သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Monday, May 31, 2010

Uncensored Burma - Daily News ( 2010 May 31) part 2



မမှန်သော လျှပ်စစ်မီးကြောင့် လောင်ရသောမီး
သန်းစိုးလှိုင်
မေ ၃၁၊ ၂၀၁၀ မိုးမခ
မေလ ၂၄ရက် တနင်္လာနေ့၏ နံနက်ခင်း၊ နေရောင်သာသာယာယာ ရှိသော်လည်း ကောင်းကင်သို့ မင်္ဂလာဈေးအဆောက်အဦ အပေါ်ဆုံးထပ်မှ မီးခိုးများက အူပြီးတက်လျက်ရှိသည်။ အချိန်ကား ၉နာရီကျော်ရုံရှိသေးသည်။ လူအုပ်ကြီးမှာ မင်္ဂလာဈေးရှေ့ ဗညားဒလလမ်းမပေါ်မှာသာမက ဈေးရှေ့မှ လမ်းသွယ်တွေထဲမှာပါ စုဝေးပြီး ဈေးမီးလောင်နေသည်ကို စောင့်ကြည့် နေကြသည်။
လမ်းဘေး ကွမ်းယာဆိုင်ကလည်း ဆိုင်ကိုဝိုင်းပြီး ရပ်နေသည့် လူအုပ်အကြားမှာ ကွမ်းယာရောင်းရင်း မီးအခြေအနေကို စိတ်ဝင်တစားကြည့်နေသည်။ ကွမ်းယာရောင်းသူကို မီးဘယ်တုန်းကစလောင်လဲ လို့မေးလိုက်တော့
      ၈နာရီကျော်ကျော်က အခုလောင်တာ ၁နာရီမပြည့်သေးဘူး။ အခုပုံဆို မီးကို နိုင်ပါ့တော့မလား၊ အစောပိုင်းကတော့ ဈေးစည်ပင်ကတာဝန်ရှိသူတွေက စိတ်မပူနဲ့ပြောခဲ့တာ။ အခုတော့ မီးရှိန်ကတက်လာနေပြီ။
ရေကားကလည်း တောက်လောင်နေတဲ့ မီးရှိန်နဲ့စာလိုက်ရင်   ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေတဲ့ အသွင်ပါ။
ရပ်ကြည့်နေသူ တဦးက မီးသတ်တွေကိုရည်ညွှန်းပြီး
ဒီလူတွေကို လာကြည့်ရင် အကုသိုလ်ဖြစ်တယ်။ သူတို့ပက်နေပုံနဲ့ ဒီမီးကိုဘယ်လိုမှ နိုင်မယ့် ပုံမပေါ်ဘူး
ဟုပြောသည်။
      ဈေးရဲ့ မျက်နှာစာနှစ်ဘက်စလုံး ပြူတင်းပေါက်များမှ  ထွက်လာနေသည့် မဲမှောင်သည့် မီးခိုးလုံးကြီးများကို လှေခါးပေါ်မှ ၁လက်မခွဲ နှစ်လက်မသာသာ မီးသတ်ပိုက်ဖြင့် လှမ်းပက်နေသော်လည်း ရေမှာ အတွင်းဘက်ဆီသို့ ရောက်ဟန်မတူသည့် အတွက် ရပ်ကြည့်သူအများက အားမရဖြစ်နေကြခြင်း ဖြစ်သည်။
မြန်မာ့ရုပ်သံထဲမှာတော့ မီးသတ်က မီးကို နိုင်တယ်
တိုက်ဆိုင်မှုလား သို့မဟုတ် လောက၏ သရော်ချက် တခုလားတော့မသိ။ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့၏ စွမ်းရည်ပြပွဲ မီးသတ် လေ့ကျင့်သည့် ပြကွက်များကို အဆိုပါ မင်္ဂလာဈေးတွင် သရုပ်ပြ ရိုက်ကူးခဲ့ကြခြင်းပင် ဖြစ်သည်။ မြန်မာ့ရုပ်သံမှ ပြသဖူးသည့် ပြကွက်များကို ကြည့်ဖူးသူ ပရိသတ်က
သရုပ်ပြတုန်းကတော့ ခေါင်မိုးပေါ်က ဇောက်ထိုးကျလာတာတွေရော၊ အောက်ကနေ ကြိုးနဲ့တက်တာတွေရော စုံလို့။ အခုတကယ်တမ်းဖြစ်တော့ မီးလောင်နေတာ ငြိမ်းတောင် မငြိမ်းနိုင်ပဲ ဖြစ်ကုန်တာ
ဟု ဝေဘန်သည်။
မှန်လည်းမှန်ပါသည်။ မီးသတ်တပ်ဖွဲ့၏ စွမ်းရည်ပြကွက်များတွင် မီးသတ်ကားထဲမှာ ရေအပြည့်မပါသည့် အဖြစ်နှင့် တစ်စီးကို ၃မိနစ်သာ ရေဖြန်းနိုင်အားရှိသည့် အခြေအနေများ မပါဝင်ခဲ့ပါ။
မီးသတ်အင်အား
ရန်ကုန်မြို့ရဲ့ မီးသတ်ကားများမှာ ဟောင်းအိုနေသည့်ကားက အများစုဖြစ်သည်။ ဆူးလေ ဘုရားလမ်းရှိ ဗဟိုမီးသတ်တွင်မှ မီးသတ်ကား ၄၊ ၅စီးနှင့် အခြားမြို့နယ်များတွင် တမြို့နယ် မီးသတ်ကား ၂စီးစီသာ ရှိကြသည်။ ထို့ပြင် အချို့သော မီးသတ်ကားများမှာ ဟောင်းအိုနေပြီး ရေတိုင်ကီကလည်း ဂါလံ ၁၆၀၀ ၀န်းကျင်သာသာ ဆန့်သည့်ကားများ ဖြစ်နေကြသည်။
ယခုခေတ်တွင် ဂါလံ ၂၈၀၀ ဆန့်သည့် တိုင်ကီပါ ထရပ်ကားများ ပုဂ္ဂလိက လုပ်ငန်းရှင် အများအပြား  သုံးစွဲနေသည့်ကာလတွင် မီးသတ်ကားများမှာ ယခင်ခေတ်ကလို ၃တန်ကားသေးများက အများစုဖြစ်နေသည်။ မေလ ၂၄ရက်နေ့က လောင်ကျွမ်းသည့် မင်္ဂလာဈေးမီးလောင်မှုကို ရန်ကုန်နှင့် အနီးအနားမှ မီးသတ်ကား စုစုပေါင်း အစီး ၆၀၊ ၇၀ ကျော်လာသည့်အနက် လှေခါးပါ မီးသတ်ကားက ၁၀ စီးပင်မပြည့်တတ်ပေ။
လှေခါးပါ ရေပက်သည့် မီးသတ်ကား တစ်စီးကို ရေသယ်လာသည့် မီးသတ်ကား ၃/ ၄စီးက ၀ိုင်းပြီးရေဖြည့်ပေး ကြရသည်။ မီးသတ်ကား အစီးရေ ၆၀၊ ၇၀ လာပေမယ့်လည်း အားလုံးမှာ အမြင့်တွင်လောင်နေသည့်မီးကို ငြိမ်းသတ်နိုင်သည့် မီးသတ်ကားများ မဟုတ်ကြပါ။
မီးလောင်ပြီး ၂နာရီကျော်အကြာ မင်္ဂလာဈေးမီးပွိုင့် လမ်းဆုံသို့ မီးသတ်ကား စည်ပင်ရေသယ်ကားများ ၀င်ရောက်လာသည့် အခါ မီးလောင်တာကို စောင့်ကြည့်နေသည့် လူအုပ်ကြီးက ဟေး ဟု အော်ကြသည်။ မောင်းဝင်လာသည့် ရေသယ်သည့်ကားက သေးသေးကွေးကွေး အဖြစ်ကို လှောင်သည့် သဘောဖြင့် အော်ခြင်းလား၊ ရေကားလာသဖြင့် အားပေးခြင်းလားဆိုသည်ကို သဲကွဲစွာ မသိနိုင်ပေ။
ဖြစ်ဖြစ်ချင်း မငြိမ်းသတ်နိုင်သည့် အကြောင်းရင်း
မြန်မာနိုင်ငံမှာ ဈေးတွေ ခဏခဏ မီးလောင်ကြသည်။ လောင်လျင်လည်း များသောအားဖြင့် တဈေးလုံးကုန်အောင် လောင်ကျွမ်းကြရသည်။ ဘာကြောင့် အခုလိုလောင်ကြရသလဲ ဟုဆိုလျင် လျှပ်စစ်မီး ၀ါယာရှော့ခ်ဖြစ်တာကြောင့်က ၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိသည်။
ဝါယာရှော့ဖြစ်ရခြင်းတွင်လည်း လျှပ်စစ်မီး မှန်မှန်မလာခြင်းက ၇၀ ရာခိုင်နှုန်းဝန်းကျင် ထပ်မံရှိနေပြန်သည်။ နယ်များတွင်သာမက ရန်ကုန်မြို့ပါ လျှပ်စစ်မီးဆိုသည်မှာ လာလိုက် ပျက်လိုက် ဖြစ်သည့်အရာဟု လူတွေက နားလည်နေကြသည်။ တသမတ်တည်း မပျက်ပဲ လာသည်ကို တနှစ်မှာ တစ်လ နှစ်လသာ ကြုံတွေ့ဘူးသဖြင့် လျှပ်စစ်မီးဟု ဆိုလျင် ပျက်ရမည်ဟု နားလည်နေကြသည်။
သို့သော် ချက်နေရင်း၊ လုပ်နေရင်း လျှပ်စစ်မီး ပျက်သွားခဲ့သည့် အဖြစ်ကြောင့် ခလုပ်ပိတ်ဖို့ မေ့နေပြီး မီးပြန်လာသည့် အချိန်မှာ အပူရှိန်လွန်ပြီးလောင်ကျွမ်းရသည့် အဖြစ်ကလည်းမနည်း။ ယခု မင်္ဂလာဈေးမီးလောင်ရသည့် အဖြစ်မှာ ထိုအဖြစ်များအနက် တစ်ခုဖြစ်သည်။
သင်္ဃန်းကျွန်းဈေးကြီး မီးလောင်စဉ်ကလည်း လျှပ်စစ်မီး ၀ါယာရှော့ဖြစ်ခြင်း ကြောင့်ဖြစ်သည်။ သို့သော် အချို့သော ဈေးအနီးတ၀ိုက်နေထိုင်သူများက မီးစတင်လောင်စဉ် သင်္ဃန်းကျွန်းဈေး တ၀ိုက်တွင် လျှပ်စစ်မီး မလာဟုလည်း ပြောကြသည်။ ထိုအချက်ကြောင့် သင်္ဃန်းကျွန်းဈေးမီးကို ရှို့မီးလားဟု သံသယရှိမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခုမင်္ဂလာဈေးမီးကတော့ ဒိုးရု (Doaru) အလှကုန်ကုမ္ပဏီပိုင် ဆိုင်ခန်းမှ စတင်လောင်ကျွမ်းသည်ဟု မင်္ဂလာဈေးမှ ဈေးရောင်းသူများက ပြောကြသည်။ အစိုးရသတင်းစာ ဖေါ်ပြချက်အရပင် လျှပ်စစ်မီးဖိုဖြင့် ရေနွေးအိုးတည်ထားရာမှ မီးပျက်သွားပြီး နောက်တနေ့ နံနက်မီးပြန်လာသည့် အချိန်တွင် လောင်ကျွမ်းခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။
ယခု အဖြစ်အပျက်တွင် မည်သည့် ဆိုင်ခန်းမှ စတင်လောင်ကျွမ်းသည်ကိုလည်း ဈေးသူဈေးသားများ အနေက သိပြီးဖြစ်ကြသည်။ ဖြစ်ဖြစ်ချင်း အဘယ်ကြောင့် ထိုမီးကို မငြိမ်းသတ်နိုင်သလဲ ဆိုသည့် အချက်ကမေးစရာ မေးခွန်းဖြစ်နေသည်။
မြန်မာနိုင်ငံမှ ဈေးများ ရုံးများမှာ မီးသတ်ပိုက်နှင့် ရေအဆင်သင့်ယူနိုင်အောင်၊ အထပ်တိုင်း အထပ်တိုင်းတွင် မီးသတ်ပိုက်များထားပြီး မီးလောင်သည်နှင့် ငြိမ်းသတ်နိုင်အောင် စီစဉ်ထားသည့် စနစ် ယခုတိုင် မရှိသေးပါ။ မီးလောင်လျင် ချက်ခြင်း ငြိမ်းသတ်မည့် မီးသတ်ဗူးများလည်း နေရာတိုင်းတွင် ဆောင်ထားလေ့မရှိသေးပေ။ တက္ကစီများ၊ ဘတ်စ်ကားများတွင်  ပါရှိရမည်ဟု ဆိုသော်လည်း လက်တွေ့တွင် တခါမျှ အသုံးပြုသည်ကို မတွေ့ခဲ့ရဘူးပေ။
ထိုနေ့က မင်္ဂလာဈေး မီးစတင်လောင်သည့် အဖြစ်မှာ လျှပ်စစ်မီးကြောင့်ဖြစ်ရာ ဈေး၏ လျှပ်စစ်မီးပိတ်ချဖို့ မီးခလုပ်ပိတ်ရန် တာဝန်ကျသူကို သွားရှာရာ မရှိသဖြင့် လျှပ်စစ်မီးလိုင်းကို ချက်ခြင်း မပိတ်နိုင်ခဲ့ပေ။ ထိုအချက်သည်လည်း မီးလောင်ကျွမ်းမှု ကြီးမားလာဖို့ ပံ့ပိုးပေးလိုက်သည့် အချက်တချက် ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံမှ ဈေးများကံကြမ္မာမှာ မီးလောင်ကျွမ်း ဆိုင်ခန်းအားလုံးမကုန်မီ ငြိမ်းသတ်နိုင်ဖို့ အခွင့်အလမ်းနည်းပါးသည့် အဖြစ်ပင်။ လတ်တလော ဖြစ်ပျက်ခဲ့သည့် သင်္ဃန်းကျွန်းဈေးမီး၊ ၂၀၀၈ ခုနှစ်ကုန်ကလောင်ကျွမ်းခဲ့သည့် မော်လမြိုင် မြို့မဈေးမီးတို့ကိုကြည့်လျင် ဘာမဟုတ်သည့် အသေးအဖွဲမှ တဈေးလုံးကုန်အောင် လောင်ကျွမ်းခဲ့ရသည်ချည်း ဖြစ်သည်။
ထိခိုက်မှု အတိုင်းအတာ
ယခုမီးလောင်ကျွမ်းမှုတွင် ကံအားလျော်စွာ အသက်ဆုံးရှုံးမှု မရှိခဲ့သော်လည်း စီးပွားရေးအရ ဆုံးရှုံးမှု အကျိုးသက်ရောက်မှုက ကြီးမားလှသည်။ အလှကုန်၊ စာရေးကိရိယာ၊ မုန့်၊ အထည်အလိပ် နှင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် တိုလီမိုလီ ပစ္စည်းများအား မြန်မာပြည် တပြည်လုံး လက်လီ လက်ကား ရောင်းဝယ်ရေး ကွန်ရက်ဖြစ်သည့် မင်္ဂလာဈေးအား ကြီးမားသည့် ထိုးနှက်မှုကြီးဖြစ်သည်။ ဆေး၊ အထည်အလိပ်၊ အလှကုန် တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် မင်္ဂလာဈေးကို ဂိုဒေါင်အဖြစ် အသုံးမချသော်လည်း စတိုးဆိုင်များ နယ်မြို့များမှ အရောင်းဆိုင်များ အနေဖြင့် မင်္ဂလာဈေးနှင့် ဆက်သွယ်လုပ်ကိုင်ကာ လုပ်ကိုင်နေကြသည် ဖြစ်သည့် အတွက် အဆိုပါ ကွန်ရက်ကို ထိခိုက်စေမည်မှာ အသေအချာပင်ဖြစ်သည်။
သက်ဆိုင်ရာ မြို့တော်စည်ပင်နှင့် ရန်ကုန်တိုင်း အေးချမ်းသာယာရေး ကောင်စီတို့က ဈေးကွက်အား အကျိုးသက်ရောက်မှုနည်းအောင် ယာယီ ဈေးနေရာကို  မြန်မြန်ဆန်ဆန်စီစဉ် ပေးခဲ့လျင်တော့ ထိခိုက်မှု သက်သာမည်ဖြစ်သည်။ သို့မဟုတ်ပဲ ဆိုင်များအနေဖြင့် တဦးချင်းစီ နေရာရှာဖွေပြီး ဟိုတကွဲ သည်တကွဲ ဖြစ်လျင်တော့ ဈေးဝယ်သူများ အနေဖြင့်လည်း ထိခိုက်နစ်နာမည် အနေအထားဖြစ်သည်။
ယခုလောလောဆယ်ပင် မင်္ဂလာဈေးနှင့် နီးသည့် မင်္ဂလာတောင်ညွန့်နှင့် တာမွေမြို့နယ်များ၏ တိုက်ခန်းတန်ဖိုးနှင့်  ငှားခတွေ သိသာစွာ တိုးမြင့်လာနေပြီဖြစ်သည်။
မေတ္တာမိုးကောင်းကင် - ရေအလှူရှင်များရဲ့ အကြင်နာရောင်စဉ် ဈေးရောင်းပွဲတော် ဖိတ်စာ
မိုးမခရွာဆော်ကြီး (အရှင်ဦးဉာဏိက ထံမှတဆင့် ကူးယူဖော်ပြသည်)
မေ ၃၁၊ ၂၀၁၀
