုက်အခံအင်အားစုအနေဖြင့် ချိန်ခွင်လျှာထိန်းညှိခြင်းစသည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ဆောက်နိုင်မည်။ တချိန်တည်းမှာပင် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာများ၏ မဏ္ဍိုင်သုံးရပ်အပေါ် စောင့်ကြည့်မှု၊ ပညာရှင်များ၏အမြင်သဘောထားဖော်ပြမှု၊ ပြည်သူအသံနားထောင်မှု စသည်တို့ သည်လည်း ဒီမိုကရက်တစ် အင်စတီကျူးရှင်း အားကောင်းမောင်းသန် ဖြစ်လာရေးအပေါ် များစွာအထောက်အကူ ပေးနိုင်ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၌ နိုင်ငံတကာထောက်ခံမှုအလံနှင့် လူထုထောက်ခံမှုအလံ ရှိနေပါသည်။ အစိုးရ၌ အပြောင်းအလဲလုပ်ပိုင်ခွင့် အာဏာအလံရှိနေပါသည်။ အလံသုံးလက်လုံးကို နှစ်ဘက်သဘောတူ စုစည်းနိုင်မှသာလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ရှေ့ တိုးနိုင်ပါလိမ့်မည်။ လက်ရှိအစိုးရ၏ အလံတစ်လက်တည်းဖြင့် ကောင်းမွန်သောအနာဂါတ်ကို မဖန်တီးနိုင်ကြောင်း အစိုးရ၊ အတိုက်အခံ၊ ပြည်သူနှင့် နိုင်ငံတကာ အားလုံးက သိနေသည်။

အဖွဲ့ ချုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်တွင်ရှိသော အလံနှစ်လက်ဖြင့် ဒီမိုကရေစီဘောင်ချဲ့ ရန် ကြိုးပမ်းနိုင်ပါသည်။ ထို့ ကြောင့် လာမည့် ၁၈ ရက်နေ့ တွင် သမိုင်းဘီးရှေ့ သို့ သွက်သွက်လည်ပတ်နိုင်မည့် ဆုံးဖြတ်ချက်ကို အဖွဲ့ ချုပ်က ချမှတ်လိမ့်မည်ဟု ယုံကြည်ပါသည်။

မကွေးတိုင်း ရေဘေးဒုက္ခသည်များ အကူအညီလိုနေဆဲ
By featured, ရန်ပိုင် on November 11, ဧရာဝတီ
မကွေးတိုင်း ပခုက္ကူ၊ ပေါက်၊ ဆိပ်ဖြူ မြို့နယ်များရှိ ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် အကူအညီများ ဆက်လက် လိုအပ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ၀င်ရောက်ခဲ့သည့် မုန်တိုင်းငယ်ကြောင့် ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း စသည့်မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာတချို့ပျက်စီးကာ လူပေါင်း၂၀၀ နီးပါး သေဆုံးကာ လူ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ ထို့အပြင် စပါး၊ ကြက်သွန်၊ ပဲစင်းငုံ စသည့် စိုက်ခင်းများလည်း ပျက်စီးခဲ့သည်။

ပခုက္ကူမြို့၌လည်း ရွှေချောင်းတံတား ကျိုးသွားပြီး ချောင်း အနီးရှိ လူနေအိမ်ခြေများ ရေထဲမျောကာ လူ ၁၀၀ ကျော် သေဆုံး ခဲ့သည်။

ယခုအခါ ဒုက္ခသည်အိမ်ထောင်စု ၅၀၀ကို ဒေသအာဏာပိုင်များက ပခုက္ကူမြို့ လေယာဉ်ကွင်းအနီး ရွက်ဖျင်တဲများထိုးပြီး နေရာချ ထားပေးခဲ့သော်လည်း ပြန်လည်ထူထောင်ရေးအတွက်မူ ခက်ခဲလျက်ရှိသေးကြောင်း ပခုက္ကူမြိုခံ ဦးလှိုင်အေး ကပြောသည်။

အစိုးရကတော့ မြေနေရာပေးမယ်ပြောတယ်၊ အခုထက်ထိတော့ မရသေးဘူး၊ အစားအသောက်နဲ့ဆန်ကတော့ အစိုးရကရော အလှူရှင်တွေကပါ ဝေနေတယ်၊ ဒါပေမယ့် ရေရှည်မလွယ်ဘူး”ဟု ၎င်းကဆိုသည်။

စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက်မူ ခက်ခဲနေသေးကြောင်း၊ အများအားဖြင့် ကြက်သွန်စိုက်ခင်းများနှင့် သို လှောင်ထားသည့် ကြက်သွန်မျိုးများ ပျက်စီးသွားသည့်အတွက် စီးပွားရေးလုပ်ငန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ခက်ခဲလျက်ရှိသေးကြောင်း ဦးလှိုင်အေးက ဆက်ပြောသည်။

ရွှေချောင်းကိုလည်း ယာယီဘေလီတံတား ဆောက်လုပ်ကာ ယာဉ်ငယ်များ သွားလာစေပြီး ယာဉ်ကြီးများကို ချောင်းအတွင်းမှသာ သွားလာစေသည်ဟု သိရသည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပခုက္ကူတပ်နယ်မှ တပ်မတော် သားများက အိမ်ရာများ ဆောက်လုပ်ပေးနေကြောင်း ရေးသားထားသည်။

အလားတူ ပေါက်မြို့နယ်အတွင်းရှိ ကျောချောင်း၊ ယောချောင်းတလျှောက်ရှိ ရေဘေးသင့်ကျေးရွာပေါင်း ၅၆ ရွာရှိပြီး သေဆုံးသူ စုစုပေါင်း၂၁ ဦးရှိကြောင်း သိရသည်။

ရေဘေးဒဏ် ဆိုးရွားစွာခံရသည့် ကျွန်းရင်းရွာ၊ တံစူး၊ ချောင်းနား၊ ရေပြာ၊ မင်းကိုင်း၊ ညောင်ဝန်းပေါက် စသည့်ကျေးရွာများတွင် အစိုးရက တအိမ်ထောင်တွင် ကျပ် ၅သောင်းနှုန်း၊ သေဆုံးသူများကိုမူ လူကြီးတဦးလျှင် ကျပ် ၁သိန်း၊ ကလေးတဦးလျှင် ကျပ် ၅ သောင်းနှုန်း ထောက်ပံကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ကျေးရွာများသို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ ကိုရဲထွန်းက“အကူအညီကတော့အများကြီးပဲလို တယ်၊ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့တော့ ဘာမှအကူအညီပေးတာမရှိသေးဘူး၊ ကြက်သွန်ကုမ္ပဏီတခုကတော့ ငွေချေးမယ်ပြော တယ်၊ မလာသေးဘူး”ဟု ဆိုသည်။
လောလောဆယ်တွင် NGO အဖွဲ့များဖြစ်သည့် အော့စ်ဖန်း၊ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့(WFP)၊ ဂျာမနီအခြေစိုက် အကူအညီပေးရေး အဖွဲ့ GR ၊ မြန်မာလူမှု အဖွဲ့အစည်းများ ဖြစ်သည့် ဦးကျော်သူ၏ နာရေးကူညီမှု အသင်း၊ ဆရာတော် ဦးသုမင်္ဂလာအဖွဲ့နှင့် တခြား သော ကူညီရေးအဖွဲများ လာရောက်ကြောင်း ကိုရဲထွန်းက ဆက်လက်ပြောပြသည်။

ယခုအခါ အစိုးရက ချောင်းနံဘေးရှိ ရွှေ့ပြောင်းရန် သင့်လျော်သည့် တံစူး၊ ကျွန်းရင်း၊ ချောင်းနား၊ ရေပြာကျေးရွာများအား ချောင်း နံဘေးမှ ရွှေ့ပြောင်းစေကာ မျော၊ ၀ါးတို့ဖြင့် အိမ်များ ပြန်လည်တည်ဆောက်ပေး နေကြောင်း သိရသည်။

ထပ်မပြောတော့ဘူး မောတယ်၊ လူထုထဲက ကာတွန်းပွဲနဲ့ ရွှေစင့်စပွန်ဆာ ဘယ်သူလဲ
By featured, မစပ်စု on November 11, ဧရာဝတီ
အကျည်းတန်တဲ့ ဆိုင်းဘုတ်တွေ
မြန်မာပြည်မှာ ဆိုင်းဘုတ်ယဉ်ကျေးမှု ဘယ်တုန်းက စပြီး ထွန်းကားလာတယ် ဆိုတာ မပြောနိုင်ပေမယ့် ခေတ်အဆက်ဆက်ဆိုင်းဘုတ်တွေနဲ့ လူတွေကို အသိပေးပြောဆိုလာခဲ့ရတယ် ဆိုတာတော့ ငြင်းနိုင်မယ် မထင်ပါဘူး။

မြက်ခင်းပေါ်မနင်းရ” “ငါးမဖမ်းရ” “ပန်းမခူးရ” “သတိ ဓာတ်လိုက်တတ်သည်” “သင့်ကြောင့် မီးမလောင်ပါစေနှင့်” “တပ်မြေ မကျူးကျော်ရ” စသည်ဖြင့် ဆိုင်းဘုတ်တွေကို ခေတ်အဆက်ဆက် မြင်ဖူးခဲ့ကြမှာပါ။

ကာလ ရွေ့လျောလာတာနဲ့ အမျှ ဆိုင်းဘုတ်တွေ၊ သတိပေးစာသားတွေ ရေးသားရာမှာ ပုံစံတွေကို ခေတ်မီဆန်းသစ် လာတာလည်း သတိထားမိလာပါတယ်။

အရင်ကဆိုရင် ကုန်ကားကြီးတွေရဲ့ နောက်ဘက်မှ “သတိ ကပ်မလိုက်ရ” လို့ ရေးရာကနေ “ကပ်မလိုက်နဲ့ ရှော့ရှိတယ်” ဆိုတာမျိုး ရေးလာပါတယ်။

