သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Wednesday, July 27, 2011

Jul 27 ( part two


အင်တာနက် တိုက်ခိုက်သူထဲ မြန်မာထိပ်ဆုံး
By ဗွီအိုအေ (မြန်မာဌာန)
ဒေါ်စု သြဂုတ်လဆန်း ပဲခူး နေ့ချင်းပြန်ခရီး ထွက်မည်
By ဒေါ်ခင်မျိုးသက် ဗွီအိုအေ
၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တွေ့ဆုံ
By ဦးကျော်ထင် ဗွီအိုအေ

မြန်မာအစိုးရရဲ့  ဂငယ်ကွေ့ (U-Turn) ပေါ်လစီ ဘယ်ဦးတည်မလဲ
By ဦးကျော်ဇံသာ ဗွီအိုအေ
ကြိုတင်မဲအကြောင်း ရှင်းပြီ
ခင်ဦးသာ Wednesday, 27 July 2011 18:25ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဆွေးနွေးပွဲများမှ ရလဒ်ကောင်းများ ရရန်လိုအပ်ဟုဆို
လင်းသန့် Tuesday, 26 July 2011 18:11 ဧရာဝတီ
NLD နှင့် အစိုးရ ကွာဟချက် ကြီးမားနေသေး
လင်းသန့် Wednesday, 27 July ဧရာဝတီ
ဦးထွန်းမြင့်နိုင်၏ ကြီးထွားလာသော အင်ပါယာ
ရန်ပိုင် Wednesday, 27 July 2011 18:29 ဆောင်းပါး ဧရာဝတီ
မြစ်ကြီးနား-လိုင်ဇာလမ်းပေါ် တိုက်ပွဲဖြစ်၊ စစ်ပြေးဒုက္ခသည်များ သောင်တင်
Published on July 27, 2011 by ဒီဗွီဘီ •
ကူညီထောက်ပံ့သူများကြောင့် မောင်ထိပ်ကွက် ကျောင်းပြန်တက်နိုင်ပြီ
Published on July 27, 2011 by နော်နိုရင်း • ဒီဗွီဘီ
အော်ရယ်ဘီ ခံတွင်းသန့်ဆေးရည် မသုံးစွဲရန် နှိုးဆော်ချက် ထုတ်ပြန်
Published on July 27, 2011 by ရွှေအောင် • ဒီဗွီဘီ

ထားဝယ်ရေနက်ဆိပ်ကမ်း ဆက်သွယ်ရေးလမ်းကြောင့် ကရင်တချို့ ပြောင်းရွှေ့ခံရ
Published on July 27, 2011 by နေသွင် • ဒီဗွီဘီ
ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏ အာမခံ လျှောက်ထားချက် ပယ်ချခံရ
Published on July 27, 2011 by အေးနိုင် • ဒီဗွီဘီ
ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရမည်ဟုဆို
Published on July 27, 2011 by ရွှေအောင် • ဒီဗွီဘီ
အစိုးရ တရားဝင် ကိုယ်စားလှယ်လွှတ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ရှမ်းပါတီ ပြော
Published on July 28, 2011 by ဒီဗွီဘီ • ဒီဗွီဘီ
================================================

အင်တာနက် တိုက်ခိုက်သူထဲ မြန်မာထိပ်ဆုံး
By ဗွီအိုအေ (မြန်မာဌာန)
ကမ္ဘာတ၀န်း အင်တာနက် ဆက်သွယ်မှုအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးအဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာ အင်တာနက် လုပ်ငန်းကြီးတခုရဲ့ အစီရင်ခံစာတစောင်က ဖော်ပြလိုက်ပါတယ်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလကနေ မတ်လကုန်အထိ ပထမ သုံးလပတ်အတွက် ဆန်းစစ်ချက်အရ မြန်မာနိုင်ငံကလာတဲ့ တိုက်ခိုက်မှုဟာ ၁၃% အထိ ရှိနေပြီး အများဆုံး ဖြစ်ခဲ့တဲ့အကြောင်း အမေရိကန် အခြေစိုက် Akami အင်တာနက် ဆက်သွယ်မှုလုပ်ငန်းက တွေ့ရှိခဲ့တာပါ။
Akami ရဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေအပေါ် အခြေခံပြီး ကမ္ဘာတ၀န်း နိုင်ငံပေါင်း ၁၉၉ နိုင်ငံက အင်တာနက် ဆက်သွယ်မှုတွေကို စောင့်ကြည့်ရာမှာ အစီရင်ခံစာ သမိုင်းတလျှောက် ထူးထူးခြားခြား မြန်မာနိုင်ငံ ထိပ်ဆုံးရောက်လာတာကို တွေ့ရတဲ့ အကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။
မြန်မာနိုင်ငံကလာတဲ့ တိုက်ခိုက်မှုတွေဟာ အင်တာနက် ကွန်ရက်ထဲက ဆက်သွယ်ရေး Port ၂၅ ခုလောက်ကိုသာ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ထူးထူးခြားခြား ဆိုသလို ဆက်သွယ်ရေး Port နံပါတ် ၈၀ တခုတည်းကိုပဲ တိုက်ခိုက်မှုဟာ ၄၅% အထိ ရှိခဲ့ကြောင်းလည်း အစီရင်ခံစာက တွေ့ရှိခဲ့တာပါ။
အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်ဝမ်တို့ဟာ ပုံမှန်အားဖြင့် စာရင်းထဲမှာ ထိပ်ဆုံးနေရာ ယူတတ်လေ့ ရှိပေမဲ့ အခုအခါမှာတော့ ၁၀% နဲ့ ၉% ကျော်သာ တိုက်ခိုက်မှုတွေ ရှိခဲ့တာကို တွေ့ရတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။
ဒေါ်စု သြဂုတ်လဆန်း ပဲခူး နေ့ချင်းပြန်ခရီး ထွက်မည်
By ဒေါ်ခင်မျိုးသက် ဗွီအိုအေ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ပထမပတ်တုန်းက ပုဂံကို ဘုရားဖူးခရီး သွားပြီးတဲ့နောက် သြဂုတ်လဆန်းမှာ နယ်စည်းရုံးရေး ခရီးစဉ် အဖြစ်နဲ့ ပဲခူးဘက်ကို သွားဖို့ စီစဉ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ပြောဆိုပါတယ်။ ၂၀၀၃ ခုနှစ် မေလထဲမှာ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးထွက်ခဲ့တဲ့ နယ်စည်းရုံးရေး ခရီးစဉ်အတွင်း ဒီပဲယင်းမှာ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ သူတွေရဲ့ အတိုက်အခိုက် ခံခဲ့ရပြီး အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့ရတာမို့ အခု ပထမဆုံးသွားမယ့် ခရီးစဉ်အတွက် ပြည်သူအများက စိတ်ပူနေကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ၇ နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ကျခံနေရာက လွတ်မြောက်လာခဲ့ပြီးနောက် အခု ၈ လကျော် အကြာမှာ ပထမဆုံးအဖြစ် နယ်စည်းရုံးရေး ခရီးကို ထွက်ဖို့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေပြီလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ဘက်ကို၊ ဘယ်နေရာလို့ တိတိကျကျ မပြောနိုင်သေးပါဘူး၊ ပဲခူးမြို့ အနီးနားတ၀ိုက်ကို ခရီးထွက်ဖို့အတွက် ကြိုတင် ညှိနှိုင်း ပြင်ဆင်မှုတွေ လုပ်နေတယ်၊ အဲဒါ သြဂုတ်လဆန်းထဲမှာ ဖြစ်မှာပါ။ ခရီးစဉ်က နေ့ချင်းပြန် ခရီးတိုပဲ ဖြစ်မယ်လို့ ပြောပါတယ်။ မသွားခင် သတင်းထောက်တွေကို ကြိုပြီး အသိပေးမှာပါလို့ ပြောပါတယ်။”
သြဂုတ်လဆန်းမှာ သွားရောက်မယ့် နေ့ချင်းပြန် ခရီးစဉ်အတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်းမှု ရှိမရှိ မပြောနိုင်သေးပေမဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အများသိအောင် ကြိုတင် ကြေညာ အသိပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

၂၀၀၃ ခုနှစ် မေလထဲမှာ စည်းရုံးရေး ခရီးစဉ်အတွင်း ဒီပဲယင်းမှာ ရန်ရှာ တိုက်ခိုက်မှု ခံခဲ့ရတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြည်တွင်း ပြည်ပ သတိပေးမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့လထဲ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်စည်းရုံးရေး ခရီးစဉ်တွေအတွင်း အန္တရာယ် မရှိစေဖို့ အစိုးရ အာဏာပိုင်တွေမှာ တာဝန် လုံးဝရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောဆိုခဲ့တဲ့နောက် ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအတွက် သတိပေးခဲ့သလို အစိုးရအာဘော် သတင်းစာတွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေကနေ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်ကြောင်း ဝေဖန်စာတွေ ရေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဇူလိုင်လဆန်းမှာပဲ ပုဂံဘုရားဖူး ခရီးထွက်ပြီး သူ့ရဲ့ လွတ်လပ်ခွင့် ဘောင်အတိုင်းအတာကို စမ်းသပ်ခဲ့တာ တွေ့ရပါတယ်။

နယ်ခရီးထွက်ဖို့အတွက် စီစဉ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာအာဏာပိုင်တွေဘက်က လုံခြုံရေးကို အထူး ဂရုစိုက်ပေးဖို့ တနင်္လာနေ့ကပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပုဂံဘုရားဖူးကအပြန် သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ပုဂံခရီးစဉ် လုံခြုံမှု ရှိနေတာဟာ သတင်းထောက်တွေရဲ့ မျက်စိအောက်မှာ ရှိနေတာကြောင့်လို့ ပြောဆိုခဲ့ပြီး နောင်သွားမယ့် သူ့ရဲ့ ခရီးစဉ်တွေအတွက် သတင်းထောက်တွေကို ဖိတ်ခေါ်ခဲ့တာ တွေ့ရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တွေ့ဆုံ
By ဦးကျော်ထင် ဗွီအိုအေ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံရာမှာ နိုင်ငံရေးပါတီတွေဘက်က သမာသမတ်ရှိတဲ့ ကော်မရှင်ဖြစ်ဖို့ လိုတယ်လို့ တင်ပြတာတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြသလို ကော်မရှင်ဘက်ကလည်း ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မဲမသမာမှုတွေကို မျှမျှတတ ဆုံးဖြတ်တာတွေ၊ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပိုပြီး မျှမျှတတ လုပ်ပေးမယ်လို့ တုံ့ပြန်တာတွေ ရှိပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ တွေ့ဆုံရာမှာ နိုင်ငံရေးပါတီတွေအတွက် ဆွေးနွေးချိန် ၂ မိနစ်စီပဲ သတ်မှတ်ထားတာကြောင့် ပါတီတွေအဖို့ ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးနိုင်ခဲ့ကြပါဘူး။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တာဝန်ရှိသူ ဦးသာထွန်းလှက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ပိုပြီး တရားမျှတအောင် လုပ်ပေးမယ့်အကြောင်း ကော်မရှင်က တုံ့ပြန်တယ်လို့ ဆိုပါတယ်။

“ဒီမှာက ပါတီတခုကို ပြောခွင့် ၂ မိနစ်ပဲ ပေးတဲ့အတွက်ကြောင့် လွန်ခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲစာရင်း စနစ်တကျလုပ်ဖို့ ကိစ္စရယ်၊ သဘာဝဘေးအန္တရာယ် ကျလာရင် ရွေးကောက်ပွဲလုပ်မယ့် ဒေသတွေမှာ ရွှေ့ဆိုင်းပေးဖို့ ကိစ္စတွေကို ကော်မရှင်ကို တင်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲကတော့ နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ ပိုပြီး မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ပြောသွားပါတယ်။ လွှတ်တော်က တင်မြှောက်တဲ့ ရွေးကောက်ပွဲကော်မရှင် ဖြစ်တဲ့အတွက်ကြောင့်။”
ဒီကနေ့ ဆွေးနွေးပွဲကို ၂၀၁၀ ရွေးကောက်ပွဲဝင် ၃၇ ပါတီထဲက ၃၆ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

စစ်အစိုးရဟောင်း ဖွဲ့စည်းပေးခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး ဦးဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ဒီနှစ်ဆန်းပိုင်းက ကျင်းပခဲ့တဲ့ လွှတ်တော်က ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဦးဆောင်တဲ့ အဖွဲ့နဲ့ အစားထိုးလိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးသုဝေက ရွေးကောက်ပွဲ ကော်မရှင်မှာ သမာသမတ် ကြားနေသူတွေပဲ ပါဝင်သင့်တယ်လို့ တင်ပြခဲ့ပါတယ်။
“ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ဆိုတာကတော့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကော်မရှင်တွေ၊ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ တရားခုံရုံးတို့ ဆိုတာတွေကို ဘယ်ဘက်မှ ဘက်မလိုက်သော၊ ကြား သမာသမတ်ကျသော ပုဂ္ဂိုလ်များကိုသာ ခန့်လေ့ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း လာမယ့် ရွေးကောက်ပွဲတွေကို အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ခန့်ထားပေးပါ။ ဘာလို့ ဒီလိုပြောလဲဆိုရင် ငါတို့လုပ်ချင်တဲ့ ကိစ္စကို တို့ပဲ ဆုံးဖြတ်ခွင့်ပေးရမှာပဲ၊ အဲဒီတော့ တို့ရွေးကောက်ပွဲနိုင်အောင် လုပ်ချင်တာတွေ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရှိတတ်ပါတယ်။ အဲဒါကြောင့်မို့ ဒါလေးကို သတိထားပြီး ပြင်ပေးပါလို့။”
ဒီကနေ့ တွေ့ဆုံမှုမှာ ပါတီထက်ဝက်လောက်က တင်ပြပြောဆိုမှု မရှိဘူးလို့ သိရပြီး ဒီမိုကရေစီ မိတ်ဆွေပါတီများ ၉ ပါတီကတော့ ရွေးကောက်ပွဲ မဲမသမာမှုတွေ၊ ကော်မရှင် အဆင့်ဆင့်ရဲ့ လိုအပ်ချက်တွေကို စာတမ်းတင်ခဲ့ပါတယ်။

တိုင်းရင်းသားပါတီ အများစုကတော့ ငြိမ်းချမ်းရေးကိစ္စကို အဓိကထား တင်ပြတယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောပါတယ်။
“လွန်ခဲ့တဲ့ ရွေးကောက်ပွဲမှာ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေ၊ ကောင်းတာရော၊ မကောင်းတာရောပေါ့၊ ပြီးတဲ့အခါ တိုင်းရင်းသားတွေက အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတို့ ပါတယ်၊ နိဂုံးချုပ်တယ်၊ ဒါပါပဲ။ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်တဲ့ကိစ္စ သူက အကျယ်တ၀ံ့ မပြောပါဘူး။ သူကတော့ ကတိပေးတဲ့ သဘောနဲ့ပေါ့ဗျာ။ ရွေးကောက်ပွဲက တရားမျှတဆုံးနဲ့ လွတ်လပ်ဆုံး ရွေးကောက်ပွဲတခု ဖြစ်လာအောင် ကြိုးစားကြမယ်ပေါ့ ဆိုတာတော့ ပါတယ်။”

သေဆုံးသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရရာထူး ယူထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို ဘယ်တော့ကျင်းပမယ် ဆိုတာတော့ ကော်မရှင်က ဒီကနေ့ တွေ့ဆုံချိန်မှာ ပြောဆိုခြင်း မရှိပါဘူး။ မဲမသမာမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားတဲ့ အမှုတွေကိုလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးခဲ့တယ်လို့ ကော်မရှင်က တုံ့ပြန်ကြောင်း ဦးသုဝေက ဆက်ပြောပါတယ်။

“သူတို့ကတော့ တင်ပြချက်တွေ အားလုံးကို၊ သူတို့ ဖြေနိုင်တဲ့ ဥစ္စာတွေကို ချက်ချင်း ပြန်ဖြေတာပေါ့။ အထူးသဖြင့် ပြန်ဖြေတာကတော့ သက်ဆိုင်ရာ ပါတီတွေက ခုနကိစ္စ ဖြစ်တဲ့ဟာလေးတွေ၊ အဲဒါတွေကို သူတို့က ဘာကြောင့် ဒီလို အဆုံးအဖြတ် ပေးရပါတယ် ဆိုတာကို ပြန်ရှင်းပြလိုက်တယ်။ အကုန်တော့ မရှင်းဘူး။ သူတို့ကတော့ သူတို့ရတဲ့ တိုင်ကြားချက်တွေ ဘယ်လောက် ခိုင်မာသလဲ၊ အဲဒီ ခိုင်မာမှုပေါ် မူတည်ပြီးတော့ သူတို့ရဲ့ တရားရုံး အဖွဲ့ကလည်း အဲဒီအပေါ်မှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ပေးခဲ့ပါတယ်ဆိုတာ ပြန်ရှင်းပြပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက လေ့လာစောင့်ကြည့်ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အစိုးရက ခွင့်မပြုခဲ့ပါဘူး။ ဒီရွေးကောက်ပွဲမှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲမသမာမှုတွေ၊ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရအောင် နိုင်ငံတော်ပိုင် ဘဏ္ဍာငွေတွေနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချတာတွေ အများအပြား ရှိတယ်လို့လည်း လေ့လာသူတွေက ပြောကြပါတယ်။

မြန်မာအစိုးရရဲ့  ဂငယ်ကွေ့ (U-Turn) ပေါ်လစီ ဘယ်ဦးတည်မလဲ
By ဦးကျော်ဇံသာ ဗွီအိုအေ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်ကြတဲ့ ဦးအောင်ရွှေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို နိုင်ငံရေးမလုပ်ဖို့ တားမြစ်ချက်ထုတ်ပြန်ပြီး မကြာခင်မှာပဲ လက်ရှိ အစိုးရကိုယ်စားလှယ်ဝန်ကြီး ဦးအောင်ကြည် က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရဟာ ဒီလို ရုတ်တရက်ကြီး ဂငယ်ကွေ့ ကွေ့သွားတာဟာ ဘာသဘောလဲ။ ဘာရည်ရွယ်ချက်လဲဆိုတာကို သိရှိနိုင်ဖို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးဌေးအောင်၊ ရှစ်လေးလုံးမျိုးဆက် ကိုတိုးကျော်လှိုင်တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုတိုးကျော်လှိုင် ကို စပြီး မေးချင်ပါတယ်။ အခု တွေ့ဆုံမှုဟာ ဘယ်လောက်အထိ ထူးခြားတယ်လို့ ဆိုနိုင်ပါသလဲ။
ကိုတိုးကျော်လှိုင် ။ ။ ဒီ တွေ့ဆုံဆွေးနွေးမှုက ဆယ်ကြိမ်မြောက်လို့ ဆိုပေမယ့် အစိုးရဖွဲ့သစ် လက်ထက်မှာ ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အန်တီကိုယ်တိုင် ကျေနပ်မှုရှိပါတယ်။ အရင်အကြိမ်တွေနဲ့ မတူပါဘူးလို့ ဆိုထားတာလည်း ရှိပါတယ်။ ဒီ တွေ့ဆုံဆွေးနွေးမှုဟာ အရွေ့ တွေအားလုံးရဲ့  အစလို့ မြင်ပါတယ်။ တိုးတက်မှုအများကြီး ရှိပါတယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် ဘယ်လိုမြင်ပါသလဲ။ တကယ့် ထူးခြားတဲ့ တွေ့ဆုံမှုလို့ မြင်ပါသလား။

ဦးဌေးအောင် ။ ။ အခုလက်ရှိ အရပ်ဝတ်အစိုးရအနေနဲ့ အရင် အစိုးရတွေလက်ထက်မှာ လုပ်ခဲ့သလို ဟန်ဆောင်တာမျိုး မဟုတ်ဘဲနဲ့ တကယ်စစ်မှန်တဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ရှေ့ ရှုပြီး လုပ်မယ်ဆိုရင်တော့ မြန်မာပြည်သူတွေအများစု မျှော်လင့်နေတဲ့ တွေ့ဆုံမှုမျိုး ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါမှမဟုတ်ဘဲနဲ့ အရင်စစ်အစိုးရ လက်ထက်တွေတုန်းကလို အချိန်ဆွဲတာမျိုး။ ဒါမှမဟုတ် ပြည်တွင်းပြည်ပကို လှိမ်ညာဖို့အတွက် ဟန်ဆောင်လုပ်တာမျိုးဆိုရင်တော့ အခုရလဒ်က အမျိုးသားရင်ကြားစေ့ရေးကို မဖြစ်စေဘဲနဲ့ တဖတ်နဲ့တဖတ် သံသယတွေ ပိုပြီတော့ ကြီးပြီတော့ ဝေးကွာသွားနိုင်တဲ့ အနေအထားကို ဦးတည်နိုင်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် ပြောတဲ့အထဲမှာ အစိုးရဖက်က စေတနာအမှန်နဲ့ လုပ်မယ်ဆိုရင်တော့ဆိုတဲ့ condition ထည့်ထားတယ်။ အဲဒီ အခြေအနေကော ဖြစ်နိုင်သလား။ စေတနာမှန်နဲ့ လုပ်မယ်မလုပ်ဘူးဆိုတာကို ဘယ်လိုတွက်လို့ရပါသလဲ။
ဦးဌေးအောင် ။ ။ ဒါကတော့ သူတို့အနေနဲ့ သံသယရဲ့  အကျိုးကို ခံစားရမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အနေနဲ့ ဒီစစ်အစိုးရလက်ထက်မှာ တာဝန်ယူစဉ်တုန်းကလည်း ၂၀၀၁ ခုနှစ်မှ စတင်တွေ့ဆုံလာခဲ့တယ်။ ဘာမှ ထူးခြားတဲ့ရလဒ်တွေကို မရရှိခဲ့ဘူး။ နောက်တခုက တိုင်းရင်းသားအရေးအခင်းတွေကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးမှာ ဂတိကဝတ်တွေမျိုးစုံ ပေးခဲ့ပေမယ့် နောက်ဆုံးမှာ ဂတိကဝတ်တွေကို လွယ်လွယ်ကူကူ ဖျက်ပြီးတော့ လုပ်လာတဲ့အတွက်ကြောင့် ဒါက အမျိုးသားပြန်လည်သင့်မြတ်ရေးက ဝေးကွာသွားပြီး ဒီနေ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အနေအထားရှိတယ်။ အဲဒီတော့ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် မပြေးသော်လည်း ကန်ရာရှိ ဆိုတဲ့အတိုင်း ဒီ စစ်အစိုးရရဲ့  လုပ်ရပ်တွေအပေါ် ကြည့်ပြီတော့ အများစုကတော့ သံသယတွေ ရှိနေမယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုတိုးကျော်လှိုင် အခု အစိုးရကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည် က ဒေါ်အောင်ဆန်းစုကြည် ကို လာမတွေ့ခင် ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပဲ နိုင်ငံရေးမလုပ်ရဘူးလို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ရွှေ တို့ကို စာထုတ်ပြီး အကြောင်းကြားခဲ့ရတယ်ဆိုတာကို သိရပါတယ်။ ဆိုတော့ အစိုးရရဲ့  လုပ်ရပ်က သိပ်ပြီးတော့ ရုတ်တရက်ကြီး ဘာကြောင့်မို့ ပြောင်းလဲသွားသလဲ။ ဒီလိုတွေ့ဖို့ ဘာကြောင့် ဆုံးဖြတ်လာရတယ် ထင်ပါသလဲ။

ကိုတိုးကျော်လှိုင် ။ ။ တခု ကျနော်ပြောနိုင်တာကတော့ အစိုးရဘက်ကရော၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေဘက်ကရော ထိပ်တိုက်ရင်ဆိုင်ရေးကို အမြဲတမ်းတော့ ရွေးချယ်လို့တော့ မရဘူး။ အစိုးရဘက်ကတော့ တောက်လျှောက် တွေ့ဆုံဆွေးနွေးပွဲတွေကို နိုင်ငံရေးအရ အသုံးချခဲ့တာတွေတော့ ရှိပါတယ်။ သိသာထင်ရှားတဲ့၊ မြင်သာထင်ရှားတဲ့ အကျိုးရလဒ် တစုံတရာ မရရှိခဲ့ဘဲနဲ့ အချိန်ဆွဲခဲ့တာမျိုး၊ အချိန်ဆွဲခဲ့သလို ဖြစ်တာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အခုလက်ရှိ အနေအထားကတော့ ဒီ အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးအကြိမ် တွေ့ဆုံတယ်။ နောက်ပြီး ပူးတွဲကြေညာချက်ထုတ်တယ်၊ ဘာညာဆိုတာက အရင်တုန်းကဆိုရင် မရှိခဲ့တဲ့ အစဉ်အလာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒါကိုတော့ ကြိုဆိုရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်သိချင်တာက နည်းနည်းမျက်စိလည်စရာပါ - သုံးသပ်တဲ့ လူတွေအနေနဲ့။ တလောလုံးကမှ နိုင်ငံရေးမလုပ်နဲ့ ဘာညာဟန့်တားခဲ့တယ်။ ဘာညာလုပ်ခဲ့တယ်။ အခုကြတော့ ရုတ်တရက်ကြီး သူတို့ကပဲ နိုင်ငံရေးသမားကြီးအဖြစ် အသိအမှတ်ပြုလိုက်တဲ့ သဘောပေါ့။ ဘာကြောင့် ပြောင်းလဲသွားသလဲ။

ကိုတိုးကျော်လှိုင် ။ ။ ဒီလိုပေါ့ ရက်ပိုင်းတွေအတွင်းကတော့ တရားမဝင်တော့ အန်အယ်လ်ဒီရုံးမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်ပြုလုပ်နေတယ်။ ဘာညာဆိုတာမျိုးတော့ ထွက်လာပါတယ်။ ဒါ ပြည်ထဲရေးဝန်ကြီးဌာနကနေလည်း တရားဝင် အကြောင်းကြားစာတွေ ပေးပို့ခဲ့တာ ရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေကနေပြီးတော့ ရုတ်ချည်း ချိုးကွေ့သွားတဲ့ အခြေအနေကို ကြည့်လို့ရှိရင် အစိုးရသစ်ဘက်မှာလည်း တစုံတရာ သူတို့ ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ တဖတ်နဲ့တဖတ် သံသယထားနေတာကတော့ သိပ်ပြီးတော့ အကျိုးမများလှဘူးလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင်ရဲ့  အမြင်ကို ပြောပါ။ ဘယ်လိုကြောင့် အစိုးရ ဒီလိုတကွေ့ ပြန်လှည့်သွားရသလဲ။ U-Turn လုပ်သလို ဖြစ်နေတာပေါ့။ သူတို့ပဲ နိုင်ငံရေးမလုပ်နဲ့ဆိုပြီး အခု သူတို့ကပဲ လက်ခံတွေ့ဆုံတယ်ဆိုတော့ နိုင်ငံရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်တဲ့သဘော တွေ့နေရတယ်လို့ ကျနော်ထင်ပါတယ်။

ဦးဌေးအောင် ။ ။ ဟုတ်ပါတယ်။ အခုဟာက ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်ဝတ်အစိုးရ တက်လာပြီးနောက် ရက် (၁၀၀) ပတ်ဝန်းကျင်ကာလကို ရောက်လာတဲ့အချိန်မှာ အန်အယ်လ်ဒီ အဖွဲ့ချုပ်အပေါ်မှာ သူတို့ သိသိသာသာ ဖိနှိပ်ချုပ်ချယ်မှုတွေ ပြန်လုပ်လာတဲ့ အနေအထားရှိပါတယ်။ ဥပမာအားဖြင့် ဒီအဖွဲ့ဟာ ဥပဒေအကြောင်းအရ တရားမဝင်အဖွဲ့ ဖြစ်တယ်။ ဒါကြောင့်မို့ ဆိုင်ဘုတ်တွေ ဖြုတ်ချပေးရမယ်လို့ သူတို့ဘက်က ကန့်သတ်လာတာမျိုး ရှိသလို။ တချို့  အန်အယ်လ်ဒီ အောက်ခြေအဖွဲ့ လှုပ်ရှားမှုတွေကို နှောက်ယှက်ပေးလာတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒါကနေ အခုလို ရက်ပိုင်းအတွင်းမှာ ကပ်ပြီးတော့ ဂငယ်ကွေ့ ကွေ့သွားတဲ့ အကြောင်းတရားတွေကတော့ အများကြီး ရှိနိုင်ပါတယ်။ ဒါ ဘာကြောင့်လည်းဆိုလို့ရှိရင် အစိုးရခေါင်းဆောင်တွေရဲ့  လုပ်ရပ်တွေကို ကျနော်တို့ ပြန်သုံးသပ်ကြည့်တဲ့အခါကြတော့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အန်အယ်လ်ဒီ ပါတီက အပြတ်အသတ် အနိုင်ရရှိသွားခဲ့တဲ့အခါကြတော့ စစ်အစိုးရက တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်ဆဲရေး။ တနည်းအားဖြင့်ဆိုရင် တိုင်းရင်းသားတွေနဲ့ သူတို့က ဆက်ဆံရေးပြေလည်အောင်၊ လက်နက်ကိုင်အဖွဲ့များနဲ့ ဆက်ဆံရေးပြေလည်အောင် သူတို့က ကြိုးစားခဲ့တာရှိတယ်။ ဆိုတာကတော့ ပြည်တွင်းနဲ့ နယ်စပ် နှစ်ဖက်အန္တရာယ်တွေနဲ့ ကြုံလာတဲ့အခါမှာ သူတို့က တဖတ်ကို ခဏငြိမ်းချမ်းထားပြီးတော့ တခြားတဖက်ကို ဖိနှိပ်ချေမှုန်းတာမျိုး လုပ်လေ့လုပ်ထ ရှိပါတယ်။ တဖက်ကို ရေမှုတ်တဖက် မီးစာတဖက် ဆက်ဆံတဲ့ပုံစံမျိုးတွေ လုပ်ခဲ့တဲ့ သာဓကတွေရှိတယ်။ အလားတူပဲ ဒီနေ့အချိန်မှာကြတော့ ဒီဘက်က ပြည်တွင်းမှာ အန်အယ်လ်ဒီကလည်း လှုပ်ရှားလာတယ်။ လူထုကလည်း သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံလာတယ်။ တချိန်တည်းမှာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။ အဲဒီလို ဘက်ပေါင်းစုံကနေ အကြပ်အတည်းတွေ တွေ့လာတဲ့အခါတိုင်းမှာ အုပ်ချုပ်တဲ့ လူတန်းစားတွေ အနေနဲ့ တဖက်ကို ပြန်ပြီးတော့ ချဉ်းကပ်ပြတာမျိုး၊ တဖက်နဲ့ ပြန်ပေါင်းပြတာမျိုး အမြဲလုပ်လေ့လုပ်ထရှိတာ။ အခုလို အနေအထားမှာဆိုရင် အန်အယ်လ်ဒီ နဲ့ တွေ့ဆုံပြတာကလည်း တိုင်းရင်းသားတွေနဲ့ အန်အယ်လ်ဒီကြားမှာ သံသယတွေဖြစ်လာမယ့် အနေအထားမျိုးတွေကို ဖန်တီးဖို့ ရည်ရွယ်ချက်တွေလည်း ရှိကောင်းရှိနိုင်မယ်။ နောက်တခုက နိုင်ငံတကာရဲ့  ဖိအားတွေကိုလည်း ပြေလည်အောင်၊ လျော့သွားအောင် ကြိုစားပြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အာဆီယံ ဥက္ကဋ္ဌရာထူး လိုချင်တဲ့အတွက် နိုင်ငံတကာရဲ့  ကန့်ကွက်မှု လျော့ပေါ့သွားအောင် လုပ်တယ်ဆိုတဲ့ အယူအဆလည်း တချို့ က တွေးကြပါတယ်။ အဲဒါကော ဖြစ်နိုင်ပါသလား။

