သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Monday, April 25, 2011

24, 25, 26 th Apirl 2011 Part One – Uncensored Burma Daily News


 သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်ပါ
မိုးမခ MoeMaKa.com အဖွဲ့က ကော်ပီကူးပြီး ဖြန့် ပါတယ်

ကော်လိုရာဒိုပြည်နယ်က မြန်မာ ၁ ထောင် ကျော်၏ ကားမောင်းလိုင်စင်များကို ရုတ်သိမ်း................................................................. 1
အစိုးရသစ်နဲ့ နအဖရဲ့အမွေ - သန်းစိုးလှိုင်၊ ရန်ကုန်၊ မိုးမခ....................................................................................................................... 3
ငါးနှစ်အတွင်း မိုဘိုင်းဖုန်း အဆ ၃၀ နီးပါး တိုးပွားအောင်လုပ်မည်ဟုဆို - မိုးမခ အထောက်တော်၊ ရန်ကုန်...................................... 5
စင်္ကာပူက မြန်မာအိမ်တွင်းမှုအလုပ်သမတွေရဲ့ ဘ၀ တစေ့တစောင်း - မိုးမခအထောက်တော် စင်္ကာပူ.............................................. 6
ယခင်သန်းရွှေ၏ အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းစိန်ဖြစ်လာ - မိုးမခအထောက်တော် ရန်ကုန်..... 8
အင်န်အယ်ဒီပါတီက ကြံ့ဖွံ့အစိုးရသစ်ကို တရားဥပဒေစိုးမိုးရေး အတွက် တိုက်တွန်း - မိုးမခအထောက်တော် ၀၀၃........................ 8
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ လုပ်ကိုင်ခွင့် ရရှိမှု တစ်နှစ်ပြည့်သော်လည်း ပုဂ္ဂလိကဆိုင်စနစ်တွင် လိုအပ်ချက်များရှိနေ................. 8
သစ်တောပြုန်းတီးမှု၊ ရွှေတူးဖော်ရေးလုပ်ငန်း များပြားမှုတို့ကြောင့် မြစ်ဆုံဒေသ၌ မြေဆီလွှာ တိုက်စားမှုများ ပိုမိုလာပြီး ရေပြင်ညစ်ညမ်းခြင်း ယခင်ကထက် ပိုသိသာလာ            9
ကုန်သွယ်ရေး ပို့ကုန်သွင်းကုန် လိုင်စင်များနှင့် အကျိုးတူ ဖက်စပ်ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြားလုပ်ငန်းများ စိစစ်ခွင့်ပြုပေးနေသော ကုန်သွယ်ရေးကောင်စီကို ဖျက်သိမ်း             10
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပလတ်စတစ်အိတ် စက်ရုံများအားလုံး ပိတ်သိမ်းရန် အမိန့်စာထွက်............................................. 11
နိုင်ငံရေးအကျဉ်းသား လွှတ်ရေး တိုင်းရင်းသားပါတီတွေ သမ္မတထံ တောင်းဆိုမည် - vOA......................................................... 11
စစ်သင်တန်းကြောင့် ချင်းလူငယ်များ နယ်စပ်သို့ ထွက်ပြေးနေ - RFA.............................................................................................. 12
သမတသစ်ထံ တရားဥပဒေစိုးမိုးရေးအတွက် ပေးစာ NLD ထုတ်ပြန် - RFA.................................................................................. 13
ကြံ့ဖွံ့ ယာယီ ဥက္ကဌ ဦးရွှေမန်း တာဝန်ယူ - Irrawaddy.................................................................................................................... 14
ကရင် နယ်ခြားစောင့် တပ်ချင်း ပြန်တိုက် - Irrawaddy..................................................................................................................... 14
နာရေးကူညီမှုအသင်းကို ဒေါ်အောင်ဆန်းစုကြည် USD ၁ သောင်းခွဲလှူ Irrawaddy.................................................................. 15
ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံစေချင်သူ                                      - Mizzima....................................................... 15
လူထုနှင့် တွေ့ဆုံခွင့်ရရန် လွှတ်တော်အမတ်က ပြည်သူ့လွှတ်တော် ဥက္ကဌ ဆီစာရေး - Narinzara......................................... 19
ကံ့ခိုင်ရေး ပါတီ အမတ်များ လူထု ရှင်းလင်းပွဲ လုပ်မည်..................................................................................................................... 20
စွမ်းအားရှင် အမည်သစ်ဖြင့် ပြန်ဖွဲ့မည် - Irrawaddy........................................................................................................................ 21
ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ သတင်းစာများ ထုတ်ဝေမည် - Irrawaddy........................................................................... 22
တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ဒေသတွေမှာ နအဖ က အရပ်သားပိုင်ပစ္စည်းတွေ သိမ်းပိုက် - naythit........................................... 23
မိုင်ကြီးငူဒေသရှိ BGF တပ်ဖွဲ့ဝင်အချို့ KNU ထံ လာရောက်ပူးပေါင်း - KIC.................................................................................. 23
သုခ ကုသိုလ်ဖြစ်ဆေးခန်းခွဲ ပြည်မြို့မှာ ဖွင့်တော့မည် - RFA........................................................................................................... 24
မြန်မာ့ရွှေ တရုတ်အဝယ်များ - ဧရာဝတီ................................................................................................................................................ 25
စုပေါင်း တောင်းဆိုချက်များ သမ္မတ ဦးသိန်းစိန်ထံပို့ - Irrawaddy................................................................................................... 26
လွှတ်တော်အမတ်တွေ မေးခွန်းထုတ်သင့်တဲ့ ဦးပိုင် - Irrawaddy................................................................................................... 27
မစ်ရှီဂန်က ပေးတဲ့စာ(၆၅) -  အောင်ဝေး/ RFA.................................................................................................................................... 28
အစိုးရသစ်က “လွတ်ငြိမ်းချမ်းသာခွင့်”ပေးပါ့မလား - တူမောင်ညို မိုးမခ၊............................................................................................ 30

ကော်လိုရာဒိုပြည်နယ်က မြန်မာ ၁ ထောင် ကျော်၏ ကားမောင်းလိုင်စင်များကို ရုတ်သိမ်း

မိုးမခအထောက်တော် ဒင်ဗား
ဧပြီ ၂၆၊ ၂၀၁၁
ယမန်နေ့က ရရှိသော သတင်းအရ ကော်လိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့ပတ်ဝန်းကျင်တွင် ရွှေ့ပြောင်းနေထိုင်ကြသူ မြန်မာလူမျိုးစုများ၏ ယာဉ်မောင်းလိုင်စင် ၁၀၀၀ ကျော်ကို ပြည်နယ်အစိုးရက လွန်ခဲ့သည် ရက်အနည်းငယ်က စတင်ပြီး ရုတ်သိမ်းလိုက်သည်ဟု သိရသည်။ သို့အတွက် အဆိုပါ မြန်မာဦးရေ ၁၀၀၀ ကျော်သည် ထိုအကြောင်းကြားစာ ရသည့်နေ့က စပြီး ကားမောင်းခွင့် လုံးဝမရှိတော့ပေ။
အဓိက ရာဇ၀တ်မှုကြောင်းအရ အရေးယူုခြင်းမှာ ထိုမြန်မာယာဉ်မောင်းများကို ရည်ရွယ်ခြင်းမဟုတ်ဘဲ၊ ထိုယာဉ်မောင်းလိုင်စင်များရရှိရန် ဆောင်ရွက်ပေးသည့် ကားမောင်းသင်တန်းကျောင်း - “American Driving Acedamy” ၏ မသမာမှုများကို ထုတ်ဖော်အရေးယူမှုနှင့် ဆက်နွယ်နေသည်ဟု သိရသည်။
ထိုယာဉ်မောင်းသင်တန်းကျောင်းက ယာဉ်မောင်းသင်ဆရာ Dennis Sieving (ဒင်းနစ်ဆိဗင်း) ကို နိုင်ငံတော် ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာန (US Homeland Security) က အရေးယူခြင်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါပုဂ္ဂိုလ်က ယာဉ်မောင်းသင်တို့၏ မှတ်တမ်းများ စစ်ဆေးမှုများကို အမှန်အတိုင်း ရေးသားခြင်းမပြုဘဲ လာဘ်စားပြီး လိုင်စင် ထုတ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းဖော်ထုတ်ခဲ့သည်ဟု ဆိုသည်။
မြန်မာပြည်မှ ရွှေ့ပြောင်းရောက်ရှိလာသော မြန်မာ့နိုင်ငံရေးဒုက္ခသည် လူမျိုးစုများက ယာဉ်မောင်းလိုင်စင်များ လျောက်ထားရယူကြရာတွင် အဆိုပါ ယာဉ်မောင်းသင်တန်းကို အားကိုးမှု အများဆုံးဖြစ်သည်။ ထိုယာဉ်မောင်းသင်တန်းက သင်တန်းဆရာနှင့် အပေါင်းအပါအချို့သည် အမေရိကန်ပြည်တွင်း ရောက်ခါစ ဘာသာစကားအခက်အခဲနှင့် ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသူ ရွေ့ပြောင်းလူမျိုးစုများထံက ငွေကြေးများကို တဖက်လှည့်နှင့် တောင်းခံပြီး ကားလိုင်စင်များကို လိမ်ညာ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု မိုးမခမိတ်ဆွေတို့က ပြောပြသည်။
 မြန်မာများအပါအ၀င် လူနည်းစု ရွှေ့ပြောင်းသူ ဦးရေ ၁၄၀၀ ခန့်အထိ၏ ယာဉ်မောင်းလိုင်စင်များကို အရည်အချင်းစစ်ဆေးမှု သင်ကြားမှု ပြည့်မီစိတ်ချရခြင်း မရှိမီ ထုတ်ပေးခဲ့ခြင်းကြောင့် ကော်လိုရာဒိုး ကားလမ်းမများတွင် ယာဉ်တိုက်မှုများ အန္တရာယ်ထိခိုက်မှုများ ဖြစ်ပေါ်လာခြင်း၊ တိုးပွားလာခြင်း၊ ပိုမို ဆိုးဝါးလာနိုင်ခြင်း တို့ကြောင့် ထိုသို့ အရေးယူခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ယာဉ်မောင်းသင်တန်းကျောင်းတခု၏ သင်တန်းဆရာ၏ မသမာမှု၊ လာဘ်စားမှုတို့ကြောင့် ထိုကျောင်းဆင်း မြန်မာဦးရေ ၁ ထောင် ခန့်မှာ လက်ရှိ လိုင်စင်များမှ ရုတ်သိမ်းခြင်း ခံထားရပြီး ယာဉ်မောင်းလိုင်စင်ကို ပြန်လည် ဖြေဆိုရယူရမည် ဖြစ်သည်။ အဆိုပါ ကားလိုင်စင်ရုတ်သိမ်းခံရသူများကို သီးခြားအရေးယူခြင်းတော့ မရှိဟု ဆိုသည်။
သို့သော်လည်း ထိုသို့ ကားမောင်းလိုင်စင် အသိမ်းခံရခြင်းအတွက် ထိုကားမောင်းသူ လူ ၁၀၀၀ ၏ မိသားစု စားဝတ်နေရေားဘ၀များမှာ ကားဘရိတ်အုတ်လိုက်သကဲ့သို့ ရုတ်ချည်းပင် ဂျွမ်းထိုး မှောက်ခုံ ဖြစ်ခဲ့ရသည်ဟု သိရသည်။ မိမိနေအိမ်များက အဝေးရှိ စက်ရုံ အလုပ်ရုံများ၊ ကျောင်းများသို့ သွားရောက် ရသူ မြန်မာများအဖို့ ကားမောင်းခွင့် မရှိတော့သဖြင့် အလုပ်အကိုင်နှင့် ပညာရေးအခွင့်အလမ်းတို့ ထိခိုက်ရသည်ဟု သိရသည်။ ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရတို့က ထိုလူနည်းစု ရွေ့ပြောင်းမိသားစုတို့၏ စားဝတ်နေရေးကို ထည့်သွင်းစဉ်းစားပြီး လိုင်စင်အသစ်ပြန်မရမီစပ်ကြား တစုံတရာ အဆင်ပြေအောင် ဆောင်ရွက်ပေးရန် မြန်မာမိသားစုများက လက်မှတ်ထိုး တောင်းဆိုကြမည်ဟု ဆိုသည်။
အမေရိကန် လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများ၏ မသမာမှုများ၊ လိမ်ညာမှုများ၊ ဥပဒေလက်တလုံးခြားလုပ်မှုများကြောင့် ယခုကဲ့သို့ လူနည်းစု မိသားစုများ၊ ကျောင်းသားများပါ ထိခိုက်နစ်နာခြင်းများမှာ အမေရိကန်ပြည်တွင် အဆန်းမဟုတ်ဟု ဆန်ဖရန်စစ္စကိုမြို့ က အိန္ဒိယကျောင်းသားတဥိးက ထိုသတင်းကို အခြေခံပြီး တုန့်ပြန်ပြောကြားသည်။
အိန္ဒိယပြည်က အမေရိကန်ပြည်သို့ တက္ကသိုလ်ပညာသင်ရန် စေလွှတ်မှု ဦးရေမှာ တနှစ်ထက် တနှစ်တိုးပွားလျက်ရှိရာ အချို့ ကြေးရေတတ် ကျောင်းသားတို့က ကျောင်းဝင်ခွင့် အလွယ်လမ်းကို လိုက်လေ့ရှိကြောင်း ၊ ကျောင်းဝင်ခွင့် လွယ်ကူပြီး စည်းကမ်းစနစ်ကျစွာ စာသင်ကြားသော၊ စာမေးပွဲဖြေဆိုရသော တက္ကသိုလ် ကောလိပ်များထက် လွတ်လပ်သော နိုင်ငံခြားကျောင်းသားများကို ရည်ရွယ်သော ကျောင်းများကို ရွေးတက်ကြလေ့ရှိကြောင်း၊ လွန်ခဲ့သည့် ၅ လ ခန့်က ဆန်ဖရန်ဘေးဧရိယာ အရှေ့ဘေးဒေသ ပုဂ္ဂလိကကောလိပ်တခုက အဆိုပါ ကျောင်းသားများကို ဆွဲဆောင်ပြီး ငွေကြေးအမြတ်ထုတ်နေမှုကို အစိုးရက ဖော်ထုတ်နိုင်ခဲ့သဖြင့် အိန္ဒိယကျောင်းသား ရာနှင့်ချီပြီး အစိုးရ၏ ခြေချုပ်ဖြင့် တားမြစ်မှုကို ခံခဲ့ရကြောင်း၊ ၎င်းတို့ကို နံမယ်ပျက်စာရင်းသွင်းပြီး ပြည်နှင်ဒဏ်ပေး အရေးယူမည် ဖြစ်သဖြင့် အိန္ဒိအစိုးရနှင့် အသင်းအဖွဲ့များက ကျောင်းသားများဖက်က ကာကွယ် အရေးဆိုလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
“ကျနော်တို့ ကော်လိုရာဒို၊ ဒင်းဗားမှာလည်း ကားမတော်တဆပြသနာတွေ ရှိတယ်။ ကျနော်တို့တတွေကလည်း ဒီက ဗဟုသုတတွေ ပညာပေးတွေ ရဖို့ လိုတယ်။ ပြည်နယ်မှာကော၊ အိမ်နီးချင်းတွေကော၊ မြန်မာကွန်မြူနီတီက ၀ိုင်းပြီး အလုပ်လုပ်ဖို့လိုတယ်။ ကျနော်ကိုယ်တိုင်လည်း အဲသည်သင်တန်းကနေ ကားလိုင်စင်ရခဲ့တယ်။ သင်တန်းတက်၊ စာမေးပွဲဖြေ၊ လိုင်စင်ဖြေ အဆင့်ဆင့်လုပ်ရတယ်။ ငွေကြေး ပေးစရာတွေ တရားဝင် ကျသင့်သလောက်လဲ ပေးရတယ်။ ကိုယ်က ဘယ်လိုပဲ ဂရုစိုက်စိုက် ဖြစ်ချင်တော့ ကျနော့်ကားကို ရပ်ထားတုန်း ကားတစင်းက ၀င်တိုက်သွားတယ်၊ လုံးဝပျက်စီးသွားတယ်။ တိုက်တဲ့ကားကလည်း မောင်းပြေးသွားတယ်။ ကျနော့်မှာ နောက်ကားဟောင်းတစီး လိုက်ရှာဝယ်ရတာပဲ အဖတ်တင်တယ်။ ဘာမှ အရေးယူခွင့် မရှိလိုက်ဘူး။ ဒါမျိုးတွေ ဖြစ်လာတော့လည်း အစိုးရက ၀င်ရောက် ဖြေရှင်းရတာပေါ့လေ။ သို့သော် စားဝတ်နေရေး ရုန်းကန်နေရသူ အပြစ်မဲ့တဲ့ လူအများစုက ကားလိုင်စင်မရှိတော့လို့ အလုပ်ပျက်မယ်၊ အလုပ်တွေ ပြုတ်မယ်၊ ကျောင်းတွေက ထွက်ရမယ် ဆိုရင်လည်း ကျနော်တို့က သူတို့အတွက်လည်း စဉ်းစားပေးရမယ် ထင်ပါတယ်”
ဟု မိုးမခ၏ မိတ်ဆွေတဦးက  မှတ်ချက်ပေးသည်။
အဆိုပါ ကားမောင်းသင်တန်းဆရာ၏ ၂ နှစ်တာ သက်တမ်းအတွင်းရှိ ကျောင်းသားများကို ပြည်နယ်က လိုင်စင်ရုတ်သိမ်းထားပြီး၊ ဗဟိုအစိုးရက ထိုသူကို ဆက်လက်အရေးယူခြင်း ရှိမရှိ မသိရသေးပေ။ ထိုပုဂ္ဂိုလ်တော့ ကျန်းမာရေးအကြောင်းပြပြီး ထိုသင်တန်းကျောင်းက နှုတ်ထွက်ထားပြီး ဖြစ်သည်ဟု သိရသည်။


အစိုးရသစ်နဲ့ နအဖရဲ့အမွေ - သန်းစိုးလှိုင်၊ ရန်ကုန်၊ မိုးမခ

ဧပြီ ၂၂၊၂၀၁၁
မတ်လ ၃၀ ရက်နေ့မှာ ရွေးကောက်ပွဲ မှာ အနိုင်ရထားတဲ့ ကြံ့ဖွံ့ပါတီက ကြီးစိုးတဲ့ အစိုးရအဖွဲ့ ဆိုင်းမဆင့်ဗုံမဆင့် ရုတ်တရက် ကျမ်းကျိန်ပြီး အာဏာလွှဲပြောင်းယူလိုက်ပါတယ်။ ၂၃နှစ်ကြာ စစ်အုပ်ချုပ်ရေးပုံစံနဲ့ အုပ်ချုပ်လာတဲ့ စစ်အစိုးရကနေ အရပ်ဝတ်ဝတ်ထားတဲ့ အစိုးရပုံစံကိုပြောင်းသွားတာပါ။
ပညတ်အနေနဲ့ စစ်အစိုးရမှ အရပ်ဝတ်အစိုးရအဖြစ် ပြောင်းလဲလာတယ်ဆိုနိုင်ပေမယ့် ပရမတ်သဘောအရတော့ ယခင်စစ်အစိုးရကို ကြိုးကိုင် စီမံနေတဲ့ နံပါတ်၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ယခုအချိန်ထိ နောက်ကွယ်မှ ကြိုးကိုင်နေဆဲဆိုတာ မြန်မာနိုင်ငံမှာ ဘယ်သူမှ သံသယ မရှိကြပါဘူး။ အရပ်သား အစိုးရဖြစ်ပြီ၊ သန်းရွှေ အနားယူသွားပြီလို့ လွှတ်တော်ထဲရောက်နေတဲ့ နိုင်ငံရေးသမားထဲက ယုံကြည်သူရှိကောင်း ရှိပါလိမ့်မယ်။
ဒါပေမယ့် အငှားကားမောင်းသူ တယောက်တလေ ကိုဖြစ်ဖြစ်၊ သတင်းစာဖတ်သူ၊ ရေဒီယိုနားထောင်သူ ဆိုက်ကားသမား တယောက်ကို ဖြစ်ဖြစ် မေးမြန်းကြည့်ရင် မယုံကြည်ကြောင်း ပြောကြပါလိမ့်မယ်။ သူတို့ရဲ့ အမြင်က တချို့သောနိုင်ငံရေး  သမားများထက်ကို လက်တွေ့ကျကျ ၊ သဘာဝကျကျ ချဉ်းကပ်ရှုမြင်တတ်လို့ပဲ ဖြစ်ပါတယ်။
လွှတ်တော်ထဲရောက်နေတဲ့ နိုင်ငံရေး သမားထဲကလည်း ကြံ့ဖွံ့ပါတီဝင်ထဲကဆို ယုံကြည်ကြမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်နေသူဟာ အေ ၀မ်းလို့ ခေါ်တဲ့ နံပါတ်တစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲ ဖြစ်နေဆဲဆိုတာ သူတို့ရဲ့ ဘ၀နဲ့ယှဉ်ပြီး နားလည်ကြပါတယ်။

လူမပြောင်းသော်လည်း အနှစ်သာရပြောင်းမလား
တတိယ အုပ်စုလို့ခေါ်တဲ့ နေ၀င်းမောင် ပြောသလို လူမပြောင်းပေမယ့် မူပြောင်းသွားတယ် ဆိုတာဘယ်လောက်ထိ မှန်ကန်နိုင်ပါ့မလဲ။ အနှစ်သာရတွေ ဘယ်လောက်ထိ ပြောင်းလဲလာမလဲဆိုတာကို လက်တွေ့ကျကျ ဆန်းစစ်သုံးသပ်ကြည့်ဖို့ နိုင်ငံရေး သမားများ အနေနဲ့ အသေအချာ လိုအပ်လှပါတယ်။
အရပ်သား အုပ်ချုပ်တဲ့ အစိုးရအဖွဲ့ဖြစ်လာတယ် ဆိုတဲ့အချက်၊ လွှတ်တော် ၃ ရပ်ပေါ်လာပြီး နိုင်ငံရေး ပြဿနာ ၊ လူမျိုးစုပြဿနာ၊ စီးပွားရေး ပြဿနာတွေကို အဲဒီလွှတ်တော်ထဲမှာ ဖြေရှင်းလို့ရနိုင်တယ် ဆိုပြီး ပြည်တွင်းက နိုင်ငံရေး သမားတချို့နဲ့ ပြည်ပနိုင်ငံအချို့က စဉ်းစားကြပါတယ်။
ဒီလိုစဉ်းစားချက်ဟာ လက်တွေ့အဖြစ်အပျက်နဲ့ ဘယ်လောက်နီးစပ်သလဲ၊ လက်တွေ့အခြေအနေ တွေနဲ့ ဘယ်လောက်ကိုက်ညီသလဲ ဆိုတာ မကြာခင်မှတ်ကျောက်တင် နိုင်မှာပါ။ ယခုလက်ရှိ လွှတ်တော်မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေအထိတော့ သူတို့ပြောသလို နိုင်ငံရေး ပြဿနာ၊ လူမျိုးစုပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ လွှတ်တော်ကာလ ၂ လအတွင်းမှာ ကြံ့ဖွံ့ပါတီဝင် ကိုယ်စားလှယ်တွေဟာ မဆလခေတ်က လွှတ်တော်လိုပဲ အထက်ကချပေးတဲ့ အဆိုပြုသူတွေကို အဆိုပြုပေး၊ အထက်ကချပေးတဲ့ မေးခွန်းတွေကို မေးခဲ့ကြတာပါ။ ကြံ့ဖွံ့မဟုတ်တဲ့ အခြားပါတီများက ကိုယ်စားလှယ်တွေ အနေနဲ့ မေးချင်တဲ့ မေးခွန်းကို လွှတ်တော် ဥက္ကဌထံ ၁၀ ရက်ကြိုတင်ထားရပြီး ဥက္ကဌက အဆိုပါမေးခွန်းမှာ ကြယ်ပွင့်ပြမှသာ သတ်မှတ်ထားတဲ့နေ့မှာ မေးမြန်းခွင့်ရပါတယ်။
မေးမြန်းပြီးနောက် ဖြေဆိုမယ့် ၀န်ကြီးက မေးခွန်းကို တည့်တည့်လင်းလင်း ဖြေဆိုတာမျိုး ရှိသလို တချို့သောမေးခွန်းတွေကို တိတိကျကျ မဖြေပဲ ပုံသေရေးသားထားတဲ့ ၀ါဒဖြန့်စာဆန်ဆန် ၀န်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေကိုပဲ ပြောဆိုပြီး အဆုံးသတ် လိုက်တာမျိုးလည်း ရှိပါတယ်။
အဲဒီလို လွှတ်တော်မျိုးကနေ အခြေခံဥပဒေကို ပြင်ဆင်ဖို့ မှန်းဆချက်ဟာ တော်တော့်ကို အလှမ်းဝေးလှပါတယ်။ မြို့တမြို့ရဲ့ အခြေအနေ၊ ပြည်နယ်တခုရဲ့ အခြေအနေကိုတောင် ပြင်ဆင်ဖို့ရာ လွှတ်တော်မှာ မစွမ်းနိုင်ရင် အခြေခံဥပဒေကို ပြင်ဖို့ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေ ဖြစ်လာဖို့၊ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးတွေ ရလာဖို့က စိတ်ကူးယဉ်အိပ်မက်ဖြစ်နေဦးမှာပါ။
အဲဒါတွေက လွှတ်တော်ထဲက အခြေအနေတွေပါ။ လွှတ်တော်ကိုလည်း  ရက်ကိုးဆယ်မပြည့်မီ ၁ပတ်အလိုကျမှ ခေါ်ယူပြီး ဘဏ္ဍာရေးနှစ် ကူးပြောင်းတဲ့ ဧပြီလ ၁ရက်နေ့အထိရောက်အောင် အချိန်ဆွဲကျင်းပခဲ့တာတွေ့ရမှာပါ။ တချို့ရက်တွေမှာ လွှတ်တော်ကျင်းပချိန် ၁၅ မိနစ်သာ ရှိခဲ့တာကြောင့် ၁၅ မိနစ်လွှတ်တော်လို့တောင် ခေါ် ခဲ့ကြပါသေးတယ်။
ဒီအဖြစ်အပျက်တွေအားလုံးဟာ အေ၀မ်း ရဲ့ ညွှန်ကြားချက်ကို စောင့်ပြီးလုပ်နေရတဲ့ သဘောလို့ နိုင်ငံရေး အကဲခတ်သူတွေက ယုံကြည်ကြပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ပါတီရဲ့ ဥက္ကဌ၊ မကြာခင်သမ္မတဖြစ်မယ့်သူက လွှတ်တော်ရဲ့ အထက်မှာ ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီးကို နာခံပြီးလုပ်ကိုင်နေရတာလည်း ဖြစ်ပါတယ်။
မတ်လ ၃၀ ရက်နေ့ ၃၁ ရက်နေ့နဲ့ ၁ ရက်နေ့တွေမှာ ပြောဆိုတဲ့ သမ္မတသစ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေထဲမှာ ပါရှိသလို တိုင်းပြည်စီးပွားရေး ကောင်းအောင် လုပ်ဆောင်မယ်၊ လာဘ်စားမှုကို တိုက်ဖျက်မယ်၊ ၀န်ကြီးတွေ အနေနဲ့လည်း လက်တွေ့ကျကျ တာဝန်ယူလုပ်ကိုင်သွားကြရမယ်၊ စီးပွားရေး ကိုပုဂ္ဂလိက ကဏ္ဍက ဦးဆောင်ပြီး လုပ်ဆောင်သွားမယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။  အဲလိုအပြောတွေသာ လက်တွေ့ဘ၀မှာ အကောင်အထည်သာပေါ်လာမယ်ဆိုရင် စီးပွားရေးနဲ့ အစိုးရအုပ်ချုပ်ပုံ အပိုင်းမှာ အတော်လေး ပြောင်းလဲလာမယ့် သဘောရှိပါတယ်။ ဒါက မိန့်ခွန်းမှာ ရည်ညွှန်းပြောဆိုသွားတဲ့ စကားလုံးတွေအရ  ပြောတဲ့သဘောပါ။ တကယ်ဖြစ်လာမှာလား ဆိုတာကို ဝေဘန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။
ဦးသိန်းစိန်က စီးပွားရေးမှာ အလုပ်ဖြစ်အောင် လုပ်ကြဖို့ ၀န်ကြီးတွေ အနေနဲ့ အဆိုးအကောင်းတာဝန်ယူကြရမယ်၊ ပုဂ္ဂလိက ကဏ္ဍကိုပိုပြီး ကြီးထွားလာအောင် လုပ်ရမယ်၊ လာဘ်ပေးလာဘ်ယူမှု ပပျောက်အောင် လုပ်ရမယ်၊ အထက်ညွှန်ကြားချက်ကို စောင့်မနေပဲ လုပ်သင့်တာကို ချက်ခြင်း လုပ်ကြဖို့ တိုင်းပြည်မှာ စီးပွားရေးအရ ကြပ်တည်း ဆင်းရဲနေသူတွေ ရှိနေသေးတယ်ဆိုတဲ့ အချက်တွေကို ၀န်ခံပြောဆိုသွားတာ ကြားကြရမှာပါ။ စီးပွားရေး အရခေတ်နောက်ကျနေတာ၊ မဖွံ့ဖြိုးမတိုးတက်တာကို ၀န်ခံတဲ့ အချက်ဟာ ပြုပြင်ဖို့ လမ်းစလို့ ဆိုရင် ဆိုနိုင်ပါတယ်။