ထမင်းအသက် (၇) ရက် ၊ ရေအသက် တစ်မနက်ရယ်လို့ မြန်မာ့ဆိုရိုးစကားရှိပါတယ်။ ဘဝရှင်သန်ရေး အတွက် သောက်ရေတစ်ခွက်ဟာ ဘယ်လောက်အရေးပါကြောင်း ညွှန်းဆိုတဲ့ စကားတစ်ခွန်းပါ။ သောက် စရာ ရေပြတ်လပ်နေတဲ့ မွေးရပ်မြေရှိ ညီနောင်သွေးချင်းတို့အတွက် ကျနော်/ကျမတို့ရဲ့ စာနာမှုနဲ့အတူ အကြင်နာမေတ္တာ မိုးရေစက်တို့ကို သွန်းလောင်းဖြန့်ဝေပေးခြင်းဖြင့် အသက်ဆက် ရှင်သန်ပေးကြပါစို့လား။ ရေအလှူဆိုတာ အာယုဒါန-အသက်အလှူတစ်ခုပါ။
ရရှိသော အလှူငွေများကို ရေအလှူ ပြုလုပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ပေးပို့လှူဒါန်းပါ မည်။
Schedule:
Date:               Sunday, June 6, 2010 -  Time: 10:00 am -3:30pm
Location:         Newark Pavilion, 6430 Thornton Avenue, Newark, CA 94560
 အစားအသောက် အလှူရှင်များ
ဦးကြည်တိုး ဒေါ်သန်းငြိမ်း ညီမဒေါ်နီ မိသားစု   မုန့်ဟင်းခါး
ဦးရစ်ချတ် ဒေါ်ဘေဘီမိသားစု          ပုဇွန်ခွက်ကြော်
ဒေါ်ညို                           ဝက်သားဒုတ်ထိုး ကြာဇံကြော်
ကိုအောင်မင်း မစန္ဒာ                     ခေါက်ဆွဲသုတ်
ကိုချိုဦး မစုစုသိန်း                        ဗမာထမင်းကြော်
ကိုစိန်                                      လဘက်ရည် စမူဆာ
ဦးဌေးကျော်                               ရွှေရင်အေး
ကိုအောင်အောင်မိသားစု မုန့်လက်ဆောင်း ယိုးဒယားအချိုပွဲ
BADA                                     ရခိုင်မုန့်တီ
BAWA                                    ရှမ်းတို့ဟူးသုတ်
ဒေါက်တာမောင်မောင်သော် မနီနီ      ဖာလူဒါ
ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ (ဆန်ဖရန်စစ္စကို)  - သဘောင်္သီးသုတ်၊ ကြာဇံဟင်းခါး
မပပကျင်                                 ကြက်သားလိပ်
မဟန်စုယဉ်                              ဗမာအကြော်စုံ
ကိုကျော်သူရ မချိုချိုလင်း               မြန်မာထမင်းဟင်း
FMYG                                    သောက်ရေသန့် ဆိုဒါ
ကိုယုန်လေး မသစ်သစ်                 ကောက်ညှင်းထုပ်
ဦးကျော်ရှိန် ဒေါ်ကြင်ကြင်စိန် မိသားစု ယူနန်မြီးရှည်
မအိပ                               စမူဆာသုတ် နှင့်                                                   ဗယာကြော်
အထက်ပါ အစားအစာများအပြင် အခြားအလှူရှင်များလည်း ရှိပါသေးသည်။ ဖိတ်စာအမြန် ထုတ်ရပါသဖြင့် ဤစာရင်း တွင် မပါဝင်နိုင်ပါ။
ဆက်သွယ်ရန်:  ကိုစိန်            510 579 8506,  ကိုမျိုးလွင်        510 857 7852,  ကိုကျော်သူရ    415 420 1504
ကမ်းလွန်ရေနံ ပြဿနာ
မောင်သာရ
မေ ၃၀၊ ၂၀၁၀ မိုးမခ
သိတယ်နော် …၊ လွန်ခဲ့တဲ့လ ၂၀ ရက်နေ့ကတည်းက America ရဲ့ ကမ်းလွန်ရေနံတွင်းတတွင်းတူးရာက ပေါက်ကွဲမီးလောင်ပြီး နေ့စဉ် ရေနံစိမ်းဂါလံပေါင်း နှစ်သိန်းလေးသောင်း (အခုနောက်ဆုံး ခန့်မှန်းချက်က ငါးးသိန်း တသောင်း) ပင်လယ်ထဲ ယိုဖိတ်ပြန့်နှံ့ မျောပါနေတယ်ဆိုတဲ့ သတင်းလေ။
ရေနံစိမ်းတွေက ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ချောကလက်ပျော့ကြီးလို လေးလက္မထုလောက်ရှိနေပြီး လေနဲ့လှိုင်းနဲ့ ရေစီးကြောင်းနဲ့အတူ အမေရိကားရဲ့ ကမ်းရိုးတန်းပြည်နယ် သုံးပြည်နယ်ရဲ့ ကမ်းခြေနေ ပြည်သူတွေနဲ့ ရေလုပ်ငန်းတွေကို ဒုက္ခပေးတော့မယ်။ ပေးစလည်း ပြုနေပြီတဲ့။ ပင်လယ်ငါးပုဇွန်ဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြရတဲ့ ရေလုပ်သားပေါင်း လေးသန်းကျော်ရဲ့ စားဝတ်နေရေးဘဝတွေလည်း ထိခိုက်တော့မယ် တဲ့။
      အခုပဲ ဆိုင်ရာက လူဝီးဆီးယားနား ပြည်နယ်၊ New Orleans မြို့တောင်ဘက် Grand Isle ကျွန်း ပတ်လည်ရေပြင် စတုရန်းမိုင်ပေါင်း ၄ သောင်း ၆ ထောင်မှာ ရေလုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်လိုက်ပြီ။ သည်လုပ်ကွက်အကျယ်အဝန်းဟာ ငါးလုပ်ငန်းနယ်ပယ်ရဲ့ ၁၉% ရှိသတဲ့။ တာဝန်ရှိတဲ့ BP ရေနံကုမ္ပဏီနဲ့ အမေရိကန် ကမ်းခြေစောင့် တပ်တွေ၊ ရေတပ် အင်ဂျင်နီယာတပ်တွေကလည်း မျောပါချည်းကပ်လာနေတဲ့ ရေနံစိမ်းထုတွေ ကမ်းခြေပေါ် ရောက်မလာရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးစားကာကွယ်ခဲ့ကြ၊ ကြိုးစားကာကွယ်နေကြဆဲပါပဲ။
      ဒါပေမယ့် ပင်လယ်ရေပြင်ဆိုတာ သင်ဖြူးခင်းထားသလို ငြိမ်နေတာမဟုတ်ဘူးလေ၊ ဒါတောင် ကံကောင်းထောက်မပြီး hurricane မုန်တိုင်းရာသီနဲ့ မကြုံကြိုက်ပေလို့။ (မုန်တိုင်းရာသီက အခု ဇွန်လ ၁၅ ရက်နေ့က နိုဝင်ဘာလ ၁၅ ရက်နေ့အထိ။ ဒီနှစ် အတ္တလန်တိတ်ဟာရီကိန်းမုန်တိုင်းပေါင်း ၁၄ ခု တိုက်ခတ်မယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းကြေညာပြီ။) ဘာပဲပြောပြော ပြဿနာက အဓိက အရင်းခံဖြစ်တဲ့ တနေ့ ရေနံစိမ်း ဂါလံပေါင်း ၅ သိန်းကျော် ယိုထွက်နေတဲ့ ပိုက်ပေါက်တွေကို ခုထက်ထိ မပိတ်ဆို့နိုင်ကြ သေးတာပဲ။ ခက်နေတာက ရေနံတွင်းဝရှိရာမြေပြင်က ပင်လယ်ရေမျက်နှာပြင်အောက် တမိုင်နဲ့ ၂ ဖာလုံမှာ။
      အဲသည်ကနေ ရေနံတူးစင်ကြီးဆောက်ပြီး ရေပြင်ပေါ်ကနေ ပိုက်တွေဆက်ယူ တူးနေတာ။ တူးစင် Rigs ဆောက်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီ ဆွစ်ဇာလန်နိုင်ငံက Transocean ကုမ္မဏီကို BP (British Petroleum (America)) ရေနံကုမ္ပဏီက တာဝန်ပေးဆောက်ခိုင်းထားတာ။ ဆိုတော့ တွင်းဝကနေ ရေပြင်ပေါ်အထိ တက်လာရတဲ့ တွင်းတူးပိုက်လုံး ဝန်ရိုးကြီးကိုက တမိုင်ကျော်ရှည်ပြီပေါ့။ ခက်တာက တန်ချိန်ပေါင်း ခန့်မှန်းခြေ ၁,၈၀၀ ကျော်လေးလံတဲ့ သည်ဧရာမ သံထည်တူးစင်ကြီးကလည်း ပေါက်ကွဲမီးလောင်ပြီး နောက်တနေ့မှာပဲ ရေထဲကို ကျိုး ခေါက် ပြို ကျသွားခဲ့တယ်လေ။ ဆိုတော့ ရေအောက်ကနေ တူးစင်ပေါ်အထိ တက်လာရတဲ့ ရေနံတူးရေနံစိမ်းပိုက်ကြီးကလည်း သူ့အပေါ် တူးစင်ကြီးပါ ပြိုလဲပိကျလာတော့ ခေါက် ကျိုး ပေါက် ပြဲကုန်ပြီပေါ့။ အဲဒီ ပိုက်ပေါက်ကနေ ရေနံစိမ်းတွေ ယိုထွက်လာနေတာပဲ။ ဒါကို ထောက်ချင့်ကြည့်ခြင်းအားဖြင့် ပင်လယ်ရေအောက်မြေထဲက ထွက်လာမယ့် ရေနံပမာဏရဲ့ တွန်းကန်အားကို တူးစင်ပေါ်က ဘူမိဗေဒပညာရှင်တွေက ကြိုတင်တွက်ချက်မှုမှားပြီး မထိန်းချုပ်လိုက်နိုင်တာ ဖြစ်မယ်။ တူးနေတဲ့လွန်သွား သည်လို သဲလွှာရေနံကြောထဲရောက်နေပြီဆိုတာ ဘူမိဗေဒပညာရှင်တွေ မသိဘဲမနေပါဘူး။ ဘာကြောင့်လည်းဆိုတော့ ရေနံတူးနေခိုက် မြေအဝင်အနက် ၂ ပေ ရောက်တိုင်း ရောက်တိုင်းမှာ လွန်သွားထိတွေ့လာတဲ့ မြေလွှာရဲ့အခြေအနေနဲ့ ရေနံရှိနိုင် မရှိနိုင်ကို ၂၄ နာရီမပြတ် ဓာတ်ခွဲစမ်းသပ်ကြည့်နေရတာ ထုံးစံဖြစ်ပါတယ်။ ဒါ … ဘူမိဗေဒပညာရှင်တွေရဲ့တာဝန်ပါ။ ရေနံတူးစင် တည်ဆောက်ထားရာနေရာတိုင်းမှာ ဘူမိဗေဒဓာတ်ခွဲခန်း lab တွေ တွဲရက်ရှိပါတယ်။ သီးသန့် air condition နဲ့ ဘာနဲ့ပါ။ တူးစင်ပေါ်မှာ သို့မဟုတ် ရေနံတူးရာမှာ ရေနံထုတ်လုပ်ရေးထုံးစံပေါ်လစီအရ ဘူမိဗေဒပညာရှင်တွေက အဓိက ဆုံးဖြတ် အမိန့်ပေးရတဲ့လူတွေပါ။ တွင်းတူးသမားတွေ၊ drilling engineer နဲ့ အလုပ်သမားတွေက ပေါ်လစီအရ လက်အောက်ခံပါ။ အခုလို မြေထဲက ရေနံသော်လည်းကောင်း၊ ရေသော်လည်းကောင်း၊ ဓာတ်ငွေ့သော်လည်းကောင်း တစုံတရာ တွန်းကန်အားပြင်းထန်လာပြီဆိုရင် … ဘူမိဗေဒရဲ့အလုပ်က ထုံးစံအတိုင်း အသင့်ဆောင်ထားတဲ့ ရွံ့မှုန့်အိတ်တွေ၊ ဘိလပ်မြေအိတ်တွေကို ရေနဲ့လိုသလို အကျဲအပြစ်ဖော်စပ်ပြီး တွင်းထဲကို အမြန်မောင်းလောင်းထည့် ထိန်းချုပ်ရပါတယ်။ ပင်လယ်ရေပြင်အောက် ရေနံတွင်းတွေက ကုန်းတွင်းမြေပေါ် ရေနံတွင်းတွေထက် အဆများစွာ ထွက်နှုန်းများလေ့ရှိတဲ့အတွက် လက်ဦးအစ မြေအောက်တွန်းကန်အား (initial outburst pressure)က ပိုပြင်းထန်တယ် ဆိုတာ ဘူမိဗေဒပညာရှင်တွေ ကောင်းကောင်း သိပါတယ်။ ပြီး မလှမ်းမကမ်းမှာ bp တကုမ္ပဏီထဲက ထုတ်လုပ်နေတဲ့ အလားတူ ရေနက်ပိုင်းတွင်း deep water horizon နှစ်တွင်းလည်း ရှိနေပါတယ်။ ဆိုတော့ ခုလို တွန်းကန်အားကို ဖိနှိမ်မထားနိုင်လို့ ရေနံစိမ်းတွေ၊ ရေနံဓာတ်ငွေ့တွေ တူးစင်ပေါ်အထိ ပန်းတက်လာပြီး တူးစင်ပေါ်က တူးစက်အင်ဂျင်တွေ၊ လျှပ်စစ်မီးစက်အင်ဂျင်တွေနဲ့ ထိတွေ့ပေါက်ကွဲ မီးလောင်ရတာ ဖြစ်တယ်ဆိုတာကတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါကြောင့်လည်း တူးစင်ပေါ်ကလူတွေအားလုံး လက်လွတ် ခုန်ချ ထွက်ပြေးကြရတာပေါ့။ ဒါတောင် ၁၁ ယောက် သေကျန်ရစ်ခဲ့တယ်။
X X X
ကျုပ်တို့တိုင်းပြည်မှာလည်း ပြည်တောင်တန်းမှာတကြိမ်နဲ့ မန်း အစမ်းတွင်းတွေ တူးစဉ်ကာလကတကြိမ် လုပ်ငန်းကျွမ်းကျင်မှုတွေ နည်းသေးတဲ့အတွက် သည်လို အဖြစ်ဆိုးမျိုး ဆုံးရှုံးရမှုမျိုးနဲ့ ကြုံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ကုန်းတွင်းမြေပေါ် တွင်းတိမ်ကလေးတွေသာဖြစ်တဲ့အတွက် မြေအောက်တွန်းကန်အားကလည်း မပြင်းထန်တော့ အချိန်မီလည်း စက်တွေကို ပိတ်လိုက်နိုင် လူလည်း အသေအပျောက် မရှိခဲ့ပါဘူး။          ။