ဦးဌေးအောင် ။ ။ ဒါကလည်း တချက်အနေနဲ့တော့ ပါပါတယ်။ သူ့အနေနဲ့ကတော့ အာဆီယံဥက္ကဋ္ဌ ဖြစ်ရေးမဖြစ်ရေးက သူ့အတွက် ဒီလောက်အထိ အရေးကြီးတဲ့ပြဿနာမျိုးတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ နိုင်ငံတကာရဲ့  sanction တွေ လျော့ကျသွားအောင်၊ နောက်တခုက သူတို့ကို တရားဝင် အသိအမှတ်ပြုလာအောင် ဒါမျိုးတွေကို အများကြီး ကြိုးစားနေတဲ့ အနေအထား ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုတိုးကျော်လှိုင် ခင်များ အခု ဒေါ်အောင်ဆန်းစုကြည် မကြာခင်က ပုဂံကို ဘုရားဖူးထွက်တယ်။ ဒေါ်အောင်ဆန်းစုကြည် က ထိန်းသိမ်းခံရပြီး လွတ်လာတဲ့နောက်မှာ နိုင်ငံတကာမှာ အရှိန်အဝါ သိပ်မြှင့်မားလာတယ်။ သိပ်သြဇာကြီးလာတယ်ဆိုတာတော့ ငြင်းချက်ထုတ်စရာ မရှိပါဘူး။ လူတိုင်း လက်ခံကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာလည်း အခု ပုဂံကို ဘုရားဖူးသွားပြလိုက်တာ လူထုရဲ့  အင်အားက သူ့နောက်မှာရှိနေတယ်ဆိုတာကို သိသာမြင်သာသွားတယ်လို့ ပြည်တွင်းက တချို့ သုံးသပ်တာကို ကြားသိရပါတယ်။ အဲဒီ ခရီးစဉ်ရဲ့  လူထုထောက်ခံမှုဟာ နိုင်ငံရေးခရီးစဉ် မဟုတ်သောလည်း လူထုက သူ့ဘက်က ရှိနေတယ်ဆိုတဲ့ ကိစ္စမျိုး ပေါ်လွှင်ခဲ့တယ်လို့ ကြားရပါတယ်။ အဲဒီအကြောင်း ပြောပါ။ ဘယ်လောက်များ လူတွေက ရှိနေတယ်ဆိုတာ။

ကိုတိုးကျော်လှိုင် ။ ။ ဒီလိုဗျ ပုဂံခရီးစဉ်ကတော့ အန်တီတို့ မိသားစုခရီးစဉ်လေး သွားကြတယ်ပေါ့။ သို့သော်လည်း လူထုကိုလည်း ဒေသဆိုင်ရာတွေက တားမြစ်တာတွေ ရှိတဲ့ကြားထဲက လူထုထောက်ခံမှုက တော်တော်လေး မြှင့်မားပါတယ်။ ဒီအတွက်ကြောင့်လည်း အစိုးရက ဒီအချက်အလက်တွေကို ထည့်ပြီးတော့ စဉ်းစားတယ်လို့လည်း ကျနော်ယူဆပါတယ်။ နောက်တချက်က တွေ့ဆုံဆွေးနွေးရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေမှာတော့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ သို့သော်လည်း ကျနော်တို့က ပူးပေါင်းဆောင်ရွက်ရေးမှာ ရှေ့ ဆက်ညှိနှိုင်းရမယ့် အသေးစိတ်ကိစ္စတွေလည်း အများကြီးရှိမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့လို့ တောက်လျှောက်မှာတော့ နိုင်ငံရေးအရ အမြဲ အသုံးချခဲ့တာ ဖြစ်နေတဲ့အခါကြတော့ အာဆီယံဥက္ကဋ္ဌရာထူးကိစ္စ၊ ဘာညာကတော့ သိပ်ပြီးတော့ မလိုဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အာဆီယံက ကျနော်တို့ ဒီမိုကရေစီအင်အားစုဘက်ကို နိုင်ငံရေးအရ အာဆီယံက သိပ်ပြီးတော့ လေးလေးနက်နက် မရှိဘူးဆိုတော့ အာဆီယံဥက္ကဋ္ဌရာထူးက သူဘာသာ အချိန်တန်ရင် ဖြစ်သွားမှာ။ အဲဒီဟာတွေကြောင့်တော့ မဟုတ်ပါဘူး။ သို့သော် တခြား ဂငယ်ကွေ့လိုမျိုး ရုတ်တရက်ကြီး ချိုးကွေ့လိုက်တဲ့ အနေအထားပေါ်မှာတော့ ကျနော်တို့က အဲဒီအပေါ်မှာ စဉ်းစားစရာတွေ ပေါ်လာတာပေါ့။ ဒီအပိုင်းအတွင်းမှာ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီကလည်း တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ထောက်ခံတဲ့ ကြေညာချက်ထုတ်ဖို့ ဘာညာရှိတယ်ဆိုတော့ ဒီဟာက လောလောဆယ် အနေအထားမှာတော့ ဘာပဲဖြစ်ဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်လို့ ယူဆရတဲ့ လမ်းကြောင်းတခုပေါ်မှာ လက်ရှိ အစိုးရအဖွဲ့နဲ့ အတိုက်အခံခေါင်းဆောင် လူထုခေါင်းဆောင်တို့ တွေ့ဆုံဖြစ်တယ်ဆိုတာ ကောင်းတဲ့အနေအထားပါ။ အန်တီရဲ့  လူထုထောက်ခံမှုဆိုတာကိုလည်း အစိုးရအဖွဲ့သစ်က သူတို့ နှုတ်ကတော့ ထုတ်ပြောချင်မှာတော့ ပြောမယ်။ သို့သော်လည်း တစုံတရာအားဖြင့် အသိအမှတ်ပြုတဲ့သဘောလို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက အရှေ့ ကို အကောင်းမြင်ကြည့်ပေါ့။ အကောင်းမမြင်ရတာလည်း ကြာပြီဆိုတော့။ ဒီဖြစ်ရပ်ကနေ ကျနော်တို့ ဘယ်အထိ ရှေ့ ကို တိုးသွားနိုင်မယ်လို့ ထင်ပါသလဲ။

ဦးဌေးအောင် ။ ။ ကျနော်တို့လည်း အကောင်းမြင်ချင်ပါတယ်။ စစ်အစိုးရက စိတ်ကောင်းစေတနာမှန်တဲ့ တွေ့ဆုံတာမျိုး ဖြစ်စေချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အချက်အလက်တွေအရ အခုလို ရုတ်တရက်ကြီး ပြောင်းလဲတယ်ဆိုတဲ့အပေါ်မှာ သံသယ ဖြစ်စရာတွေက အများကြီး ထပ်ဝင်လာတာကို တွေ့ရတယ်။ အဲဒီတော့ သူ့အနေနဲ့ ရှေ့ မှာဖြစ်လာမယ့် ပြဿနာတွေကို သူက ကြိုပြီးတော့ တွေးပြီးတော့ ပြင်ဆင်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူလူထုက ထောက်ခံတဲ့ဟာကလည်း လျော့ကျမသွားတဲ့အပြင် ပိုတိုးလာတဲ့ အချက်အလက်တွေကလည်း အများကြီး ရှိပါတယ်။ ပုဂံခရီးစဉ်သာ မကဘူး။ သူ့အိမ်ရှေ့ မှာ သူစလွတ်လာတဲ့နေ့မှာ စုဝေးခဲ့တဲ့ လူထုတို့။ နောက် သူ့မိန့်ခွန်းပြောတဲ့အခါမှာ အဖွဲ့ချုပ်ရုံးရှေ့ မှာ စုရုံးခဲ့တဲ့ လူထုတွေကို ကြည့်ရင် သိပ်သိသာပါတယ်။ အဲဒီတော့ အခုအချိန်မှာပေါ့ လက်ရှိ အရပ်ဝတ် အစိုးရအနေနဲ့ စိတ်ပူနေတာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပြည်တွင်းက လူထုတိုက်ပွဲနဲ့ နယ်စပ်တွေမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားတွေရဲ့  လက်နက်ကိုင်တိုက်ပွဲတွေ ပေါင်းစပ်သွားမယ့်အရေးကို သူတို့အနေနဲ့ စိုးရိမ်နေတယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ သူက တဖက်ကို ရင်ဆိုင်နေရတဲ့အချိန်မှာ၊ ဖိနှိပ်ချေမှုန်းနေရတဲ့အချိန်မှာ တဖက်ကို အချိန်ဆွဲနေတာမျိုး၊ ချော့ပေါင်းတာမျိုး ဖြစ်မှာကို ကျနော်တို့က စိုးရိမ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုတိုးကျော်လှိုင် ကို နောက်ဆုံးမေးချင်တာက ဦးသိန်းစိန် အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ချင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့  အခက်အခဲကြောင့်ဖြစ်စေ၊ ဘာကြောင့်ဖြစ်စေ တိုင်းပြည်အတွက် ဒါသာလျင် ထွက်ပေါက်ဖြစ်တယ်လို့မြင်ပြီး လုပ်တယ်ထားအုံးတော့ သူတို့ရဲ့  နောက်ကွယ်မှာ သူတို့ရဲ့  လုပ်ရပ်ကို ခွင့်မပြုနိုင်တဲ့ အာဏာပိုင်တယောက်ယောက်၊ အာဏာရှင်တယောက်ယောက် မရှိနေနိုင်ဘူးလား။ အဲဒီ လွှမ်းမိုးမှု၊ လောင်ရိပ်အောက်က လွတ်ပြီလို့ ထင်ပါသလား။

ကိုတိုးကျော်လှိုင် ။ ။ အဲဒါတော့ ပြောရခက်တယ့် အဖြေတခုပါပဲ။ ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြည့်တဲ့အခါမှာ အဖြေအမျိုးမျိုး တွေ့ရပါတယ်။ အခု ခေတ္တသဘော အန်တီနဲ့ ပြေလည်မှု ယူပြီးတဲ့အခါကြတော့ ကချင်ကိစ္စ၊ ရှမ်းလက်နက်ကိုင်ကိစ္စ၊ တိုက်ပွဲတွေ ဖြစ်နေတဲ့ကိစ္စတွေကို သူတို့ အပြီးအပြတ်ရှင်းလင်းဖို့ ရှိတယ်ဆိုတဲ့ သဘောထားမျိုးတွေလည်း ထွက်နေတာ ရှိပါတယ်။ သို့သော်လည်း အစိုးရသစ်လက်ထက် ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုမှာ ဘယ်လိုပဲ ညှိနှိုင်းထားသည်ဖြစ်စေ အစိုးရဘက်ကနေ တချို့  မတော်မတရား လုပ်လာတဲ့ကိစ္စတွေ ရှိလာတယ်ဆိုရင်တော့ အန်တီက ပွင့်ပွင့်လင်းလင်းပဲ အစိုးရကို ရင်ဆိုင်သွားမှာပါ။ ဒါကိုတော့ ယုံကြည်ပါတယ်။
ကြိုတင်မဲအကြောင်း ရှင်းပြီ
ခင်ဦးသာ Wednesday, 27 July 2011 18:25ဧရာဝတီ
ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုများ၊ ကြိုတင်မဲနှင့် ပတ်သက်သည့် အငြင်းပွားဖွယ် ဖြစ်ရပ်များ ပေါ်ပေါက် လာရခြင်းမှာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ယနေ့ ပြောလိုက်ကြောင်း သိရသည်။
နေပြည်တော်၌ ပြုလုပ်သော ရွေးကောက်ပွဲဝင် ပါတီ ၃၇ ခုမှ ခေါင်းဆောင်များ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၏ အစည်းအဝေးတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ခဲ့သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။
“ပါတီတခုကို ၂ မိနစ်စီ တင်ပြ ဆွေးနွေးဖို့ အချိန်ရတော့ အများစုက မဲမသမာမှုတွေကို တင်ပြကြတယ်၊ ဒီတော့ ပြန်ပြီးတော့ သုံးသပ်သွားမယ်၊ နောင် ဒီလို မဖြစ်အောင် လုပ်သွားမယ်ပေါ့၊ ဒီလောက်ပါပဲ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။
နိုင်ငံတကာက ၂၀၁၀ ရွေးကောက်ပွဲသို့ အကဲခတ်အဖွဲ့ စေလွှတ်ရန် ကမ်းလှမ်းစဉ်ကမူ အာဏာပိုင်တို့က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအတွေ့အကြုံ အလုံအလောက် ရှိသဖြင့် အကဲခတ်သူများ မလိုအပ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ဖူးသည်။

ကြံ့ဖွံ့ပါတီဟု လူသိများသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှအပ အစည်းအဝေး တက်ရောက်ကြသော ပါတီ အများစုက ၂၀၁၀ ရွေးကောက်ပွဲအတွင်း ကြံ့ဖွံပါတီ၏ မဲ မသမာမှု၊ ဒေသဆိုင်ရာ အာဏာပိုင်တို့၏ ချယ်လှယ်မှုများကို တင်ပြကြကြောင်း၊ သို့သော်လည်း ကော်မရှင်ထံမှ တိကျသော အဖြေ မရခဲ့ကြောင်း သိရသည်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ကျနော်တို့အနေနဲ့ ဖွဲ့စည်းပုံမှာ ပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို လက်ခံနိုင်ပေမယ့် ဒီဥပဒေကို ပါတီတချို့က လက်တွေ့ မကျင့်သုံးတဲ့ ကိစ္စတွေကို တင်ပြခဲ့ပါတယ်” ဟု ပြောပြသည်။
အစိုးရသစ်လက်ထက်တွင် ပေါ်ပေါက်လာသော လွှတ်တော်အရ ဖွဲ့စည်းထားသော ကော်မရှင်သည် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ လွတ်လပ်မှုရှိပြီး ဘက်လိုက်မှု ကင်းရှင်းရန် လိုအပ်ကြောင်း၊ အစည်းအဝေးများတွင် ပြောဆိုနေမှုထက် လက်တွေ့ ကျင့်သုံးရန် အရေးကြီးကြောင်း၊ ကော်မရှင်အဖွဲ့ဝင် အများစုသည် ကြံ့ဖွံ့ပါတီဝင်များ ဟု သိရကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