တချို့ဆိုင်းဘုတ်တွေက တကယ်ကို သတိထားရမယ့်ကိစ္စ၊ တချို့ဆိုင်းဘုတ်တွေက စည်းကမ်း သတ်မှတ်ချက်၊ တချို့ ဆိုင်းဘုတ်ကလေးတွေကတော့ ရယ်စရာ၊ ပြုံးစရာပါ။

အမှိုက်မပုံရ” ဆိုတဲ့ ဆိုင်းဘုတ်ကို မြုပ်ခါနီးထိ အမှိုက်တွေ ပုံထားကြတာမျိုးလည်း တွေ့ဖူးပါတယ်။

မကြာသေးခင်ကတော့ ထူးထူးခြားခြား ဆိုင်းဘုတ်တခုကို တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ဘုရားတွေပေါ်မှာ ရေးထားတာပါ။

အတွဲမထိုင်ရ၊ ဆိုင်းဘုတ်ကြည့်ပြီးမှ ဘုရားထဲဝင်ပါ၊ ထပ်မပြောတော့ဘူး မောတယ်” တဲ့။

အရင်ကတော့ “ဘုရား ပရဝဏ်အတွင်း အတွဲများ မဖွယ်မရာမပြုမူရ” ဆိုတာလောက်ပဲ ရေးတာတွေ့ဖူးပါတယ်။ ဒီ ဆိုင်းဘုတ်အရ ဆိုရင်တော့ သတိပေးရတဲ့ ဘုရားလူကြီးတွေခမျာ ဘယ်လောက်တောင်မောအောင် ပြောခဲ့ရလဲ၊ နောက်ဆုံး ပြောမနိုင်တော့မှ ဆိုင်းဘုတ်ထဲမှာ ဝင်မောလိုက်ရတာလား ဆိုတာ စဉ်းစားစရာပါ။

ခင်မောင်တိုးရဲ့ နာမည်ကျော် သီချင်းထဲကလို “အရုဏ်ခံတန်ဆောင်းအောက်ဆိုရင် မေရယ်အနောက်ခြမ်းက နေစဉ် မြင်သာတဲ့အပိုင်း ထိုင်ကွယ်” ဆိုတဲ့ စာသားလေးကတော့ အခုအနေအထားတွေအရ အနှစ် ၃၀ အလွန်က “Oldies” စာရင်း ဝင်သွားပါပြီ။

ဘတ်စ်ကား စပယ်ယာတွေက ပန်းခြံရှိတဲ့ မှတ်တိုင်တွေမှာ “ရင်ခွင်နန်းတော် ပါတယ် ဆရာရေ့” “မောင့်သဘော ပါလား” စသည်ဖြင့် အော်ကြ မေးကြတာ ကြားဖူးကြမှာပါ။ ဘုရားရှိတဲ့ မှတ်တိုင်တွေမှာပါ ဒီလိုတွေ အော်မယ်ဆိုရင်တော့ မတွေးရဲ စရာပါပဲ။

ဘာသာတရားနဲ့ ယဉ်ကျေးမှုကို မထိခိုက်စေတဲ့ လွတ်လပ်မှုကို မြန်မာပြည်သားတိုင်း မြတ်နိုးတန်ဖိုးထားကြမယ် ဆိုရင် အရုပ်ဆိုး အကျည်းတန်တဲ့ အပေါ်ကလို ဆိုင်းဘုတ်မျိုးတွေ ချိတ်ဆွဲသတိပေးစရာ လိုတော့မယ် မထင်ပါဘူး။

လူထုကြားက ကာတွန်းပွဲတော်မြန်မာပြည်မှာ စာပေဟောပြောပွဲ အပါအဝင် ပွဲမိန့် တော်တော်များများကို စစ်အစိုးရ ပိတ်ပင်ခဲ့တာ ၁၀ စုနှစ် တခုမက ကြာခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၀ နှောင်းပိုင်းက စတင်ပြီး စာပေဟောပြောပွဲတွေ ခမ်းခမ်းနားနား ပြန်လုပ်ခွင့် ရလာသလို ပန်းချီပြပွဲတွေ၊ ကာတွန်းပြပွဲတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် ပြန်လည် ကျင်းပခွင့်ရလာတာ တွေ့ရပါတယ်။

ထူးထူးခြားခြား ဆိုရင်တော့ ၁၉၉၇ ခုနှစ်ကတည်းက ပိတ်ပင်ခဲ့တဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းအထိမ်းအမှတ် တန်ဆောင်တိုင် ကာတွန်းမီးထွန်းပွဲတော်ကို ဒီနှစ် ပြန်လည် ကျင်းပခွင့်ပေးခဲ့တာပါပဲ။ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာမှာ ဒီကာတွန်းမီးထွန်းပွဲတော်ကို ဦးဘဂျမ်းလမ်းလို့ အများကခေါ်တဲ့ ရန်ကုန် ၁၃ လမ်းမှာ ပြန်ကျင်းပမယ် ဆိုတဲ့ ကြော်ငြာပါလာပါတယ်။

မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ တအုပ်ကို ကာတွန်း အများဆုံး ၅ ကွက်ကနေ ၁၀ ကွက်လောက်ပဲ ဖော်ပြနိုင်တဲ့ အနေအထား ကနေ ကာတွန်းလက်ရာတွေ အများကြီးကို လူထုအလယ်မှာ တပြိုင်နက်တည်း ချပြခွင့် ရသွားပါပြီ။

ဟိုးအရင်ကတော့ ဦးဘဂျမ်းအထိမ်းအမှတ် ကာတွန်းမီးထွန်းပွဲတော် ဆိုတဲ့အတိုင်း မီးပုံးလေးတွေမှာ ကာတွန်းဆရာတွေက ခေတ်ကိုထင်ဟပ်တဲ့၊ ခေတ်ရဲ့ ကမောက်ကမ ဖြစ်မှုတွေကို သရော်ထားတဲ့ လက်ရာတွေရေးပြီး ချိတ်ဆွဲထားကြပါတယ်။ ကြည့်ရှုသူပရိသတ်က မီးပုံးလေးတွေနဲ့ ကာတွန်းတွေကို တပြိုင်နက်တည်း ခံစားကြရပါတယ်။

ဒီနှစ်မှာတော့ ပြန်လည်အစပြုတဲ့အနေနဲ့ ကာတွန်းဆရာပေါင်း ၉၀ ကျော်ရဲ့ ကာတွန်းလက်ရာတွေကို စက္ကူချပ်တွေမှာ ရေးသား ချိတ်ဆွဲ ပြီး နိုဝင်ဘာ ၈ ရက်ကနေ ၁၁ ရက်နေ့အထိ ပြသခဲ့ပါတယ်။

မြန်မာ့ကာတွန်းပြပွဲတွေကို လူတန်းစားပေါင်းစုံ သွားလာပျော်ပါးကြတဲ့ ပွဲဈေးတန်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ ပြုလုပ်ခွင့် မပေးခဲ့တာ ၁၀ နှစ်ကျော် ကြာခဲ့ပြီလို့ ကာတွန်းဆရာ အော်ပီကျယ်က ပြောပါတယ်။

မနှစ်က သီတင်းကျွတ်ပွဲတော်မှာတော့ အလုံမြို့နယ် နံ့သာလမ်းမှာ ကာတွန်းပြပွဲတခု ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနှစ် သီတင်းကျွတ် ပွဲတော်မှာလည်း ရန်ကုန်မြို့လယ်က ရေကျော် လမ်း ၅၀ မှာ ကာတွန်းလက်ရာတွေကို ဗီနိုင်းချပ်တွေနဲ့ ထုတ်ပြီး ချိတ်ဆွဲပြသခဲ့ပါတယ်။ ကြည့်ရှုသူ ပရိသတ်လည်း အလွန်သဘောကျ နှစ်ခြိုက်ပါတယ်။

မနှစ်ကရော၊ ဒီနှစ်မှာပါ ကာတွန်းလက်ရာတွေကို လွတ်လွတ်လပ်လပ်ဖြင့် ပြသခွင့် ရလာတယ်လို့ ကာတွန်း အော်ပီကျယ်က ပြောပါတယ်။

ပြခန်းတွေမှာ ပြသတဲ့ ပွဲ ဆိုတာက လူတချို့ပဲ လာကြတာပါ။ လမ်းမတွေပေါ်မှာ ပြသတဲ့ ပွဲတွေကျတော့ လူတန်းစားစုံ၊ စရိုက်စုံ၊ အရွယ်စုံက မြင်ရတွေ့ရတဲ့ အတွက် လူထုနဲ့ နီးစပ်တဲ့ ပွဲလို့ ပြောလို့ရပါတယ်။

ကာတွန်း ဆိုတာက လူတွေရဲ့ ရင်ထဲမှာ ဖြစ်ပေါ် ခံစားနေရတာတွေကို ကိုယ်စားပြု ဖော်ပြပေးတာ ဖြစ်တဲ့အတွက် လူတွေနဲ့ တသားတည်းကျတဲ့ အနုပညာလို့ ဆိုရရင် မမှားနိုင်ပါဘူး။

လူထုဆီကို တိုက်ရိုက်ရောက်တဲ့ ပြပွဲတွေ ပြသခွင့် ရလာတာဟာ သိပ်ကိုကောင်းမွန်တဲ့အရာပဲလို့ ကာတွန်းအော်ပီကျယ်က ဆိုပါတယ်။