      အဲ … ဗမာ့ကမ်းလွန်ပင်လယ်ပြင်က တူးစင်တခုမှာတော့ သည်လို မီးလောင်ပေါက်ကွဲ ဆုံးရှုံးရမှုမျိုးကြုံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ကျုပ်တို့က နိုင်ငံခြား ရေနံကုမ္ပဏီတွေကို တင်ဒါခေါ် တူးခွင့်လိုင်စင်ထုတ်ပေး၊  တူးရမယ့် နေရာသတ်မှတ်ပေး၊  ပေါ်လစီ policy ချပေးပြီး  တူးခိုင်း … ပြီး … ရေနံထွက်လာခဲ့ရင် ရလာမယ့်အကျိုးအမြတ်အပေါ်မှာ ဗမာက ၅၁% တူးတဲ့ရေနံကုမ္ပဏီက ၄၉% စနစ်နဲ့ ခွဲဝေခံစားရေး သဘောတူစာချုပ်ချုပ် လုပ်ခဲ့ကြတာဆိုတော့ … ကျုပ်တို့ဘက်က ရေနံသိုက်လျှို့ဝှက်ချက် အနည်းငယ် သူတို့သိသွားရတာကလွဲလို့ ဘာမှ အဆုံးအရှုံး မရှိခဲ့ပါဘူး။ နိုင်ငံခြားရေနံကုမ္ပဏီကလည်း အခြေအနေ မလှတာနဲ့တပြိုင်နက် ၄ နာရီလောက် အချိန်စောပြီး တူးစင်ကို စွန့်ခွာလာနိုင်ခဲ့ကြပါတယ်။ ပေါက်ကွဲမီးလောင်ပြီး ကျန်ရစ်ဆုံးရှုံးခဲ့တယ်ဆိုတဲ့ တူးစက်တွေနဲ့ တူးစင်ကလည်း ထုံးစံအတိုင်း အာမခံထားရှိပြီးဖြစ်ကြတဲ့အတွက် ရေနံကုမ္ပဏီအနေနဲ့လည်း သိပ်ဆုံးရှုံးမယ် မထင်မိပါဘူး။ အမှတ်တရ … အဲသည်တုန်းက တူးစင်ကို နောက်ဆုံးမှ စွန့်ခွာလာခဲ့ကြသူတွေကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲ ခဲ့ကြတယ်။ ဗမာဘူမိဗေဒပညာရှင် တွေပါ။ အဲသည်တုန်းကလည်း ကျုပ်တို့ဗမာဘက်က နစ်နာဆုံးရှုံးမှုကလည်း မဖြစ်၊ တဖက်ကလည်း ကိုယ်မတတ်လို့ ကိုယ်မနိုင်လို့ ဘိုင်ကြံ ကြံပြီး နိုင်ငံခြားရေနံကုမ္ပဏီကို မျှော်လင့်ချက်ပေး တူးခိုင်းရတာ ဆိုတော့ လက်ညှိုးထိုးလို့ကလည်း မဖြစ်၊ ဒီလိုနဲ့ ငြိမ်နေလိုက်ကြရတာပါပဲ။ လူထုကလည်း ဘာမှ မသိလိုက်ရပါဘူး။ ဒါပေမယ့် ဗမာ့ရေနံလောကထဲမှာတော့ အများကြီးစကားပြောခဲ့ကြပါတယ်။ သင်ခန်းစာတွေလည်း အများကြီး ရလိုက်ပါတယ်။ တွင်းတူးရေနံကုမ္ပဏီသာ ဗမာဆိုရင် သည်လောက်အထိ လုပ်လာပြီးမှ သည်လိုဘူမိဗေဒပညာရှင်တွေရဲ့ စကားကိုနားမထောင်ဘဲ စက်တွေကို အားလုံးရပ်ပြီး အလွယ်တကူ လက်လျော့ စွန့်ခွာပါ့မလားပေါ့။ ဥစ္စာရင်မဟုတ်လို့သာ မစွန့်စား မကြိုးပမ်းတာပေါ့ … စသဖြင့်ပေါ့။ တနည်းအားဖြင့်တော့ လက်ညှိုးထိုးတာပါပဲ။
      အခု အမေရိကားမှာလည်း စကားတွေ ပွားနေကြပါပြီ။ တဖွဲ့နဲ့တဖွဲ့ … အပြန်အလှန် လက်ညှိုးထိုးနေကြတာ နားကြားပြင်း ကပ်လာတော့ … သူ ဆက် သည်းမခံနိုင်ဘူးလို့ သမ္မတကလည်း အပြတ်ပြောပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့လိုက်ပါပြီ။ ကွန်ကရက်လွှတ်တော်ထဲမှာ စစ်ဆေးကြားနားနေကြပါပြီ။ ရေနံတွင်းတူး လိုင်စင်ချပေးတဲ့ဌာနနဲ့ ရေနံကုမ္ပဏီတွေနဲ့က cozy relationship ပလဲနံပသင့်ကြပါပေတယ် လို့ ပြောလိုက်တဲ့အတွက်လည်း တာဝန်ရှိတဲ့ Minerals Management Service Agency ရဲ့အကြီးအကဲ Interior Secretary Ken Salazar ဆိုတဲ့ ပုဂ္ဂိုလ် သူ့ဌာနရဲ့ ပေါ့လျော့မှုပါလို့ ဝန်ခံပြီး ရာထူးကနေ နုတ်ထွက်သွားပါပြီ။ ရေနံတူးတဲ့ bp ကုမ္ပဏီ ဥက္ကဋ္ဌတို့၊ တူးစင်ဆောက်လုပ်ခဲ့တဲ့ transocean ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်တို့လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရှေ့မှောက်မှာ ရောက်နေကြပါပြီ။
ဒါပေမယ့် gulf of mexico ပင်လယ်ကွေ့ထဲမှာတော့ ရေနံတွေက ဆက်လက်ယိုဖိတ် ပြန့်နှံ့နေဆဲပါပဲ။ နောက်ဆုံး သတင်းအရဆိုရင် ရေနံစိမ်းဂါလံပေါင်း ၁၁ သန်းကျော်နေပါပြီ တဲ့။  ပြီး အယ်လ်ဘားမား ပြည်နယ် dauphin ကျွန်းကနေ လူဝီဆီယားနားပြည်နယ် grand Isle ကျွန်းအထိ  မိုင်ပေါင်း ၁၅၀ တိုင်တိုင် ရေနံစိမ်းတွေ ပြန့်နှံ့နေပါပြီ တဲ့။ ကမ်းရိုးတန်း ဒိုက်တောတွေမှာ နေကြတဲ့ ငှက်တွေလည်း ရေနံစိမ်းတွေလူးပြီး သေကြေပျက်စီး ကုန်ကြပါပြီ တဲ့။ အဲဒီပြည်နယ်ကမ်းရိုးတန်းတလျောက်က ကမ်းခြေရေဆိပ်တွေလည်း ဧည့်သည်လုံးဝမလာတော့ဘဲ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းကုန်ကြပါပြီ တဲ့။
X X X
သိတယ်နော် …၊ ရေနံစိမ်း ရေနံချေးဆိုတာ crude oil ဆီပဲလေ။ ဆီဆိုတာ ရေထက် သိပ်သည်းဆနည်းတော့ ပေါ့ပြီး ရေပေါ်မှာပဲ နေတာပေါ့။ ပြီး … မြေကြီးထဲက ရေနံဆိုတာကလည်း မြေလွှာ၊  ကျောက်လွှာ၊ ရေကြော၊  သဲကြောထဲမှာ သူချည့် သီးသန့် လိုဏ်ခေါင်းဖွဲ့နေကြတာမဟုတ်ဘူး။ သူ့သဘာဝက သဲကြောထဲမှာ သဲတွေက စုပ်ထားတဲ့အတွက် သဲတွေနဲ့ ရောနေတာ။ ဒါပေမယ့် သူ့အပေါ်က မဟာပထဝီမြေကြီးက ဘယ်လောက်ပဲ ဖိထားထား။ မြေလွှာ၊ ရေလွှာ၊ ကျောက်လွှာတွေကို ထိုးဖောက်ပြီးတော့ မြေပေါ် အလိုအလျောက် ပန်းထွက်မလာနိုင်ဘူး။ အဲဒါကို ရေနံတူးသူတွေက “လွန်နဲ့ လှည့်တူးပြီး ထွက်ပေါက်လုပ်ပေးမှ ထွက်လာနိုင်တာ။ ဒါလည်း ရေနံခိုအောင်းနေတဲ့နေရာ၊ ရေနံသဲကြောကို သံမဏိပိုက်လုံးတွေ ဆင့်ဆင့်ပြီး လွန်ရိုးလုပ်တပ်ထားတဲ့ “စိန်လွန်သွား ကြီးက တည့်တည့်မတ်မတ် ထောက်မိပါအုံးမှ။ တည့်တည့်မတ်မတ် ထောက်မိဖို့ဆိုတာကတော့ ရေနံဘူမိဗေဒပိုင်းရယ်၊ အနုမြူရောင်ခြည် ဘာသာရပ်ပိုင်းရယ်၊ ကံပိုင်းရယ်ပေါ့နော်။ မမြင်ရတဲ့ မြေကြီးထဲက တီကောင်ကို မြေပေါ်က အပ်နဲ့စမ်းထောက်ရသလိုမျိုး။ မလွယ်တော့ မလွယ်လှပါဘူး။      ။
      တချိန်က ကျုပ်တို့နိုင်ငံအတွက် ကမ်းလွန်ရေနံတွင်းတွေ တူးဖို့ဆိုပြီး ဂျပန်နိုင်ငံအစိုးရက တွင်း ၁၀ တွင်းစာ ကုန်ကျမယ့် ငွေကြေး ဒေါ်လာသန်း ဘယ်လောက်လဲမသိ ထောက်ကူခဲ့ဖူးပါတယ်။ တကယ်လို့ ရေနံထွက်လာခဲ့ရင် ဂျပန်နိုင်ငံကိုပဲ ကာလပေါက်ဈေးအတိုင်း ရောင်းပါ့မယ်ပေါ့။ ကတိစာချုပ်နဲ့လေ။ ဂျပန်နိုင်ငံက ရေနံလိုတယ်။ လက်ရှိ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ဝယ်ယူတင်သွင်းနေရတာ ခရီးလမ်းကထောက်တော့ စားရိတ်အကုန်အကျ များတယ်ပေါ့။ အမယ် … အပို တတွင်းစာ ငွေတောင် လက်ဆောင်ထပ်ပေးလိုက်သေး။ အားလုံးပေါင်း ၁၁ တွင်းကို အမေရိကန် ရေနံတွင်းတူး ကုမ္ပဏီတွေနဲ့ တူးတာ … ဘယ်မှာ ရေနံထွက်ခဲ့လို့တုန်း။
ဆိုလိုတာက ရေနံတူးတယ်ဆိုတာလည်း ကြေးကြီး လောင်းကစားနည်း တမျိုးပေါ့။ high roll gambling ပါပဲတဲ့။ ပြောစမှတ် ပြုကြတယ်။ အဲ … ရေနံထွက်ပြီဟေ့ဆိုရင်တော့ ထောပြီပဲ။ တွင်းဝကို ဘုံဘိုင်ခေါင်း တပ်၊ ပိတ်ထားလိုက်ပြီး လိုတဲ့အချိန်မှာ လိုသလောက်ထုတ်ယူပေတာ့။ ကျုပ်တို့ဗမာပြည်မှာကတော့ ပိတ်မထားနိုင်ပါဘူး။ စ ထွက်ပြီဆိုကတည်းက ထွက်သမျှ ရနိုင်သမျှကို နာရီစက္ကန့်မလပ် မရပ်မနား ထုတ်ယူနေရတာပဲ။ ဒါတောင် ပြည်တွင်းသုံးအတွက် မလောက်ဘူး။ ပြည်ပက သွင်းရသေးတယ်။ ကျုပ်တို့ရဲ့ ကုန်းတွင်း တွင်းတွေကလည်း တွင်းတိမ်လေးတွေဆိုတော့ သိပ် အထွက်မများပါဘူး။ အလွန်ဆုံးထွက်မှ တနေ့ ဆီပေပါ ၁၀၀ နဲ့ ၂၀၀ ကြားပေါ့။ ဒါတောင် စထွက်ထွက်ခြင်း ပန်းအားသန်တုန်း initial draw ရယ် … ။ နောက်ပိုင်းကျ လေးငါးဆယ်ထွက်ဖို့တောင် မောင်းတံနဲ့ စုပ်ယူရတယ်။ သည်နေရာမှာ ဗဟုသုတအဖြစ် ပြောရအုံးမယ်။
ပင်လယ်ရေပြင်အောက် ဓာတ်ငွေ့ရေနံတွင်းတွေက ရေနံထွက်တယ်ဆိုရင် အနည်းဆုံး တနေ့ စည်ပေပါ ထောင်ဂဏန်း၊ သောင်းဂဏန်းနဲ့ ချီ ထွက်လေ့ရှိတယ်။ BPD barrells par day လို့ သုံးတယ်။ အခု အမေရိကန်မှာ ပြဿနာတက်နေတဲ့ gulf of mexico ထဲက မီးလောင် ပေါက်ကွဲသွားရတဲ့ ရေနံတွင်းက ရေနံစိမ်းတွေ ယိုထွက်နေတာကိုပဲ ကြည့်။ တနေ့ ရေနံစိမ်းဂါလံပေါင်း ၅၄,၀၀၀၊ စည်ပေပါ တသောင်းကျော်ခန့် တဲ့။ တွင်းကလည်း ရေမျက်နှာပြင်အောက် ၁.၂ မိုင်အနက်က တွင်းကိုး …။ deep water horizon လို့ ခေါ်တယ်။
သည်နေရာမှာလည်း ဆန်းပြားတဲ့ ရေနံဘူမိဗေဒ ဗဟုသုတ တခု ပြောရဦးမယ်။ ရေနံထွက်နှုန်းကို ပြောပါတယ်။ ရေနံက မြေပုံမှာ (Longitude) လောင်တီကျုတွေနဲ့ မျဉ်းပြိုင်တည်နေတဲ့ ဒေါင်လိုက် ကမ်းရိုးတန်း (ဥပမာ … ရခိုင်ကမ်းရိုးတန်း၊ ဂျပန် ကမ်းရိုးတန်း) တွေရဲ့ ကမ်းလွန်ဒေသတွေမှာထက် (Latitude) လတ္တီကျူတွေနဲ့ မျဉ်းပြိုင်တည်နေတဲ့ ကန့်လန့်ကမ်းရိုးတန်းတွေရဲ့ ကမ်းလွန်ဒေသတွေမှာက ပိုလည်း အထွက်များတယ်။ ထွက်ဖို့လည်း ပို သေချာတယ်။ အဲဒါ ရေနံရဲ့သဘာဝပဲ။ လက်တွေ့ကြည့်လေ။ gulf of Mexico, gulf of Alaska, Persian gulf, gulf of Oman ။ ရေနံ အလျှံပယ် ထွက်နေတဲ့ ပင်လယ်ကွေ့တွေပဲ။ ကမ္ဘာမြေပုံကို ပြန်ကြည့်။
ကျုပ်တို့ရဲ့ မုတ္တမပင်လယ်ကွေ့ (gulf of martadan) ကရော … ကန့်လန့်ကမ်းရိုးတန်း မဟုတ်လား။ ဒါကြောင့်လည်း ကမ္ဘာအရပ်ရပ်က ရေနံဘူမိဗေဒပညာရှင်တွေက ကျုပ်တို့ရဲ့မုတ္တမ ပင်လယ်ကွေ့ရဲ့ အောက်မှာ ရေနံအိုင်ကြီး ရှိတယ်လို့ တညီတညွတ်တည်း ဟောကိန်းထုတ် မျက်စေ့ကျနေကြတာပေါ့။ လက်တွေ့ အထောက်အထားတခုကလည်း ရှိနေတယ်လေ။ တွင်းတတွင်းက ရေနံဓာတ်ငွေ့တွေ အလျံပယ်ထွက်နေတယ် မဟုတ်လား။ ထိုင်းနိုင်ငံကို လက်လွှဲရောင်းစားနေတာကိုပဲ တနှစ်ဒေါ်လာ ၄ ဘီလီယံ ရတယ်   ဆိုလားပဲ။
ဒါပေမယ့် နအဖ စစ်အစိုးရကလည်း ပါးပါတယ်။ လက်လွတ်စပယ် လုပ်မပစ်ပါဘူး။ တခုတော့ရှိတယ်။ သည်နှစ်က ပြည်တွင်းမှာ ရွေးကောက်ပွဲအကြိုနှစ်လေ။ သူတို့အာဏာတည်မြဲအောင်၊ သူတို့ပဲ အနိုင်ရအောင် ပြည်သူလူထုကို အတိုင်းအတာ တခုအထိတော့ အကျိုးပြုပြရမယ် မဟုတ်လား။ ပြည်သူလူထု ချမ်းသာအောင် … ပြည်သူလူထုက ထောက်ခံလာအောင် ဒီ မုတ္တမကမ်းလွန် စုဗူးကြီးကို ဒီနှစ် ဖောက်ပြတော့မယ် ထင်ပါရဲ့။ ဗမာပြည်မှာ နိုင်ငံခြားသား ရေနံသမားတွေ ခြေရှုပ်နေတယ်လေ။ မျက်နှာဖြူတွေထက် မျက်နှာဝါတွေ ပိုများတယ် ပြောကြတာပဲ
X X X
အဲ အမေရိကားမှာလည်း ကြုံကြိုက်ချင်တော့ အထက်လွှတ်တော်၊ အောက်လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲတွေက စတော့မယ်လေ။ ရေနံစိမ်းတွေ မတရား ယိုဖိတ်နေတာကို တလကျော်လာတဲ့တိုင်အောင် မပိတ်ဆို့နိုင်ရကောင်းလားလို့ စောစောပိုင်းက တာဝန်ရှိတဲ့ ရေနံကုမ္ပဏီကို ဝေဖန်လက်ညှိုးထိုးနေရာက … အခုတော့ အစိုးရကိုပါ ဝေဖန်ကဲ့ရဲ့လာကြပြီလေ ။ လကမ္ဘာနဲ့ အာကာသမှာ ခြေဆန့်နိုင်တဲ့နိုင်ငံက ရေအနက်တမိုင်ကျော်က ရေနံပိုက်ကျိုး ပိုက်ပေါက်ကို ပိတ်နိုင်ဖို့အတွက် ကျွမ်းကျင်သူနဲ့ ပစ္စည်းမရှိဘူးဆိုတာ ယုံတမ်းစကားလားတဲ့။ Republican ဖက်ကသတင်းစာတစောင်မှာ ပါလာတဲ့ ရုပ်ပြောင်တခုကို တွေ့လိုက်ရတယ်။
      အမှန်ကတော့ … သက်ဆိုင်ရာရေနံကုမ္ပဏီကရော၊ အစိုးရရဲ့ ကမ်းခြေစောင့်တပ်တွေကရော၊ အင်ဂျင်နီယာအဖွဲ့တွေရော၊ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ဒေသခံတွေကရော တနည်းမဟုတ် တနည်းနဲ့တော့ ကြိုးစားကာကွယ် ပိတ်ဆို့နေကြတာပါပဲ။ ဒါပေမယ့် ခုထက်ထိတော့  မအောင်မြင်သေးပါဘူး။ ရေနံစိမ်းတွေက ပိုတောင်ထွက်လာသလိုလည်း ပြောနေကြတာပဲ။ ဂါလံပေါင်း ၁၁ သန်းကျော် ပျံနှံ့နေပြီလို့လည်း သတင်းတွေ ကြားရတယ်။ ကမ်းခြေတွေအပေါ်အထိ ရောက်လာပြီဆိုတာလည်း တီဗီနဲ့ စာနယ်ဇင်းတွေမှာ တွေ့ရတယ်။ ဘာပဲပြောပြော၊ ကမ်းစပ်နေ ငှက်မျိုးနွယ်တွေနဲ့ ရေထဲက သတ္တဝါတွေတော့ သေကျေပျက်စီးကုန်ကြပြီ။ အဲဒီဘက်ခြမ်းကမြို့တွေမှာ ငါးပုဇွန်ဈေးတွေလည်း တက်ကုန်ကြပြီ။ ငါးပုဇွန်ဖမ်းရေလုပ်သားတွေလည်း ဘောင်ကျဉ်းပြီး ဒုက္ခရောက်ကုန်ကြပြီ။