တိုက်ပွဲဖြစ်နေသော တိုင်းရင်းသားဒေသများ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတခုကို နိုင်ငံရေးပါတီများက တာဝန်ယူ ကျင်းပသင့်ကြောင်း ပါတီခေါင်းဆောင်တချို့က အစည်းအဝေးတွင် တင်ပြခဲ့ကြသည်ဟု ဆိုသည်။

“(ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ်) ဦးတင်အေးက ဒီကိစ္စကို လွှတ်တော်မှာပဲ တင်ပြ ဆွေးနွေးပါ၊ ကျနော်တို့လည်းပဲ ငြိမ်းချမ်းရေး လိုချင်ပါတယ်လို့ ပြန်ဖြေပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် ကြံ့ဖွံ့ပါတီတွင် ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသည်။ လက်ရှိအချိန်တွင် ဦးတင်အေးက ကြံ့ဖွံ့ပါတီတွင် တာဝန်ယူထားခြင်း မရှိတော့ကြောင်း အစည်းအဝေး တက်ရောက်သူများကို ရှင်းပြခဲ့သည်ဟု သိရသည်။
လွှတ်တော်အစည်းအဝေးများ မည်သည့်အချိန်တွင် ပြန်လည် ကျင်းပမည်ကို မသိရသေးကြောင်း ပါတီခေါင်းဆောင်များက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဆွေးနွေးပွဲများမှ ရလဒ်ကောင်းများ ရရန်လိုအပ်ဟုဆို
လင်းသန့် Tuesday, 26 July 2011 18:11 ဧရာဝတီ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရသစ် ၀န်ကြီးတဦးဖြစ်သူ ဦးအောင်ကြည်တို့၏ ယမန်နေ့က တွေ့ဆုံခဲ့မှုအပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်းက ကြိုဆိုကြပြီး နောက်ဆက်တွဲ ဆွေးနွေးပွဲများတွင် အချိန်ကာလ သတ်မှတ်ချက်ရှိရှိနှင့် ရလဒ်ကောင်းများဖြစ်ပေါ်ရန် လိုအပ်ကြောင်း ထောက်ပြကြသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့က ဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ဆုံမှုအတွက် ၂ ဦးစလုံးက ကျေနပ်ကြောင်း ပြောကြားခဲ့ပြီး ဆက်လက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ထည့်သွင်း ပြောသွားကြသည်။
“တရားဝင် သတင်းထုတ်ပြန်တာနဲ့ နှစ်ဘက် ပူးတွဲကြေညာချက်ထုတ်တာဟာ အရင်နဲ့ မတူလို့ ထူးခြားပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ပြတွေ့ဆုံတယ်ဆိုရင်တော့ မကောင်းဘူး” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

အရပ်သား အစိုးရသစ်ဟု ဆိုသော်လည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ချုပ်ကိုင်မှုများ ရှိနေခြင်း၊ နောက်ကွယ်တွင် ယခင်စစ် ခေါင်းဆောင်များ ကြိုးကိုင်မှုများရှိနိုင်ခြင်း တို့ကြောင့် ယခုဆွေးနွေးပွဲနှင့် ပတ်သက်၍ များစွာ မျှော်လင့်မထားကြောင်း၊ ယမန်နေ့က တွေ့ဆုံစကားပြောမှုကို ကြိုဆိုသော်လည်း အချိန်ကာလ သတ်မှတ်ပြီး ဆက်လက် ဆွေးနွေးသွားရန်လိုကြောင်း ၎င်းက ဆက်ပြောသည်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခွဲထွက်ခဲ့ပြီး ယခု အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့၏ ယခင်က တွေ့ဆုံမှုများသည် ဟန်ပြမျှသာ ဖြစ်ခဲ့သော်လည်း ယခုကိစ္စသည် တမူထူးခြားနိုင်ပြီး ဆက်လက်တွေ့ဆုံ ဆွေးနွေး ကြမည်ဆိုလျင် ကောင်းမွန်ကြောင်း၊ အားပြိုင်နိုင်ငံရေးမှတဆင့် ပူးပေါင်းနိုင်ငံရေးဆီသို့ ပြောင်းလဲကာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်နိုင်ခြေ များစွာ ပေါ်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင် တယောက်က တရားဥပဒေနဲ့ ယှဉ်ပြီး ပြည်သူလူထုနဲ့ တိုင်းပြည် အတွက် ကောင်းရာကောင်းကျိုးတွေကို ဖန်တီးမယ်ဆိုတဲ့ အမြင်နဲ့ နိုင်ငံရေးရေစီးထဲ ပြန်ဝင်လာတာကို ကျနော်တို့က ကြိုဆိုရုံတင်မကပါဘူး၊ ၀မ်းသာ ၀မ်းမြောက်ဖြစ်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

မြန်မာအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် ထိုက်တန်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား များပါ လွှတ်ပေးပြီး ပိုမိုကျယ်ပြန့်သည့် ဆွေးနွေးပွဲများ လုပ်ဆောင်လျှင် ပို၍သင့်တော် ကောင်းမွန်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခရီးထွက်မည့် ကိစ္စများအပေါ် မလိုလား အပ်သည့် တိုက်ခိုက်မှုများ ရှိလာနိုင်သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် သတိပေး ရေးသားခြင်း၊ NLD ပါတီ၏ လုပ်ဆောင်ချက်များသည် တရားမ၀င်ကြောင်းနှင့် ပါတီအား ပြန်လည်မှတ်ပုံတင်ရန် လိုကြောင်း ဖိအားပေးခြင်း စသည်ဖြင့် အစိုးရဘက်က လုပ်ဆောင်မှုများ ရှိခဲ့သည်။
ထို့ကြောင့် NLD ပါတီကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့ပါတီသည် တရားဝင်ကြောင်း၊ မတူကွဲပြားမှုများကို တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်လိုကြောင်း ပြန်ကြားစာပေးပို့ခဲ့သည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံချိန်သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် အစရှိသည့် ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်နေချိန်နှင့် တိုက်ဆိုင်နေပြီး အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်က ငြိမ်းချမ်းစွာဖြေရှင်းလိုသည့် အရိပ် အယောင် မတွေ့ရသေးပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ပထမဆုံး တွေ့ဆုံသည့် အချိန်သည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီးကာလ နိုင်ငံရေး တင်းမာမှုများ ဖြစ်ပွားနေချိန် ဖြစ်သည်။ ၎င်းတို့ ၉ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သော်လည်း သိသာ ထင်ရှားသည့် ရလဒ်ကောင်းများ မဖြစ်ထွန်းခဲ့သောကြောင့် ယခု တွေ့ဆုံမှုကို သံသယ ဖြစ်သူ များလည်း ရှိသည်။

“တရားဥပဒေ စိုးမိုးရေး ဆွေးနွေးကြတယ် ဆိုပေမယ့် တကယ်ကတော့ တရားဥပဒေစိုးမိုးရေး မရှိပါဘူး။ စစ်ဗိုလ်ချုပ် တွေဘက်က အလျှော့အတင်းတွေ လုပ်မှာလား၊ ဒေါ်အောင်ဆန်းစုကြည် ကရော ပူးပေါင်းဆောင်ရွက်မှုမှာလား၊ အလျှော့ အတင်းတွေလုပ်မှာလား၊ ကစားကြတာလား၊ ဒါတော့မသိဘူး” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) အတွင်းရေးမှူး ဦးလှစိုးက ပြောသည်။
ရန်ကုန်မြို့ရှိ ၀ါရင့် စာနယ်ဇင်းသမား တဦးကမူ ၂ ဘက်ပူးတွဲ ကြေညာချက်ထုတ်ပြန်ပြီး ဆက်လက်တွေ့ဆုံ ဆွေးနွေးမည်ဟု ပြောဆိုခြင်းသည် အပေါင်းလက္ခဏာ ဆောင်သည်ဟု သုံးသပ်ပြောဆိုသည်။

တနှစ်လျှင် ၁ ကြိမ်၊ ၂ ကြိမ် တွေ့ရုံမျှနှင့် တိုးတက်ခြင်းဟု မပြောနိုင်ကြောင်း၊ အကယ်၍ ၁ နှစ်လျှင် ၄ ကြိမ်၊ ၅ ကြိမ် တွေ့ဆုံသည်ဆိုလျှင် နိုင်ငံရေးပြဿနာများ ဆွေးနွေးလာနိုင်သည့် အခြေအနေဖြစ်၍ အမှန်တကယ် တိုးတက်သည့် လက္ခဏာ ရှိလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
သို့ရာတွင် ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၏ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တာဝန်ရှိသူတဦး တွေ့ဆုံခြင်းကို မရိုးသားမှုဟု မြင်ကြောင်း၊ စစ်အစိုးရ အဆက်ဆက် နိုင်ငံတကာ ဖိအားများကို ရှောင်လွှဲရန်နှင့် အာဆီယံ ဥက္ကဋ္ဌ နေရာရရေးအတွက် ဟန်ပြလုပ်ဆောင်ခြင်းဟုသာ ထင်မြင်ယူဆကြောင်း ပြောသည်။
“သူတို့က နိုင်ငံရေးအရ တရားဝင်မှုကို အရမ်းလိုချင်နေလို့ အခုလို ဟန်ပြ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြတာပဲ။ နောက်ရွေးကောက်ပွဲ မတိုင်ခင် ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ လုပ်လိုက်ခြင်းအားဖြင့် နိုင်ငံတကာရဲ့အသိအမှတ် ပြုခံရတဲ့ တရားဝင်နိုင်ငံရေး အခြေအနေကို ရသွားမှာ” ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။

ယမန်နေ့က တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အကျဉ်းကျခံရစဉ်၊ အကျယ်ချုပ် ကျခံနေရစဉ် အနေအထား မဟုတ်ဘဲ နိုင်ငံပိုင် သတင်းစာများနှင့် သတင်းမီဒီယာများတွင် မျက်နှာဖုံး သတင်းများအဖြစ် ဓာတ်ပုံများနှင့် တကွ ဝေေ၀ဆာဆာ ဖော်ပြပါရှိသည်ကို တွေ့ရသည်။



NLD နှင့် အစိုးရ ကွာဟချက် ကြီးမားနေသေး
လင်းသန့် Wednesday, 27 July ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်တို့၏ ဆွေးနွေးပွဲအပြီး နှစ်ဘက်စလုံးက အကောင်းမြင် ကြောင်းနှင့် ဆွေးနွေးပွဲကို ကျေနပ်ကြောင်း ပြောဆိုခဲ့သော်လည်း အစိုးရသစ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ကွာဟချက် ကြီးမားနေဆဲ ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန်က ၉ ကြိမ်တိုင် တွေ့ဆုံခဲ့သော်လည်း သိသာသည့် ရလဒ် တစုံတရာ ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။

နောက်ဆုံးဆွေးနွေးပွဲနှင့် နီးစပ်သည့်အသိုင်းအ၀န်းမှ ရရှိသော သတင်းများအရ ဆွေးနွေးပွဲတွင် အစိုးရ၀န်ကြီး ဦးအောင်ကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တရားဝင်ရပ်တည်ရေးအတွက် ပြန်လည် မှတ်ပုံတင်ရေး အပါအ၀င် လူမှုရေး လုပ်မည်ဆိုပါက ပြည်ထဲရေးဝန်ကြီးဌာနတွင် လူမှုရေးအသင်းအဖြစ် မှတ်ပုံတင်ရန် ဒေါ်အောင်ဆန်း စုကြည်အား ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနက NLD ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး တို့ထံသို့ အကြောင်း ကြားစာ ပို့ထားကြောင်း ဇွန်လ ၂၉ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ဦးအောင်ကြည်က ထပ်မံကမ်းလှမ်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီသည် တရားဝင်ပါတီ တရပ်အဖြစ် တည်ရှိကြောင်း၊ တရားဝင်မှုဆိုင်ရာ မတူကွဲလွဲမှုများကို ဆက်လက်ဆွေးနွေးလိုကြောင်း ပြန်ပြောသည်ဟု ဆွေးနွေးပွဲနှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း NLD ပါတီသည် တရားဝင်ပါတီဖြစ်ပြီး တရားဝင်မှုဆိုင်ရာ မတူကွဲပြားမှုများကို ဆွေးနွေးကြရန်အကြောင်းပြန်စာ ပေးပို့ခဲ့ပြီးဖြစ်သည်။ ထို့အပြင် NLD ပါတီ တရားဝင်မှုဆိုင်ရာ မတူကွဲပြားမှုနှင့် ပတ်သက်၍ တရားရုံးအဆင့်ဆင့်သို့ တင်ပြတောင်းခံခဲ့သော်လည်း နောက်ထပ် ဥပဒေကြောင်းအရ ဆက်လက်တင်ပြရန် အဆင့် မရှိတော့ပေ။
သို့အတွက် NLD က ပါတီ တရားဝင်ရပ်တည်ရေးကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီသို့ မကြာမီ တင်ပြသွားရန် ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“NLD ပါတီ တရားဝင်ရေး ကိစ္စက တရားရုံး အဆင့်ဆင့်တက်ခဲ့တာ ဒီပြည်တွင်းမှာ ဥပဒေကြောင်း အရတော့ အဆင့်ကုန်ပြီ။ ဒါကြောင့် လူ့အခွင့်အရေးကောင်စီကို မကြာခင်တင်ပြဖို့ရှိတယ်” ဟု NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ကိုင်ဆွဲပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်မခံခဲ့ပေ။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ပြီး ပါတီ အနေဖြင့် ထပ်မံ မှတ်ပုံတင်စရာ မလိုသည့်အတွက် မှတ်ပုံမတင်ခြင်းဖြစ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲကို စစ်အစိုးရက ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားသည့် ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က အပြတ်အသတ် အနိုင်ရခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိဘဲ မဲမသမာမှု များစွာရှိကြောင်း NLD က ပြောဆိုခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရတို့ကြား ယခုကဲ့သို့ ကွာဟမှုများ ရှိသော်လည်း မကြာသေးမီက မိသားစု ပုဂံ ဘုရားဖူး ခရီးစဉ်တွင် အစိုးရကို ကြိုတင် အကြောင်းကြားခဲ့ခြင်း၊ ခရီးစဉ်အတွင်း မည်သည့် နိုင်ငံရေးလှုံ့ဆော်မှုမျိုးမှ မပြုလုပ်ခြင်း စသည်ဖြင့် အစိုးရ ယုံကြည်မှုရစေရန် ပြသခဲ့သည်။