သီတင်းကျွတ်၊ တန်ဆောင်တိုင် ဆိုတဲ့ မြန်မာ့ရိုးရာ ပျော်ပွဲရွှင်ပွဲတွေကို အထိမ်းအကွပ်တွေ၊ ကန့်သတ်ချက်တွေနဲ့ ကျင်းပ ခဲ့ရတာ ဆယ်စုနှစ်တခုကျော်ပါပြီ။ ဒီနှစ်ဆိုရင် သတင်းစာထဲမှာ “ဗြောက်အိုးဖောက်ရင် ထောင်ဒဏ်၊ ငွေဒဏ်” ဆိုတဲ့ ကြော်ငြာမတွေ့ရတော့ပါဘူး။ ဒါလည်း ဝမ်းသာပျော်ရွှင်စရာ ကောင်းပါတယ်။

အစိုးရက အပြောင်းအလဲတရပ်အနေနဲ့ လူတွေကို လွတ်လပ်ခွင့် အနည်းငယ် စမ်းသပ်ပြီး ပေးကြည့်နေပြီလို့ ယူဆပါတယ်။ ဒီ လွတ်လပ်ရေးလေး ရေရည်တည် တံ့နိုင်ပါစေ၊ ပျော်စရာကောင်းတဲ့ ပွဲတော်တွေကို မြန်မာပြည်သားတွေ လွတ်လွတ်လပ်လပ် ပျော်ရွှင်စွာ ဆက်လက် ဆင်နွှဲနိုင်ကြပါစေလို့ တန်ဆောင်တိုင် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ရွှေစင့် စပွန်ဆာ ဘယ်သူလဲ
မြန်မာပြည်မှာ မော်ဒယ်လ်တယောက်ဖြစ်ဖို့ စပွန်ဆာက အရေးကြီးပါတယ်။ ခေတ်ကလည်း စပွန်ဆာခေတ်လို့ ပြောရမလား ဘဲ နေရာတိုင်းမှာ စပွန်ဆာ၊ ဘာလုပ်လုပ် စပွန်ဆာ ဆိုတာမျိုး ဖြစ်နေပါပြီ။

(ဓာတ်ပုံ - The Bloom)

စပွန်ဆာမှ မရှိရင်လည်း ဒီခေတ်ကြီးထဲမှာ မော်ဒယ်လ်တယောက် ဖြစ်ဖို့ ခက်ခဲပါတယ်။ အဝတ်အစား၊ အသုံးအဆောင်၊ အလှကုန်၊ ဟန်းဖုန်းကအစ ပံ့ပိုးဖို့ ဆိုတာ မြန်မာမိဘတိုင်းအတွက် မလွယ်ကူပါဘူး။ ဒီတော့ မော်ဒယ်လ်ဖြစ်ချင်တဲ့ မိန်းကလေးတွေက သူတို့ကို ပံ့ပိုးဖို့ ခိုင်မာတဲ့ စပွန်ဆာတွေကို ရှာကြရပါတယ်။ ရိုးရိုးရှာသလား၊ ဆန်းဆန်းရှာသလား ဆိုတာကတော့ ရှာတဲ့သူ၊ ပေးတဲ့သူတွေနဲ့ပဲ သက်ဆိုင်ပါတယ်။

လွန်ခဲ့တဲ့ တနှစ်နီးပါးလောက်က ဟန်းဖုန်းကဘယ် Brand၊ ဘယ်လောက်တန်၊ အ၀တ်အစားက Branded ကို ဘယ်လို Set လိုက် ၀ယ်ဝတ်တယ်၊ ဈေးတခါဝယ်ရယ် ဒေါ်လာ ၉ သောင်းနဲ့ ၁ သိန်းကြား သုံးဖြစ်တယ်၊ ကားကတော့ ဘယ့်နှယ်၊ ပစ္စည်းတွေများရင် မဆန့်လို့ မာစီးဒီး ထပ်ဝယ်လိုက်ပြီ၊ ညနေ လေညင်းခံ ထွက်ချင်ရင်တော့ အမိုးဖွင့်လိုရတဲ့ စီလီယာ တူးဒိုးလေးပါ ထပ်ဝယ်လိုက်တယ် စသည်ဖြင့် ပြည်တွင်းက ဂျာနယ်တွေမှာ ဖြေကြားခဲ့တဲ့ မော်ဒယ်လ် ရွှေစင် ဆိုတာကို လူသိများသွားပါတယ်။

မန္တလေးသူ မော်ဒယ်လ် ရွှေစင်ရဲ့ အဖြေစကားတွေကြောင့် သတင်း လောကသားတွေအကြားမှာ သူ့စပွန်ဆာ ဘယ်သူလဲ ဆိုတာကို သိချင်လာကြသလို၊ မော်ဒယ်လ် အချင်းချင်း ကြားမှာ မျက်စိစပါးမွှေး စူးစရာ၊ အားကျစရာ၊ လက်တို့ အတင်းပြောစရာ ဖြစ်လာပါတယ်။

ဒေါ်လာကိုင် သောင်းနဲ့၊ သိန်းနဲ့ချီပြီး ဈေးဝယ်ထွက်နိုင်တဲ့ သူဖြစ်တဲ့အတွက် ဘယ်လိုအသိုင်းအ၀န်းနဲ့ နီးစပ်နိုင်တယ်၊ သူ့စပွန်ဆာက မြန်မာပြည်မှာ အချမ်းသာဆုံးစာရင်းဝင် ဖြစ်မယ် အစရှိသဖြင့် ဝေဖန်သံတွေ၊ စူးစမ်းသံတွေ ဆူညံခဲ့ပေမယ့် ရွှေစင့်စပွန်ဆာ ဘယ်သူဆိုတာတော့ တိတိကျကျ ဘယ်သူမှ မပြောနိုင်ကြပါဘူး။ လူတွေကလည်း သူ့အနုပညာထက် သူ့အဖြေထဲက ဒေါ်လာသိန်းနဲ့ ချီတဲ့ စကားလုံးတွေကိုပဲ စိတ်ဝင်စားပုံရတယ်၊ သူ့အကြောင်းက အဲဒီကာလမှာ လှုပ်လှုပ် ခတ်ခတ် ဖြစ်သွားပေမယ့် နောက်ပိုင်း ငြိမ်သက်သွားပါတယ်။

မကြာသေးတဲ့ အချိန်ကတော့ လာမယ့် ၂၀၁၂ ခုနှစ်အတွက် ပြက္ခဒိန်အများဆုံး ရိုက်ရတဲ့ မော်ဒယ်လ် ရွှေစင်ဆိုပြီး ပြည်တွင်းထုတ် First Music ဂျာနယ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ထူးခြားတာကတော့ သူ့ကို အနုပညာ အကြံပေးချင်တယ်ဆိုရင် ရန်ကုန်လိပ်စာကို ပေးပို့ပါလို့ ရွှေစင်က ဆိုထားပါတယ်။

သူ့လိပ်စာကတော့ လူချမ်းသာတွေ အများဆုံးနေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်မှာ ဖြစ်ပါတယ်။

သူ့ကို စပွန်ဆာ အခိုင်ဆုံး မော်ဒယ်လ်လို့ တံဆိပ်ကပ်ရမလား၊ တချို့တချို့တွေ ပြောနေကြသလို အကြွားဆုံး မော်ဒယ်လ် လို့ပဲ တံဆိပ်ကပ်ရမလား၊ ၂၀၁၁ ခုနှစ်ကလည်း ကုန်ခါနီးနေပြီ ဆိုတော့ ဒီနှစ်အတွက် ဘာအဖြစ်ဆုံး၊ ညာအဖြစ်ဆုံး ဆိုတာတွေကို ဂျာနယ်တွေက ကောက်နုတ် ဖော်ပြတော့မှာ ဖြစ်တဲ့အတွက် ရွှေစင့်အကြောင်း လက်တို့တာပါ။

မန္တလေး-မြစ်ကြီးနား ရထားလမ်း KIA ဗုံးခွဲ
By featured, ဧရာဝတီ on November 11, ဧရာဝတီ
အစိုးရတပ်များ စစ်အင် အားတိုးချဲ့နေခြင်းကို တားဆီးသည့် အနေနှင့် မန္တလေးနှင့် မြစ်ကြီးနား အကြားရှိ မီးရထားလမ်းကို ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် စနေနေ့တွင် ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု KIO ကပြောသည်။

KIA တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အခြေစိုက် လှုပ်ရှားနေကြသည် (ဓာတ်ပုံ - KIA)

ကချင် လွတ်လပ်ရေး အဖွဲ့(KIO) တွဲဖက်အတွင်းရေးမှူး ဦးလနန်က ရထားပေါ်တွင် လက်နက်များနှင့်အတူ လိုက်ပါလာသည့် အစိုးရတပ်များကို KIA ထိန်းချုပ်ဒေသသို့ ရောက်မလာနိုင်ရန်ရည်ရွယ်၍ ဖောက်ခွဲခြင်း ဖြစ်ကြောင်း ဆိုသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထိုးပူးဘူတာနှင့် ဆားမှော် ဘူတာအကြားရှိ ရထားလမ်းကို KIA တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင် တချို့က ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

အစိုးရတပ်များကို မန္တလေးမြို့မှ တဆင့် မြစ်ကြီးနားမြို့အထိ မီးရထားနှင့် ပို့ဆောင်နေကြောင်း၊ ယခုရက်ပိုင်း အတွင်း ကချင် ပြည်နယ်ရှိ တခြားသော မြို့နယ်များတွင် အစိုးရတပ်က စစ်ရေးလှုပ်ရှားမှုများ ပိုလုပ်လာကြောင်း သိရသည်။

မန္တလေး-မြစ်ကြီးနား-ဗန်းမော် လေယာဉ် ခရီးစဉ်တွေမှာလည်း သူတို့က စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာတယ် လို့ KIAဘက် က သတင်းရထားတယ်၊ နည်းနည်းအရေးကြီးတဲ့ စစ်လက်နက်တွေဆိုရင် လေယာဉ်ခရီးစဉ်နဲ့ ပို့ပေးနေတာ ရှိတယ်” ဟု ဦးလနန်က ဆက်ပြောသည်။