အင်း …ကျုပ်က စဉ်းစားမိတယ်။ ကျုပ်တို့ရဲ့ပြည်တွင်းက ရေနံမြေတွေမှာ တွေ့ရလေ့ရှိတဲ့ ရေပေါ်ဆီစုတ်ယူကြပုံကို ပြန်မြင်ယောင်ပြီး အကြံပေးရရင်ကောင်းလေမလားပေါ့။ ရေနံမြေရှိရာမြို့တွေကို ရောက်ဖူးကြရင် တွေ့ဖူးမှာပါ။     ။
      သိတယ်နော်၊ ရေနံမြေတွေမှာ ထွက်လာတဲ့ရေနံတွေကို ပိုက်နဲ့သွယ်ပြီး ပထမအဆင့် လှောင်ကန်ငယ်လေးတွေထဲကို မောင်းထည့်တယ် မဟုတ်လား။ လှောင်ကန်ထဲရောက် အနယ်ထိုင်တော့ သူ့ သဘာဝအလျောက် … ရေနံဓာတ်ငွေ့ လေက လေသပ်သပ်၊ အပေါ်ဆုံးက၊ ရေနံဆိုတဲ့ဆီက ဆီသပ်သပ်၊ အလယ်ခေါင်က၊ ပြီး အလေးဆုံးဖြစ်တဲ့ ရေက ရေသပ်သပ်၊ အောက်ဆုံးက။ သုံးထပ်သုံးလွှာ ဖြစ်နေတာပေါ့။
အဲဒါကိုမှ အပေါ်က ခေါင်းတိုင်လုပ် အငွေ့တွေ ထုတ်ပစ်၊ ပြီး ပိုက်နဲ့သွယ် တနေရာမှာ စု မီးရှို့ပစ်။ ရေနံမြေတွေမှာ ဓာတ်တိုင်လိုထောင်ထားပြီး မီးရှို့ထားတဲ့ ဆယ့်နှစ်ရာသီ မီးတုတ်ကြီးတွေ မြင်ဖူးမှာပေါ့။ ကျန်တဲ့နှစ်လွှာမှာတော့ အပေါ်လွှာကဆီ၊ အောက်က ရေ လေ။ အောက်ကရေတွေကိုလည်း ဘုံဘိုင်ခေါင်း တပ်ထားတဲ့ လှောင်ကန်တွေဆိုတော့ ရေတွေကို ဖွင့်ထုတ်ချပစ်လိုက်တာပေါ့။ ဆိုတော့ကာ လှောင်ကန်ထဲမှာ ဆီပဲ ကျန်တော့တာပေါ့။ ဒါပေမယ့် အဲဒီဆီထဲမှာ ရေနည်းနည်းမှ ကျန်မနေအောင် သန့်ရတဲ့အခါကျတော့ ဖွင့်ထုတ်ချလိုက်တဲ့ ရေထဲမှာ ဆီအစအနပါလာတာ မြင်ရမှ ရပ်ရတာပေါ့။ နော့ ရေနဲ့ဆီခွဲရအောင်က ဇကာနဲ့စစ်လို့ ရေစစ်နဲ့စစ်လို့ ရတာမှ မဟုတ်ပဲ။
      ဆိုတော့ကာ ဖွင့်ထုတ်လိုက်တဲ့ရေထဲမှာ ဆီတွေ တစွန်းတစ ရောပါသွားရတယ် ဆိုပါတော့။ တွေ့ဖူး မြင်ဖူးမှာပါ။ မြောင်းကလေးလုပ်ပေးပြီး မြေကန်ကလေး တကန်ထဲ သွယ်ထုတ်လိုက်တဲ့အခါ၊ အဲဒီ ကန်ရေပြင်မှာ ဆီတွေ ဝေ့တက်နေတာလေ။ အဲဒီ ဝေ့တက်နေတဲ့ ရေပေါ်ကဆီတွေကို ကျုပ်တို့ဆင်းရဲသားမိသားစုတွေက ဘယ်လို လုပ်ယူကြတယ် မှတ်သလဲ။ သဲ့ပြီး ခပ်မယူပါဘူး။ လွယ်လွယ်လေးရယ်။ တဘက်၊ မျက်နှာသုတ်ပုဝါ မွှေးပွနဲ့ လွှားအုပ်ယူတာပေါ့။ ပုဝါက ချည်ထည် ၀ါဂွမ်းဆိုတော့ ဆီကို စုပ်တယ်လေ။ အဲဒီ မျက်နှာသုတ်ပဝါကိုမှ လက်ဆွဲပုံးထဲညှစ်ချ။ လုပ်ပါလေ့ အကြိမ်ကြိမ်။ ရေပေါ်ကဆီ ကုန်ရော
      ကျုပ်က ဒီနည်းကို ပြန်တွေးမိပြီး ပြသနာဖြစ်နေတဲ့ ရေနံကုမ္ပဏီကို လှမ်းအကြံပြုရ ကောင်းမလား စဉ်းစားတုန်းရှိသေးတယ်။ bp က လုပ်နေပြီ။ ရေနံထည့် သံလှောင်ကန်ကြီးတွေ ပင်လယ်ပြင်ချပြီး ရေပေါ် ရေနံစိမ်းတွေကို စုပ်ထည့်နေလေရဲ့။ သူတို့ကတော့ စက်တွေနဲ့ တွန်းသင်္ဘောတွေနဲ့ဆိုတော့  မျက်နှာသုတ်ပဝါထက် မြန်တာပေါ့။ အမယ် … ပထမ ရက်တုန်းကတော့ ဂါလံပေါင်း ၄၁,၀၀၀ ၊ နောက်ပိုင်းတော့ တနေ့ … ၉၂,၄၀၀ ထိတောင် ပြန်စုပ်ယူနိုင်တယ်ဆိုပဲ။ ပင်လယ်ပြင် ညစ်ညမ်းမှုလည်း သက်သာ၊ ကုမ္ပဏီလည်း နည်းနည်း ပြန်ဝင်ငွေရတာပေါ့။ ဒါပေမယ့် အရပ်ကတို့ရေ … အခြေအနေ မကောင်းပါဘူး။ တပတ်မပြည့်ခင်မှာဘဲ စုပ်ယူနေတဲ့သင်္ဘောနဲ့ သံကန်တွေပါ ပေါက်ကွဲမီးလောင်သွားရတယ်။ အခုဆိုရင် အမိန့်ထပ်ထုတ်လိုက်ပြန်ပြီလေ …။ အဲသည် ရေနံစိမ်းတွေ မျောပါပျံ့နှံ့နေတဲ့ ပင်လယ်ပြင်ပေါ် … ဘယ် စက်တပ်ရေယာဉ်မှ ဖြတ်သန်းမောင်းနှင်ခြင်း မပြုရ … တဲ့။
မျက်နှာသုတ်ပဝါစနစ်လည်း မကယ်နိုင်ပါလား။
      ဒါပေမယ့် လက်မလျော့ကြပါဘူး။ အခု top kill စနစ်တဲ့။ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မေလ၂၆ ရက်က စမယ်။ သည်စနစ်က အသစ်တော့မဟုတ်ပါဘူး။ တူးစင်ပေါ်က စနစ်ပါ။ ရွှံ့စေးမှုန့်တွေ၊ ဘိလပ်မြေတွေနဲ့ ရေနံယိုထွက်ပေါက်တွေပေါ်  လောင်းချ ပိတ်ပစ်တဲ့ စနစ်ပါ။ အောင်မြင်ဖို့ မျှော်လင့်ချက်ကတော့ နည်းပါတယ်။ ဒါပေမယ့် …
မောင်သာရ
(မိုးမခ မှတ်ချက် - ဆရာမောင်သာရဆီက စာမူရရှိပြီး စာစီနေတုန်းမှာပဲ ယနေ့ တီဗီသတင်းအရ - Top Kill စနစ်လည်း မအောင်မြင်ပါဘူး … တဲ့)
တိုင်းပြည်လည်း နာလှပြီ
မြင့်မောင် | တနင်္လာနေ့၊ မေလ ၃၁
(ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲယင်း အတွေ့အကြုံ )
နယူးဒေလီ (မဇ္ဈိမ)။    ။ ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ 
၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာ အထက်မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်း မိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ် ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။
ထို့နောက် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း ကျည်ရွာအနီးသို့ ရောက်ရှိစဉ် စစ်အစိုးရဖွဲ့ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ စွမ်းအားရှင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည်နှင့် တွေ့ကြုံ ခဲ့ကြရသည်။ 
ထိုဖြစ်ရပ်အတွင်း ပါတီအဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ ၇ဝ ထက်မနည်း သေဆုံးခဲ့ကာ၊ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံများက ပြောသည်။ 
သို့သော် စစ်အစိုးရက လူ ၄ ဦး သေဆုံးကာ၊ ၅ဝ ခန့် ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်ဆိုးတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြန်လည်ပြောဆိုချက်များ တင်ပြလိုက်ရပါသည်။
ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု
ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ်ကစပြီး စည်းရုံးရေးထွက်တဲ့ အချိန်တုန်းက အတားအဆီး၊ အပိတ်အပင်တွေ လုပ်တာတွေ ရှိတယ်။ နောက်ပိုင်းမှာကျ ပိုပြီးတော့ လုပ်လာတာကို တွေ့ရတယ်။ အထူးသဖြင့် ဘယ်မှာများလဲ ဆိုတော့။ စတာက မြစ်ကြီးနားက စပြီးတော့ စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့၊ ဘာတို့က ကားနောက်ကနေ လိုက်အော်တာတို့၊ ကိုယ်ကို ထိတာပုတ်တာတို့ကတော့ ရှိတာပေါ့။ ဗန်းမော်ဝင်တုန်းကလည်း အဲဒီလိုပဲ။ နောက် မိုးကုတ်ဝင်တော့ကာ သိပ်ပြီး လိုက်လာတာ မတွေ့ရဘူး။ မိုးကုတ်ရောက်တော့ မိုးကုတ်သူ မိုးကုတ်သားတွေက တခဲနက်ကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး ဆုတောင်းကြတယ်။ အဲဒီလို အောင်မြင်ပြီးတော့ လာတာကို တားစီးချင်တဲ့၊ ပိတ်ဆို့ချင်တဲ့ သဘောတွေက ပြင်းထန်လာတဲ့ သဘောတွေ ရှိတယ်။
ဘယ်မှာစဖြစ်လဲဆိုတော့ မိုးကုတ်ကနေ သပိတ်ကျင်းကို ထွက်လာတဲ့အချိန်မှာ နည်းနည်းလေး ညနေပိုင်း စောင်းသွားတော့ ဒေါ်အောင်ဆန်းစုကို လာပြီး ကြိုဆိုတဲ့ လူအုပ်ကြီးကလည်း များတယ်။
သတင်းတွေကတော့ ရတယ်။ စာရွက်တွေနဲ့လည်း ရတယ်၊ လူကိုယ်တိုင်လာပြီး သတင်းပို့တာတွေလည်း ရတယ်။ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ဒုတ်တွေ၊ ဓားတွေ၊ လောက်လေး (ဘတ်ခွ) တွေနဲ့ လာပြီး နှောင့်ယှက်ဖို့ ရှိတယ်။ လမ်းမှာ လာတဲ့ လူတွေကတော့ လောက်လေးတွေနဲ့ ပစ်တာခတ်တွေတော့ စပြီး ဖြစ်နေပြီ။ လာတဲ့ လူတွေက လမ်းမှာ စစ်တာဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အစည်းအဝေးက ညနေပိုင်းမှာ လူ ၄ဝဝဝ၊ ၅ဝဝဝ လောက်ရှိတယ်။  အောင်မြင်သွားတယ်။ 
ကျနော်တို့က အဲဒီကနေ ထွက်လာတဲ့ အချိန်ကျတော့ အခြေအနေက တော်တော်ကို ဆိုးတယ်။ ထွက်လာပြီး မကြာခင်မှာ ဒိုင်နာကားကြီးတွေနဲ့ ကျနော်တို့ကားကို ရှေ့နဲ့နောက်နဲ့ ပိတ်ကြီးတော့ အပေါ်မှာရှိတဲ့ အသံချဲ့စက် ၄ ခုလောက် တပ်ထားပြီးတော့၊ အကြီးအကျယ် အော်ပြီးတော့ နယ်ချဲ့အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒ ကန့်ကွက်ကြ၊ ပြည်ဖျက်မ စုကြည် ဆိုတာတွေ ဘာတွေကို အော်တယ်။ အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရဲမှူးကြီး၊ တပွင့်၊ နှစ်ပွင့်၊ အကြပ်တွေလည်း ရှိတယ်။ 
သူတို့က ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ လုပ်တာကို မပြောရဲဘူး။ သူတို့ ကြောက်တယ်။ ကျနော်တို့ကားတွေကို အတင်းပဲ သွားပါသွားပါ ပြောတယ်။ သူတို့က သွားပါသွားပါ ပြောပေမယ့် ရှေ့ကပိတ်ထားတော့ ဘယ်လိုသွားလို့ ရမလဲ။ အဲဒီနေရာမှာ တော်တော်ကို မှောင်သွားပြီ။ အဲဒီကနေ ထွက်လာတော့ စဥ့်ကူးကို ဝင်သွားပြီ။ အဲဒီကားကြီးတွေကလည်း နောက်ကနေ အော်ရင်း လိုက်တယ်။ စဥ့်ကူး အဖွဲ့ချုပ်ရုံးမှာ စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ အဲဒီမှာ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ အဲဒီမှာ ည ၈ နာရီလောက် ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့တည်းတဲ့ အိမ်ကို လောက်လေးတွေနဲ့ ပစ်တယ်။ ခေါင်မိုးတွေကိုလည်း မှန်တယ်။ 
ပစ်လိုက်တဲ့ လောက်လေးဆံက ကျနော်တို့နားလည်း ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရဲစခန်းကို အမှုဖွင့်ဖို့ ပြောတဲ့အခါကျတော့ ကျနော်သွားပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်တာကို ရဲစခန်းက လက်မခံဘူး။ လက်မခံတဲ့ အခါကျတော့ ကျနော်က ပြောတာက ပထမ FIR လာပြီးဖွင့်ရင် တိုင်တဲ့ဟာကို လက်ခံရမယ်၊ လက်မခံရင် တရားစွဲနိုင်တယ်လို့။ အဲဒီတပ်ကြပ်က ကောင်းပြီဆိုပြီး လူကြီးတွေကိုပြောတော့ လက်ခံမယ်ဆိုပြီး ပြောတော့  ရဲစခန်းမှူးတွေက လိုက်လာပြီးတော့ အမှုဖွင့်တယ်။ 
အမှုဖွင့်နေစဉ်အတွင်းမှာ ကားတစီး ဝင်လာတယ်။ ကားပေါ်မှာ ပတ်တီးစည်းထားတဲ့ လူတယောက်ပါတယ်လို့ ရဲတယောက်က လာပြောတော့ ပြာပြာသလဲ ထသွားတယ်။ ဘာဖြစ်လို့ ပြာပြာသလဲ ထသွားလဲဆိုတော့ ဒဏ်ရာရတဲ့လူက ကြံ့ဖွတ်ထဲတယောက် လောက်လေးခွမှန်လို့ ပတ်တီးစည်းပြီးတော့ လာတိုင်တာ။ ဒီမှာ တိုင်နေတဲ့ တိုင်ချက်က မပြီးသေးဘူး၊ ကမန်းကတန်း ထသွားပြီးတော့ ဟိုဘက်က တိုင်ချက်သွားဖွင့်တာတို့၊ ဘာတို့ လုပ်တယ်။ 
