သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Thursday, September 30, 2010

2010 Sep 30

Uncensored Burma - Daily News ( 2010 Sep 30)

ပါနေကျ

သတင်းများ နေ့စဉ် ရလိုပါက kowin2001@gmail.com သို့ အီးမေးပို့ပြီး တောင်းယူပါ။

ဂျီတော့မှာ မတောင်းပါနဲ့း) chatting လုပ်ဖို့ အချိန် မရှိလို့ပါး)

ဒီနေ့အတွက် ဟာသ

တိရစ္ဆာန်ရုံသို့ ကလေးငယ်များနှင့် ၎င်းတို့၏ အဒေါ်ဖြစ်သူတို့ သွားရောက် လည်ပတ်စဉ် မျောက်အိမ်နှင့် မျောက်ကျွန်းပေါ်၌ မျောက်တစ်ကောင်မှ မတွေ့ရခြင်း အတွက် များစွာ မကျေမနပ် ဖြစ်နေကြသည်။

ထို့ ကြောင့် ကလေးငယ်များကိုဦးဆောင်လာသူ မိန်းမပျိုက တိရစ္ဆာန်ဥယာဉ် ၀န်ထမ်းတစ်ဦးအား မျောက်များမတွေ့ ရသည့်အကြောင်းအရင်းကိုမေးမြန်းရာ ယခုရာသီသည် မျောက်များအတွက် မိတ်လိုက်ရာသီ ဖြစ်၍ မျောက်အားလုံး၎င်းတို့လှောင်အိမ်တွေထဲသို့ ပြန်ဝင်နေကြ ကြောင်း ဖြေကြားလိုက်သည်။

မိန်းမပျိုက အံသြသွားပြီး ခေတ္တမှ စဉ်းစားကာ ”ကျွန်မကလေးတွေက မျောက်ကို မတွေ့ရလို့ တော်တော်ကို မကျေမနပ်ဖြစ် နေကြတယ်ရှင့် တကယ်လို့ လှောင်အိမ်ထဲ ကိုပဲစေ့တွေလှမ်းပစ်ပေးရင် ထွက်များ လာမလားဟင်” ဟုမေးရာ

ထိုဝန်ထမ်းက စိတ်တို၍ တုံးတိတိနှင့်ပြန်ပြောလိုက်သည်မှာ

“အဲဒါတော့ ကျုပ်လည်းမသိဘူး ခင်ဗျားသာ ဆိုရင်ကော” ဟူ၏။

.......... ....... ကဲ သင်သာဆိုရင်ရောဗျာ....

ဒီနေ့အတွက် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ကာတွန်း စသဖြင့်

ဆိုက်ဘာ မကောင်းဆိုးဝါးတွေ လာနေပြီ

(ဘီရုမာ ဧရာဝတီ)

ပဲခူးမှ ရွေးကောက်ပွဲကော်မရှင်ရုံး ဗုံးပေါက်ကွဲ

2010-09-30 RFA

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကတော့ ပဲခူးမြို့ ဥသာမြို့သစ်အတွင်း အမှတ် (၈) ရပ်ကွက် ရယက ရုံးမှာ ဖြစ်ပါတယ်။ အဲဒီရုံးမှာ ရွေးကောက်ပွဲကော်မရှင် ရုံးလည်း ဖွင့်လှစ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ညကိုးနာရီခွဲသာသာလောက်မှာ ဖြစ်ပွားတာဖြစ်ပြီး အပျက်အစီးတချို့ ရှိခဲ့ပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မရှိခဲ့ဘူးလို့ အခင်းဖြစ်တဲ့ ရပ်ကွက်မှာ နေထိုင်သူ ကိုအေးကြည်က RFA ကို အခုလို ပြောပါတယ်။

“အသံကတော့ သုံးမိုင်လောက် အကွာက ကြားရတယ်၊ ပရိဘောဂတွေ ပျက်စီးသွားတာပေါ့၊ စားပွဲခုံတွေ ကုလားထိုင်တွေ ပျက်ကုန်တယ် ထရံတွေဘာတွေ ပေါက်ကုန်တယ်၊ လူတော့ မထိဘူး ဘယ်သူမှ မထိဘူး၊ အမှတ် ၃ ရဲစခန်း အပိုင်မှာ ဖြစ်တာ၊ အာဏာပိုင်တွေကတော့ ညတွင်းချင်း ရောက်လာတယ်၊ ရောက်လာ ပြီးတော့ အဲဒီမှာ အဲဒီပတ်ဝန်းကျင်မှာ ရှိတဲ့ အဲဒီ ရာအိမ်မှူးတွေ ဘာတွေတော့ ခေါ်ပြီးတော့ မေးမြန်းစုံစမ်းနေတယ်။”

ဗုံးပေါက်ကွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက အပူတပြင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ဆက်ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အမှတ် (၈) ရပ်ကွက်အပိုင် နယ်မြေရဲစခန်း အမှတ် ၃ နဲ့ ရဲ သတင်းတပ်ဖွဲ့ရုံးတွေကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ ဟုတ်မှန်ကြောင်းလောက်သာ ပြောပြီး တယ်လီဖုန်း ချသွားခဲ့ပါတယ်။

ပဲခူးမြို့နယ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ပေါက်ကွဲခဲ့တဲ့ဗုံးဟာ လက်လုပ်ဗုံးလို့ ယူဆရကြောင်းနဲ့ လက်သည်တရားခံကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်း ဖုန်းလက်ခံဖြေဆိုတဲ့ တာဝန်ကျ အရာရှိတဦးက အခုလို ပြောပါတယ်။

“အင်း ဟုတ်တယ်၊ မနေ့က ညလောက်က ဖြစ်တာ၊ ဖြစ်တာကတော့ အပေါက်က တပေပတ်လည်လောက်ပဲ ပေါက်သွားတာပါ၊ ကုလားထိုင် အနောက်ဖက်ကနေပြီးတော့ အုတ်နံရံအောက်ကနေ ပေါက်တာ၊ အမှတ် ၃ ရဲစခန်းအဖွဲ့တွေတော့ အားလုံး စုံစမ်းနေကြတယ်၊ တရားခံကို မသိသေးတာ၊ အဲဒါတော့ လက်လုပ်ဗုံးလို့ပဲ ယူဆတယ်အကို၊ ပြင်းအားတော့ မရှိပါဘူး၊ ပြင်းအားမရှိဘူးဆိုတာ ဗီဒိုတွေ စာအုပ်တွေလောက်ပဲ ပြဲသွားတာ လူကတော့ တယောက်မှ ထိခိုက်မှု မရှိဘူး။”

ပဲခူး စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးက အရာရှိတဦး ပြောဆိုသွားတာပါ။

ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်ဖွယ်ရှိ

By ဦးကျော်အောင်လွင် ကြာသပတေး, 30 စက်တင်ဘာ VOA

နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးရင် ပြန်လွှတ်ပေးမယ် ဆိုတဲ့အကြောင်း စစ်အစိုးရ အရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။ NLD ပါတီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ် ဆိုတဲ့ကိစ္စကို မသိသေးဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲက နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်သက်တမ်း ပြည့်မှာက နိုဝင်ဘာလ ၁၃ ရက်နေ့ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးရင် ပြန်လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ အရာရှိတဦးက ပြောထားတဲ့အကြောင်း AFP သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။ ဆရာဦးဉာဏ်ဝင်းတို့ရော ဘယ်လို သိထားပါလဲ။

“ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှကို မကြားဘူး။ အဲဒီ နိုဝင်ဘာ ၁၃ ဆိုတာက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ထိန်းသိမ်းထားတဲ့ ကာလ၊ ပြစ်ဒဏ်ချမှတ်တဲ့ ကာလ ကုန်ဆုံးတဲ့နေ့ရက် ဖြစ်တယ် ဆိုတာကိုတော့ ဥပဒေအရ ကျနော်တို့ အရင်ကတည်းက ပြောနေပါတယ်။ နောက်ထပ် ချုပ်နှောင်ဖို့ဆိုတာ ဘယ်ဥပဒေမှာမှ မရှိဘူး။ ဒါကြောင့် အဲဒီရက်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ့်ရက်လို့ တွက်ထားပါတယ်။”

အရင်ကာလတွေတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေဘက်က အကြောင်းအမျိုးမျိုး ပြပြီးတော့ နေအိမ်အကျယ်ချုပ်ကို သက်တမ်းတွေ ဆက်တိုးထားတာ ရှေ့မှာ ရှိခဲ့ပါတယ်။ အခုတခေါက်ရော ဘယ်လိုထင်ပါလဲခင်ဗျ။

“အခုဖြစ်ပေါ်နေတဲ့ နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်း အခြေအနေ၊ ရွေးကောက်ပွဲ အခြေအနေ၊ ဒီအခြေအနေ အားလုံးကို အကျုံးဝင်အောင် ထည့်သွင်းစဉ်းစားရင် ခုနပြောသလို အကြောင်းရှာပြီးတော့ ဥပဒေမဲ့ လုပ်ရပ်မျိုးကို ဒီအချိန်မှာ မလုပ်လောက်ဘူးလို့တော့ ကျနော်တို့ မျှော်မှန်းပါတယ်။”

အရင်ကာလတွေတုန်းက အဲဒီလို အကြောင်းရှာပြီးတော့ ဆက်ပြီး ဖမ်းဆီးတာတွေဟာ ဥပဒေအရ အကျုံးဝင်ခဲ့ပါသလားခင်ဗျ။

“အရင်ကာလတုန်းကတော့ သူတို့က နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေကို အသုံးပြုတယ်။ ဒါလည်း ကျိုးကြောင်းဆီလျော်မှု မရှိပါဘူး။ အကျဉ်းကျနေတဲ့လူ၊ အပြင်နဲ့ အဆက်အသွယ် မရှိတဲ့လူက နိုင်ငံတော်ကို အနှောင့်အယှက်ဖြစ်အောင် ဘာလုပ်နိုင်မှာလဲ။ အဲဒီလို အကြောင်းပြချက်တွေနဲ့ အရင်တုန်းကတော့ လုပ်ခဲ့ဖူးပါတယ်။ အခု ဒီဟာကို လုပ်စရာအကြောင်း မရှိတော့ဘူးလို့ ကျနော် ယူဆတယ်။”

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ကျနေတဲ့ အချိန်မှာပဲ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကို ၀င်မပြိုင်ဖို့ ဆုံးဖြတ်တယ်၊ အခုဆိုရင် အာဏာပိုင်တွေဘက်က ပါတီဟာ တရားမ၀င်ဘူးဆိုပြီး ကြေညာခဲ့တယ်၊ ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်သာ ပြန်လွတ်လာခဲ့မယ်ဆိုရင် NLD ပါတီရဲ့ အခြေအနေဟာ ဘယ်လိုဖြစ်လာနိုင်မယ်လို့ ဆရာတို့ တွက်ထားပါလဲခင်ဗျ။

“အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင် NLD ပါတီရဲ့ အခု ကျနော်တို့ ကြိုးစား ဆောင်ရွက်နေတဲ့ ကျစ်လျစ်ခိုင်မာမှု၊ ပြည်သူအကြား အနှံ့အပြား ရောက်ရှိသွားမှု၊ ဒါတွေဖြစ်လာမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်လာရင် ပြည်သူလူထု အပေါ်မှာ အခြေခံတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုနဲ့ ထိတွေ့မှုကို အဓိကထား လုပ်ဆောင်မယ်လို့ ကျနော် အဲဒီလို ယူဆပါတယ်။”

နိုင်ငံရေးအရရော အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖြစ်လာနိုင်မယ်လို့ တွက်ပါသလားခင်ဗျ။

“ဟုတ်ကဲ့၊ ပြည်သူနဲ့ နိုင်ငံရေးပါတီ ထိတွေ့ဆက်ဆံမှုက ကြီးမားသော အကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။”

ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရုံဖြင့် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်

2010-09-30 RFA

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်ကြောင်း ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ထောက်ပြ ဝေဖန်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလအတွင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အစည်းအဝေး အပြီး ထုတ်ပြန်ခဲ့တဲ့ သဘောထားကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး၊ လွတ်လပ်တရားမျှတပြီး သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲတရပ် ကျင်းပရေး မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး NCUB က အခုလို ဝေဖန်လိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဒီမိုကရေစီပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး တိုးတက် လာအောင် ကြိုးပမ်းမှုတွေကို အားပေးထောက်ခံသလို အစည်းအဝေးအပြီး မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အများပါနိုင်တဲ့ ရွေးကောက်ပွဲတရပ် ကျင်းပဖို့ တောင်းဆိုတာကိုလည်း ကြိုဆိုကြောင်း စက်တင်ဘာ ၂၉ ရက် မနေ့က ထုတ်ပြန်တဲ့ NCUB ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲအတွက် စစ်အစိုးရ ချမှတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စနစ်ဟာ အခြေခံအားဖြင့် ဒီမိုကရေစီနဲ့ မကိုက်ညီသလို လက်ရှိအနေထားမှာလည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမျိုး ကျင်းပနိုင်ဖို့ မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိအနေထားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့လို ပြည်သူလက်ခံထားတဲ့ ခေါင်းဆောင်တွေ ပါဝင်ခွင့် ကန့်သတ်ထားသလို အတိုက်အခံနိုင်ငံရေးပါတီတွေကိုလည်း မဲဆွယ်စည်းရုံးတာကို ကန့်သတ်ပိတ်ပင်ထားကြောင်း၊ ဒါ့အပြင် စစ်အစိုးရအလိုကို မလိုက်တဲ့ တိုင်းရင်းသားအဖွဲ့တွေကို ခြိမ်းခြောက်တာတွေ ရှိနေပြီး တနိုင်ငံလုံးပြည်သူတွေအပေါ် ကြောက်ရွံ့စိတ်လွှမ်းနေအောင် လုပ်ဆောင်ထားတဲ့အတွက် ဘယ်နည်းနဲ့မှ ရွေးကောက်ပွဲဟာ အများပါဝင်နိုင်တဲ့ လွတ်လပ်၊ တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ကြောင်း NCUB က ဝေဖန် ထောက်ပြထားပါတယ်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး သံဃာနှင့် ကျောင်းသားလှုပ်ရှားမှု စတင်

2010-09-30 RFA

သံဃာ့အဖွဲ့အစည်းပေါင်းစုံ ကိုယ်စားပြု ရဟန်းတော်များနဲ့ ကျောင်းသား လူငယ် အပါအဝင် ပြည်သူလူထု တချို့ ပူးပေါင်းပါဝင်တဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်အဖြစ် လက်ကမ်းစာစောင်တွေကို ရန်ကုန် မြို့တွင်းရှိ မြို့နယ်တွေမှာ စက်တင်ဘာ ၃၀ ရက် ဒီကနေ့ ဖြန့်ဝေခဲ့တယ်လို့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ကော်မတီ ပြောရေးဆိုခွင့် ရှိသူ ဦးသီလဝံသက RFA ကို အခုလို မိန့်ကြားပါတယ်။

“ဆူးလေအဝိုင်းမှာ ဆိုလို့ရှိရင် ဟိုဖက်က ကားဂိတ်ပေါ့နော်၊ ဒီ မြို့တော်ခန်းမရှေ့က အဲဒီနေရာတွေမှာ ဦးဇင်းတို့ ဝေတယ်။ ကမ္ဘာအေးဘုရားရဲ့ အနီးပေါ့နော်၊ အဲဒီမှာဆိုလို့ရှိရင် ဒီ ဂမုန်းပွင့်ဆိုတာ ရှိတယ်။ အဲဒီနေရာလေးတွေမှာ ဦးဇင်းတို့က မြို့နေ တော်တော်များများကို ဝေတယ်။ နောက်ပြီးလို့ရှိရင် လှည်းတန်းမီးပွိုင့် အဲဒီနေရာတွေကို ဦဇင်းတို့က ဝေတယ်။ အခုဆိုလို့ရှိရင် ဦးဇင်းတို့ ဗိုလ်တထောင်မှာဆိုလို့ရှိရင် စာရွက် တထောင်ကျော်လောက်ကို ဦးဇင်းတို့ ဝေပြီးပြီ။ ဆူးလေမှာဆိုလို့ရှိရင် ဦးဇင်းတို့ အခုဟာ စာရွက် တထောင်ကျော်သွားပြီပေါ့နော်။ အားလုံးကတော့ စာရွက် ခုနစ်ထောင်ကျော်ကို ဦးဇင်းတို့က ဝေတယ်။

စာမျက်နှာ နှစ်မျက်နာပါ လက်ကမ်းစာစောင်မှာ ဖော်ပြပါရှိတဲ့ သရုပ်ဖော်ပုံ တွေ အကြောင်းကို ဦးသီလဝံသက အခုလိုရှင်းပြပါတယ်။

“အဲ စာရွက်က ဒကာကြီး၊ စာသားတွေ ရေးထားတာက အမဲနဲ့ အဖြူဖြစ်တယ်။ နောက်ပြီးတော့ ပုံတွေနဲ့ ပါတဲ့ စာသားတွေပါတဲ့ စာရွက်က ကာလာရောင် ဖြစ်တယ်။ စာရွက်ပေါ်မှာတော့ ပုံက ဒကာကြီး ဦးဇင်းတို့က အဲဒီ စာရွက်ကလေးမှာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုပြီးတော့မှ အဲဒီ ရွေးကောက်ပွဲကို အလိုမရှိ ဆိုပြီးမှ ဒီ ကြက်ခြေခတ်ကလေးတွေ ပုံတွေလည်းပါတယ်။ နောက်ပြီးတော့မှ ဒီ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ထောင်ကနေ သံတိုင်ကလေးကို ကိုင်ပြီး မျှော်ကြည့်နေတဲ့ပုံ ပါတယ်။ နောက်ပြီးလို့ရှိရင် သံဃာတွေကို သတ်ပြီးတော့မှ ရေမျှောထားတဲ့ ပုံပါတယ်။ သံဃာတွေ ခေါင်းကွဲပြီး သွေးယိုစီးနေတဲ့ပုံ ပါတယ်။ နောက်ပြီးလို့ရှိရင် ဒီ အကျဉ်းသားတွေ ခြေကျင်းတွေနဲ့ ခတ်ပြီးတော့မှ ခေါင်းငုံ့ပြီးတော့မှ လုပ်ထားတဲ့ ပုံတွေ ပါတယ်။ အဲလို အဓိက အဓိက ပုံတွေပေါ့ ဒကာကြီး။”

သံဃာ့တပ်ပေါင်းစု၊ သံဃာ့ ကိုယ်စားပြု ကော်မတီ၊ သောတုဇနဘိက္ခူ၊ ရဟန်းပျို သံဃာ့ အဖွဲ့အစည်းပေါင်းစုံ ကိုယ်စားပြု ရဟန်းတော်များနဲ့ ပြည်သူလူထု တချို့ ပါဝင်တဲ့ ဒီလှုပ်ရှားမှုကို ဒီလ ၂၆ ရက်ကတည်းက အစပြုခဲ့တာလို့် သိရပါတယ်၊

“ဦးဇင်းတို့က ဒီ ၂၆ ရက်နေ့က စပြီးတော့မှ ဦးဇင်းတို့ ကံဆောင်ပြီးတဲ့အခါ ဦးဇင်းတို့ ဒီမှာ ပြည်တွင်းမှာ ရှိနေတဲ့ သံဃာ့ အဖွဲ့အစည်းတွေနဲ့ လူ့အဖွဲ့အစည်းတွေ အားလုံး ပေါင်းပြီးတော့မှ ဦးဇင်းတို့ ဒါတွေ လှုပ်ရှားတာ ဖြစ်တယ်။ နောက်ပြီးတော့ ဒီ ၂၆ ရက်နေ့က နေပြီးတော့ ဦးဇင်းတို့ မှေးမှေးမှေးမှေး လုပ်လာတာ ဒီနေ့ ၃၀ ရက်နေ့မှာကို ဦးဇင်းတို့က လုပ်တာဖြစ်တယ်။ ဦးဇင်းတို့ အကုန် ပေါင်းပြီးတော့ လုပ်ထားတယ်ဆိုတော့ ဘယ်အဖွဲ့အစည်းကိုမှ ခေါင်းစဉ်တပ်ထားတာတော့ သိပ်တော့ မရှိဘူး။ သို့ပေမဲ့လည်း သောတုဇန ဘိက္ခူပါတယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂပါတယ်။ သံဃာ့ကိုယ်စားလှယ်ပါမယ်။ သံဃာ့တပ်ပေါင်းစု ပါတယ်။ အဲဒီလိုပေါ့နော်၊ ဒီ အဖွဲ့အစည်းတွေ အကုန်လုံးမှ ပေါင်းပြီးတော့ ဦးဇင်းတို့ လုပ်ထားတာ ဖြစ်တယ်။”

ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ကော်မတီ ပြောရေးဆိုခွင့် ရှိသူ ဦးသီလဝံသ မိန့်ကြားသွားတာ ဖြစ်ပါတယ်။

ဦးတင်ဦး၏ မျက်စိ ခွဲစိတ်ကုသမှု အောင်မြင်

2010-09-30 RFA

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ ဘယ်ဘက် မျက်လုံး စက်တင်ဘာ ၃၀ ရက် ဒီကနေ့ ခွဲစိတ်ကုသခဲ့တာမှာ ၂ နာရီနီးပါး ကြာတဲ့ ခွဲစိတ်မှုဟာ အောင်မြင်တယ်လို့ ဆရာဝန်တွေက ပြောကြောင်း ဆေးရုံမှာ ရှိနေတဲ့ ဦးတင်ဦးရဲ့ သားဖြစ်သူ ကိုသန့်ဇင်ဦးက ပြောပါတယ်။

ဦးတင်ဦးကို ဒီကနေ့ စင်ကာပူ စံတော်ချိန် မွန်းလွဲသုံးနာရီက ခွဲစိတ်ခဲ့တာမှာ ညနေ ၅နာရီမှ ပြီးဆုံးတာ ဖြစ်ပါတယ်။ ခွဲစိတ်ခန်းက ထွက်လာပြီး ခွဲစိတ်ကုသမှု အောင်မြင်တယ်လို့ ဆရာဝန်က ပြောကြောင်း သားဖြစ်သူ ကိုသန့်ဇင်ဦးကပြောပါတယ်။

မျက်လုံး ခွဲစိတ်ကုသမှုဟာ အောင်မြင် ချောမွေ့စွာပဲ ပြီးစီးသွားပြီး မေ့ဆေးပြယ်လို့ သတိပြန်လည်လာပြီ ဖြစ်ကြောင်း သူက ပြောပါတယ်။ မျက်စိတဖက်ကိုတော့ အုပ်ထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဦးတင်ဦးဟာ ဘယ်ဖက်မျက်လုံးမှာ သွေးယိုတဲ့ရောဂါကြောင့်ခုလို ခွဲစိတ်ကုသမှု ခံယူရတာ ဖြစ်ပါတယ်။ ဆေးရုံမှာ ဘယ်လောက်ကြာကြာ ဆက်နေရဦးမလဲဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ် အခြေအနေကို မသိရသေးကြောင်း ကိုသန့်ဇင်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲဝင်မည့် ဒီမိုကရေစီပါတီများ မဟာမိတ် ဖွဲ့မည်

2010-09-30 RFA

ရွေးကောက်ပွဲဝင်မဲ့ ၃၇ ပါတီတွေထဲက ဒီမိုကရေစီလိုလားတဲ့ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ ၇ ခုကနေ မိတ်ဖက်ပါတီတွေအဖြစ် ပူးတွဲဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။

စစ်အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတွေနဲ့ သီးခြားတဖက်စီဆိုတာ မဲဆန္ဒရှင် ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိအောင် မိတ်ဖက်ပါတီတွေက ပူးပေါင်း ဆောင်ရွက်မှာဖြစ်တယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက RFA ကို ပြောပါတယ်။

မိတ်ဖက်ပါတီတွေအနေနဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ချင်းအမျိုးသားပါတီတွေ ပါဝင်မှာ ဖြစ်တယ်လို့ ဦးသိန်းဌေးက ပြောပါတယ်။

ဒီမိုကရေစီ မိတ်ဖက်ပါတီများ ပူးတွဲဆောင်ရွက်မဲ့ကိစ္စကို အမျိုးသားဒီမိုကရေစီအင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတွေက ကြိုဆို ထောက်ခံတယ်လို့ ပါတီခေါင်းဆောင်တွေက RFA ကို ပြောပါတယ်။

လာမဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာလည်း ပါတီ ၇ ခုလုံး တွေ့ဆုံမှာဖြစ်ပြီး သဘောထား ကြေညာချက် ထုတ်ပြန်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် သတင်း ဖော်ပြခွင့်မရ

ဧရာဝတီ Thursday, September 30, ဧရာဝတီ

မဲပေးပိုင်ခွင့် ရှိသူများစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အမည်ကို တရားဝင် ထည့်သွင်း ထုတ်ပြန်ခဲ့ သော်လည်း မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အဆိုပါသတင်းကို ပြည်တွင်း မီဒီယာများ၌ ဖော်ပြခွင့်မပြုကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် တပတ်က ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား အမှတ် (၁) ရပ်ကွက်ရှိ ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၊ အတူနေသူများ ဖြစ်သည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ကို မဲပေးနိုင်သူများ စာရင်းတွင် ထည့်သွင်း ဖော်ပြထား ခြင်းကြောင့် ပြည်တွင်း မီဒီယာများက ရပ်ကွက်ရုံးသို့ သွားရောက် သတင်းယူ ကြကြောင်း၊ သို့သော် စာပေ စိစစ်ရေးက ယင်းသတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့် မပြုဘဲ ဖြုတ်ပယ်ခြင်း ဖြစ်ကြောင်း သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

“စာပေစိစစ်ရေးက ဒေါ်အောင်ဆန်း စုကြည်ဆိုတဲ့ နာမည်ကို သတင်း မီဒီယာ တွေပေါ်မှာ မမြင်ချင်လို့ ပိတ်တာပဲ။ လူတယောက် မဲပေးလို့ ရတယ်ဆိုတာ ဘယ်သူ့ကိုမှ ထိခိုက်တဲ့ သတင်းမျိုး မဟုတ်ဘူး” ဟု အဆိုပါ အယ်ဒီတာက ပြောသည်။

မဲဆန္ဒရှင်စာရင်း စတင်ထုတ်ပြန်သည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အမည် ပါဝင်ခြင်းမရှိဘဲ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းအချိန်တွင်မှ ဒေါ်အောင်ဆန်းစုကြည် အမည်ပါသည့် စာရွက်ကို ရပ်ကွက်ရုံးတွင် ပြောင်းလဲကပ်ခြင်းဖြစ်ကြောင်း သိရသည်။

စာပေစိစစ်ရေးသည် ဒေါ်အောင်ဆန်းစုကြည်၏အမည်၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် NLD နှင့် ဆက်နွှယ်သော သတင်းမှန်သမျှ ပိတ်ပင်ထားသည့်အပြင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဝေဖန်ရေးသားမှုများ၊ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် သတင်းများ ဖော်ပြခွင့်ကိုလည်း ပိတ်ပင်ထားသည်။

“အခုထက်ထိ သတင်းလွတ်လပ်ခွင့် မရသေးဘူး။ ပြည်တွင်း ပုဂ္ဂလိကမီဒီယာတွေ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပဲ။ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လိုနည်းနဲ့မှ သတင်းလွတ်လပ်ခွင့် ရမှာမဟုတ်ဘူး” ဟု ရန်ကုန်မှ စာနယ်ဇင်းသမားတဦးက ပြောသည်။

ပြည်တွင်း သတင်းမီဒီယာများအနေနှင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ဆက်စပ်သော သတင်းများ ရေးသားရာတွင် သတိပြုကြရန်၊ ဝေဖန်ခြင်း၊ မှားယွင်းရေးသားခြင်းများရှိလျှင် ဂျာနယ်ထုတ်ဝေခွင့်ကို ထာဝရ ပိတ်ပင်သည်အထိ အရေးယူမည်ဖြစ်ကြောင်း စာပေစိစစ်ရေးက ညွှန်ကြားချက်တရပ်ကို ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ပြည်တွင်း နိုင်ငံရေးသမား တဦးကမူ သတင်းလွတ်လပ်ခွင့်မရှိဘဲ လာမည့် ရွေးကောက်ပွဲသည် တရားမျှတ လွတ်လပ်သော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ရွေးကောက်ပွဲကို သပိတ်မှောက် ခိုင်းခြင်းသည် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၇ အရ ထောင်ဒဏ် တနှစ်နှင့် ငွေဒဏ် တသိန်း ချမှတ်နိုင်သည်ဟု ရေးသားထားသည့် အစိုးရဝါဒဖြန့် ဆောင်းပါးများကို သတင်းဂျာနယ်များတွင် ဖော်ပြရန် စာပေစိစစ်ရေးက ဖိအားပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ၏ ရပ်ကွက်များတွင် လမ်းခင်းပေးခြင်း၊ ငွေချေးငှားပေးခြင်း ကဲ့သို့သော နိုင်ငံတော်ပိုင် ဘဏ္ဍာငွေဖြင့် မဲဆွယ်စည်းရုံးသည့် သတင်းများ၊ ကြံ့ဖွံ့ပါတီကို အမာခံမဲပေးမည့်သူများစာရင်းနှင့် ကြိုတင် မဲစာရင်း ကောက်ခံမှုများနှင့် ပတ်သက်သော သတင်းများကိုလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်ကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီ အပါအ၀င် နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းပါတီများမှ ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော်က လွှတ်တော် သုံး ရပ်တွင် နေရာ ၁၁၇၁ နေရာအတွက် ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်သည်။

သီရိလင်္ကာရောက် ကလေးများကို ပြန်ခေါ်ရန် သီတဂူဆရာတော် အကူအညီလို

ရန်ပိုင် Thursday, September 30, ဧရာဝတီ

သီရိလင်္ကာ နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ ကလေး ၁၀၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ရန် သီတဂူ ဆရာတော်ကြီးက ကြိုးစားလျက်ရှိရာ အလှူငွေ လိုအပ်နေကြောင်း သတင်းရရှိသည်။

ယင်းကလေးများသည် နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများမှ ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ လာရောက် လုပ်နေသည့် သီရိလင်္ကာနိုင်ငံသား ရဟန်းတော် ဒေါက်တာ စန္ဒိမာထေရ်က ပညာသင်ကြား ပေးမည်ဟုဆိုကာ ပြီးခဲ့သည့် နှစ် အတွင်း က ခေါ်ယူသွားခြင်း ဖြစ်ကြောင်း သီတဂူ ကမ္ဘာ့သာသနာပြုအဖွဲ့မှ ဆရာတော် ဦးပညာသီဟက ဧရာဝတီသို့ ပြောသည်။

“ကလေးတွေက မိဘမဲ့တွေရော ပါတယ်။ ဟိုရောက်တော့ ညီအစ်ကိုတွေဆိုလည်း တနေရာစီခွဲထားတာ၊ အခုအထိမတွေ့ရ ဘူး။ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ သင်ပေးမယ်ဆိုပြီး ခေါ်တာ”ဟု ဆရာတော်က ဆိုသည်။

ကလေးများကို ပညာသင်ကြားပေးခြင်း မရှိဘဲ လူခွဲပြီး ထားကြောင်း၊ သီရိလင်္ကာနိုင်ငံတွင် စာသင်ကြားနေသည့် မြန်မာ သံဃာတော်များကို ကလေးငယ်များက ဆက်သွယ်၍ အိမ်ပြန်ပို့ပေးရန် အကူအညီတောင်းကြောင်း၊ စာသင်သားများမှာလည်း ငွေကြေး မတတ်နိုင်သည့်အတွက် သီတဂူဆရာတော်ကြီးက ဦးစီး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဆရာတော် ဦးပညာသီဟက ဆက်လက် ရှင်းပြသည်။

ကလေးများ၏ မိဘများကလည်း ပြန်လည် ခေါ်ယူရန် ဆန္ဒရှိကြောင်း၊ သို့သော်လည်း လေယာဉ်စရိတ်မှာ တဦးလျှင် အမေရိ ကန် ဒေါ်လာ ၃၅၀ နှုန်းရှိသည့်အတွက် ပြန်လည်ခေါ်ယူရန် ငွေကြေးမတတ်နိုင်ကြောင်း သိရသည်။

ကလေးများသည် ရန်ကုန်တိုင်းမှ ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်များမှလည်း ပါဝင် ပြီး ဟိန္ဒူလူမျိုး ကလေးများလည်း ပါဝင်ကြောင်း၊ အသက်၁၀ နှစ်မှ ၁၄ နှစ်သားအရွယ်အထိ ပါဝင်သည်ဟု ဆရာတော် ဦးပညာသီဟ က ဆိုသည်။

ကလေးငယ်များကို စောင့်ရှောက်ရန် သီရိလင်္ကာ ဆရာတော်က ထိုင်ဝမ်နိုင်ငံရှိ တရုတ်လူမျိုးများကို ကလေးတဦးလျှင် အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာနှုန်းဖြင့် အလှူငွေ ကောက်ခံခဲ့ကြောင်း၊ ၎င်း၏ အင်တာနက် ၀က်ဘ်ဆိုက်တွင်လည်း ကလေး ငယ်များ၏ ဓာတ်ပုံများဖြင့် အလှူခံနေကြောင်း သိရသည်။

သီတဂူ ဆရာတော်မှ ဆရာတော် ဒေါက်တာ စန္ဒိမာကို အကြိမ်ကြိမ်ဆက်သွယ်သော်လည်း လာရောက်တွေ့ဆုံခြင်း မရှိဟု သိရသည်။

ဒေါက်တာ စန္ဒိမာကမူ “တချို့ကလေးတွေက စာမသင်ချင်ဘူး။ မြန်မာပြည်ပြန်ချင်တယ်။ ပြန်ပို့ဖို့လည်း သံရုံးနဲ့ စီစဉ်နေတယ်။ မြန်မာ သံအမတ်ကြီးလည်း ကလေးတွေကို လာတွေ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ စန္ဒိမာသည့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် မေတ္တာကျေးရွာကို တည်ထောင်ခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာဖွင့်ပွဲကို သီရိလင်္ကာ သမ္မတ မဟိန္ဒရာ ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု ၂၀၀၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ၂၀၀၉ ခုနှစ် နိုဝင်ဘာလက သွားရောက်ခဲ့သည့် သီရိလင်္ကာ ခရီးစဉ်တွင် ဒေါက်တာ စန္ဒိမာနှင့် တွေ့ဆုံခဲ့သေးသည်။

သီရိလင်္ကာတွင် ပညာသင်ကြားနေသည့် စာသင်သား ရဟန်းတပါးက “ကလေးတွေ သူတို့ ခံစားချက်လေးတွေကို စာရေးပြီး ဆက်သွယ်ကြတယ်။ သီလရှင်လေးတွေ အပါး ၂၀ ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

သီတဂူ ဆရာတော်ကြီးအနေဖြင့် သီရိလင်္ကာသို့ လာရောက်စဉ် စာသင်သား ရဟန်းတော်များနှင့် သီရိလင်္ကာရှိ မြန်မာသံရုံးမှ ၀န်ထမ်းများက လျှောက်ထားသည့်အတွက် ယခုကိစ္စကို ဖြေရှင်းပေးခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကလေးများကိစ္စနှင့် ပတ်သက်၍ နေပြည်တော်ရှိ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာနတို့ကို သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက စာရေး အကြောင်းကြားခဲ့သော်လည်း အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိဟု သီရိလင်္ကာရှိ မြန်မာသံရုံးနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

ယင်းကလေးများကို ဒေါက်တာ စန္ဒိမာက ပြည်ထဲရေး ၀န်ကြီးဌာနနှင့် သာသနာရေး ၀န်ကြီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် ခေါ်ယူ သွားခြင်းဖြစ်သည်ဟု သိရသည်။

သီရိလင်္ကာနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီ က ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။

တိုင်းရင်းသားပါတီများ မဲဆွယ်စည်းရုံးမှု အာဏာပိုင်များ နှောင့်ယှက်

ခင်ဦးသာ Thursday, September 30, ဧရာဝတီ

ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးရေး လုပ်ဆောင် နေကြသော တိုင်းရင်းသား နိုင်ငံရေး ပါတီများမှာ ဒေသဆိုင်ရာ အာဏာပိုင်များ၏ တားမြစ် နှောင့်ယှက်မှုများနှင့် ကြုံတွေ့နေ ကြရကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ခေါင်းဆောင်တဦးက“စည်းရုံးတာတွေကို နှောင့်ယှက်နေတဲ့အပြင် တရား ၀င် မှတ်ပုံတင်ခွင့် ရထားတဲ့ ပါတီစာစောင်တွေကိုပါ မဖြန့်ဝေရတော့ဘူးလို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်တယ်၊ ဥပဒေကို နားမလည်လို့လား၊ တမင်ညစ်တာလား တော့မသိတော့ဘူး”ဟု ပြောသည်။

ရှမ်းပြည်နယ်အလယ်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် SNDP ၏ (နသ) လိုင်စင်ရရှိပြီး တရားဝင်ထုတ်ဝေခွင့်ပြုထားသည့် မူဝါဒရေးရာ စာစောင်များကို ဖြန့်ချိခွင့် မပြုရဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ယခုရက်ပိုင်းတွင် တားဆီးလိုက်ကြောင်းလည်း ၎င်းက ဆက်လက် ရှင်းပြသည်။

SNDP ခေါ် ကျားဖြူပါတီ၏ စာစောင်များ မဖြန့်ဝေရဟု ကန့်သတ်ထားသော နယ်မြေတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(ကြံ့ဖွံ့ပါတီ) နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ(တစည) တို့၏ စာစောင်များကို အကန့်အသတ်မရှိ ဖြန့်ဝေခွင့် ပေးထားကြောင်း သိရသည်။

“ရိုးရိုးသားသား ဒီမိုကရေစီ နည်းနဲ့သာ ပြိုင်ကြမယ်ဆိုရင် ကျနော်တို့ပါတီ နိုင်မှာသေချာပါတယ်”ဟု SNDP ပါတီ ခေါင်းဆောင် က ဆိုသည်။

စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲသည် လက်ရှိ အခြေအနေအရ ဆိုပါက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ လုံးဝ မဖြစ်နိုင်ကြောင်းလည်း ရှမ်းခေါင်းဆောင်က ဆိုသည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပခဲ့သော ကုလသမဂ္ဂ၏ ၆၅ ကြိမ်မြောက် အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မည်ဟု ပြောဆိုသွားသည်။

“သူတို့ပြောတာကို ပြည်မကပြည်သူတွေရော တိုင်းရင်းသားတွေကပါ ဘယ်သူကမှ မယုံပါဘူး၊ ဒါပေမယ့် ပြည်မမှာက သူတို့ ပါတီတွေကပဲ နိုင်မှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကြံ့ဖွံ့နဲ့တစည ၂ ခုပေါင်းက ကိုယ်စားလှယ် ၂၀၀၀ ကျော်ရှိနေတယ်”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

အတိုက်အခံပါတီ(သို့မဟုတ်)ဒီမိုကရက်တစ်ပါတီများ၊ တိုင်းရင်းသားပါတီများ အားလုံး၏ ကိုယ်စားလှယ် စုစုပေါင်းမှာ ၅၀၀ ၀န်းကျင်သာ ရှိကြောင်းလည်း နိုင်ငွေသိန်းက ပြောသည်။

မွန်ပါတီ၏ စည်းရုံးရေး လုပ်ဆောင်နေမှုများကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်များအပြင် ကြံ့ဖွံ့ပါတီဝင်များကပါ လိုက်လံ