အလားတူ အာဇာနည်နေ့ကလည်း အစိုးရဘက်က တရားဝင်ဖိတ်ကြားမှုကို လက်ခံတက်ရောက်ပြီး ဒီမိုကရေစီ အင်အားစု များနှင့်အတူ အာဇာနည်ကြီးများအား သွားရောက် ဂါရ၀ပြုရာတွင် မလိုလားအပ်သည့် ပဋိပက္ခများ မရှိဘဲ ထိမ်းသိမ်းမှုများနှင့် နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့သည်။
အာဇာနည်နေ့တွင် ချောမွေ့ခဲ့ခြင်းသည် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆောင်ရွက်မှု၏ အကျိုးဖြစ်ထွန်းမှု ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ထုတ်ဖော် ပြောဆိုခဲ့သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနတို့၏ ၀န်ကြီး ဦးအောင်ကြည်တို့၏ တနင်္လာနေ့က ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များက မေးမြန်းရာ ဦးအောင်ကြည်က ယခင်တွေ့ဆုံမှုများနှင့် နှိုင်းယှဉ်၍ ယခုတွေ့ဆုံမှုသည် ယခင် ရလဒ်များထက် ပိုမိုကောင်းမွန်သည့် ရလဒ်ဖြစ်မည်ဟု မျှော်လင့်ကြောင်းနှင့် နှစ်ဘက်စလုံးက ဆွေးနွေးပွဲများ ဆက်လုပ်ရန် အတွက် သဘောတူခဲ့ကြောင်း ထုတ်ဖော်ဖြေကြားသည်။

“ဒီဥစ္စာက ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ၊ ရှေ့လျှောက်လုပ်သွားစရာ ကိစ္စတွေက အများကြီးရဲ့ အစ ခြေလှမ်း တခုလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်” ဟု ဦးအောင်ကြည်က ပြောခဲ့သည်။ ထို့အပြင် ဆွေးနွေးပွဲတွင် “တရားဥပဒေ စိုးမိုးရေး၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး၊ အများပြည်သူ အကျိုးဖြစ်ထွန်းရေး” ကိစ္စများအား ပြောဆိုခဲ့သည်ဟု ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ကာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်အကျိုး ဖြစ်ထွန်းစေမည့် ရလဒ်များကိုသာ မျှော်လင့် ကြောင်း ပြောဆိုခဲ့သည်။
“ဘာပဲလုပ်လုပ်၊ ဘာစကားပဲ ပြောပြော၊ ဘယ်သူနဲ့ပဲ တွဲတွဲ၊ ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်အတွက် ပြည်သူပြည်သားတွေကို အကျိုးပြုဖို့ပါပဲ။ ဒါကိုပဲ ကျမတို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

ယခင်ကနှင့်မတူဘဲ ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ပြီး ဆက်လက်ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့မှုများအား နှစ်ဘက်စလုံးက ထုတ်ဖော်ပြောဆိုခဲ့ခြင်းကြောင့် NLD ပါတီအနေဖြင့် အကောင်းဘက်က ရှုမြင်ကာ ဆက်လက် တွေ့ဆုံ ဆွေးနွေးမှုများမှ တဆင့် မြန်မာနိုင်ငံတွင်းမှ လူမှုဒုက္ခများ အမြန်ဆုံး ကင်းဝေးရေးကို မျှော်လင့်နေကြကြောင်း သိရသည်။

“ပြည်သူလူထုအတွက် ဒုက္ခသုက္ခတွေ၊ ဖြစ်ပျက်နေတာတွေ မြန်မြန်လွတ်မြောက်သွားအောင် ကြိုးစား လုပ်ဆောင် သွားမှာ ဖြစ်သလို၊ ဟိုဘက်ကလည်း ဒီလိုဆန္ဒရှိတာ တူတယ်ပေါ့ဗျာ။ ဒီဘက်ကလည်း ကောင်းအောင် လုပ်နေတာပဲ၊ ဟိုဘက် ကလည်း ကောင်းချင်တဲ့ စေတနာရှိတယ်လို့ ပြောတာပဲ” ဟု ဦးတင်ဦးက ဆိုသည်။

ဦးထွန်းမြင့်နိုင်၏ ကြီးထွားလာသော အင်ပါယာ
ရန်ပိုင် Wednesday, 27 July 2011 18:29 ဆောင်းပါး ဧရာဝတီ
ဒီကနေ့ မြန်မာပြည်ရဲ့ စီးပွားရေး လောကကို တရုတ်လူမျိုးတွေက ဓနအင်အား၊ ငွေအင်အား အလုံးအရင်းနဲ့ ချယ်လှယ်နေတာ ဆိုတာ ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။

မြန်မာပြည်ရဲ့ အချမ်းသာဆုံးလို့ဆိုရမယ့် ထူးကုမ္ပဏီက ဦးတေဇကတောင် “တရုတ်အများစုက မြန်မာပြည်မှာ နိုင်ငံသားခံယူပြီး သူတို့ အချမ်းသာဆုံးလို့ ကြွားနေကြတယ်၊ ဒါပေမယ့် သူတို့က မြန်မာစစ်စစ် မဟုတ်ပါဘူး” ဆိုပြီး အီတလီနိုင်ငံထုတ် La Repubblica သတင်းစာနဲ့ အင်တာဗျူးမှာ မကြာသေးမီက ပြောခဲ့ဖူးပါသေးတယ်။
တရုတ်လူမျိုးတွေဟာ မြန်မာစီးပွားရေး လောကမှာတင် တွင်ကျယ်နေရုံမက အခုဆိုရင် မြန်မာအစိုးရ အဖွဲ့အပေါ်မှာလည်း သြဇာလွှမ်းမိုးမှုတချို့ ရှိလာတယ်ဆိုတာ နေပြည်တော်နဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀န်းတွေအကြား ပြောဆိုမှုများလည်း ထွက်ပေါ်နေပါတယ်။
ဘယ်လောက် အတိုင်းအတာအထိ လွှမ်းမိုးနေသလဲဆိုတော့ သမ္မတ ဦးသိန်းစိန် မကြာသေးမီက သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ခရီးစဉ်တလုံးမှာ အေးရှားဝေါလ် (Asia World) ကုမ္ပဏီပိုင်ရှင် ကိုးကန့်-တရုတ်လူမျိုး ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင် လော က ကမကထပြု ဆောင်ရွက်ခဲ့တယ်လို့ အဆိုပါ ခရီးစဉ်မှာ လိုက်ပါသွားခဲ့သူတဦးရဲ့ ပြန်ပြောပြချက်အရ သိရတယ်။
သမ္မတရဲ့ တရုတ်ပြည်ခရီးစဉ်မှာ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ ထူး၊ မက်စ်မြန်မာ၊ IGE စတဲ့ ကုမ္ပဏီကြီးတွေအနေနဲ့ ကိုယ်စားလှယ်တွေပဲ လိုက်ပါခွင့်ရခဲ့ပြီး အေးရှားဝေါလ် ကုမ္ပဏီကတော့ ပိုင်ရှင်ဖြစ်တဲ့ ဦးထွန်းမြင့်နိုင် ကိုယ်တိုင် လိုက်ပါခွင့်ရခဲ့ပါတယ်။
ဦးထွန်းမြင့်နိုင်ဟာ တရုတ်ခရီးစဉ် တလျှောက်လုံး သမ္မတရဲ့ ဦးစားပေး စကားပြောဆိုခြင်းခံခဲ့ရသလို တရုတ်အစိုးရ အသိုင်းအ၀န်းကြားမှလည်း ဦးထွန်းမြင့်နိုင်က အတော်လေး ပေါက်ပေါက်ရောက်ရောက် ပြောနိုင်ဆိုနိုင် ရှိတဲ့သူဖြစ်တယ်လို့ အတူလိုက်ပါသွားသူက မှတ်ချက်ပေး ပြောဆိုပါတယ်။
တရုတ်အစိုးရ အသိုင်းအ၀န်းမှာ ဦးထွန်းမြင့်နိုင် ပေါက်ရောက်မှုရှိနေခြင်းဟာ တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ခြင်း၊ ယခုလက်ရှိ မြန်မာပြည်အနှံ့ တရုတ်နိုင်ငံရဲ့ ချေးငွေတွေနဲ့ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးတွေ၊ တရုတ်ချေးငွေနဲ့ တည်ဆောက်နေတဲ့ နေပြည်တော်လေဆိပ် အပါအ၀င် ရန်ကုန်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကြီးတွေကို ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီတခုတည်းကသာ တည်ဆောက်ခွင့်ရရှိခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင် အေးရှားဝေါလ်ကုမ္ပဏီဟာ တရုတ်ချေးငွေ ၇၀ ရာခိုင်နှုန်းကို ၎င်းတို့ ကုမ္ပဏီက တဆင့် ဆက်သွယ်ချေးငှားပေးခဲ့တယ်လို့ အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေး အသိုင်အ၀န်းကြားမှာ ပြောဆိုမှုတွေ ရှိနေတယ်။
ဒါကြောင့်လည်း ဦးသိန်းစိန်အစိုးရဟာ ကျမ်းသစ္စာကျိန်ဆိုပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ အပြန်အလှန် သဘောတူညီချက်စာချုပ် ၉ ခုနဲ့ တရုတ်ဘက်မှ အမေရိကန်ဒေါ်လာ ၇၆၃ သန်း ချေးဖို့ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ ပါတယ်။
ဒီခရီးစဉ်ကို အောင်မြင်စွာ ဦးဆောင်ခဲ့တဲ့ ဦးထွန်းမြင့်နိုင်ဟာ အသက်အရွယ်အားဖြင့် ၅၃ နှစ်ခန့်ရှိပြီဖြစ်ပြီး ဖခင်ကတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် သမ္မတကြီး ဦးနေ၀င်းက အရှေ့မြောက်ပိုင်းဒေသ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရန်ကို ကာကွယ်ဖို့ ကိုးကန့်ဒေသမှာ ပြည်သူစစ်အဖြစ် မြေတောင်မြှောက်ခြင်းခံရပေမယ့် နောက်ပိုင်းမှာ ဘိန်းဘုရင်အဖြစ် နာမည်ကြီးလာခဲ့တဲ့အတွက် ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လော်စစ်ဟန် ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ လော်စစ်ဟန်ဟာ နောက်ပိုင်းမှာတော့ အရှေ့မြောက်ဒေသကို ရောက်ရှိလာတဲ့ စစ်တိုင်းမှူး အဆက်ဆက်နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းနိုင်ခဲ့တယ်ဆိုတာ န၀တခေတ် သစ်တောရေးရာဝန်ကြီးဟောင်း၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေ (နောင်စစ်သည်) ရဲ့ ဘ၀အတွေ့အကြုံကို ရေးသားထားတဲ့ “သေတနေ့ မွေးတနေ့” စာအုပ်မှာလည်း ဖော်ပြထားပါတယ်။

၁၉၈၉ ခုနှစ် ဗကပမှ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ ခွဲထွက်ဖို့ ကြိုးပမ်းရာမှာလည်း ဖခင်ဖြစ်သူ လော်စစ်ဟန်က စစ်အစိုးရ ကိုယ်စားလှယ် ငြိမ်းချမ်းရေး အကျိုးဆောင်တဦးအဖြစ် ပါဝင်ခဲ့သလို၊ သားဖြစ်သူကလည်း တရုတ်နိုင်ငံကို ဖြတ်ပြီး ကိုးကန့်နယ်ထဲသို့ အကြိမ်ကြိမ် ၀င်ရောက်ကာ ဖုန်ကြားရှင်အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်လို့ စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူးရုံးက ထုတ်ဝေတဲ့ တပ်မတော်သမိုင်း သတ္တမတွဲမှာ အတိအလင်း ရေးသားထားပါတယ်။

ဗကပ ပြိုကွဲခဲ့ရတဲ့အတွက် ရန်သူနည်းပါးသွားခဲတဲ့ စစ်အစိုးရဟာ လော်စစ်ဟန်တို့ သားအဖကိုလည်း အကျိုးအမြတ်အဖြစ် Asia World ဆိုတဲ့ နာမည်နဲ့ စီးပွားရေး လုပ်ခွင့်ပေးခဲ့ပါတယ်။
အေးရှားဝေါလ် ကုမ္ပဏီဟာ မူဆယ်-လားရှိုး- မန္တလေး လမ်းကို ပြုပြင်ပြီး လမ်းခွန်ကောက်ခံခွင့် ရရှိခဲ့သလို၊ နောက်ပိုင်း အပြည်ပြည်ဆိုင်ရာ သီလ၀ါဆိပ်ကမ်း လုပ်ငန်းကိုပါ လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။

အရှေ့မြောက်တိုင်းမှာ ရင်းနှီးခဲ့တဲ့ တိုင်းမှူး သီဟသူရ ဦးတင်အောင်မြင့်ဦး ကုန်သွယ်ရေးမူဝါဒ ကောင်စီဥက္ကဋ္ဌ ဖြစ်လာချိန်မှာတော့ အေးရှားဝေါလ်ကုမ္ပဏီဟာ ဦးတေဇရဲ့ ထူးကုမ္ပဏီနဲ့အပြိုင် နေပြည်တော် ဆောက်လုပ်ရေးကို လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ဒီအတွက် နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမီးတွေအတွက် ကိုယ်ပိုင်အိမ်တွေ အသီးသီး ဆောက်ပေးခဲ့တဲ့အပြင် သီဟသူရ ဦးတင်အောင်မြင်ဦးကိုလည်း ရန်ကုန်မှာ အိမ်တလုံးဆောက်ပေးခဲ့ပါတယ်။

မြန်မာသူဌေးတွေဖြစ်တဲ့ ဦးတေဇတို့ ဦးအောင်ကိုဝင်းတို့ လေကြောင်းလိုင်းတွေ ထောင်ပြီး အရှုံးပေါ်နေချိန်မှာ ကိုးကန့်-တရုတ်သူဌေး ဦးထွန်းမြင့်နိုင်ကို အကျိုးအမြတ် အများကြီး ရရှိနိုင်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မန္တလေး လေဆိပ်တွေရဲ့ Ground Handling လို့ ခေါ်တဲ့ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကို သီဟသူရ ဦးတင်အောင်မြင့်ဦးက ထပ်မံပေးအပ် လုပ်ကိုင်စေပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း၊ တာဆန်းရေအားလျှပ်စစ် ထုတ်လုပ်ရေးအပါအ၀င် ရေအားလျှပ်စစ်စီမံကိန်းများ၊ ရန်ကုန်ဆိပ်ကမ်းသစ် တည်ဆောက်ရေးလုပ်ငန်း၊ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ နေပြည်တော်လေဆိပ် တည်ဆောက်ရေးလုပ်ငန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေး လုပ်ငန်း လုပ်ကိုင်ခွင့်တွေပါ ရရှိခဲ့ပါတယ်။

အေးရှားဝေါလ်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရ ရေအားလျှပ်စစ်စီမံကိန်းတွေဟာ နှစ်ရှည်စီမံကိန်းကြီးများဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများကိုသာမက ထွက်ရှိလာတဲ့ ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံသို့ ရောင်းချရာမှာ အေးရှားဝေါလ် ကုမ္ပဏီက အကျိုးအမြတ်ကို အချိုးကျ ခံစားခွင့်ရရှိဦးမယ်လို့လည်း သိရပါတယ်။
စီးပွားရေး အသိုင်းအ၀န်းရဲ့ ခန့်မှန်းချက်ကတော့ လက်ရှိအခြေအနေမှာ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီဟာ မြန်မာအစိုးရသစ်ရဲ့ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးနဲ့ ပိုမိုအနီးကပ် ဆက်ဆံနေတဲ့အတွက် နောင်အနာဂတ်မှာ ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာကုမ္ပဏီ၊ ၀န်ကြီးဟောင်း ဦးအောင်သောင်းရဲ့သား ဦးနေအောင်ရဲ့ IGE ကုမ္ပဏီတို့ကို ဖြတ်ကျော်ကာ အချမ်းသာဆုံး စီးပွားရေးကုမ္ပဏီတခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