ဒီဘက်မှာက တိုင်ချက်ဖွင့်တာကိုတော့ ကျန်တဲ့လူနဲ့ ပြီးအောင် လုပ်လိုက်တာပေါ့လေ။ ဆိုလိုတာက ဘာပြောချင်လဲဆိုတော့  အဲဒီအဖွဲ့အစည်းက ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ဆိုရင် ဝန်ထမ်းလောက၊ အထူးသဖြင့် ရဲတို့၊ အုပ်ချုပ်ရေးအပိုင်းက လူတွေက တော်တော်ကို ကြောက်တဲ့သဘော ရှိတယ်။ ဒီကိစ္စကို မေးကြည့်တော့ ဒေါ်အောင်ဆန်စုကြည်ကို ကြိုဆိုတဲ့လူတွေကို သူတို့က ကားနဲ့ ဖြတ်သွားရင်းနဲ့ အပေါ်ကနေပြီးတော့မှ လောက်လေးခွတွေ၊ ခဲတွေနဲ့ ပစ်တယ်။ အောက်ကကောင်တွေက မခံချင်တာနဲ့ နေရာမှာရှိတဲ့ လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ ပြန်ပစ်လို့ မှန်သွားတယ်လို့ ပြောတာပါ။
အဲဒီညက တော်တော်ကို မှောင်သွားတော့ ဘဘကတော့ တော်တော်ကို စိုးရိမ်တယ်။ စဥ့်ကူးအထွက်နဲ့ ခြေတောက်ပေါက် အသွားမှာ လမ်းမှာ ရိုက်ကြမလားဆိုပြီးတော့ စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်တဲ့ လုပ်ရပ်တွေက ဆိုးဆိုးရွားရွား ဖြစ်နေလို့ပါ။ ဒါပေမဲ့ စဥ့်ကူးမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေရော၊ ယောက်ျားတချို့ကရော၊ သံဃာတော်ကရော ခြေထောက်ပေါက်ကို သန်းခေါင်အချိန်လောက်မှာ လိုက်ပို့ကြတယ်။  
ခြေထောက်ပေါက်မှာ တရားပွဲ လုပ်တော့လည်း လူတွေက အုပ်လိုက်လာကြတာပဲ။ အဲဒီလာတဲ့အခါမှာ တားတာဆီးတာ၊ ခရာတွေမှုတ် ဘာတွေမှုတ်နဲ့၊ လူထုက မကျေမနပ်ဖြစ်နေကြတယ်။ အဲဒီမှာ ဘဘတို့ ပြောရတယ်၊ လမ်းနဲ့ ပတ်သက်ပြီးတော့ အကျယ်ကြီး ပေးထားတာပဲ ဘာဖြစ်လို့ ဒီကားတွေက မသွားဘဲ၊ မလာဘဲနဲ့ ဘာဖြစ်လို့ ခရာမှုတ်နေရတာလဲလို့ ပြောလိုက်တော့မှ ခရာသံ တိပ်သွားတယ်။ တရားပွဲတွေဘာတွေ လုပ်ပြီးတော့ ဘဘတို့ မတ္တရာကို ထွက်လာတယ်။ မတ္တရာထွက်လာတဲ့အချိန်မှာ အလားတူပဲ ဖြစ်တယ်။ မတ္တရာ လမ်းမှာတော့ အနှောင့်အယှက် မရှိဘူး။ 
ဘာဖြစ်လို့လဲဆိုတော့ လူတွေက နောက်ကနေ တပါထဲ ပါလာခဲ့တယ်။ မတ္တရာရောက်တော့ နေလည်စာ စားပြီးတော့ လူအုပ်ကြီးက အဖွဲ့ချုပ်ကြိုဆိုတဲ့ တိုက်ရှေ့မှာ ခြံဝင်းကြီး ရှိတယ်။ ခြံဝင်းထဲမှာ လူတွေက ပြည့်နေတယ်။ ခုနတုန်းက လိုက်လာတဲ့ လူတွေက အဲဒီလူအုပ်ထဲ ဝင်ပြီးတော့ အသံချဲ့စက်တွေ ဖွင့်တယ်၊ သံပုံးတွေ တီးပြီးတော့ ခုနကပြောခဲ့တဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်တယ်။ လူတွေက မကျေနပ်ဘဲ သူတို့နဲ့ ကတောက်ကဆဖြစ်ပြီးတော့ အဲဒီနားမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေ၊ ဘုန်းကြီးတွေ ဆင်းလာပြီးတော့ သူတို့ကို လိုက်တားတယ်။ ထော်လာချီကားပေါ်က  ဘုန်းကြီးတွေကို လောက်လေးခွနဲ့ လိုက်ပစ်တယ်။ 
အော်တဲ့လူတွေက ဘုန်းကြီးတွေလည်း ရောက်လာတော့ သူတို့လည်း အကုန်လုံး ထွက်ပြေးကြတယ်။ မတ္တရာ ထွက်လာပြီးနောက် တလမ်းလုံးက အနှောင့်အယှက် ဖြစ်တော့တာပါပဲ။ မန္တလေးရာက်တော့ တရက်၊ ၂ ရက်နေတော့ ဘာမှမဖြစ်ဘူး။ မန္တလေးက ထွက်တဲ့အချိန်  မေလ ၂၉ ရက်နေ့မှာ မုံရွာဘက်ကို ထွက်တယ်။ မုံရွာဘက်ကို ထွက်တော့ မြင်းမူအရောက်မှာ သတင်းရတယ်။ 
အဖွဲ့ချုပ်က ဘာပြောလဲဆိုတော့ မုံရွာဘက်မှာ လူတစု  စုပြီးတော့ ရိုက်မယ်ပြုမယ်နဲ့ လူစုနေကြတယ်လို့ အဲဒီလို ပြောတယ်။ ပြောတဲ့အခါကျတော့ ရန်ကုန်မှာရှိတဲ့ အဖွဲ့ချုပ်က ခေါင်းဆောင်တွေကလည်း ဒီသတင်းရတယ်။ ဘဘက ဥက္ကဋ္ဌ ဦးအောင်ရွှေကို ခေါ်တယ်၊ ဦးအောင်ရွှေကလည်း ဘဘကို ခေါ်ဖို့ ကြိုးစားရင်းနဲ့ နှစ်ယောက်ဆုံတယ်။ ခုနကပြောသလို သတင်းရတယ်။ သတင်းရတဲ့အတွက် သက်ဆိုင်ရာ အကြီးအကဲတွေကိုတော့ သတင်းပို့ထားပြီးပြီ။ ခင်ဗျာတို့ သွားတဲ့အခါ သတိထားသွားပါ၊  စသဖြင့် အဲဒီလို ပြောတယ်။ 
ဘဘကလည်း ဒီမှာရှိတဲ့ လုံခြုံရေး အသိုင်းအဝိုင်းကိုလည်း အကြောင်းကြားထားပြီးပြီ။ တတ်နိုင်သလောက် လုံခြုံရေးစောင့်ရှောက်ဖို့ ပြောထားတယ်။ အဲဒီလိုပြောပြီးတော့ မြင်းမူကနေ စထွက်ကြတယ်။ အဲဒီကနေ စထွက်တဲ့ အချိန်ကစပြီး အော်တာတွေ ဘာတွေလည်း ပါတယ်။  မုံရွာမရောက်ခင် မြို့ဝင်မှာကတည်းက လူအုပ်က အများကြီး ဖြစ်နေပြီ။ 
နေရာတနေရာမှာ ဆန့်ကျင်ဘက် အော်မယ့်သူရော၊ အော်ရုံတင်မကဘူး နှောင့်ယှက်ဖို့ တော်တော် ကြမ်းကြမ်းတမ်းတမ်း နှောင့်ယှက်ဖို့ ပြင်နေတဲ့ လူ ၄-၅-၆ဝ လောက်က လမ်းအကွေ့လေးနားမှာ ဆန့်ကျင်ဖို့၊ ပြုဖို့ နည်းနည်းလေး အကြမ်းဖက်ချင်တဲ့သဘော သူတို့ အမူအရာတွေက မကောင်းဘူး။ ကျနော်တို့ကို ဘယ်သူက စောင့်ရှောက်လဲဆိုတော့ မုံရွာက လူငယ်တွေလည်း ပါတယ်။ မြို့လူထုလည်း ပါတယ်။ နောက် မုံရွာက သံဃာတော်တွေရော၊ မန္တလေးဘက်က လိုက်လာတဲ့ သံဃာတွေလည်း ပါတယ်။ ဆိုတော့ သူတို့ ဝိုင်းဝန်းပြီးတော့ အတားအဆီး အပိတ်အပင်လုပ်လိုက်တဲ့အခါ ဘာမှ မဖြစ်သွားဘူး။ အဲဒီအချိန်မှာ မှောင်စပြုနေပြီ။ အဲဒီကနေ လာလိုက်တာ ဆိုင်းဘုတ်တင်မယ့် နေရာကို ည ၈ နာရီ နီးပါးလောက်မှာ ရောက်တယ်။ 
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လူထုက လာရောက်ထောက်ခံကြိုဆိုတဲ့ အထဲမှာ မိုးကုတ်နဲ့ မုံရွာက အများဆုံး ဖြစ်တယ်။ မုံရွာအဝင်မှာ မှောင်နေတဲ့အတွက် ဖယောင်းတိုင်တွေထွန်းပြီး လိုက်ကြတဲ့သူတွေက အများကြီးပဲ။  အဲဒီမှာ အဖွဲ့ချုပ်ရုံးရောက်တယ်။ အဖွဲ့ချုပ်ရုံးမှာ ဆိုင်းဘုတ်တင်ပြီးတော့ကာ  မုံရွာအဖွဲ့ချုပ်က စည်းရုံးရေး ပုဂ္ဂိုလ်တွေကို ဖမ်းချုပ်တယ်။ ခေါ်ပြီးတော့ မေးတယ်။ ဗဟိုကတော့ ကျနော်တို့က အမိန့်ရတယ်။ မြို့နယ်က သက်ဆိုင်ရာ မယကကို ခွင့်မတောင်းဘူးဆိုပြီးတော့ ဖမ်းချုပ်တယ်။
အဲဒီဟာတွေကို ရှင်းရလင်းရတာ လုပ်ပြီးတော့၊ ပြေလည်တော့ သွားတယ်။ ဘဘတို့က ဗဟိုက အမိန့်စာနဲ့ လာတဲ့အတွက် ပြောလည်တော့ သွားပြီ။ ဒါပေမဲ့ အဲဒီမှာစပြီး ပဋိပက္ခလေးတော့ ရှိနေကြပြီ။ တည်းတဲ့ အိမ်ရောက်တော့ ၁၁ နာရီလောက် ရှိပြီ။ အဲဒီမှာ လူငယ်ဖွဲ့စည်းပုံအရ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။  
လုပ်တဲ့အချိန်မှာ အောက်မှာက သင်္ကန်းဝတ်တချို့က  တကာမကြီး တွေ့ချင်လို့ ဆင်းခဲ့ပါတို့ ဘာတို့ပေါ့လေ။ နောက်ပြီး တရားဟောပါပေါ့လေ။ ဘုန်းကြီးတို့ စောင့်နေပါတယ်ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောတယ်။ ခဏသွားပြီးတော့ ပြေလည်အောင် လုပ်ပေးပါဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ ဘဘဆင်းသွားတယ်။ ဆင်းသွားတဲ့အခါကျတော့ သူတို့ကို တွေ့တယ်။ သူတို့ အမူအရာက မကောင်းဘူး။ ရန်လိုတဲ့ အမူအရာ ဖြစ်နေတယ်။ 
ဘုန်းကြီးအစစ်တော့ မဟုတ်ဘူး။ သင်္ကန်းဝတ်ထားတဲ့ လူတွေ ဖြစ်တယ်။ သူတို့ရဲ့ အမူအရာက ရန်မူတဲ့ အမူအရာတွေ ဖြစ်နေတော့ ဘဘက တောင်းပန်တယ်၊ ရှစ်ခိုးပြီးတော့ အရှင်ဘုရား ညဥ့်လည်း နက်ပါပြီ၊ တကာမကြီးလည်း အလုပ်က မပြီးသေးပါဘူး။ တနေ့လုံးလည်း ပင်ပန်းနွမ်းနယ်လှပါတယ်။ ဒါပြီးရင်လည်း နည်းနည်းနားဖို့ လိုပါတယ်။ ဆရာတော်အနေနဲ့ မနက် အာရုံဆွမ်းဖိုးပေးပြီးတော့ ပြန်ကြွလာလို့ ရှိရင်လည်း တကာမကြီးကို တွေ့နိုင်ပါတယ်လို့ လျှောက်ထားတယ်။
မတွေ့နိုင်ဘူး၊ မပြန်နိုင်ဘူး။ ဒီနေ့ည ဒီတကာမကြီးကို မတွေ့ရရင် ကျုပ်မပြန်ဘူး။ ခေါ်လာခဲ့၊ ဆင်းပေးပါ။ တပည့်တော်က ခေါ်ပြီး ဆင်းခိုင်းလို့ မရဘူး။ အပေါ်မှာ သူ အလုပ်လုပ်နေတယ်။ ပြီးရင် သူ အနားယူပါမယ်။ အလုပ်လုပ်ရင် ည ၁၂ နာရီ၊ ၁ နာရီထိ ရောက်သွားမယ်။ သူအိပ်ချိန်က ၂ နာရီ၊ ၃ နာရီလောက်ပဲ ရှိမယ်။ ဆရာတော် သံဃာတော်ရှင်မြတ်များအနေနဲ့ ကျောင်းကို ပြန်ပြီး အေးအေးဆေးဆေး ကြွပါ။ ပြီးတော့မှ တရေးတမော အိပ်ပြီးတာ့မှ ပြန်လာပါပြောတာကို မရဘူး။ ပူညံပူညံ လုပ်နေတဲ့အခါမှာ ဘေးနားမှာရှိတဲ့ လူတွေက ရပ်ကြည့်နေကြတာပေါ့။ တခြားတဖက်မှာရှိတဲ့ လူငယ်တွေက ကျောင်းသားတွေ ရောက်လာကြတယ်။ သူတို့ကလည်း အဲဒီလို ဘုန်းကြီးတွေ လုပ်နေတာကို မကြိုက်ဘူး။ မကြိုက်တဲ့ အမူအရာကို လူအုပ်က ပြတဲ့အခါကျမှ သူတို့က ယောင်ချာ၊ယောင်ချာနဲ့ ပြန်သွားကြတယ်။ 
စိတ်ထဲမှာတော့ သိနေတယ်။ မနက်ဖြန်တော့ တခုတခုတော့ လုပ်မှာပဲဆိုတာ သိနေတယ်လေ။
တကယ်တမ်းကျတော့ ဘေးကနေ လုပ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထပ်ထပ်ရနေကြတယ်။ ဒါနဲ့ မုံရွာကနေ ထွက်တော့ လိုက်ပို့တဲ့ လူအုပ်က မနည်းဘူး။ သံဃာတော်တွေရော၊ မုံရွာက ကျောင်းသားတွေရော၊ မန္တလေး စစ်ကိုင်းဘက်က ပါလာတဲ့ အမျိုးသမီးအဖွဲ့တွေရော ကားတန်းတွေက အရှည်ကြီးပေါ့။ အဲဒီမှာ ရှေ့ဆက် တော်တော်လေးသွားတဲ့ အခါကျတော့ ဘုတလင်လောက် ရောက်ခါနီးတော့ ဘာသိလဲဆိုတော့  နောက်က လိုက်လာတဲ့ ကားတွေကို ဖမ်းတယ်၊ ဆီးတယ်၊  တားတယ်၊  ပိတ်တယ်တွေ လုပ်တယ်လို့ ကြားတယ်။ 
အဲဒီနောက် ကားတွေက ပါမလာဘူး။ ကားတော်တော်များများက ပါလာတယ်။ အမြှီးပိုင်းလေးလောက်တော့ ကျန်ခဲ့တယ်။ ဘုတလင်မှာ အစည်းအဝေးလုပ်တယ်။ လူငယ်တွေ ဖွဲ့စည်းတာတွေ လုပ်တယ်။
ပြီးသွားတဲ့အခါ နောက်အဖွဲ့တွေ မလာသေးတဲ့အတွက်ကြောင့် သွားခေါ်ဖို့ လူလွှတ်လိုက်တဲ့ အခါကျတော့ ဘဘတို့ ရှေ့ဆုံးက လမ်းပြတဲ့ ကားကို ပြန်လွှတ်လိုက်တယ်။ အဲဒီကားလည်း ပြန်မလာဘူး။ အဲဒီမှာ အခြေအနေကတော့ သိပ်မကောင်းတော့ဘူး။ နည်းနည်းတော့ အဖမ်းအဆီး၊ အချုပ်အနှောင်တွေက များနေပြီ။ ဘုတလင်မှာ အားလုံးပြီးသွားတဲ့ အချိန်မှာ ၄ နာရီခွဲ ရောက်ပြီ။ 
၅ နာရီလောက်မှာ ဘုတလင်က ထွက်လာတယ်။ လမ်းမှာရှိတဲ့ ရွာတွေက ကြိုတာတို့၊ ပန်းကုံးဆွတ်တာတို့ လုပ်တာတွေ ရှိသလို တချို့နေရာတွေက ၁ဝဝ-၁၅ဝ လောက်ရှိတဲ့ လူတွေက တလျှောက်လုံး မပြတ်ဘူး၊ ရှိနေကြတယ်။ တချို့ရွာတွေက တရားဟောခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရားမဟောနိုင်တော့ပါဘူး။ လာကြိုတဲ့ လူတွေကို လက်ကလေးပြပြီး ပြန်နှုတ်ဆက်ပြီးလာခဲ့တဲ့ အချိန်မှာ စိုင်ပြင်ကြီးဆိုတဲ့ နေရာကို ရောက်တယ်။ အဲဒီကို ရောက်တဲ့အချိန်က သိပ်မမှောင်သေးဘူး၊ အလင်းရောင် ရှိတယ်။ 