ယင်း ဖျက်ဆီးခံလိုက်ရသည့် ရထားလမ်းကို အစိုးရ တာဝန်ရှိသူများက ပြင်ဆင်၍ ပုံမှန် ပြန်လည်ပြေးဆွဲနေကြောင်း နိုဝင်ဘာ ၈ ရက်နေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ လဆန်းကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ မရမ်း ဘူတာနှင့် နမ္မတီးဘူတာအကြား၌ ဗုံး ၆ လုံး ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူအသေအပျောက် မရှိသော်လည်း ရထား အသွားအလာများ ခေတ္တရပ်ဆိုင်းခဲ့သည်။

ကချင်ဒေသတွင် အစိုးရတပ်များ တိုးချဲ့နေသည့် ရည်ရွယ်ချက်ကို မသိရှိရသော်လည်း နယ်မြေ စိုးမိုးရေးအတွက် ဖြစ်နိုင်ကြောင်း KIO က ဆိုသည်။

ဤအတောအတွင်း မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်ခံတပ်ရင်း ၁၅ နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံများ ထောင်နှင့်ချီ၍ တရုတ်-မြန်မာ နယ်စပ်ရှိ KIA ထိန်းချုပ် ဒေသများသို့ ထွက်ပြေး တိမ်းရှောင်ကြရကြောင်း သိရသည်။

လတ်တလော ဖြစ်ပွားနေသည့်တိုက်ပွဲတွင် နှစ်ဘက်အကျအဆုံး စာရင်းများကို မသိရှိရသေးပေ။ သို့သော် ဦးလနန်ကမူ အောက် တိုဘာ တလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အစိုးရတပ်ဘက်က သေဆုံးသူ၂၀၄ ဦးနှင့် ဒဏ်ရာရသူ၂၂၅ ဦး ရှိ ကြောင်း၊ KIA ဘက်က ၁၄ ဦး သေဆုံး၍ ဒဏ်ရာရသူ ၂၆ ဦးရှိကြောင်း ပြောဆိုသည်။

တိုက်ပွဲများကြောင့် KIAက မြစ်ကြီးနားမြို့ပေါ်သို့ ပေးထားသော လျှပ်စစ်ဓာတ်အားလည်း နိုဝင်ဘာလ ၁ရက်နေ့မှ စတင်၍ ယနေ့အထိ ပြတ်တောက်နေသောကြောင့် မီးစက်ကိုသာ အသုံးပြုနေကြရကြောင်း ဒေသခံအမျိုးသမီး တဦးက ပြောသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က စတင်၍ အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံ ကိန်း အနီးရှိ KIA တပ်များအား လုံခြုံရေးအရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန်ပြောဆိုခဲ့ပြီးနောက်ပိုင်း နှစ်ဘက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား အပစ်အခတ်ရပ်စဲရေးလည်း ပျက်ခဲ့သည်။

အောင်ဆန်းဓာတ်ပုံ ရန်ကုန်မှာ အရောင်းသွက်

By featured, ဧရာဝတီ on November 11, ဧရာဝတီ
ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများကို ရန်ကုန်မြို့ လူစည်ကားသည့် နေရာများတွင် ရောင်းချနေကြပြီး ထိုဓာတ်ပုံများ ပုံနှိပ်၊ဖြန့်ချိ၊ ရောင်းချခြင်းမှာ အမြတ်အစွန်း များသည့် လုပ်ငန်းတခု ဖြစ်လာသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ရသော ရန်ကုန်မြို့လယ်မှ ပိုစတာရောင်းသော လမ်းဘေးဆိုင်တခု။ ယခင်က ဈေးကွက်တွင် ရှာမတွေ့သည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံများမှာ ယခု ရန်ကုန်တွင် အရောင်းသွက်သည့် ပုံများ ဖြစ်နေသည်။ (ဓာတ်ပုံ- ဧရာဝတီ)

မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာကားဂိတ်အတွင်းမှာပင် ခေါင်းဆောင် နှစ်ဦး၏ ပုံများ ရောင်းချသည့် ဈေးသည်ပေါင်း တရာဝန်းကျင် ရှိနေသည်။ ဂျာနယ် လက်ပွေ့ရောင်းသည့်ဈေးသည်တို့ကလည်း ထိုပုံများကို ရောင်းနေကြသည်။

ခရီးသည်တွေက ၀ယ်ကြတယ်။ ပုံတွေက တအား ရောင်းရတော့ လိုက်ရောင်းတဲ့ သူက တနေ့ တနေ့ များများလာတယ်။ အဝေးပြေးကားတွေကလည်း ဗိုလ်ချုပ်နဲ့ ဒေါ်စုတို့ ပုံကို ၀ယ်ပြီး ကားတွေမှာ ကပ်ထားကြတယ်” ဟု အောင်မင်္ဂလာကားဂိတ်ရှိ ဈေးသည်တဦးက ရှင်းပြသည်။

အနော်ရထာလမ်းမကြီးကဲ့သို့ စည်ကားသော လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများ၊ အဝေးပြေးကားဂိတ်များ၊ သင်္ဘောဆိပ်များတွင် ပြည်သူချစ်သည့် ခေါင်းဆောင် နှစ်ဦး၏ ပုံများကို ၀ယ်ယူနေကြသည်။

ဤသို့ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်နေကြခြင်းမှာ စာနယ်ဇင်းများတွင် မကြာသေးမီက ဤဓာတ်ပုံများ ဖော်ပြခွင့်ရရှိခဲ့ခြင်းနှင့် ဆက်စပ်နေသည်ဟု ဈေးသည်တဦးက ဆိုသည်။

ဂျာနယ်တွေမှာလည်း ဗိုလ်ချုပ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတဲ့ ဂျာနယ်တွေက ရောင်းကောင်းတယ်၊ လူတွေကလည်း ပုံပါတာနဲ့ ၀ယ်တယ်။ နောက် … တဖြည်းဖြည်း အိမ်မှာ ချိတ်ထားလို့ရမယ့် ပိုစတာတွေ ထုတ်ပြီး ရောင်းနိုင်ကြတဲ့အထိ ဖြစ်လာတယ်” ဟု ရန်ကုန်မြို့တော်ခန်းမအနီး ပိုစတာရောင်းသူ လမ်းဘေးဈေးသည်တဦးက ပြောသည်။

ခေါင်းဆောင် နှစ်ဦး၏ ပုံများ ရောင်းရငွေမှာ တနေ့လျှင် အနည်းဆုံး ကျပ်ငါးသောင်းဖိုးခန့် ရှိပြီး အမြတ် တသောင်းကျော် ကျန်သည်ဟု မြို့လယ်မှ လမ်းဘေးဈေးသည်တဦးက ဧရာဝတီကို ပြောသည်။ လူစည်ကားသော နေရာများသို့ လိုက်လံရောင်းချလျှင် ရောင်းအား ၂ ဆ တက်သည်ဟု ဆိုသည်။

ပိုစတာ အရွယ်အစားမျိုးစုံ၏ ဈေးနှုန်းမှာ ကျပ် တထောင်တန်မှ တသောင်းကျော်အထိ ရှိပြီး ကျပ် ၁၀၀၀ တန်က အရောင်းအသွက်ဆုံးဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံဆိုင်တွေ၊ ပိုစတာထုတ်တဲ့ လုပ်ငန်းတွေကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို လက်လီ၊ လက်ကား ဖြန့်ဖြူး ရောင်းချတာ အတော်ကို များလာတယ်” ဟု ဗိုလ်ချုပ်ဈေးရှိ ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူ ဒီဇိုင်းပညာရှင်တဦးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့၏ ပုံများ ရောင်းချခြင်းကို အာဏာပိုင်များက အနှောင့်အယှက် ပေးခြင်း၊ မေးမြန်း စစ်ဆေးခြင်း မရှိကြောင်း ဈေးသည်များက ပြောသည်။

ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း နိုင်ငံရေးသမားများကို ဖမ်းဆီး ထိန်းသိမ်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံများကိုပါ သိမ်းဆည်းကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

ယခု ထိုဓာတ်ပုံများ ပေါ်ပေါ်ထင်ထင် ရောင်းချလာသည်နှင့် အမျှ ရဲရဲဝံ့ဝံ့ ၀ယ်ယူ၊ ချိတ်ဆွဲသူလည်း ပိုမို များပြားလာသည်။

စစ်အစိုးရလက်ထက်တုန်းက ဒေါ်အောင်ဆန်းစုကြည်ပုံ မပြောနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ချိတ်ရင်တောင် အိမ်က မိဘတွေက ဟဲ့ … နင် ဒုက္ခရောက်သွားမယ် ဆိုပြီး ဖြုတ်ခိုင်းတယ်။ အခု ပုံတွေချိတ်တော့ အိမ်က မိဘတွေလည်း ဘာမှ မပြောတော့ဘူး” ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်ပြီး မြန်မာစာအဓိကဖြင့် မဟာဘွဲ့ယူရန် ဒဂုံတက္ကသိုလ်တွင် ပညာသင်နေသည့် အသက် ၂၆ နှစ်အရွယ် လူငယ် တဦးက ပြောသည်။