မြစ်ကြီးနား-လိုင်ဇာလမ်းပေါ် တိုက်ပွဲဖြစ်၊ စစ်ပြေးဒုက္ခသည်များ သောင်တင်
Published on July 27, 2011 by ဒီဗွီဘီ •

ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်ရှိ ဒဘတ်ချောင်းတံတားနှင့် ရွှေညောင်ပင်ကျေးရွာအနီးတို့မှာ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်တွေအကြား ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကဇူးနဲ့ ဒဘတ်ကျေးရွာကို ဆက်သွယ်ထားပြီး ပေ ၁ဝဝ ကျော်ရှည်လျားတဲ့ ဒဘတ်ချောင်းကူးတံတားမှာရှိတဲ့ မြန်မာစစ်တပ်ကို ကေအိုင်အေတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာကနေ နှစ်ဖက် အပြန်အလှန်ပစ်ခတ်နေကြတာလို့ ကေအိုင်အေတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

“တံတားအရှည်ကြီးကို စောင့်နေကြတာလေ။ ဟိုဘက်ကမ်းမှာက တနိုင်းဘက်က တပ်ခွဲလို့ ပြောတယ်။ ဒီဘက်ကမ်းမှာက ၅၈ ကတပ်ရင်းလို့ ပြောတယ်။ အဲဒီကင်းတဲတွေကို ကေအိုင်အေဘက်က မနက် ၅ နာရီလောက် အချိန်မှာ စနိုက်ဘာနဲ့ လာပစ်သွားတာ။ ၃၊ ၄ ယောက်ထိ ကျတယ်ပြောတယ်။ မနက် ၈ နာရီလောက်ထိ စနိုက်ဘာနဲ့ တတောင့်ချင်းပစ်တာ။ ဟိုဘက်က လန့်လို့ အတွဲ လိုက်ပစ်လို့၊ အစိုးရတပ်ဘက်က ပစ်မှတ်ရှာမရလို့ ဟိုဘက်ပစ်၊ ဒီဘက်ပစ်ပေါ့။ ရွှေညောင်ပင်မှာလည်း ဒီမနက်က တိုက်ပွဲဖြစ်သေးတယ်။ ကေအိုင်အေက လာပစ်တာ ရှိတယ်တဲ့။ နှစ်နေရာပေါ့နော်။

အဲဒီလို တိုက်ပွဲဖြစ်ခဲ့တာကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်မြို့တွေဘက်ကို ထွက်ခွာနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ဒဘတ်ချောင်းတံတားထိပ်မှာ စစ်တပ်က ခရီးထွက်ခွင့် တားထားသလို မြစ်ကြီးနားဘက်က တက်လာတဲ့ ခရီးသည်တွေကိုလည်း ရွှေညောင်ပင် စစ်တပ်က တားထားတယ်လို့ အဆိုပါဒေသခံက ပြောပါတယ်။

“နန်ဆန်ယန်၊ ကန်တော်ယန်၊ ဂျာဘူဘက်က ပြန်လာတဲ့ သူတွေကိုလည်း ချောင်းတံတားထိပ်မှာ အဲဒီမှာ ဖောင်နဲ့ ကူးတာလေ။ အဲဒါ ကူးခွင့်ပိတ် ထားတယ်၊ ဒီမနက် ၈ နာရီကတည်းက၊ တိုက်ပွဲပြီးချိန်ကတည်းက။ ဒုက္ခသည်တွေက မြစ်ကြီးနား ပြေးချင်တဲ့သူက အဲဒီမှာ သောင်တင်တာပေါ့။ ဒဘတ်ချောင်းတံတားထိပ်မှာ။ လူဦးရေ (၂ဝဝ)လောက် သောင်တင်နေတာ။ အဲဒီမှာ မြစ်ကြီးနားဘက်က လာတဲ့သူတွေကိုကော ရွှေညောင်ပင်မှာ တားထားတယ်။

ကေအိုင်အေနဲ့ မြန်မာအစိုးရစစ်တပ်အကြား အပစ်ရပ်စဲရေးပြုလုပ်ဖို့ အပြန်အလှန် စာရေးတာတွေရှိနေချိန်မှာ နှစ်ဖက်အကြား တိုက်ပွဲဆက်ဖြစ်နေတာလည်း ဖြစ်ပါတယ်။

ကူညီထောက်ပံ့သူများကြောင့် မောင်ထိပ်ကွက် ကျောင်းပြန်တက်နိုင်ပြီ
Published on July 27, 2011 by နော်နိုရင်း • ဒီဗွီဘီ
ဧရာဝတီတိုင်း ဟင်္သာတမြို့ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ရင်း
နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ မိဘမဲ့ကလေးငယ် မောင်ထိပ်ကွက် (ခေါ်) စိုးထက်အောင်ဟာ သူ့အပေါ် စာနာသူတွေရဲ့ ကူညီထောက်ပံ့မှုကြောင့် ဆေးကုသနိုင်သလို ကျောင်းပြန်တက်နေပါတယ်။
မောင်ထိပ်ကွက် ထိတ်လန့်ဖွယ်နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီးပြည်တွင်းပြည်ပ သတင်းတွေမှာ ဖော်ပြအပြီး သူ့ကို စာနာသူတွေရဲ့ ထောက်ပံ့ငွေတွေနဲ့ မူလထွက်ထားရတဲ့ ဒုတိယတန်းကနေ ကျောင်းပြန်တက်နေတာဖြစ်ပါတယ်။

မောင်ထိပ်ကွက်ဟာ ဟင်္သာတမြို့နယ် ကနောင်စုရပ်ကွက် ပိတောက်လမ်းသွယ်က အဘွားရဲ့ညီမ တော်စပ်သူအိမ်မှာ နေထိုင်ပြီး သူ့အတွက်ပေးတဲ့ အလှူငွေတွေကို လက်ခံပေးထားတဲ့ ဟင်္သာတမြို့ ဘုန်းကြီးကျောင်းကနေဆင့် အကူညီတွေ ရရှိနေတယ်လို့ ဆိုပါတယ်။
မောင်ထိပ်ကွက်ကို ကူညီပေးနေသူတဦးက “လောလောဆယ် စင်ကာပူမှာ ရောက်နေတဲ့ ဟင်္သာတမှာ အမျိုးရှိတဲ့သူတွေက လှမ်းအကူအညီပေးတဲ့ ၂ သိန်းနဲ့ လိုအပ်ရင် ကျောင်းမှာ သွားယူဆိုပြီး ပြောထားတယ်။ စားပွဲထိုးကနေ ကျောင်းသားဖြစ်သွားတဲ့ သူ့ဘဝအသစ်ပေါ့။ တနေ့လုံး မနိုင်ဝန်ထမ်းနေရတဲ့ သူတယောက်က ကျောင်းတက်ရတယ်ဆိုတော့ ပျော်နေတာပေါ့။ သူဘဝ မမျှော်မှန်းခဲ့တာ ရသလိုပေါ့။ ဒီကျောင်းသားဘဝ သူက မရတော့ဘူးထင်တာ။ လန်းဆန်းနေတာ” လို့ ပြောပါတယ်။
အသက် ၉ နှစ်အရွယ် မိဘမဲ့ကလေးငယ် မောင်ထိပ်ကွက်ဟာ ဟင်္သာတမြို့ you and me လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးအဖြစ်အလုပ်လုပ်ကိုင်နေရင်း ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ဆိုင်ရှင်သမက် ကိုစနိုးရဲ့ရက်ရက်စက်စက် နှိပ်စက်မှုကို ခံခဲ့ရပါတယ်။
သူ့ကို ကိုစနိုးက ကြိုးတုပ်ရိုက်နှက်ပြီး မီးပူနဲ့ ကိုယ်လုံးတွေကို ကပ်လို့အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

ကိုစနိုးကို ဒီကျူးလွန်မှုနဲ့ ဟင်္သာတမြို့နယ်တရားရုံးမှာ စစ်ဆေးပြီးတဲ့နောက် အပြင်းအထန်နာကျင်စေမှု၊ ချုပ်နှောင်မှု နှစ်ခုနဲ့ စွဲဆိုခဲ့ပြီး ပြစ်မှုထင်ရှားတဲ့အတွက်ထောင်ခုနှစ်နှစ် ချမှတ်ခဲ့ပါတယ်။

ဒီကလေးအတွက် နစ်နာကြေးရရှိရေးကိုလည်း စာနာနားလည်သူတွေက ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။

အော်ရယ်ဘီ ခံတွင်းသန့်ဆေးရည် မသုံးစွဲရန် နှိုးဆော်ချက် ထုတ်ပြန်
Published on July 27, 2011 by ရွှေအောင် • ဒီဗွီဘီ
အော်ရယ်ဘီ (Oral-B) အမျိုးအစား ခံတွင်းသန့်ဆေးရည်ကို မသုံးစွဲဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ အသိပေးနှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။

အော်ရယ်ဘီ ဆေးရည်ဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အပြင် ထုတ်လုပ်တဲ့ကုမ္ပဏီကလည်း အဲဒီ ဆေးရည်ကို ပြန်သိမ်းနေတာကြောင့် မသုံးသင့်ဘူးလို့ နှိုးဆော်ချက်က ဆိုပေမယ့် ကျန်းမာရေးနဲ့ ဘယ်လိုမညီညွတ်တာလဲဆိုတာကိုတော့ နှိုးဆော်ချက်မှာ မဖော်ပြထားပါဘူး။
အော်ရယ်ဘီ ခံတွင်းသန့်ဆေးရည်ဟာ ဘယ်နိုင်ငံကထုတ်တာလဲ၊ ဘာကြောင့်ကျန်းမာရေးနဲ့ မညီညွတ်တာလဲ၊ အော်ရယ်ဘီ အမျိုးအစား သွားတိုက်ဆေးနဲ့ သွားပွတ်တံတွေရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား ဆိုတာနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ ယမုံနာဆေးခန်းဖွင့်ထားပြီး မြန်မာဒုက္ခသည်တွေကို အခမဲ့ဆေးကုသပေးနေတဲ့ ဒေါက်တာတင့်ဆွေကို မေးမြန်းထားပါတယ်။
အော်ရယ်ဘီ ခံတွင်းသန့်ဆေးရည်နဲ့ပတ်သက်ပြီး ကမ္ဘာမှာ သတင်းစထွက်လာတဲ့အကြောင်း ဒေါက်တာတင့်ဆွေက အခုလို ပြောပါတယ်။
“ဒီသတင်း ကမ္ဘာမှာ စပေါ်လာတာ ဇူလိုင် ၁၅ ကတည်းက စပြီး ပေါ်လာတယ်ခင်ဗျ။ ဒီ အမေရိကန်နိုင်ငံမှာ ရှိတဲ့ နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းကြီး ဖြစ်တဲ့ တီအန်ဂျီလို့ ခေါ်ပါတယ်။ အဲဒီ ကုမ္ပဏီကနေ ပြီးတော့ ပါးစပ်နဲ့ခံတွင်းသန့်ရှင်းရေး ပါးစပ်ဆေးတဲ့ ဆေးကို ပြန်ခေါ်တယ်လို့ ခေါ်တာပေါ့လေ။ ဝယ်သုံးပြီးသားလူတွေကို ပြန်ပို့ပါ ဆိုပြီးတော့ သူတို့ ကြေညာချက် ထုတ်တယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ သူက အကုန်လုံးပို့ပါလို့ အတင်းခိုင်းတာတော့ မဟုတ်ဘဲနဲ့ ပိုချင်တဲ့လူ ပို့ပါဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ ပါးစပ်နဲ့ ခံတွင်းဆေးရည်ထဲမှာ မလိုလားအပ်တဲ့ ဗက်တီးရီးယားတွေရဲ့ အရေအတွက်ဟာ ပိုပြီးတော့ ပါနေတယ်ပေါ့လေ။ အဲဒါကြောင့် အန္တရာယ် ရှိနိုင်စရာ ရှိတယ်ဆိုတဲ့ ထင်မြင်ယူဆချက်အရ ဒီ ထုတ်ကုန်တွေကို ပြန်ပြီးတော့ ပို့ခိုင်း သွင်းခိုင်းတာပဲခင်ဗျ။”

မလိုလားအပ်တဲ့ ဗက်တီးရီးယားဆိုတာ ခံတွင်းကင်ဆာ ဖြစ်စေတာတို့ ဘာတို့လား။
“အဲဒီလိုတော့ မဟုတ်ဘူးခင်ဗျ။ ဗက်တီးရီးယားဆိုတော့ infection ခေါ်တဲ့ ရောဂါပိုးဝင်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဖြစ်နိုင်တာကလည်း ပုံမှန် ကျန်းမာရေး ကောင်းနေတဲ့ လူတွေအတွက်တော့ မထောင်းသာဘူးပေါ့လေ။ ကျန်းမာရေး အားနည်းနေတဲ့အချိန် ကိုယ်ခံအားနည်းနေတဲ့ လူတွေမှာတော့ ဗက်တီးရီးယားပိုးဝင် တာတွေ ဖြစ်စေနိုင်တယ်လို့ သူတို့ ယူဆတဲ့အတွက် ဒီ အမေရိကန် အက်ဖ်ဒီအေ ကနေပြီးတော့ ကြောညာချက် ထုတ်တာ ဖြစ်ပါတယ် ခင်ဗျ။ အဲဒီတော့ ဒီကုမ္ပဏီကလည်း ကုမ္ပဏီခွဲတွေရှိတယ်။ ဖိလစ်ပိုင်မှာလည်း ရှိတယ်၊ ထိုင်းမှာလည်း ရှိတယ်ပေါ့။ တကမ္ဘာလုံး အကျုံးဝင်တာပေါ့။”
ခံတွင်းဆေးရည်ကတော့ သိပ်ပြဿနာ မရှိလောက်ဘူး ကျနော်တို့ တိုင်းပြည်မှာ။ တော်တော်တတ်နိုင်တဲ့ လူမှ သုံးတာကိုး။ ခံတွင်းနဲ့ ပတ်သက်လို့ သွားပွတ်တံတို့၊ သွားတိုက်ဆေးတို့….။
“အခုထိတော့ အဲဒါတွေ မထွက်သေးဘူးခင်ဗျ။ ဆေးရည်ကိုပဲပေါ့လေ။ သွားတိုက်ဆေးတွေ၊ သွားတိုက်တံတွေကိုတော့ မဟုတ်ဘူး။ ဆေးရည်ထဲ ဖျော်စပ်တဲ့အထဲမှာ သူတို့ တခုခု ချို့ယွင်းသွားပုံ ရတယ်ခင်ဗျ။ လိုတာထက် ပိုတဲ့ ဗက်တီးရီးယားအရေအတွက်ပါတယ်ဆိုတော့ အခုထိကတော့ ဒီခံတွင်းဆေးရည် ကိုပဲ ထုတ်ပါသေးတယ်ခင်ဗျ။ ကျန်တာတွေတော့ အခုထိတော့ မထုတ်သေးပါဘူး။”