ဘယ်အချိန်လောက် ရှိမလဲဆိုတော့ ည ၆ နာရီခွဲလောက် ရှိမယ်။ အလင်းရောင် ကျန်သေးတော့ အဲဒီကို ဝင်လိုက်တယ်။ ဝင်လိုက်ရတဲ့ အကြောင်းအရင်း တခြားမဟုတ်ဘူး။ စိုင်ပြင်ကြီးရွာကို ကိုဝင်းမြင့်အောင် ဒီပဲယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ သူက အဖမ်းခံထားရတယ်။ သူ့မိသားစုတွေကို အားပေးစကားပြောဖို့ ဝင်လိုက်တယ်။ ဝင်လိုက်တဲ့အချိန်မှာ အပြင်မှာ လူအုပ်ကြီးက အများကြီး ရောက်လာတယ်။ 
လူကတော့ ၄-၅ဝဝဝ လောက် ရှိမယ်။ တချို့ကလည်း သူတို့ကားနဲ့ သူတို့ ဆိုင်ကယ်တွေနဲ့ လိုက်လာကြတယ်။ ပြန်ခါနီးကျတော့ ထွက်လို့ မရဘူး။ ပြောရဟောရ တောင်းပန်ရ လုပ်ရသေးတယ်။ စကားပြောတဲ့အချိန်မှာ အချိန်လေးက ရသွားတော့ ထွက်တဲ့အချိန်က မှောင်စပြုနေပြီ။ စိုင်ပြင်ကြီးက ထွက်လာတဲ့အချိန်က မှောင်စပြုနေပြီ။ ထွက်တဲ့အချိန်မှာ လမ်းပြတဲ့ ကားက မုံရွာဘက် ပြန်သွားတာ ပြန်မလာတော့ ဒေသခံ လမ်းပြ ဂျစ်ကားလေးက ရှေ့က မောင်းပြီးတော့ နောက်ကလိုက်တဲ့ ဘဘကား (တောင်းအေစ့်) က ရှေ့ဖြစ်သွားတယ်။
ဘဘကားနောက်က ဒေါ်အောင်ဆန်းစုကြည်ကား၊ နောက်က မန္တလေး စစ်ကိုင်း မုံရွာတို့က လိုက်ပို့တဲ့ ကားတွေဗျာ။ စိုင်ပြင်ကြီးအထွက်မှာ ကားက တခါရပ်တာ တွေ့လိုက်ရတယ်။ ကျနော်ကလည်း ရပ်စောင့်နေတယ်။ တခါပြန်ထွက်လာတော့ ကျည်ရွာကို ရောက်တယ်။ ကျည်ရွာမှာ တခါရပ်တယ်။ ကျည်ရွာမှာ ရပ်တဲ့ အချိန်မှာ နည်းနည်းလေး ကြာတယ်။ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် ကြာမယ်ထင်တယ်။ ဘဘက ကားကို ရပ်စောင့်တယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်လာပြီး မကြာဘူး သူ့ကားကို ရပ်လိုက်တယ်။ ဘဘတို့ကားလည်း ရပ်လိုက်တယ်၊ သိပ်မကြာဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်က လိုက်လာတဲ့ ကားတွေ ရောက်လာတယ်။ 
ကလေးတွေက မော်တော်ဆိုင်ကယ်နဲ့ ဘုန်းကြီးတွေ တင်လာတာတွေ အများကြီးပဲ။ သူတို့က အုပ်ကြီးလိုက် ရောက်လာတယ်။ ကျည်ရွာမှာ ရှိနေတဲ့ ကားတွေကို နောက်က လိုက်လာတဲ့ ဒိုင်နာကားပေါ်က လူတွေက ရိုက်ကုန်ပြီ၊ သေတဲ့လူတွေ သေကုန်ပြီ၊ အဘတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ တာဝန်ယူတယ်တဲ့။ ကလေးတွေက ကျနော်တို့ကားနဲ့ ဒေါ်အောင်အောင်ဆန်းစုကြည်ကားကို ဝိုင်းပြီးတော့ လုံခြုံရေး ယူပေးတယ်။ 
ဘဘကို ကားပေါ်က မဆင်းဖို့ ပြောတယ်။ ဘဘလည်း မဆင်းဘဲ မနေနိုင်ဘူး။ လိုက်သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရဦးမယ်။ အခြေအနေသိအောင် ကားပေါ်ကဆင်းပြီး ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့နေရာကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားနဲ့ ဘဘကား ရပ်ထားတဲ့နေရာနဲ့ ကိုက်၂ဝ-၂၅ လောက် ဝေးမယ်။ အဲဒီကို ဘဘသွားလိုက်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကား (Double Cap) ပေါ့။ သူက အလယ်ခန်းမှာ ရှိတယ်။ ဘဘက ကားဘေးရောက်တော့ ကျည်ရွာမှာ ရိုက်ကုန်ပြီးလို့ ပြောတော့ သူ သိတယ်။ 
ဘဘက အန္တရာယ်ဖြစ်နေတယ်ဆိုတော့ သူ့ကားကို သွားစေချင်တယ်။ ကားကို ဒီပဲယင်းဘက်ကို မောင်းစေချင်တယ်။ ကျနော်က သွားခိုင်းတာကို သူက မသွားဘူးလို့ ပြောတယ်။ နောက်က အရိုက်အနှက်ခံနေရတဲ့သူတွေ၊ သူ့ကို ကြိုဆိုတဲ့ လူတွေကို ရိုက်တာနှက်တာတွေကို သူ လက်မခံဘူး။ ဒါကြောင့်မို့ ဒီလူတွေနဲ့အတူ သူ နေမယ်။ မသွားဘူးဆိုပြီး ပြောတယ်။ စိတ်ထဲမှာတော့ သိပ်စိုးရိမ်သွားတာပေါ့ဗျာ။ မသွားရင်တော့ ဒုက္ခများလိမ့်မယ်ဆိုပြီး၊ နောက်ပိုင်းက အခြေအနေသိအောင် ကြည့်တယ်။ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားနောက်က မန္တလေးကားကို လွန်သွားတဲ့အချိန်မှာ ဘာမြင်လဲဆိုတော့ မီးအနီးရောင်တွေက အပေါ်မှာ အနီရဲရဲတွေ မီးရှို့ထားတဲ့ မီးလောင်တဲ့ပုံ ဖြစ်နေတယ်။ အဲဒီရှေ့က ကားတွေက မီးထိုးထားတာက မီးက အဖြူရောင်ပေါ့။ အဲဒီမှာက လူတွေက ရုတ်ရုတ်သဲသဲ အော်ကြဟစ်ကြနဲ့ ကမ္ဘာပျက်သလိုပါပဲ။ လမ်းဘေးက ဖုံတွေကလည်း ထ၊ မီးအလင်းရောင်အောက်မှာ မြင်ကွင်းတွေက ဆိုးဆိုးရွားရွားတွေ မြင်နေရတယ်။ ဘဘက စိုးရိမ်ပြီးတော့ သိပ်ပြီးတော့ နီးနေပြီဆိုတော့ ပြန်လာတယ်။ 
ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကိုသွားဖို့ ပြန်လာတာ။ သူ့ဆီရောက်တော့ အခြေအနေတွေ အားလုံးပြော ပြတယ်။ သူ မသွားဘူးတဲ့။ အဲဒီလို မသွားဘူး ပြောနေတဲ့အချိန်မှာ လှမ်းကြည့်လိုက်တော့ နောက်က ကားတကားကို စပြီး ရိုက်နေနပြီ။ ရိုက်တဲ့ အသံတွေ စပြီး ကြားနေရပြီ။ ဝုန်းဝုန်းနဲ့ ရိုက်သံတွေ ကြားနေရတယ်။ နောက် ဒုတိယကားကိုလည်း ရိုက်နေပြီ။ ဒေါ်အောင်ဆန်စုကြည်ကား (Double Cap) ရဲ့ တံခါးပေါက်ထိပ်နားကို ရောက်လာတော့၊ ကိုတိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တာဝန်ယူတဲ့ လူငယ်က ကားပေါ်မှာပါတဲ့ လူငယ်တွေက ကားအောက်ကို ဆင်းပြီး ကာကွယ်ထားတဲ့ သဘော ရှိတယ်။
အဲဒီအချိန်မှာ ကိုတိုးက အော်လိုက်တယ်။ ဘာ အော်လိုက်လဲဆိုတော့ ဒီကားဟာ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကား၊ ဘဘကလည်း မင်သက်မိနေရာကနေ သတိရလာပြီး ကုန်းအော်တယ်။ ဟေ့ကောင်တွေ မလုပ်နဲ့၊ မရိုက်နဲ့ဆိုပြီး ကုန်းအော်တယ်။ အော်နေတဲ့အချိန်မှာ စက္ကန့်ပိုင်းလေးလောက်တော့ ရပ်သွားတယ်။ 
သင်္ကန်းဝတ် ရွယ်သူ ၄-၅ ယောက်လောက်က သင်္ကန်းဝတ် ဒုတ်နဲ့ သူတို့က ရှေ့ကဗျာ။ နောက်ကကောင်တွေက ညာသံပေးတဲ့ အကောင်တွေ၊ လူငယ်လူလတ်ပိုင်းတွေ။ သူတို့က ပုဆိုးတိုတိုနဲ့ ခါးစည်းထားတယ်။ နောက် လက်မှာ အမှတ်အသားပါတယ်။ လက်မှာက ဝါးရင်းဒုတ်တွေကို ကိုင်ထားတယ်။ နောက်ကနေ အော်နေတယ်။ ခဲတွေနဲ့ ပစ်တယ်။ ဒီကောင်တွေ ချကွာဆိုပြီး နောက်ကနေ အော်နေတယ်။ ဒုတိယအကြိမ်ရိုက်ဖို့ လုပ်ရာကနေ ရပ်သွားသေးတယ်။ နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ်ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘ တွက်ထားတယ်။ 
ဘဘက ဒုတ်လွတ်တဲ့ နေရာကို နည်းနည်းလေးရှောင်ပြီးတော့ လှည့်လိုက်တဲ့အခါ နောက်က ရိုက်တာပဲဆိုပြီး ရှောင်လိုက်တဲ့အခါ ဘဘ လဲကျသွားတယ်။ ဘဘ ခြေထောက်က ခြေကျင်းဝတ် လည်ပြီးတော့ ထလိုက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားဘောနပ်ရှေ့ရောက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားတယ်။  ကျနော်ကတော့ အဲဒီလို ထွက်သွားတဲ့အချိန်မှာ သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ ရိုက်တော့ ရိုက်တယ် မထိဘူးပေါ့။ သူ ဒီသေတွင်းက လွတ်ပြီဆိုပြီး ဝမ်းသာသွားမိတယ်။ 
ဘဘက ဘဘကားဆီ အပြေးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားကို ရိုက်ရင်းရိုက်ရင်း လိုက်သွားတော့ မမီဘူး။ သူတို့ပါးစပ်က ဆဲတာဆိုတာ၊ ကြိမ်းတာမောင်းတာတွေ လုပ်ရင်းနဲ့ လိုက်သွားတယ်၊ မမီဘူး။ မမီတဲ့ အခါကတော့ ဘဘစီးလာတဲ့ကားကို လှည့်ပြီးတော့ ရိုက်တာပေါ့နော်။
ဘဘကားကလည်း မောင်းထွက်သွားတော့ မမီလိုက်ဘူး။ ဘဘက ကိုက် ၁၅ ကိုက်လောက်မှာ ကျန်ရစ်ခဲ့ပြီးတော့ ဘဘကား ထွက်သွားတယ်။ အဲဒီကောင်တွေက မော်တော်ကားကို မမီတဲ့ အခါကျတော့ ဆဲဆိုပြီးတော့ ပြန်လာကြတယ်။ ရိုက်တဲ့ သင်္ကန်းဝတ်တဲ့ ကောင်တွေနဲ့ နောက်က ညာသံပေးပြီး လုပ်ခိုင်းတဲ့ သူတွေက ပြန်လာကြတယ်။
ကျနော်က လမ်းရဲ့ ညာဘက်ဘေးနားမှာ ငြိမ်ပြီးတော့ နေရတယ်။ သဘောက ညဆိုတော့ မမြင်ဘူး။ လွတ်ရင် ဒီပဲယင်းဆီ ပြေးမယ်ဆိုပြီး ပြင်ထားတယ်။ သူတို့ ဘဘနဲ့ အလှမ်းဝေးတဲ့ နေရာလည်း ရောက်ရော ဒီပဲယင်းဘက်ကို ပြေးတာပဲ။ မောလို့ရှိရင် လမ်းလျှောက်လိုက်၊ အမောလေးဖြေလိုက်၊ ပြေးလိုက်လုပ်တယ်။
ဒီပဲယမ်းဘက်ကို ပြေးလာတဲ့ အချိန်မှာ နောက်ဘက်က အော်သံတွေ ကြားတယ်။ မန်း ၁ ဒီကိုလာစု၊ မန်း ၂ ဟိုဘက်မှာစု ဆိုတဲ့ အသံတွေ ကြားနေရတယ်။ မန်း ၁၊ မန်း ၂ ဆိုတာက မန္တလေးက ခေါ်လာတဲ့ အကောင်တွေပဲလားဆိုပြီး စဉ်စားစရာ ဖြစ်သွားတယ်။ အဲဒီဟာ ကြားပြီးနောက်မှာ ရှေ့မှာ လူတယောက် တွေ့တယ်။ ရှေ့မှာတော့ ဒီကောင်တွေ မရှိသေးဘူးဆိုတာ သိထားတယ်။ ရှေ့မှာ တွေ့ရတဲ့ လူတွေ ငါတို့ဆီဘက်က လွတ်သွားတဲ့ လူတွေ ဖြစ်နိုင်တယ်ဆိုပြီး လှမ်းမေးလိုက်တော့ ခင်ဦးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်နဲ့ တွေ့တယ်။ ကျနော် ခြေကျင်းဝတ် လည်သွားတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ လွတ်သွားတယ်။ သူတို့ လှမ်းရိုက်တာကို ရှောင်လိုက်တဲ့အတွက် ဒုတ်နဲ့ ထိုးမိတာ ဖြစ်တယ်။ ပါးစပ်မှာ ကွဲသွားတယ်။ သူ့ရင်ဘတ်မှာ သွေးတွေက ရဲနေတာပဲ။
ဒေါက်တာဝင်းအောင် သွားတွေ၊ ဘာတွေ ပျက်စီးသွားတယ်။ ကျနော်မှာ ဖိနပ်မပါတော့ သူ့ဖိနပ်တွေ ဘာတွေ ချွတ်ပေးတယ်။ နှစ်ယောက်အတူတူ သွားတဲ့အခါ ရှေ့နည်းနည်းလေး ရောက်တဲ့အခါမှာ ၉ နာရီ ထိုးသံ ကြားရတယ်။ အဲဒီ နာရီအသံကြားပြီး မကြာခင်မှာ ဒီပဲယင်း တပ်ကနေ ပုဒ်မ ၁၄၄ ထုတ်သံကို ကြားလိုက်ရတယ်။ အဲဒီကနေ ဆက်သွားတဲ့အခါကျ မန္တလေးတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကို တွေ့တယ်။
မူလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားပေါ်မှာ ရပ်တုန်းက ကိုတိုးအောင်၊ ညာဘက်က ကျနော်၊ ကျနော်နဲ့ ကပ်ပြီး ရပ်နေတဲ့သူက ဦးတင်အောင်ရဲ့ဘေးက မန္တလေးက ကလေးလေး။ အဲဒီကလေးလေးက သနားစရာ ကောင်းပါတယ်။ သူ့ကို လူကြီးတွေက ရိုက်မယ်လုပ်တော့ အကိုတို့ရယ် ကျနော့်ကို မရိုက်ပါနဲ့ ကျနော်က ကျောင်းသားလေးပါ။ ကျနော်က မိဘကို လုပ်ကျွေးနေတာပါ။ ကလေး သဘာဝအတိုင်းပြောတာ၊ တောင်းပန်နေတာ ကျနော် ကြားယောင်နေမိတယ်။  အဲဒီကနေ ဆက်ပြီးသွားတော့ ဘဘတို့ဘက်က ကားမီးက လင်းလိုက်၊ မှိတ်လိုက်၊ လင်းလိုက်ဆိုတော့၊ ကျနော်တို့ စိတ်ထဲမှာ ထင်တာက ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီးတော့ ကျန်တဲ့လူတွေက သူ့လူကို သူ စောင့်ခေါ်နေတယ် ထင်ပြီးတော့ ဘဘတို့ မြန်မြန်သွားကြတယ်။ ဟိုလည်းရောက်ရော၊ အနားလည်းရောက်ရော၊ ကားတွေက မီးတွေဖွင့်လိုက်တဲ့ အခါကျတော့ ဘဘတို့ကို မီးနဲ့ထိုးထားသလိုဖြစ်ပြီး မီးတွေ လင်းနေတယ်။