စောင့်ကြည့်ခြင်း၊ ဓာတ်ပုံရိုက် မှတ်တမ်း တင်ခြင်း တို့ကို လုပ်ဆောင်နေကြောင်း၊ ယင်း လုပ်ရပ်ကြောင့် ဒေသခံများက ကြောက်လန့်နေခဲ့ကြသော်လည်း နောက်ပိုင်းတွင် အလေးအနက် မထားတော့ကြောင်း သိရသည်။

“ရယက ဥက္ကဌ တွေက သူတို့(ကြံဖွံ့ပါတီ) ကိုပဲ မဲပေးကြဖို့၊ ထောက်ခံကြဖို့ ခြောက်ပြောတာ၊ မက်လုံးပေးပြောတာတွေရှိ တယ်၊ ဘာဖြစ်လို့လဲဆိုတော့ နောင်လည်း သူတို့ကပဲ ဆက်အုပ်ချုပ်မှာသွားမှာမို့လို့ဖြစ်တယ် ဆိုပြီး စည်းရုံးနေတယ်” ဟု မွန်ပြည်နယ် ကျိုက်မရော မြို့ခံ တဦးက ပြောပြသည်။

ထိုသို့ အနှောင့်အယှက် အမျိုးမျိုး ရှိနေသော်လည်း တရားသောနည်းလမ်းဖြင့် ရိုးရိုးသားသား ရင်ဆိုင်၍ တိုင်းရင်းသား အရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငွေသိန်းက ပြောသည်။

ရွေးကောက်ပွဲ၌ မဲမပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ပြောဆိုထားခြင်းကြောင့် မည်သူ့ကို မဲပေးရမှန်း မသိ ဖြစ်နေသော ပြည်သူများကို မဲပေးကြရန်အတွက် စည်းရုံးရေး ပြန်ဆင်းနေရကြောင်းလည်း ၎င်းက ဆက်လက်ရှင်းပြသည်။

“သိက္ခာရှိရှိပဲပြိုင်မယ်၊ ဘာပေးမယ်၊ ညာပေးမယ်ဆိုပြီးတော့လည်း လိမ်ပြောပြီးတော့ မစည်းရုံးဘူး၊ လုပ်ပေးနိုင်တာပဲပြောတယ်”ဟု နိုင်ငွေသိန်းက ဆိုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)သည်လည်း မဲဆွယ်စည်းရုံးရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၏ နှောင့်ယှက်မှုအမျိုးမျိုးကို ရခိုင်ပြည်နယ်၏ နေရာ အများစုတွင် ကြုံတွေ့နေရကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

“စည်းရုံးရေး လုပ်နေတဲ့ နေရာနဲ့နီးတဲ့ နေရာတွေကနေ ဓာတ်ပုံရိုက်တာတို့၊ ရဲစခန်းမှူး ကိုယ်တိုင်လာပြီး နားထောင်တာတို့၊ SB တွေက ရှေ့က ဆိုင်ကယ်နဲ့ ဖြတ်သွားတာ တို့တွေ လုပ်နေတော့ ပြည်သူတွေက ကြောက်ပြီးတော့ မလာရဲကြတော့ဘူး” ဟု RNDP ပါတီ၏ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။

ပါတီစည်းရုံးရေး လုပ်ခါစတွင် အမျိုးသမီးများနှင့်ကလေးများ၊ ကျောင်းသားလူငယ်များသာ လာရောက်နားထောင်ကြသော် လည်း ယခုအခါ အရွယ်မျိုးစုံလာရောက်နားထောင် အားပေးမှုရှိလာကြောင်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။

စစ်တွေမြို့နယ်အပြင် တခြားသော မြို့နယ်၊ ကျေးရွာများတွင်လည်း အာဏာပိုင်များ၏ နှောင့်ယှက်မှုများ ဆက်တိုက်ရှိခဲ့ပြီးယခုရက်ပိုင်းတွင် အဝေးမှ စောင့်ကြည့်ခြင်းကိုသာ တွေ့နေရကြောင်း ၎င်းကဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် မဲဆွယ်ရာ၌ သာသနာ့နယ်မြေ များအား အသုံးမပြုရဟု ပါဝင်သော်လည်းကြံ့ဖွံ့ပါတီသည် စစ်တွေမြို့နယ်ရှိ ကြက်တောပြင်ဘုန်းကြီးကျောင်း၊ တသီးစုရပ်ကွက်ဓမ္မာရုံ၊ မိဇံရပ်ကွက်မှဓမ္မာရုံ စသည်တို့ကို အသုံးပြု၍ မဲဆွယ်စည်းရုံးနေကြောင်း ဒေသခံများ၏ ပြောပြချက် အရသိရသည်။

ချင်းတိုင်းရင်းသားများ ကိုယ်စားပြု တည်ထောင်ထားသည့် ချင်း တိုးတက်ရေး ပါတီ၏ ဥက္ကဌ ဦးလုံစီ ကမူ ၎င်းတို့ပါတီ အနေ ဖြင့် ယခင်က အနှောင့်အယှက်အနည်းငယ်ရှိခဲ့ပြီး လက်ရှိတွင် ကြီးကြီးမားမားနှောင့်ယှက်မှုမျိုး မကြုံရသေးကြောင်း ပြောဆို သည်။

စည်းရုံးမှု လုပ်ဆောင်ရာတွင် လူစုလူဝေးဖြင့် မလုပ်ဆောင်ဘဲ တအိမ်တက် တအိမ်ဆင်း စနစ်ဖြင့်၊ တဆင့်စကားဖြင့် လုပ်ဆောင် နေရာ ဒေသခံပြည်သူများ၏ ထောက်ခံမှု ရရှိကြောင်း ရှင်းပြသည်။

ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ ကိုယ်စားပြုထားသည့် ကချင် တိုင်းရင်းသား ပါတီသာ ရှိ၍ အနှောင့်အယှက် တစုံတရာ မတွေ့ရ ကြောင်း မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။

KNU နှင့် နအဖတပ် ထပ်မံ တိုက်ပွဲဖြစ်

သန်းထိုက်ဦး Thursday, September 30, ဧရာဝတီ

နအဖ တပ်ဖွဲ့များကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ခြုံခို တိုက်ခိုက်ခဲ့ရာ နအဖ စစ်တပ် ဘက်မှ ၁ ဦး ကျဆုံးကြောင်း သိရသည်။

ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် အနီးတ၀ိုက်တွင် KNU တပ်ရင်း (၁၆) မှ တပ်ဖွဲ့များနှင့် နအဖ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာ (၃) မှ ခြေလျင်တပ်ရင်း (ခလရ) ၂၈၃ နှင့် ခလရ ၄၀၅ တပ်ရင်းတို့နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နအဖ တပ်များက ယင်းဒေသ၌ တပ်အပြောင်းအလဲ ပြုလုပ်နေစဉ် KNU ပြောက်ကျားတပ်များက ခြုံခိုတိုက်ခိုက်ခြင်း ဖြစ်ကြောင်း KNUတပ်မဟာ (၆) မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေက ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ စစ်သည်အင်အား ၂၀၀ ခန့် ရှိပြီး အစီအစဉ် တခုခုကြောင့် တပ်ပြောင်းလာခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သော တပတ်ကလည်း လှိုင်းဘွဲ့မြို့နယ် သရီးဖိုးကွီး ကျေးရွာအနီး၌ နအဖ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၉ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၄၃ နှင့် KNU တိုက်ပွဲ ဖြစ်ပွားရာ နအဖတပ်ဘက်မှ ၄ ဦး ကျဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းဒေသတွင် စစ်အစိုးရတပ် အပါအ၀င် DKBA ၊ အပစ် အခတ်ရပ်စဲထားသော ဟောင်သရော အထူးဒေသ အဖွဲ့၊ ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA) အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ အဖွဲ့များလည်း လှုပ်ရှား လျက် ရှိကြောင်း သိရသည်။

ယင်း တိုက်ပွဲနှင့် ပတ်သက်၍ စစ်အစိုးရ သတင်းစာများတွင် ယနေ့အထိ ဖော်ပြခြင်း မရှိသေးပေ။

စင်မြင့် ဖျော်ဖြေပွဲ လက်မှတ်အတုများ ပေါ်ထွက်

နရီလင်းလက် Thursday, September 30, ဧရာဝတီ

တေးဂီတ စင်မြင့် ဖျော်ဖြေပွဲများတွင် ပွဲကြည့်လက်မှတ် အတုများ ထွက်ပေါ်မှုကြောင့် ပရိသတ်များ အပါအ၀င် ပွဲစီစဉ်သူများပါ အခက်အခဲ ကြုံတွေ့ နေရကြောင်း သိရှိရသည်။

လက်မှတ်အစစ် အရေအတွက် ၁၀၀၀ တွင် အတု အရေအတွက် ၂၀၀ ခန့် ထွက်ပေါ်တတ်ပြီး နာမည်ကြီး အဆိုတော်များ ပါဝင် သည့် ပွဲမျိုးတွင် ရောင်းချသည့် လက်မှတ်အရေအတွက်၏ ထက်ဝက်နီးပါးခန့် အတုများ ထွက်ပေါ်လာကြောင်း၊ လက်မှတ် အတု တစောင်လျှင် လက်မှတ် အစစ်ဈေးနှုန်းအတိုင်း ကျပ် ၄၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀ အထိ ရောင်းချနိုင်သောကြောင့်လက်မှတ် အတုလုပ်ခြင်းကို စီးပွားဖြစ် လုပ်ကိုင်လာကြခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

စက်တင်ဘာလ ၄ ရက်နေ့ က Sedona Hotel တွင်ပြုလုပ်ခဲ့သော IC အဖွဲ့၏ ဖျော်ဖြေမှု

“ရှိုးပွဲတွေက များသော အားဖြင့် ညနေ ၅ နာရီ၊ ၆ နာရီလောက် စကြတာ များတယ်။ ပွဲလုပ်တဲ့ အချိန်က ညဘက် ဆိုတော့ ဒါကို အခွင့်ကောင်း ယူပြီး အတုတွေနဲ့ ၀င်လာတာလည်း ရှိတယ်။ တချို့က ၀ယ်ထားမိတာ အတုမှန်းတောင် မသိကြဘူး။ နောက်လ လုပ်မယ့်ပွဲမှာ အတုလုပ်လို့ မရအောင်၊ လက်မှတ်မှာ ဘားကုတ်တွေ ထည့်ထားပြီး စစ်ဆေးတာ လုပ်လို့ရအောင် လုပ်ဖို့ စီစဉ် နေတယ်”ဟု Bo Bo Entertainment မှ ကိုဘိုစန်းက ပြောသည်။

ကိုဘိုစန်းက ဆက်လက်ပြီး “ပွဲတခုနဲ့ တခု ထုတ်တဲ့ လက်မှတ် ပုံစံမတူဘူး။ ဒီလို မတူတဲ့ ဟာကိုပဲ အတု လိုက်လုပ်တာ။ မြန်မာ ပြည်မှာကလည်း ရောင်ပြန် ဟိုလိုဂရမ်တွေက ပေါနေတော့ လက်မှတ် အစစ်မှာပါတဲ့ အတိုင်း ၀ယ်ကပ်လည်း ရတယ်။ အရင် လုပ်ခဲ့တဲ့ပွဲက ဟိုလိုဂရမ်တွေ ခွာပြီး ဒီအတိုင်း တူအောင် အတု ပြန်လုပ်တာလည်း ရှိတယ်”ဟုလည်း ပြောဆိုသည်။

ယခုကဲ့သို့ လက်မှတ်အတုများ ထွက်ပေါ်နေသည့်အပြင် မှောင်ခိုရောင်းချမှုများကို မတားဆီးနိုင်သေးကြောင်း ပွဲစီစဉ်သူ တဦး ကလည်း ပြောသည်။

“လက်မှတ်အတုတွေ ပေါ်နေတဲ့ကိစ္စက ပွဲ တော်တော်များများမှာ ဖြစ်နေတာ။ အတုလိုက်မလုပ်နိုင်အောင် ဘယ်လိုလုပ်ရ မလဲ ဆိုတာကို စီစဉ်နေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်ဌာနကို သွားတိုင်ရမယ်ဆိုတာလည်း မရှိသလို၊ ဒီလို လုပ်ရင် ဥပဒေ အရ ဘယ်လိုဖြစ်မယ်ဆိုတာ သတ်မှတ်ပေးထားတာ မရှိတော့ ပွဲစီစဉ်သူတွေက ကိုယ့်ဘာသာကိုယ်ဖြေရှင်းရတာပဲ”ဟု ၎င်းက ပြောပြသည်။

“ရှိုးပွဲတခု လုပ်မယ်ဆိုရင် ဘယ်နေရာတွေမှာ ၀ယ်လို့ရတယ်ဆိုတာ သတ်မှတ်ပေးတာ။ တချို့က သတ်မှတ်ပေးထား တဲ့ နေရာမှာ မ၀ယ်ဘူး။ တချို့ကျတော့ အနားနီးမှ သိလို့ မှောင်ခိုဈေးကွက်မှာ ၀ယ်တယ်။ ဒီတော့ အတုတွေ မိတယ်။ အတုမိရင် ပရိသတ်ဘက်က စိတ် အနှောင့်အယှက်ဖြစ်ရသလို၊ ပွဲစီစဉ်သူတွေ ဘက်ကလည်း စိတ်ညစ် ရတယ်”ဟု အထက်ပါ ပွဲစီစဉ်သူ က ဆိုသည်။

ပြင်ပပေါက်ဈေးနှုန်းအတိုင်း ပေးပြီး ၀ယ်ယူနေရသော်လည်း လူကြည့်များသည့် ပွဲမျိုးတွင် လက်မှတ် အတုအစစ် မခွဲခြားတတ် သောကြောင့် အတုများဝယ်မိတတ်ကြောင်း လူငယ် ပရိသတ်တဦးက ပြောသည်။

“မျှော်စင်ကျွန်းမှာလုပ်ခဲ့တဲ့ အဆိုတော် အဲလက်စ်နဲ့ Woodstock ပွဲ လက်မှတ်ကြိုမ၀ယ်ထားမိလို့ ပွဲလုပ်မယ့် နေရာနား ရောက် တော့မှ လာရောင်းတဲ့ သူတွေဆီက ၀ယ်လိုက်တယ်။ အားလုံးပေါင်း ကျနော်တို့ သူငယ်ချင်း ၁၀ ယောက်လောက် ရှိတယ်။ ဟိုရောက်တော့ လူတွေ ကအရမ်းများနေပြီ။ ၄ ယောက်လောက်က အထဲ ရောက်သွားတယ်။ ကျန်တဲ့ ၆ ယောက်က အပြင်မှာ ကျန်ခဲ့တယ် စစ်တော့ လက်မှတ်က အတုကြီးဖြစ်နေတယ်တဲ့ ကျနော်တို့တန်ရာတန်ကြေးပေးပြီး ၀င်တာပဲ။ ဒီလို စစ်တာ မခံ ချင် ဘူး။ ပျော်ချင်လို့ လာကြည့်ပါတယ်ဆို အတုမိပြီးမ၀င်ရဘူး”ဟု ထိုလူငယ်က ပြောပြသည်။

Bo Bo Entertainment မှ စီစဉ် ပြုလုပ်မည့် Hip Hop ပွဲကို လာမည့် အောက်တိုဘာ၂၃ ရက် သီတင်းကျွတ် လပြည့်နေ့ ယုဇန ဂါးဒင်းတွင် ကျင်းပမည်ဟု သိရသည်။

လက်မှတ်အတုများ ထွက်ပေါ်မလာစေရန် ရောင်ပြန် ဟိုလိုဂရမ် ကပ်ခြင်း၊ ဘားကုတ်ထည့်ခြင်း၊ UV(ခရမ်းလွန်ရောင်ခြည်) အလင်းဖြင့် စစ်ဆေးခြင်း စသည့်နည်းလမ်းများ အသုံးပြုစီစဉ်ရန် ကြိုးစားထားသော်လည်း အားနည်းချက်များ ရှိနေသော ကြောင့် လက်မှတ်အတုများ ထွက်ပေါ်မူကို ထိန်းချုပ်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ကြံ့ဖွံ့နှင့် တစည မဲရုံကိုယ်စားလှယ် နေ့စားနှင့်ခေါ်

ခိုင်သွယ် Thursday, September 30, ဧရာဝတီ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီ တို့သည် ရွေးကောက်ပွဲ နေ့အတွက် မဲရုံကိုယ်စားလှယ်များ ထားရှိရန် အခကြေးငွေ ပေး၍ ခေါ်ယူ လျက်ရှိကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မဲရုံများတွင် ကိုယ်စားလှယ် အဖြစ် ထားရှိရန် တဦးလျှင် ထမင်းကျွေးပြီး နေ့တွက်ခ ကျပ် ၇၀၀၀ ၊ တစညပါတီက ထမင်းကျွေးပြီး နေ့တွက်ခ ကျပ် ၅၀၀၀ နှုန်းဖြင့် အသီးသီး ခေါ်ယူလျက် ရှိကြောင်း သတင်းရရှိသည်။

“ကြံ့ဖွံ့ပါတီနဲ့ တစည ပါတီကတော့ ကျနော်တို့ ရပ်ကွက် တွေထဲမှာ အပြိုင် အဆိုင်ကို ခေါ်နေကြတာပဲ။ လူတွေက ကြံ့ဖွံ့ပါတီ ဆိုရင်တော့ အန္တရာယ် မရှိနိုင်ဘူးပေါ့။ ပိုက်ဆံလည်း ပိုရမယ်ပေါ့။ အဲဒီလို ဖြစ်နေတယ်”ဟု အင်းစိန် မြို့နယ်တွင် နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောသည်။

ပါတီအများစုသည် ငွေကြေး အခက်အခဲနှင့် လူထု၏ အကြောက် တရားများကြောင့် မဲရုံကိုယ်စားလှယ် အဖြစ် လုပ်ပေးမည့် သူများ ရှာဖွေရန် ခက်ခဲနေချိန်တွင် အဆိုပါ အင်အားကြီး ပါတီနှစ်ခုက ငွေအင်အားသုံး၍ ခေါ်ယူနေခြင်း ဖြစ်ကြောင်း နိုင်ငံရေး ပါတီများထံမှ သိရှိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက “ပါတီရဲ့ မဲရုံကိုယ်စားလှယ် လုပ်ပေးမယ့် သူက ရှိပါတယ်။ အားလုံး အပြည့်ထားနိုင်ဖို့တော့ ခက်နေတယ်။ လူတွေက ကြောက်ကြတယ်၊၊ နောက်တချက်က ဘတ်ဂျက် အရလည်း ကျမတို့က မဲရုံကိုယ်စားလှယ် တယောက်ကို ဘယ်လောက်ဆိုပြီး ပေးနိုင်မှာ မဟုတ်ဘူး”ဟု ပြောသည်။

နိုင်ငံရေးပါတီ တချို့အတွက် မဲရုံကိုယ်စားလှယ်လောင်းများအဖြစ် အခမဲ့လုပ်ပေးမည့်သူများ ရှိသော်လည်း ကြံ့ဖွံ့ပါတီဝင်များ ကို စိုးရွံ့နေကြကြောင်း ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်ကလည်း ဆိုသည်။

“လူတွေက ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့နဲ့ ပြဿနာဖြစ်မှာ စိုးရိမ်ကြတယ်။ ကျနော်တို့ကတော့ စပြီး စုဆောင်းနေပြီ။ ရသလောက် တော့ ထားမှာပါ။ အားလုံး အပြည့်အစုံထားနိုင်ဖို့ကတော့ မပြောနိုင်သေးပါဘူး”ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ရွေးကောက်ပွဲဝင်မည့် ပါတီပေါင်း ၃၇ ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် ၀င်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း နိုင်ငံရေးပါတီအများစုမှာ အကြောင်းကြောင်းကြောင့် မဲရုံကိုယ်စားလှယ် ထားနိုင်ကြမည် မဟုတ်ဘဲ ကြံ့ဖွံ့ပါတီ နှင့် တစညပါတီတို့ကသာ မဲရုံကိုယ်စားလှယ် လိုသလောက်ထားနိုင်မည့် အနေအထားမျိုးဖြစ်ကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီက မဲရုံကိုယ်စားလှယ်လောင်းတင်မကဘူး၊ သူတို့ပါတီဝင်တွေကိုတော့ စက်တင်ဘာလ ၂၀ ရက်နေ့စပြီး ပါတီရုံး လာတဲ့သူတွေကို တနေ့ ကျပ် ၂၀၀၀ နှုန်းနဲ့ စပေးနေပြီ။ ပြီးတော့ မဲရုံနဲ့ပတ်သက်တဲ့ သင်တန်းလည်း စပေးနေပြီ”ဟု မရမ်းကုန်း မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ စည်းရုံးရေးတာဝန်ခံ ဦးသာဝင်းက ၄င်းတို့ပါတီအနေဖြင့် မဲရုံကိုယ်စားလှယ် ထားရှိရန်အတွက် စီစဉ် ပြီးဖြစ်ကြောင်း၊ စားရေးသောက်ရေးအတွက်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