အဲဒီတော့ ဆရာ မသုံးရင် အကောင်းဆုံးပေါ့နော်။
“မသုံးသင့်ဘူးခင်ဗျ။ သူတို့ကတော့ ပို့ချင် ပို့ကြပါလို့ ပြောတော့ ကျနော်တို့ ကျန်းမာရေးရှုထောင်က ကြည့်ရင်တော့ မသုံးတာ အကောင်းဆုံးပဲလို့ ဆရာဝန်တယောက်အနေနဲ့ ညွှန်ချင်တယ်ခင်ဗျ။”
ဒီကိစ္စနဲ့ ပတ်သက်လို့ တခြား ဘာများပြောချင်ပါသေးလဲ။
“ဒီဟာကို တကယ်လို့ ကျနော်တို့ ဗမာနိုင်ငံမှာလည်း အဲဒီလို တားဆီးမှု သို့မဟုတ် သတိပေးကြေညာမှုတွေ ရှိရင်တော့ ကောင်းတယ်ခင်ဗျ။ အဲဒီလို လုပ်ရင်တော့ ကျနော်တို့နိုင်ငံရဲ့ ကျန်းမာရေးဌာနကို ချီးကျူးရမှာပါ။ ဒီသတင်း ထွက်လာတာက အခုဆို ၁၂ ရက်တောင် မရှိသေးဘူးပေါ့လေ။ ကမ္ဘာနဲ့အမီ လူထုရဲ့ ကျန်းမာရေးကို သတိပေးနိုင်စွမ်းရှိရင်တော့ ဒါ ကောင်းတယ်၊ အဲဒီလိုလည်း လုပ်သင့်တယ်လို့ ယူဆတယ်။ နောင်လည်းပဲ အဲဒီလို လူထုကျန်းမာရေး ထိခိုက်မယ့် ဟာတွေကို သတိဝီရိယနဲ့ နေ့ညမပြတ် ကြည့်ပြီးတော့ ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးသင့်တယ်လို့ ယူဆပါတယ်ခင်ဗျ။”
ထားဝယ်ရေနက်ဆိပ်ကမ်း ဆက်သွယ်ရေးလမ်းကြောင့် ကရင်တချို့ ပြောင်းရွှေ့ခံရ
Published on July 27, 2011 by နေသွင် • ဒီဗွီဘီ

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ဆက်သွယ်မယ့် အဓိက လမ်းကြောင်းဖောက်လုပ်ရာမှာ ကရင်ရွာတချို့ကို ထိခိုက်နိုင်တဲ့အတွက် ကရင်အမျိုးသားအစည်းအရုံးနှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ကေအန်ယူရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ပဒိုစောလှငွေက ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ် မပြောပေမယ့် ညှိနှိုင်းနေဆဲလို့ အတည်ပြု ပြောပါတယ်။
“ပတ်ဝန်းကျင်ထိခိုက်မှု၊ အခြေခံလူထု ထိခိုက်မှု၊ သစ်တောဧရိယာ ထိခိုက်မှု ကိစ္စတွေ ကျနော်တို့က survey လုပ်တဲ့အခါမှာ ကျနော်တို့ လိုချင်တဲ့ survey ပုံစံနဲ့ ဘောင်မဝင်တဲ့အပေါ်မှာ survey ပုံစံ ပီအောင် ကျနော်တို့က ပြန်လည်ပြီးတော့ ညှိုနှိုင်းပြီးတော့ သေချာ survey ပြန်လုပ်ဖို့အတွက် ပြန်လည်ပြီးတော့ ကျနော်တို့က ဒေသခံမှာ ရှိတဲ့ လုံခြုံရေးကြီးကြပ်တဲ့ တပ်တွေနဲ့ရော ဒီဒေသခံ ထိစပ်တဲ့ ပြည်သူတွေနဲ့ရော၊ သက်ဆိုင်ရာ ကုမ္ပဏီဖက်စပ်တွေကို ပြန်သုံးသပ်စိစစ်ဖို့အတွက် ကျနော်တို့က ပြောကြဆိုကြပြီး ညှိနှိုင်းပြီးတော့ စိစစ်ပြီးနေတဲ့ ကာလပဲ။”

အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ကုန်ကျမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အီတာလျှံ ထိုင်းကုမဏီ (Italian-Thai Development Company) က အဓိက အကုန်ကျခံတည်ဆောက်မှာဖြစ်ပြီး၊ ပထမအရစ်ကို ၂၀၁၂ ခုနှစ် ကနေ ၄ နှစ်အတွင်းမှာ အပြီးတည်ဆောက်ဖို့ စီစဉ်ထားတာပါ။
မြန်မာဘက်အခြမ်း ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်တည် ထားဝယ်နဲ့ ထိုင်းဘက်က ကန်ချနဘူရီကို ဆက်သွယ်ပေးမယ့် လမ်းဟာ ၁၀၅ မိုင် ရှည်လျားမယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ မြန်မာပြည်အတွက် တခြားသော ဖွံ့ဖြိုးရေး အစီအစဉ်က (Another development for Burma) အဖွဲ့ရဲ့ ဆက်သွယ်ညှိနှိုင်ရေးမှူး ကိုဖရန်ကီက အဲဒီဒေသထဲကို လွန်ခဲ့တဲ့ ၆ လကတည်းက လမ်းဖောက်တဲ့ စက်ယန္တရားတွေ ဝင်ရောက်လုပ်ကိုင်နေပြီး၊ အနည်းဆုံး ရွာပေါင်း ၂၅ မှ ရွာသား တွေကို နေရာပြောင်းရွှေ့ခိုင်းတာတွေ၊ ဥယျာဉ်ခြံတွေကို ဖျက်ဆီးမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“တနင်္သာရီရဲ့ မြစ်ဖျားပိုင်းမှာ ဗန်းချောင်းဆိုတာ ရှိတော့ ဗန်းချောင်း တလျှောက်က ရွာတွေက ဒီလမ်းဖောက်ဖို့မှာ တော်တော်လေးကို ခံရမှုတွေ ရှိတယ်လေ။ ဆိုတော့ အရင်တုန်းက ဗန်းချောင်းရဲ့ အရှေ့ဘက်မှာလည်း ကျေးရွာတွေ အမြောက်အမြားရှိတယ်။ အနည်းဆုံး ၃၀-၄၀ လောက် ရွာတွေ ရှိတယ်။ သို့သော်လည်း ဒီလမ်းဖောက်လုပ်မှုအတွက် လမ်းရဲ့လုံခြုံရေးကြောင့် ဒီ ဗန်းချောင်းရဲ့ အရှေ့ဘက်က ရွာတွေက ဗန်းချောင်းရဲ့ အနောက်ဘက်မှာ သွားပြီးတော့ စုထားခြင်း ခံရတယ်လေ။ အဲဒီလိုမျိုး စုထားခြင်းခံရတဲ့အတွက်ကြောင့် မိမိရဲ့ လယ်ယာကိုလည်း ပြန်သွားလို့မရဘူး။ တောင်ယာကိုလည်း ပြန်သွားမလုပ်ဘူး။ ကွမ်းသီးခြံတွေကိုလည်း ပြန်သွားလို့ မရတော့ဘူး။ ဆိုတော့ အဲဒီမှာ လူစုလူဝေးတွေက တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ နောက်တချက်က အဲဒီ တလျှောက်မှာ ဖြတ်သွားတဲ့ ကွမ်းသီးပင်တွေကိုလည်း ဖြတ်သွားကြတယ်လေ။ ဆိုတော့ ဒီကွမ်းပင်တွေက ဒီဒေသမှာရှိတဲ့ ဒီ ဌာနေတိုင်းရင်းသားတွေက နှစ်ပေါင်းများစွာ နေလာကြတာ။ ပြီးတော့ မျိုးဆက်တွေ အဆက်ပေါင်းများစွာ နေလာကြတယ်လေ။ သူတို့ရဲ့ ပြောပြချက်အရ သူတို့ရဲ့ ကွမ်းပင်က နှစ်ပေါင်း ရာနဲ့ချီပြီးတော့ ရှိခဲ့ထားတဲ့ အရာတွေ။ ဆိုတော့ အဲဒီအပင်တွေက အခုလောလောဆယ်က အားလုံး ဖျက်ဖောက်ပြီးတော့ ရှင်းလင်းခြင်း ခံရတယ်။”

ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ Asia Times Online သတင်းတပုဒ်မှာတော့ ဘန်ကောက်မှာရှိ အီတာလျှံ ထိုင်းကုမ္ပဏီရဲ့ ပြောခွင့်ရှိသူက လောလောဆယ်မှာ စီမံကိန်းပတ်ဝန်းကျင်မှာ ကွင်းဆင်းမှုတွေ လုပ်နေပြီး၊ လျော်ကြေးတွေ ပေးသွားဖို့ စီစဉ်ထားတယ်လို့ ပြောထားပါတယ်။
စီမံကိန်းကိုတော့ စီစဉ်ထားတဲ့အတိုင်း လုပ်သွားဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။
ကေအန်ယူရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ပဒိုစောလှငွေက လမ်းဖောက်မယ့် ဒေသဟာ အစိုးရ တပ်တွေရော၊ ကေအန်ယူတပ်တွေရော လှုပ်ရှားမှုတွေရှိနေတဲ့ ပဋိပက္ခဇုန်ထဲမှာ ကျရောက်တယ်လို့ အခုလို ပြောပါတယ်။.

“ဒီနေရာတွေကလည်း ရန်သူလှုပ်ရှားမှုနေရာတွေ ဆိုတဲ့အခါကျတော့ လမ်းဖောက်သည် ဖြစ်စေ၊ မဖောက်သည်ဖြစ်စေ အဲဒီမှာက ရန်သူလှုပ်ရှားမှု ရှိလာရင် ကျနော်တို့ လှုပ်ရှားရင်တော့ တိုက်ပွဲက ဖြစ်မှာပဲ။ အဲဒီ တိုက်ပွဲက လမ်းဖောက်တာ မဖောက်တာနဲ့ မပတ်သက်ဘူးလေ။ လမ်းကတော့ နောက်မှ လာတဲ့ကိစ္စပဲ ဒီနေရာတွေက ပဋိပက္ခဇုန်တွေလို့ သူတို့ကို ပြောထားတာပဲလေ နဂိုကတည်းကိုကလည်း။ ပဋိပက္ခဇုန်ဖြစ်တဲ့အတွက်ကြောင့် သူတို့ ပြောထားတဲ့ အပေါ်မှာ survey ကိုလုပ် survey လုပ်တဲ့အခါမှာ ဒီ ပဋိပက္ခဇုန်အတွင်းမှာ ကျရောက်မယ့် လုံခြုံမှုကိစ္စတွေ အဲဒီလို ထိခိုက်လာမယ် ဆိုလို့ရှိရင် လမ်းကို ကွေ့တန်ကွေ့ ဖောက်တန်ဖောက်ဖို့ ဆိုပြီး တိုင်ပင်ဆွေးနွေးဖို့ လုပ်ဖို့ ရှိတဲ့ဟာကို သူတို့က survey ကလည်း survey မကျ။ အပြီးဖောက်တာ မကျဘူး ဆိုတဲ့အခါကျတော့ အဲဒီလို ထိခိုက်မှုတွေ တချို့နေရာတွေမှာ အကုန်လုံးမဟုတ်ပါဘူး တချို့အပိုင်းတွေမှာ အဲဒီလို ဖြစ်ပေါ်နေတဲ့ အပေါ်တွေမှာ ဒါက ပြန်လည်ပြီးတော့ သုံးသပ်ဖို့အတွက် သူတို့ကို ရပ်ထားခိုင်းတယ်ပေါ့။”

Another development for Burma အဖွဲ့က ဆက်သွယ်ညှိနှိုင်ရေးမှူး ကိုဖရန်ကီ ကုမ္ပဏီအနေနဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေကို ထိခိုက်နိုင်တာတွေကို တာဝန်ယူစေချင်တယ်လို့ အခုလို ပြောပါတယ်။

“ကျနော်တို့ သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှု လုပ်နေတဲ့ လူတွေသော်လည်းကောင်း၊ လူမှုရေးလှုပ်ရှားမှု လုပ်နေတဲ့ သူတွေသော်လည်းကောင်း ဖွံ့ဖြိုးရေးအတွက် အမည်ခံပြီးတော့ လုပ်တဲ့ အလုပ်ကို ကျနော်တို့ တားဆီးတာတော့ မဟုတ်ဘူး ပိတ်ပင်တာတော့ မဟုတ်ဘူးပေါ့လေ။ သို့သော်လည်း ဖွံ့ဖြိုးရေးကို လုပ်မယ့် နိုင်ငံတကာ ကုမ္ပဏီတွေက နိုင်ငံတကာ ကုမ္ပဏီတွေရဲ့ ကျင့်ဝတ်တွေကို လိုက်နာဖို့ သင့်တယ်။ လိုက်ပြီးတော့ ထိန်းသိမ်းဖို့ သင့်တယ်ဆိုတာကိုပဲ ကျနော်တို့အနေနဲ့ တွန်းချင်တယ်လေ။ သူတို့ရဲ့ လူမှုရေးတာဝန်ခံမှုဆိုတာ ရှိမယ်၊ သူတို့ လုပ်လိုက်တဲ့ လုပ်ငန်းက လူမှုရေးကို ဘယ်လိုပြောင်းလဲမှုရှိမလဲ။ သဘာဝပတ်ဝန်းကျင်ကို ဘယ်လို ဖြစ်မလဲ အဲဒါကိစ္စတွေနဲ့ ပတ်သက်တာကို သူတို့မှာ တာဝန်ယူဖို့ ရှိတယ်။ ပြီးတော့ နိုင်ငံတကာရဲ့ အဆင့်နဲ့လည်း လိုက်နာဖို့ လိုအပ်တယ်ဆိုတာလည်း ကျနော်တို့ တိုက်တွန်းချင်တယ်လေ။”

ဒီတပတ်အစောပိုင်း မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်အဖွဲ့ (BEWG) ရဲ့ အစီရင်ခံစာသစ်မှာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အဓိကအကြောင်းအရင်ဟာ သယံဇာတွေကို အစိုးရက ထိန်းချုပ်ထုတ်ယူတာကြောင့်လို့ ထောက်ပြခဲ့ပြီး ဒီလို ပဋိပက္ခတွေဟာ ဒေသခံတွေနဲ့ အဲဒီဒေသမှာ ရင်းနှီးမြှုပ်နှံသူတွေကို ခြိမ်းခြောက်နိုင်တာကို ထောက်ပြထားပါတယ်။
၁၀ နှစ်စီမံကိန်းဖြစ်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အကြီးစား စက်မှုဇုန်စီမံကိန်းတွေထဲမှာ ရေနက်ဆိပ်ကမ်း ၂ ခု အပြင်၊ သင်္ဘောကျင်း၊ သံမဏိစက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ ကျောက်မီးသွေးစက်ရုံ၊ ရေနံနှင့် ရေနံချက် စက်ရုံ၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံတို့ ပါဝင်မှာဖြစ်ပြီး၊ လေထု၊ ရေထုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေအပြင်၊ ကျန်းမာရေးနဲ့ လူမှုဘဝတွေကို ဆိုးကျိုးတွေ သက်ရောက်နိုင်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏ အာမခံ လျှောက်ထားချက် ပယ်ချခံရ
Published on July 27, 2011 by အေးနိုင် • ဒီဗွီဘီ
အစိုးရသစ်လက်ထက် ပထမဆုံး နိုင်ငံရေးနဲ့ ဆက်နွှယ်ဖမ်းဆီးချုပ်နှောင်ခံရသူ ကိုနေမျိုးဇင်အတွက် အာမခံလျှောက်ထားချက်ကို အင်းစိန်ထောင်တွင်း တရားသူကြီးက ပယ်ချလိုက်ပါတယ်။
သွေးအကူပေးရေး အပါအဝင် လူမှုရေးလုပ်ငန်းတွေ လုပ်ရင်း ဖမ်းဆီးချုပ်နှောင်ခံရသူ ကိုနေမျိုးဇင်ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်က ချော်လဲပြီး ခါးဒဏ်ရာနဲ့ ထောင်ဆေးရုံမှာ တက်နေရပါတယ်။