အမေးတခွန်း အဖြေတခွန်း

ဒီလိုပြောဆိုမှုမျိုး စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်စဉ် ဗိုလ်ချုပ်တွေ တယောက်မှ ပြောဆိုလေ့မရှိပဲ အခုလို စစ်ဗိုလ်ချုပ်ဟောင်းများရဲ့ အရပ်ဝတ် အစိုးရတက်လာမှ ထုတ်ပြောတာဆိုတော့ ပြည်သူလူထု နားထဲမှာ နည်းနည်းတော့ ဆန်းပြားနေသလိုပါ။ သူတို့ တကယ်ပဲ ပြောင်းချင်စိတ်ရှိနေပြီလား ဆိုတဲ့မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။
ဒီမေးခွန်းတွေကို ဘာနဲ့ တိုင်းတာသင့်သလဲ ဆိုရရင် ဦးသိန်းစိန် ဖြစ်စေချင်တဲ့ အခြေအနေကို ဘယ်လိုနည်းလမ်းနဲ့ အကောင်အထည်ဖေါ်မှာလဲ ဆိုတာကို သူ့မိန့်ခွန်းတွေမှာ ရှာဖွေကြည့်ကြရပါမယ်။
မိန့်ခွန်းတွေထဲမှာ လာဘ်စားမှုကို တိုက်ဖျက်ဖို့ အစီအစဉ်ချမှတ်ခြင်း နဲ့ ပတ်သက်ပြီး အသေးစိတ်လုပ်ဆောင်မှု တခုမှ ထုတ်ဖေါ်မပြောသွားပါဘူး။ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု ဖြစ်အောင် လုပ်ကြရမယ်လို့ ယေဘုယျသဘောပဲ ပြောဆိုသွားတာပါ။ ဘယ်လိုလုပ်မယ်၊ ဘယ်နှနှစ်အတွင်း လာဘ်ပေးလာဘ်ယူကို ပပျောက်စေမယ်။ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် အထက်က ဘယ်လိုလုပ်ကြမယ်၊ အောက်ခြေအဆင့်ထိ လိုက်နာဖို့ လက်တွေ့ကျတဲ့ အစီအစဉ်တွေ ရှင်းပြ ပြောဆိုသွားတာ မတွေ့ရပါဘူး။
ဒါ့အပြင် လာဘ်ပေးလာဘ်ယူမှုတွေ ရှိမရှိကို ဘယ်လိုစစ်ဆေးအရေးယူသွားမယ် ဆိုတာမျိုးအထိ ပြောဆို ကြေညာသွားတာ မရှိပါဘူး။ လာဘ်စားမှုနဲ့ ပတ်သက်ပြီး ဥပဒေတွေကို ပိုမိုတင်းကြပ်တာ၊ ပိုမိုကြီးလေးတဲ့ အပြစ်ပေးတာတွေ လုပ်ဆောင်မယ်လို့လည်း မပြောခဲ့ပါဘူး။ လာဘ်စားမှုတွေကို မီဒီယာမှာ ဖေါ်ထုတ်ပြောဆိုခွင့်ရှိဖို့လည်း ရည်ညွှန်းပြောသွားတာ မတွေ့ရပါဘူး။ ဒီမိုကရေစီ နိုင်ငံဆိုရင် လာဘ်စားမှုလို အကျင့်ပျက်ချစားမှုတွေကို မီဒီယာလွတ်လပ်ခွင့်ပေးပြီး ထိန်းချုပ်ကြရစမြဲလည်း ဖြစ်ပါတယ်။
ဒီအချက်တွေကိုကြည့်ရင် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲက အချက်အလက်တွေဟာ လက်တွေ့ဘ၀မှာ ဖြစ်ပေါ်လာဖို့ ဖြစ်နိုင်ခြေ နည်းလွန်းလှပါတယ်။

မိန့်ခွန်းရဲ့ ဂယက်
အခုလို နိုင်ငံရဲ့ သမ္မတက လာဘ်စားမှုကို ကိုင်တွယ် ဖြေရှင်းမယ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ အခြားနိုင်ငံ တနိုင်ငံမှာ ပြောဆိုခဲ့ရင်  အခြေအနေက တမျိုးဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်ပုံပြောင်းတယ်ဆိုပေမယ့် အရင် အစိုးရလက်ထက်က ၀န်ကြီးက ထက်ဝက်ကျော်၊ ထိပ်ဆုံးခေါင်းဆောင်ပိုင်းလည်း မပြောင်း၊ အောက်ဆုံးအဆင့် ရ၀တ ဥက္ကဌတွေတောင် မပြောင်းတာကြောင့်  ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမယ်ဆိုတာကို အစိုးရအဖွဲ့ထဲမှာ ဘယ်သူမှ မယုံကြည်ကြဘူး ဆိုတာ ထင်ရှားပါတယ်။
ရ၀တ၊ မ၀တ အဆင့် အုပ်ချုပ်သူတွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ အနိုင်ရအောင် အုပ်ချုပ်ရေး လုပ်ပိုင်ခွင့် ငွေကြေး၊ အာဏာတွေကို သုံးပြီးကူညီခဲ့ကြတာပါ။ ဒီပါတီနိုင်ဖို့ ကိစ္စဟာ သူတို့ရဲ့ တာဝန်တရပ်သဖွယ် ခံယူပြီးလုပ်ပေးခဲ့ကြသူတွေပါ။ ဒါကြောင့် အထက်က ခိုင်းတဲ့ ဘယ်လိုလုပ်ဆောင်မှုမျိုးမဆို မှန်တယ်မှားတယ် စဉ်းစားမှာ မဟုတ်ပဲ လုပ်ပေးရမယ့် အနေအထားရှိခဲ့တယ် ဆိုတာမေ့လို့ မဖြစ်ပါ။
အခြားတဘက်မှာ အရပ်ဘက် ဆိုင်ရာ ၀န်ကြီးဌာနတွေကို ကြည့်ကြရအောင်ပါ။ အစိုးရတက်လာပြီး ၃ပတ်ကျော်ကြာလာတဲ့ ဌာနဆိုင်ရာ တွေမှာ လုပ်နည်းကိုင်နည်း ဘာအပြောင်းအလဲမှ မတွေ့မြင်ရပါဘူး။ ၀န်ကြီးပြောင်းသွားတဲ့ ၀န်ကြီးဌာန တချို့မှာ အသစ်ရောက်တဲ့ ၀န်ကြီးက စကားလုံး ကြီးကြီးတွေပြောနေလို့ အောက်လက်ငယ်သားတွေက ရောက်ခါစ ဖြစ်တတ်တဲ့ ဓမ္မတာလို့သဘောထား လိုက်ကြတယ်လို့ နေပြည်တော်က အရာရှိ တချို့ရဲ့ ပြောဆိုပါတယ်။

အပေးအယူမပြောင်း၊
ဝန်ကြီးဌာနတွေမှာ အဆင့်ဆင့် ဆက်ကြေးပေးရတဲ့ စနစ်အခုအချိန်ထိ ပြောင်းလဲမယ့် အရိပ်အယောင် မမြင်ကြရသေးဘူးလို့ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ လယ်ယာဆည်မြောင်း ၀န်ကြီးဌာန၊ ရထားဝန်ကြီး ဌာနအစရှိတဲ့ ဌာနက အရာရှိတွေက ပြောပါတယ်။ ပြည်နယ်၊ တိုင်းမန်နေဂျာ ဒါမှမဟုတ် လက်ထောက် အင်ဂျင်နီယာမှူးကြီး စတဲ့အဆင့်တွေက အထက်က ဦးဆောင်ညွှန်မှူး၊ ညွှန်ချုပ်၊ ဒုဝန်ကြီး ၊ ၀န်ကြီးတွေအထိ အနည်းဆုံး သိန်း ဆယ်ဂဏန်းကနေ သိန်းရာဂဏန်းအထိ ကန်တော့နေကြရတုန်းပါ။ အဲလို ကန်တော့မှလည်း ရာထူးတက်မှာ၊ နေရာမြဲမှာ၊ တစုံတရာ ပြဿနာကြုံရင် ကာကွယ်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီလိုအခြေအနေကို ပြောင်းလဲဖို့ ဆိုရင် အထက်က သမ္မတ၊ ၀န်ကြီး၊ ဒုဝန်ကြီးတွေအဆင့် မှစပြီး ညွှန်ချုပ်၊ ညွှန်မှူးတွေအထိ ငွေအပေးအယူနဲ့ ရာထူးတိုးပေးတဲ့ အဖြစ်ကို ရပ်ဆိုင်းကြမှ ဖြစ်မှာပါ။ အထက်ကို လုပ်ကျွေးရတယ် ဆိုတာကြောင့် အောက်ခြေမှာ ထပ်ပြီး လာဘ်ယူ ၊ အလွဲသုံးစားလုပ်တာတွေ ဖြစ်လာကြတာပါ။ အခုမိန့်ခွန်းမှာ အဲဒီလို အဖြစ်အပျက်တွေကို ဘယ်လိုကိုင်တွယ် ပြင်ဆင်သွားမယ်ဆိုတာ မတွေ့ရပါဘူး။ ဒါကြောင့်လည်း ၀န်ကြီးဟောင်းတွေနဲ့ အသစ်တွေ ယခင် လုပ်နည်းလုပ်ဟန်တွေ အတိုင်း အေးအေးဆေးဆေးပဲ ချီတက်နေကြတာ တွေ့ရပါလိမ့်မယ်။
အထက်မှာ ဖေါ်ပြခဲ့တာတွေဟာ စီးပွားရေး ပေါ်လစီ၊ လာဘ်ပေးလာဘ်ယူမှု နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စတွေပါ။
တိုင်းရင်းသား လူမျိုးစုအခွင့်အရေး၊ ဒေါ်အောင်ဆန်းစုကြည့် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီနှင့် တွေ့ဆုံ စကားပြောဆိုရေးဆိုတဲ့ အပိုင်းတွေ မပါဝင်သေးပါဘူး။
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းစွာ ဆက်ဆံနိုင်ဖို့ နိုင်ငံရေး အရ အခွင့်အရေး ပေးတာ လိုက်လျောတာတွေ ဘာမှ မတွေ့မြင်ရသေးပါ။
ရွေးကောက်ပွဲ ၀င်တဲ့ တိုင်းရင်းသား ပါတီတွေ အနေနဲ့ သူတို့ရဲ့ ပြည်နယ်တွေမှာ လူမျိုးစု ဖွံ့ဖြိုးရေး လုပ်ကိုင်ခွင့်၊ ယဉ်ကျေးမှုစာပေ ထိန်းသိမ်းခွင့်တွေ ရအောင် လွှတ်တော်ထဲမှာ လုပ်ဆောင်နိုင်မလား ဆိုတာ ခုထိ မသေချာသေးပါဘူး။
ဒါကြောင့် ပြဿနာတွေ တလှေကြီးနဲ့ မြန်မာနိုင်ငံရေး ရှေ့ကိုဘယ်လို ဆက်စခန်းသွားမလဲဆိုတာ မကြာမီ လပိုင်းတွေမှာ အဖြေထွက်လာမယ်လို့ မျှော်လင့်မိကြောင်းပါ။


ငါးနှစ်အတွင်း မိုဘိုင်းဖုန်း အဆ ၃၀ နီးပါး တိုးပွားအောင်လုပ်မည်ဟုဆို - မိုးမခ အထောက်တော်၊ ရန်ကုန်

ဧပြီ ၂၃၊ ၂၀၁၁
ယမန်နေ့က နေပြည်တော် သမ္မတရုံးတွင် ကျင်းပသည့် အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေး အဖွဲ့၏ ညှိနှိုင်း အစည်းအဝေးတွင် ဆက်သွယ်ရေး ၀န်ကြီးက လာမည့် ငါးနှစ်အတွင်း မိုဘိုင်းဖုန်း လိုင်းပေါင်း သန်း ၃၀ ဖြစ်အောင် လုပ်မည်ဟု ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် ယမန်နှစ် နှစ်လည်ထုတ်ပြန်သည့် စာရင်းဇယားများ အရ မိုဘိုင်းဖုန်း လိုင်းပေါင်း ၁.၃ သန်း ကျော်သာရှိသေးပြီး အထက်ပါ အစည်းအဝေးတွင် တင်ပြချက်အရ လာမည့် ငါးနှစ်အတွင်း တစ်နှစ်လျင် အနည်းဆုံး ၄သန်းမှ အများဆုံး ၈ သန်းအထိ တိုးချဲ့သွားမည်ဟု ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းထွန်းက ပြောဆိုသည်။
ထိုသို့မိုဘိုင်းဖုန်းလိုင်း အဆ ၃၀ နီးပါး တိုးပွားအောင်လုပ်ဆောင်ရာတွင် ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု  ဖေါ်ပြထားပြီး မြန်မာနိုင်ငံပိုင် ဆက်သွယ်ရေး ဂြိုဟ်တုတလုံးပါ လွှတ်တင်ရန် အဆိုပြုထားခဲ့သည်။
မြန်မာနိုင်ငံလူဦးရေ ၅၅ သန်းကျော်ရှိသည့်အတွက် မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ ရှိလာမည်ဆိုပါက လူ ၂ဦးလျင် မိုဘိုင်းဖုန်းလိုင်း တလိုင်းနှုန်း ဖြစ်လာမည်ဖြစ်ပြီး ယခုလက်ရှိ မြန်မာနိုင်ငံ၏ ဖုန်းသိပ်သည်းဆမှာ ၅ ရာခိုင်နှုန်း (လူ ၂၀ လျင်ဖုန်းလိုင်း ၁ လိုင်းနှုန်း) သာရှိသေးသည်ဟုလည်း ဆက်သွယ်ရေး ၀န်ကြီး၏ ပြောဆိုချက်အရ သိရသည်။
ယခုလို မိုဘိုင်းဖုန်းများပြားလာမည့် သတင်းအပေါ် ရန်ကုန်မှ ပွဲစားတဦးဖြစ်သူ ဦးထိန်ဝင်းက “ကောင်းတာပေါ့၊ များလာမယ်ဆိုရင် ဖုန်းဆင်းကဒ် ဈေးနှုန်းတွေ ကျလာမယ် ထင်တယ်။ အခုတလော ပွဲစားတွေ ပြောနေကြတယ်။ ငါးသောင်းနဲ့ ၀ယ်နိုင်မယ်လို့ ပြောနေကြတယ်၊ ဖြစ်လာမှာက ကောင်းပါတယ်။ ၀န်ဆောင်မှုလည်း ကောင်းဖို့လိုတယ်လို့ မြင်တယ်။ ဘာလို့ဆို အခုတောင် ဂျီအက်စ်အမ်တွေက လိုင်းမကောင်း၊ ၀န်ဆောင်မှုမကောင်းတာ နေ့စဉ်ကြုံနေရတယ်။ နောက်တချက်က ပြောဆိုခ လည်းအပြိုင်အဆိုင်နဲ့ သက်သာလာဖို့ လိုသေးတယ်လို့ ထင်တယ်” ဟုပြောသည်။
၂၀၀၄ ခုနှစ်ဝန်းကျင်က ဂျီအက်စ်အမ် နှင့် စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းများ ပြင်ပပေါက်ဈေး အမြင့်ဆုံး ကျပ်သိန်း ၅၀  (အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော် ခန့်) ၀န်းကျင်ထိ မြင့်တက်ခဲ့ပြီး ၂၀၀၆ ၀န်းကျင်တွင် သိန်း ၂၀ (အမေရိကန် ဒေါ်လာ ၂ ထောင်ကျော်ခန့်) အထိပြန်လည်ကျဆင်းလာခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အထိ ဖုန်းလိုင်း တလိုင်းဆက်သွယ်ခွင့်ရဖို့ရာ တရားဝင် ပေးသွင်းငွေ၊ သက်ဆိုင်ရာ ခွင့်ပြုချက်အတွက် လာဘ်ထိုးရငွေ တို့ကို ပေါင်းလိုက်ပါက ကျပ်ငွေသိန်း ဆယ်ဂဏန်းအထိ ကုန်ကျခံကြရသည်။ ၂၀၁၀ ခုနှစ် နှစ်ဆန်းတွင် ငါးသိန်းဖုန်းစတင်ရောင်းချသည့် နောက်ပိုင်း မိုဘိုင်းဖုန်းလိုင်း ၁ လိုင်းအတွက် ကျပ်ငါးသိန်း ၀န်းကျင်ထိ (အမေရိကန်ဒေါ်လာ ၆၀၀ ခန့်) ကျဆင်းလာခဲ့သည်။
ထိုကဲ့သို့ မိုဘိုင်းဖုန်း လိုင်း ၁ လိုင်းအတွက် ကုန်ကျစရိတ်ကျဆင်းလာသော်လည်း ဖုန်းပြောဆိုခမှာမူ  ၂၀၀၂ ခုနှစ်ဝန်းကျင်တွင် တမိနစ် ၅ ကျပ်မှ ၂၅ ကျပ်သို့၎င်း ယခုနောက်ဆုံး တမိနစ် ၅၀ ကျပ်အထိ မြင့်တက်လာခဲ့သည်။
အိမ်နီးချင်းနိုင်ငံများတွင် မိုဘိုင်းဖုန်းလိုင်း ၁ လိုင်းအတွက် ကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀ ၀န်းကျင်အထိသာရှိသည့် အချိန်တွင် မြန်မာနိုင်ငံတွင် ဒေါ်လာ ၆၀၀ ၀န်းကျင်အထိ ရှိနေသေးသည်ကိုတွေ့ရသည်။



စင်္ကာပူက မြန်မာအိမ်တွင်းမှုအလုပ်သမတွေရဲ့ ဘ၀ တစေ့တစောင်း - မိုးမခအထောက်တော် စင်္ကာပူ