အိမ်က ဧည့်ခန်းလေးက ထိုင်ခုံနဲ့ စားပွဲ အစုတ်ကလေးပဲ ရှိတယ်။ ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ချိတ်လိုက်တော့ ဧည့်ခန်းက အရောင်လက်ပြီး ပိုခမ်းနားသွားသလို ခံစားရတယ်” ဟု သူက ဆက်ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် အပြင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နှစ်ပေါင်း များစွာ လူထုနှင့်အဆက်အသွယ် ဖြတ်တောက်ခံခဲ့ရကြောင်း၊ သို့သော်လည်း ၎င်းတို့၏ ရုပ်ပုံများ ရောင်းဝယ်မှု အခြေအနေကို ကြည့်ခြင်းအားဖြင့် ၎င်းတို့နှစ်ဦး လူထုအပေါ် သြဇာ သက်ရောက်မှု မည်မျှရှိသည်ကို သိနိုင်ကြောင်း ရန်ကုန်မှ သတင်းထောက်တဦးက သုံးသပ်သည်။

ပြည်သူတွေက ချစ်လို့၊ ယုံကြည်လေးစား အားကိုးလို့ ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ရောင်းကောင်းတာ။ ဦးနေ၀င်းပုံ၊ ဦးသန်းရွှေပုံ၊ ဦးခင်ညွှန့်ပုံ၊ ဦးစောမောင်ပုံတွေ ဆိုရင် အဲဒီလို ရောင်းရပါ့မလား” ဟု ထိုသတင်းထောက်က ပြောသည်။

KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဖွဲ့စည်း
By featured, ဧရာဝတီ on November 11, ဧရာဝတီ
အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) က ၇ ဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် အရေးပေါ် ညီလာခံတွင် ရွေးချယ်ဖွဲ့စည်း လိုက်သည်။

လက်ရှိ KNU ဗဟိုကော်မတီဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

၃ ရက်ကြာ ကျင်းပသည့် ညီလာခံမှ ရွေးချယ်ခဲ့သော ကိုယ်စားလှယ်များမှာ ဒု ဥက္ကဌ ပဒိုဒေးဗစ် သာကဘော၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ သစ်တောဌာနမှူး ပဒိုစောအားတိုး၊ တရားရေးဌာနမှူး ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးဌာနမှူး ဗိုလ်မှူးစောရောဂျာခင်နှင့် ဘားအံခရိုင် ဥက္ကဌ ပဒိုအောင်မော်အေးတို့ ဖြစ်သည်။

ယင်း ကိုယ်စားလှယ်အဖွဲ့ကို အရေးပေါ် ညီလာခံတက်ရောက်လာသည့် ဗဟိုကော်မတီဝင် ၃၀ နှင့် အရံ ဗဟိုကော်မတီဝင် ၁၅ ဦး တို့ အကြေအလည်ဆွေးနွေးပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ညီလာခံကို ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး KNU လက်အောက်ခံ ခရိုင် ၇ ခုနှင့် တပ်မဟာ ၇ ခု မှ စစ်ဘက်နှင့် အရပ်ဘက်မှ ခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်ဟု KNU နှင့် နီးစပ်သူ တဦးက ပြောသည်။

KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မကြာမီ အစိုးရ ကိုယ်စားလှယ်များနှင့် တွေဆုံဆွေးနွေးရန်ရှိပြီး ရက်အတိအကျသတ်မှတ်ထားခြင်း မရှိသေးသော်လည်း ယခုနှစ်ကုန်ပိုင်းတွင်ဖြစ်နိုင်ခြေရှိသည်ဟု KNU ခေါင်းဆောင်တဦး၏ အဆိုအရ သိရ သည်။

ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် အစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပဏာမ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် ယခင်လက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် KNU ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံမှုတွင် KNU အဖွဲ့က ကရင်ပြည်နယ် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်မဟုတ်ဘဲ ဗဟိုအစိုးရနှင့်သာ ဆွေးနွေးနိုင် မည်ဟု ပြောကြားခဲ့သည်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ က သဘောတူခဲ့သည်ဟု သိရသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော် အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သည်။

KNU အဖွဲ့နှင့်နားလည်မှုရယူထားသည့် ဗိုလ်ချုပ် စောလားပွယ်(နှုတ်ခမ်းမွေး) ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘော အဖွဲ့သည် ယခုလဆန်း ၃ ရက်က ဘားအံမြို့တွင် ကရင်ပြည်နယ် အစိုးရ တာဝန် ရှိသူများနှင့် ယာယီ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြသည်။

မဲဆောက် မြန်မာအလှမယ် ရွေးပွဲ မြ၀တီသူ ပထမ ရရှိ
By featured, ဧရာဝတီ on November 11, ဧရာဝတီ

ထိုင်းရိုးရာ တန်ဆောင်တိုင် မီးမျှောပွဲ (လွိုင်ကထုံ)တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးအတွက် ရည်ရွယ်၍ မြန်မာအလှမယ် ရွေးချ ယ် ပွဲကို မဲဆောက်မြို့ထာ့စိုင်လို့ဝပ်ဒေသ မြူနီစပယ်အဖွဲ့က ယမန်နေ့ညတွင် ကျင်းပသည်။

မြန်မာ အလှမယ် ဆုရသူ ၃ ဦး။ ပထမ မမင်းမင်းစိုး(၀ဲ)၊ ဒုတိယ မသဲသဲ(အလယ်)၊ တတိယ မမိုးမိုး(ယာ)(ဓာတ်ပုံ - ဧရာဝတီ)

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ မြ၀တီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသူ ၉ ဦး ၀င်ရောက်ယှဉ်ပြိုင်ရာ မြ၀တီမြို့မှ လာရောက် ယှဉ်ပြိုင်သည့် အသက် ၂၂ နှစ်ရှိသော တတိယနှစ် ဥပဒေ ကျောင်းသူ မမင်းမင်းစိုး ပထမဆု ရရှိသွားသည်။

ပြိုင်ပွဲဝင်အများစုမှာ မဲဆောက်ရှိ စက်ရုံ အလုပ်ရုံများနှင့် ကုမ္ပဏီများမှ ၀န်ထမ်းများ ဖြစ်သည်။

မော်လမြိုင် တက္ကသိုလ်တွင် ဥပဒေပညာ သင်ကြားနေသည့် မမင်းမင်းစိုးက ကျောင်းပြီးသွားလျှင် ဥပဒေအကျိုးဆောင် အလုပ်ဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုမည်ဟု ဆိုသည်။

မမင်းမင်းစိုးက“ထိုင်း-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ၊ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာအမျိုးသမီးတွေအားလုံး ကျန်းမာရေး အတွက် ကိုယ်ကာယလေ့ကျင့်ခန်း ကစားနည်းတွေကိုလိုက်စားကြဖို့ တိုက်တွန်း ချင်ပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။

ယင်း မြန်မာ မယ်ရွေးပွဲတွင် ဒုတိယ ဆုကို မသဲသဲက ရရှိ၍ တိတယဆုကို မမိုးမိုးကရရှိပြီး လက်ဆောင်ပစ္စည်းများနှင့်အတူ ပထမ ဘတ် ၅၀၀၀၊ ဒုတိယ ဘတ် ၃၀၀၀ နှင့် တတိယ ဘတ် ၂၀၀၀ ငွေသား ဆုများ ချီးမြှင့်ပေးသည်ဟု ပွဲကျင်းပရေး အဖွဲ့ဝင်တဦးက ပြောသည်။ ပြိုင်ပွဲဝင်သူ အားလုံးကို လက်ဆောင်ပစ္စည်း ပေးသည်ဟုလည်း ဆိုသည်။

မြန်မာ(၀ဲ)နှင့်ထိုင်း(ယာ) အလှမယ် ဆုရသူ ၆ ဦး(ဓာတ်ပုံ - ဧရာဝတီ)

ပြိုင်ပွဲဝင်များကို အကဲဖြတ်ဒိုင်များက ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ကြောင်း၊ ပြိုင်ပွဲဝင် အများစုက ဆုရရှိခဲ့ပါက ဆင်းရဲချို့တဲ့ ပြီး ကျောင်းမနေနိုင်သော ကလေးများနှင့် ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများကို အကူအညီပေးသွားမည်ဟု ထည့်သွင်း ဖြေကြားကြ ကြောင်း သိရသည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေး အလှမယ်ပြိုင်ပွဲကို မဲဆောက်ဒေသရှိ သောင်းနှင့်ချီသော မြန်မာနိုင်ငံသားများ လာရောက် အားပေး ကြည့်ရှုကြသည်။

အဆိုပါပြိုင်ပွဲသို့ တက်ရောက်အားပေးသည့် မဲဆောက်မြို့ပိုင် နိုင်ပရီချာကျိုင်ဖက် က“အခုလို နှစ်နိုင်ငံ ချစ်ကြည်ရေးပွဲတော် တွေ ပြုလုပ်ပေးခြင်းအားဖြင့် အနာဂတ်မှာ နှစ်နိုင်ငံချစ်ကြည်ရေးဟာ ပိုမို တိုးတက်ခိုင်မြဲလာမှာဖြစ်တယ်”ဟု ပြောဆိုသည်။

မြန်မာ အလှမယ်ရွေးပွဲကျင်းပသည့် စင်မြင့်တခုတည်းတွင်ပင် ထိုင်း အလှမယ် ပြိုင်ပွဲကိုလည်း သီးခြားစီ ကျင်းပရာ ထိုင်း နိုင်ငံ သူ ၈ ဦး ယှဉ်ပြိုင်ခဲ့ကြသည်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၈ ဦးက လက်ဝါးကားတိုင်ဖျက်ဆီးသူ အရေးယူပေးရေး တိုင်ချက်ဖွင့်
သောကြာနေ့၊ နိုဝင်ဘာလ 11 ရက် 2011 ခုနှစ် ခိုနူမ်ထုန် သတင်းဌာန သတင်း - ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ကန်ပက်လက်မြို့နယ် မုန်းချောင်းတံတား အ နောက် ဖက် နှင့် အရှေ့ဖက်အရပ်တွင် စိုက်ထူထား သော ခရစ်ယာန်လက်ဝါးကားတိုင် ဖျက်ဆီးသရော်မှု ကို အရေးယူ ပေးရန် ၉၊ ၁၁၊ ၂၀၁၁ ရက်စွဲပါ စာဖြင့် နိုင်ငံတော်သမ္မတထံ တိုင်ကြားခဲ့သည်ဟု သိရသည်။

cross-in-chin-state1နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်ကျင်းပသည့် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး ဆုံး ဖြတ်ပြီး တိုင်ကြားခြင်းဖြစ်သည်။