တို့မြန်မာတွေ ပျော်ကြသည့် ဘ၀ထဲမှ သုတရသများ

ကေအက်စ် Thursday, September 30, ဧရာဝတီ ဆောင်းပါး

စင်ကာပူနိုင်ငံ စာပေ မြတ်နိုးသူများက ဦးဆောင် ကျင်းပသည့် ဒုတိယအကြိမ် စာပေ ဟောပြောပွဲ အတွက် လက်မှတ် စောင်ရေ ၁၂၀၀ က ပွဲမကျင်းပမီ ရက်အတန်ကြာ ကတည်းက ရောင်းကုန်သွားပြီ ဆိုသည့် သတင်းကြားရသည်။ စောစောစီးစီး တင်ကြို လက်မှတ် ဝယ်ထားမိ သောကြောင့် တက်ရောက်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက် တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီခန့်တွင် China Town ရှိ Kreta Ayer ခန်းမအနီး တ၀ိုက်ဝယ် ဟောပြောပွဲလာ မြန်မာ ပရိသတ်များဖြင့် စည်ကားလျက် ရှိသည်။ ဟောပြောမည့် ဆရာများဖြစ်သည့် လယ်တွင်းသား စောချစ်၊ မောင်စိန်ဝင်း (ပုတီးကုန်း) နှင့် ကာတွန်း အော်ပီကျယ်တို့က ရေးသား ထုတ်ဝေခဲ့သော စာအုပ်များကို လက်မှတ်ထိုး ရောင်းချပေးပါသည်။

ပထမအကြိမ် စာပေ ဟောပြောပွဲ ကျင်းပခဲ့သည့် ခန်းမထက် နှစ်ဆခန့် ကျယ်ဝန်းသော Kreta Ayer ခန်းမတွင် ပရိသတ်များက အပြည့်အလျှံ နေရာယူ ကြပြီးသော အခါ မြန်မာ ၀တ်စုံများကို သပ်ရပ် တင့်တယ်စွာ ၀တ်ဆင် ထားကြသည့် နီအန်းပိုလီ ကျောင်းမှ ကျောင်းသား ကျောင်းသူ ကလေးများက အခမ်းအနား အစီအစဉ်ကို ဖတ်ကြားကြသည်။

အခမ်းအနား တလျှောက်လုံးတွင် ကျောင်းသားကျောင်းသူကလေးများက ဆရာတို့၏ လက်ရာများအကြောင်း ဆွေးနွေးလေဟန် အပြန်အလှန်ပြောစကားများဖြင့် သွက်လက်ပေါ့ပါးစွာ တင်ဆက်သွားကြပုံမှာ တမူထူးခြားလှသည်။

စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် အတက်ကြွဆုံး စီစဉ်သူတဦးဖြစ်သည့် စင်ကာပူ သဇင် Success မဂ္ဂဇင်း အယ်ဒီတာ ဆရာကောင်းမြတ်နွယ်က ဆရာများ၏ အတ္ထုပ္ပတ္တိကို တဦးချင်းစီ၏ ဟောပြောမှုမတိုင်မီ ဖတ်ကြားပေးသည်။ အတ္ထုပ္ပတ္တိများကို မိတ်ဆက်တင်ပြနေစဉ် စင်မြင့်ပေါ်မှ ပရိုဂျက်တာပိတ်ကားဝယ် ဆရာတို့၏ဓာတ်ပုံများ၊ ထုတ်ဝေခဲ့သော စာအုပ်မျက်နှာဖုံးများ၊ ဆရာအော်ပီကျယ်၏ ကာတွန်းလက်ရာများ ကို ဗီဒီယိုဖြင့် ပြသပုံမှာလည်း မနှစ်ကထက် တိုးတက်ထူးခြားလာခြင်း ဖြစ်လေရာ အထူးစိတ်ဝင်စားဖွယ် ကောင်းလှသည်။

ပထမဆုံး အလှည့်ကျသူမှာ “ဘ၀မှစာ၊ စာမှဘ၀” ဟူသည့်ခေါင်းစဉ်ဖြင့် ဟောပြောမည့် ဆရာလယ်တွင်းသား စောချစ်ဖြစ်သည်။ ကျန်းမာရေး မကောင်းသည့်ကြားမှ လာရောက်ဟောပြောသည့် ဆရာလယ်တွင်းသားစောချစ်သည် ဖိတ်ကြားခံရသည့်အတွက်ရော၊ ဤမျှများပြားသည့် ပရိသတ်ကို တွေ့မြင်ရသည့်အတွက်ပါ ကြည်နူးဝမ်းမြောက်မိကြောင်း ပြောသည်။ သူ၏ စာပေဟောပြောပွဲ အတွေ့အကြုံတခု အကြောင်းကို အသောဖောက်ကာ ပြောကြားခြင်းဖြင့် ဟောပြောမှုကို စတင်မိတ်ဆက်သည်။

စာရေးဆရာများသည် ဘ၀ထဲက အတွေ့အကြုံများကို ကုန်ကြမ်းအဖြစ် အခြေပြုကာ မိမိကိုယ်တိုင် သိမြင်ခံစား နားလည်ခဲ့သည့် သိမှတ်စရာများကို အနုပညာ အတတ်ပညာဖြင့် ဖန်တီးပြီး စာဖတ်သူသို့ ဝေမျှပေးသည့် အကြောင်းကို ဆရာကိုယ်တိုင် လှတောရွာသားများထံမှ တွေ့ကြုံမှတ်သားခဲ့ရသော စကားများဖြင့် ဥပမာပေး၍ ပြောသွားသည်။

ဘ၀ထဲမှ စာများကို နာယူမှတ်သားရာတွင် မိမိထက် ငယ်ရွယ်သူများကိုလည်း အထင်သေး၍ မရကြောင်း “ချိုဆိမ့် အီပျစ်ခွေလဲ” ဟူသည့် ဆရာအီကြာကွေး၏ လက်ဖက်ရည်မှာဟန်အတိုင်း ဆရာလယ်တွင်းသားစောချစ်က မှာလိုက်သည်ကို လက်ဖက်ရည်ဆိုင်ဝန်ထမ်း ကလေးများက “ကျောက်ပန်းတောင်း ဂိတ်ဆုံး၊ တိုင်ဖက် ပက်လက်လန်၊ မြောင်းကြားထဲ ခေါင်းစိုက်” ဟူ၍ ဉာဏ်ရွှင်စွာဖြင့် ချဲ့ကား ဖြည့်စွက်ပြောပုံဖြင့် ရယ်ရွှင်ဖွယ် သာဓကအဖြစ် ပြောပြသည်။

ဆက်လက်ပြီး လူတဦး၏ အောင်မြင်တိုးတက်ရာ တိုးတက်ကြောင်းအတွက် “အောင်စိတ်” မွေးပြီး ညံ့စိတ်၊ ရှုံးစိတ်၊ ကျစိတ်တို့၏ မြစ်ဖျားခံရာ “သိမ်ငယ်စိတ်” ကို ပယ်ဖျောက်သင့်ကြောင်း၊ ဆရာ့ဘ၀ဇာတ်ကြောင်းမှတဆင့် သင်ခန်းစာ ယူနိုင်ရန် ပြောပြသည်။

“စာမှ ဘ၀” ဟူသော အခန်းကဏ္ဍ အနေဖြင့် စာပေများ ဖတ်ရှုသောအခါတွင် စာပါ အကြောင်းအရာ အတွေးအခေါ်များက ဘ၀တက်လမ်းကို လွှမ်းမိုးနိုင်ပုံကိုလည်း လူငယ်များ သင်ခန်းစာယူနိုင်ရန် ဆက်လက်ပြောပြခဲ့သည်။ ဆန္ဒကို ဓိပတိတင်၊ ၀ီရိယဖြင့် ရည်မှန်းချက်ကို ပြည့်အောင်ဖြည့်ကာ အစွန်းမရောက်ဘဲ ပျော်ရွှင်စွာနေထိုင်ကာ ဘ၀ပန်းတိုင်တံခါးများကို တချပ်ပြီး တချပ်ခေါက်ကာ အားထုတ်သင့်ကြောင်းကို ပြောပြသည်။

အောင်မြင်ခြင်းအပြင် ကျက်သရေတည်ရန် နောက်ထပ်အရေးကြီးသည်မှာ “စိတ်ကောင်းရှိပါ” ဟူသည့်အချက်ဖြစ်ကြောင်း၊ မိမိကိုယ်ကို နှိမ့်ချခြင်းသည် ပညာရှိဖြစ်ရုံမက ပညာရှိသူတော်ကောင်းအဖြစ်ကိုပါ ရောက်ရှိစေကြောင်း အသိပညာ ဝေမျှပေးသွားခဲ့သည်။

ဒုတိယမြောက် အလှည့်ကျသူမှာ “သုတရသစာပေ” ဟူသော ခေါင်းစဉ်ကို ဟောပြောမည့် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ဖြစ်သည်။ ဆရာက အဖွင့်နှုတ်ဆက်ကဗျာအဖြစ် လူငယ်များနှင့် ပတ်သက်သည့် “အရုဏ်ကြို” ဟူသည့် ကဗျာကလေးကို ရွတ်ပြသည်။

ဆက်လက်၍ ဆရာက သုတဆိုသည်မှာ ခေါင်းထဲသို့ ၀င်လာသော အရာဖြစ်ပြီး ရသဆိုသည်မှာ ရင်ထဲသို့ ၀င်လာသော အရာဖြစ်သည်ဟု ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်လိုက်သည်။ အချုပ်တန်းဆရာဖေ စပ်ဆိုခဲ့သော “ဖိုးတောင်သူ့ပွဲ” ဆိုသည့် ကဗျာကလေးမှာ ရသစာပေကောင်းတခုအဖြစ် ရင်ထဲစွဲငြိစေသကဲ့သို့ ချမ်းစီးသော ဆောင်းမနက်တွင် မီးလှုံရအောင် ကိုယ့်တဲကို ကိုယ်ဖျက်နေရသည့် အဖြစ်အပျက်မှာ လူတဦးတယောက်အဖြစ်မက တမြို့၊ တရွာ၊ တနိုင်ငံ၏ အဖြစ်တခုအဖြစ် ပိုမိုနက်ရှိုင်းစွာ ဆက်လက်တွေးတောနိုင်ကြောင်းနှင့် ရသစာပေကောင်းများသည် ကာလ၊ အချိန်၊ နေရာကို ဖြတ်ကျော်ကာ ဆီလျော်နေနိုင်ကြောင်းကို ဥပမာပြသွားခဲ့သည်။

စာရေးဆရာတို့သည် မိမိတို့ ဖြတ်သန်းနေရသော ခေတ်ကို ထင်ဟပ်သည့် ရသစာပေများကို ဝေဒနာခံစားချက်၊ စေတနာနှင့် အတတ်ပညာတို့ ပေါင်းစုကာ ဖန်တီးလေ့ရှိကြသည်ဟု ဆိုသည်။

ဆက်လက်၍ ရသကောင်းများပေးသည့် ၀တ္ထုများ အကြောင်းကို ပြောပြပြီး သုတဇာတ်လမ်းများကိုလည်း ဆရာက ဝေမျှပေးသည်။ လူ တဦးအတွက် အရေးအကြီးဆုံးမှာ ကိုယ်ကျင့်တရားနှင့် အမှန်တရားကိုမြတ်နိုးမှု ဖြစ်သည်ဟု ဗိုလ်ချုပ် အောင်ဆန်းက ပြောခဲ့ကြောင်း ဆရာကဆိုသည်။ ထိုအတွေးအခေါ်ကို ဘုရားဟော ဇာတ်တော်တခုတွင်လည်း မှတ်သားခဲ့ရပုံကို ဆက်လက်ပြောပြသည်။

ထို့နောက် ဆရာက အမှန်တရား၊ သူရဲကောင်းဆိုသည့် အဓိပ္ပာယ်၊ လူမသိသူမသိ ပေးဆပ်ခဲ့သော သူရဲကောင်းများ အကြောင်းကို ရှင်းလင်းပြောပြကာ “Two by Two” ဟုအမည်ရသော တရုတ်ဝတ္ထုတပုဒ်ကို ပြောပြသည်။ ဆက်လက်ပြီး “ပန်းတိုင်ရှိရာ” ကဗျာနှင့် “ငှက်တို့၏တေး” ကဗျာတို့ကို ရွတ်ဆိုကာ ဟောပြောမှုကို နိဂုံးချုပ်သွားခဲ့သည်။

ဆရာမောင်စိန်ဝင်း ဟောပြောပြီးသောအခါ ပရိသတ်များ ညနေစာသုံးဆောင်ရန် အားလပ်ချိန် လေးဆယ့်ငါးမိနစ် အနားပေးကာ ဟောပြောပွဲစီစဉ်သူများက ဒန်ပေါက် အအေးများဖြင့် ဧည့်ခံကျွေးမွေးသည်။ အခန်းအနားပြန်စသောအခါ စာပေမြတ်နိုးသူအဖွဲ့ဝင်တဦးက ပထမအကြိမ်စာပေဟောပြောပွဲမှ ရရှိလာသော အမြတ်အစွန်း ငွေကြေးများကို ဆရာဒဂုန်တာရာ၊ ဆရာနေသွေးနီနှင့် ဆရာနတ်နွတ်တို့အား လှူဒါန်းခဲ့ပုံကို နောက်ခံဗီဒီယိုနှင့်တကွ ရှင်းလင်း တင်ပြသည်။

ထို့နောက် ဆရာကောင်းမြတ်နွယ်က ဤဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးကြသူများကို ကျေးဇူးတင် စကား ပြောကြားသည်။ အတက်ကြွဆုံး ပါဝင်ကူညီသူ သဇင် Success မဂ္ဂဇင်း၊ သပြေနု ဆိုင်၊ အဓိက ပံ့ပိုးသူ Myanmar Airway International အပါအ၀င် တခြားပံ့ပိုးသူများဖြစ်သည့် Taj Restaurant ၊ Myanmar Club ၊ Future Foundation ၊ ဧရာဝတီစားသောက်ဆိုင်၊ ရဲရင့် ပစ္စည်းပို့ဆောင်ရေးနှင့် တခြားသော ကူညီသူများ၊ ဆိုင်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ အကြောင်းကို ပရိသတ်သိရှိစေရန် မိတ်ဆက်ပေးသည်။

“တို့ မြန်မာတွေပျော်ပါစေ” ခေါင်းစဉ်ဖြင့် နောက်ဆုံးဟောပြောမည့် ကာတွန်းဆရာ အော်ပီကျယ် အလှည့်တွင် ညနေ စောင်းနေပြီ ဖြစ်သော်လည်း ပရိသတ်မှာ ခန်းမအပြည့် ရှိနေကြတုန်းပင် ဖြစ်ပါသည်။ ဟားဗတ်တက္ကသိုလ်မှ ပြည်သူ့ အုပ်ချုပ်ရေးပညာ မဟာဘွဲ့ကို ရရှိထားပြီး ဆံပင်များ ဖွေးဖွေးလှုပ်နေသော ဆရာသည် ယနေ့အဖို့ ဟောပြောသည့် ဆရာများထဲတွင် အသက်အငယ်ဆုံးဖြစ်ပါသည်။

မြန်မာတွေဟာ သိပ်ပျော်ကြကြောင်း၊ မီးလာလျှင်လည်း တစ်ရပ်ကွက်လုံး ဟေးခနဲ အော်ကာ ပျော်ကြရ၊ နိုင်ငံအဆင့် ဘောလုံးကန်လျှင်လည်း တန်းမ၀င်သော အသင်းငယ်ကလေးတွေကို နိုင်လျှင် ပျော်ကြရနှင့် မြန်မာပြည်သူတွေ ဘ၀ဟာ ပျော်စရာကြီးပါဟု ဆရာက အရွှန်းဖောက်သည်။

ဆရာ စင်ကာပူကို စာပေဟောပြောပွဲ မလာခင် ခရီးသွားနေခိုက် ဆယ်တန်းအောင်ထားသော ဆရာ့သား အငယ် ကားပေါ်မှ ပြုတ်ကျသဖြင့် ခြေနှစ်ဘက်လုံး ထိခိုက်သွားသည့် အကြောင်းကို ပြောပြသည်။ ဆက်လက်ပြီး ဘတ်စ်ကား စပယ်ယာများနှင့် ပတ်သက်၍ ကာတွန်းဆရာကြီး ဦးဘဂျမ်းရေးသားခဲ့သော ကာတွန်းတစ်ပုဒ် အကြောင်း ပြောပြသည်။ ဦးဘဂျမ်းရေးခဲ့သော ကာတွန်းများသည် ခေတ်မီနေတုန်းဟု လူအများပြောလေ့ရှိကြသည့် မှတ်ချက်နှင့်ပတ်သက်၍ ဆရာက ဦးဘဂျမ်းသည် ခေတ်ကို ပြုပြင်စေချင်၍ ကာတွန်းဆွဲကာ ထောက်ပြသွားခဲ့သော်လည်း ခေတ်က မပြောင်းလဲ သေးသဖြင့် ကာတွန်းများမှာ ယနေ့ထက်တိုင် ဆက်လက်ခေတ်မီနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ဆရာရေးသားခဲ့သည့် ကာတွန်း အများအပြားမှ ကာတွန်းတချို့ကို စင်မြင့်ပေါ်မှ ပရိုဂျက်တာပိတ်ကားပေါ်တွင် ပြသသွားခဲ့သည်။ မြန်မာပြည်တွင် သုံးစွဲနေရသော Voltage Regulator ၊ transformer ၊ Inverter ၊ AC DC စသည်တို့ကို နိုင်ငံခြားသားက မသိသဖြင့် မြန်မာတဦးက လှောင်ပြောင်သရော်နေဟန် ကာတွန်းပြကွက်၊ လူလေးကြီးရင် ဘာလုပ်မယ် မေမေမေးရင်ကွယ်ဟု မိခင်က မေးလိုက်ရာ ကလေးက နိုင်ငံခြားသား လုပ်မယ် ဟုဖြေပုံ စသည့် ထိမိသည့် ကာတွန်း များကို ပရိသတ်က သဘောကျ ရယ်မောကြသည်။

ဆရာအော်ပီကျယ်က မြန်မာများ ပျော်ကြသည် ဆိုရာဝယ် အကြောက်တရားကင်းသော တကယ့်ပျော်ရွှင်မှု ဟုတ်ရဲ့လား ဟု စဉ်းစားသင့်ကြောင်းကိုလည်း တွေးတောဖွယ် မေးခွန်းထုတ်ခဲ့သည်။

ဆက်လက်ပြီး ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့နှင့် ပတ်သက်၍ ဆရာရေးသားခဲ့သော ကာတွန်းများအကြောင်းကို ပြောပြသည်။ အခြေအနေအရ ကာတွန်းရေးရသည်မှာ ဘောလုံးပွဲတွင် ပင်နယ်တီ ကန်သကဲ့သို့ တည့်တည့် ကန်နိုင်သော အနေအထား မရှိကြောင်း၊ ထောင့်ကန်ဘော ကန်တင်ပေးရသည်နှင့် တူကြောင်း၊ တဘက်အသင်း၏ နောက်တန်းလူခြေထောက်ထဲလည်း ရောက်မသွားရန်၊ ဂိုးသွင်းနိုင်သော အနေအထားလည်း ဖြစ်ရန် ကန်တင်ပေးလိုက်သောအခါ ရယ်မောစရာဟာသကို သဘောပေါက် တွေ့ရှိသွားကြသည်မှာ စာဖတ် သူများက ခေါင်းတိုက် သွင်းလိုက်၍သာ ဖြစ်ပါကြောင်း ဥပမာပေးပြောပြသည်။