ဧပြီ ၂၃၊ ၂၀၁၁
မြန်မာစစ်အုပ်စုက ကြေညာချက်ထုတ်လိုက်ရာမှာ မြန်မာအမျိုးသမီးတွေ ပြည်ပထွက် အလုပ်လုပ်တာကို ကန့်သတ်တယ်လို့ ဆိုတယ်။ ဂျာနယ်ထဲမှာ ပါတာ ပြောတာပါ။ ပြည်ပက အင်တာနက် သတင်းဌာနတွေကတော့ ပြောတာပဲ ရှိတယ်၊ ထွက်ပြီး အလုပ်လုပ်တဲ့သူကတော့ ရှိနေတာပဲ။ ၀န်ဆောင်မှုပေးတဲ့ ပွဲစားကုမ္မဏီတွေကလည်း အလုပ်ဖြစ်နေတုန်းပဲ လို့ ရေးနေကြတယ်။ ဒါက အလုပ်သမားညွှန်ကြားဦးစီးဌာနဘက်က သတင်းတွေဖြစ်တယ်။
နောက်တချက်ကတော့ နိုင်ငံကူးလက်မှတ်ရုံးက အနေအထားက အရင်တုန်းကတော့ အမျိုးသမီးတွေ ပတ်စ်ပို့လျောက်တာကို ကန့်သတ်ဖူးတယ်။ အခုကတော့ အကန့်အသတ်တွေ စိစစ်တာတွေ မရှိတော့ဘူး။ မိန်းကလေးတွေ ပြည်ပထွက်တာကို မျက်လုံးဒေါက်ထောက်ကြည့်ပြီး တဖက်ကလည်း လက်ကြီးတွေ ဖြန့်ထားတော့ ငွေမျက်နှာကြောင့် မျက်လုံးတွေလည်း စုံလုံးကန်းပြီး ပတ်စ်ပို့မှာ ၃ နှစ် သက်တမ်းတုံး နဲ့ မိန်းကလေးတွေ ကြီး ငယ်မဟူ လွတ်လပ်စွာ ပြည်ပထွက်ခွင့်၊ နိုင်ငံကူးလက်မှတ် ရယူခွင့် ရှိနေပါပြီ။ စည်းကမ်းတွေ ဥပဒေတွေနဲ့ ဘယ်လောက်ပဲ တားတယ် ဆိုဆို အကျင့်ပျက် ခြစားမှုတွေက ဥပဒေအပေါ်မှာ ရှိနေတာကို ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။
အခု ပြောချင်တာက အယင်လတုန်းက မြန်မာအမျိုးသမီးတွေအချို့ စင်္ကာပူပြည်ပမှာ အိမ်တွင်းမှုအလုပ်သမ (ရိုးရိုးအခေါ် - အိမ်ဖော်) အဖြစ် အလုပ်ပွဲစားတွေကတဆင့် လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အကြောင်းကို ဆက်ရေးမှာ ဖြစ်ပါတယ်။ စင်္ကာပူက အလုပ်အေဂျင်စီ၊ စင်္ကာပူ အစိုးရ၊ စင်္ကာပူက အိမ်ထောင်စုများ (မြန်မာမိသားစုတွေ အပါအ၀င်) က အိမ်တွင်းမှုအလုပ်သမ ဈေးကွက်ကို အားပေးတယ်၊ လိုအပ်တယ်။ သည်လုပ်ငန်းဟာ အစိုးရ၊ အိမ်ထောင်စု၊ အလုပ်သမားအေဂျင်စီ၊ အလုပ်သမားများအတွက် ၀င်ငွေ ဒေါ်လာ စင်္ကာပူ သန်းချီတဲ့ စီးပွားရေးလုပ်ငန်းကြီး ဖြစ်ပါတယ်။
အစိုးရနဲ့ အေဂျင်စီကတော့ စည်းကမ်း စည်းမျဉ်းများ ချမှတ်ပြီး အိမ်တွင်းမှုအလုပ်သမလုပ်ငန်းကို စီမံထိန်းသိမ်း ခန့်ခွဲပါတယ်။ အိမ်တွင်းမှုအလုပ်သမားတွေအတွက် ခံစားခွင့်၊ လစာ၊ အခွန်၊ အိမ်ထောင်စုများက ပေးရတဲ့ အလုပ်သမားခွန်၊ ဒဏ်ကြေး၊ လိုင်စင်ကြေး၊ ပွဲစားခ စသည်ဖြင့်တွေကို စနစ်တကျ ပြဌာန်းတာတွေ လုပ်ပါတယ်။ အလုပ်သမတွေကို အရည်အချင်းရှိဖို့၊ အိမ်ထောင်စုကိစ္စတွေ အိမ်တွင်းမှုကိစ္စတွေ ခေတ်နဲ့အညီ အမီ လုပ်ကိုင်နိုင်ဖို့ သင်ပေးတာ၊ စစ်ဆေးတာ၊ ဘာသာစကား အပြောအဆို အနေအထိုင် ဗဟုသု ရှိအောင် သင်ကြား စစ်ဆေး ကြည့်ကြပ်တာတွေ လုပ်ပေးတယ် ဆိုပါတယ်။ သည်တော့ သည်အလုပ်ဟာ ခေတ်သစ်ထဲက ရှေးဟောင်းအလုပ်တခု ဆိုပေမယ့် စည်းစနစ်နဲ့ ခေတ်မီမှုတွေ ရှိတယ်လို့ ဆိုရမယ် ထင်ပါတယ်။
ဥပမာ - အိမ်တွင်းအလုပ်သမဟာ ညအိပ်ရာဝင်ချိန်၊ အလုပ်သိမ်းချိန် သတ်သတ်မှတ်မှတ်ရှိတယ်။ အနားယူချိန်၊ အားလပ်ချိန်ရှိတယ်။ စနေ တနင်္ဂနွေမှာ နားခွင့် လည်ပတ်ခွင့် ရှိတယ်။ မိသားစု ပတ်ဝန်းကျင်နဲ့ ဆက်သွယ် ထိတွေ့ခွင့်တွေ ရှိတယ်။ ဒါ့အပြင် အိမ်တွင်းအလုပ်သမတွေဟာ သူတို့အားလပ်ရက်တွေမှာ အလုပ်လုပ်ရမယ် ဆိုရင်တော့ အိမ်ရှင်က သီးသန်း အပိုငွေကြေးပေးပြီး အချိန်ပိုလုပ်ခနဲ့ လုပ်ကြရတယ် ဆိုတယ်။ အားလပ်ရက်တွေမှာ စင်္ကာပူက စေတနာဝန်ထမ်းအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ အသက်မွေးသင်တန်းတွေ တက်ပြီး ဘ၀တက်လမ်း ရှာခွင့် ရှိတယ်လို့ သိရပါတယ်။
သို့သော် စကားချပ် ၀င်ပြောရရင်တော့ - အိမ်တွင်းအလုပ်သမ အထက်ပါအတိုင်း ခံစားခွင့်ရှိဖို့ကတော့ ကာယကံရှင်ကိုယ်တိုင်ရဲ့ ဗဟုသုတ ကိုယ်ခံ အရည်အချင်း၊ ပွဲစားများရဲ့ သဘောထားကြီးမှု၊ အိမ်ရှင်များရဲ့ အမြင်ကျယ်မှု ခွင့်ပြုမှုတွေအပေါ် အများကြီး မူတည်တယ်လို့ ပြောနိုင်ပါတယ်။ မည်သို့ပင် ခံစားခွင့်နဲ့ အခွင့်အရေးတွေ စည်းကမ်း ဥပဒေတွေ သတ်မှတ်ထားပါစေ မလိုက်နာသူတွေ၊ စည်းဖောက်သူတွေကတော့ အလုပ်သမား၊ အလုပ်ရှင်၊ အကျိုးဆောင်တွေ တဖက်ဖက်မှာတော့ ရှိနေမှာပါပဲ။
အလုပ်ပွဲစားတွေက အိမ်တွင်းအလုပ်သမကို အိမ်ရှင်ထံ အပ်ချိန်မှာ ၆ လ အစမ်းလုပ်ခွင့် ရှိတယ်။ နှစ်ဦး နှစ်ဖက် မကျေလည်ရင် ပြောင်းခွင့် ရှိတယ်လို့ ဆိုတယ်။ အဲသည် ၆ လ ကျော်ပြီး နောက်ပိုင်း ကိစ္စကတော့ အလုပ်သမားနဲ့ အလုပ်ရှင်နဲ့ တိုက်ရိုက်ဆိုင်တယ်။ ပွဲစားနဲ့ အစိုးရက ဥပဒေ စည်းကမ်းနည်းလမ်းအရ ၀င်ပြီး ဖြေရှင်းခွင့် ရှိတယ်လို့ ဆိုပါတယ်။
အလုပ်ပွဲစားတွေကိုအလုပ်သမတွေ ပေးရတဲ့ ပွဲစားခက စင်္ကာပူ ဒေါ်လာ ၂၁၀၀ လောက် ရှိတယ် ကြားပါတယ်။ အဲဒါကို ၇လ ဖြန့်ပြီး တလ ၃၀၀ နှုန်းနဲ့ ပွဲစားက ဖြတ်ယူတယ် ဆိုတယ်။ အဲသည်အတွင်းမှာ အလုပ်သမက ကျန်တဲ့ လစာကို ခံစားခွင့်ရှိတယ်။ မြန်မာတွေအတွက် ပျမ်းမျှလစာက ၃၅၀ ဆိုရင် ၅၀ကို ကာယကံရှင်က စုထားလို့ ရတယ်ပေါ့။
မြန်မာအလုပ်သမတွေကတော့ မည်သို့နည်းဖြင့် စင်္ကာပူသို့ ရောက်လာသည်ဖြစ်စေ မြန်မာသံရုံးမှာ အခွန်ဆောင်တာ၊ သက်တမ်းတိုးတာတွေကတော့ သူတို့ လမ်းကြောင်းတွေ လမ်းတွေနဲ့ လုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာသံရုံးကတော့ သူတို့သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ အခွန်ငွေတွေ သတ်မှတ်ကြေးတွေ ရနေရင် ကျန်တာ ဘာကိုမှ သိပ်ပြီး ဂရုမစိုက်ကြဘူးဆိုတာကတော့ အများသိပြီးသားပဲ နေမှာပါ။
အခု ဥပမာ အလုပ်သမ ၂ ဦးအကြောင်း ပြောပါ့မယ်။ ဖြစ်ရပ်မှန် ဗဟုသုတပေါ့။
ပထမ အိမ်တွင်အလုပ်သမကတော့ ခင်ခင်လို့ ဆိုကြပါစို့။ မြန်မာပြည် ပြန်သွားတာ ၁ နှစ်လောက် ရှိပြီ ထင်ပါတယ်။ (အမည်မှန် မဟုတ်ပါ)။ စင်္ကာပူနိုင်ငံသား မိသားစုထံမှာ အလုပ်လုပ်တာ ၄ နှစ် ကြာပါတယ်။ ပွဲစားတွေကတဆင့် လာတာပါပဲ။ အိမ်ရှင်တွေက ခွင့်ပြုလို့ အားပေးလို့ ပိတ်တဲ့ စနေ၊ တနင်္ဂနွေမှာ သက်မွေးပညာသင်တန်းတွေ တက်ပါတယ်။ သင်တန်းတွေကတော့ အစုံရှိပါတယ်။ ချက်နည်း ပြုတ်နည်း၊ ကိတ်ဖုတ်နည်း၊ အထည်ချုပ်၊ သတို့သမီးဝတ်စုံချူပ်နည်း၊ ဆံပင်ညှပ်၊ မိတ်ကပ် အလှပြင် စုံလို့ပါပဲ တဲ့။ အခု သင်တန်းတခု ကောင်းကောင်း ဖြစ်မြောက်အောင်တက်ပြီး မြန်မာပြည်ပြန်ပြီး ကိုယ်ပိုင်အလုပ်ကလေး ဖြစ်နေပြီလို့ သိရပါတယ်။ ဒီက အဆက်အသွယ်တွေနဲ့ စကာင်္ပူကိုလည်း ၀င်ထွက် ကုန်သည်လုပ်နေသေးတယ်လို့ ဆိုတယ်။
သင်တန်းတွေ ဘယ်မှာ ရှိသလဲဆိုတာကို ဒီဝက်ဆိုက်မှာ ကြည့်ပါ။
နောက်တဦးကတော့ ကြင်ကြင်လို့ပဲ ဆိုကြပါစို့။ သူကတော့ အိမ်ရှင်ဆီက ပိုက်ဆံတွေ ခိုးပြီး ထွက်ပြေးလို့ အခု စင်္ကာပူအချူပ်ထဲမှာ ရောက်နေပါတယ်။ (နံမယ်မှန်လည်း မဟုတ်ပါဘူး။ ပြောင်းထားတာပေါ့)။ သူကလည်း ပွဲစားက တဆင့် စင်္ကာပူနိုင်ငံသား မိသားစုထံမှာ အလုပ်လုပ်နေတာ ၃ နှစ် ရှိပြီ။ သူက အလုပ်က နားပြီး အိမ်ပြန်ချင်တာ ပေးမပြန်လို့ ဇွတ် အိမ်က ထွက်ပြေးလာတယ် ဆိုတယ်။ သူက အိမ်ရှင်ဆီက ငွေအနည်းငယ်လည်း ခိုးယူလာတယ် ဆိုတယ်။
အခုလိုမျိုး အိမ်တွင်းမှုအလုပ်သမတွေမှာ ပြသနာတွေ ဖြစ်ရင် ဖြေရှင်းပေးဖို့ အဖွဲ့တွေ၊ စေတနာဝန်ထမ်းတွေ၊ ဘာသာရေးအသင်းတွေ ရှိပါတယ်။ ရှေ့နေတွေလည်း ရှိပါတယ်။ ထွက်ပြေးတာက ရိုးရိုးထွက်ပြေးတာဆို သိပ်မဆိုးပေမယ့် အိမ်ရှင်ဆီက ခိုးယူလာတာမျိုတွေဆိုရင် အမှုက ကြီးပါတယ်။ အိမ်ဖော်တွေဖက်က ကူညီင်္ပေးမယ့်သူတွေကလည်း ဒါမျိုးဆိုရင်တော့ အာဏာပိုင်တွေလက်ထဲပဲ ထည့်တာ များပါတယ်။ (မြန်မာသံရုံးကတော့ ဘာမှ ၀င်ကူခြင်း မရှိပါဘူးဆိုတာတော့ ထပ်မပြောတော့ပါဘူးနော်)။
အိမ်ရှင်ထံက အိမ်တွင်းအလုပ်သမ ထွက်ပြေးရင် ၂ ဖက်စလုံး မသက်သာပါဘူးလို့ ဆိုတယ်။ အလုပ်သမကို မိရင် ထောင်ချမယ်၊ လေယာဉ်စရိတ်ကို ပွဲစားသို့မဟုတ် အိမ်ရှင်က စိုက်ပေးရင် ချက်ခြင်း ပြန်ပို့လိုက်မယ်။ မပေးနိုင်ရင်တော့ အကျဉ်းထဲမှာ ချမှတ်ထားတဲ့ ဒဏ်အတိုင်း နေရမယ်လို့ ဆိုတယ်။ အိမ်တွင်းအလုပ်သမကို မမိတော့ရင်တော့ အိမ်ရှင်က အစိုးရထံမှာ အာမခံငွေ တင်တာ ဆုံးတယ်။ ငွေ ၁ သောင်းလောက်တောင် ဆုံးနိုင်တယ်၊ ဒဏ်ချတယ်လို့ ဆိုတယ်။ အိမ်တွင်းအလုပ်သမကို ဖမ်းမိရင်တောင်မှ အိမ်ရှင်က နောက်ထပ် အလုပ်သမငှားဖို့ မလွယ်တော့ဘူး၊ နံမယ်ပျက်စာရင်းထဲ ၀င်သွားလို့ အသနားခံစာ တင်ရ၊ ဘာညာ အလုပ်ရှုပ်တယ် ဆိုတယ်။
ကြင်ကြင်ရဲ့ အမှုကတော့ ပွဲစားကော၊ အိမ်ရှင်ကပါ ဘာမျှ ၀င်ပြီး ကူညီခြင်း မရှိလို့ အချုပ်ထဲမှာ ရက်ပြည့်အောင် နေရမယ်။ နောက်ပြီးမှ ပြည်နှင်မယ်လို့ ခန့်မှန်းကြပါတယ်။ စင်္ကာပူထောင်တို့ အချူပ်တို့ဆိုတာလည်း သက်သာလှတယ် မဟုတ်ဘူးလို့ ပြောပါတယ်။ အချုပ်ခန်းတွင်းမှာ လေအေးစက်ကို အစွမ်းကုန်မြှင့်ဖွင့်ထားလို့ အလွန်အေးစိမ့်တယ်၊ စည်းကမ်းတွေ တင်းကြပ်တယ်။ အစားအသောက် ပုံမှန် ကောင်းစွာ ကျွေးတာကလွဲလို့ တကိုယ်ရေသန့်ရှင်းရေးအတွက် ဘာမှ ကောင်းမွန်အောင် ထားမပေးဘူးလို့ အထဲ ရောက်ဖူးသူ အမျိုးသမီးအချို့က ပြောတာ ကြားရပါတယ်။
မြန်မာအသိုင်းအ၀ိုင်းထဲက မြန်မာအလုပ်သမားနဲ့ မြန်မာအလုပ်သမတွေကို ကာကွယ်ဖို့၊ ပညာပေးဖို့၊ စောင့်ရှောက်ဖို့၊ မြှင့်တင်ရေးတွေ လုပ်ဖို့ ဆောင်ရွက်နေသူတွေ လက်ချိုးရေလို့ ရပါတယ်။ အများကြီး မထွန်းကားသေးဘူး။ အခြား လူမျိုးစုတွေကတော့ သူတို့ သံရုံးတွေ အပါအ၀င် ကူညီမှုတွေ၊ စောင့်ရှောက်မြှင့်တင်မှုတွေ လုပ်နေတာရှိတယ်။ မြန်မာတွေကိုလည်း လက်တွဲ ကူညီမှုပေးတယ် ဆိုတယ်။ တချို့ကတော့လည်း အဲသည်လို ပင်ပန်းဆင်းရဲအလုပ်လုပ်နေသူ၊ ပညာဥာဏ် နဲ့ ကံအကျိုးပေး ချို့တဲ့သူတွေကို မပတ်သက်ချင်တာ ရှိတယ်။ အားနည်းတဲ့သူတို့တတွေကိုပဲ ပြန် လက်ညိုးထိုးပြီး အပြစ်တင်တာမျိုးရှိတယ်။ သူတို့ကြောင့် မြန်မာတွေ နာမည်ပျက်တယ်ပေါ့လေ။ သို့သော် လူသားတဦးအနေနဲ့ ကူညီ စောင့်ရှောက်မှုကတော့ ပေးဖို့ အားပေးဖို့တော့ လိုတယ် ထင်ပါတယ်။ မသိသေးသူတွေ၊ ဥပက္ခာပြုနေသူတွေကိုလည်း အခုလို ဆောင်းပါးမျိုးတွေနဲ့ ဗဟုသုတအဖြစ် မျှဝေပေးဖို့ လိုမယ် ထင်ပါတယ်။
(Photo credit - http://s6.zetaboards.com/man/topic/8681172/1/ မြန်မာအလုပ်သမတွေ နဲ့ အခြားတိုင်းပြည်တွေ အိမ်တွင်းအလုပ်သမတွေအကြောင်း ဆွေးနွေးတဲ့ ဖိုရမ်တခုက ဖြစ်ပါတယ်။ ဖတ်ကြည့်ပါဦး သူတို့ ဘာတွေ ရေးသလဲ။ ကိုယ့်အကြောင်းတွေ … )

ယခင်သန်းရွှေ၏ အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းစိန်ဖြစ်လာ - မိုးမခအထောက်တော် ရန်ကုန်

ဧပြီ ၂၃၊ ၂၀၁၁
ယခင် နအဖ စစ်အစိုးရ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတာဝန်ယူခဲ့သည့် အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေး အဖွဲ့ဥက္ကဌရာထူးကို လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အားလွှဲအပ်ခဲ့ သည်ကိုယနေ့ထုတ် အစိုးရ သတင်းစာဖေါ်ပြချက် အရသိရှိရသည်။
ယနေ့ထုတ် သတင်းစာတွင် အဆိုပါ အဖွဲ့၏ ၂၀၁၁ ခုနှစ်အတွက် ပထမဆုံး အကြိမ် အစည်းအဝေးတွင် ဥက္ကဌဖြစ်သူ ဦးသိန်းစိန်ဟု ဖေါ်ပြပါရှိပြီး လမ်းတံတားဖေါက်လုပ်ရေး၊ ရေနံနှင့် သဘာဝဓါတ်ငွေ ထုတ်လုပ်မှု၊ စက်မှုလုပ်ငန်း စီမံကိန်းများ တယ်လီဖုန်း ဆက်သွယ်ရေး နှင့်ပတ်သက်သည့် ကိစ္စများဆွေးနွေးခဲ့သည်ဟု ဖေါ်ပြထားသည်။
အဆိုပါရာထူးမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတာဝန်ယူထားသည့် ရာထူးဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရယူထားသည့် ရာထူး ၆ ခုအနက် နအဖ ဥက္ကဌ၊ ကာကွယ်ရေး ၀န်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ်၊ အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေး အဖွဲ့ဥက္ကဌ ဆိုသည့် ရာထူး ၄ ခုမှ အနားယူခဲ့သည်ကို ယခုအချိန်ထိ အတည်ပြုနိုင်ပြီး ကျန် ရာထူး ၂ ခုဖြစ်သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖေါ်ရေး ဗဟိုကော်မတီဥက္ကဌ နှင့် ကြံ့ဖွံ့အသင်း(ယခုအခါ ပါတီ)၏ နာယက ရာထူးတို့မှ အနားယူမယူကိုမူ အတည်မပြုနိုင်သေးပေ။
အထူးစီမံကိန်း အကောင်အထည်ဖေါ်ရေး အဖွဲ့အစည်းအဝေးတွင် ဦးသိန်းစိန်က ပြောကြားရာတွင် “မိမိတို့နိုင်ငံသည် ရေ၊ မြေ၊ သဘာဝ သယံဇာတများရှိပါလျက်နှင့် အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့သည်ကို အားလုံး အသိပင်ဖြစ်ကြောင်း” ဟု တိုင်းပြည်ခေတ်နောက်ကျမှုကို ၀န်ခံဖေါ်ပြခဲ့သော်လည်း အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်းမရှိပေ။
အထူးသဖြင့် စီးပွားရေး ပေါ်လစီညံ့ဖျင်းမှု၊ တလွဲစီမံခန့်ခွဲမှုနှင့် လွတ်လပ်စွာ ပြိုင်ဆိုင်လုပ်ကိုင်ခွင့်မရှိပဲ စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများ၏ အကျိုးစီးပွားကို ကာကွယ်ပေးမှု စသည့် အကြောင်းအချက်များနှင့် ပတ်သက်ပြီး ဖေါ်ပြပြောဆိုခဲ့သည်ကို မတွေ့ခဲ့ရဟု ရန်ကုန်အခြေစိုက် စီးပွားရေး သတင်းထောက် တယောက်က ပြောသည်။



အင်န်အယ်ဒီပါတီက ကြံ့ဖွံ့အစိုးရသစ်ကို တရားဥပဒေစိုးမိုးရေး အတွက် တိုက်တွန်း - မိုးမခအထောက်တော် ၀၀၃

ဧပြီ ၂၆၊ ၂၀၁၁
ယမန်နေ့ ဧပြီ ၂၅ နေ့စွဲနဲ့ အင်န်အယ်ဒီပါတီက ထုတ်ပြန်ရာမှာ ယခုအသစ်တက်လာတဲ့ အစိုးရသစ်ဟာ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရန် တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
         ယခင် နအဖစစ်အစိုးရ လက်ထက်ကတည်းက လူအများကို ဖမ်းဆီးခြင်း၊ တရားစီရင်ခြင်းတို့ ပြုလုပ်ရာမှာ ပြဋ္ဌာန်းထားသော တရားဥပဒေနဲ့အညီ စီမံဆောင်ရွက်မှု မရှိခဲ့ကြောင်း၊ ယခုအချိန် အစိုးရအသစ်တက်လာတော့လည်း အစိုးရလုံခြုံရေးတပ်ဖွဲ့များက အင်းစိန်ထောင်အတွင်း တရားစီရင်ရာတွင် တရားဥပဒေလုပ်ထုံး လုပ်နည်းများကို လိုက်နာခြင်း မရှိသေးကြောင်း၊ သို့ဖြစ်ပါ၍ လက်ရှိသမ္မတကြီးက တရားဥပဒေစိုးမိုးမှုများ ရရှိစေရန် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းသည့်စာကို အများပြည်သူသိရှိစေရန် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
         မတ်လ ၃၀ ရက်နေ့ နောက်ပိုင်း စစ်အုပ်စုက ၎င်းတို့ရွေးချယ်ထားသော ကြံ့ဖွံ့အစိုးရကို အာဏာလွှဲလိုက်သည့်အချိန်က စပြီး မြန်မာပြည်၏ ဒီမိုကရေစီရေး လှုပ်ရှားမှု၏ ဦးဆောင် အတိုက်အခံပါတီ အင်န်အယ်ဒီက သမ္မတသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့ကို တွေ့ဆုံဆွေးနွေး စကားပြောဆိုခြင်းအတွက် ရည်ရွာယ်သောအမူအရာများ စတင်ကမ်းလှမ်း ဖိတ်ခေါ်လာခြင်း ဖြစ်သည်ဟု နိုင်ငံရေးသုံးသပ်တို့က မှတ်ချက်ပေးသည်။
         သည်နေရာမှာ အင်န်အယ်ဒီထုတ်ပြန်ချက်ကို ဖတ်ရှုနိုင်ပါသည်။
        

ပုဂ္ဂလိက စက်သုံးဆီဆိုင်များ လုပ်ကိုင်ခွင့် ရရှိမှု တစ်နှစ်ပြည့်သော်လည်း ပုဂ္ဂလိကဆိုင်စနစ်တွင် လိုအပ်ချက်များရှိနေ

from ပြည်တွင်းသတင်း
မြန်မာတစ်နိုင်ငံလုံးတွင် ရှိသော စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ စက်သုံးဆီ အရောင်းဆိုင် ၂၄၆ ခုနှင့် ဆိုင်သစ်များ လုပ်ကိုင်ခွင့်ကို ပုဂ္ဂလိကပိုင် ပြုလုပ်ပေးမှုမှာ တစ်နှစ် ပြည့်မြောက်ပြီ ဖြစ်သော်လည်း ပုဂ္ဂလိက ဆိုင်စနစ်မှာ လိုအပ်ချက်များ ရှိနေဆဲဟု သုံးစွဲသူများက ဆိုသည်။ အဓိကအားဖြင့် လွတ်လပ်စွာ ၀ယ်ယူနိုင်သည့် ပုဂ္ဂလိက စက်သုံးဆီ ဆိုင်စနစ်ဟု ခေါင်းစဉ် တပ်ထားသော်လည်း လိုအပ်သလို အချိန်ကုန် သက်သာစွာဖြင့် ၀ယ်ယူမရရှိခြင်း၊ ဈေးပြိုင်စနစ်ဟု ဆိုသော်လည်း အမြင့်ဈေးတွင်သာ အပြိုင်တင်ခြင်း၊ အထူးသဖြင့် ဓာတ်ဆီဆိုပါက ယခင် ဌာနဆိုင်ရာမှ အုပ်ချုပ် လုပ်ကိုင်စဉ်ကအတိုင်း စာအုပ်ဖြင့် ရောင်းပေးသည့် နှုန်းအတိုင်းပင် ထုတ်ယူရခြင်း၊ နယ်မြို့များတွင် မှောင်ခိုဈေးကွက်ကိုသာ အားထားနေရခြင်း အချက်များ ပြုပြင်လုပ်ကိုင်ရန် လိုအပ်ခြင်း ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။ အထူးသဖြင့် ပမာဏ အများအပြား ၀ယ်ယူမှုမရှိဘဲ ပုံမှန်အရေအတွက် အတိုင်းဖြင့်သာ ၀ယ်ယူသုံးစွဲသည့် နယ်မြို့များတွင် သွားရောက် ဖွင့်လှစ်ခြင်း မရှိသည့်အတွက် မှောင်ခိုဈေး (ဆိုင်ထုတ်ဈေးထက် နှစ်ဆ မြင့်သည့်ဈေး) ဖြင့် အသုံးပြုနေရခြင်းမှာ ပုဂ္ဂလိကဆိုင်စနစ်နှင့် မကိုက်ညီကြောင်း  သုံးသပ်ကြသည်။ “ကျွန်တော်တို့ နယ်မြို့လေးတွေမှာ ပုဂ္ဂလိက စက်သုံးဆီဆိုင် မရှိဘူး။ မြို့ပေါ်က ဆိုင်တွေမှာထုတ်ပြီး ပြန်ရောင်းတဲ့ ဈေးကွက်ပဲရှိတဲ့အတွက် နှစ်ဆဈေးနဲ့ ပေးသုံးရတယ်။ ကျွန်တော်တို့မြို့လည်း ဓာတ်ဆီ၊ ဒီဇယ်သုံးစွဲမှုက ထိုက်သင့်သလောက်တော့ ရှိပါတယ်။ မကိုက်လို့ လာမဖွင့်တဲ့ ပုံစံဖြစ်နေတာတော့ သူ့ဘက်ပဲ လုပ်ငန်းရှင်က ကြည့်လွန်းတယ်။ ပုဂ္ဂလိက ဆိုင်စနစ် ကောင်းလား မကောင်းလားတော့ မသိဘူး၊ ခုထိကို ပုဂ္ဂလိကဆိုင်တောင် မြို့မှာမမြင်ဖူးဘူး” ဟု ငပုတောမြို့ခံတစ်ဦးက ဆိုသည်။ စက်သုံးဆီဆိုင် တစ်မျိုးတည်း မဟုတ်ဘဲ အများပြည်သူနှင့် ဆိုင်သော မည်သည့်ကဏ္ဍတွင်မဆို ပုဂ္ဂလိကစနစ် မအောင်မြင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အများနှင့်ဆိုင်သော လုပ်ငန်းများအား လူနည်းစုသာ လုပ်ကိုင်သည့်အတွက် မနိုင်နင်းခြင်း၊ ရရှိသည့် လူနည်းစုထဲတွင်မှ အများစုမှာ ကိုယ်ကျိုးသာ ကြည့်ခြင်းများကြောင့်ဖြစ်ကြောင်း စီးပွားရေးဆိုင်ရာ ပညာရှင်များ၊ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။  “နယ်မြို့တွေမှာ စက်သုံးဆီဆိုင်တွေ သွားမဖွင့်ဘဲ လူနေ ထူထပ်တဲ့မြို့ပဲ ဖွင့်ကြတဲ့အတွက် နယ်မြို့မှာ လိုအပ်ချက်တွေ ဖြစ်ကုန်တယ်။ မြို့ပေါ်က ဆီကို ရောင်းသလောက်ဈေးနဲ့ ၀ယ်သုံးရတယ်။ ဒီဈေးကွက် အမြတ်ကြီးမှန်းသိတော့ ဒီအတိုင်းပဲ ဆက်နေကြတယ်။ ဒီတော့ ဒီဈေးကွက်က ဆက်ပြီး ကြီးထွားလာတယ်။ ဒါပါပဲ၊ ပုဂ္ဂလိက ဆိုင်စနစ် မအောင်မြင်တာက မြတ်မယ့်နေရာပဲ ဆိုင်ဖွင့်ပြီး အမြတ်နည်းတဲ့နေရာ လျစ်လျူရှူတယ်၊ လူနည်းနည်းပဲ လုပ်ကိုင်ကြတဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာ လိုအပ်ချက်ကို တကယ်တမ်း မဖြည့်နိုင်ဘူး။ ဒီလို အများနဲ့ဆိုင်တဲ့ ကဏ္ဍတွေမှာ Crony စီးပွားရေးပုံစံ စနစ်က အောင်မြင်မှာ မဟုတ်ပါဘူး။ ကျယ်ပြန့်တဲ့ ကဏ္ဍကို မနိုင်မနင်း စီမံရမှာ ဖြစ်လို့ပါ” ဟု လုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ်ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။"


သစ်တောပြုန်းတီးမှု၊ ရွှေတူးဖော်ရေးလုပ်ငန်း များပြားမှုတို့ကြောင့် မြစ်ဆုံဒေသ၌ မြေဆီလွှာ တိုက်စားမှုများ ပိုမိုလာပြီး ရေပြင်ညစ်ညမ်းခြင်း ယခင်ကထက် ပိုသိသာလာ

from ပြည်တွင်းသတင်း
မြန်မာနိုင်ငံ မြောက်ဖျားပိုင်းတွင် တည်ရှိသည့် မြစ်ဆုံဒေသ၌  သစ်ပင်သစ်တော ပြုန်းတီးမှု များပြားခြင်း၊ ရွှေတူးဖော်ရေးလုပ်ငန်း များပြားခြင်းတို့ကြောင့် မြေဆီလွှာ တိုက်စားမှုများ ပိုမိုလာပြီး ရေပြင်ညစ်ညမ်းခြင်း သည်လည်း ယခင်ထက် သိသာလာကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။ မေခနှင့် မလိခမြစ်တို့ ဆုံရာ ဧရာဝတီမြစ်ဆုံဒေသသည် ကချင်ပြည်နယ်၌ တည်ရှိပြီး သစ်ပင်သစ်တောများ ပြုန်းတီးလာမှု၊ သဘာဝပတ်ဝန်းကျင်ကို ပြောင်းလဲစေမှု၊ ရွှေတူးဖော်ရေးလုပ်ငန်း များပြားလာမှုတို့ကြောင့် မြေဆီမြေနှစ်များ မြစ်အတွင်းသို့ တိုက်စားရောက်ရှိမှု ပိုမိုလာကြောင်း သိရသည်။ “မြစ်ဆုံက ရေအရောင်ဟာ အခုနောက်ပိုင်း ပိုပြီးနီလာတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ ဒီလို မဟုတ်ပါဘူး။ ကြည်လင်နေပြီး တော်တော်လည်း လှခဲ့ပါတယ်။ အခုကတော့ တောင်ကတုံးတွေ များလာပြီး မြစ်ဆုံမှာလည်း ရွှေတူးကြတာတွေ များလာတော့ ရေအရောင်ကလည်း ပြောင်းလာတယ်။ မိုးရွာချိန်မှာ တော်တော်သိသာပါတယ်” ဟု မြစ်ကြီးနားမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။ ဧရာဝတီမြစ်သည် မြစ်ဖျားပိုင်းဒေသ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှု အားနည်းလာမှု၊ ရေအရင်းအမြစ် နည်းပါးလာမှု၊ မြစ်၌ အနည်အနှစ် ပို့ချခြင်း များပြားလာမှု စသည်တို့ကြောင့် မြစ်အတွင်း သောင်ထွန်းမှုများလည်း ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များအတွင်း သိသာလာခဲ့ကာ ၂၀၁၁ ခုနှစ်တွင်မူ ပိုမို သိသာသော အနေအထားသို့လည်း ရောက်ရှိလာခဲ့သည်။ “မြစ်ဆုံကို ပြည်တွင်းပြည်ပ ဧည့်သည်တွေ ပို့ပေးဖို့ မကြာမကြာ ရောက်ဖြစ်တယ်။ ဟိုတုန်းကတော့ ရွှေတူးကြတာက တစ်နိုင်တစ်ပိုင်ပဲ၊ အခုနောက်ပိုင်းတော့ စက်ကြီးတွေ သုံးပြီး လုပ်ကြတာ ပိုများလာတယ်။   ရွှေလုပ်ငန်းမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကလည်း ရေစီးနဲ့အတူ မြစ်ထဲရောက်၊ မြေဆီတွေကလည်း မြစ်ထဲရောက်နဲ့ ရေအရောင်က တော်တော် ပြောင်းလာတာလည်း သတိထားမိပါတယ်။ နောက်ပြီး မြစ်ကမ်း တစ်လျှောက်မှာလည်း သစ်ပင်ကြီးတွေ မရှိတော့ဘဲ တောင်ကတုံးတွေ များလာတော့ မိုးရွာရင် မိုးရေနဲ့အတူ မြေဆီတွေပါ ပါလာတာပဲ”ဟု မြစ်ကြီးနားမြို့မှ လူငယ်တစ်ဦးက ဆိုခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