အဆိုပါ လက်ဝါးကားတိုင်ကို ဒေသခံ ခရစ်ယာန်ဘာသာဝင်များမှ လွန်ခဲ့သည် ၂ နှစ်ခန့်က စိုက်ထူ ထား ကြခြင်းဖြစ်ပြီး ဒေသခံ ကျင်ဒွေးရွာသား တချို့ က ၂၈၊ ၇၊၂၀၁၁ ရက်နေ့တွင် ကားတိုင်ကို မီးရှို့ခုတ် လှဲသည့် အပြင် လက်ဝါးကားတိုင်ပေါ်တွင် မိန်းမ အင်္ဂါ ရုပ်ကို ထွင်းခဲ့ကြောင်း သိရသည်။

အဲဒါ ခရစ်ယာန်ဘာသာရေးကို သက်သက်စော်ကားတာဖြစ်တယ်၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ ဆော်ခြင်းဖြစ်တယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်ဒေသခံများသည် ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ နှင့် နတ်ဘာသာများကို အဓိက ကိုးကွယ်ကြကြောင်း ဒေသခံများအဆိုအရ သိရသည်။

အဆိုပါ လက်ဝါးကားတိုင်ဖျက်ဆီးမှုသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၊ ၃၅၄()၊ ၃၆၄ပါ ပြဌာန်းချက် နှင့် ညိစွန်းသဖြင့် စုံစမ်းဖေါ်ထုတ်မူပြုလုပ်ပေးပြီး အရေးယူဆောင်ရွက်ပေးပါရန် တိုင်ကြားခြင်းဖြစ်သည်။

တိုင်ကြားစာတွင် လက်မှတ်ရေးထိုးသူများမှာ () ဦး ဟုန်းငိုင် ၊ () ဦး ဇိုဇမ်း () ဦး ရိုဘင် () ဦး နိုဆွန်း () ဦး လာလ်မောင်ကျုံး () ဦး ချန်ပုမ် () ဦး ရမ်မန်း () ဦး ကီးထန်လွန် () ဦး ကွီထန် (၁၀) ဦး နထန်း (၁၁) ဦး နန်းဆိုက် (၁၂) ဦး ကျော်ငြိမ်း (၁၃) ဦး အုန်းလွင်(၁၄) ဦး ဟောက်ခင်ခမ် (၁၅) ဦး ကျင်လျန်ပေါင် (၁၆) ) ဦး နန်ဇမုန် (၁ရ) ဦး ဗန်ကျင် (၁၈) ဦး နိန်နိုင်းတို့ဖြစ်ကြသည်။

လုပ်ထုံးလုပ်နည်းအရ မိတ္တူကို- နာယက၊ ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။ ဥက္ကဌ၊ ပြည်သူ့ လွှတ်တော်၊ နေပြည်တော်။ဥက္ကဌ၊ အမျိုးသားလွှတ်တော်၊ နေပြည်တော်။ ပြည်ထောင်စုဝန်ကြီး၊သာသနာ ရေးဝန်ကြီးဌာန၊ နေပြည်တော်။ဝန်ကြီးချုပ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ဟားခါးမြို့။ပြည်နယ်လူမှုရေးဝန် ကြီး၊ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ဟားခါးမြို့။ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးအား ပေးပို့ထားသည်ဟု ထပ်မံ သိရသည်။

ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်းသာ ရှိခဲ့
သောကြာနေ့၊ နိုဝင်ဘာလ 11 ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ် မြို့တော် ဟားခါးတွင် နိုဝင်ဘာ ၈ ရက် နှင့် ၉ ရက်နေ့က ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ သော ဒုတိယ အကြိမ်ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ က မေးခွန်းမေးမြန်းခြင်းသာ ပြုလုပ်နိုင်ခဲ့သည်ဟု သစ်တောနှင့် သတ္ထုတွင်း ၀န်ကြီးဦးကျော်ငြိမ်းက ပြောသည်။

parliament-in-chin-state“တချို့ကိုယ်စားလှယ်တောတွေက နယ်တွေရောက်နေကြတော့လေ ဟားခါးမြို့နယ် အနီးနားမှာရှိတဲ့ ကိုယ်စား လှယ် ၄ ဦးလောက်ဘဲ အဆိုတင်ရတယ်၊ အခြေခံဥပဒေထဲမှာ လွှတ်တော်အစည်းအဝေး မစခင် အဆိုတွေကို ၁၀ ရက်ကြိုတင်ရမယ်ဆိုပြီး ပြဌာန်းထားတယ်၊ ဒါကြောင့် တချို့အဆိုတွေ တင်လို့မရဘူး’’ ဟု ၀န်ကြီးဦးကျော်ငြိမ်း ကပြောသည်။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်တော်များက မေးခွန်းမေးမြန်းခြင်းသာ ပြုလုပ်နိုင်ခဲ့ပြီး နှစ်ရက်တာ ကျင်းပ သော လွှတ်တော်အစည်းအဝေးတွင် မေးခွန်းပေါင်း ၂၀ ခုရှိသည်ဟု ချင်းတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ် စားလှယ်လည်းဖြစ်သည့် ၀န်ကြီး ဦးကျော်ငြိမ်းကပြောသည်။

အဆိုတင်သွင်းခွင့်ရသော လွှတ်တော်ကိုယ်စားလှယ်တော်များ၏ အဆိုကိုလည်း လွှတ်တော်ဥက္ကဌက မေးခွန်းအ ဖြစ် ပြောင်းခိုင်းခဲ့သည်ဟုဝန်ကြီးကပြောသည်။ လွှတ်တော် လုပ်ထုံးအရ မေးခွန်း နှင့် အဆိုများကို လွှတ်တော်မခေါ်မှီ ၁၀ ရက်ကြိုတင်၍ သက်ဆိုင်ရာ လွှတ်တော်ရုံးသို့ ပေးပို့ရသည်။

လွှတ်တော်မှ သက်ဆိုင်ရာ ကိုယ်စားလှယ်များကို အစည်းအဝေးကျင်းပမည့် ရက်အနည်းငယ်အလိုမှသာ အကြောင်းကြားသည့်အတွက်ကြောင့် ပြင်ဆင်ချိန် အနည်းငယ်သာရရှိခဲ့သည်ဟု အတိုက်အခံ ချင်းပါတီများ ကပြောသည်။

ချင်းအမျိုးသားပါတီမှ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရောဘင်က မေးခွန်း () ခု မေးမြန်းခဲ့သည်ဟုသိရသည်။ ၎င်း၏ မေးခွန်းတချို့မှာ ကားလမ်းဖေါက်လုပ်ရေးကိစ္စ၊ အိန္ဒိယမှ ချင်းပြည်နယ် အား ပံပိုးသည့်ကိစ္စ၊ သဘာဝပတ်ဝန်းကျင်းထန်းသိမ်းရေးကော်မတီဖွဲ့စည်းခြင်းရှိမရှိ စသည်တို့ကို မေးမြန်းခဲ့ သည်ဟုသိရသည်။

တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီ(အီးအဲန်ဒီပီ)မှ မတူပီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဗန်ကျင်းကလည်း ရီဇွာ နှင့် စဘောင်းပီ အကြား ကားလမ်းဖောက်လုပ်ရန် အစီစဉ်ရှိမရှိ၊ချင်းပြည်နယ် တွင် ဆင်းရဲမှုလျှော့ချရေး မည်သို့အကောင်အထည်ဖော်ဆောင်ပုံ နှင့် ပြည်နယ်၏မြို့တော် ဟားခါးတွင် လျှပ်စစ်မီး ရရှိမှု မလုံလောက်သဖြင့် ချက်ချင်းဆောင်ရွက်ပေးရန် ရှိမရှိ ဆိုသည့် မေးခွန်းများကိုမေးမြန်း ခဲ့သည်ဟု ၀န်ကြီး ဦးကျော်ငြိမ်းကပြောသည်။

၎င်းတို့၏ မေးခွန်းများကို သက်ဆိုင်ရာ ၀န်ကြီးက ပြန်လည်ဖြေကြားရာတွင် ပြည်နယ်ရံပုံငွေ နှင့်ပြည် ထောင်စု ရံပုံ ငွေရရှိပြီးပါက တရွာ နှင့် တရွာ ဆက်သွယ်သော လမ်းများကို ဖောက်လုပ်ပေးရန်အစီစဉ် ရှိကြောင်း၊ သဘာ ၀ပတ်ဝန်းကျင်း ထိန်းသိမ်းရေးအတွက် ကော်မတီကိုလည်း ပြည်နယ်အဆင့် ၊
ခရိုင်အဆင့် နှင့် မြို့နယ်အဆင့် တွင် ဖွဲ့စည်းပြီးကြောင်း၊ ဆင်းရဲမှုလျှော့ချရေးအတွက်လည်း ကော်မတီ ၈ ခုဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟုသိရသည်။

ထို့အပြင် ချင်းပြည်နယ်၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းတွင် လိုငွေပြ နေခြင်း ကြောင့် ပြည်နယ် အစိုးရအဖွဲ့က တိုးချဲ့တောင်းခံငွေအဖြစ် ကျပ်ငွေ ၂၅ သန်းကို ဗဟိုအစိုးရထံ တင်ပြရန် ဆုံးဖြတ်ခဲ့ သည် ဦးကျော်ငြိမ်းကပြောသည်။