ဘဘတို့ကို ရိုက်ဖို့ ဆင်းလာကြတယ်။ ဘဘတို့အနား ရောက်လာတော့ ဘဘက အော်ပြောလိုက်တယ်။ ဟိုက ငါတို့ကို ရိုက်လို့ ငါတို့က အသက်လုပြီးတော့ ထွက်ပြေးလာတယ်။ မင်းတို့က ဒီကနေ ပိတ်ပြီးတော့ လုပ်မယ်ဆိုတော့ကာ  မင်းတို့နဲ့ပတ်သက်ပြီး ငါတို့ ဘာလုပ်လို့လဲ။ ငါတို့မှာ ဘာလက်နက်များ ပါလို့လဲ။
မင်းတို့နဲ့ ငါတို့က ဘာဖြစ်လို့လဲလို့ ပြောလိုက်တော့ တန့်သွားတယ်။ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ခဏနေဦး။  သူတို့ကို မေးကြည့်ရဦးးမယ်။ အကောင် နှစ်ကောင် သုံးကောင်လောက်က ပြောတယ်။ ခုနတုန်းက ကားတစီး ဖြတ်သွားတယ်။ အားလုံးပိတ်ဆို့ထားတဲ့ အတားအဆီးကိုလည်း၊ အတင်းတိုက်ပြီးတော့ ထွက်သွားတယ်။ တချို့လူတွေ ထိခိုက်ဒဏ်ရာ ရတယ်။ တချို့ကို ဆေးရုံပို့ရတယ်။
ကျုပ်တို့လူတွေကို သေအောင်လုပ်တဲ့အတွက် ချရမယ်၊ နှက်ရမယ်လို့ အဲဒီလိုပြောတယ်။ ငါတို့က ဟိုက အသက်လုပြေးလာရတယ်။ အခု မင်းတို့က လုပ်မယ်ဆိုရင် ဥပဒေက ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်လို့ ဘဘက ပြောတယ်။ ခေါင်းဆောင် လုပ်တဲ့သူက ခင်ဗျား ဘယ်သွားချင်လဲဆိုတော့ ကျနော်လာရင်းက ဒီပဲယင်း သွားဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလာတာ၊ သူဘယ်ရောက်လဲဆိုတာ သိခွင့် ရှိတယ်။ သူနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။
အဲဒီလိုပြောတော့ ဟိုအမှောင်ထဲမှာ ထိုင်နေဆိုပြီးတော့ ပြောတယ်။ အပေါ်က ကောင်တကောင်က ရိုက်မယ်ဆိုပြီး ပြေးဆင်းလာတော့ အပေါ်က ကောင်တွေက ရိုက်ကွာ၊ ထိုးကွာ နိုင်ငံခြားအားကိုးတဲ့ ကောင်တွေ၊ ဘာတွေညာတွေဆိုပြီး အပေါ်ကောင်တွေက ကြွေးကြော်သံတွေ အော်နေကြတဲ့အချိန်မှာ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ပါးစပ်ပိတ်၊ တိတ်စမ်း၊ လုပ်စရာရှိတာ ဒီလူတွေနဲ့ စကားပြောနေတယ်။ မင်းတို့ ပါးစပ်ပိတ်လို့ ပြောတော့ ငြိမ်သွားတယ်။ အဲဒါကိုကြည့်ပြီး ဘဘက စဉ်းစားတာက  သူတို့ဟာ အဖွဲ့အစည်းတခုခုက သင်တန်းပေးထားတဲ့ သူတွေလား။ တပ်ထဲက အဝတ်အစား လဲပြီးတော့မှ လုပ်တာလား၊ ရဲထဲကပဲလား ဆိုတာကို စဉ်းစားနေမိတယ်။
ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်တဲ့ ကောင်ရဲ့ အမိန့်ဟာ ကွပ်ကဲမှု အနေအထားအရ လိုက်နာမှု ရှိတယ်။ ချက်ချင်း ပြောတဲ့အခါ ချက်ချင်း ရပ်သွားတာတွေ၊ မသွားနဲ့ဆို မသွားတာတွေ၊ ရပ်ဆို ရပ်တာတွေကို သတိထားကြည့်မိတော့ ဒါဟာ အဖွဲ့အစည်းတခုအနေနဲ့ လာလုပ်တာပဲလို့ အောက်မေ့တယ်။ အဲဒီလို တွေးရင်းနဲ့ ကားသံတွေ ကြားတယ်။ 
သူတို့ လူတွေထဲက အော်သံတွေ ကြားတယ်။ ရှေ့မှာ လူကြီးတွေ လာတယ်ပြောတဲ့ အချိန်မှာ ကားတွေ ဝင်လာတယ်။ ဘဘတို့ကို မေးနေတဲ့ အကောင်က ပြန်သွားတယ်။ ဟိုမှာပဲ စကားတွေဘာတွေ ပြောနေတော့ ဘဘတို့က ထိုင်နေတယ်။ ခဏနေတော့ ဘဘတို့အထဲက ဦးပေါခင်က အခြေအနေက ဘာမှ မထူးဘူး၊ လူကြီးတွေ လာတယ်လို့လည်း ပြောတယ်။  အဲဒီအချိန်မှာ နည်းနည်းလေးတော့ အခြေအနေ အေးသွားတယ်။ ကျနော့်အနားကနေ အခြေအနေလေး ချောင်းကြည့်လိုက်ဦးမယ်ဆိုပြီး သွားကြည့်တယ်။
သူကြည့်ပြီး ပြန်လာပြောတယ်။ ဟုတ်တယ်။ အခုလာတဲ့ အထဲမှာ ရဲအဖွဲ့က လူကြီးတွေလို့ ထင်ရတယ်။
သူတို့ကို မေးစမ်းနေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ပြန်ပြီး ပို့ပေးဖို့နဲ့ ဒီမှာရောက်တဲ့ လူတွေကိုလည်း လုံခြုံတဲ့ နေရာပို့ဖို့ ပြောတယ်။ အဲဒီလိုပြောနေရင်းနဲ့ နောက်တခေါက် ပြန်သွားတယ်။ ဟိုက လူကြီးတယောက်က လိုက်လာပြီးတော့ ဘဘတို့ကို ဒီပဲယင်းကို ပို့ပေးမယ်။ သူတို့က လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေ ခင်ဗျားတို့ကို ကျနော်တို့ လိုက်ပို့ပေးမယ်ဆိုပြီးတော့ ကောင်းပြီဆိုပြီး လက်ခံလိုက်တယ်။ နည်းတနည်းတော့ ယုံကြည်မှုလေးတော့ ဖြစ်သွားတာပေါ့။ ကျကျနန စည်းလေးကမ်းလေးနဲ့ ပြောတာလေးတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ လိုက်မယ်ဆိုပြီး ပြောလိုက်တယ်။
ဘဘတို့ လုပ်မယ် ပြောတော့ တပ်ကြပ်လေး နှစ်ကောင်ကို ထည့်လိုက်တယ်။ အဲဒီမှာ ကားမောင်းမယ်ဆိုပြီး မီးထွန်းလိုက်တော့ လမ်းဘေးတဘက် တချက်တွေမှာ လူ ၅ဝ အုပ်၊ ၁ဝဝ အုပ်လေးတွေက ဒုတ်တွေနဲ့ ရှိသေးတယ်ဗျာ။ ဟိုဘက်ဒီဘက်  ပိတ်ပြီးတော့ ညှပ်ပူးညှပ်ပိတ်လုပ်တဲ့ သဘောတော့ ပေါ်တာပေါ့လေ၊ ဟိုဘက်ဒီဘက်က ၅ဝ စီ - ၁ဝဝ စီ၊ လမ်းတဖက်တချက်မှာ ၂ ဖွဲ့လောက် တွေ့တယ်။
အဲဒါ လွန်သွားတဲ့ အခါကျတော့ လမ်းဘေးတဖက်တချက်မှာ မိန်းမကြီး ၂ဝ လောက် ရှိတယ်။ သူတို့က ထမီတိုတိုနဲ့။ အပေါ်က မျက်နှာပေါ်မှာ တဘက်စတွေ ပေါင်းထားတဲ့ မိန်းမတွေက သူတို့က ဘာအော်လဲဆိုတော့ ပုဆိန်ရိုးတွေ ခွေးတွေ ပြေးပြီ၊ ရှူးရှူးနဲ့ ရယ်ကြမောကြ ဟားတိုက်ကြ လုပ်ကြတယ်ဗျာ။ သဘောကတော့ ခေါ်လာတဲ့ လူတွေကို လုပ်ခိုင်းတာပဲ။ တကယ်တော့ အောက်တမ်းကြတာပေါ့ဗျာ၊ ဘဘ စိတ်ထဲမှာတော့ အဲဒီမိန်းမတွေက တော်တော်အောက်တမ်းကျတဲ့ မိန်းမတွေလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။
အဲဒီလို့နဲ့ ဒီပဲယင်းကို ရောက်တယ်။ ဘဘတို့ကို မယက ရုံးမှာ ထားတယ်။ မယက ရုံးမှာ ထားရင်းနဲ့ ခဏလောက် နေတော့ ဒိုင်နာကားတစီး ဝင်လာတယ်။ ခြံစည်းရိုးမှာ မီးတိုင်တွေ ထွန်းထားတာပေါ့ဗျာ။ ဝင်လာတဲ့ ဒိုင်နာကားက အမှောင်ရိပ်ထဲကို ထိုးပြီးရပ်လိုက်တော့ ကားပေါ်ကလူတွေ ဆင်းလာပြီးတော့ အမှောင်ရိပ်ကနေ အသီးသီး ဝင်သွားကြတယ်၊ အဲဒီ ပုံစံ။ ဘယ်လို့လဲဆိုတော့ သူတို့က အင်္ကျင်္ီ လက်ပြတ်ဝတ်ထားတယ်။ ပုဆိုးတိုတို ဝတ်တယ်။ သူတို့လက်ထဲမှာ ဘာမှတော့ ကိုင်ထားတာ မတွေ့ရဘူး။
ကားပေါ်မှာ ထားခဲ့တာ ဖြစ်နိုင်တယ်။ ၂ ယောက် တတွဲ၊ ၃ ယောက် တတွဲ တွဲပြီးတော့ ရုံးနောက်ထဲကို ဝင်သွားကြတယ်။ သဘောကတော့ဗျာ၊ ဒီနေရာက ည နေရာယူခိုင်းပြီးတော့၊ ဒီနေရာမှာ အသုတ်လိုက် ရောက်လာတဲ့ လူ၊ တာဝန်ခံတဲ့သူ ရောက်လာတဲ့ သဘောပေါ့ဗျာ။ အဲဒီလို လုပ်မယ့်ကိုင်မယ့် သူတွေကို အဲဒီနေရာတင် ထားပြုပြီးတော့ လုပ်ခိုင်းတဲ့ သဘောလို့ ကောက်ချက်ချရတာပေါ့၊ အဲဒီကနေ ဘယ်ပို့လိုက်လဲဆိုတော့ ဒီပဲယင်း ရဲစခန်းကို ပို့လိုက်တယ်။ ရဲစခန်းမှာ ခဏ ထိုင်ခိုင်းပြီးတော့၊ တယောက်က ရဲစခန်းမှူးနဲ့ စကားပြောပြီးတော့ ဘဘတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာပေါ့။
ဘဘကိုကျတော့ အမှုစစ်တဲ့ ရုံးခန်းရှေ့နားက သံဇကာ ကာထားတဲ့ အခန်းမှာ ထားတယ်။ ဘဘနဲ့အတူ ပါလာတဲ့ လွှတ်တော်ကိုယ်စား ၃ ယောက်ကိုတော့ အချုပ်ခန်းထဲ ထည့်တယ်။ သူတို့ကို မလုပ်နဲ့ မလုပ်ပါနဲ့ သူတို့နဲ့ ကျနော်က အတူတူ လာခဲ့တာပါပြောတော့ သူတို့က မလုပ်ပါဘူး။ သူတို့ကို အပြင်မှာပဲ အိပ်ခိုင်းမှာပါ။ သူတို့အတွက် လုံခြုံအောင်လို့ပါဆိုပြီးတော့ ဘဘလည်း ခုနက ပြောခဲ့တဲ့ အခန်းထဲ ရောက်သွားတယ်။ သူတို့ကိုလည်း အချုပ်ခန်းထဲ ထည့်လိုက်တယ်။ မနက်မိုးလင်းတဲ့ အခါကျတော့ ကားတစီး ဝင်လာတယ်။ ဒိုင်နာကား ဖင်ထိုးပြီးတော့ ဝင်လာတော့ ဒဏ်ရာရတဲ့ မန္တလေးက ကိုလှဦး၊ နောက်တယောက်က ကျနော့်ကား မောင်းတဲ့ ကိုအောင်စိုးဗျာ။ ကိုအောင်စိုးက ဘယ်သူ့ကို တွဲချလာလဲဆိုတော့ ကိုတိုးလွင်။ ကိုတိုးလွင်ရဲ့ တကိုယ်လုံးမှာလည်း သွေးတွေ ရဲနေတယ်။ ခေါင်းမှာလည်း သွေးတွေ စီးပြီးတော့ ရဲရဲနီနေတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယူတဲ့ ကိုတိုးလွင်က အများဆုံး အရိုက်ရတာ ဖြစ်တယ်။ ဆေးဝါး ကုသခွင့်လည်း မပေးပါဘူး။ အကျဉ်းစခန်းထဲ ထည့်တယ်ပေါ့။ မနက်ပိုင်းကျတော့ အဖွဲ့ချုပ်ရုံးတွေကို ချိတ်ပိတ်လိုက်တဲ့အကြောင်း မီရာသတင်းတွေနဲ့ ပြတာပေါ့ဗျာ။ သူတို့က ဘဘတို့ မြင်အောင် ပြတာပေါ့ကွာ။ ဒီလိုမျိုးဖြစ်လို့ အဖွဲ့ချုပ်ရုံးတွေကို ပိတ်လိုက်ရပါတယ်ဆိုပြီးတော့ လုံခြုံရေး အကြောင်းပြပြီး ပိတ်တာပေါ့။ နေ့ခင်းမှာ ဘဘက အိုက်လို့ ရေချိုးချင်တာပေါ့။ မိသားစုတွေနေတဲ့ ဘားတိုက်တွေနောက်က လက်လှုပ်တွင်းမှာ သွားချိုးရတာပေါ့။ သွားချိုးတော့ ဘာကြားလဲဆိုတော့ အိမ်ထောင်လိုင်းမှာနေတဲ့ ဝန်ထမ်းတွေ အချင်းချင်း မနေ့က  အဖြစ်အပျက်တွေကို ပြန်ပြောတဲ့ဟာတွေ ကြားတယ်။
ဘယ်လိုကြားလိုက်လဲဆိုတော့ ငါမှာလည်းကွာ ရိုက်ရမယ့်ဟာက အမျိုးသမီးတွေက ငါတို့ ရိုက်မယ်ဆိုတော့ အော်လိုက်တာကွာ၊ အကိုကြီးရယ် မလုပ်ပါနဲ့ဆိုပြီး ဝိုင်းပြီး အော်ကြဟစ်ကြ၊ ငိုကြရယ်ကြနဲ့ကွာ။ ငါ့မှာက ရိုက်ရတော့မလို၊ ရယ်ရတော့မလို ဖြစ်နေတယ်ကွာ။ ဒါပေမဲ့ သူတို့က စပ်စပ်ကလေး လုပ်လွှတ်လိုက်တော့ အော်လိုက်ကြတာများကွာ ဆိုပြီး၊ ပြီးတော့မှ ရယ်မောသံတွေပေါ့ဗျာ၊ ဟားဟား ဟီးဟီးပေါ့ဗျာ။
အော် လက်စတက်တော့ ညက လုပ်တဲ့ အသိုင်းအဝိုင်းက လူတွေက ဒီကကောင်တွေပဲ ထင်တယ်။ ဒီလိုတော့ မှန်းလို့ ရတာပေါ့ဗျာ။ အဲဒီလို သဘောတွေလည်း ရှိတာပေါ့ဗျာ။ ကျနော်လည်း အဲဒီကနေ ပြန်လာပြီးတော့ FIR ဖွင့်ပြီးတော့ တိုင်ချက်တွေဘာတွေ ပေးခဲ့သေးတယ်ဗျာ၊ အဲဒီည အိပ်ပြီး နောက်တနေ့မှာ ကျနော်တို့ အားလုံးကို ခွဲပြီးတော့ ပို့တယ်။ တချို့လည်း ဘယ်ခွဲပို့လဲဆိုတာကတော့ မသိရဘူး ခေါ်သွားတာပဲ။ ကျနော်က သူတို့နဲ့ အတူတူလိုက်မယ်ဆိုပြီး ပစ္စည်းလေးယူပြီး ထွက်တော့ ကျနော် မလိုက်ရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မလိုက်ရဘူး။
ဘဘတို့ကို တနေရာပို့မယ်ဆိုပြီး ၁ ရက်နေ့ ၃ နာရီမှာ ပို့လိုက်တယ်။ ပို့လိုက်တော့ ဘယ်ရောက်သွားလဲဆိုတော့ ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားတော့တယ်။