အင်တာနက် ဝန်ဆောင်မှုနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း နယ်ပယ်အသီးသီးမှ သုံးစွဲသူများက အကြံပြု
from ပြည်တွင်းသတင်း
နည်းပညာသုံးစွဲနိုင်မှု ကွာဟချက် (Digital Divide)က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေနိုင်ပြီး အင်တာနက် ၀န်ဆောင်မှုနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သင့်ပြီ ဖြစ်ကြောင်း နယ်ပယ်အသီးသီးမှ သုံးစွဲသူများက အကြံပြု ပြောဆိုခဲ့ကြပါသည်။ ''ဒီနေ့ခေတ်က Borderless IT ခေတ် ဖြစ်လာတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုရဲ့ အဓိကနေရာမှာ နည်းပညာက ဦးဆောင်လာတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုအချိန်မျိုးမှာ မြို့ပြကျေးလက်အရ သာမကပဲ နိုင်ငံအလိုက်ပါ နည်းပညားသုံးစွဲနိုင်မှု ကွာဟချက် (Digital Divide) ဖြစ်နေမယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေနိုင်တာ အမှန်ပါပဲ'' စင်ကာပူအခြေစိုက် Klevin Chia ဥပဒေအကျိုးဆောင်လုပ်ငန်း၏ မြန်မာနိုင်ငံရုံးတာဝန်ခံ ဦးသန်းမောင်က ပြောပြပါသည်။ ''အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို အစရှိတဲ့ နိုင်ငံတွေရဲ့ တိုးတက်မှုကို လေ့လာကြည့်မယ်ဆိုရင် နည်းပညာကို အသုံးချနိုင်မှု ကွာဟချက် (Digital Divide) ကို ကျဉ်းမြောင်းအောင် လုပ်ဆောင်နိုင်တာကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ နည်းပညာနဲ့ နည်းပညာရဲ့ စွမ်းအားကို အသုံးချနိုင်ခဲ့တာက တိုးတက်မှုရဲ့ အဓိကအချက် ဖြစ်နေတယ် ဆိုတာကို အထင်အရှား တွေ့မြင်ရပါတယ်။ Digital Divide ကို ကျဉ်းမြောင်းအောင် လုပ်ဆောင်ခြင်းက တိုးတက်မှုကို ဖြစ်ပေါ်စေတယ်လို့ ယူဆမိပါတယ်'' ဟု Myanmar Book Centre ၏ စီအီးအို ဒေါက်တာသန့်သော်ကောင်းက ပြောပြပါသည်။ မျက်မှောက်ခေတ် အနေအထားအရ နည်းပညာ သုံးစွဲခြင်း ဆိုသည် ဇိမ်ခံပစ္စည်း(Luxury goods) သုံးစွဲခြင်း မဟုတ်တော့ဘဲ လူတိုင်းအတွက် အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့ကြောင်း ဦးသန်းမောင်က သုံးသပ်ပါသည်။ ''နည်းပညာကို သုံးစွဲနိုင်မှုဆိုတဲ့ နေရာမှာ အခြေခံအားဖြင့် အင်တာနက်ပေါ့။ အင်တာနက် သုံးစွဲရာကနေ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အပါအ၀င် အခြားကိစ္စတွေမှာ အသုံးချလို့ရမယ့် နည်းလမ်းတွေ ရလာမှာပါ။ ကျွန်တော်တို့ဆီမှာတော့ ကျေးလက်တွေမှာ အင်တာနက်သုံးဖို့ အလှမ်းကွာနေပါသေးတယ်။ နိုင်ငံတကာမှာတော့ ကျေးလက်မြို့ပြ သာမကပဲ နိုင်ငံအချင်းချင်း ချိတ်ဆက်မှုမှာ အင်တာနက်က အရေးပါလာပါတယ်'' ဟု ဒေါက်တာ သန့်သော်ကောင်းက ဆိုပါသည်။ နည်းပညာသုံးစွဲနိုင်မှု ကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် အခြေခံ အချက်ဖြစ်သော အင်တာနက် သုံးစွဲခွင့် ရရှိရေးတွင် ထိုသို့ သုံးစွဲခွင့် ရရှိရန်အတွက် အင်တာနက် တပ်ဆင်စရိတ် သက်သာရန်မှာ အရေးပါကြောင်း ပြောဆိုခဲ့ကြပါသည်။ နည်းပညာကွာဟမှု (Digital Divide) ဖြစ်ရသည့် အကြောင်းအရင်းများတွင် အင်တာနက် တပ်ဆင်ခနှုန်းထား ကြီးမြင့်နေခြင်းက အချက်တစ်ချက် ပါဝင်နေသကဲ့သို့ အင်တာနက်မြန်နှုန်း ကျဆင်းခြင်းကလည်း အချက်တစ်ချက် ဖြစ်နေခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကုန်သွယ်ရေး ပို့ကုန်သွင်းကုန် လိုင်စင်များနှင့် အကျိုးတူ ဖက်စပ်ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြားလုပ်ငန်းများ စိစစ်ခွင့်ပြုပေးနေသော ကုန်သွယ်ရေးကောင်စီကို ဖျက်သိမ်း

from ပြည်တွင်းသတင်း
ပြည်တွင်း ကုန်သွယ်ရေး လုပ်ငန်းများမှ လျှောက်ထားသော ပို့ကုန်သွင်းကုန် လိုင်စင်များနှင့် အကျိုးတူ ဖက်စပ် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြားလုပ်ငန်းများ၏ လျှောက်ထားမှုများအား စိစစ်ပေးနေသော ကုန်သွယ်ရေး ကောင်စီအား ဧပြီလ ၁၂ ရက်နေ့ မတိုင်မီက ဖျက်သိမ်းခဲ့ကြောင်း ကုန်သွယ်ရေးနှင့် စီးပွားရေး အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရပါသည်။ “ကုန်သွယ်ရေးကောင်စီကို သင်္ကြန်မတိုင်မီက ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။ သင်္ကြန်မတိုင်မီက တင်ခဲ့တဲ့ ကုန်သွယ်ရေး လိုင်စင်တွေကို ၂၅ ရက်နေ့မှာ ချထားပေးမယ်လို့ သိရတယ်။ အရင်က လိုင်စင်တစ်စောင်ကို အစည်းအဝေး သုံးခါ ထိုင်ပြီးမှ ထုတ်ပေးနေတာပါ။ အခု ကုန်သွယ်ရေးကောင်စီ  (Trade Council - TC) မရှိတော့ဘူး။ ပို့ကုန်သွင်းကုန် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ(Export Import Coordinating Committee -EICC) နဲ့ ပို့ကုန်သွင်းကုန် ကြီးကြပ်ရေးကော်မတီ (Export Import Supervising Committee- EISC) ပဲ ရှိတော့မှာပါ။ EICC က တစ်နေ့တစ်ခါ အစည်းအဝေး ထိုင်တယ်။ EISC က တစ်ပတ်တစ်ခါ အစည်းအဝေး ထိုင်တယ်။ ဒီပုံစံအတိုင်းဆို လိုင်စင်တစ်စောင်ကို တစ်ပတ်နဲ့ ရနိုင်တော့မယ့် အနေအထားပါ” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားပါသည်။ “ပြည်တွင်းမှာ ဖက်စပ် ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံခြားလုပ်ငန်းတွေ အနေနဲ့ အရင်တုန်းက ကုန်သွယ်ရေးကောင်စီရဲ့ သဘောတူ ခွင့်ပြုချက် လိုပါတယ်။ နိုင်ငံခြားလုပ်ငန်းရဲ့ လျှောက်ထားမှုကို ကုန်သွယ်ရေးကောင်စီက စဉ်းစားစိစစ်ပါတယ်။ လိုအပ်ချက်ရှိရင် ပြန်တင်ပြရပါတယ်။ ရင်းနှီးမြှုပ်နှံမယ့် ကဏ္ဍမှာ တာဝန်ယူထားတဲ့ ၀န်ကြီးတစ်ဦးကပဲ ဆုံးဖြတ်လို့ မရပါဘူး။ ကောင်စီမှာပါတဲ့ ၀န်ကြီးတွေ အားလုံးက စဉ်းစားစိစစ်တာပါ။ ခွင့်ပြုချက်တစ်ခုရဖို့ နှစ်နှစ်ကနေ သုံးနှစ်ထိ စောင့်ရပါတယ်” ဟု နိုင်ငံခြားလုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်း ဆောင်ရွက်ဖူးသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။ ယင်းကဲ့သို့ ကုန်သွယ်ရေးကောင်စီ ဖျက်သိမ်းခဲ့ခြင်းကြောင့် ဖက်စပ်လုပ်ငန်းများ တည်ထောင်လိုသော နိုင်ငံခြားလုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသော သက်ဆိုင်ရာ ၀န်ကြီးဌာနဖြင့်သာ ညှိနှိုင်းခွင့်ပြုချက် ရယူ၍ လုပ်ငန်းဆောင်ရွက်နိုင်ဖွယ် ရှိသည်ဟု ထင်မြင်သုံးသပ်မှုများ ရှိနေပါသည်။ ထို့ပြင် ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းများ လျှော့ချပေးခြင်းအပြင် လုပ်ငန်းဆောင်ရွက်ရန် လွယ်ကူချောမွေ့သော စည်းမျဉ်းစည်းကမ်းများဖြင့် လုပ်ငန်းလည်ပတ်ရမည်ဆိုပါက   လုပ်ငန်းဆောင်ရွက်နိုင်စွမ်းနှင့် လုပ်ငန်း အခြေအနေ တိုးတက်လာနိုင်ဖွယ်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်ရသော လုပ်ထုံးလုပ်နည်း နှင့် အခြားနိုင်ငံများ၏ လုပ်ထုံးလုပ်နည်းများနှင့် ချိန်ဆပါက သုံးဆ၀န်းကျင် ကွာခြားမှုကြောင့် ယှဉ်ပြိုင်နိုင်စွမ်း လျော့နည်းစေကြောင်း၊ ထိုသို့ စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ လွယ်ကူချောမွေ့လာပါက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်တက်လာနိုင် သည်ဟု လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြကြောင်း ၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပလတ်စတစ်အိတ် စက်ရုံများအားလုံး ပိတ်သိမ်းရန် အမိန့်စာထွက်

from ပြည်တွင်းသတင်း
"
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပလပ်စတစ်အိတ် အမျိုးမျိုး (ကြွပ်ကြွပ်အိတ်မျိုးစုံနှင့် ပလပ်စတစ်ကြိုး) ထုတ်လုပ်သည့် လုပ်ငန်းများအား ဧပြီလ ၂၁ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းရန် သက်ဆိုင်ရာ မြို့နယ်အလိုက် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများမှ စက်ရုံများသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သတင်းရရှိပါသည်။ ဧပြီလ ၂၀ ရက်နေ့ ရက်စွဲဖြင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ လုပ်ငန်းပိတ်သိမ်းရန်အတွက် ပလတ်စတစ်အိတ် ထုတ်လုပ်သည့် လုပ်ငန်းများသို့ အကြောင်းကြားခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပလတ်စတစ်အိတ် အမျိုးမျိုး ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားကာ ပိတ်သိမ်းရန် ယခင်ကတည်းက ၀န်ခံကတိပြုလက်မှတ် ရေးထိုးထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။ သို့သော် ယခုအချိန်ထိ ပိတ်သိမ်းမှု မရှိသေးသည့်အတွက် ထပ်မံ၍ ၂၀၁၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းရန် အကြောင်းကြားခြင်းဖြစ်ကြောင်း၊ အကယ်၍ ပိတ်သိမ်းခြင်း မပြုပါက လုပ်ငန်းလိုင်စင်စာရင်းမှ ပယ်ဖျက်၍ စည်ပင်သာယာဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု အကြောင်းကြားစာတွင် ပါဝင်ကြောင်းလည်း စက်မှုလုပ်ငန်းရှင်များက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဝင်နှင့် တရားဝင်မှတ်ပုံတင်ခြင်း မပြုသည့် ပလတ်စတစ်အိတ် လုပ်ငန်းပေါင်း ၁၀၀ ကျော်ရှိပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အခက်အခဲနှင့် အကျိုးတရားများအပေါ် လုပ်ငန်းရှင်တစ်ဦးကလည်း “ကောင်းကျိုးကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့ကျသွားမယ်။ လေထုညစ်ညမ်းမှု လျော့ကျသွားမယ်။ ဥပမာ- ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဆိုရင် ရေထဲကို စည်းကမ်းမဲ့ ပစ်ထားတဲ့ ပလတ်စတစ်နဲ့ငြိပြီး စက်လှေ မှောက်ခဲ့ဖူးသေးတယ်။ ဒါမျိုးတွေ လျော့နည်း သွားမှာပေါ့။ ခက်ခဲမှုဆိုရင်တော့ ချက်ချင်းပိတ်သိမ်းရတဲ့အတွက်တော့ အရင်ဆုံး အလုပ်သမားတွေ ခက်ခဲမှုရှိမယ်။ ဒုတိယအချက်အနေနဲ့ လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ ရင်းနှီးငွေ ပြန်မရနိုင်တော့ဘူး” ဟု သုံးသပ်ခဲ့သည်။ “Recycle ပြန်လုပ်လို့ရအောင် ဓာတုအသုံးပြုပြီး အရောင်မပါတဲ့ ပလတ်စတစ် အကြည်တွေ ထုတ်လုပ်ပြီး စနစ်တကျ စွန့်ပစ်မယ်၊ ပြီးရင် ဒါတွေကို Recycle လုပ်တဲ့သူတွေက ပြန်ဝယ်ပြီး လူသုံးကုန်ပစ္စည်း ထုတ်လုပ်မယ်ဆိုရင် စက်ရုံတွေလည်း သက်သာမယ်ဆိုတဲ့ အချက်ကို ကျန်ခဲ့တဲ့နှစ်က လုပ်ကိုင်ကြတယ်လေ။ စက်ရုံတွေကို ဒီလို ကန့်သတ်ချက်နဲ့ ပြန်လည်ပတ်စေရင်တော့ လုပ်ငန်းရှင် တွေလည်း ခက်ခဲမှုမရှိနိုင်ဘူး။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း အတော်အတန် လျှော့ချနိုင်မယ်လို့ ထင်ပါတယ်” ဟု စက်မှုလုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။ နိုင်ငံတကာတွင် ပလတ်စတစ် နှင့်ပတ်သက်၍ Reduce (သုံးစွဲမှု တိုက်ရိုက်လျှော့ချခြင်း)၊ Reuse  (ပြန်လည်သုံးစွဲခြင်း)၊ Using Biodegradable Plastic (ပျက်စီးလွယ်၍ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို မဖြစ်ပေါ်စေခြင်း) အချက်သုံးချက်ဖြင့် သုံးစွဲ လုပ်ကိုင်နေကြကြောင်း ၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

နိုင်ငံရေးအကျဉ်းသား လွှတ်ရေး တိုင်းရင်းသားပါတီတွေ သမ္မတထံ တောင်းဆိုမည် - vOA

from VOA News: Burma by ဦးမိုးဇော်
၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်မှာ ပါဝင်နေကြတဲ့ တိုင်းရင်းသား ပါတီတွေ စုပေါင်းပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သွားရေး အစိုးရသစ်ကို တိုက်တွန်းဖို့ ပြင်ဆင်နေကြပါတယ်။ ရွေးကောက်ပွဲ ၀င်ခဲ့ကြတဲ့ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတိုင်းရင်းသားပါတီ ၅ ခုဟာ မနက်ဖြန်မှာ ကျင်းပဖို့ ရှိနေတဲ့ အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ရင်း အစိုးရသစ်ကို အကြံပြုမယ့် အစီအစဉ်တွေကို ဆွေးနွေးသွားကြမှာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့ဟာ နိုင်ငံရေး အပြောင်းအလဲတွေအတွက် အခြေခံ လုပ်ငန်းစဉ်တွေ အစိုးရသစ်က ချမှတ်နိုင်ဖို့ အင်္ဂါနေ့ကစပြီး ၂ ရက်ကြာ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးရာမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးလှစောက အခုလို ပြောပါတယ်။

“အဓိကတော့ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ လွှတ်တော်တွေပေါ့ဗျာ၊ ပြည်နယ်ရယ်၊ အမျိုးသားရယ်၊ အောက်ခြေ ပြည်နယ် လွှတ်တော်တွေ၊ အဲဒါတွေကို ပြန်လည်သုံးသပ်မယ်။ ပြီးတော့ လောလောဆယ် ကြုံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပြဿနာ၊ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာတွေ၊ ဒီအချက် ၃ ချက်ကိုပဲ အဓိကထားပြီး ဆွေးနွေးချင်ပါတယ်။ ပြီးတော့ လက်ရှိ တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းအသစ်တွေ၊ ပြုပြင်ပြောင်းလဲမှုတွေ၊ ဘယ်လောက်အတိုင်းအတာအထိ ဖော်ဆောင်မလဲ၊ ကျနော်တို့က ဘာတွေဖော်ဆောင်ချင်လဲဆိုတာ အသေးစိတ် ဆွေးနွေးရမယ်။”

ဒီအချက်တွေ ဆွေးနွေးသွားဖို့အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ အကြို ညှိနှိုင်းထားပြီးပြီလို့လည်း ဦးလှစောက ဆက်ပြောပါတယ်။

“ကျနော်တို့ လောလောဆယ် ကြိုညှိနှိုင်းထားတာတော့ မွန်နဲ့ ယာယီ ညှိနှိုင်းထားတာ ရှိပါတယ်။ တခြားပါတီနဲ့တော့ အသေးစိတ် မညှိရသေးဘူး။ ယေဘုယျ ပြောထားတာတော့ ရှိပါတယ်။ ရှမ်းနဲ့လည်း ကျနော်တို့ ယေဘုယျသဘောတွေ ညှိနှိုင်းထားတာ ရှိပါတယ်။ အသေးစိတ်ကတော့ အစည်းအဝေးပြီးမှ ပေါ်လာပါလိမ့်မယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကတော့ ရွေးကောက်ပွဲ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ဖို့ အဓိက ပြင်ဆင်ထားတယ်လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်တဲ့ ဦးစောသန်းမြင့်က ပြောပါတယ်။

“ကျနော်တို့ကတော့ ပြီးခဲ့တဲ့ လွှတ်တော် အတွေ့အကြုံပါပဲ၊ အဓိကတော့။ ပြီးခဲ့တဲ့ လွှတ်တော် အတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့ အားနည်းချက်၊ အားသာချက်တွေကို အဓိက ဆွေးနွေးသွားမယ်။”

အခုလို တိုင်းရင်းသားပါတီ ၅ ပါတီက အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်ချိန်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ၀ါရင့် နိုင်ငံရေးသမားကြီးတွေ၊ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့  အစိုးရသစ်ကို လက်မှတ်ထိုး တောင်းဆိုတာတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ပြည်ထောင်စုလွှတ်တော် အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရေး ကိစ္စကို လွှတ်တော်ကိုယ်စားလှယ် တချို့က တင်ပြခဲ့ပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စဟာ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတ၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရမှာ ဖြစ်တယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်တွေက ငြင်းပယ်ခဲ့တာကြောင့် လွှတ်တော်တွင်းမှာ ဆွေးနွေး မဲခွဲခွင့် မရခဲ့ပါဘူး။

စစ်သင်တန်းကြောင့် ချင်းလူငယ်များ နယ်စပ်သို့ ထွက်ပြေးနေ - RFA


2011-04-25

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း မကြာခင် စစ်သင်တန်းတွေ စတင်တော့မှာ ဖြစ်တဲ့အတွက် သင်တန်းပြီးတာနဲ့ စစ်မှုထမ်းခိုင်းမှာကို စိုးရိမ်နေကြတဲ့ ချင်းလူငယ် အများအပြား အနီးဆုံး အိန္ဒိယ နယ်စပ်ကို ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

(RFA Map)
ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ပူးဗာလီယန်း က RFA ကို ပြောပါတယ်။
“ဪ ဒီမှာတော့ ဖလမ်းမှာပဲ ပြည်သူ့စစ် သင်တန်းတွေ ခေါ်တဲ့အခါကျတော့ လူငယ်တွေက ပြည်သူ့စစ် သင်တန်း ဝင်ပြီးရင် စစ်မှုမထမ်းမနေရများ ခေါ်မလား ဆိုပြီးတော့ အတော်များများ အိန္ဒိယ နယ်စပ်ဖက်ကို ထွက်ပြေးကြတယ်လို့ ဖလမ်း ဥက္ကဋ္ဌက သတင်းပို့တယ်။ ဖလမ်းမြို့ပေါ်ကရော အနီးအနားက လူတွေပါ၊ မြို့မှာ သိပ်မနေကြဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့စစ် သင်တန်း ခေါ်မှာကို ကြောက်လို့ ဆိုပြီးတော့ တိမ်းရှောင်နေကြတယ်လို့ ပြောတယ်။ ခေါ်ဖို့ ဒီ ရယကတွေကို ရန်ပုံငွေတွေ ကောက်ခိုင်းပြီးတော့ ပြင်ဆင်နေတယ်။”
ဖလမ်းမြို့နယ်အတွင်း စစ်သင်တန်းပေးဖို့ အစိုးရက အမိန့်စာထုတ်ပြီးတဲ့နောက် ဖလမ်းမြို့ပေါ်နဲ့ ကျေးရွာတွေမှာ တအိမ်ထောင်ကို စစ်သင်တန်းကြေး ငွေတထောင်နှုန်း ကောက်ခံဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်အတွင်းက ကျန်တဲ့ မြို့ နယ်တွေမှာ စစ်သင်တန်းကြေး မကောက်သေးပေမဲ့ ချင်းလူငယ်တွေကြားမှာတော့ စစ်သင်တန်းတက်ရမှာနဲ့ စစ်မှုထမ်းရမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။
စစ်အစိုးရဟာ လွှတ်တော်သစ် မစတင်ခင် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က အရွယ်ရောက်သူ လူငယ်တိုင်းကို စစ်မှုထမ်းခိုင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေလို့ အမည်တပ်ထားတဲ့ ဥပဒေကို နိုင်ငံတော်ပြန်တမ်းအဖြစ်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

သမတသစ်ထံ တရားဥပဒေစိုးမိုးရေးအတွက် ပေးစာ NLD ထုတ်ပြန် - RFA


2011-04-25

အစိုးရသစ်အနေနဲ့ တရားဥပဒေစိုးမိုးရေး အလေးထား ဆောင်ရွက်ဖို့အတွက် တိုက်တွန်းထားတဲ့စာကို NLD ပါတီက ဧပြီ ၂၅ ရက် တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

Photo: AFP / HO / MNA
သမတ ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ ဧပြီ ၁ ရက်နေ့က အစိုးရအဖွဲ့သစ် တာဝန်များ အသီးသီး ယူပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MNA)
ဒီစာဟာ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက သမတ ဦးသိန်းစိန် ထံကို ဧပြီလဆန်းပိုင်းက ပေးပို့ခဲ့တဲ့ စာဖြစ်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ စာနဲ့ပတ်သက်ပြီး ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။
“ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်အမှတ်ကတော့ ၇/၀၄/၁၁ ဖြစ်ပါတယ်။ တကယ်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၄ ရက်နေ့က ဧပြီလ ၄ ရက်နေ့က အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ၅ ရက်နေ့မှာပဲ နိုင်ငံတော် သမတ ဥိးသိန်းစိန်ထံကို စာတစောင် ပေးပို့ပါတယ်။ အဲဒီစာက တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်တဲ့စာပါ။ အဲဒီစာကို ဒီနေ့ အစကနေ အဆုံး ပြည်သူများ သိရှိအောင် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီလို ထုတ်ပြန်ဖို့ ဧပြီလ ၂၂ ရက် ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။”
ပေးစာမှာ နိုင်ငံတွင်း လက်ရှိ ဖြစ်ပျက်နေတဲ့ တရားဥပဒေရေးရာ ဆောင်ရွက်ချက်တွေကို ရည်ညွန်း ဖော်ပြထားသလို၊ မှုခင်းနဲ့ သတင်းတပ်ဖွဲ့တို့က တင်တဲ့ အမူတွေဟာ အင်းစိန်ထောင်တွင်း အထူး တရားရုံးတွေမှာ စစ်ဆေး ကြားနာနေတဲ့အတွက် ဆွေမျိုးသားချင်းတွေနဲ့ စိတ်ပါဝင်စားတဲ့ ပြည်သုတွေ လာရောက် နားထောင်ခွင့် မရှိတာကြောင့် လွတ်လပ်စွာ တရားစီရင်ရေးမူတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ထောက်ပြထားပါတယ်။
ဒီအတွင်း NLD ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၂၅ ရက် တနင်္လာနေ့ မွန်းလွဲပိုင်း က International Center on Non-Violence Conflict အဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ကြံ့ဖွံ့ ယာယီ ဥက္ကဌ ဦးရွှေမန်း တာဝန်ယူ - Irrawaddy

လင်းသန့် MONDAY, 25 APRIL 2011 18:48 
အစိုးရသစ် အောက်လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဒု ဥက္ကဌ အဖြစ် မကြာခင်က ပြုလုပ်ခဲ့သော ပါတီ အစည်းအဝေးမှတဆင့် ရွေးချယ်ခံခဲ့ရပြီး ယာယီ ဥက္ကဌ ရာထူး ကိုပါ ပူးတွဲ တာဝန် ထမ်းဆောင်နေပြီဟု သိရသည်။

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် ယခင် နအဖ စစ်အစိုးရ လက်ထက်တွင် တတိယ အဆင့်ရှိသူ ဖြစ်သည်။

အစိုးရသစ် မထွက်ပေါ်လာမီက ကြံ့ဖွံ့ပါတီ ဥက္ကဌဖြစ်သူ ဦးသိန်းစိန်မှာ သမ္မတရာထူး ရွေးချယ်တာဝန်ပေးအပ်ခံရသည့် နေ့မှ စတင်ကာ ပါတီဥက္ကဌ ရာထူးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စွန့်လွှတ်ခဲ့ရပြီးနောက် ယင်း ပါတီ ဥက္ကဌ လစ်လပ်နေရာတွင် သူရ ဦးရွှေမန်းက ယခုကဲ့သို့ တာဝန်ယူလိုက်ခြင်းဖြစ်သည်ဟု နေပြည်တော် အသိုင်းအ၀ိုင်း က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ ရာထူး သက်တမ်း အတွင်း ပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြပါရှိသည်။

ကြံ့ဖွံ့ပါတီ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းအတွင်း၌ အာဏာလွန်ဆွဲပွဲများ ရှိနေကြကြောင်း၊ မကြာသေးခင်က ကျင်းပခဲ့သော ပါတီ အစည်းအဝေးတွင် သူရ ရွှေမန်းက ပါတီတွင်းမှာ“ဒီမိုကရေစီ”ရှိရန် ပြောကြားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အလွန် ယုံကြည်ရသူအဖြစ် သတင်းကြီးသူ ဦးအောင်သောင်းကမူ ပါတီတွင်း စစ်တပ်ပုံစံ စည်းလုံးမူရှိရန် အလေးထား ပြောကြားခဲ့သည်ဟု ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူတဦးက ဆိုသည်။

“တသွေး၊ တသံ၊ တမိန့် ဆိုတဲ့ စစ်တပ် ဆောင်ပုဒ်အတိုင်း လုပ်ဆောင်သွားဖို့ အရေးကြီးကြောင်း ဦးအောင်သောင်းက ဆက်လက်ပြောကြားသွားတယ်”ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

ယခင်က ကြံ့ဖွံ့ပါတီတွင် မရှိခဲ့သော ဒု ဥက္ကဌ ရာထူးနှင့် အတွင်းရေးမှူး(၁)၊ အတွင်း ရေးမှူး (၂) ရာထူး နေရာအသစ်များကို မကြာသေးခင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ထိပ်ပိုင်း ခေါင်းဆောင်တချို့နှင့် သီးခြားတွေ့ဆုံ အပြီး ယခုကဲ့သို့ နေ ရာ သစ်များပေါ်ထွက်လာခြင်းဖြစ်သည်ဟု နေပြည်တော်တွင် သတင်းများ ထွက်ပေါ်နေသည်။

အတွင်းရေးမှူး(၁) နေရာအတွက် ယခင်စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း၊ အတွင်းရေးမှူး(၂) နေရာအတွက် ယခင် စာတိုက်နှင့်ကြေးနန်း၊ ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော် တို့ကို တာဝန်ပေးလိုက်ကြောင်းလည်း သိရှိရသည်။

ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး နေရာအတွက် ဦးဌေးဦးက ဆက်လက်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ယခင်ဝန်ကြီးဟောင်းများဖြစ်ကြသော ဦးသောင်း(သိပ္ပံနှင့်နည်းပညာဝန်ကြီး) အပါအ၀င် ဗိုလ်ချုပ်မှူးကြီး နှင့် အနီးဆုံးသူများက ပါတီထိပ်ပိုင်း ခေါင်းဆောင်တာဝန်များကို ယူကြမည်ဖြစ်ကြောင်းလည်း ပါတီတွင်း သတင်း များက ဆိုသည်။