ချင်းပြည်နယ်တွင် ယခုကဲ့သို့ လိုငွေပြနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး ၀န်ကြီး ဦးကျော်ငြိမ်းက “ ကျနော်တို့ ဒေသမှာက အခွန်အကောက်ဝင်ငွေကမရှိဘူးလေ၊ အဲဒီကိစ္စနှင့်ပတ်သက်ပြီး ကျနော်တို့ ညှိနှိုင်းဆောင်ရွက် နေပါတယ်’’ ဟုပြောသည်။

ချင်းပြည်နယ်တွင် ပထမအကြိမ် ပထမလွှတ်တော်ပုံမှန်အစည်းအဝေးကို အစိုးရအဖွဲ့ ဖွဲ့စည်းရန်အတွက် ကျင်းပခဲ့ပြီး အထူးလွှတ်တော်အစည်းအဝေးကို ၀န်ကြီးဌာနအပြောင်းအလဲပြုလုပ်ရန်အတွက် ကျင်းပခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် စက်တင်ဘာလက ပြည်နယ်ဝန်ကြီးတစ်ဦး အပြောင်းအလဲကိစ္စဖြင့် ဒုတိယအကြိမ် အထူးလွှတ်တော်အစည်း အဝေးထပ်မံခေါ်ယူခဲ့သည်။

ချင်းပြည်နယ်တွင် ပုံမှန်လွှတ်တော်အစည်းအဝေးကို ၂ ကြိမ်၊ အထူးလွှတ်တော်အစည်းအဝေးကို ၂ ကြိမ် စုစုပေါင်း လွှတ်တော်အစည်းအဝေး ၄ ကြိမ် ကျင်းပပြီဖြစ်သည်။

ချင်းပြည်နယ်တွင် လွှတ်တော်အမတ်နေရာ ၂၄ နေရာ၌ ချင်းတိုးတက်ရေးပါတီ (CPP) နှင့်ချင်းအမျိုးသား ပါတီ (CNP) တို့က ငါးဦးစီ နှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ (ENDP) မှ တဦး၊ ကြံ့ခိုင်ရေးမှ ခုနှစ်ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ခြောက်ဦးတို့ ပါရှိသည်။ ပြည်နယ်အစိုးရအဖွဲ့တွင် CPP နှင့် CNP မှ ၀န်ကြီး တနေရာစီ ရရှိကြသည်။

နောက်ဆုံး

နိုင်ငံခြားသားခြေရာများ ရှားပါးလာသည့် ကျေးရွာဆီသို့ အလည်တခေါက်
ကြာသပတေးနေ့၊ နိုဝင်ဘာလ 10 ဖဲမော့၊ ဆိုရှားဖဲ ဆောင်းပါး - ကန္တာရ၀တီတိုင်း(မ်)

အသက် ၃၀ နှင့် ၄၀ အကြားမှာရှိနိုင်မည်ဟု ယူဆရသည့် အမျိုးသမီးနှစ်ဦးသည် ပေါက်ပြားကိုယ်စီကိုင်ပြီး စိုက်ပျိုးခြံမြေလွတ်တနေရာတွင် အပေါ်ယံမြေသားများကိုတူးဆွနေကြသည်။ သူမတို့၏ခေါင်းတွင် ပေါင်း ထားသည့် ခေါင်းပေါင်းများက ပန်းနုရောင်၊ အ၀ါရောင်နှင့် အစိမ်းနုရောင်ပန်းပွင့်များ သဏ္ဍာန်ရှိသော ပိတ်စများက သေသေသပ်သပ်နှင့် ထိုကြားထဲ ငွေရောင် ဆံထုံးသုံးခု ထိုးထားသည့်အတွက် သူတို့၏ ရိုးရာအဆောင်အယောင်များကို ပိုမိုထင်ဟပ်စေပါသည်။
huaypukeng2

ခြံရှင်းနေတဲ့ မူရှာ (ဓါတ်ပုံ-ကေတီ)

သူတို့ဟာ ကျနော်တို့ကြားမြဲ၊ သိမြဲဖြစ်နေသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းက ကြေးကွင်း ပတ် ကယန်းလူမျိုးများဖြစ်သည်။ အခုကျနော်တို့ ရောက်သည့်ရွာက မယ်ဟောင်ဆောင်ခရိုင်အတွင်း ကြေးကွင်းပတ်ကယန်းကျေးရွာ ၃ ရွာအနက် ဟွေပူးကဲကျေးရွာဟုခေါ်သည့် ရွာလေးတရွာဖြစ်သည်။

ထိုင်းနိုင်ငံက ကယန်းကျေးရွာများကို နိုင်ငံခြားသားများ အလည်အပတ်လာသည့် အပန်းဖြေနေရာ တခုလို ယေဘုယျအားဖြင့် သတ်မှတ်ထားကြပြီး နိုင်ငံခြားခရီးသွားလုပ်ငန်းများမှ ဝင်ငွေရကြသည်ဟုနားလည် ထားကြသည်။

ယခုနိုဝင်ဘာလနှင့် ဒီဇင်ဘာလသည် မယ်ဟောင်ဆောင် ဒေသဘက်တွင် နိုင်ငံခြားခရီးသွားတို့၏ရာသီဟု သတ်မှတ်ကြသည်။ တချိန်က နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့လို အချိန်မျိုး၌ နိုင်ငံခြားသားအဝင်အထွက် ပုံမှန်ရှိနေဖူးသည့် ဟွေပူးကဲ ကျေးရွာသည် ယခုအချိန်မှာတော့ နိုင်ငံခြားသား ဝေးဝေးတယောက်သာ တွေ့ရသည်။

huaypukeng

နမ့်ပန်ချောင်းတဖက်ကမ်းကနေ လှမ်းမြင်နေရတဲ့ ဟွေ့ပူကဲရွာ (ဓါတ်ပုံ-ကေတီ)

နိုင်ငံခြားသားများ အလာကျဲသည့် အဓိပ္ပါယ်မှာ ကျေးရွာအတွက် ၀င်ငွေလည်းနည်းသွားခြင်းဖြစ်သည်။ လက်ရှိကယန်းအမျိုးသမီးနှစ်ယောက်တို့ ရှင်းလင်းနေသော ခြံအတွင်းတွင်အိမ်တွင်းအသုံးစရိတ်ဖူလုံရေး အတွက် သီးနှံများစိုက်ပျိုးရန် ဖြစ်သည်။

ဖရုံသီး၊ ဖရုံရွက်၊ သခွားသီး၊ ပဲသီး စိုက်မယ်” ဟု ပါးတဖက်တချက်စီတွင် သစ်ရွက်ပုံသနပ်ခါးချယ် သထားသူ မူရှာက ပြောသည်။

ဟိုးအရင် ဗမာပြည်မှာနေဆို ဒါမျိုးနေ့တိုင်းလုပ်တယ်။ နေပူဆိုလုပ် မိုးရွာဆိုလည်းလုပ်၊စားဆိုမလောက် ဘူး အိမ်မှာနေဆိုဖျားဆို တခါ တခါ တခါတလေမှာ အိမ်မှာနေတယ်။ မဖျားဆိုနေ့တိုင်း သွားလုပ်တယ်၊ ပူဆို ဘာသွားလုပ် ပူဆိုဘာသွားလုပ် နေပူဆိုသွားလုပ် ဒီခေတ်ဆိုတခါတလေတော့ နေပူသွားလို့တခါ တလေဆို စိတ်နှလုံးမှာ အေး…မပျော်ဘူးလေ” ဟု မူဆာက ရယ်ရယ်မောမောဖြင့် ဆက်ပြောပြပါသည်။
huaypukeng1

နိုင်ငံခြားဧည့်သည်များအား ရောင်းရန် ထားရှိသော အထည်များနှင့် အရုပ်များ (ဓါတ်ပုံ-ကေတီ)

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ဟာ ရေလွမ်းမိုးမှုနှင့် ရင်ဆိုင်နေရသည်ဖြစ်၍ နိုင်ငံတွင်းသို့ပုံမှန်လာရောက် လည်ပတ်သော နိုင်ငံခြားသားများ နည်းလာသောကြောင့် မယ်ဟောင်ဆောင်ခရိုင်တွင်းရှိကယန်းကျေးရွာ တို့၏ ဝင်ငွေကိုလည်း တနည်းတဖုံ ထိခိုက်မှုရှိနေသည်ကို တွေ့ရသည်။ဟွေ့ပူးကဲကျေးရွာ နံဘေးတွင် ခြံပေါက်နေသည့် မူရှာက “အိုး မဆင်ပြေဘူး ဧည့်သည်မရှိဘူးလေ ဘာလဲ သူ့ ထိုင်းနိုင်ငံမှာဆို ရေကြီးတော့ သူဘယ်လိုပြောလဲဆို ဧည့်သည်လာဆိုမရဘူးလေ” ဟုပြောသည်။

နိုင်ငံခြားဧည့်သည်များ အလည်လာသည့်အတွက် ဧည့်သည်များကို ရောင်းရန် ထားရှိသောပစ္စည်များဖြစ် သည့် သစ်ဖြင့်ထုလုပ်ထားသော ကယန်းလည်ပင်းရှည်အမျိုးသမီးများ၏ အရုပ်များ တိရိစ္ဆာန်ရုပ်များ ရိုးရာ ကြေးကွင်းလက်ကောက်များနှင့် အခြားလက်ဝတ်လက်စားများ အရောင်းမရသဖြင့် ၀င်ငွေနည်းကာယခု ကဲ့သို့ တနိုင်တပိုင် စိုက်ပျိုးနေကြရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ဟွေ့ပူးကဲကျေးရွာနံဘေးက ခြံပေါက်နေသာ ကယန်းအမျိုးသမီးမူရှာတို့နှင့် အလာပသာလာပစကားစမြည် များ ပြောဆိုအပြီး ရွာတွင်းတို့ သွားရောက်လည်ပတ်နိုင်ရန် သူတို့အား နှုတ်ဆက်စကားပြောပြီးကျနော်တို့ အုပ်စု ရွာထဲသို့ လှည့်ထွက်လာခဲ့ကြသည်။