စာများက နှလုံးသားတံခါးကို ဖွင့်ပေးနိုင်ရုံသာ တတ်နိုင်ကြောင်း၊ လက်တွေ့အလုပ်လုပ်ကြဖို့ လိုကြောင်း ကိုလည်း ဆရာက ပြောသည်။

“မြန်မာနိုင်ငံသားများကသာ မြန်မာနိုင်ငံအတွက် အပြောင်းအလဲကို ဆောင်ကျဉ်းပေးနိုင်မယ်” ဟု ဆရာက ဆိုသည်။ အမြင့်တနေရာကို ရောက်နေသူများက ပေါ့ပေါ့ပါးပါး အိတ်တလုံးကို အထက်မှ ဆွဲတင်ပေးလျှင် လွယ်ကူနိုင်သော်လည်း ကြီးမားလေးလံသော အရာဆိုပါက အောက်မှ ပခုံးဖြင့်ထမ်းတင်ပေးရန် လိုအပ်ပါကြောင်း ဆရာက ထောက်ပြသည်။

ပညာ အပင်ကို မိမိ တိုင်းပြည်တွင် မစိုက်ပျိုးနိုင်သရွေ့ မြန်မာပြည်အနေနှင့် အောင်မြင်လာမည် မဟုတ်ကြောင်းကို ပြောပြီး စင်ကာပူရောက် မြန်မာများသည် တချိန်ချိန်တွင် မြန်မာပြည်သို့ ပြန်လာကာ မိမိတို့ သက်ဆိုင်ရာ အရည်အချင်း အလျောက် အုတ်တချပ်၊ သဲတပွင့် ကျရာကဏ္ဍမှ ပါဝင်လာမည်ဟု မျှော်လင့်ကြောင်း ပြောသွားခဲ့သည်။

ည ကိုးနာရီခွဲခန့် ဖြစ်လာသော်လည်း ပရိသတ်မှာ လှုပ်လှုပ်ရွရွမဖြစ်၊ ထပြန်ခြင်း မရှိကြဘဲ ဆရာအော်ပီကျယ် ဟောပြော ပြီးဆုံး နိဂုံးချုပ်သည်အထိ အာရုံစူးစိုက်ကာ အားပေးကြသည်။

ဤကဲ့သို့ ပြည်ပရောက်မြန်မာများအတွက် ရယ်မောပျော်ရွှင်စရာများ၊ ဗဟုသုတ အတွေးအမြင်များ၊ ရသစုံများ ဝေေ၀ဆာဆာဖြင့် စိတ်အာဟာရကို ဖြည့်စွမ်းပေးသည့် စာပေဟောပြောပွဲများ အကြိမ်ပေါင်းများစွာ အောင်အောင်မြင်မြင် ကျင်းပနိုင်စေကြောင်းနှင့် ပြည်သူချစ်သော စာရေးဆရာများ အနုပညာရှင်များလည်း အသက်ရှည်ကျန်းမာ ပျော်ရွှင်စွာ လာရောက်ဟောပြောနိုင်ကြစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။

သူရဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု ခံယူပြီး

မြတ်ခိုင်ဦး / ၃၀ စက်တင်ဘာ ၂၀၁၀ ခေတ်ပြိုင်

သွေးကြောများပေါ်နေသော သူရဦးတင်ဦး၏ ဘယ်ဘက်မျက်စိအား ယနေ့နေ့လယ် စင်ကာပူစံတော်ချိန် (၃) နာရီတွင် Tan Tock Seng ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ်ကုသပြီးစီးခဲ့ကြောင်း သိရသည်။

ခွဲစိတ်ခန်းအတွင်းမှ ထွက်လာသော သူရဦးတင်ဦး၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ သားဖြစ်သူ ဦးသန့်စင်ဦးက “ဟုတ်ကဲ့အခုပဲ ပြီးတာပါ၊ ကျန်းကျန်းမာမာပါပဲ။ ထွက်လာတော့ မေးပါတယ်၊ ဘယ်လောက်ကြာသွားလဲပေါ့။ ဒီလောက်ပါပဲ” ဟု ဆိုသည်။

ဦးတင်ဦးသည် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် စင်ကာပူတွင် (၄-၅) ရက်ခန့် ကြာဦးမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးသည် မျက်စိတွင် တိမ်စွဲခြင်း၊ သွေးကြောများ ပေါ်လာခြင်းတို့အတွက် လိုအပ်သော ခွဲစိတ်ကုသမှုများပြုလုပ်ရန် အင်္ဂါနေ့က စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဦးတင်ဦးနှင့်အတူ ဇနီးသည် ဒေါက်တာဒေါ်တင်မိုးဝေလည်း လိုက်ပါလာပြီး ဂျပန်နိုင်ငံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ) မှ သားဖြစ်သူ ဦးသန့်စင်ဦးနှင့် ဇနီးလည်း စင်ကာပူသို့ ယမန်နေ့က ရောက်ရှိခဲ့သည်။ သားအဖ (၂) ဦး ကွဲကွာနေရသည်မှာ (၁၈) နှစ်ရှိပြီဟု သိရသည်။

ယမန်နေ့ နံနက်ပိုင်းက လိုအပ်သောဆေးစစ်မှုများ ခံယူပြီးနောက် ယနေ့ ခွဲစိတ်ကုသမှု ခံယူခြင်းဖြစ်သည်။

ဆေးရုံတွင် ခွဲစိတ်ကုသရေးအတွက် လိုအပ်သောအကူအညီများ ပေးနေသည့် ဒေသခံတဦးဖြစ်သူ ကိုခင်အောင်က “အခုဆေးရုံမှာ ခွဲစိတ်တာ မျက်စိအထူးကုဆရာဝန်တွေက ခွဲစိတ်ပေးနေတာပါ။ ဒီဆေးရုံကလည်း တော်တော်လေးကို ဂရုစိုက်ပါတယ်။ VIP လိုမျိုးပါပဲ” ဟု ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပန်းလှိုင်ဆေးရုံမှ ဆရာဝန်ဆရာမများလည်း လိုက်ပါလာကြသည်ဟု သိရသည်။

ဦးတင်ဦး၏ ကျန်ရှိသော တိမ်စွဲနေသည့် ညာဘက်မျက်စိကိုမူ နောင်နှစ်မှသာ ခွဲစိတ်ကုသမှု ခံယူမည်ဟု သိရသည်။

သူရဦးတင်ဦးသည် မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးအဖြစ် တပ်မတော်သားများ၏ ချစ်ခင်လေးစားမှုကို ခံယူရသော တပ်ချုပ်တဦးအဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားသည်။ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆိုမှုမှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ခိုင်ခိုင်မတ်မတ် ရပ်တည်ခဲ့ကာ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ဦးလည်မသုန် ဆက်လက် ထမ်းဆောင်နေသူတဦး ဖြစ်သည်။

စစ်ဗိုလ်ချုပ်တို့၏ချစ်သမီးများ သို့မဟုတ် ကြယ်စင်ညီအစ်မများ

မိုင်အကယ်ဒမီစိန်

စက်တင်ဘာ ၃၀၊ ၂၀၁၀ မိုးမခ

ကိုရီးယားကားများ မဆိုးဘူးခင်ဗျ။ စစ်အစိုးရကို တဖက်လှည့်နဲ့ ရိုက်ပြထားသလား မှတ်တယ်။ ပြည်သူတွေ မပြောရဲ မဆိုရဲတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အိမ်တွင်းရေးတွေကို အိတ်သွန်ဖာမှောက် ရိုက်ထားတဲ့ ကိုရီးယားကားတကား အခုပြနေပြန်ပါပြီ။

စစ်အရာရှိတစ်ဦးရဲ့ သမီးတော် လေးယောက်ရဲ့ အကြောင်းပါတဲ့ ခင်ဗျား။ အကြီးဆုံးသမီး၊ သမီးလတ် အမွှာနှစ်ယောက်၊ (အကြီးစစ်သမီးက မွေးစားသမီး ထင်ပါရဲ့) အမွှာသမီးငယ်နဲ့ အထွေးဆုံးသမီးတော်တို့ရဲ့ အဖြစ်တွေပါ။ စုစုပေါင်း သမီး ၄ ယောက် မှာ အလတ် အမွှာအကြီးမကို မွေးစားသမီးလို့ ပရိသတ်တွေက ထင်ကြေးပေးထားကြပါတယ်။ ဒီတော့ သမီးအရင်း ၃ ယောက်ပေါ့ ခင်ဗျ။

အဖေကြီး စစ်သားဟောင်းကြီးက သူ့ရဲ့ သမီးတော်များကို ညဆယ်နာရီမှာ လူစစ်တယ် ခင်ဗျ။ ညဆယ်နာရီမှာ သမီးမိန်းခလေးများ အိမ်ပြန်ရောက်ရမည့်အချိန်လို့ ဆိုပါတယ်။ အကြီးမ အိမ်ထောင်သည်ကတော့ သည်အထဲ မပါဘူးပေါ့ခင်ဗျာ။ ဟော … ဆယ်နာရီလည်း လူစစ်တာပြီးရော၊ အမွှာထဲက အငယ်သမီး နတ်စ်မက အိမ်က ခိုးထွက်ပြီး ပိုက်ဆံရတဲ့အလုပ်တွေ လုပ်ပြပါတယ်။ အဲဒီအလုပ်တွေကိုတော့ နားမလည်ဘူး ခင်ဗျ။

နားလည်သလောက်ပြောရင် ယောင်္ကျားလေးများနဲ့ အဖော်လုပ်ပြီး ထိုင်ပေးရ၊ အရက်သောက်ပေးရ၊ ’က’ ပေးရ ဆိုပါတယ်။ အဖေစစ်သားကြီးရဲ့ စည်းကမ်းကလနား အောက်မှာ နေ နေတဲ့သမီးများ ဆိုပါတော့။

ဟော … အကြီး အိမ်ထောင်သည်မကတော့ ခင်ပွန်းသည်အလစ်မှာ နောက်ယောက်ျားတစ်ယောက်နဲ့ ဖောက်လွဲ ဖောက်ပြန် နေတာမျိုးကို ပြပါတယ်။ ခင်ပွန်းသည်ကလည်း အရက်သောက် မူးပြီး တွဲနေတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပဲ သူလည်း အပြိုင်ကြဲတယ်ပေါ့ခင်ဗျာ။

အငယ်ဆုံးကလေးကတော့ မိဘများရဲ့ အသည်းစွဲကလေးပေါ့။ ဆရာဆိုတဲ့သူနဲ့ အိမ်မှာ ကျူရှင် သင်ခိုင်းထားပါတယ်။ ဒီလိုနဲ့ စာသင်နေတာ မဟုတ်ဘဲ ရည်းစားစကား ပြောနည်းများ သင်ပေးကာ မိဘများရှေ့ ကျောင်းစာကောက်ကိုင်၊ အဖေကြီးဝင်လာရင် ဟန်ဆောင်ပြပါတယ်။ ဟော … သည်လိုနဲ့ အသက် ၂၀ ဆိုတဲ့ အဲသည်ကောင်မလေးက ကိုယ်ဝန်ရှိလာပြန်ပါရော။ စာလည်းမသင်၊ ဆရာ ဆရာ နဲ့ အဲသည်လို အမှားများ ကျူးလွန်နေတဲ့ အငယ်ဆုံးလေးအပေါ် မျှော်လင့်ချက်ကြီးနဲ့ စစ်သားကြီး သိသွားရင် ဘယ်လိုများ ခံစားကြမလဲခင်ဗျ။

ပြောရရင်တော့ တော်တော် အခြေအနေ ဆိုးပါတယ်။ အဖေလုပ်သူက စစ်သားဟောင်းကြီးပါ။ စစ်စည်းကမ်းအတိုင်း သမီးများကို ကြပ်ကြပ်မတ်မတ် ထိန်းသိမ်း ရှာပါတယ်။ မွေးစားသမီးလို့ ယူဆရတဲ့အမွှာအကြီးမကတော့ စစ်သမီး လုပ်ပါတယ်။ သူ့စကား နားထောင်တာဆိုလို့ ဒီသမီးပဲ ရှိပါတယ်။ ဒီတော့ အားလုံးခြုံ ရရင် ဒီဇာတ်လမ်းက မပြီးသေးပါဘူး။ အခုမှ စပြရုံသာ ရှိပါတယ်။ သမီးတွေ ပျက်စီးနေလိုက်တာ မြင်မကောင်းပါဘူး။ ရုပ်ရှင်မို့လို့သာ တော်တော့တယ် လို့ ဆိုသော်လည်း ဒီအခန်းတွေကို ရယ်စရာလိုလို ရိုက်ပြထားတာတော့ နားမလည်ဘူးခင်ဗျ။ အားကျအောင်လား ခင်ဗျာ။

ဥပမာ - မိဘကို ညာတာ၊ အိမ်က ခိုးထွက်တာ၊ ပိုက်ဆံရှာ ပြတာ၊ ယောက်ျားတွေနဲ့ နိုက်ကလပ်မှာ တွဲကပြတာတွေ စုံလို့ ပါပဲ။ အဲဒီထဲ ရယ်စရာစကား တခွန်းကတော့ မင်းသမီးက အိမ် ည ဆယ်နာရီ အရောက်ပြန်ဖို့ ဖင်တကြွကြွ ဖြစ်နေလို့ ဇာတ်လိုက်မင်းသားကနေပြီး “သြော် … သိပ် သနားစရာ ကောင်းတာပဲ။ အဖေလုပ်တဲ့သူက စည်းကမ်းကြီးလိုက်တာ …” လို့ ပြောတဲ့ အခန်းပါပဲ။ သူ မသိတာက ဆယ်နာရီ အိမ်တံခါးပိတ်ရင် ခိုးထွက်ပြီး နိုက်ကလပ် သွားမှာကိုပါ။ နောက်ပြီးတော့လည်း အငြိမ်းစားဖြစ်ဟန်တူသော စစ်သားကြီးက အလုပ်မရှိသဖြင့် အလုပ်လိုက်ရှာရပုံ၊ နောက်ဆုံး ညစောင့် အလုပ်ရခဲ့ပုံများကလည်း ဘယ်လို သင်ခန်းစာယူရမှာ လိုလို။ ပရိသတ်ကတော့ ရယ်ရမလိုလို၊ ငိုရမလိုလိုပါ။ ကြည့်လို့ တော့ ကောင်းပါတယ်။ အော် … (အဲဒီ ဇာတ်ကားထဲက) စစ်သားကြီးတွေရဲ့ သားသမီးများ ဒီလိုပါလားလို့ မျက်စိထဲ ကွင်းကွင်း ကွက်ကွက် မြင်မိကြောင်းပါ။

စစ်အစိုးရရဲ့ နေ့တစ်နေ့ဖြစ်တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ က “အာရုံဦးမှာဖူးသည့်ကြာ” ကို မကြည့်မနေရ မြန်မာ့ရုပ်မြင်သံကြားမှာ ပြည်သူတွေကို (ရိုက်ပြီး) ပြလိုက်ပါတယ်။ ဒါ ပထမဦးဆုံး ကြည့်မိတာပါ။ ရှိရှိသမျှ မြန်မာပြည်မှာ ထင်ပေါ်ကျော်ကြားနေတဲ့ ရုပ်ရှင်သရုပ်ဆောင်များစွာကို ဘုန်းပေါလအော သုံးကာ ရိုက်ပြထားပါတယ်။

ဒီအနုပညာသည်တွေအတွက် ပြည်သူတွေက ထမင်းရှင်လား၊ စစ်အစိုးရက ထမင်းရှင်လား ဆိုတာကို ပြသ လိုက်တဲ့ ကားတစ်ကားအဖြစ် မြင်မိကြောင်းပါ။ ပြည်သူတွေလည်း စိတ်မကောင်းပါဘူး။ ကိုယ်ချစ်ရတဲ့ အနုပညာသည်တွေ သည်လိုဖြစ်သွားတာ စိတ်ထဲပါလို့လား တကယ်မပါလား ဆိုတာတော့ မသိကြောင်းပါ။ ဖြစ်နိုင်ရင် သူတို့အနေနဲ့ တကယ် သိမှီလိုက်တဲ့ ပုဂ္ဂိုလ်ကြီးများကို မေးမြန်းပြီး လက်ခံသင့်ပါတယ်။

သို့သော်လည်းပေါ့လေ … ယခုခေတ် စစ်အစိုးရကျင့်သုံးနေတဲ့ မူဝါဒဖြစ်တဲ့ “ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက် …” ဆိုတဲ့ ၀ါဒအတိုင်း ပြည်သူအော့နှလုံးနာသော စစ်ဗိုလ်နောက်လိုက် အနုပညာသည်များ အဖြစ်ကနေ နောက်တော့လည်း မေ့သွားပြီး သူတို့ ကို ပြန် အားပေးကြမှာပါလို့ ထင်နေရင်တော့ မတတ်နိုင်ဘူးပေါ့ခင်ဗျာ။ မိုင်အကယ်ဒမီတော့ နာရီဝက်ထက် ပိုပြီး မကြည့်နိုင်ခဲ့ပါဘူး။ နောက် ဘာဖြစ်သလဲဆိုတာ သိချင်လောက်အောင်လည်း ဇာတ်လမ်းက ဆွဲဆောင်မှု မရှိပါဘူး။ သမိုင်းလုပ်ဇာတ်အမှားများကို ပါးစပ် ပြောပြောပြီး အတင်းပြောသလို ပြောကာ လူတွေကို ရိုက်သွင်းနေပါတယ်။

ပြောချင်တာ နောက်တခုကတော့ နောင်အနာဂတ်မှာ အဲသည်စစ်သားဟောင်းကြီးတွေနဲ့ သူတို့မိသားစုတွေ၊ အပေါင်းအပါတွေအကြောင်းကို နောက်ပေါက်တဲ့ အနုပညာသည်တွေနဲ့ အထက်ပါ ကိုရီးယားကားလို ရိုက်ကြမယ် ဆိုရင်လည်း မိုင်အကယ်ဒမီစိန်တို့ ပရိသတ်ကြီးကလည်း ငိုလိုက် ရယ်လိုက်နဲ့ ကြည့်ပစ်လိုက်ဦးမှာပါပဲ။ ။

ဖိအားမှန်သမျှကို သုံးဖို့ လိုပါတယ်

ဝေနှင်းပွင့်သုန်

စက်တင်ဘာ ၃ဝ၊ ၂ဝ၁ဝ မိုးမခ

စက်တင်ဘာ ၂၇ ရက်နေ့က ဗြိတိန် လေဘာပါတီ ညီလာခံတွင် ပြောကြားသည့် Burma Campaign UK မှ မဝေနှင်းပွင့်သုန်၏ မိန့်ခွန်း မြန်မာဘာသာပြန်။

သူ၏ ဖခင် ကိုမြအေး သည် တခြားသော ၈၈ မျိုးဆက် ခေါင်းဆောင်များနည်းတူ ထောင်ဒဏ်အနှစ် ၆ဝ ကျော် ကျခံနေရသည်။