လေ့လာစောင့်ကြည့်သူများ၏ အဆိုအရ ယခင်ဝန်ကြီးဟောင်းများနှင့် ဗိုလ်ချုပ်ဟောင်းများအကြား ကြံ့ဖွံ့ပါတီ ထိပ်ပိုင်း ခေါင်းဆောင် နေရာရရေးအတွက် အုပ်စုတိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရှိရသည်။

ကရင် နယ်ခြားစောင့် တပ်ချင်း ပြန်တိုက် - Irrawaddy

သန်းထိုက်ဦး         MONDAY, 25 APRIL 2011 17:53 
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသတွင် နယ်ခြားစောင့်တပ် လက်ခံထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ အချင်းချင်း ပြီးခဲ့သည့် သောကြာနေ့က ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့သည်။

မြိုင်ကြီးငူ အထူးဒေသရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို အခြားသော နယ်ခြားစောင့်တပ်ရင်း တခုဖြစ်သော အမှတ် ၁၀၁၂ မှ တပ်ဖွဲ့ဝင်များက လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လူဦးရေ ၃၀ ခန့်ရှိသော ဗိုလ်ဖားမီး ဦးဆောင်သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက လာရောက် ပစ်ခတ်ခဲ့ပြီး ယင်းတပ်ဖွဲ့မှ တပ် ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း အတည်မပြုနိုင်သော သတင်းများအရ သိရသည်။ အဆိုပါ ဗိုလ်ဖားမီး အဖွဲ့က စစ်လက်နက်
ပစ္စည်းများ သိုလှောင်ထားသော အဆောက်အအုံ တခုနှင့် စစ်တန်းလျား တခုကို ပါ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် စောဂျော်နီက ဧရာဝတီသို့ ပြော သည်။   

ယခုကဲ့သို့ နယ်ခြားစောင့်တပ် အချင်းချင်း ပစ်ခတ်သည့် အကြောင်း အရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရှိရသေး ပေ။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကမမောင်းမြို့တွင် ပြီးခဲ့သည့် စနေနေ့ကလည်း DKBA တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်တချို့ က အစိုးရတပ်များကို သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

ယင်းတိုက်ပွဲတွင် အစိုးရတပ် ခြေမြန်တပ်ရင်း(ခမရ) ၂၁၂ တပ်ရင်းမှ စပါးကျီတလုံးနှင့် လက်နက်ခဲယမ်းများ သိုလှောင် ထား သော အဆောက်အအုံတခုကို မီးရှို့လိုက်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် တပတ်ကလည်း ကရင်ပြည်နယ် မြ၀တီမြို့နယ် အတွင်းရှိ DKBAနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၂ ဦးခန့် KNU တပ်မဟာ ၇ ထိန်းချုပ်ဒေသသို့ လက်နက်များဖြင့် လာရောက်ပူးပေါင်းခဲ့ကြောင်း၊ လာရောက်ပူးပေါင်းသူများထဲတွင် ဒု အရာခံ ဗိုလ် ၁ ဦးနှင့် တပ်ကြပ် တဦး ပါဝင်ကြောင်း နယ်စပ်ဒေသ အခြေစိုက် ကရင်သတင်းစဉ်အင်တာ နက် စာမျက်နှာတွင် ဖော်ပြ ထားသည်။

KNU တပ်မဟာ ၇ ထိန်းချုပ်ဒေသ စစ်မှတ်တမ်းများအရ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ မှ မတ်လအထိ နယ်ခြားစောင့်တပ်ဖွဲ့မှထွက် ပြေးလာသူ ၄၇ ဦးခန့်ရှိကြောင်း၊ ယခု ဧပြီလအတွင်း တပ်သား ၂၀ ခန့် ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။

ဗိုလ်ဖားမီးသည် လက်ရှိအချိန်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦးဖြစ်ပြီး KNUထံသို့ သွားရောက်ပူးပေါင်းခြင်း မရှိသေးကြောင်း သိရှိရသည်။

နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားများကို လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြ ၀တီ မြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေးဒေသတို့တွင် စစ်အစိုးရကဦးဆောင်၍ ပြီး ခဲ့သည့် နှစ် သြဂုတ်လ၌ ကျင်းပ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

နာရေးကူညီမှုအသင်းကို ဒေါ်အောင်ဆန်းစုကြည် USD ၁ သောင်းခွဲလှူ Irrawaddy

-        ဧရာဝတီ       MONDAY, 25 APRIL 2011 14:01 သတင်းတိုများ 
ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ၁၀ နှစ်ပြည့် အခမ်းအနားကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အသင်းရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၁ သောင်း ၅ ထောင် ကိုလှူဒါန်းသွားကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ မျက်စိခွဲစိတ်ကုသခန်းအတွက် အဆိုပါ အလှူငွေကို ရည်ရွယ်လှူဒါန်းခြင်း ဖြစ်ကြောင်း ကိုကျော်သူ၏ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ပြောသည်။

ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံစေချင်သူ     - Mizzima

မျိုးသန့်    | တနင်္လာနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၇ မိနစ်  
 Buzz  

(နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။        ။ လူငယ်များအနေဖြင့် “ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ’’ ဆောင်ပုဒ်နှင့်အညီ လူမှုရေးလုပ်ငန်းများ၌ ပါဝင်လုပ်ကိုင်စေလိုကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက တိုက်တွန်းလိုက်သည်။

ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၁ဝ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အသင်းရုံးစိုက်ရာ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်၊ စနေနေ့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

အခမ်းအနားသို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ကာ လူမှုကူညီရေး လုပ်ငန်းများအတွက် သူက အမေရိကန်ဒေါ်လာ တသောင်း ငါးထောင် လှူဒါန်းခဲ့သေးသည်။

၁ဝ နှစ်ပြည့် အခမ်းအနားတွင် နာရေးကူညီမှုအသင်း တည်ထောင်ရန် လမ်းညွှန်မှုပေးခဲ့သည့် ကွယ်လွန်သူ စာရေးဆရာနှင့် ဒါရိုက်တာကြီးဖြစ်သူ ဦးသုခ၏ ရုပ်တုဖွင့်ပွဲကိုပါ ကျင်းပခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် လွန်ခဲ့သည့် ၁ဝ ကျော်
နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက် (ဓါတ်ပုံ မဇ္ဈိမ)

ကာလတွင် နာရေး ကူညီမှုအသင်း အဖြစ်သာ စတင်ခဲ့ပြီး ယခုအခါတွင် သုခ ကုသိုလ်ဖြစ် ဆေးခန်း၊ ကျောင်းသူ ကျောင်းသားများ အတွက် နွေရာသီ အင်္ဂလိပ်စာ သင်တန်း၊ လူကြီးများအတွက် လုပ်ငန်းခွင် အထောက်အကူပြု အင်္ဂလိပ်စာ သင်တန်း စသည့် လုပ်ငန်းများကို စေတနာ့ဝန်ထမ်း ၅ဝဝ ကျော်ဖြင့် လုပ်ကိုင်လျက် ရှိသည်။ သက်တမ်း ၁ဝ နှစ်အတွင်း နာရေး ကူညီမှုပေါင်းမှာ ၁ဝ၁ဝ၂၃ ခု ရှိခဲ့သည်။

အသင်းတည်ထောင်ရသည့် ရည်ရွယ်ချက်၊ အောင်မြင်မှု အနေအထား၊ ကြုံတွေ့ရသည့် အခက်အခဲ၊ လူငယ်များအပေါ် အမှာစကား၊ လူမှုရေး လုပ်ငန်းပေါ် ထားရှိရမည့် စိတ်နေစိတ်ထားများ စသည်တို့ကို သိရှိရန် ဦးကျော်သူကို မဇ္ဈိမသတင်းထောက် မျိုးသန့်က ဆက်သွယ်မေးမြန်းထားပါသည်။

 ၁ဝ နှစ်ပြည့်ပွဲမှာ ဘဘ ဦးသုခရဲ့ ရုပ်တုကိုလည်း ရုံးချုပ်မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဘဘ ဦးသုခရဲ့ ရုပ်တု ထုလုပ်ဖြစ်ပုံကို ပြောပြပေးပါ။
“ကျနော်တို့နိုင်ငံမှာ ဖြစ်နေတာက တကယ်အထင်ကရ ပုဂ္ဂိုလ်ကြီးတွေဆိုရင် အကုန်သမိုင်းတွေက ပျောက်နေတာ။ အာဇာနည် ဘယ်သူလဲလို့မေးရင် ကလေးတွေက အဆိုတော် အာဇာနည်လို့ ပြောတယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ကို မမြင်ဖူးတဲ့ သူတွေကလည်း အများကြီး။ ဒါက ကျနော်တို့ သမိုင်းကို ဖော်ထုတ်ရမယ်။ အခု ကျနော်တို့လုပ်နေတဲ့ အလုပ်ရဲ့ ခေါင်းဆောင်က ဘဘ ဦးသုခပဲ၊ အမေနေ့ကို ဖော်ထုတ်ခဲ့တာလည်း ဘဘဦးသုခပဲ’’

’’ဘဘ ဦးသုခ ပုံနဲ့ အရင်တုန်းက ကျနော်တို့ တီရှပ်ရိုက်တယ်။ အဲဒီ တီရှပ်ကို တချို့လူကြီးတွေက ဒါ ကျော်သူရဲ့ အဖေထင်တယ်ဆိုပြီး ပြောတဲ့ဟာတွေ တချို့ရှိတယ်။ အဲဒါကို လူကြီးတွေက အစ မသိဘူး၊ ဘဘဆိုတာ ဒါ နာရေးအသင်းကို စပြီး မျိုးစေ့ချပေးတဲ့ ပုဂ္ဂိုလ်ကြီးပါ။ ဘဘ ရုပ်တုအောက်မှာ ဘဘရဲ့ သမိုင်းအကျဉ်းချုပ် အဲဒါကို ရေးထားပါတယ်”


 ဘဘ ဦးသုခက ဒီအသင်းကို ထူထောင်ဖို့ ဘယ်လိုကြောင့် ဆန္ဒရှိခဲ့တာလဲဗျ။
“ဘဘဦးသုခ ဆေးရုံတက်တယ် (၁၉၉၉ ခုနှစ် - ရန်ကုန်ဆေးရုံကြီး) တက်တဲ့အချိန်မှာ ဘေးက အမေအိုကြီးက ဆေးဝါးလာကုတယ်။ သူတို့က တော်တော် ဆင်းရဲနွမ်းပါးတဲ့ မိသားစု။ တနေ့ကျတော့ ဆရာဝန်ကနေပြီးတော့ ခင်ဗျားတို့ အမေအိုကြီးကို အိမ်ခေါ်ချင်ခေါ်သွားတော့ ဆေးလည်း အစွမ်းကုန် ကုပြီးပြီ။ လက်လျှော့လိုက်တဲ့သဘော ဖြစ်သွားပြီ။ အဲဒီတော့ အဲဒီလိုပြောတဲ့နေ့က စပြီးတော့ အဲဒီမိသားစုက လုံးဝ မလာတော့ဘူး။ မလာတော့ ဘဘက နည်းနည်း စုံစမ်းတော့ သူ အိမ်ပြန်သွားတယ်ဆို သူ့ကို ကျွေးဖို့မွေးဖို့ စရိတ်၊ ဆုံးသွားရင် အသုဘချဖို့ စရိတ်တွေ၊ မတတ်နိုင်ကြဘူး။ မတတ်နိုင်တဲ့အတွက် ဒီအတိုင်း ထားခဲ့တယ်။ ထားခဲ့ပြီးတော့ ဆေးရုံမှာပဲ ဆုံးသွားတော့ ပိုင်ရှင်မဲ့အနေနဲ့ သဂြိုင်္ဟ်လိုက်ရတယ်။

’’အဲဒီအချိန်မှာ ဘဘ စဉ်းစားတယ်။ တခြားဘာသာတွေဆိုရင် ကူညီမှုအသင်းတွေ ရှိတယ်။ ဗုဒ္ဓဘာသာမှာ မရှိဘူး။ ဒီအသင်းကို ထူထောင်မှ ဖြစ်မယ်ဆိုပြီးတော့ စဉ်းစားတယ်။ ကျနော်တို့လည်း သတင်းကြားပြီးတော့ ဘဘဆီ သွားပြီးတော့ ငွေစတည်ပြီးတော့မှ လုပ်ဖြစ်တာပါ”


 စတင် တည်ထောင်တဲ့အခါ ဘယ်သူတွေ ပါဝင်ခဲ့လဲခင်ဗျာ့။ မတည်ငွေအတွက်ရော ဘယ်လိုလုပ်ခဲ့လဲ။


ကွယ်လွန်သူ စာရေးဆရာနှင့် ဒါရိုက်တာကြီး ဦးသုခရုပ်တုအား နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ထောင်မှု ၁ဝ နှစ်ပြည့်ကို ၂ဝ၁၁ ခုနှစ် ဧပြီ ၂၃ ရက်၊ စနေနေ့တွင် ဖွင့်လှစ်ခဲ့သည် (ဓာတ်ပုံ - မဇ္ဈိမ)

“စပြီး ထူထောင်တဲ့အချိန်မှာ ဆရာဦးအောင်သင်း ပါတယ်၊ ကျနော်တို့လင်မယား ပါတယ်၊ ဆရာမ ဒေါ်သန်းမြင့်အောင်တို့ ပါတယ်၊ တချို့လူတွေ ကျနော် နာမည်မေ့နေလို့ဗျ။ စတည်တုန်းက ဘဘ ဦးသုခက ၅ သိန်း၊ ကျနော်တို့က ၅ သိန်းနဲ့ စတည်တာ။ စတည်တုန်းကတော့ ကျနော်တို့ ကားအဟောင်းပေါ့လေ၊ တော်တော်လေး ကျနေတဲ့ ကားပေါ့လေ အဲဒီကားနဲ့ ကျနော်တို့ စပြီးကူညီပေးခဲ့ရတယ်။ နောက်မှ ကျနော်တို့ လုပ်ဆောင်ချက်ကို သဘောကျပြီးတော့ အများပြည်သူက လှူဒါန်းတဲ့ ငွေတွေကို သေချာ စနစ်တကျနဲ့ သုံးစွဲပြီးတော့ ကျနော်တို့ တိုးတက်လာအောင် လုပ်ခဲ့ရတယ်”


 အသင်းက ၁ဝ နှစ် ပြည့်ခဲ့ပြီဆိုတော့ ဒီကာလအတွင်း ဘာအခက်အခဲတွေ ကြုံခဲ့ရလဲ။
“အခက်အခဲကတော့ အများကြီးပါ။ တော်တော်များများ အခက်အခဲက ကျနော်တို့က နိုင်ငံရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး၊ ပါတီထူထောင်တဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး၊ အများပြည်သူကို ကျနော်တို့က အကူအညီပေးတာ။ အကူအညီပေးတာကို အမြင်မရှင်းဘဲနဲ့ ကျနော်တို့ကို အမျိုးမျိုး အနှောင့်အယှက် ပေးခံရတာပေါ့လေ။ ဒါတွေကတော့ အရင်တုန်းကပါ၊ အခုတော့ ဒါတွေ မရှိတော့ပါဘူး”


 အနှောင့်အယှက်က ဘယ်လိုအနှောင့်အယှက်မျိုးလဲခင်ဗျ။ ရှင်းပြပေးပါလား။
“ကျနော်တို့ မြောက်ဒဂုံမှာ အဆောက်အဦ ဆောက်ပြီးတော့၊ အသုံးချနေတဲ့အခါမှာ ကျနော်တို့ဆီကို စာလာတယ်။ ဒီမှာ လူနေထိုင်ခွင့် မပေးဘူးဆိုပြီးတော့၊ နောက်ပြီးတော့ ဒီ အဆောက်အဦ ရှေ့မှာ ၅ ပေအကျယ်၊ ၅ ပေအနက် မြောင်းဖောက်ရမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ ဘေးနှစ်ဖက်က ကျတော့ ဘုန်းကြီးကျောင်းတွေ ဘာတွေကျတော့ ဖောက်စရာမလိုဘူး။ အဲဒါကြောင့် ကျနော်တို့က မဖောက်ဘူး။ မဖောက်တော့ ကျနော်တို့ကို တရားရုံးက ခေါ်တယ်။ အဲဒီလိုဆိုရင် ဖမ်းဝရမ်း ထုတ်မယ်။ ဖမ်းဝရမ်း ထုတ်မယ်ဆိုတော့ ထောင်ချခံရမယ်၊ ဒဏ်ငွေဆောင်ရမယ်ဆိုတော့ ဒါတွေ ဖြစ်ချင်တာဖြစ် ကျနော်တို့ မဖောက်ဘူးလို့ အလှူငွေတွေကို ကျနော်တို့ အလဟဿ မြောင်းထဲ အထည့်မခံဘူး။ အဲဒီ ပြဿနာတွေ ဖြစ်ခဲ့တယ်”


 အောင်မြင်မှု အတိုင်းအတာအနေနဲ့ကော ဒီ ၁ဝ နှစ်အတွင်းမှာ ဘယ်လိုရှိပါသလဲ။
“အောင်မြင်မှုအတိုင်းအတာ တော်တော်ရပါတယ်။ နာရေးရှင်တွေဆိုလည်း ကျနော်တို့ကိုပဲ အားကိုးတယ်၊ ကျနော်တို့ကိုပဲ အကူအညီတောင်းတယ်။ ကလေးတွေဆိုလည်း ကျနော်တို့ဆီမှာပဲ တော်တော်များများပဲ။ မနှစ်ကဆိုရင် နွေရာသီသင်တန်းဆို အယောက် ၈ဝ၊ အခုဆိုရင် ၅ဝဝ ကျော်ဆိုတော့ တော်တော်ကို အဆပေါင်းများစွာ တက်သွားတယ်။ ကျနော်တို့က ဆင်းရဲနွမ်းပါတဲ့ ကလေးတွေကို အဓိက ပထမ ဦးတည်ချက်။ အခုကျတော့ ကျနော်တို့က ကိုယ်ပိုင်ကားနဲ့လာတဲ့ ကလေးငယ်တွေလည်း ရှိတယ်။ ဒါတွေဟာ ကျနော်တို့အတွက် ကောင်းတယ်ဆိုပြီးတော့ ကျနော်ကတော့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေကိုလည်း ကျနော်တို့ကို ယုံကြည်တယ် ယုံကြည်တဲ့အတွက်ကြောင့် ကိုယ့်ရင်သွေးတွေကို ကျနော်တို့ အသင်းဆီကို လွှတ်တယ်။ နောက် လူနာတွေဆိုလည်း ကျနော်တို့ တနေ့တနေ့ အယောက် ၂ဝဝ ကျော်ကို အခမဲ့ ကုသပေးခဲ့ရတာ”


 အသင်းဝင်အင်အားကော ဘယ်လောက်ရှိပါလဲခင်ဗျာ့။
“အသင်းဝင်အင်အားကတော့ ၅ဝဝ ကျော်၊ ၆ဝဝ လောက်ရှိမယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်နေရတာကတော့ ၃ဝဝ လောက် လုပ်နေရပါတယ်”


 ဒီအသင်းဝင်တွေကကော သူတို့က အသင်းဝင်ပြီးသွားရင် လူမှုရေးလုပ်ငန်းတွေမှာ ဘယ်လိုကူနိုင်လဲ။
နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ထောင်မှု ၁၀ နှစ်ပြည့် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ် (ဓာတ်ပုံ - မဇ္ဈိမ)


“ကျနော်တို့ဆီ အသင်းဝင်ချင်တယ်ဆိုရင် ကျနော်တို့မှာ ဖေါင်လာဖြည့် ဓာတ်ပုံ ၂ ပုံပေး။ အဲဒါပြီးရင် ကျနော်တို့က သင်တန်းပေးတယ်။ အပတ်စဉ် ကြာသပတေးနေ့တိုင်း ပေးတယ်။ သင်တန်း ၆ ပတ် ပေးတယ်။ သင်တန်းပြီးရင် ကျနော်တို့က တာဝန်တွေပေးတယ်။ ဆေးခန်း တာဝန်၊ ဈာပန တာဝန်၊ ဧည့်ကြိုတာဝန် အဲဒါမျိုးတွေ တာဝန်ချပြီးတော့မှ ကျနော်တို့က ဈာပန လမ်းကြောင်းပေါ် တင်ပေးတာ။ ဝင်ကြေးလည်း မရှိပါဘူး”


 တချို့လူငယ်တွေက ဦးကျော်သူတို့လို လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ချင်တယ်၊ သူတို့ကိုကော ဘာပြောချင်လဲ။
“ကျနော်တို့က လူမှုရေးလုပ်တာ။ တချို့လူငယ်တွေရဲ့ မိဘတွေက ကျော်သူတို့ အသင်းဆိုရင် မသွားနဲ့ နိုင်ငံရေး ငြိစွန်းမယ်၊ အဖမ်းခံရမယ်၊ ဒါမျိုးတွေ ဖြစ်တယ်။ အမှန်မှာ ဘာမှ မဖြစ်ပါဘူး။ ကျနော်တို့က လူမှုရေးပဲ လုပ်တာ။ အများကို ကူညီတာ။ အများကို ကူညီချင်တဲ့ စိတ်ဓာတ်မျိုး ရှိတယ်ဆိုရင် ကျနော်တို့အသင်းက အမြဲတမ်း ကြိုဆိုပါတယ်။ ဒါပေမဲ့ အသင်းကိုရောက်ရင်တော့ အသင်းစည်းကမ်းအတိုင်း လုပ်ရပါတယ်။ တချို့ကျတော့ စည်းကမ်းဖောက်တာတွေ ရှိတယ်။ သီလမလုံဘဲ စည်းကမ်းချိုးဖောက်တာတွေ ရှိတယ်။ တချို့ကလည်း နည်းနည်း နေရာရပြီဆိုရင် အောက်ခြေလွတ်တဲ့ အပိုင်းတွေ ရှိတယ်။ ဒါတွေဟာ ကိုယ့်စိတ်ကိုယ်ထိန်းဖို့ အရေးကြီးပါတယ်။ အရေးကြီးတာ စိတ်ဓာတ်နဲ့ ခံယူချက် အရေးကြီးပါတယ်”


အရင် အစိုးရဟောင်းတုန်းကကော ဦးကျော်သူတို့ လုပ်ငန်းကို ဘာအကူအညီတွေ ပေးခဲ့ပါသလဲ။
“ပြီးခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်တုန်းကတော့ ကြံ့ခိုင်ရေးအသင်းက ဗိုလ်ချုပ်ဋ္ဌေးဦးတို့ ကျနော်တို့အသင်းကို လာလေ့လာတယ်။ ငွေဘာညာ လာလှူတယ်။ သင်္ကန်းကျွန်းမှာတုန်းက မီးအခက်အခဲဖြစ်တဲ့အတွက် မီးသွယ်ပေးတယ်။ အဲဒီလိုမျိုး ပံ့ပိုးမှုတွေတော့ ကျနော်တို့ ရခဲ့ပါတယ်။ အဲဒီတုန်းက ပထမအကြိမ်တုန်းက သိန်း ၄ဝ လောက် ရှိမယ်”


အခု အစိုးရသစ်ပေါ်မှာကော ဒီလိုမျိုး လူမှုရေး လုပ်ငန်းတွေမှာ ဘယ်အတိုင်းအတာအထိ ကူညီလာနိုင်တယ်လို့ မျှော်မှန်းလို့ ရနိုင်လဲ။

နာရေးကူညီမှုအသင်း (ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနားတွင် တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

“အစိုးရသစ်လည်း အစိုးရသစ်၊ လူလည်း လူသစ်ဖြစ်သွားပြီဆိုတော့ ပြောတော့ မပြောနိုင်သေးဘူး။ အရင် ဦးအောင်သိန်းလင်းတုန်းကလည်း ကျနော်တို့ကိုခေါ်တယ်။ မြို့တော်ခန်းမကို ခေါ်ပြီးတော့ ကိုကျော်သူတို့ လိုအပ်တာကို ကျနော်တို့ကိုပြော၊ ကျနော်တို့ လုပ်ဆောင်တာကို ခင်ဗျားတို့က တဖက်တလမ်းကနေပြီးတော့ ပံ့ပိုးပေးနေတာ ဆိုပြီးတော့ ပြောတယ်။ နောက်ပိုင်းကျတော့ ပုံစံက တမျိုးဖြစ်သွားတယ်။ ဗိုလ်ချုပ်ကျော်ဆန်းဆိုလည်း ရုပ်ရှင်အစည်းအရုံးမှာ ကျနော်နဲ့ တွေ့တယ်ဆိုရင် ကျနော့်ကို လက်ဆွဲနှုတ်ဆက်ပြီးတော့ ဝမ်းသာတယ်ဗျာ ကိုကျော်သူတဲ့၊ ခင်ဗျား ဒီဟာတွေလုပ်တာ၊ ခင်ဗျား ဆောင်းပါးတွေဘာတွေ ရေးပါတဲ့ သတင်းစာတွေထဲမှာ ထည့်ခွင့်ပေးမယ်လို့ ပြောတယ်။ နောက်ပိုင်းကျတော့ ကျော်သူ့ဓာတ်ပုံ ကျော်သူ့ရဲ့ နာမည်တောင် ပါခွင့်မရတော့ဘူး။ ဘယ်လိုတွေ ဖြစ်တာလဲတော့ ကျနော်လည်း မပြောတတ်ဘူး”


အရင်တုန်းကတော့ ရုပ်ရှင်မင်းသား၊ အခုတော့ သာမန်အရပ်သား လူမှုရေးလုပ်သူပေါ့၊ ဒီအပေါ်မှာ ကွာခြားမှု ဘာရှိလဲ။
“အခု ကျနော်က ပြင်ပမှာ အများပြည်သူနဲ့ ကျနော် ထိတွေ့ခွင့်ရတယ် ပိတ်ကားပေါ်မှာကတော့ ကျနော်တို့က ဟန်ဆောင်ပြီးတော့ ပရိသတ်ဆီက ကျနော်တို့က ပိုက်ဆံယူနေရတဲ့ဟာမျိုး အဲဒီလိုမျိုးမြင်တယ်”


ဦးကျော်သူတို့ အခုလုပ်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ပြည်တွင်းပြည်ပက မြန်မာတွေ အကူအညီပေးတယ်လို့ သိရပါတယ်။ ဒီအလှူရှင်တွေကိုကော ဘာပြောချင်လဲ။
“ကျနော်တို့ အလုပ်တွေကို အခုလို အောင်မြင်အောင် လုပ်နိုင်တာ အလှူရှင်တွေရဲ့ ကျေးဇူးကြောင့်ပါ။ အလှူရှင်တွေ ရှိလို့လည်း ကျနော်တို့က ဒီဟာတွေကို ပေးဆပ်နိုင်တာပါ။ ကျနော်တို့ရဲ့ ပေးဆပ်မှုက၊ အလှူရှင်တွေရဲ့ ပေးဆပ်မှုက အတူတူပါပဲ။ ကျနော်တို့က အများပြည်သူကောင်းမှုနဲ့ အများပြည်သူကို ကျနော်တို့ ကူညီနေတာပါ”


လူမှုရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ချင်တဲ့၊ အကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်ချင်တဲ့ လူငယ်တွေကိုကော ဘာများ ပြောချင်ပါလဲ။
“လူငယ်တွေကို ကျနော်ပေးချင်တဲ့ မက်ဆေ့ကတော့ ကျနော့်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ ဆိုတာကို လက်စွဲပြုပြီးတော့ လူမှုရေး လုပ်ငန်းတွေ လုပ်နိုင်ပါစေလို့ ကျနော် ဆန္ဒပြုပါတယ်။ အဓိကကတော့ စိတ်ဓာတ်နဲ့ ခံယူချက်ပါပဲ။ စိတ်ဓာတ်က ကိုယ် အများအကျိုးကို ထမ်းဆောင်တယ်ဆိုရင် စိတ်ဓာတ်ရှိရမယ်၊ နောက်ပြီးတော့ ကိုယ့်သီလကို ကိုယ်လုံတယ်၊ အဲဒါကြောင့် ကျနော်တို့က သစ္စာဆိုရဲတယ်။ ကျနော်တို့က ဘယ်အရာမဆို စိတ်ရှင်းပါတယ်”