မော်တော်စက်လေများ သွားလာနိုင်သည့် နမ့်ပန်ချောင်းသည် ဟွေ့ပူးကဲကျေးရွာနံဘေးကို ကွေ့ပတ်၍ စီးဆင်းနေသည့်အတွက် ရွာလေးက ရှုမဝနိုင်လောက်အောင် သာယာလှသည်။နိုင်ငံခြားသားအများ စုကတော့ စက်လှေတွေကို အသုံးပြုပြီး ရွာတွင်းသို့ အလည်လာတတ်ကြသည်။

ဟွေ့ပူးကဲကျေးရွာအဝင်ဝ နမ့်ပန်ချောင်းကမ်းနံဘေးတွင် တဲငယ်လေးများထိုးပြီးဆိုင်တန်းပမာဆောက်လုပ် ထားသည့် ဆိုင်ငယ်လေးများထဲတွင် ဈေးသည်နှင့် ရွာသားသုံးလေးဦးမှလွဲ၍ လာရောက်ဝယ်ယူစားသုံးသူ မရှိဘဲ ခြောက်ကပ်လို့နေသည်။ အထူးသဖြင့် နိုင်ငံခြားသားများကို လုံးဝမတွေ့ရပေ။

ကျနော်တို့အုပ်စုမှ ဆိုင်လေးတဆိုင်ကိုရွေးပြီး ခေတ္တ၀င်ရောက်နားခိုလိုက်သည်။ ပါလာသော ကန္တာရ၀တီတိုင်း(မ်)သတင်းစာကို ဝေပေးကြသည်။ သတင်းစာများကို ကိုယ်စီကိုင်ကာဖတ်နေသော ရွာသူရွာသားများထဲမှ ရွာသူ ကြေးကွင်းပတ် အမျိုးသမီးတယောက်မှာ သတင်းစာကို ရှေ့စာမျက်နှာကို ဦးဆုံးမဖတ်ဘဲ နောက်ဆုံးစာမျက်နှာကို ဦးဆုံးရွေးချယ်ဖတ်ရှုသည်။ လွိုင်ကော်မြို့ရေလွမ်းမိုးသော သတင်းဓာတ်ပုံများကို ကြည့်ရှုနေခြင်းဖြစ်သည်။

huaypukeng4

စာသင်ကျောင်းခန်းထဲတွင် ညဏ်စမ်းပြုလုပ်နေတဲ့ ကျောင်းသူကျောင်းသားများ (ဓါတ်ပုံ-ကေတီ)
ဆိုင်ခန်းထဲမှထွက်ခွာပြီး ရွာထဲသို့ ဆက်လက်ဦးတည်သွားကြသည်။ ရွာတွင်းတွင် ဧည့်သည်များကိုရောင်း ချရန် ကိုယ်တိုင်လုပ် ရိုးရာလက်ဝတ်လက်စားများနှင့် သစ်ဖြင့်ထုလုပ်ထားသော ကယန်းအမျိုးသမီးတို့၏ ရုပ်ထုများကို ရောင်းချရာဆိုင်များရှိသော်လည်း ဧည့်သည်အလွန်အလာပါးလေသောကြောင့် အလွန့်အလွန် အရောင်းပါးလေသည်။ ရွာဟုဆိုသော်လည်း နေအိမ်ရှေ့တွင် ဆိုင်ခန်းလေးပမာ တဲအိမ်ငယ်လေးများ ဆောက်လုပ်ပြီး ရိုးရာလက်ဝတ်လက်စားများ ချရောင်းသည်။

ယခုလို နိုင်ငံခြားဧည့်သည် အလည်လာအားနည်းသည့် အချိန်မျိုးနှင့် ရင်ဆိုင်နေကြရသည့်အတွက် မိမိတို့စားဝတ်နေရေးနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ကြိုတင်ပြင်ဆင်မှုများလုပ်ထားသည်ကို ရွာသားတဦးအား မေးမြန်းရာ “အဲဒီတခု အဲဒီတခုကျတော့လည်း ကျနော်မဖြေတတ်ဘူးပေါ့နော် ဘာတခု..မှ မလုပ်နိုင်ဘူး ပေါ့နော် ရပ်ရွာအတွက် အခက်အခဲတွေကြုံသွားမယ် ကျနော်က အဲလိုပဲမြင်တယ်” ဟုပြန်လည်ဖြေကြား သည်။

ဆိုင်နံဘေးတွင်ရှိသော ကွပ်ပြစ်လေးပေါ်တွင် ကွမ်းတမြုံ့မြုံ့ဖြင့် အေးအေးလူလူပင် လှဲအိပ်ကာ တွေး တောနေ ဟန်ရှိသော ကယန်းအမျိုးသမီးတဦးကို တွေ့ရသည်။ သူမသည် နိုင်ငံခြားဧည့်သည်မလာလျှင် မည့်သို့လုပ်ကိုင်စားသောက်ရမည်ကိုများ တွေးတောနေသလား ဒါမှမဟုတ် မည်သည့် အကြောင်းကို တွေးတောနေသနည်း။ ကံယာကံရှင်ကိုယ်တိုင်မှလွဲ၍ မည်သူမျှ သိနိုင်မည်မဟုတ်ပါ။

ရွာတွင်းရှိစာသင်ကျောင်းများနှင့် အခြားနေရာများသို့ သွားရောက်လေ့လာကြည့်ရှုရင်း ညနေပိုင်း အလာ လမ်းတွင် တွေ့ခဲ့ရသော ကယန်းအမျိုးသမီးနှင့် ပြန်ဆုံတွေ့ပြီး သူမ၏နေအိမ်သို့ အလည်ပတ်သွားကာ သူကိုယ်တိုင်တီးခတ်သော ကယန်း ရိုးရာဂီတတေးသံများနှင့် သီဆိုဖျော်ဖြေမှုတို့ကို နားဆင်ခွင့်ရခဲ့သည်။

မယ်ဟောင်ဆောင်ခရိုင်အတွင်းသို့ ရောက်ရှိနေထိုင်ကြသည့် ကြေးကွင်းပတ်ကယန်းအများစုသည် ကရင်နီပြည်တွင်းမှ စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးရောက်ရှိလာသူများဖြစ်သည်။ မိမိတို့ရိုးရာဓလေ့ သည် တမူထူးခြားသည့်အတွက် ၎င်းတို့ရွာကို နိုင်ငံခြားသားများ အလည်လာမှု များပြားသည့်အတွက် ခရီးသွားလုပ်ငန်းများ ဖြစ်ပေါ်စေခဲ့သည်။

စစ်ပြေးဒုက္ခသည်ဖြစ်ကြသော်လည်း ၎င်းတို့သည် ဒုက္ခသည်စခန်း၏ အပြင်ဘက်တွင် နေထိုင်ကြသော ကြောင့် ဒေသခံအာဏာပိုင်များမှ ဒုက္ခသည်အဖြစ် အသိအမှတ်မပြုဘဲ ရှိနေလေသည်။

ဟွေ့ပူးကဲကျေးရွာက ကယန်းတို့သည် မိမိတို့စားဝတ်နေရေးနှင့် ၀င်ငွေတို့ကိုနိုင်ငံခြားခရီးသွားလုပ်ငန်းတို့ အပေါ် အဓိကရပ်တည်နေကြရသည်ကို လေ့လာသိရှိခဲ့သည်။ ရွာအနီးနားတဝိုက်တွင် ခြံလုပ်ငန်းတို့ကို လုပ်ကိုင်နေကြသော်လည်း တိုင်းတပါးဖြစ်သည့်အတွက် နေရာအနည်းငယ်အတွင်းမှာသာစိုက်ပျိုးလုပ်ကိုင် ခွင့်ရှိသည့်အတွက် ရေရှည်စားဝတ်နေရေးအဖို့ အာမခံချက်များမရှိပေ။
huaypukeng3

ကယန်းရိုးရာတေးသီချင်း သီဆိုနေတဲ့မူရှာ (ဓါတ်ပုံ-ကေတီ)

နိုင်ငံခြားဧည့်သည်ရာသီဖြစ်သော်လည်း နိုင်ငံခြားသားများ မရှိသလောက် ခြောက်ကပ်နေသည့်ဟွေ့ပူးကဲ ရွာလေးသည် ကျနော်တို့အုပ်စုကို တီးပြဆိုပြနေသည့် မူရှာ၏ တေးသီချင်းနှင့် ရိုးရာဂီတသံဖြင့်သာ သာယာနေခဲ့သည်။

ကယန်းတွေဟာ ကယန်းစကားပြောရပါမယ်။ ၇ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ၀ါးကို ကြွက်တွေမဖျက်ဆီး နိုင်တော့ပါဘူး။ ကယန်းတွေရှိတာကို လူတွေသိရင် ကယန်းလူမျိုးတွေ ဘယ်တော့မှမပျောက်ကွယ် နိုင်တော့ပါဘူး။”

မူရှာသီဆိုနေသည့် ကယန်းတေးသီချင်း၏ အဓိပ္ပါယ်ဖြစ်သည်။

ဟွေ့ပူးကဲကျေးရွာကို ကျောခိုင်းထွက်ခွာခဲ့သည့် ကျနော်တို့အုပ်စုအတွက် မူရှာသီဆိုတီးခတ်ခဲ့သည့်တေးသံ များက အပြန်လမ်းတလျှောက်မှာ တင်ကျန်နေခဲ့တော့သည်။



မိုးမခ

No comments:

Post a Comment