ဖေဖေ့ကို ကျမ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားက တဆင့် တွေ့ရတဲ့ ထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျမက ၄ နှစ်ပဲ ရှိပါသေးတယ်။ ဖေဖေက ၁၉၈၈ ခုနှစ် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင် လှုပ်ရှားခဲ့တာကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခု နောက်ထပ် တခါ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ ၂ဝဝ၇ ခုနှစ် အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်ခွဲ ကျခံနေရပါတယ်။ ဖေဖေက ကျန်းမာရေး မကောင်းပါဘူး။ နှလုံးရောဂါ ရှိပါတယ်။ ဒါပေမဲ့ သူ ဆက်လက် အသက်ရှင်ဖို့ အတွက် လိုနေတဲ့ ဆေးဝါးကုသခွင့် မရပါဘူး။ ဒါပေမဲ့ ကျမ ဖေဖေဟာ မြန်မာပြည်က နိုင်ငံရေး အကျဉ်းသား ၂၂ဝဝ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ အကျဉ်းသားတွေ အများအပြား နှိပ်စက်ခံနေရပါတယ်။ သူတို့ဟာ ဆိုးရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သင့်တော်တဲ့ ဆေးကုသခွင့်တောင် မရကြပါဘူး။

ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေး အကျဉ်းသား ဦးရေ ၂ ဆ နီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်ကြီးတွေ ကမ္ဘာကိုပြောနေတာကတော့ ဒီမိုကရေစီ ပြန်လည် တည်ဆောက်နေတာပါ တဲ့။ နိုဝင်ဘာမှာ သူတို့ ရွေးကောက်ပွဲ လုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမယ့် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ် ဆက်ပြီး တည်မြဲဖို့ အတွက် ပုံဖော်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ အရပ်ဝတ် လဲလိုက်တဲ့ အပြောင်းအလဲပါ။ ဘာမှ ကွာခြားမသွားတဲ့ အာဏာရှင် တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ကျမတို့ ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျမတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက် ရှိနေဦးမှာပါပဲ။

မြန်မာပြည်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတော့ ကျမတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်ပြီး အကျဉ်းကျနေပါတယ်။ သူ့ရဲ့ ပါတီကလည်း ဖျက်သိမ်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ပြောတဲ့ ဘယ်သူ မဆို အကျဉ်းချ ခံရပါတယ်။ ဟာသ လုပ်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတာပါ။ မီဒီယာ ဆင်ဆာကလည်း များသထက် များလာနေပါတယ်။

မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသား လူနည်းစု ဒေသတွေမှာ အရပ်သားတွေကို ဝင်ပြီး တိုက်ခိုက်တာတွေ ဆက်ပြီး ရှိနေတုန်းပါ။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေ မီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေး ငယ်ငယ်လေးတွေပါ မကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို ပြီးခဲ့တဲ့ လတွေအတွင်း Burma Campaign UK က လက်ခံ ရရှိထားတဲ့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း ကျေးရွာပေါင်း ၃၅ဝဝ ထက်မက ဖျက်ဆီး ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်တွေက ကျမတို့ နိုင်ငံအတွက် ဒီမိုကရေစီ ဖော်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ အာဏာကို ဘယ်တော့မှ သူ့အလိုလို စွန့်လွှတ်မှာ မဟုတ်တဲ့၊ လူမဆန်တဲ့၊ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။

လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျမက ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။ လူကြီးမင်းတို့ အနေနဲ့ ဒီထက် ပိုပြီး အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက် ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် ဥရောပ သမဂ္ဂက ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့ဖို့၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းချမှု ပိတ်ပင်ဖို့ တို့အတွက် ဖိအားပေး လုပ်ဆောင်ပေးပါ။ ကျမတို့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှိုက် လှဲလှဲ ထောက်ခံအားပေးမှုအတွက် လေဘာအစိုးရ ဝန်ကြီးချုပ်ဟောင်း Mr Gordon Brown, နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr David Miliband တို့ကို အထူးကို ကျေးဇူးတင်ကြောင်း ကျမ ပြောကြားပါတယ် (လက်ခုပ်သံများ)။ ဒီအတွက် ကျမတို့ တကယ်ပဲ ဝမ်းမြောက်ရပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ကုလသမဂ္ဂကိုတော့ ဒီလို မပြောနိုင်ပါဘူး။ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း ပြောကြားချက်တွေ မကြာခဏ ကြားရပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ကတိမတည်ပါဘူး။ ဒီလိုပါပဲ UN ကလည်း အခြေအနေ အပြောင်းအလဲကို “စောင့်ကြည့်ရအောင်” လို့ ထပ်ခါတလဲလဲ ပြောခဲ့တာပါပဲ။

သူတို့ စောင့်ကြည့်နေတုန်း နိုင်ငံရေး အကျဉ်းသားတွေက ထောင်ထဲမှာ သေနေကြပြီ။

သူတို့ စောင့်ကြည့်နေတုန်း အမျိုးသမီးတွေ မုဒိမ်းကျင့်ခံနေရပြီ။

သူတို့ စောင့်ကြည့်နေတုန်း နောက်ထပ် ရွာတွေ မီးရှို့ခံနေရပြီ။

မျိုးဆက် တခုပြီးတခု ကလေးတွေက ဆင်းရဲမွဲတေမှုတွေ၊ အကြောက်တရားတွေနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ရဲ့ ကလေးဘဝ ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြား အစိုးရတွေက ဒါကို လစ်လျူရှုပြီး ဘာမှ လုပ်မပေးနိုင်ဘဲ နေမြဲတိုင်း နေနေကြတယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။

ဗိုလ်ချုပ်ကြီးတွေက ဖိအားကို ခံနိုင်ရည်ရှိသူတွေတော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ဖိအား မပေးနိုင်သေးလို့ပါ။ နိုင်ငံတကာ ဖိအား ဆက်ပြီး ရှိနေဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တို့နဲ့ ဆွေးနွေးရေး ဖြစ်လာအောင် ဖိအားမှန်သမျှကို သုံးဖို့ လိုပါတယ်။ ပိုမိုပြင်းထန်တဲ့၊ ပစ်မှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ်ဆောင်ရွက်ရေး အောက်မှာ ကျမတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်က မြန်မာပြည်ကို သွားပြီး စစ်အုပ်စုရဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။

ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျမအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအဝင် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက် ကင်းမဲ့သလောက် နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျမ သိနေတယ်။ ကျမတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျမတို့ ဒီအတွက် လူကြီးမင်းတို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ လူကြီးမင်းတို့ဟာ တောင်အာဖရိကကို အကူအညီပေး ခဲ့ပါတယ်။ ထို့အတူပဲ ကျမတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီ ပေးကြပါ။ ကျေးဇူးတင်ပါတယ်။

(အထက်ပါ မိန့်ခွန်းကို ဘာသာပြန်သူ မငယ်နိုင်၏ ဘလော့ http://nge-naing.blogspot.com/2010/09/blog-post_6237.html တွင်လည်း ဖတ်ရှုနိုင်သည်။

အင်္ဂလိပ်ဘာသာဖြင့် ပြောကြားသော မူရင်း မိန့်ခွန်းကို http://www.youtube.com/watch?v=_-By1Gigf_0 တွင် ကြည့်ရှု နားဆင်နိုင်သည်။)

ကွန်ကရစ်ရွာ သံမဏိတံခါးကြားမှ မျက်ရည်မှတ်တမ်းများ

အာဏာရှင်ရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ပုံ

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)

စက်တင်ဘာ ၃၀၊ ၂၀၁၀ မိုးမခ

ပန်းတိုင်ရောက်ခါနီးမှ ခြေချော်လဲတာမျိုး ခရီးတခု ပြီးဆုံးခါနီးမှ ချောက်ထဲကျတာမျိုး ဥပမာတွေပေးရမယ် ထင်တယ်။ ဦးဇင်းပြောချင်တဲ့ လူတယောက်အကြောင်းကလည်း ခရီးရှည်ကြီးရဲ့ နောက်ဆုံးခြေတလှမ်းစာ အလိုမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းပါ။ သူ့နာမည်က ဦးဇင်းတို့အခေါ် ဘရှိန်။ အမည်ရင်းက ဦးရှိန်တင်။

အဘကို ၁၉၉၄ ခု နှစ်ဆန်းပိုင်းမှာ စ သိခဲ့တယ်။ မှတ်မိနေတာက အဘတို့ အမှုတွဲတွေ နာမည်က ကဗျာဆရာ ကြည်တင်ဦး (စာရေးဆရာ သခင်မြသန်းသား) စည်သူမြသန်း အဘရဲ့သားမက် ညီညီ ကျွန်းပြန် ဦးသိန်းထွန်းတို့ ဖြစ်တယ်။ အဘက ပြည်သူ့တိုးတက်ရေးပါတီက ဖြစ်တယ်။ အဘတို့နဲ့ အစပိုင်းဆုံတွေ့မှုက တခဏတာလေးပါ။ အဘတို့ကိုထားပြီး သာယာဝတီထောင်ကို ပြောင်းပြီးတဲ့နောက်မှာ အဘတို့က သီးသန့်ထောင်မှာ ကျန်နေခဲ့တယ်။ ကျန်နေခဲ့ပေမယ့်လို့ အဘတို့ရဲ့ သတင်းစကားတချို့ကတော့ နောက်ထပ် ထောင်ပြောင်းလာသူတွေကတဆင့် ကြားသိနေရတယ်။ ထူးထူးခြားခြား ကြားသိရတဲ့ သတင်းကတော့ သီးသန့်ထောင်မှာ အကြီးအကျယ်ဖြစ်ခဲ့ကြတဲ့ ယိုးဒယားများနဲ့ မြန်မာ (နိုင်ငံရေးသမား) များနဲ့ဖြစ်ကြတဲ့ ရန်ပွဲပါပဲ။ ဒီရန်ပွဲအကြောင်းကို အင်းစိန်က ရောက်လာသူတွေက တဆင့် တမျိုးပြီးတမျိုး ကြားနေရတယ်။ အကြီးအကျယ် ဒဏ်ရာရပြီး ဆေးရုံမှာ တင်လိုက်ရသူတွေလည်း ရှိတယ်။ အဲဒီအထဲမှာ ဦးဇင်း အမှုတွဲ နှစ်ယောက်ဖြစ်တဲ့ ဦးစန္ဒောဘာသ (ဦးဇင်း ကျော်ကျော်) ရဲရဲတောက် ကိုသိန်းအောင်နဲ့ အဘတို့ နာမည်တွေက အင်းစိန်ထောင်ကိုကျော်ပြီး ဦးဇင်းတို့ သာယာဝတီထောင်အထိ ရောက်လာတယ်။ ဒီလိုပဲ ထောင် ထပ်ပြောင်းလာသူတွေကတဆင့် ကျန်ခဲ့သူတွေရဲ့ သတင်းစကားက တနိုင်ငံလုံးရှိ ထောင်တွေကို ပြန့်နှံ့နေတာပါပဲ။

သာယာဝတီထောင်ကနေ ဆေးကုဖို့ အင်းစိန်ကိုပြောင်း ဆေးကုပြီး အင်းစိန်ကနေ တောင်ငူထောင် ပို့လိုက်တော့ ငါးနှစ်ကြာ ကွဲကွာနေကြရတဲ့ မိတ်ဆွေဟောင်းတွေနဲ့ တချို့နဲ့ ပြန်တွေ့တယ်။ အဲဒီတုန်းက အဘက တောင်ငူထောင် ၂ တိုက်၊ ဦးဇင်းက တောင်ငူထောင် ၄ တိုက်မှာပါ။ အင်မတန် သဘောကောင်းတဲ့ ထောင်ပိုင်ကြီး ဦးငွေစံ လက်ထက်ပေါ့။ တနေရာနဲ့ တနေရာ လွတ်လွတ်လပ်လပ် သွားနေရတယ်။ အဲဒီတော့ မိတ်ဆွေဟောင်းဖြစ်ခဲ့တဲ့ အဘနဲ့ အမြဲတမ်းဆုံတွေ့ ဖြစ်နေတော့တယ်။ အဘက ထောင်ဝင်စာ ကျဲသူပါ။ အဘကို ထောင်ဝင်စာလာတွေ့တဲ့ သမီးခများလည်း ယောက်ျားဆီ ပြေးရ၊ ဖအေ့ဆီ ပြေးလာရနဲ့ ဖတ်ဖတ်ကို မောနေတယ်။ နှစ်ယောက်ဝန် ထမ်းနေရသူမို့ သာမန်လူတွေလို ပုံမှန်ထက် ရက်တွေကြာမှ လာတွေ့နိုင်တာ။ ဒါပေမယ့် အဘ အခက်အခဲမရှိဘူး။ ထောင်ထဲ နေထိုင်နည်းကို ကျေကျေညက်ညက် ကြီး သဘောပေါက်ထားသူပါ။ ကိုယ့်ရဲဘော်တွေက အဘကို ဝိုင်းဝန်းကူညီကြပါတယ်။ တခုထူးခြားတာက အဘကို လူငယ်တွေက ချစ်ကြတာပါပဲ။ မမှန်ဘူးထင်ရင် သူ့လူကိုယ့်လူ မခွဲခြားဘဲ ပြောဆိုတတ်တဲ့ အကျင့်တခုကလည်း လူငယ်တွေ လေးစားတဲ့အထဲမှာ ပါလိမ့်မယ်။ လူငယ်တွေက သူ့ကို ချစ်စနိုးနဲ့ နောက်ပြောင်တဲ့အခါ အပြုံးမပျက် တုံ့ပြန်တတ်မှုက အဘကို လူချစ်လူခင် ပိုများစေတယ်။ ထောင်ဝင်စာ မှန်တဲ့သူတွေက ထောင်ဝင်စာကျဲသူ အဘတို့လိုလူမျိုးတွေဆီ စားစရာ မုန့်ပဲသရေစာနဲ့ အမဲကြော်၊ ငါးကြော်၊ ငါးပိကြော် စတာတွေကို နိုင်သမျှ မျှဝေတယ်။ ဒီအခါမှာ အဘရဲ့ ထောင်တွင်းနေထိုင်မှု အတတ်ပညာကို တွေ့လိုက်ရတာပါပဲ။ အဘက တောင်ယာ အမြဲစိုက်တယ်။ သူနေထိုင်တဲ့တိုက်တင်မက အခြားတိုက်တွေက ရဲဘော်တွေကိုပါ မျှဝေနိုင်တယ်။ အသီးအနှံစားချင်ရင် အဘကို ပြောလိုက်တာနဲ့ သူ့တောင်ယာထွက် သီးနှံတခုခုကတော့ ရစမြဲပဲ။

အဘရှိန်က သူ့ထံ ရဲဘော်တွေ မျှဝေထားတဲ့ ငါးပိကြော်၊ ငါးခြောက်ကြော်တွေကို တောင်ယာထွက် သီးနှံတွေနဲ့ ပွားများထားခြင်းပဲ။ အဲဒီတော့ အဘဆီမှာ ဟင်းက မပျက်ဘူး။ ငါးပဲကြော်ကို ဖိုကြီးက ပုံစံ ငါးပိနဲ့ ထပ်ရောလိုက်တော့ စားမရတဲ့ ပုံစံငါးပိကလည်း စားပျော်တဲ့ ငါးပိကြော်တခွက်ဖြစ်သွားတယ်။ မူလ ငါးပိကြော်ထက် လေး၊ ငါးဆ ကွာသွားတယ်။ ငါးခြောက်ကြော် စတာတွေကိုလည်း တောင်ယာထွက် ချဉ်ပေါင်ရွက်မျိုးနဲ့ ပြန်ရောကြော်ပြီး ပွားထားတယ်။ ငါးခြောက်ကြော် တယောက်စာဟာ အခန်းနေသူ သုံးယောက်အတွက် တလစာ ဟင်းတခွက်ဖြစ်သွားတယ်။ ထောင်ဝင်စာ လာတဲ့သူတွေကသာ ဟင်းကုန် သွားမယ်။ ထောင်ဝင်စာမလာတဲ့ ဘရှိန်ဆီမှာ ဟင်းမပြတ်ဘူး။ ထောင်ဝင်စာလာတဲ့သူတွေကိုတောင် သူက ဟင်းတွေ ပြန်မျှရသေးတယ်။ ၂၀၀၃ မှာ အဘနဲ့အတူနေဖို့ ကြုံလာတယ်။ လွတ်လူတွေ တော်တော်လေးများလာတော့ တိုက်တွေမှာ လူတွေနည်းသွားတယ်။ အဲဒီမှာ နှစ်တိုက်တတိုက် ပေါင်းတယ်။ အဘတို့ တိုက်က လူတွေအကုန်လုံး ဦးဇင်းတို့ တိုက်မှာ လာပေါင်းကြတယ်။ အခု အန်အယ်လ်ဒီက အန်ကယ်လ် ဦးအုန်းကြိုင်တို့က အဘရှိန်တို့နဲ့အတူ ဦးဇင်းတို့ တိုက်ကိုပါလာကြတာပေါ့။ အဘဦးရှိန်တင်က ဦးဇင်းနဲ့ တခန်းတည်းနေရတယ်။ ဒီတော့မှ အဘနဲ့ အနီးကပ်နေရတာပါ။ ယုံကြည်ရာ အရ သူနဲ့ကိုယ် ဘယ်လိုမှ သဘောမတူနိုင်ပေမယ့် အဘနဲ့ နေလို့ရပါတယ်။

ဦးဇင်းတို့ ဘာသာရေးမှာ ပြဿနာတရပ်ကို ဆန္ဒရယ် ဒေါသရယ် ဘယာရယ် မောဟရယ်ထဲက တခုခုနဲ့ ချည်းကပ်အဖြေထုတ်မိလျှင် အဖြေမှန်မရနိုင်ဘူးဆိုတဲ့ သင်ကြားထားမှု တခုရှိတယ်။ ယနေ့ထိ လည်း မှန်နေတုန်းပဲ။ မြန်မာနိုင်ငံရေးလောကထဲမှာ တချို့လူတွေက ပါတီစွဲ ဝါဒစွဲ ပြင်းထန်ကြတယ်။ အဲဒီအခါကျရင် လေးပါးထဲက တခုခုနဲ့ ဆုံးဖြတ်မိတော့တာပါပဲ။ အဘနဲ့ သဘောမတူတာတွေ များစွာကို ပြောဖြစ်ကြတယ်။ သူကတော့ သူ့ပါတီရဲ့အမြင်ကနေ ပြောတာချည်းပဲ။