လူထုနှင့် တွေ့ဆုံခွင့်ရရန် လွှတ်တော်အမတ်က ပြည်သူ့လွှတ်တော် ဥက္ကဌ ဆီစာရေး - Narinzara


4/25/2011
Adjust font size: 

လူထုနှင့် တွေ့ဆုံ ရှင်းလင်းမည့် အစီအစဉ် တားမြစ် ခံရပြီးနောက် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းသည် ပြည်သူများနှင့် တွေ့ဆုံခွင့် ရရန် အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းထံ စာရေး အကြောင်းကြားထားသည်ဟု သတင်း ရရှိသည်။

ဦးဖေသန်းက စာရေး အကြောင်းကြားခဲ့ပုံကို ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်က လွှတ်တော် အမတ် တစ်ဦးအနေနဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းဆီကို ဒီလ ၂၂ ရက်နေ့က စာရေး အကြောင်းကြားခဲ့ပါတယ်။ မိတ္တူတွေကိုတော့ ပြည်နယ် ၀န်ကြီးချုပ်၊ ရွှေးကောက်ပွဲ ကော်မရှင်နဲ့ ကျွန်တော်တို့ရဲ့ ပါတီ ဥက္ကဌဆီကို ပေးပို့ခဲ့ပါတယ်။ စာထဲမှာ ရေးသား ထားကတော့ လွှတ်တော် အမတ်တစ်ဦး အနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့ ဆက်ဆံဖို့လိုတယ်။ ဒါကြောင့် ပြည်သူတွေဆီသွားပြီး တွေ့ဆုံခွင့် ပြုပေးဖို့ စာရေးတင်ပြတာ ဖြစ်ပါတယ်။”

ယခုကဲ့သို့ စာရေးရခြင်းမှာ သူ၏ ပြည်သူများနှင့် တွေ့ဆုံမည့် ခရီးစဉ်ကို မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်၍ ဖြစ်ကြောင်း သူက ပြောသည်။

“ ကျွန်တော်က ဒီလ ၁၀ ရက်နေ့က မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်ခိုင်ဝင်းကို သွားပြီးတော့ ကျွန်တော် နယ်ကို ဆင်းချင်တယ်ဆိုပီး သူ့ကို သွားအသိပေးပါတယ်။ သူက အထက်က ခွင့်ပြုချက် မရှိဘူး။ ခင်ဗျာ မဆင်းပါနဲ့ ဆိုပြီး တားပါတယ်။ ဒီတော့ ပြည်သူ့ လွှတ်တော် အမတ်တစ်ဦး အနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့ပြီး ပြည်သူတွေရဲ့ အခြေအနေတွေကို မေးမြန်းဖို့လိုတယ်။ နောက်တစ်ကြိမ် လွှတ်တော်မှာ ပြည်သူတွေရဲ့ အခြေအနေတွေကို တင်ပြဖို့လိုတယ်။ ခုလို ဆိုရင် ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေနဲ့ မတွေ့ရ၊ မဆွေးနွေးရဆိုတဲ့ အနေအထားမျိုးကို ရောက်နေတဲ့ သဘော ဖြစ်နေပါတယ်။”

ယခုကဲသို့ တားမြစ်ပြီးနောက် နောက်နောင် တွေ့ဆုံခွင့်ရရန် အထက်ကို တင်ပြပေးမလားဟု မေးသော အခါမှာလည်း မြို့နယ် အုပ်ချုပ်ရေးမှူက ခွင့်ပြုချက် ရရန်အတွက် အထက်ကို တင်ပြရန်မှာ သူ့တာဝန် မဟုတ်ကြောင်း ပြောဆိုသည်ဟု သူက ဆိုသည်။

“ ဒါဆိုရင် အထက်က ခွင့်ပြုချက်ရအောင် ကျွန်တော် ဘယ်နေ့ထိ စောင့်ရမလဲဆိုတော့ အဲဒါ သူမသိဘူးလို့ ပြောပါတယ်။ ဒါဆိုရင် နယ်တွေကို ဆင်းပြီး ပြည်သူတွေနဲ့ ထိတွေ့နိုင်ရေး အတွက် ခွင့်ပြုချက်ရအောင် စီစဉ်ပေးပါတော့ဆိုတော့လည်း ဒီတာဝန်က သူ့တာဝန် မဟုတ်ဘူးလို့ ဆိုပြန်ပါတယ်။ ခုလို အခြေအနေဆိုရင် ကျွန်တော်တို့ အနေနဲ့ပြည်သူတွေနဲ့ တွေ့ဆုံပီး ဆွေးနွေးဖို့ဆိုတာ ကြန့်ကြာနိုင်တယ် အနေအထားမှာ ရှိနေတဲ့ သဘောပါဘဲ” ဟု သူက ပြောသည်။

သူ့အနေနှင့် လက်ရှိ အခြေအနေတွင်ပြည်သူများနှင့် ထိတွေ့ရန် လိုနေကြောင်းကိုလည်း ယခုကဲ့သို့ ပြောသည်။ “ ကျွန်တော်တို့ မြေပုံမြို့နယ် ဆိုတာ မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့တဲ့ နေရာ ဒေသ ဖြစ်တယ်။ အခုအချိန်ထိ ကျိုးသွားတဲ့ တာတမံတွေ အများစုကို ပြန်မဆည်ဖို့နိုင်သေးဘူး။ နည်းနည်းလေးဘဲ ပြန်ဆည်နိုင်သေးတယ်။ လူထုတွေ ဘာ ဖြစ်နေသလဲ၊ ဘယ်လို အခက်အခဲတွေ ရှိနေသလဲဆိုတာ လူထုတွေနဲ့ တွေ့ဆုံ မေးမြန်းဖို့ လိုတယ်။ နောက်တစ်ခုက နယ်တွေမှာ အကြီးအကျယ် မကျေမလည် ဖြစ်နေတာက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အရင် ရယကဥက္ကဌတွေကို ပြန်ခန့်တဲ့ ကိစ္စ ဖြစ်တယ်။ စနစ် ပြောင်သွားပြီ၊ အစိုးရ ပြောင်းသွားပြီဆိုပီး လက်တွေ့မှာ ရယက အဟောင်းတွေကို ပြန်ခန့်တဲ့ အတွက် လူထု အတွင်းမှာ မကျေနပ်မူတွေ ကြီးထွားနေသလို ပြဿနာတွေလည်း တက်နေတယ်။ ကျွန်တော်က ပြည်သူတွေက တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ လူထုတွေကြားထဲကို သွားပီး ဒီကိစ္စတွေကို ရှင်းပြဖို့၊ ပြေလည်အောင် ရှင်းလင်းပေးဖို့ တာဝန်ရှိတယ်။ ဒါကြောင့် နယ်တွေကို ဆင်းဖို့ အရေးတကြီး လိုအပ်နေတယ်” ဟု သူက ဆက်ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး တားသော်လည်း ဧပြီလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် နယ်များသို့ ဆင်းကို ဆင်းမည်ဖြစ်ကြောင်းနှင့် သူအနေဖြင့် နယ်ဆင်းပြီး လူထုနှင့် တွေ့ဆုံမည် အကြောင်းကို သူရေးသားပေးပို့သော စာထဲတွင် ရေးသားဖေါ်ပြထားကြောင်း သူက ပြောသည်။

စစ်တွေပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုမှလည်း လွှတ်တော် အမတ်များ အနေဖြင့် ပြည်သူများနှင့် တွေ့ဆုံပြီး လွှတ်တော်အတွေ့ အကြုံများကို ရှင်းလင်းခွင့် ရရှိရေး အတွက် သူတို့ ပါတီ အနေဖြင့် အထက် အာဏာပိုင် အဆင့်ဆင့်သို့ စာရေး တင်ပြထားကြောင်း ပြောဆိုသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

ကံ့ခိုင်ရေး ပါတီ အမတ်များ လူထု ရှင်းလင်းပွဲ လုပ်မည်


4/25/2011
Adjust font size: 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကြံ့ခိုင်ရေး အမတ်များ လူထု ရှင်းလင်းပွဲ ပြုလုပ် ဖြစ်ကြောင်း သတင်း ရရှိသည်။

“ အခု ကျွန်တော်တို့ အလယ်သံကျော်ကျေးရွာမှာ ဧပြီလ ၂၆ ရက်နေ့ လူုထု ရှင်းလင်းပွဲ လာလုပ်မယ်ဆိုပြီး အကြောင်းကြားထားတာရှိပါတယ်။ ပြည်နယ်အဆင့် အမတ်တွေ ဖြစ်ဖို့ များပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အလယ်သံကျော်မှာ မောင်တောမြို့ တောင်ဘက် ၁၀ မိုင်ခန့် အကွာတွင် တည်ရှိပြီး အိမ်ခြေ ထောင်ကျော်ရှိသော ကျေးရွာကြီး တစ်ရွာ ဖြစ်သည်။

ရှင်းလင်းပွဲ တက်ရောက်မည့် လူပေါင်း ၅၀၀ အတွက် ကျွေးမွေးရန် အစီအစဉ် ပြုလုပ်ထားရန်လည်း သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အား အကြောင်းကြားထားကြောင်း သူက ပြောသည်။

“ လူပေါင်း ၅၀၀ အတွက် ကျွေးမွေးရေး စီစဉ်ထားဖို့ သူတို့က မှာထားပါတယ်။ ရခိုင်ပြည်နယ် စီးပွားရေး ၀န်ကြီး ဦးမြအောင် ဦးဆောင်ပီး လာမယ်လို့ ကြားရပါတယ်။ ဘာတွေကို ပြောကြားမလဲ ဆိုတာကိုတော့ သူတို့ ဟောပြောပွဲ လုပ်တဲ့ အခါမှ သိရပါလိမ့်မယ်” သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အမတ်များ လူထု ရှင်းလင်းပွဲ လုပ်ရန် အစီအစဉ်များကို သက်ဆိုင်ရာမှ ပိတ်ပင်ထားသည့် နောက်ပိုင်း ကြံ့ခိုင်ရေးပါတီ၏ လူထုရှင်းလင်းပွဲ အစီအစဉ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



စွမ်းအားရှင် အမည်သစ်ဖြင့် ပြန်ဖွဲ့မည် - Irrawaddy

စည်သူ    MONDAY, 25 APRIL 2011 14:20 
စွမ်းအားရှင်အဖွဲ့ကို “ပြည်သူ့ လုံခြုံရေးအဖွဲ့” ဟူသော အမည်ဖြင့် အသွင်ပြောင်း ဖွဲ့စည်းရန် စီစဉ်နေကြောင်း စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့(စရဖ)မှ သိရှိရသည်။

ယင်းသို့ ပြန်လည် ဖွဲ့စည်းရခြင်းမှာ အတိုက်အခံ နိုင်ငံရေးသမားများကို နှိပ်ကွပ်ရန် နှင့် လူထုအုံကြွမှုများကို နှိမ်နင်းရန်အတွက်ပင် ဖြစ်သည်ဟု နေပြည်တော်မှ စရဖ အရာရှိကြီးတဦး က ပြောသည်။

“အသွင်ပြောင်းဖွဲ့စည်းမှုအတွက် သက်ဆိုင်ရာလူကြီးတွေ အစည်းအဝေးလုပ်နေကြတယ်။ ဒီအဖွဲ့ကို ဘယ်ဌာန လက်အောက် ထားမလဲ။ ဘယ်သူတွေက ကြီးကြပ်ကွပ်ကဲမလဲဆိုတာတွေ။ စည်းဝေးနေ ကြတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ပြည်သူ့လုံခြုံရေးအဖွဲ့သည် စစ် အစိမ်းရောင်ယူနီဖောင်းကို ၀တ်ဆင်ကာ ဒိုင်းနှင့် နံပါတ်တုတ်များ ကိုင်ဆောင်မည်ဖြစ်သည်ဟု စရဖ အရာရှိက ဆက်ပြောသည်။

ယခင် နအဖ စစ်အစိုးရ စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း ဦးဆောင်ခဲ့သည့် စွမ်းအားရှင်အဖွဲ့သည် ရဲ မှတ်တမ်းဝင် လောင်း ကစား၊ မှုးယစ်ဆေးဝါး သုံးစွဲသူများ၊ ထောင်ထွက်များ စသည်များကို ငွေပေးစည်းရုံးကာ အတိုက်အခံ နိုင်ငံရေးသမားများအား နှိပ် ကွပ်ခြင်း၊ လူထုအုံကြွမှုများကို အကြမ်းဖက်နှိမ်နင်းခြင်းများကြောင့် ပြည်သူအများက နှစ်ခြိုက်မှုမရှိကြောင်း ပြောဆိုကြသည်။

“လူကြီးပိုင်းထဲမှာ နှစ်မျိုးကွဲနေတယ်။ တစုက လက်ကိုင်တုတ် အဖွဲ့မလိုဘူး။ တခြားတစုက လိုတယ်ပေါ့။ အတိုက်အခံ အုပ်စုက အခြေခံဥပဒေပါ အခွင့်အရေးတွေသုံးပြီး လူထုလိုလားချက်ကို ငြိမ်းချမ်းတဲ့ နည်းနဲ့ တောင်းဆိုလာရင် နှိမ်နင်းဖို့ပေါ့။ အခြေခံဥပဒေ အရ လူတိုင်းမိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခွင့်တို့၊ လွပ်လပ်စွာ စီတန်းလှည့်လည် ဆန္ဒပြခွင့်တို့ ပါတာကို။ သူတို့က အဲဒါကို လန့် နေတာဗျ”ဟု အထက်ပါ စရဖ အရာရှိက ဆက်လက် ပြောဆိုသည်။

ရန်ကုန်မှ အမည်မဖော်လိုသော မြန်မာ့နိုင်ငံရေး လေ့လာသူတဦးကလည်း“ဒီမိုကရေစီစနစ် သွားမယ်လို့လည်း ဆိုတယ်။ သမ္မတ သစ် ကိုယ် တိုင်တောင် သန့်ရှင်းသော အစိုးရ၊ အုပ်ချုပ်မှုကောင်းသောအစိုးရ တရပ်ထူထောင်မယ်။ အကျင့်ပျက်ခြစားတာတွေ နဲ့ လက်ဝါးကြီးအုပ် စီးပွားရေးစနစ် ကို တိုက်ဖျက်မယ်လို့ မိန့်ခွန်းထဲမှာ ပြောနေပေမယ့် အခုလို အစိုးရရဲ့လက်ကိုင်တုတ်အဖွဲ့ ဖွဲ့တာ က ဒီမိုကရေစီစနစ်အတွက် ကြီးမားတဲ့ အဟန့်အတားပါပဲ”ဟု ပြောသည်။

“ကျနော်သိသလောက်ဆိုရင် ၂၀၀၃ ဒီပဲယင်းအရေးအခင်းမှာ စွမ်းအားရှင်ကို အရင် နအဖ အစိုးရက ပွဲထုတ်လာတယ်။ နောက် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ဖြိုခွဲတော့လည်း စွမ်းအားရှင်တွေက အဓိက အခန်းကဏ္ဍက ပါခဲ့တာပဲ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာ့နိုင်ငံရေးတွင် အတိုက်အခံနိုင်ငံရေးသမားများကို လက်ကိုင်တုတ်အဖွဲ့များဖွဲ့ကာ နှိမ်နင်းခြင်းသည် လွတ်လပ်ရေးမရမီ အင်္ဂလိပ် အုပ်ချုပ်မှုလက်အောက်ကပင်ရှိခဲ့ပြီး ယခုအချိန်အထိ မပြောင်းလဲသော အစဉ်အလာဆိုးဖြင့် ဆက်လက်တည်ရှိနေကြောင်း လေ့လာသူများက ပြောဆိုကြသည်။

“ဒီမိုကရေစီ ထွန်းကားဖို့ ကောင်းမွန်တဲ့ အတိုက်အခံတရပ်ရှိမှ ဖြစ်မယ်။ အခုဟာက အတိုက်အခံအင်အားရှိလာရင် အာဏာရပါတီ က ဖြိုခွဲဖို့လောက်ပဲစဉ်းစားနေတော့ ဒီမိုကရေစီစနစ်သွားဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ အများကြီး ပြင်ရဦးမယ်”ဟု ရန်ကုန်မြို့မှ မြန်မာ့နိုင်ငံရေး သမိုင်း လေ့လာသူ တဦးက ပြောဆိုသည်။


ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ သတင်းစာများ ထုတ်ဝေမည် - Irrawaddy

စည်သူ    MONDAY, 25 APRIL 2011 17:08 
သမ္မတ ဦးသိန်းစိန် အစိုးရက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဒေသဆိုင်ရာ သတင်းစာများ ထုတ်ဝေရန် ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ အစိုးရအဖွဲ့များကို ညွှန်ကြား သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ လာသော သတင်းများအရ သိရသည်။


ယမန်နှစ် ဒီဇင်ဘာလက ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း၌ ကျင်းပသော ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဆုပေးအခမ်းအနားတွင် တွေ့ရသော ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း (ဓာတ်ပုံ - Popular News)

“အဓိက ကတော့ သမ္မသစ် ဦးသိန်းစိန်ကို ကျနော်တို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဒေသဆိုင်ရာ သတင်းစာတွေ ရှိသင့်ကြောင်း တင်ပြရာက သမ္မတက သဘောကျပြီး
ဖြစ်လာတာပါ။ လိုအပ်တဲ့ ပြင်ဆင်မှုတွေကတော့ အများကြီလုပ်ရဦးမယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

ဦးသိန်းစိန် အစိုးရတွင် ဦးကျော်ဆန်းသည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန နှစ်ခုတို့၏ ဝန်ကြီး ဖြစ်သည်။

သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ သတင်းစာများ ထုတ်ဝေမည့်အချိန်ကို ပြောရန် စောသေးကြောင်း၊ ထိုကဲ့သို့ ထုတ်ဝေရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ လုပ်ဆောင်ချက်များကို ၀ါဒဖြန့်ချိရေးသဘောဖြင့် အသားပေးဖော်ပြသွားမည်ဖြစ်ကာ သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပြန်/ဆက်ဦးစီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အဆင့်မြင့် အရာရှိက “အဓိက ကတော့ ၀န်ကြီးက မီဒီယာကို မီဒီယာနဲ့ တန်ပြန်မယ်ပေါ့။ အခု လက်ရှိသတင်းစာတွေက တနိုင်ငံလုံး လွှမ်းခြုံနိုင်မှု နည်းသေးတယ်ပေါ့။ ဒေသဆိုင်ရာ သတင်းစာတွေပေါ်လာရင် ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေရဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီးဖော်ပြနိုင်မယ်လို့လည်း ၀န်ကြီးက ယူဆတယ်” ဟု ဆိုသည်။

ပြည်တွင်းရှိ ဂျာနယ်တစောင်မှ အကြီးတန်း အယ်ဒီတာတဦးက “ပြည်သူတွေအတွက် ဖတ်စရာတိုးလာတာကတော့ ၀မ်းသာစရာပါ။ ဒါပေမယ့် ပြည်သူကို အကျိုးပြုတဲ့ မီဒီယာတွေ၊ သတင်းစာတွေ ဖြစ်မလာဘဲ အစိုးရရဲ့ အာဘော်တွေချည်း ဖော်ပြတဲ့ သတင်းစာတွေ ထွက်လာလို့ကတော့ သိပ်မကောင်းပါဘူး။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကသာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးတွေ သယ်ဆောင်လာနိုင်မှာပါ” ဟု သုံးသပ်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တနိုင်ငံလုံးဖြန့်ချိနေသည့် အစိုးရအာဘော် သတင်းစာများဖြစ်သည့် မြန်မာဘာသာဖြင့် ထုတ်ဝေသော မြန်မာ့အလင်း၊ ကြေးမုံနှင့် မကြာမီက ထုတ်ဝေသည့် မြ၀တီသတင်းစာ၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The New Light of Myanmar တို့ရှိပြီး ရန်ကုန်တွင် မြို့တော်သတင်းစာ၊ မန္တလေးတွင် ရတနာပုံနေ့စဉ်နှင့် မန္တလေး နေ့စဉ်ဟူသော ဒေသဆိုင်ရာ သတင်းစာများရှိကြောင်း သိရှိရသည်။

လူဦးရေ သန်း ၆၀ ကျော်ရှိသော မြန်မာနိုင်ငံတွင် အစိုးရအာဘော် သတင်းစာများကို နေ့စဉ် စောင်ရေ ၃ သိန်းကျော်၊ တလလျှင် စောင်ရေ ၉ သန်းကျော်၊ တနှစ်လျင် စောင်ရေ ၁၀၈ သန်းကျော် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေကြောင်း ယခုနှစ် မတ်လ ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ဒေသတွေမှာ နအဖ က အရပ်သားပိုင်ပစ္စည်းတွေ သိမ်းပိုက် - naythit

from နေ့သစ် by admin


ဒီကေဘီအေ တပ်ဖွဲ့တွေဟာ နအဖ တပ်ရင်း ၂၈၃ ကို ကျိုက်ဒုံနဲ့ မိနာအ ကြားမှာ ဧပြီလ ၂၄ ရက်နေ့က စောင့်ကြိုက် တိုက်ခိုက်ခဲ့ပါတယ်။ နအဖ ဘက်က အရာရှိတဦး၊ ဆေးမှူးတဦး၊ တပ်သားတဦး ပေါင်းသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပြီး၊ တနေ့တည်းမှာပဲ ကျိုက်ဒုံမြို့အထွက်က နအဖ တပ်ရင်း ၂၈၃ တပ်စခန်းရှိရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါ သေးတယ်။ ဒီတိုက်ပွဲမှာ နအဖ စခန်းမှာရှိနေတဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

ဧပြီလ ၂၂ ရက်နေ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ကလိုထူးဘော စစ်ဗျူဟာမှ ဗိုလ်မှူးဆန်းအောင် ပြောပြ တာကတော့ …

“တိုက်ပွဲက မနက် ၆ နာရီလောက်ကနေ စဖြစ်တာ မွန်းလွဲ ၁ လောက်ထိအောင် ကြာသွားတယ်။ သူတို့ဘက်က သုံး ယောက် ဒဏ်ရာရသွားတယ်။ အဲဒါ မိနာအ နဲ့ ကျိုက်ဒုံ ကြားမှာဖြစ်တာ၊ နောက်တပွဲက ကျိုက်ဒုံအထွက် သူတို့စခန်း ကို ကျနော်တို့ သွားပစ်တယ်။ အဲဒီမှာ အရပ်သား ၂ ယောက်ထိတယ်လို့ ပြန်ကြားတယ်။ ကျိုက်ဒုံအထွက် ၂၈၃ တပ် က ဒီရက်ထဲမှာ ကျိုက်ဒုံကနေ ထိုင်းနယ်စပ် ပိုင်ခရမ်သွားမယ့် ခရီးသယ်ကားတွေ ကုန်ကားတွေ၊ ထော်လာဂျီတွေပေါ် က ပစ္စည်းတွေကို အကုန်ဆွဲချ သိမ်းပစ်နေတယ်၊ လူတွေလည်း စခန်းမှာဖမ်းထားတယ်။ သူတို့ အကြောင်းပြတာက ဒီပစ္စည်းတွေဟာ ဒီကေဘီအေ ကို သွားပို့မယ့် ပစ္စည်းတွေဆိုပြီး သိမ်းနေတယ်။ သူတို့ ဖြတ်လေးဖြတ် လုပ်နေတာ လား သူတို့တပ် စာဘို့သောက်ဘို့အတွက် ပစ္စည်းတွေ လုယူနေတာလား” လို့ ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ အခုတက်လာတဲ့ အစိုးရသစ်အတွက် ငွေကြေးအကြပ်ဆိုက်နေတယ်လို့ သတင်းတွေ ကြားသိရပါတယ်။  ဒီအကြပ်ဆိုက်မှုဟာ အောက်ခြေတပ်ရင်းတွေအထိ သက်ရောက်နိုင်မှာဖြစ်ပြီး တပ်လှုပ်ရှားမှု စရိတ်တွေကိုလည်း လျော့ချပစ်နေတယ်လို့ ကြားနေရပါတယ်။

နအဖ ဦးစီးကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာပဲ အပစ်ခတ်ရပ်ဆဲတာမှုတွေ ပျက်ပြားခဲ့ရာက နအဖ နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေဟာ ထိုင်းမြန်မာနယ်စပ်မှ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ခဲ့ပြီး အခုဆိုရင် ဒီကေဘီအေ တပ်ဖွဲ့ တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ကရင်ပြည်နယ်အတွင်းပိုင်းတွေကို ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

မိုင်ကြီးငူဒေသရှိ BGF တပ်ဖွဲ့ဝင်အချို့ KNU ထံ လာရောက်ပူးပေါင်း - KIC

from Karen Newsletter by Karen Information Center
ဧပြီလ ၂၅ရက်၊ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် အခြေစိုက်လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့အတွင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တပ်ရင်း (၁၀၁၂)မှ ဗိုလ်ကြီးစောဖားမီး ဦးစီးသောအဖွဲ့သည် ယမန်နေ့က ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၅)တပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းလာခဲ့သည်ဟု စုံစမ်း သိရှိရသည်။

အင်အား (၃၀)ခန့်ရှိသည့် ဗိုလ်ကြီးစောဖားမီးအဖွဲ့သည် ဧပြီလ ၂၂ရက်နေ့ ညနေ ၃နာရီခန့်တွင် မြိုင်ကြီးငူရှိ BGF တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ လက်နက်ခဲယမ်းဂိုဒေါင်တစ်လုံးနှင့် စစ်တန်းလျှားတစ်လုံးကို ဖောက်ခွဲမီး ရှို့လိုက်ပြီးနောက် ယမန်နေ့ မွန်းလွဲပိုင်းတွင် KNU တပ်မဟာ (၅) တပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု KNLA အရာရှိတဦးက ပြောသည်။

သူက “တပ်ခွဲမှူး ဗိုလ်ဖားမီးအဖွဲ့က မြိုင်ကြီးငူကို ဝင်ပစ်တာ အဲဒီမှာ လက်နက်ခဲယမ်းဂိုဒေါင် တစ်လုံးကို ဖောက်ခွဲ လိုက်တယ်။ စစ်တန်းလျှားကြီး တစ်လုံးကို မီးရှို့လိုက်တယ်။ ပြီးတော့ ပစ်ခတ်မှုတွေ ဖြစ်တယ်။ ဟိုဘက်က (BGF) ၃ ယောက် သေတယ်။ ပြီးတော့ ဗိုလ်ဖားမီးအဖွဲ့က တပ်မဟာ (၅)၊ KNLA တပ်ရင်း (၁၀၂)မှ ဗိုလ်စတီးအဖွဲ့နဲ့ လာပူး ပေါင်းတယ်။” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ယနေ့မနက် ၃နာရီခန့်အချိန်တွင် ထို BGF (၁၀၁၂)မှ ဗိုလ်ဘိဦးဆောင်သော အဖွဲ့သည် ကမမောင်းရှိ မြန်မာစစ်တပ်၏ ရိက္ခာဂိုဒေါင်နှင့် လက်နက်ဂိုဒေါင်တို့ကို ဝင်ရောက်မီးရှို့ခဲ့ကြောင်းလည်း ထိုအရာရှိကပဲ ဆက်လက် ပြောသွားသည်။

ယခုလို BGF တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားလာခြင်းအပေါ် BGF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက “သူတို့တပ်ဖွဲ့ဝင်အချင်းချင်းကြားမှာ ခံယူချက်အပိုင်းတွေမှာ မတူညီတာ ရှိတယ်။ တချို့က BGF မလုပ်ချင်ဘဲနဲ့ မတတ် သာလို့ လုပ်ရတယ်လေ။ တယောက်နဲ့တယောက် သဘောထားချင်း မတိုက်ဆိုင်တော့ မကျေနပ်မှုတွေ ရှိလာတော့ အခုလိုဖြစ်လာတာပဲ။” ဟု ကေအိုင်စီကို ပြောသည်။

BGF အဖွဲ့မှ ခွဲထွက်ပြီး KNU တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်းသည့် ဗိုလ်ကြီးဖားမီးအဖွဲ့ကို လက်ခံကြိုဆိုသည်ဟု KNU ဖာပွန်ခရိုင်၊ တပ်မဟာ (၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ယခုလိုပြောသည်။