ကိုနေမျိုးဇင်ရဲ့ရှေ့နေ ဦးလှမျိုးမြင့်က သူ့အမှုသည်ကို အာမခံပေးဖို့နဲ့ ထောင်ပြင်မှာ ဆေးကုခွင့်ပေးဖို့ တရားရုံးမှာ လျှောက်ခဲ့ပေမယ့် အာမခံ ပယ်ချခံရပုံကို ဦးလှမျိုးမြင့်က ခုလို ပြောပါတယ်။

“အာမခံမရဘူး။ အခြေအနေ တော်တော်ဆိုးနေတယ်။ မနေ့ကတုန်းက ရန်ကုန်ဆေးရုံကြီးပေါ့လေ အဲဒီမှာ ဓာတ်မှန် ဆက်ပြီးတော့ ရိုက်တယ်လို့ ပြောတယ်။ ဘယ်လိုမှကို ထလို့လည်း မရဘူး၊ ထိုင်လို့လည်း မရဘူး။ ကျနော်တို့ သွားတွေ့ခွင့် မရဘူးခင်ဗျာ။ အဲဒီမှာမှာ နံပါတ် ၅ ခါးရိုးက အောက်ကို ပဲ့ပြီး နိမ့်ကျနေတယ်လို့ ပြောတယ်။ တရားဝင် သတင်းတော့ မဟုတ်ဘူး။ ဆရာဝန်ကို ကျနော်တို့က လိုက်စုံစမ်းပြီးတော့ မေးတဲ့အခါကျတော့ တရားဝင် ကျနော်တို့ကို ဆေးစာထုတ်မပေးဘူးခင်ဗျ။ ထုတ်မပေးတော့ ဒီဆေးစာရွက်ပေးမှ အာမခံက စဉ်းစာမယ်ဆိုတော့ ဆေးစာမရှိတော့ ကျနော်တို့ကို အာမခံ ပယ်တယ်ခင်ဗျ။”
ကိုနေမျိုးဇင်ကို ရဲက ဖမ်းဆီးစစ်ဆေးပြီး အီလက်ထရောနစ်ပုဒ်မနဲ့ စွဲဆိုထားပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတာပါ။

ထောင်တွင်းရုံးထုတ်ကို သီတင်းပတ်တိုင်း ကြာသပတေးနေ့မှာ ထုတ်နေရာက ပြီးခဲ့တဲ့သတင်းပတ်က ကိုနေမျိုးဇင်က ဆေးရုံတက်လို့ ပျက်ကွက်တာကြောင့် မစစ်ဖြစ်ပါဘူး။ ဒီတပတ်တော့ သူမတက်နိုင်လည်း စစ်ဆေးဖို့ အခွင့်ရထားတယ်လို့ ဦးလှမျိုးမြင့်က ပြောပါတယ်။
ဒီအမှု နောက်ဆုံးဖြစ်ထွန်းမှုအခြေအနေနဲ့ အလားအလားကို ဦးလှမျိုးမြင့်က ခုလို ရှင်းပြပါတယ်။

“အဲဒီနေ့ ၂၈ ရက်နေ့ အိုင်အိုကို စစ်ပြီးလို့ရှိရင် စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက် ပေးရမယ်။ အဲဒီကမှ သူ့ကို စစ်ဆေးတာ လုပ်ပြီးလို့ရှိရင် အစိုးရကနေ ပြီးတော့ ပြန်ခေါ်သက်သေး စစ်ပိုင်ခွင့် အခွင့်အရေးရှိတယ်။ အဲဒီလိုမှ ပြန်ခေါ်သက်သေ မစစ်ဘူး ဆိုလို့ရှိရင် သူ့ကို တန်းပြီးတော့ စစ်လို့ရတယ်။ ပြီးတော့ တရားခံဘက်က သက်သေတွေ စစ်မယ်၊ သူပြတဲ့ သက်သေတွေ စစ်မယ်။ သူပြတဲ့ သက်သေက သူ့အဖေကို သူပြဖို့ စီစဉ်ထားတယ်။”
အာမခံပယ်ချခံရတဲ့အပေါ် ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတယ်လို့ ကိုနေမျိုးဇင်ရဲ့ညီ ကိုခင်မောင်ထွေးက ပြောပါတယ်။
“အမှန်အတိုင်းက အခု ရောဂါဖြစ်နေတာကို အမြန်ဆုံးကုသဖို့ လိုအပ်တဲ့ အခြေအနေမျိုး ရှိတယ်လို့ ကျနော်တို့ဘက်က မြင်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူ ချော်လဲသွားပြီးတော့ နံပါတ် ၅ အရိုးက ကျိုးသွားတယ်လို့ အဲဒီလိုမျိုး ဓာတ်မှန် စစ်ဆေးချက်အရပေါ့ အဲဒီလိုမျိုးလေးတွေ တွေ့တယ်လို့တော့ သူတို့ ဆရာဝန်က ပြောပါတယ်။ အဲဒီ ပြောတာကိုတောင်မှ သူတို့က ဒီအတိုင်းအနေအထားမျိုး ထားထားတယ်ဆိုတော့ ကျနော်တို့ဘက်က ဘယ်လို လုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။”
ကိုနေမျိုးဇင်းဟာ ဧပြီလဆန်းမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ လာမယ့်ရုံးချိန်းက ဇူလိုင် ၂၈ ရက်ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရမည်ဟုဆို
Published on July 27, 2011 by ရွှေအောင် • ဒီဗွီဘီ
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို ကတိပြုလိုက်ပါတယ်။

နေပြည်တော်မှာ ရွေးကောက်ပွဲ ကော်မရှင်နဲ့ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃၆ ခုက ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာလို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ ချင်းအမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ခုလို ပြောပါတယ်။
“လာမယ့်ရွေးကောက်ပွဲတွေမှာ လွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ သူ ကြိုးစားပေးပါ့မယ် ဆိုပြီးတော့ ကျနော် နားနဲ့ လေးခါတိတိ သူ ကျနော့်ကို ကတိပေးပါတယ်။ အဲဒါ သတင်းကောင်းပါပဲ။”

ဒီတွေ့ဆုံတဲ့အကြောင်းရင်းက ကော်မရှင် ဥက္ကဋ္ဌက ပါတီခေါင်းဆောင်တွေနဲ့ မိတ်ဆက်တာ တကြောင်း၊ ပါတီတွေက တင်ပြလိုတဲ့အချက်တွေကိုတင်ပြစေတာ တကြောင်း ပါတယ်လို့ သူက ပြောပါတယ်။

တွေ့ဆုံပွဲမှာ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ဥပဒေ၊ နည်းဥပဒေ တွေကို ပထမဆုံး ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာတဲ့ ပါတီခေါင်းဆောင်တွေဘက်က တဦးကို ၂ မိနစ် တင်ပြခွင့် ပြုခဲ့ပါတယ်။

ရတဲ့ ၂ မိနစ်တာကာလမှာ ချင်းပါတီဥက္ကဋ္ဌ ဦးဇိုဇမ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် သူတို့တိုင်းရင်းသားညီနောင်ပါတီငါးခုက ဆောင်ရွက်ပေးလိုကြောင်း တင်ပြခဲ့တယ်လို့ ခုလို ပြောပြပါတယ်။

“ငြိမ်းချမ်းရေးကိစ္စပေါ့ဗျာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ ဒီအချိန်မှာ အဓိက အစ်ရှုးဖြစ်နေပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ ကျနော်တို့ တိုင်းရင်းသား ညီနောင် ၅ ပါတီ အနေနဲ့ ကျနော်တို့ လုပ်ပေးနိုင်မယ့် အခြေအနေတွေ ရှိလိမ့်မယ်လို့ ကျနော် ယုံကြည့်ပါတယ်လို့၊ အဲဒါကြောင့် ညီနောင် ၅ ပါတီအနေနဲ့ တက်တက်ကြွကြွနဲ့ ကျနော်က ပါဝင်ပေးချင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကျနော်တို့ ညီနောင် တိုင်းရင်းသား ၅ ပါတီအနေနဲ့ အလုပ် လုပ်ပေးချင်ပါတယ်လို့ ကျနော် ပြောပါတယ်။”
ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေကတော့ အချက်သုံးချက် တင်ပြခဲ့တဲ့ အကြောင်း ပြောပါတယ်။
အဲဒီအချက်တွေထဲမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲပုံးတွေဟာ လုံခြုံမှုမရှိတဲ့အတွက် အလွယ် တကူဖွင့်ဖောက်နိုင်ခဲ့တယ်။ ဒါကြောင့် နောင်ရွေးကောက်ပွဲမှာ လုံခြုံစိတ်ချရတဲ့ မဲပုံးတွေအသုံးပြုဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လုပ်ပေးမယ်လို့ ကတိပြု ပြောဆိုလိုက်တဲ့အပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးလှစောက ခုလို သုံးသပ် ပြောကြား လိုက်ပါတယ်။
“တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးရင်တော့ ကောင်းတာပေါ့ဗျာ။ အဲဒီတော့ တဖက်ကလည်း သူတို့အနေနဲ့ အရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့တဲ့ အပိုင်းတွေကိုလည်း ဝန်ခံရင်တော့ ပိုကောင်းတာပေါ့။ ပေးတဲ့ကတိကိုတော့ ကျနော်တို့ ကတိဆိုတာတော့ လက်ခံကောင်းပါတယ်နော်။ ဒါပေမယ့် အဲဒီ ကတိအတိုင်း ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာတော့ ဒါ မပြောတတ်ဘူးလေ။ ပြီးခဲ့တာတွေကို ပြန်လည် သုံးသပ်ပြီးတော့ မှားခဲ့တဲ့ အတိုင်းအတာ ရှိတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ဝန်ခံတာ ကောင်းပါတယ်။”
အောက်တိုဘာလလောက်မှာပြုလုပ်ဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ လေးဆယ်ကျော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီတချို့ ပြင်ဆင်နေကြပါတယ်။

အစိုးရ တရားဝင် ကိုယ်စားလှယ်လွှတ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ရှမ်းပါတီ ပြော
Published on July 28, 2011 by ဒီဗွီဘီ • ဒီဗွီဘီ
အပစ်အခတ်ရပ်စဲရေးအတွက် တရားဝင် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ကမ်းလှမ်းမယ်ဆိုရင် တနိုင်ငံလုံးအပစ်ရပ်ရေးကိစ္စ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ရှမ်းပြည်နယ်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ်ဟိုင်းဌာနချုပ်ကို အစိုးရတပ်မတော်ဘက်က သံဃာတော် ၂ ပါးစေလွှတ်ပြီး ငြိမ်းချမ်းရေးကိစ္စ စကားကမ်းလှမ်းခဲ့ပြီးတဲ့နောက်ပိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ဘက်က ခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
အဆိုပါသံဃာတော် ၂ ပါးကတော့ ကျေးသီးမြို့နယ် ခေးပွမ်းရွာက ကျောင်းထိုင် ကိုယ်တော်နဲ့ အခြားသံဃာတပါးဖြစ်တယ်။

ပါတီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက ရှမ်းပြည်တပ်မတော်ဘက်က လေးစားကြည်ညိုတဲ့ ကိုယ်တော်တွေဖြစ်ပေမယ့် ငြိမ်းချမ်းရေးကိစ္စအတွက် စေလွှတ်သူ အမည်နာမ ရာထူး အချက်အလက် တိတိကျကျနဲ့ စာနဲ့ပေနဲ့ လာတာ မဟုတ်ကြောင်း၊ တကယ်လို့ အစိုးရဘက်က အကျိုးဆောင် ကော်မတီဖွဲ့ပြီး တရားဝင် ဆွေးနွေးလာမယ်ဆိုရင် ရှမ်းပြည်တိုးတက်ရေးပါတီအနေနဲ့ ဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ခုလိုပြောပြပါတယ်။
“ကျနော်တို့က ၀မ်ဟိုင်းဒေသ တည်ငြိမ်းအေးချမ်းမှုကို လိုလားရုံသာမက တတိုင်းပြည်လုံး အေးချမ်းမှုကိုလည်း ကျနော်တို့က လိုလားပါတယ်။ တရားဝင် နိုင်ငံရေးပါတီပဲဖြစ်ဖြစ်၊ သူတို့ အရာရှိတွေပဲ ဖြစ်ဖြစ် ကော်မတီအဖွဲ့ ဖွဲ့ပြီးတော့ ကမ်းလှမ်းမှု ရှိလာရင်တော့ ကျနော်တို့လည်း တရားဝင်ဆွေးနွေးဖို့ အသင့်ပါပဲ။ ကျနော်တို့ ငြိမ်းချမ်းရေး လိုလားလို့ပဲ အနှစ် ၂၀ လုပ်ခဲ့ပြီးပြီ။ အခုဟာက ကျနော်တို့ကို သူတို့ လာတိုက်တယ်။ အလုံးအရင်းနဲ့လည်း ချဉ်းကပ်ထားတယ် ဆိုတော့ တကယ်ကမ်းလှမ်းချင်တယ်ဆိုရင်တော့ ကျနော်တို့ နယ်မြေထဲမှာ ထိုးစစ်ဆင်နေတာ ရုပ်သိမ်းပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။”
ကျေးသီးမြို့ အနောက်မြောက်ဘက် ၁၃ မိုင်အကွာမှာရှိတဲ့ ၀မ့်ဟိုင်းရွာက ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ အစိုးရတပ်ရင်း အင်အား ၁ ထောင်ကျော်လောက်ဟာ ရွာရဲ့ အရှေ့တောင်ဘက်၊ အနောက်ဘက်၊ မြောက်ဘက်နဲ့ ၈ မိုင် နဲ့ ၃ မိုင်လောက်အကြားမှာ အသီးသီးရောက်ရှိနေကြပါတယ်။
အစိုးရတပ်က မိမိဒေသကို အလွယ်တကူ ၀င်မသိမ်းနိုင်အောင် ရှမ်းပြည် တပ်မတော်ဘက်ကလည်း အစိုးရတပ်နဲ့ အနည်းဆုံး တဖာလုံလောက်နီးတဲ့ စခန်းကနေ နေရာယူ အသင့်ပြင်ထားတယ်လို့ ရှမ်းပြည်တပ်မတော်ဘက်က ဆိုပါတယ်။
မတ်လကစတင်တဲ့ တိုက်ပွဲတွေကြောင့် စာသင်ကျောင်း ၁၅ ကျောင်းခန့် ပိတ်ထားရဆဲဖြစ်ပြီး ဒေသခံရွာသားတွေဟာ တိုက်ပွဲလွတ်ရာဒေသကို ကစဉ့်ကလျား ပုန်းအောင်းနေကြပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်ဟာ အရင်က ရှမ်းတပ်မတော် (မြောက်ပိုင်း) ဖြစ်ပြီး ၀မ်ဟိုင်းဌာနချုပ်ကို ဗဟိုပြုထားပါတယ်။ အစိုးရဘက်က သူတို့ကို ဌာနေပြည်သူ့စစ်အသွင်ပြောင်းဖို့ ကမ်းလှမ်းချက်ကို လက်မခံလို့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

No comments:

Post a Comment