အဘမှာ မကြာခဏ ဗိုက်အောင့်တတ်တဲ့ ရောဂါရှိတယ်။ ဗိုက်အောင့်တယ်လို့ ပြောတိုင်းလည်း ဆရာဝန်နဲ့ ဆေးမှူးက ဂျဲလမက် ဆိုဒါမင့် စတဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ဆေးတွေ အဘကို ပေးတယ်။ အဘက သူ့ဗိုက်ကို ပရုပ်ဆီ လိမ်း အဝတ်နဲ့ပတ်လိုက်မှ သက်သာတယ်လို့ ယုံတယ်။ ဒါ့ကြောင့် ထောင်ဝင်စာမှာပါတဲ့ ပရုတ်ဆီ စတာတွေကို အဘ အတွက် သီးသန့်ထားပေးရတယ်။ ဒါကတော့ တလ တကြိမ်လောက် ခံစားနေရတဲ့ ရောဂါပါ။ တခါတလေ နာရီပိုင်းနဲ့ ပျောက်သွားတယ်။ ဒီတော့လည်း သူက သိပ်အလေးမထားဘူး။ သူ့ရောဂါက ပရုပ်ဆီနဲ့တင်ပျောက်တယ်လို့ သူက စွဲမှတ်ထားတာကို။ ၂၀၀၃ နှစ်ကုန် ၂၀၀၄ နှစ်ဆန်းလောက်မှာ အဘ ဗိုက်အောင့်တာ ရက်စိပ်လာတယ်။ တခါတခါ ဖြစ်ရင် နာရီပိုင်း အချိန်ပိုင်းနဲ့ မပျောက်တော့ဘူး။ သက်သာသွားလည်း ခဏပဲ။ ဆရာဝန်ကတော့ အစာအိမ်ဆေးတွေပဲ ပေးတယ်။ တနေ့မှာ ၅ ည တွေနဲ့ အင်မတန်ရင်းနှီးတဲ့ ဆေးမှူးတယောက်ရှိတယ်။ သူ့ နာမည်က အော်လန်ဒို တဲ့။ ဆေးရုံက ရောဂါသည်တိုင်းကို သူက အင်မတန် ဂရုစိုက်တယ်။ နိုင်ငံရေးသမားတွေကို လည်း လေးစားတယ်။ သူ့ကို သေသေချာချာတိုင်ပင်ပြီး ဗိုက်အောင့်တာကို စမ်းခိုင်းတယ်။ သူက ဆရာဝန် ညွှန်ကြားလို့သာ အစာအိမ်ဆေးတွေ ပေးနေရပေမယ့် ရောဂါမသက်သာလာတာကို မူတည်ပြီး ဆေးရုံ တက်ခိုင်းတယ်။ ဒါနဲ့ အဘ ဆေးရုံပေါ်ရောက်သွားတယ်။ ဆေးရုံပေါ်ရောက်လို့ တရက် နှစ်ရက်မှာပဲ အဘ ခြေထောက်တွေ ဗိုက်တွေ ဖောရောင်လာတယ်လို့ သတင်းစကား ကြားရတယ်။ အဘ မသက်သာဘူးတဲ့။ ဒီတော့မှ အဘရောဂါကို အစာအိမ်မဟုတ်ဘူး။ အသည်းရောဂါလို့ ဆရာဝန်ကပြောင်းပြီး နာမည်တပ် တော့တယ်။ နှစ်ရှည်လများ အစာအိမ်ရောဂါထင်ပြီး ပေးခဲ့တဲ့ဆေးတွေဟာ ခုလို အသည်းအသန်ဖြစ်မှ ဆရာဝန်လည်း မှားမှန်းသိတယ်။ အဘဗိုက်ကရေတွေကို စုတ်ထုတ်ရမယ်။ အဘလွတ်ဖို့ကလည်း လပိုင်းပဲ လိုတော့တယ်။ ကျန်းကျန်းမာမာနဲ့ အပြင်လောကကို ပြန်ရောက်သွားစေချင်ကြတယ်။ ဆေးရုံမှာ အမြဲဆေးရုံတက်နေရတဲ့ နိုင်ငံရေးသမားတချို့ ရှိတယ်။ ပြင်းထန်တဲ့ သူတို့ရဲ့ ရောဂါတွေကြောင့် ကျပ်တည်းကျဉ်းမြောင်းတဲ့ တိုက်ခန်းထဲကိုပြန်မပို့ဘဲ ဆေးရုံမှာပဲ ထားရသူတွေပေါ့။ သူတို့ကတော့ ပြင်းထန်တဲ့ ASTHMA ရောဂါသည် ဆရာဦးဌေးလှိုင်ရယ် အရိုးကြီးပေါင်းတက်ရောဂါကြောင့် တိုက်မှာ ထားလို့မရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုမြတ်စံရယ် ရှိနေရာက အဘအတွက် ကံကောင်းတယ်။ အဘကို အပြင်ဆေးရုံတက်ခွင့်ရအောင် သူတို့တွေက ဝိုင်းတိုက်တွန်းကြ ထောင်ကိုပြောကြဆိုတော့ တာဝန်ကျတဲ့ ထောက်လှမ်းရေးလည်း အပြေးအလွှားရောက်လာတယ်။ အဘကို သူတို့ အပြင်ဆေးရုံ တင်ပေးလိုက်တယ်။

ရက်ပိုင်းမှာပဲ အဘပြန်ရောက်လာတယ်။ ရောဂါသက်သာလို့တော့ မဟုတ်ဘူး။ လုံခြုံရေးစိတ်မချ လို့ ဆိုပြီး ပြန်သွင်းလာတာ။ တခုကံကောင်းတာက အဘ ဆေးရုံထွက်ထွက်ချင်းမှာ အိမ်ကသိအောင် အဘရဲဘော်တွေက သူ့သမီးဆီကို သတင်းပို့လိုက်တယ်။ အပြင်မှာ သမီးရဲ့ အနီးကပ်ပြုစုမှုကို အဘ ခံလိုက်ရတယ်။ ဒါ သူ့အတွက်တော့ ကောင်းတာလေးတခုလို့ ဆိုရမယ်။ ဒါပေမယ့် ရက်ပိုင်းလေးပဲ ပြုစုခွင့် ရလိုက်တာပါ။ ထောင်ထဲပြန်ရောက်လာတော့လည်း ရောဂါက မသက်သာပါဘူး။ ထောက်လှမ်းရေးက အကြိမ်ကြိမ်လာကြည့်တယ်။ မယုံသင်္ကာမျက်စေ့နဲ့ပေါ့။ ထောင်ရော ဆေးဆရာဝန်ကရော အပြင် ဆေးရုံမှာကုရန် အဆိုတင်ပြပေမယ့် ထောက်လှမ်းရေးကခွင့်မပြုလို့ အဘ နောက်တကြိမ် အပြင်ရောက်ဖို့ အခက်ခဲဖြစ်တယ်။ တော်တော်ကြီး အသည်းအသန် ဖြစ်လာတယ်။ လွတ်ရက်နီးနေလို့ အဘကို ကျန်းမာစေချင်ကြတယ်။ ဖြစ်နိုင်ရင် နည်းနည်းလေးကျန်တော့တဲ့ရက်ကို လျှော့ပေးလိုက်ပြီး လွှတ်မယ် ဆိုရင် လွှတ်ပေးလို့ရတယ်။ (ဒါက ထောက်လှမ်းရေးတွေ ထောင်ထဲပြန်ဝင်လာတော့ သူတို့ပြောစကားအရ သိရတာဖြစ်တယ်) ငါတို့ စေတနာ မရှိရင် သေပါစေကွာ ဆိုတဲ့ စိတ်ယုတ်မာကြောင့် အဘ မလွတ်ခဲ့တာ ဖြစ်တယ်။ တော်တော်ကြီးမကျန်းမာဘဲ အိပ်ရာထဲ မထနိုင်တဲ့ အနေအထားမှာ ထောင်ထဲမှာ တခုခုဖြစ်ရင် သူတို့ဂရုမစိုက်လို့ဆိုတဲ့ ပြောဆိုဝေဖန် အပြစ်တင်စကားကလွတ်ရုံလေး အဘကို အပြင်ဆေးရုံကို ထွက်ခွင့်ပေးလိုက်တယ်။ အဘသမီးကို ချက်ချင်းသိအောင် လုပ်ရတာပေါ့။ အဘသမီး အဘကို အသက်မီရုံလေးရောက်လာတယ်။ အဘ ဘာမှမသိတော့ဘူး။ ပထမတည သူ့အချစ်ဆုံးသမီး သူ့အနားမှာ ရှိနေတယ်ဆိုတာ အဘ တကယ်ရော သိသွားရဲ့လား မသိဘူး။ မေ့မြောသလိုဖြစ်နေတယ်။ တခါတခါမှ သတိရလာတတ်တယ်။ သတိရတယ်ဆိုတာတောင် သမီးအနားမှာရှိနေတာသိရဲ့လားဆိုတာ တန်ခိုးရှင်မှ ပြောနိုင်မယ်။ နောက်တနေ့မှာ အဘ ဆုံးတယ်။ သူ့သမီးရဲ့ လက်ပေါ်မှာပဲ ဆုံးရှာတာပါ။ ထောင်က လွတ်ဖို့ရက် တလတိတိ အလိုမှာ အဘဆုံးတာပါ။ နှစ်ရှည်ထောင်ဒဏ်တွေကိုကျခံပြီး လွတ်ဖို့ရက် အနီးကပ်လေးမှာမှ အဘ ဆုံးတာပါ။

တကယ်လို့ ဟိုး …. အရင်ရက်တွေက ဗိုက်အောင့်တယ်ဆိုကတည်းက ရောဂါအမှန်ကိုသိခဲ့ရင် ဒါမှမဟုတ် သာမန်အကျဉ်းသားတွေလိုပဲ အကျဉ်းသားတိုင်း ရပိုင်ခွင့်ဖြစ်တဲ့ လျှော့ရက်ကို ရမယ်ဆိုရင် သူချစ်တဲ့ သားသမီး မြေးတွေနဲ့ တပျော်တပါးကြီး ဆုံတွေ့ခွင့်ရမှာပါ။ ခုတော့ … … … … ။

ကာတွန်း စောငို - တပွဲတလမ်း စမ်းချင်သေးတယ်

စက်တင်ဘာ ၃၀၊ ၂၀၁၀ မိုးမခ

ပြည်သူ့ဂုဏ်ရည် ဆန်ဖရန်မိသားစု လာမည့်စနေ စာပေဟောပြောပွဲ သွား အားပေးကြမည်

မိုးမခအထောက်တော် ၀၀၂

စက်တင်ဘာ ၃၀၊ ၂၀၁၀ မိုးမခ

လာမယ့် စနေနေ့၊ အောက်တိုဘာ ၂ ရက်၊ ညနေ ၅ နာရီက ၁၀ နာရီအထိ ကျင်းပမည့် ဆန်ဖရန်ဘေးဧရိယာ မြန်မာစာပေဟောပြောပွဲ (Los Cerritos Community Center, 3377 Alder Avenue (Cross Street Fremont Blvd), Fremont, CA 94536 - Speakers, Dinner, Classical Music Performance and Children Poem Recitation)) မှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာက ပြည်သူ့ဂုဏ်ရည်မိသားစုများက တက်ရောက် အားပေးကြမည့်အပြင် ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုတွေ မြန်မာအသိုင်းအ၀န်းအတွင်း ပိုမို သိရှိကျယ်ပြန့်စေဖို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပြည်သူ့ဂုဏ်ရည်တီရှပ်များ ရောင်းချပြီး ရန်ပုံငွေ ရှာဖွေခြင်းတို့ ပြုလုပ်ကြမယ် ဖြစ်ပါတယ်။

ယခင် စက်တင်ဘာ ၂၅ က အယ်လ်အေ ပြည်သူ့ဂုဏ်ရည်မိသားစုများရဲ့ လှုပ်ရှားမှုဖြစ်တဲ့ ဂီတဆည်းဆာနဲ့ ရသာစုံညချမ်း မိတ်ဆုံပွဲကလည်း အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ရန်ပုံငွေ ဒေါ်လာ ၂၆၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

လာမယ့် အောက်တိုဘာ ၃၀ မှာ နီဗားဒါးပြည်နယ်၊ လပ်စ်ဗေးဂတ်စ်က ပြည်သူ့ဂုဏ်ရည်မိသားစုများကလည်း ရန်ပုံငွေနဲ့ မိတ်ဆုံပွဲအဖြစ် - ဂီတဆည်းဆာနဲ့ ရသာစုံညချမ်း မိတ်ဆုံပွဲတော်ကို ကျင်းပကြဖို့ ပြင်ဆင်နေတယ်လို့လဲ သိရှိရပါတယ်။

၂၀၁၁ မေလထဲမှာ ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားပြုလုပ်ဖို့ စီစဉ်နေကြပြီး၊ နေရာကတော့ ဆန်ဖရန်ဘေးဧရိယာမှာ လို့ သိရပါတယ်။

မြန်မာပြည်တွင်းက စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများ စွမ်းဆောင်လုပ်ကိုင်သူများကို ဂုဏ်ယူဖွယ်ရာ မြန်မာများအဖြစ် ထုတ်ဖော်မှတ်တမ်းတင်ခြင်း၊ ၎င်းတို့အထဲမှာ ပြည်သူ့ဂုဏ်ရည် မိသားစုများက ဆန်ကာတင်စာရင်း ထုတ်ပြန်ပြီး အများပြည်သူရဲ့ ဆန္ဒမဲနဲ့ ပုဂ္ဂိုလ် တဦး သို့မဟုတ် အဖွဲ့တဖွဲ့ကို နှစ်စဉ် အခမ်းအနားဖြင့်ဂုဏ်ပြုချီးမြှင့်ခြင်းတို့ကို ၂၀၁၀ နှစ်ဆန်းက စတင်ခဲ့ပါတယ်။ ပြည်ပရောက် မြန်မာများကနေပြီး ပြည်တွင်းက ကိုယ်ကျိုးစွန့် စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများကို ပထမဦးဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ခဲ့ရာမှာ နာရေးကူညီမှုအသင်း- ရန်ကုန်က ကိုကျော်သူ ၂၀၁၀ ဧပြီလက လက်ခံရရှိပြီး ဖြစ်ပါတယ်။

ယခုအချိန်မှာ အမေရိကန်ပြည်ထောင်စုအတွင်းက မြို့နယ်ပေါင်း ၁၅ မြို့နယ်က မြန်မာမိသားစုတွေ ၀ိုင်းဝန်းစည်းရုံးဆောင်ရွက်နေပြီး လုပ်အားပေးများ၊ စေတနာရှင်များ၊ ၀ိုင်းဝန်း ကူညီအားပေးမည့်သူများ၊ လမ်းညွှန်ဦးဆောင်ပေးမည့်သူ၊ နောက်လိုက် အကောင်အထည်ပေးမယ့်သူတွေ လိုအပ်လျက်ရှိတယ်။ ဆက်လက် တိုးချဲ့ လက်တွဲကြဖို့ ဖိတ်ခေါ် ကြိုဆိုလျက် ရှိတယ်လို့ သိရပါတယ်။ http://www.citizenofburma.org မှာ ဂုဏ်ယူဖွယ်ရာ မြန်မာများ စာရင်းကို ၀ိုင်းပြီး သွင်းပေးကြဖို့ ဖိတ်ခေါ် ကြိုဆိုလျက် ရှိပါတယ်။

နယ်ခြားစောင့်တပ်စုတစု ဒီကေဘီအေ တပ်မဟာ (၅) ထံ ဘက်ပြောင်းလာ

ကြာသပတေးနေ့၊ စက်တင်ဘာလ 30 ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်စုတစု ဒီကေဘီအေ တပ်မဟာ (၅) ထံသို့ ပြီးခဲ့သည့် အပတ်က ဘက်ပြောင်းရောက်ရှိလာသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

တပ်စုမှူး စောအောင်ထူး ဦးဆောင်သည့် နယ်ခြားစောင့်တပ် တပ်ရင်း (၁၀၂၂) မှ တပ်ဖွဲ့ဝင် ၈ ဦးသည် ဘုရားသုံးဆူ အခြေစိုက် ဗိုလ်ကြီး စောအေ၀မ်း ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ (၅) အထူးတပ်ခွဲထံသို့ လက်နက်ခဲယမ်း အပြည့်အစုံနှင့် လာရောက် ပူးပေါင်းခြင်း ဖြစ်သည်ဟု ဒီကေဘီအေ တပ်မဟာ (၅)မှ တပ်မှူးတဦးက ပြောသည်။

သူက “အရင်တုန်းက ကျနော်တို့ တပ်ခွဲတခွဲတည်း အတူနေတဲ့ လူတွေပဲ။ သူတို့တွေ နယ်ခြားစောင့်တပ် လက်ခံခဲ့ပြီး ဆက်မလုပ်ချင်တဲ့ အတွက်ကြောင့် အခုလို ကျနော်တို့ဆီကို ပြန်လာပူးးပေါင်းတာ ဖြစ်တယ်။ လက်နက် အပြည့်အစုံနဲ့ပဲ ပြန်လာကြတယ်” ဟု ကေအိုင်စီ ကို ပြောသည်။

ဘက်ပြောင်းလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ ဆက်သွယ်ရေး ဧရိယာ ပြင်ပသို့ ရောက်ရှိနေသည့်အတွက် ဆက်သွယ်၍ မရသော်လည်း ၎င်းတို့နှင့်အတူ M-79 ၁ လက်၊ M-16 ၁ လက်၊ AK ၆ လက်၊ 9MM ၁ လက်နှင့် ခဲယမ်းမီးကျောက်တချို့ ပါရှိသည်ဟု အဆိုပါ ဒီကေဘီအေ တပ်မှူးက ဆက်ပြောသည်။

အလားတူ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်ဖွဲ့ရန် အကြိမ်ကြိမ် ဖိအားပေးခြင်းခံရသည့် ဗိုလ်မှူးချုပ် စောထင်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင်တချို့သည်လည်း ဒီကေဘီအေ တပ်မဟာ (၅) ထံသို့ ဘက်ပြောင်းလာရန် ရှိသည်ဟုလည်း ဒီကေဘီအေ အသိုင်းအ၀ိုင်းက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းတွင် သုမုဟဲ ဦးစီးသော ဟောင်သရော ငြိမ်းချမ်းရေး အဖွဲ့မှ တပ်ရင်း ၁ ရင်း အပါအ၀င် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)မှ တပ်ရင်း ၁၂ ရင်း နယ်ခြားစောင့်တပ် ပြောင်းခဲ့သည်။

အဆိုပါ နယ်ခြားစောင့်တပ်မှ တပ်ဗိုလ်တပ်သားများသည် စက်တင်ဘာလ ၂၇ ရက်နေ့ စ၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၀ဲကလိ ကျေးရွာတွင် တပ်ရင်း ၇ ရင်းနှင့် သထုံမြို့နယ်တွင် တပ်ရင်း ၆ ရင်း အုပ်စုနှစ်စု ခွဲကာ စစ်သင်တန်း တက်ရောက်နေပြီ ဖြစ်သည်။

နယ်ခြားစောင့်တပ် ပြောင်းခဲ့သည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် နယ်ခြားစောင့်တပ် လက်မခံသည့် ဒီကေဘီအေ တပ်မဟာ (၅) ထံ ဘက်ပြောင်းလာပြီး ၎င်းတို့၏ လူဦးရေကို အတိအကျ မသိရှိရသော်လည်း ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)ထံ ဘက်ပြောင်း လာသူများမှ ၅၀ ဦးနီးပါး ရှိသည်ဟု ကေအဲန်ယူက ပြောသည်။

အပစ်ရပ် “၀”နှင့် နအဖတို့ စစ်ဖြစ်မည့် အနေအထားသို့ မရောက်သေး

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 29 သျှမ်းသံတော်ဆင့်သတင်း

နယ်ခြားစောင့်တပ် လက်မခံသော အပစ်ရပ် “၀” ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP နှင့် ၎င်းအဖွဲ့ ခေါင်းဆောင်များ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများအား ရွှေ့ပြောင်းအပ်နှံသည့် အရေးပေါ် အနေအထား မတွေ့ရသဖြင့် “၀”နှင့် နအဖတို့ လတ်တလော စစ်ဖြစ်မည့် အရိပ်အယောင် မတွေ့ရဟု လေ့လာသူများက ယူဆကြသည်။

လက်ရှိတွင် ပန်ဆန်းဋ္ဌာနချုပ် အပါအ၀င် “၀”နယ်မြေအတွင်း စစ်ရေး စီးပွားရေးနှင့် အခြားအခြေအနေများ ပုံမှန်ရှိနေသေးကြောင်း “၀”နှင့် နီးစပ်သူများက တစ်ညီတစ်ညွတ်တည်း ပြောဆိုကြသည်။

လွန်ခဲ့နှစ် သြဂုတ်လပိုင်းက ဖြစ်ပွားခဲ့သည့် နအဖနှင့် ကိုးကန့် တိုက်ပွဲကာလအတွင်း “၀”အဖွဲ့အတွင်း အခြေအနေနှင့် နှိုင်းယှဉ်၍ တရုတ်နယ်စပ်ရှိ “၀”နှင့် နီးစပ်သူ စီးပွားရေးသမား တစ်ဦးက ယခုလို ပြောသည်။

“စစ်ဖြစ်မဲ့ အရိပ်အယောင်တော့ သိပ်မမြင်ရသေးဘူး၊ “၀” အဖွဲ့နဲ့ သူတို့ ခေါင်းဆောင်တွေ ပိုင်တဲ့ ငွေတွေ တရုတ်ဘဏ်မှာ လာအပ်တာ ကားတွေ ဘာတွေ လာထားတာ မရှိသေးဘူး၊ မနှစ်က ကိုးကန့် တိုက်ပွဲ ကာလက ဒီလိုမဟုတ်ဘူးလေ၊ အပြေးအလွား ငွေတွေ အပ်ကြ ပစ္စည်းတွေ ရွှေ့ကြ။ အခု အဲလိုမရှိဘူး၊ သိရသလောက် ပုံမှန်ပါပဲ” ဟု သူက ဆိုသည်။