သူက “ကျနော်တို့တွေက ကရင်အချင်းချင်းတွေပဲ။ လမ်းမှားလျှောက်မိလို့ မှားမှန်းသိပြီး ပြန်လှည့်လာတယ်။ ကျနော်တို့နဲ့ ပြန်လာလက်တွဲလိုတယ်ဆိုရင် ကျနော်တို့ဘက်ကတော့ လက်ခံကြိုဆိုတယ်။”ဟု ပြောသည်။

ထို BGF (၁၀၁၂)တပ်ဖွဲ့သည် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်မဟာ (၃၃၃)တပ်ဖွဲ့ဖြစ်ရာ ပြီးခဲ့သော ၂၀၁၀ခုနှစ် သြဂုတ်လ ၁၈ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း ခံရသလို ယခု ဗိုလ်ကြီးစောဖားမီးတို့ ဝင်ရောက်ပစ်ခတ်သည့် မြိုင်ကြီးငူ BGF စခန်းသည် ယခင် DKBA၏ ဗဟိုဌာန ချုပ်တည်နေရာဖြစ်သည်။

သုခ ကုသိုလ်ဖြစ်ဆေးခန်းခွဲ ပြည်မြို့မှာ ဖွင့်တော့မည် - RFA


2011-04-25

နာရေးကူညီမှုအသင်း (ရန်ကုန်) က ဖွင့်လှစ်တဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းပုံစံအတိုင်း အခမဲ့ ကုသပေးမဲ့ ဆေးခန်းခွဲကို ပြည်မြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Photo: RFA
နာရေးကူညီမုအသင်း (ရန်ကုန်) က ဖွင့်လှစ်ထားသော သုခ ကုသိုလ်ဖြစ် ဆေးခန်းတွင် အခမဲ့ ဓာတ်မှန် ရိုက်ကူးပေးနေပုံ ဖြစ်ပါသည်။ (Photo: RFA)
နာရေးကုညီမူအသင်း (ရန်ကုန်) တည်ရှိရာ ဒဂုံမြို့သစ် ( မြောက်ပိုင်း) မှာ ဖွင့်လှစ်ထားတဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းမှာ လာရောက် ပြသသူ လူနာတွေကို ဓာတ်မှန်ကအစ၊ ဆေးဝါးပါမကျန် အခမဲ့ ကုသပေးနေတာပါ။ တရက်ကို လူနာတရာကျော် လာရောက်ပြီး ကုသမှု ခံယူနေကြပါတယ်။ အဲဒီလို သုခဆေးခန်းခွဲတွေကို နယ်မြို့တွေမှာပါ ဖွင့်လှစ်ဖို့ နာရေးကုညီမှုအသင်း (ရန်ကုန်) က စီစဉ်နေတာ ဖြစ်ပါတယ်။
အခု ပြည်မြို့မှာ ဖွင့်လှစ်မဲ့ ဆေးခန်းနဲ့ပတ်သက်ပြီး သုခဆေးခန်း တာဝန်ခံ ဒေါ်ရွှေဇီးကွက်က အခုလို ပြောပြပါတယ်။
“ပြည်မှာ စဖွင့်မယ်ပေါ့။ ဘာဖြစ်လို့ ပြည်ကို ရွေးတာလဲ ဆိုလို့ရှိရင် ၁ အချက်က မိုးမေတ္တာ လူငယ်များအဖွဲ့ပေါ့နော်၊ ကိုညီညီအောင်တို့က ကိုမိုးကြီးတို့ ကိုညီညီအောင်တို့က ကျွန်မတို့ ရေတွင်းတူးတဲ့ နေရာတွေမှာ ပြည်ဖက်မှာရော၊ နတ်မောက်ဖက်မှာရော သူတို့က ကူညီခဲ့တာ။ သူတို့ကလည်း ကျွန်မတို့ရဲ့ ပုံစံအတိုင်း လုပ်ပေးနိုင်တယ်ပေါ့နော်။ အဲဒါကြောင့် ကျွန်မတို့ ပြည်ကို ရွေးတယ်။ ပြီးတော့ ဆရာဝန်ရှိတဲ့နေရာ၊ ဘာဖြစ်လို့လဲဆိုတော့ ဆရာဝန်တွေကိုလည်း ဗော်လံတီယာပဲ လိုချင်လို့ ကျွန်မတို့က။ ကျွန်မတို့ အခု သုခဆေးခန်းပုံစံမျိုးပဲ၊ ရန်ကုန် သုခဆေးခန်းမှာ ဆရာဝန် အယောက် ၅၀ နီးပါးဟာ အားလုံးက ကုသိုလ်ဖြစ်ပဲ လာပြီး လုပ်ပေးနေကြတာ။”
ပြည်မြို့မှာ ဖွင့်လှစ်မဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းခွဲအတွက် ရတနာမာန်အောင် ဘုန်းကြီးကျောင်းဝင်း အတွင်းမှာ နေရာ အဆောက်အဦ ရရှိထားပြီး ဖြစ်တာကြောင့် ပြင်ဆင် မွမ်းမံနေတာတွေ ပြီးစီးရင် ဆေးခန်း စတင် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီဆေးခန်းအတွက် ကုန်ကျစရိတ်အားလုံးကို နာရေး ကူညီမှုအသင်းက တာဝန်ခံပြီး မတည် ပံ့ပိုးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သုခကုသိုလ်ဖြစ် ဆေးခန်းနဲ့ပတ်သက်ပြီး ဒေါ်ရွှေဇီးကွက်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။


မြန်မာ့ရွှေ တရုတ်အဝယ်များ - ဧရာဝတီ 

 MONDAY, 25 APRIL 2011 17:00 
မြန်မာ့ရွှေဈေးမှာ စံချိန်တင်နိုင်ခြင်းမရှိဘဲ ကမ္ဘာ့ရွှေဈေး ထက်နိမ့်ကျလျက် ရှိသောကြောင့် တရုတ်ဈေးကွက်သို့ မြန်မာ့ရွှေများ အလုံးအရင်းဖြင့် စီးဆင်းလျက်ရှိကြောင်း သတင်းရရှိသည်။


ရန်ကုန်မြို့ တရုတ်တန်းရှိ ရွှေဆိုင် တဆိုင် (ဓာတ်ပုံ - အေအက်ဖ်ပီ)

ကမ္ဘာ့ဈေးကွက်တွင် ရွှေတအောင်စလျှင် အမေရိကန် ၁၅၀၃ ဒေါ်လာဈေးအထိ စံချိန်တင်မြင့်တက်လျက် ရှိသော်လည်း မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် တကျပ်သားလျှင် ကျပ် ၁ သောင်းကျော် နိမ့်ကျနေကြောင်း၊ ယင်းသို့ မြန်မာ့ရွှေဈေး နိမ့်ကျနေခြင်းကြောင့် တရုတ် - မြန်မာနယ်စပ် မူဆယ်ဒေသမှ ကုန်သည်များက ရန်ကုန်နှင့် မန္တလေးရွှေဈေးကွက်မှ ရွှေများဝယ်ယူပြီး တရုတ်ဈေးကွက်သို တင်ပို့ရောင်းချကြကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် နီးစပ်သည့် မန္တလေးရွှေဆိုင်ပိုင်ရှင်တဦးက ရှင်းပြသည်။

“ကမ္ဘာ့ရွှေဈေးထက် မြန်မာ့ရွှေဈေးက နိမ့်နေတော့ ပြည်တွင်းရွှေက တရုတ်နဲ့ ထိုင်းဘက်ကို စီးတယ်။ တရုတ်ဘက်ကို မူဆယ်ဘက်ကစီးဝင်ပြီး ထိုင်းဘက်ကိုတော့ မော်လမြိုင်ဘက်က စီးဝင်တယ်။ အဓိက တရုတ်ဘက်ကို စီးဝင်တာ
အများဆုံးပဲ” ဟု မန္တလေး ရွှေသန့်စင်ရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

မြန်မာ့ရွှေဈေး စံချိန်တင်မြင့်တက်မှု မရှိခြင်းမှာ အမေရိကန် ဒေါ်လာဈေး ကျဆင်းနေခြင်းကြောင့်ဖြစ်ပြီး  ပြည်တွင်း ရွှေဈေးသည် ဖြည်းဖြည်းနှင့် ပုံမှန်သာတက်နေကြောင်း သိရှိရသည်။

“ငွေမာ (အမေရိကန် ဒေါ်လာ) တဒေါ်လာကို ၈၅၇ ကျပ်ထိ ဈေးကျတယ်။ ၈၆၂ ကျပ်လောက်ကနေ ဈေးကျလာတာ” ဟု ရွှေနှင့်အမေရိကန်ဒေါ်လာ အရောင်းအ၀ယ်လုပ်နေသူ ရန်ကုန် စီးပွားရေးသမားတဦးက ဆိုသည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၀၃ ဈေးနှုန်းရှိသောကြောင့် မြန်မာ့ရွှေ တကျပ်သား တန်ဖိုး အမေရိကန်ဒေါ်လာ ၈၀၁.၆ ရှိရမည်ဖြစ်ရာ ငွေလဲနှုန်းအရဆိုလျှင် ရွှေတကျပ်သားကို ၆၈၆၉၇၁.၂ ကျပ်ဈေး ရှိရမည် ဖြစ်သည်။ သို့ရာတွင် ပြည်တွင်း၌ ဖြစ်ပေါ်နေသောဈေးနှုန်းမှာ အကယ်ဒမီ အခေါက် ရွှေတကျပ်သားလျှင် ၆၇၆၄၀၀ ကျပ်သာ ရှိသောကြောင့် ကမ္ဘာ့ရွှေဈေးထက် ကျပ်တသောင်းကျော် နိမ့်ကျနေသည်ဟု မန္တလေးရွှေကုန်သည်များက ရှင်းပြသည်။

နယ်စပ် ဒေသများမှတဆင့် ရွှေများ အိမ်နီးချင်းနိုင်ငံများဆီသို့ စီးဆင်းနေသောကြောင့် ရွှေဈေးကွက်တွင် အရောင်းအ၀ယ် ကောင်းနေသည်ဟု သိရသည်။

“ဒီက လူတွေက ရွှေသိပ်မ၀ယ်နိုင်ပေမယ့် နယ်စပ်ဒေသကနေ ၀ယ်နေတော့ ရွှေဈေးကွက်က အရောင်းအ၀ယ် အတော်ကိုကောင်းတယ်။ ရောင်းသမျှ ကုန်တယ်။ ရောင်းအားထက် ၀ယ်အားကတောင် ပိုများတယ်” ဟု မန္တလေး ရွှေကုန်သည်က ပြောသည်။

ရွှေဈေးနှုန်းများ မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးကွက်တွင် လေပတ်ကား အရောင်းအ၀ယ် မပြုလုပ်ကြရန် တားမြစ်ချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

စုပေါင်း တောင်းဆိုချက်များ သမ္မတ ဦးသိန်းစိန်ထံပို့ - Irrawaddy

လင်းသန့် MONDAY, 25 APRIL 2011 17:19 
မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်မှစတင်သော စုပေါင်းလက်မှတ်ထိုး တောင်းဆိုမှုများကို ယနေ့တွင် သမ္မတ ဦးသိန်းစိန် ထံ သို့ စတင်ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဦးဆောင်သူများက ပြောသည်။

ယင်းတောင်းဆိုလှုပ်ရှားမှုအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအ၀င် မြန်မာပြည်တွင်းရှိ ဒီမိုကရေစီရေးဆောင်ရွက်သူများက ဦးဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ အေးချမ်းစွာ ပြန်လာနိုင်ရေး စသည့်အချက်များ ပါဝင်သည်။

“ကျနော်တို့ အခုပထမအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ ဆရာ ဒဂုန်တာရာ၊ လူထု ဦးစိန်ဝင်း၊ ဦးမိုးသူတို့ စတဲ့ စာပေနဲ့စာနယ်ဇင်းသမားတွေ၊ ဦးအေးသာအောင်၊ ဦးနိုင်ငွေသိန်း၊ ဦးကျင့်ရှင်းထန် စတဲ့ တိုင်း ရင်းသားခေါင်းဆောင်တွေရဲ့ လက်မှတ်တွေကို ပြီးခဲ့တဲ့ သောကြာနေ့ နေ့လယ်၂ နာရီ မှာ စတင်ပြီး သမ္မတ ဦးသိန်းစိန် ဆီကို တင်ပြဖို့စီစဉ်ထားခဲ့တာ။ ဒါပေမယ့် လက်မှတ်တွေက အခုထိဆက်တိုက်ထိုးနေသေးတော့ ဒီနေ့မှ စတင်ဖြစ်တော့ မယ်”ဟု ဦးဆောင်လှုပ်ရှားသူတဦး ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်းက ဧရာဝတီကိုပြောသည်။

အဆိုပါ လှုပ်ရှားမှု၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လက်မှတ်ထိုး တောင်းဆိုထားပြီး NLD အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်း သားများ အပါအ၀င် လူထုလူတန်းစား အစုံမှ ပါဝင်လက်မှတ်ထိုးကြောင်း သိရသည်။

“ကျနော်တို့ ဆက်တိုက်လဲ လက်မှတ်တွေ ကောက်ခံနေပါတယ်။ အပတ်စဉ် သောကြာနေ့တိုင်း လူထု တရပ်လုံး ပါဝင် လက်မှတ်ထိုးတာတွေကို ဆက်တိုက်တင်ပြသွားမှာဖြစ်ပါတယ်”ဟု ကိုဖြိုးမင်းသိန်းက ဆိုသည်။

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းသာယာရေးကို ရှေးရှုသည့် လုပ်ဆောင်ချက်များ အကောင်အထည်ဖော်ရန် မေတ္တာရပ်ခံသည့် ယခုလှုပ်ရှားမှုတွင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး လိုလားသူများက ပါဝင် လက် မှတ် ထိုးခြင်းဖြစ်ကြောင်း သိရသည်။

“စုဆောင်းရရှိထားတဲ့ လက်မှတ် ၅၀၀ ၀န်းကျင်ကို ပထမ အဆင့်တင်မယ်။ နယ်တွေမှာရှိနေတဲ့ လက်မှတ်တွေရော ဆိုရင် တော့ ၁၀၀၀ ကျော် ရှိမယ်။ တိုင်း နှင့် ပြည်နယ် အားလုံးမှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ကျနော်တို့ လုပ်ဆောင်သွားမှာပါ”ဟု ကိုဖြိုးမင်းသိန်း က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အဓိကလက်ငင်း လိုအပ်ချက်များကို လူငယ်များကဦးဆောင်ပြီး လက်မှတ်ထိုးတောင်းဆိုကြသည်မှာ ပြည် သူ့ အသံကို ငြိမ်းချမ်းစွာဖော်ဆောင်ခြင်း ဖြစ်ကြောင်း NLD ဗဟို ဦးဆောင် ကော်မတီဝင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း ပြောသည်။

ဦးဝင်းတင်သည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး အကျဉ်းထောင်တွင်း နှစ်ပေါင်း၂၀ နီးပါး နေထိုင်ခဲ့ရသူလည်း ဖြစ်သည်။

ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ အစ်မဖြစ်သူ မကြည်ကြည်ညွန့် က“အခုလို နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ စုပေါင်းတောင်းဆို လက်မှတ်ထိုးကြတာဟာ ကျမတို့လိုနိုင်ငံရေးအကျဉ်း သား မိသားစုဝင်တွေ အတွက် မျှော်လင့်ချက် တခုတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် လူကိုယ်တိုင် ရောက်လာမှပဲ လွတ်လာတယ်လို့ မှတ်ရမှာပါပဲ”ဟု ပြောသည်။

စုပေါင်း လက်မှတ်ထိုးတောင်းဆိုချက်များပါ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးသည် အမျိုးသားပြန်လည်သင့်မြတ် ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့အတွက် အခြေခံကျသော လုပ်ဆောင်ပေးရမည့်အချက်လည်းဖြစ်သည်ဟု နိုင်ငံရေး လှုပ်ရှားသူများက ဆိုသည်။

“အခု နိုင်ငံတကာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း ပူးပေါင်းပါဝင်လက်မှတ်ရေးထိုးကြတယ်။ သူတို့ကလည်း သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးတွေက တဆင့် ပို့တာတို့၊ နောက် အွန်လိုင်းကနေ ပို့ပေးတာဆိုရင်တော့ ကျနော်တို့ကူးယူပြီး ဆက်တင်သွားမှာဖြစ်တယ်”ဟု ကိုဖြိုးမင်းသိန်းက ပြောဆိုသည်။

အဆိုပါလက်မှတ်ထိုးတောင်ဆိုမှုကို နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်ရေး အတွက် NLD သတင်းနှင့်ပြန်ကြားရေးဌာနမှလည်း ဆော်သြထားသည်။

“ကျနော်တို့ကလည်း ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်လို့ ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးပြီး ပိုမိုကျယ်ပြန့်အောင် ကူညီဆောင်ရွက်သွားမယ်”ဟု စင်္ကာပူရောက် မြန်မာနိုင်ငံသားတဦးက ပြောသည်။

လွှတ်တော်အမတ်တွေ မေးခွန်းထုတ်သင့်တဲ့ ဦးပိုင် - Irrawaddy

from The Irrawaddy's Blog by Admin
1 person liked this

(ဖိုးတရုတ်ကြီးရဲ့ ဆိုဒ်မှာ ဆောင်းပါးရှင် ဗိုလ်သိန်းတန် အခန်းဆက်ရေးနေတဲ့ “လွှတ်တော်မှာ အမတ်မင်းများ မေးသင့်သော ဦးပိုင်အကြောင်း” ဆောင်းပါးတွေပါ။ ဧရာဝတီဘလော့ဂ် တချို့စာအပိုဒ်တွေကို ကောက်နှုတ်ဖော်ပြပြီး အပြည့်အစုံအတွက် ဖိုးတရုတ်ကြီးဆိုဒ်ကို ပြန်ညွှန်းပေးလိုက်ပါတယ်။)


..... စီးပွားရေးဦးပိုင် လီမိတက်တွင် ရာနှုန်းပြည့် ထောက်ပံ့ထားသော ကုမ္ပဏီလုပ်ငန်းများနှင့် အကျိုးတူ ဖက်စပ် ကုမ္ပဏီလုပ်ငန်းများ ဟူ၍ နှစ်မျိုးရှိသည်။ မြန်မာ စီးပွားရေးဦးပိုင် လီမိတက်မှ ချုပ်ကိုင်လုပ်ကိုင်ထားသော လုပ်ငန်းများမှာ၊ မြန်မာအင်တာပရိုက် ကုမ္ပဏီ လီမိတက်၊ မိုးကုတ် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ မိုင်းရူး ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ နန်းယားဒေသ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း၊ ရွှေသတ္ထု တူးဖော်ခြင်းလုပ်ငန်း၊ မော်ချီးဒေသ ခဲ၊သတ္ထု တူးဖော်ခြင်းလုပ်ငန်း၊ ကျောက်စိမ်း ထုတ်လုပ်မှုလုပ်ငန်း၊ ကျောက်စိမ်း ကျောက်မျက်ရတနာ အချောထုတ်လုပ်ခြင်းလုပ်ငန်း၊ မြန်မာ အင်ဒီမီဒီရယ်ဂျိတ် ကုမ္ပဏီ လီမိတက်၊ မြန်မာပရူဝါရီ ကုမ္ပဏီ လီမိတက်၊ ဂရင်းနှိပ် ကျောက်ပြားစက်ရုံ (ကျောက်ဆည်)၊ ပလပ်စတစ် ရက်ထည်အိပ်စက်ရုံ (ကျောက်ဆည်)၊ မော်စကိုစတီးလ် သွပ်ပြားစက်ရုံ၊ မာမီး ခေါက်ဆွဲစက်ရုံ၊ Red Rubby စီးကရက်စက်ရုံ၊ ဒူးယားစီးကရက်စက်ရုံ (ပခုက္ကူ)၊ မြန်မာရာဘာဝုဒ် ကုမ္ပဏီ လီမိတက် (မော်လမြိုင်)၊ မြန်မာ နာနတ်ရည်လုပ်ငန်း (ပဲခူး)၊ .................... ဆာလဖြူရစ် အက်စစ်စက်ရုံ (မုံရွာ)၊ မြ၀တီ ဘဏ်လုပ်ငန်း၊ မြ၀တီ ထရေးဒင်း သွင်းကုန်/ထုတ်ကုန်လုပ်ငန်း၊ နိုင်ငံခြားငွေ လဲလှယ်မှုလုပ်ငန်း၊ တပ်မတော်သား သက်သာချောင်ချိရေး အရောင်းဆိုင်၊ ဒို့ယာမြေ စိုက်ပျိုးရေးလုပ်ငန်း၊ ပြည်သာယာ စိုက်ပျိုးရေးလုပ်ငန်း၊ ဗနလ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ မြ၀တီ စိုက်ပျိုးရေး ၀န်ဆောင်မှုလုပ်ငန်း၊ န၀ဒေး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတို့ ဖြစ်ကြသည်။ (အပိုင်း - ၁ အပြည့်အစုံဖတ်ရန်)


..... စီးပွားရေး ဦးပိုင်လီမိတက်၏ ဥက္ကဌရာထူးအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ စိတ်ချရသော လူယုံများကိုသာ ထားလေ့ရှိသည်။ ဗိုလ်ချုပ်ဝင်းသန်းမှာလည်း ကက၀ယ်မှ ဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မီးဖိုချောင်ကို ဖြည့်တင်းပေးနေရသော စပါးကျီနှင့် စတိုးဆိုင်ကြီး၏ မန်နေဂျာသဖွယ် ဖြစ်ပေသည်။ ............... စီးပွားရေး ဦးပိုင်လီမိတက် အုပ်ချုပ်ရေးဌာန၏ အထွေထွေမန်နေဂျာမှာ ဗိုလ်မှူးလေးတင်ဖြစ်၍ အသက် (၈၀) ကျော်နေပြီ ဖြစ်သော်လည်း တာဝန်ထမ်းဆောင်ဆဲ ဖြစ်သည်။ စီးပွားရေး ဦးပိုင်လီမိတက်သည် ၀န်ကြီးဌာနများကဲ့သို့ အသက် (၆၀) ပြည့်၍ ပင်စင်ယူစရာ မလိုဘဲ လုပ်နိုင်ပါက မသေမချင်း လုပ်နိုင်သည့် အခွင့်ထူးကို ပေးထားပါသည်။ စီးပွားရေး ဦးပိုင်လီမိတက် အုပ်ချုပ်ရေးဌာန၏ လက်ထောက် အထွေထွေမန်နေဂျာမှာ ဗိုလ်မှူးမောင်အေး (OTS – 58) မှ ၎င်း၏ လက်အောက် အကြီးတန်းစာရေး မသန္တာဦးအား ခြေတော်တင်ရာတွင် ကိုယ်ဝန်ရှိသွားသဖြင့် ၂၀၀၃ ခုနှစ်တွင် လက်ထပ်ယူလိုက်ရသူ ဖြစ်သည်။ (အပိုင်း - ၂ အပြည့်အစုံဖတ်ရန်)

......... အရှုံးပြရခြင်း၏ အဓိက အကြောင်းရင်းများမှာ စက်ရုံလုပ်ငန်းများအတွက် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ကြမ်းပစ္စည်းများမှာ အရည်အသွေး မှီသော်လည်း ရန်ကုန်ဆိပ်ကမ်းသို့ ကုန်ကြမ်းပစ္စည်းများ ရောက်ရှိလာပြီဆိုသည်နှင့် နိုင်ငံခြားမှ တင်သွင်းလာသည့် တာဝန်ရှိသူများနှင့် စက်ရုံမှူးများ လက်ဝါးချင်းရိုက်ကာ ဘုရင့်နောင်ပွဲရုံတန်းသို့ ပို့လိုက်ကြပါသည်။ အရည်အသွေး ပြည့်မှီသော ကုန်ကြမ်းများအား အရည်အသွေးညံ့သည့် ကုန်ကြမ်းများနှင့် အစားထိုးလိုက် ပါတော့သည်။ ပလပ်စတစ် ရက်ထည်အိတ်စက်ရုံနှင့် ပလပ်စတစ်လူသုံးကုန် စက်ရုံများဆိုလျှင် နိုင်ငံခြားမှ အရည်အသွေးမှီ ကော်စေ့များအား ရောင်းစားပြီး လမ်းဘေးတွင် စွန့်ပစ်ထားသော ပလပ်စတစ် အဟောင်းများအား ၀ယ်ယူ၍ ပြန်လည် အသုံးပြုသည်ပင် ရှိပါသည်။ စက်ရုံမှူးများသည် အရည်အသွေးမှီ ကုန်ကြမ်းများကို ရောင်းစားရသည်ကိုပင် အားမရသေးဘဲ စက်ရုံမှ ထွက်ရှိသည့် ကုန်ချောပစ္စည်းများကိုလည်း အောက်ခြေ၀န်ထမ်းများနှင့် ပူးပေါင်းကာ ရောင်းခိုင်းလိုက်သေးသည်။ Q.C အဖွဲ့အား စက်ရုံမှူးများမှ ညှိထားပြီး ဖြစ်သည်။ (အပိုင်း - ၃ အပြည့်အစုံဖတ်ရန်)

မစ်ရှီဂန်က ပေးတဲ့စာ(၆၅) -  အောင်ဝေး/ RFA

ဧပြီ ၂၅၊ ၂၀၁၁

ဆရာ ပါရဂူ

မိတ်ဆွေကြီးကိုဒေါင်း…

ကျန်းကျန်းမာမာမှရှိပါစဗျာ။ ကျနော်တို့ရေးဖော်၊ ကျနော်တို့ ရဲဘော်ရဲဘက်၊ ကျနော်တို့မိတ်ဆွေ သူငယ်ချင်း၊ အားလုံးရဲ့ ကျန်းမာရေးကို၊ အဝေးကနေ ကျနော် အမြဲ နားစွင့်နေပါတယ်။ ကျနော်တို့ဆရာသမားကြီးတွေရဲ့ ကျန်းမာရေးသတင်းကိုလည်း ကျနော်အမြဲ စိုးရိမ်ပူပန်နေတာပါ။

ကိုဒေါင်းရေ … ကျနော်တို့စာပေအ၀န်းအ၀ိုင်းက တယောက်ယောက်၊ ကြီးကြီးငယ်ငယ်၊ ကွယ်လွန်သွားပြီ ဆိုရင်၊ ကျနော်တို့ စိတ်ထိခိုက် ခံစားရပါတယ်။ ၀မ်းနည်း ကြေကွဲလည်းဖြစ်ရပါတယ်။ ကျနော်တို့ အဝေးရောက်နေတဲ့ အချိန်မှာပဲ၊ အမေ လူထုဒေါ်အမာတို့၊ အဘ သခင်အုန်းမြင့်တို့လို၊ ကျနော်တို့ အပေါ် သွန်သင် ဆုံးမနိုင်တဲ့လူကြီးတွေကွယ်လွန်သွားကြသလို၊ ကျနော်တို့နဲ့ ခေတ်ပြိုင်အနု၊ ခေတ်ပြိုင် အရင့်တွေလည်း ကွယ်လွန်ခဲ့ကြပါပြီ။

သိပ်မကြာသေးခင်တုန်းက ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်မားစုတွေ ထုတ်တဲ့ စာစောင် တခုမှာ၊ ကျနော်က ၃၃လမ်း လွမ်းချင်းလေးတပုဒ် ရေးဖြစ်တော့ ကဗျာထဲမှာ ကျနော်က “ဆရာဒဂုန်တာရာတို့၊ ဆရာပါရဂူတို့ကိုတော့ ငါ မပူဘူး။ သူတို့က ကျန်းမာတယ်။ မကျန်းမာတာက ငါ့ကဗျာဆရာတွေပဲ” ဆိုပြီး ထည့်ရေးခဲ့လိုက်ပါသေးရဲ့။

ခုတော့ ကိုဒေါင်းရေ … ကျနော်တို့ မထင်မှတ်ထားတဲ့သတင်းက၊ ကျနော်တို့ဆီ၊ ဟောဒီအဝေးကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာပါရောလား။ “ဆရာပါရဂူဆုံးပြီ…” တဲ့။ ဆရာပါရဂူဆုံးပြီဆိုတဲ့ သတင်းက ကျနော်တို့ အဝေးကရင်ဘတ်တွေထဲကို သံရေပူ သွန်းလောင်းလိုက်သလိုပါပဲ။ အားလုံး ကြေကွဲမဆုံး၊ ၀မ်းနည်းမဆုံးဖြစ်ရပါတယ်။

ကျနော်တို့ဆိုတာ ကျနော်တို့နဲ့ခေတ်ပြိုင်တွေ အားလုံးလိုလို၊ မျိုးဆက်တိုင်းလိုလို ဆရာပါရဂူရဲ့ စာတွေဖတ်ပြီး ကြီးပြင်းလာကြတာပါ။ ကျနော်တို့ အပေါ်မှာ ဆရာပါရဂူရဲ့စာပေသြဇာ၊ စာပေကျေးဇူးတွေ အပုံအပင် ရှိပါတယ်။

ကျနော်တို့ အဝေးကိုရောက်မလာခင်တုန်းက ဆိုရင် စာပေလောကသားတွေရဲ့ ရှေ့ဆောင်လမ်းပြ အကြီးအမှူးတွေလို့ အားလုံးက လေးစားကြည်ညိုကြတဲ့၊ အမေလူထုဒေါ်အမာတို့၊ ဆရာဒဂုန်တာရာတို့၊ ဆရာပါရဂူတို့ရဲ့အရိပ် အာဝါသအောက်မှာ၊ ကျနော်တို့ ခိုလှုံခဲ့ကြရတာပါ။

ပြီးတော့လည်း… အမေ လူထု ဒေါ်အမာတို့၊ ဆရာဒဂုန်တာရာတို့၊ ဆရာပါရဂူတို့ဆိုတာ၊ ပြည်သူလူထုတွေကလည်း၊ အားထား ယုံကြည် မျှော်လင့်ကြတဲ့၊ သက်ကြီးရွယ်ကြီး၊ တိုင်းပြု ပြည်ပြု စာရေးဆရာ၊ သတင်းစာဆရာကြီးတွေပဲ မဟုတ်လား။

အမေလူထုဒေါ်အမာ ကွယ်လွန်သွားတာဟာ ကျနော်တို့အတွက် ရွှေတောင်ကြီး ပြိုသွားသလို ခံစားခဲ့ကြရပါတယ်။ ဟော… အခု၊ ဆရာပါရဂူ ကွယ်လွန်သွားခဲ့ပြန်ပြီ။ နောက်ထပ် ရွှေတောင်ကြီးတခု ပြိုလဲခဲ့ပြန်ပါပကောလား ကိုဒေါင်းရေ…။

ကျနော်တို့တိုင်းပြည်ဟာ တန်ဖိုးရှိတဲ့အရာတွေကို၊ တခုပြီးတခု၊ လက်လွှတ်ဆုံရှုံးနေရတယ်။ ကျနော်တို့အားထားရာ အလင်းရောင်တွေ မကွယ်ခင် ကျနော်တို့ ရွာဝင်နိုင်ဖို့လိုတယ်။ စာပေဟာ နာမကျန်းဖြစ်နေတဲ့ တိုင်းပြည်ကို ကယ်တင်နိုင်တယ်။ စာပေနဲ့ဒုက္ခ ပင်လယ်ဝေနေတဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်တယ်။ စာပေက အနာဂတ်တံခါးကို ဖွင့်နိုင်တယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက စလို့၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ မဟာဆွေ၊ မောင်ထင်၊ သိန်းဖေမြင့်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ သခင်မြသန်း၊ ခင်နှင်းယု စသည်ဖြင့် ဗန်းမော်ညိုနွဲ့၊ တင်မိုး၊ ကြည်အောင် စသည်ဖြင့် ကွယ်လွန်လေပြီးသောကြယ်ပွင့်များ၊ ပန်းပွင့်များဟာ၊ ကျနော်တို့ရဲ့ယုံကြည်ရာ၊ အားထားရာ၊ ကိုးကွယ်ရာပါ။

ကိုဒေါင်းရေ… ခုတော့ ဆရာပါရဂူကလည်း၊ ကျနော်တို့ကို ထားရစ်ခဲ့ပြန်ပြီ။ ကျနော်တို့ မင်းဆိုးမင်းညစ် အရိုင်းတို့ လက်ထဲမှာ၊ ခွေးသေ၀က်သေ ကျန်ရစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျနော်တို့မှာ၊ အမေလူထု ဒေါ်အမာတို့၊ ဆရာပါရဂူတို့လို ပုဂိုလ်တွေ ပေးခဲ့တဲ့၊ စိတ်အားသတ္တိတွေ၊ ကျနော်တို့ ခေတ်နဲ့အမျှ၊ ကျနော်တို့ ရုန်းကန်မှုနဲ့အမျှ ကျနော်တို့ တဘ၀လုံးစာ အပြည့် ရှိနေတာပဲ မဟုတ်လား။

“နိုင်ငံတော်ဆိုတာ၊ ပြည်သူရဲ့ဒုတိယအမည်နာမ” အဲဒီလို အဘိဓမ္မာမျိုးတွေဟာ၊ ဆရာပါရဂူဆီက ကျနော်တို့ရခဲ့တာပဲမဟုတ်လား။ ”တိုင်းပြည်နိုင်ငံကို၊ ဓားနဲ့အနိုင်တိုက်လို့ ရချင်ရမယ်။ လယ်ယာမြေကိုတော့၊ ဓားနဲ့ထွန်ယက်လို့ မရဘူး” ဒီလို အတွေးအခေါ်မျိုးတွေကို၊ ကျနော်တို့ ဆရာပါရဂူရဲ့စာတွေထဲမှာ ရှာတွေ့ခဲ့တာပဲ မဟုတ်လား။

ဆရာပါရဂူရဲ့ဝေသာလီတို့၊ မင်းနှင့်ပြည်သူတို့လိုဝတ္ထုကြီးတွေဟာ၊ ကျနော်တို့လူငယ်ဘ၀ကို သြဇာ လွှမ်းမိုးခဲ့တယ်။ ဆရာပါရဂူရဲ့သိဒ္ဒတ္ထလို၊ ဒိဗျာလို၊ အမ္ဘပါလီလို ၀တ္ထုကြီးတွေနဲ့ ကျနော်တို့ လူငယ်ဘ၀ ဖြတ်သန်းခဲ့တယ်။ ”ဒိဗျာ၊ မင်းဘ၀ရဲ့ဒုက္ခတခြမ်း၊ ငါ့ကိုကမ်းပါ။ ငါ့ဘ၀ရဲ့သုခ တခြမ်း၊ မင်းယူစမ်းပါ” ဒီစကားလုံးတွေနဲ့ ကျနော်တို့ ကြီးပြင်းလာခဲ့တယ်။

ကျနော်တို့မှာရှိတဲ့အနုပညာသူပုန်စိတ် ဆိုတာဟာ ဆရာပါရဂူတို့လို ရှေ့ဆောင်လမ်းပြ ကြယ်တာရာကြီးတွေဆီကနေ အမွေ ဆက်ခံခဲ့တာပဲ မဟုတ်လား။

ကိုဒေါင်း…အနုပညာ သူပုန်စိတ်ဟာ ဆရာပါရဂူဆီက ကျနော်တို့ရခဲ့တဲ့ ပထမအရာ လို့ ဆိုရင်၊ ဆရာပါရဂူဆီက ကျနော်တို့ရလိုက်တဲ့ဒုတိယအရာကတော့ ပရဟိတစိတ်ပါပဲ။

ဆရာပါရဂူဆိုတာ ဧရာမ ထာဝရ ပရဟိတသမားကြီးတဦးပါ။ ပဲခူးမြစ်ကမ်းဘေး၊ သန်လျင်ဟာရက်ရွာ၊ ပါရဂူစာကြည့်တိုက် သေးသေးကလေးကနေ၊ ရန်ကုန်-ရွှေပေါက္ကံမြို့သစ်က၊ ပါရဂူ ရှန်တိနိကေတန် ရည်ညွှန်းစာကြည့်တိုက်ကြီးအထိဟာ ဆရာပါရဂူရဲ့ ပရဟိတဘ၀ကို ဖော်ပြနေတာပဲ မဟုတ်လား။

ဆရာ့ရဲ့ ဂုဏ်ကျေးဇူးတွေကို အဝေးကနေပဲ ဦးညွှတ် ကန်တော့လိုက်ပါတယ်ဗျာ။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

အောင်ဝေး
ဧပြီ ၉ -၂၀၁၁။
မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

အစိုးရသစ်က “လွတ်ငြိမ်းချမ်းသာခွင့်”ပေးပါ့မလား - တူမောင်ညို မိုးမခ၊

ဧျပီၤ ၂၃၊ ၂၀၁၁
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊“လွတ်ငြိမ်းချမ်းသာခွင့်” စတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အခုတလောမှာ တောင်း ဆိုချက်တွေထုတ်ပြန်ကြ၊ လက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှုတွေလုပ်ဆောင်ကြ စတဲ့ကိစ္စတွေကို ကျနော့်မိတ်ဆွေနဲ့ကျနော် သူ့အမြင် ကိုယ့်အမြင်ဆွေးနွေးဖြစ်ပါတယ်။ အဲဒီလိုပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေး ပြောဆိုနိုင်ဖို့ တင်ပြလိုက်တာပါ။

(ကျနော် )                                 လွန်ခဲ့တဲ့ မတ်လ ၁ ရက်နေ့က “လွတ်ငြိမ်းချမ်းသာခွင့်”အကြောင်း ခင်ဗျားနဲ့ကျနော် ဆွေး နွေးကြရာမှာ “ဆက်စပ်ဆွေးနွေးစရာတွေပေါ်လာတဲ့အခါ ထပ်ပြီးဆွေးနွေးကြသေးတာပေါ့ဗျာ” လို့ ပြောပြီးအဆုံးသတ်ခဲ့ကြတယ်နော်။ ယခုတလောဖြစ်ပေါ်လာနေတဲ့ကိစ္စတွေက ခင်ဗျားနဲ့ ကျနော် ဆက်လက်ဆွေးနွေးဖို့လိုအပ်လာနေပြီဗျ။

(မိတ်ဆွေ)                                 ဟုတ်တာပေါ့ဗျာ။ အားလုံးကနှစ်ဆန်းတစ်ရက်နေ့ကို အားခဲပြီးမျှော်လင့်ခဲ့ကြတာလေ။ ဒါပေမယ့် အများမျှော်လင့်သလိုဖြစ်မလာခဲ့ဘူး။ ခင်ဗျားမှတ်မိမှာပေါ့ “လွတ်ငြိမ်းချမ်းသာခွင့်”နဲ့ ပတ် သက်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေး (၁၃ ရက်မြောက်နေ့) မှာ လင်းခေးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်စိုင်းလှကျော်မေးခဲ့တဲ့ေ မးခွန်းနဲ့အဲဒီမေးခွန်းကိုပြန်ဖြေတဲ့ ယခင်ပြည်ထဲရေး ဝန်ကြီး ဦးမောင်ဦး ရဲ့ အဖြေကိုလေ။

(ကျနော်)                                  မှတ်မိတာပေါ့။မတ်လ ၂၂ ရက်နေ့လေ။ “သမ္မတအနေဖြင့် စတင် တာဝန်ထမ်းဆောင်မှု မရှိသေးပါကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်အတွက် သမ္မတအားထောက်ခံချက်ပေးရမည့်အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါကြောင်းနဲ့ အစိုးရသစ် တာဝန် ယူသောအချိန်ကာလများရောက်မှသာဆောင်ရွက်ရမည့်ကိစ္စများဖြစ်ပါကြောင်း”ဆိုပြီး ဖြေသွားတယ် လေ။ အခု သမ္မတလည်းတာဝန်ယူနေပြီ၊ (အကလ)ကောင်စီ ဖွဲ့ပြီးခဲ့တာ ရက် ၂၀ ကျော်ပြီ။

(မိတ်ဆွေ)                                 ခင်ဗျားကိုကျနော်ဆွေးနွေးခဲ့ဖူးသလိုပဲဗျ။ ကျနော့်အနေနဲ့“လွတ်ငြိမ်းချမ်းသာခွင့်” မေးခွန်း မေးတဲ့ စိုင်းလှကျော်ကို ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဝမ်းပမ်းတသာကြိုဆိုအားပေးတယ်လို့ ပြောချင် တယ်။ အခြားသူတွေကလည်း (အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုတွေနဲ့ လွတ်မြောက်ပြီးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေအပါအဝင်) ဒီလိုပဲ သဘောထား ကြလိမ့်မယ်လို့ကျနော်ထင်ပါတယ်။ ကျနော့်အနေနဲ့ စိုင်းလှကျော်မေးသွားတဲ့ မေးခွန်းနဲ့မေးခွန်း မှာ သုံးနှုန်းသွားတဲ့ စကားလုံးလေးတွေသိပ်သဘောကျတယ်။ စိုင်းလှကျော် မေးတဲ့ မေးခွန်းအပြည့်အစုံ ကို ကျနော် ပြောပြမယ်။
                                                “စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုသို့ အောင်မြင်ချောမောစွာ ပြောင်းလဲနိုင်ခြင်း ကဲ့သို့ သော သမိုင်းဝင်နေ့ထူးနေ့မြတ်များကို ဂုဏ်ပြုမင်္ဂလာယူသည့်အနေဖြင့် ကမ္ဘာ့နိုင်ငံအများစု တွင် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အစဉ်အလာများရှိပါကြောင်း၊ မိမိတို့နိုင်ငံ တွင် လည်းပါတီစုံဒီမိုကရေစီပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သစ်ကြီးကို အောင်မြင်ချောမွေ့စွာကူး ပြောင်းနိုင်ခဲ့ပြီဖြစ်ပါ၍ ဤမင်္ဂလာအခါသမယတွင် ရှမ်းတိုင်းရင်းသားများဖြစ်ကြသော ဦးဆေးထင်၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်တို့နှင့်အတူ အခြားအကျဉ်းကျပုဂ္ဂိုလ်များလွတ်ငြိမ်းချမ်းသာခွင့်အတွက် မည်သူ့ကိုမျှ ချွင်းချက်မထားဘဲ မည်သို့မည်ပုံစဉ်းစားထားသည်ကို သိရှိလိုပါကြောင်း” တဲ့ ဗျ။
                                                “ရှမ်းတိုင်းရင်းသားများဖြစ်ကြသော ဦးဆေးထင်၊ဦးခွန်ထွန်းဦး၊ဦးစိုင်းညွန့်လွင် တို့နှင့်အတူ အခြားအကျဉ်းကျပုဂ္ဂိုလ်များ လွတ်ငြိမ်းချမ်းသာခွင့်အတွက် မည်သူ့ကိုမျှ ချွင်းချက်မထားဘဲ” ဆိုတဲ့ အပိုဒ်နဲ့သုံးထားတဲ့စကားလုံးတွေကိုသဘောကျတယ်။
“အခြားအကျဉ်းကျပုဂ္ဂိုလ်များ”တဲ့။
ရှေ့က“နိုင်ငံရေး”ထည့်မရတော့အကျဉ်းသားလို့စင်းစင်းကြီးမသုံးဘူးဗျ။
နောက်ကနေ “ပုဂ္ဂိုလ်” ဖြည့်လိုက်ပြီး  “အခြား အကျဉ်းကျ ပုဂ္ဂိုလ်များ”တဲ့။
“မည်သူ့ကိုမျှ ချွင်းချက်မထားဘဲ” တဲ့ ဗျ။ (unconditional release) လို့ ဆိုလိုတာပဲ။

(ကျနော်)                                  မေးခွန်းကောင်းပါတယ်။ “နှစ်ဆန်းတစ်ရက်နေ့”ကို အစဉ်အလာသဘောနဲ့ အားလုံးက မျှော်လင့်အားခဲခဲ့ကြတာပဲလေ။ ဒါပေမယ့် အခုချိန်အထိ တစ်ယောက်မှ လွတ်မလာပါဘူးဗျာ။
                                    ဒါ့အပြင် “တရားမ၀င်အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၃၇ ခုကို အစိုးရသစ်၏ ရွေးကောက်ပွဲကော်မရှင်က ဧပြီ ၅ ရက် နေ့စွဲဖြင့် အကြောင်းကြားစာပေးပို့သတိပေးလိုက်ကြောင်း”သတင်းကိုကြားရတယ်မဟုတ်လား။
တိုက်ဆိုင်တာသက်သက်တော့ဟုတ်မယ်မထင်ဘူးဗျ။ “ဒီမိုကရေစီ မိတ်ဆွေပါတီများ” ဆိုတဲ့ ၁၀ ပါတီက “ပြည်ထောင်စုညီလာခံကျင်းပပေးရေး/ပြည်တွင်းစစ်ရပ်စဲရေး/ နိုင်ငံရေး အကျဉ်း သားလွှတ်ပေး”ကိစ္စတွေနဲ့ပတ်သက်ပြီး ဧပြီလ ၅ ရက်နေ့က စုပေါင်းဆွေးနွေးခဲ့ကြတာဗျ။
အဲဒီ “ တင်အေးကော်မရှင်” က ၃၇ ပါတီကို သတိပေးစာပို့တဲ့ကိစ္စကို ကျနော်တို့သိတာ ဧပြီလ ၁၉ ရက်နေ့ကမှသိတာနော်။

(မိတ်ဆွေ)                                 ဒီသတိပေးစာက ၃၇ ပါတီအနေနဲ့  (NLD) အပါအဝင် အခြားသော ပါတီအဖွဲ့ အစည်း တွေနဲ့ မဆက်သွယ်ဖို့ စတင်သတိပေးလိုက်တာဟာ ကော်မရှင်က သူ့ တင်းပုတ် ကို မြှောက်ထား လိုက်ပြီဆိုတဲ့ သဘောပဲဗျ။ ထုတော့မယ်ပေါ့ဗျာ။
                                                ဒါပေမယ့် ဒီသတိပေးစာကို ခဲအကြိမ်ကြိမ်မှန်ဖူးကြသူချင်းတူကြပေမယ့် ရှုမြင်ပုံ ကတော့ ကွာတယ်ဗျ။ (NDF) ဦးခင်မောင်ဆွေက -
“အဲဒါကတော့ နောက်ထပ် ခြေလှမ်းတလှမ်း လှမ်းဖို့အတွက် ကြိုပြင်တယ်ထင်တာပဲဗျ။ တရားဝင်တာတွေကို ကန့်သတ်ပြီးတော့ တရားဝင်တဲ့ပါတီရော၊ တရားမ၀င်တဲ့ပါတီရော အဲဒီ ပုဒ်မ ၁၂ နဲ့ ၁၅ နဲ့ညှိစွန်းရင် အရေးယူမယ့်သဘောဆောင်တယ်လို့ အကြောင်းအရာကိုဖတ်ကြည့်ရင် ပေါ် ပါတယ်” လို့ မြင်တယ်။
(NLD) ဦးဉာဏ်ဝင်း က -
“မတရားအသင်းကနှစ်မျိုးပေါ့။ တမျိုးက သူတို့ကကြေညာထားတာ။ ကြေညာထားတာ မှာ NLD ကိုကြေညာတာလုံးဝမရှိဘူး။ နောက်တမျိုးက အကြမ်းဖက်ဝါဒကိုကိုင်စွဲတာ။ ဒါလဲ ကျနော် တို့နဲ့မဆိုင်ဘူး။ မတရားအသင်း အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာ NLD မပါပါဘူး”
ဦးဉာဏ်ဝင်းကသာ အဲဒီလို ဆင်ဝှေ့ရန်ရှောင်ပြောနေသော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အခြားပါတီတွေပြောနေတဲ့ အချက်က  လက်တွေ့ကျပြီး  ရှင်းလင်း ပြတ်သားလှပါတယ်။
 ဒီသတိပေး ချက်က (NLD) ကို ရည်ညွှန်းတာဖြစ်တယ် တဲ့ ။

(ကျနော်)                                  (NLD) ဦးဉာဏ်ဝင်း သဘောကတော့ တိုက်ရိုက်ဒဲ့ဒိုးပြောမှ သိမယ့်ပုံပဲ။ ကျောချမှ သြော် ဒါ ငါတို့ကို ဆော်တာပါလားလို့ သဘောပေါက်မယ့်ပုံပဲဗျ။
(NLD) က သမ္မတဦးသိန်းစိန်ထံပေးတဲ့စာထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စပါ တယ်လို့ပြောတယ်ဗျ။
နှစ်ဆန်း၁ ရက်နေ့ကစတင်ပြီး လက်မှတ်ထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခု စတင်ခဲ့တယ် ဗျ။ အဲဒီ လှုပ်ရှားမှုက တောင်းဆိုထားတဲ့ အချက်တွေထဲမှာ “နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိ လွှတ်ပေးရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးရရှိရန် ဖော်ဆောင်ပေးရေး၊ ပြည်ပ ရောက် မြန်မာများပြည်တွင်း ပြန်လည်ဝင်ရောက်ေ နထိုင်နိုင်ရေးတို့အတွက် ကောင်းမွန်သည့် အခြေ အနေတခုကိုအစိုးရသစ်အနေနှင့်အမြန်ဆုံးအကောင်အထည်ဖော်ပေးရေး”ဆိုတဲ့ အချက်တွေ ပါဝင် တယ်ဗျ။
 ဒါပေမယ့် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရသစ်ထံက ဘာတုန့်ပြန်သံမှ မကြားရသေး ပါ လား။ ဘယ်လိုထင်သလဲဗျ။

(မိတ်ဆွေ)                                 နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်တဲ့ကိစ္စကတော့ အနှေးနဲ့အမြန်တုန့်ပြန်လိမ့်မယ်လို့ ကျနော်ယူဆတယ်။ ဒါပေမယ့် ခင်ဗျားတို့ကျနော်တို့  တတွေမျှော်လင့်နေတဲ့ ပုံစံမျိုးနဲ့တော့ တစ်ထပ် တည်းကျ လိမ့်မယ်လို့တော့ဖြင့် မထင်ဘူး။
 တောင်းလို့/တိုက်လို့လိုက်လျောပေးလိုက်ရတယ်ဆိုတာကို ဒီအစိုးရသစ်က“စတိ” အဖြစ် တောင်လက်ခံလိမ့်မယ်မထင်ဘူးဗျ။ နောက်တစ်ချက်က“တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်လို့ အကျဉ်းချခံနေရတဲ့ အကျဉ်းသားပဲရှိတယ်”ဆိုတဲ့အချက်ကို ဘယ်နည်းနဲ့မှ သူတို့ ထိခိုက်ခံမယ်လို့ မ ထင်ဘူး။            
အခုပြောနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရမယ်လို့ တောင်းဆိုကြတဲ့ အထဲ မှာ “အစိုးရသစ်တက်လာလို့ အထိမ်းအမှတ်သဘောလွှတ်ပေးသင့်တယ်” ဆိုတဲ့အချက်က အဓိက လိုဖြစ်နေတာကလည်း ကျနော့် ရင်ထဲမှာ ဘဝင်မကျနိုင်ဘူးဖြစ်နေတယ်ဗျာ။ ရင်ခံနေတယ်ဗျာ။
ကျနော်တို့ဘက်က တောင်းနေတာက တိုက်ပွဲနဲ့မဟုတ်ဘဲ။ အစိုးရသစ်ရဲ့စိတ်ကောင်း စေတနာကို မျှော်ကိုးနေရတဲ့အဖြစ်ကို ပြောချင်တာပါ။
နိုင်ငံရေးအကျဉ်းသားအားလုံးချွင်းချက်မရှိချက်ချင်းပြန်လွတ်လာစေချင်တဲ့ဆန္ဒနဲ့စေတနာ ကျနော့်ရင်ထဲမှာအပြည့်ပါ။ကျနော်တို့ဘက်က တိုက်ပွဲလိုတယ်ဗျ။ လူထုတိုက်ပွဲပေါ့။ လူထုဦးစိန်ဝင်း ပြောတဲ့ “လူထုစွမ်းအား” (People's Power) ပေါ့ဗျာ။
နိုင်ငံခြားသူတစ်ယောက်က မေးမြန်းတာနဲ့ပတ်သက်ပြီး “ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၃၈) ” မှာဖေါ်ပြထားတဲ့ လူထုဦးစိန်ဝင်း ရဲ့ ဆောင်းပါးမှာ  -
“ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့ကကျွန်တော်တို့အတွက်တော့ပထမဦးစားပေးအရေးကြီး ဆုံးကိစ္စကြီးပဲ။ ဒီမိုကရေစီနိုင်ငံ မတည်ဆောက်နိုင်ရင် တိရိစ္ဆာန်အခွင့်အရေး မပြောနဲ့ လူ့အခွင့် အရေးတို့ စာပေလွတ်လပ်ခွင့်တို့ဆိုတာတွေလည်း နတ္ထိပဲ။ ဒါကြောင့် ခုချိန်မှာ ဂေးအခွင့်အရေးတွေ၊ ကျားနဲ့မိကျောင်းအခွင့်အရေးတွေကြွေးကြော်နေတာဟာ ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွား အောင်လုပ်နေတာနဲ့အတူတူပဲလို့ပြောလိုက်ချင်တယ်။ မယောင်ရာဆီမလူးပါနဲ့။ ကိုယ့်အတွက် ဘာ အရေးကြီးဆုံးလဲ ဆိုတာပဲ စဉ်းစားပါ” လို့ရေးထားသဗျ။

(ကျနော်)                                  အဲဒီဆောင်းပါး ကျနော်လည်းဖတ်လိုက်ရတယ်။
ကျနော်တို့ဆီမှာ ဒီမိုကရေစီရရှိရေးကို  ဦးစားပေးနံပတ်တစ်တာဝန်အနေနဲ့ စိုက်လိုက် မတ်တပ်လုပ်ရမှာဖြစ်တယ်ဗျ။ ဆန်စင်ရာကျည်ပွေ့လိုက်ဆိုသလို ဟိုဝေ့ ဒီဝေ့ လုပ်နေလို့ဖြစ်တာ မဟုတ်ဘူးလေ။
ကျနော်ထင်တာတစ်ခုရှိသေးတယ်။
ဒီဆောင်းပါးက ဟို နိုင်ငံခြားသူကို ပြန်ဖြေရှင်းပြတာ တစ်ခုတည်းအတွက်သက်သက်ရေး သားရည်ရွယ်တာတော့ဟုတ်ပုံမရဘူးဗျ။ ကျနော်တို့ပြည်တွင်းပြည်ပက ဒီမိုကရေစီအရေးလှုပ်ရှားနေ ကြသူတွေအားလုံးကို ဟိုဝေ့ဒီဝေ့ ဝေ့မနေကြနဲ့ မယောင်ရာဆီလူးမနေကြနဲ့ ဒီမိုကရေစီအရေးကို တည့်တည့်တန်းတန်းလုပ်ကြလို့ ဆော်သြလိုက်တာလို့/ ဝေဖန်သတိပေးလိုက်တာလည်းပါတယ်လို့ ကျနော် ထင်မြင်ယူဆမိတယ်ဗျာ။

(မိတ်ဆွေ)                                 ဟုတ်တယ်ဗျ။ ဟိုဝေ့ဒီဝေ့ ဝေ့မနေကြနဲ့ မယောင်ရာဆီလူးမနေကြနဲ့ ဒီမိုကရေစီအရေးကို တည့်တည့်တန်းတန်းလုပ်ကြလို့ ဝေဖန်သတိပေးလိုက်တာဖြစ်မယ်လို့ ကျနော်လည်းထင်မြင်ယူဆမိ တယ်။
                       
                        
                        ဧပြီလ ၂၂ ရက်နေ့မှာ စုဆောင်းလို့ရတဲ့ လက်မှတ်တွေကို သမ္မတဦးသိန်းစိန်ထံ ပို့ပေး မယ်တဲ့ဗျ။ ဒီအချက်အပေါ်အစိုးရသစ်ကဘယ်လိုတုန့်ပြန်မလဲဆိုတာ ကျနော်တို့စောင့်ကြည့်ကြတာ ပေါ့ဗျာ။ အစိုးရသစ်က “လွတ်ငြိမ်းချမ်းသာခွင့်”ပေးပါ့မလား။
                        

No comments:

Post a Comment