နအဖ၏ နယ်ခြားစောင့်ဖွဲ့စည်းရေး နောက်ဆုံး ရာဇသံကို “၀”တပ်ဖွဲ့က ငြင်းပယ်ပြီးနောက် နအဖနှင့် “၀”တပ်ဖွဲ့တို့ နှစ်ဘက် ဆက်ဆံရေး တင်းမာလာရာ “၀”တပ်ဘက်မှ စစ်ရေးအသင့်ပြင်ထားသည့်တိုင် ဒေသတွင်း ထူးခြားမှု မရှိကြောင်း စစ်ရေး/နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကလည်း ပြောသည်။

“စစ်ရေးအရ ၀ဘက်က အသင့်ပြင်ထားတဲ့ အနေအထားပါပဲ၊ လတ်တလောကတော့ ကားအသွားအလာ အ၀င်အထွက်နဲ့ စီးပွားရေး လုပ်ငန်းတွေက အစအားလုံးပုံမှန် ရှိပါတယ်” ဟု သူက ဆိုသည်။

သျှမ်းသံတော်ဆင့်က ရရှိသော သတင်းများအရ ဋ္ဌာနချုပ်ပန်ဆန်း၌ အရေးကြီး ပစ္စည်းများကို လွန်ခဲ့သည့်နှစ် ကိုးကန့် တိုက်ပွဲ ကာလ ကတည်းက ပြောင်းရွေ့ပြီး ဖြစ်ကြောင်း သိရသည်။

သို့သော် ယခုလဆန်း ၇ ရက် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည် ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးနှင့် တရုတ် ခေါင်းဆောင်များ တွေ့ဆုံပြီးနောက်ပိုင်း “၀”တပ်နှင့် နအဖတို့ ထိပ်တိုက်တွေ့မည့် အနေအထားမှ အချိန်အတိုင်းအတာ တစ်ခုသို့ ရွေ့လျားသည့် အနေအထား ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

နအဖ ဝန်ကြီးချုပ်က ဟန်ပြအတုအယောင် ဆေးရုံကို ဖွင့်လှစ်ပြ

နော်နိုရင်း ၃ဝ စက်တင်ဘာ - DVB

နအဖ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် လပွတ္တာမြို့နယ် မှာ ဖွင့်လှစ်ပေးသွားတဲ့ ဆေးရုံဟာ အတုအယောင်ပါလို့ ဆေးရုံနဲ့နီးစပ်သူ ဒေသခံ တွေက ပြောပါတယ်။

ဒီလ ၂၈ မှာ ဝန်ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့အဖွဲ့ဟာ ဧရာဝတီတိုင်း နာဂစ်မုန် တိုင်းဘေးသင့်ဒေသက ပြန်လည်ထူထောင်ရေးအခြေအနေတွေကို လှည့်လည်ကြည့် ရှုရာမှာ လပွတ္တာမြို့ကို သွားရောက်ပြီး သုံးမိုင်မြို့သစ် ခုတင် ၂ဝဝ ဆေးရုံကို သွား ရောက် ဖွင့်လှစ်ပေးတယ်လို့ စစ်အစိုးရသတင်းစာမှာ ဒီနေ့ဖော်ပြပါတယ်။

ဒီဖွင့်ပွဲမတိုင်ခင်မှာ မြို့နယ်အာဏာပိုင်တွေက လပွတ္တာမြို့နယ် ပြည်သူ့ ဆေးရုံက ဆေးပစ္စည်း ကိရိယာတွေနဲ့ လူနာတွေကို ခုတင် ၂ဝဝ ဆေးရုံကို ပြောင်း ရွှေ့ခိုင်းခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လူနာတွေကို တရက်ကြိုရွှေ့ပြီးတော့ လူနာတယောက်ကို တသောင်းပေး ပါ့မယ်ဆိုပြီး ပြောပြီးတော့ ရွှေ့ခဲ့တာ။ လူနာအရေအတွက် လိုသေးတဲ့အတွက် လူ နာစောင့်တွေကိုတောင်မှ လူနာအဖြစ်ပြဖို့ဆိုပြီးတော့ တခါ ထပ်ခေါ်ရသေးတယ်။”

ဝန်ကြီးချုပ်နဲ့အဖွဲ့ ခုတင် ၂ဝဝ ဆေးရုံကို ဖွင့်လှစ်ပေးသွားပြီး အဲဒီသတင်းကို စစ်အစိုးရမီဒီယာတွေမှာ ဖော်ပြလိုက်ပါတယ်။ အဲဒီဆေးရုံမှာ ယာယီရွှေ့ထည့်ထားတဲ့ လူနာတွေနဲ့ ဆေးပစ္စည်း ကိရိယာ တွေကိုတော့ မူလ မြို့နယ်ဆေးရုံကြီးကို ပြန်ရွှေ့သွားပြီဖြစ်လို့ ခုတင် ၂ဝဝ ဆေးရုံ သစ်မှာ ဘာမှမရှိတော့ဘူးလို့လည်း မြို့ခံက ပြောပါတယ်။

“အခု ဦးသိန်းစိန်ပြန်လည်းသွားရော ဟိုဘက်ကနေ ပြောင်းရွှေ့ထားတဲ့ ပစ္စည်း ပစ္စယတွေလည်း လပွတ္တာကိုပြန်ရွှေ့တယ်။ လူနာတွေလည်းပြန်ရွှေ့။ လူနာ တွေကတော့ ခုတင် ၂ဝဝ ဆေးရုံကိုရွှေ့တုန်းကတော့ တသောင်းပေးပါ့မယ် ပြောပြီး တော့ တသောင်းမပြောနဲ့ တပြားမှ မရခဲ့ပါဘူးလို့ လူနာရှင်တဦးက ပြောပါတယ်။”

ခုတင် ၂ဝဝ ဆေးရုံသစ်ရဲ့ လက်ငင်းအခြေအနေနဲ့ ခုလို အတုအယောင် ဟန်ပြ ဆေးရုံဖွင့်တဲ့အတွက် ပြည်သူတွေနစ်နာပုံကိုလည်း ဒေသခံက ပြောပါတယ်။

“ခုချိန်ထိ ပစ္စည်းပစ္စယလည်း မရှိဘူး။ ဆရာဝန်တွေကလည်း လပွတ္တာ မြို့ ပေါ်မှာပဲ ရှိကြတယ်။ ဟိုမှာတော့ ဘာမှမပြီးသေးတာ။ အဆောက်အဦးက ပြီးမှ မ ပြီးသေးတာ။ တခိျု့အဆောက်အဦးတွေဆို ပြတင်းပေါက်တွေတောင် ပြည့်ပြည့်စုံစုံ မတပ်ရသေးပါဘူး။ ကိရိယာတန်ဆာပလာတွေလည်း မရှိပါဘူး။ အဲဒီလို လုပ်လိုက် တဲ့အတွက် ကျနော်တို့မြို့အနေနဲ့ ဘာနစ်နာလဲဆိုတော့ æ ကျနော်တို့ ဒေသခံ ပြည်သူတွေအတွက် ကုစားစရာ ခုတင် ၂ဝဝ ဆေးရုံကြီး ရှိနေပြီလို့ အပေါ်လူကြီး တွေက သိတာလေ။ တကယ်တမ်း သွားတဲ့အခါကျရင် ဘာမှမရှိတဲ့အတွက် ကျနော် တို့ နာဂစ်ဒေသက ပြည်သူတွေအဖို့ရာ နစ်နာပါ။” ဝန်ကြီးချုပ် ဦးသိန်းစိန် လပွတ္တာကို အရင်တခေါက် ရောက်စဉ်တုန်းက လည်း ဒေသခံအာဏာပိုင်တွေက မြောင်းမြမြို့နယ်ဆေးရုံနဲ့ ပုသိမ်မြို့နယ် ဆေးရုံတို့ က ပစ္စည်းကိရိယာတွေနဲ့ လူနာတွေကို ခုတင် ၂ဝဝ ဆေးရုံမှာ ရွှေ့ထည့်ထားပြီး ပြသခဲ့ဖူးတယ်လို့လည်း မြို့ခံက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်မေး မြန်းလို့ မရသေးပါဘူး။

ကေအိုင်အိုကားကို နအဖ စစ်တပ်က ဖမ်းဆီးထား

အေးနိုင် ၃ဝ စက်တင်ဘာ - DVB

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် နယ်မြေခံစစ်တပ်က ကေအိုင်အေ(ကချင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော်) တပ်မဟာ ၂ လက်အောက် ခံ တပ်ရင်း ၆ ပိုင် ကားတစီးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကေအိုင်အေနဲ့ နီးစပ် သူက ပြောပါတယ်။

မနေ့က မွန်းတည့်ချိန်လောက်မှာ မြစ်ကြီးနားကိုအသွား လုံးခင်းအလွန် လေ တင်ဂိတ်က တားမြစ်သိမ်းဆည်းတာဖြစ်ပြီး ကားမောင်းသူကို ဖမ်းဆီးထိန်းသိမ်းထား တယ်လို့ ကေအိုင်အေ တပ်ရင်း ၆ နဲ့နီးစပ်သူတဦးက ပြောပါတယ်။

အခုဖမ်းထားတဲ့ ကားနံပါတ် ၂ခ/၃၇၂၄ ခဲရောင် နှစ်ခန်းတွဲ ဟိုင်းလတ်ကားကို မောင်းနှင်သူမှာ ယူဆောင်နေကျ စာရွက်စာတမ်းတွေ ပါပါရက်နဲ့ ဖမ်းဆီးတဲ့ အ ကြောင်းရင်းကို မသိရသေးပါဘူး။ ဖမ်းဆီးသူက ဖားကန့်က ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီးအေးမြင့်ထွန်းဖြစ်ပါတယ်။

ဒီကားကို စခန်းမှာ သိမ်းထားပြီး ကားမောင်းသမားကို စရဖ(စစ်ဖက်ရေးရာလုံ ခြုံရေးအဖွဲ့ရုံး)မှာ ဖမ်းဆီးထားတယ်လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ နအဖက သတင်းမထုတ်ပြန်သလို ကေအိုင်အိုပြောခွင့် ရသူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ငြင်းဆန်တဲ့ ကေအိုင်အေနဲ့ နအဖအကြား ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ရေးစောင့်ကြည့်အသင့်ပြင်ဆင်မှုတွေ၊ ရိက္ခာလမ်းကြောင်း တားဆီးမှုတွေ ဖြစ်ပွားနေပါတယ်။

နောက်ဆုံးကြံ့ဖွတ် အဲ - နောက်ဆုံး ဖတ်ဖို့း)

ပြည်ခိုင်ဖြိုးပါတီဝင်ကို တစညပါတီဝင်များက တရားစွဲ

အေးနိုင် ၂၉ စက်တင်ဘာ ၂ဝ၁ဝ - DVB

တိုင်ရင်းသားစည်းလုံးညီညွတ်ရေးပါတီဝင်တခိျု့က ပြည် ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တဦးကို မနေ့က ပဲခူးတိုင်း သာယာဝတီမြို့ နယ်မှာ တရားစွဲလိုက်ပါတယ်။

ပဲခူးတိုင်း သာယာဝတီမြို့နယ် အောက်လက်ပန်ကုန်းအုပ်စု၊ မျောက်ဝါးလေး ရုံ ကျေးရွာက ကြံ့ဖွံ့ပါတီဝင်တဦးက တစည(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ တီ) စည်းရုံးရေးမှူးတွေက ရွာက ပါတီဝင်ကတ်အတွက် သုံးမယ့် ဓာတ်ပုံတွေကို လု ယူခဲ့တဲ့ ကိစ္စကို မြို့နယ်တရားရုံးမှာ မနေ့က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီလ ၁၉ ရက်နေ့ည ရှစ်နာရီခွဲလောက်မှာ ကျေးရွာကြံ့ဖွံ့ပါတီဝင်တဦးက သူတို့ပါတီ စည်းရုံးရေးမှူး လူငယ်တွေထံကနေ ဓာတ်ပုံတွေ လုယူပြီး မြို့နယ် ကြံ့ဖွံ့ အတွင်းရေးမှူးကို ပေးပို့ခဲ့ပုံနဲ့ တရားစွဲဆိုတဲ့အထိ ဖြစ်ခဲ့ပုံကို တစည ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်လောင်း ဦးစန်းသွင်က ပြောပြပါတယ်။

“ကြံ့ခိုင်ရေး လူငယ်စည်းရုံးရေးမှူးဖြစ်တဲ့ စန်းဝင်းဆိုတဲ့ လူငယ်ကို သွားပြီး တော့ ပြမိတော့ ငါ့ကိုပေးဆိုပြီး သိမ်းထားတယ်၊ သူက မြို့နယ် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး အတွင်းရေးမှူး ကိုသိန်းဇော်ကို သွားပေးလိုက်တယ်၊ ပြန်တောင်းတဲ့အခါကျတော့ သူက မပေးနိုင်ဘူး။ တို့ကြံ့ခိုင်ရေးက နိုင်လည်းနိုင်မှာ မင်းတို့အဖွဲ့က နိုင်ရင်လည်း ရှုံးမှာပဲ တို့သာ အနိုင်ရမှာ မင်းတို့ကောင်တွေ တိုင်းရင်းသားပါတီက ကောင်တွေ တို့အနိုင်ရရင် ဘာဖြစ်မယ် ညာဖြစ်မယ်လို့ ကြိမ်းမောင်းတယ်။

“ကျနော်တို့လူငယ်တွေက နောက်နေ့ကျ ကျနော်တို့ဆီ ရောက်လာတော့ ကျနော်တို့က ခရိုင်ကော်မရှင်နဲ့ မြို့နယ်ကော်မရှင်ကို စာတင်လိုက်တယ်၊ တင်ပြီး တော့ ဒီကလေးက ဓာတ်ပုံတွေ ပြန်မရတဲ့အတွက် ကျနော် ၃ဝ ရဲစခန်းကို အမှု ဖွင့် ခိုင်းလိုက်တယ်၊ ပြည်သူ့ရဲတွေက အဲဒီ ဆင်းသွားပြီးတော့မှ အဲဒီဓာတ်ပုံ ဘယ်မှာလဲ ဘာညာတောင်းတဲ့အခါကျတော့ သူတို့က မြို့နယ်ကြံ့ခိုင်ရေး အတွင်းရေးမှူး ဆီမှာ အပ်ထားတယ် အဲဒါ သွားယူ၊ သူက ကြိုက်တဲ့လူ သွားယူပေါ့လေ ကျနော်တို့ အဖွဲ့ က ကောင်လေးတွေ ပြောတာကတော့၊ မင်းတို့ပါတီကကောင်တွေ ဂရုမစိုက်ဘူး ဘာညာပေါ့ ဆဲလားဆိုလား လုပ်တော့ လူငယ်တွေကလည်း ဥပဒေအရပဲ ရှင်းမယ် ဆိုပြီးတော့ အခုတော့ ကျနော်တို့ အဲဒီကိစ္စက မနေ့ကတုန်းက ကျနော်တို့ သာ ယာဝတီ မြို့နယ်တရားရုံးကို တရားစွဲတင်ပို့တယ်၊ ဓာတ်ပုံအယူခံရတဲ့ လူငယ်တွေက တရားစွဲထားတာ၊ ဓာတ်ပုံတွေကလည်း ကြေမွသွားတာကိုး သူတို့ လုပ်ထားတာ။”

ဒီလုပ်ရပ်နဲ့ ပတ်သက်လို့လည်း ဦးစန်းသွင်က မင်းမဲ့စရိုက်အဖြစ် မှတ်ချက် ပြုပါတယ်၊

“ကျနော်တို့ပါတီကတော့ အစကတည်းက ကျနော်တို့ရဲ့ မူဝါဒလမ်းစဉ် သ ဘောတရားတွေနဲ့ ပြည်သူကြားမှာ ချပြပြီးတော့ ကျနော်တို့က စည်းရုံးမယ်၊ ပြည် သူတွေရဲ့ သဘောပေါက်၊ ကျန်တဲ့ ပါတီတွေက သူတို့ရဲ့ မူဝါဒလမ်းစဉ်တွေကို ချပြ ပြည်သူတွေကြားမှာ ဒီလိုပဲ သိက္ခာရှိရှိ၊ သမာဓိ ရှိရှိနဲ့ စည်းရုံး၊ ဥပဒေဘောင် အတွင်း က စည်းရုံးရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ အဲဒီလို လုပ်တာကတော့ မင်းမဲ့စရိုက် နည်းနည်းဆန်တယ်လို့ ကျနော်တို့က ထင်တာပေါ့။”

ပဲခူးတိုင်း သာယာဝတီမြို့ ကြံ့ဖွံ့ အောင်နိုင်ရေးကော်မတီကလည်း လက်ပံ တုန်းကျေးရွာက ကျောင်းထိုင်ဆရာတော်ကို ငွေလှူမယ် ပါတီကိုမဲထည့်ဖို့ ရွာသား တွေကို စည်းရုံးပေးလို့ တောင်းဆိုခဲ့လို့ ပြဿနာ တက်ခဲ့ပါသေးတယ်။

မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေက ကြံ့ဖွံအောင်နိုင်ရေးအတွင်းရေးမှူး ဦးစံ မင်းက လက်ပံကုန်းကျေးရွာက မဟာစေတီလကျောင်းတိုက်က ဆရာတော်ကို ငွေ လှူတာဟာ ရွာသားတွေကို ကြံ့ခိုင်ရေးပါတီမဲထည့်ဖို့ မဲဝယ်တာလို့ ပြောလို့ ပြဿ နာ တက်ခဲ့တာလို့ သာယာဝတီမြို့ခံတဦးက ပြောပါတယ်။

“လက်ပံတုန်းရွာက မဟာစေတီလှ ကျောင်းတိုက်မှာရှိတဲ့ ဆရာတော် ဦး ဆန္ဒရကို ကြံ့ခိုင်ရေးက လူ ၃ ယောက် သွားလျှောက်တယ်၊ ဖုန်းဖိုး ၂ သိန်းလှူပါ့မယ်၊ လာယူပါလို့ ပြောတယ်၊ အခု ပိုက်စံပါမလာသေးဘူး။ အိမ်ကို ၂ ယောက်လာခဲ့ပါ ပေးလိုက်ပါ့မယ် ဆိုပြီးတော့၊ အဲဒီ ၂ ယောက်သွားတော့ ဒီပိုက်ဆံမယူခင် မင်းတို့ကို ငါပြောလိုက်မယ်တဲ့ မင်းတို့ ဘုန်းကြီးကို ပြောလိုက်ပါ အဲဒီဟာက မင်းတို့ရွာက မဲကို ငါတို့ ဝယ်တာလို့ ပြောလိုက်တယ်။ အဲဒါနဲ့ ဘုန်းကြီးက စိတ်ဆိုးတယ်။ အဲဒီ ပိုက်ဆံမယူနဲ့ ဆိုပြီး ကော်မရှင်ကို သွားတိုင်တာ၊ ကော်မရှင်ကနေ ခေါ်ပြီး အဲဒီလူကို ဝမ်နင် ပေးလိုက်တယ်။”

သာယာဝတီမြို့နယ်တွင်းမှာ တခြားနိုင်ငံရေးပါတီတွေ စည်းရုံးရေးဆင်းရင် ကော်မရှင်ထံ တင်ကြို ခွင့်ပြုချက်တောင်းရပြီး ဟောပြောပွဲတွေမှာ ရဲတွေက ဗွီဒီယို ကင်မရာတွေနဲ့ မှတ်တမ်း တင်နေတာကြောင့် လာရောက်သူဦးရေ နည်းပါးတဲ့ အ ကြောင်းနဲ့ ကြံ့ဖွံ့ပါတီကတော့ အဆီးအတားမရှိ စည်းရုံးရေး ဆင်းနေတယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။

=================================

ပြီးဘီ The End