ဘဘတို့ ရောက်တော့ ပထမဦးဆုံး တွေ့ရတာက ဆရာဝန်ပေါ့။ ဆရာဝန်က လာပြီး ဘာရောဂါတွေ ရှိသလဲပေါ့ဗျာ၊ မေးတာပေါ့။ ဘဘက ရောဂါရှိသမျှကို ပြောပြတယ်။ ခြေထောက်မှာလည်း သွေးကြောထုံးရောဂါ ရှိတယ်။ သွေးတိုးနည်းနည်း ရှိတယ်။ နောက်ပြီးတော့ ဂေါတ်လည်း ရှိတယ်၊ ဆီးချိုလည်း နည်းနည်း ရှိတယ်။ သူတို့လည်း မှတ်တမ်းတင်ထားတာပေါ့ဗျာ။ ဆေးရုံက ဆရာဝန်က ကလေးမြို့က လာတာဗျာ။ ကလေးမြို့က ဆေးရုံက ကလေးထောင်ကို တယောက်လွှဲထားပေးတယ်။ အဲဒီဆရာဝန်က ဆေးတွေဘာတွေ စစ်ဆေးတယ်။ ကျနော်တို့ ရှိစဉ်ကာလအတွင်းမှာ လာပြီးတော့ စစ်ဆေးတာတွေ လုပ်ပေးပါတယ်။
နောက်ပြီးတော့ သူတို့ လူကြီးတွေက မှာလိုက်ပါတယ်။ ဘဘတို့ အားလုံးအတွက် လိုချင်တာရှိရင်၊ စားချင်တာရှိရင် မှာပါ၊ သူတို့ အကုန်လုပ်ပေးပါမယ်လို့တော့ ပြောတယ်။ သူတို့ဆီက ကြက်သွန်တို့၊ ကြာဇံတို့ လိုအပ်တဲ့ ပစ္စည်းတွေ လာပေးတယ်။ ဘဘအနေနဲ့ တောင်းတာပြုတာ မလုပ်ဘူး။
နေ့ကြီးရက်ကြီး အခါကြီးတွေ ကျပြန်တော့လည်း ကျနော်တို့ အဖွဲ့သားလေးတွေနဲ့လာပြီး လုပ်ကိုင်ပေးတဲ့ ကလေးတွေ စားဖို့ကတော့ စမူဆာလေး ဘာလေးညာလေး ၃ဝဝ ဖိုး၊ ၄ဝဝ ဖိုးလောက်ကတော့ မှာဖူးတယ်။
အဲဒါကိုတာ့ ဘဘက ပိုက်ဆံပေးမယ်လို့ပြောတော့ သူတို့က ပိုက်ဆံမယူဘူး။ တချို့ကိစ္စတွေနဲ့ ပတ်သက်လို့  ဘဘက ပိုက်ဆံပေးတယ်။ ဥပမာ - ထမင်းနဲ့ပတ်သက်တဲ့ ထမင်းချိုင့် သပ်သပ်ရပ်ရပ်လေးဖြစ်ဖို့၊ ရေပုလင်းနဲ့ပတ်သက်လို့ ရေသန့်ဘူးလေး ဘာလေးတွေအတွက် ပိုက်ဆံပေးတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံပေးတာတွေနဲ့ပတ်သက်လို့ တခုမှ မယူပါဘူး။ လိုချင်တာရှိရင် မှာပါ၊ သူတို့လူကြီးက မှာတယ်ပြုတယ်လို့ ပြောတယ်။
တပတ်နှစ်ပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည်က ပို့လိုက်တဲ့ အားရှိမယ့် အစားအသောက်တွေနဲ့ ဘူးတွေခွက်တွေ ရဖူးပါတယ်။ နှစ်ကြိမ်သုံးကြိမ်လောက် ရဖူးတယ်။ နောက်မှ တော်တော်လေးကြာတဲ့ အခါကျမှ ခြင်ထောင်လေးဘာလေး ပေးတယ်။ အောက်ခင်းဖို့ပြုဖို့ ပေးတယ်။ ကျနော်က ရောက်ရောက်ချင်း တောင်းတာကတော့ ကုတင် အမြင့်လေး တောင်းတယ်။ ဒါတော့ မပေးပါဘူး။ ကျနော်က အခင်းနဲ့ အိပ်ရတယ်။
အဲဒီလိုနေရင်းနဲ့ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ကျတော့ မနက်မနက်တိုင်း နှုတ်ဆက်တော့၊ အသံမကြားရတဲ့ အခါကျတော့ ဘဘမေးကြည့်တော့ သူတို့ ရွှေ့သွားပြီလို့ ပြောတယ်၊ ဘဘ စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်များ ပို့လိုက်သလဲဆိုပြီးတော့ စိတ်ပူတာပေါ့။ ကျနော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်ကို မေးကြည့်တော့ သူတို့ကို ကောင်းကောင်းမွန်မွန်၊ ကားနဲ့ လာခေါ်တာတွေ တွေ့လိုက်ရတယ်။ သူတို့ကို ရွှေဘိုထောင်တို့၊ မန္တလေးထောင်တို့ ပို့လိုက်တယ် ထင်တာပေါ့။ နောက်မှာပဲ သိလိုက်ရတယ်၊ လွှတ်လိုက်ပြီဆိုတာ သိလိုက်ရတယ်။
ဘဘကို ဖော်ဖော်ဝါရီလ ၁၃ရက်နေ့ ညတည်းက ပလပ်စတစ်အိပ်တွေ လာပေးတယ်။ မနက်ဖြန်ကျရင် အဘကို တနေရာ ပို့ဖို့ရှိတယ်။ ဘဘကလည်း ဘယ်ကို ပို့မလဲ မေးကြည့်တော့ သူတို့လည်း မသိဘူးလို့ ပြောတယ်။ ဘဘစိတ်ထင် အင်းစိန်ကိုများ ပို့မလား၊ ဘဘ စိတ်ထင်နေမိတယ်။ လေယျာဉ်ပျံက မန္တလေးကနေ ရန်ကုန်ရောက်တော့ မင်္ဂလာဒုံက လူတွေ လာကြိုပြီး၊ ကျနော့်ကို ၁ဝ (က) နဲ့ အိမ်မှာ အကျယ်ချုပ်ကျတယ်။ အဲဒါနဲ့ ၆ နှစ်ပေါ့။ လွတ်လာတာ မကြာသေးဘူးပေါ့ဗျာ။
သင်ပုန်းချေရေး ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်း
ဘဘ အပြင်ရောက်တဲ့အခါ ပထမဆုံးအကြိမ် ကြားတာက အင်းစိန်ထောင်ကို ရောက်သွားတယ်လို့ ကြားတယ်။ နောက်တော့ အိမ်ချုပ်ချထားတယ်လို့ ကြားတယ်။ အဲဒီတုန်း မစ္စတာ အစ္စမေးလ်လာတဲ့ အချိန်နဲ့ ကိုက်နေတယ်။ လူကြီးတွေက တွေ့ဖို့ ခေါ်တယ်ပြောတော့ ဘဘတို့ လိုက်သွားတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီအချိန်က ညောင်နှစ်ပင် ညီလာခံကလည်း ခေါ်မယ် လုပ်နေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်မှူးကြီးသန်းထွန်းတို့၊ ပြည်ထဲရေးဝန်ကြီး ကိုတင်လှိုင်တို့၊ ကိုကျော်ကျော်ဝင်းတို့ လာတွေ့တယ်။
အဓိပ္ပာယ်ကတော့ လာတွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီပဲယင်းနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို  သူ့ကို ဘာမှ မပြောဘူး။ သင်ပုန်းချေတဲ့ သဘောကို ပြောလိုက်တယ်။  တဖက်က ဘာလုပ်ပေးဖို့ လိုလားလဲ ဆိုတော့ကာ၊ ညောင်နှစ်ပင် ညီလာခံတက်ဖို့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ်ပေးဖို့၊ အဖွဲ့ချုပ် မြို့နယ်မှာရှိတဲ့ ရုံးတွေကို ဖွင့်ပေးပြီးတော့ လုပ်ရိုးလုပ်စဉ် စည်းရုံးရေး ကိစ္စတွေကို ငြိမ်းချမ်းစွာနဲ့ လုပ်နိုင်ရန် ခွင့်ပြုဖို့၊ နောက်တခုက အဖွဲ့ချုပ်က ညီလာခံကိုယ်စားလှယ်ကို မိမိအဖွဲ့ချုပ်အနေနဲ့ ရွေးချယ်ခွင့်ပေးဖို့၊  နောက်တခုကတော့ အခုလက်ရှိ ညီလာခံ ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ်၊ ညီလာခံ မခေါ်ခင်မှာဖြစ်စေ၊ ခေါ်ပြီးဖြစ်စေ ညှိနှိုင်းဆွေးနွေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ ဟာတွေကို ဘဘတို့က ပြောတယ်။ ခုနက လာပြောတဲ့ သူတွေက ပြန်သွားတယ်။
ဟိုဘက်က လာပြန်ပြောတယ်။ အမတို့ဘက်က ဒီပဲယင်းကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောတော့ဘူး၊ သင်ပုန်းချေမယ်လို့ ပြောတဲ့အခါ  ဟိုဘက်က သူတို့လူကြီးက အရမ်းဝမ်းသာတယ်လို့ ပြောတယ် အမရေဆိုပြီး လာပြောတယ်။ အမတို့ဘက်က စီစဉ်စရာရှိတာ ဆက်ပြီး စီစဉ်ပါလို့ ပြောတယ်။ ဘဘတို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။ ဘဘတို့ဘက်က ညောင်နှစ်ပင် ညီလာခံကို တက်ရောက်နိုင်တဲ့ အနေအထားဖြစ်တော့ တက်မယ်ဆိုပြီးတော့ အုပ်စုနှစ်ခု ခွဲလိုက်တယ်။ ညီလာခံမှာ ဥက္ကဋ္ဌကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ တက်မယ်။
အရင်တုန်းက တက်ခဲ့တဲ့ အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေက ပြန်လာ၊ လူလတ်ပိုင်းက လူတွေ ပြန်တက်၊ ဥပဒေဆွဲတာတွေကို နားထောင်၊ ရေးစရာ ရှိတာတွေကို ရေးသားမှတ်သားလာ၊ ညီလာခံ ပြီးတဲ့အချိန်က ရုံးချိန်ဆိုရင် ရုံးမှာ တွေ့မယ်။ ရုံးချိန်မဟုတ်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့မယ်။
တနေ့လုံး လုပ်ခဲ့တဲ့ ညီလာခံ ကိစ္စတွေကို ပြောကြမယ် ဆိုကြမယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး နားထောင်၊ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မလဲဆိုတာ ဆွေးနွေး၊ ဆုံးဖြတ်၊ အတည်ပြုပြီးလို့ရှိရင် အဲဒီညီလာခံတက်တဲ့ လူတွေက ပြောဖို့ဆိုဖို့ အစီအစဉ်တွေလုပ်၊ ဘာညာပေါ့လေ။ နောက် ဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေခဲ့မယ့် ဘဘတို့တတွေက ကျန်ခဲ့မယ်။ လွတ်လာတဲ့ အထဲက ဦးဝင်းတင်၊ ဒေါက်တာသန်းငြိမ်းတို့၊ ဒေါ်မေဝင်းမြင့်တို့ စသဖြင့် လွတ်လာတဲ့ ပုဂ္ဂိုလ်တွေထဲက ညီလာခံ တက်ခိုင်းသင့်သူတွေကို တက်ခိုင်းပြီးတော့ ဦးဝင်းတင်နဲ့ ကျနော်တို့က အတူတကွ ပြောတဲ့ဆိုတဲ့ ဟာတွေကို နားထောင်ပြီးရင် တွေ့ဆုံဆွေးနွေးပြီးတော့ ရေးကြခြစ်ကြဖို့ပေါ့ဗျာ။ လွတ်တဲ့အထဲမှာ ကိုကျော်စန်းတို့၊ ဗိုလ်ဝင်းထိန်တို့ စသည်အားဖြင့် နာမည်တွေကတော့ တော်တော်များများ ပြောပါတယ်။ အဲဒါမျိုး အဖွဲ့ ၂ ဖွဲ့ ခွဲလိုက်တယ်။ ညီလာခံတက်မယ့် အထဲမှာ ဦးအောင်ရွှေ ခေါင်းဆောင်မယ့် အဖွဲ့နဲ့ နောက်မှာ ကျန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်မယ့် အဖွဲ့၊ ၂ ဖွဲ့ လုပ်မယ်လို့ စီမံထားတယ်။
ညီလာခံ ဖွင့်ဖို့ နှစ်ရက်လောက်အလို ထင်တယ်။ ကျနော်တို့ကို ခေါ်လို့သွားတယ်။ သူတို့ဘက်က လာသွားတယ်။ အမရေ ဒါနဲ့ ပတ်သက်တာကတော့  အစီအစဉ်ကတော့ အဲဒီအတိုင်း မဖြစ်ဘူး။ အမတို့ တက်မယ်ဆိုရင် ဒီအတိုင်းပဲ တက်ပါဆိုပြီးတော့ ပြောတယ်။ သဘောကတော့ ပထမဆုံး စီမံတဲ့ ကိစ္စကတော့ သူတို့ လူကြီးတယောက် နေမှာပေါ့။ အဲဒီလို ခွင့်မပြုဘူး၊ သဘောမတူဘူးဆိုတာက တခြားလူကြီးတယောက် ဖြစ်မှာပေါ့။ အဲဒီလိုပဲ ဘဘတို့က အောက်မေ့တာပေါ့နော်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာကတော့ ကျမတို့က ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပျက်တဲ့ အားလုံးကို သင်ပုန်းချေထားတယ်။ ပြောလည်း မပြောဘူး၊ ဆိုလည်း မဆိုဘူး။ ကျမတို့ဘက်က ခံထားရတဲ့ အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေ၊ အရိုက်ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ အသက်မသေခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ နစ်ဆုံးရှုံးမှုတွေ အားလုံးကို  ကျမတို့ဘက်သားတွေကို ပြေလည်အောင် ပြောရမယ့် ကိစ္စ၊ ကျမ အန္တရာယ်ကို စွန့်ပြီးတော့  ပြောရမှာပါ ဆိုပြီးတော့ သူတို့ကို ပြန်ပြီး ပြောလိုက်တယ်။
ညီလာခံကို တက်ဖို့၊ မတက်ရင် အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝဟာ အဖွဲ့ချုပ်ရဲ့ တာဝန်ဖြစ်တယ်။ ဆိုလိုတာကတော့ ခြိမ်းခြောက်တဲ့ သဘောလည်း ပါတယ်ပေါ့ဗျာ။ အဲဒီတော့ မတက်ဘူး။ ဒီနေ့
အတိုင်းအတာက သိတဲ့အတိုင်းပဲ မှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူး။ အခြေအနေ အရပ်ရပ်ဟာ အဲဒီ အချိန်တိုင်း ထိခိုက်ခဲ့တာ အမှန်ပဲ။ အဖွဲ့ချုပ်အနေနဲ့ကတော့ ရှေ့ဆက်ပြီး မိမိတို့အဖွဲ့ချုပ် စိတ်ဓာတ်နဲ့ ရပ်တည်ပြီး ပြည်သူလူထုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကိစ္စတွေကို ဆက်လက်အောင်မြင်သည်အထိ ကြိုးစားသွားမယ်ဆိုတာကို သန္နိဋ္ဌာန် ချထားတယ်။
ဘဘတို့ ဖြစ်ပျက်ခဲ့ကိစ္စ အဝဝကိုလည်း  ပြည်သူလူထုတရပ်လုံး တိုင်းရင်းသား အားလုံး၊ အဲဒီထဲမှာ တပ်မတော်သားတွေ အပါအဝင် ပြည်သူသားလျှင် အမိ၊ ပြည်သူသာလျှင် အဖ ဖြစ်တဲ့အတွက် တပ်မတော်သားတွေကလည်း ပြည်သူပြည်သားက မွေးဖွားတဲ့ သားသမီးဖြစ်တဲ့ အားလျော်စွာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကျနော်တို့ဟာလည်း အောင်မြင်သည်အထိ ဆောင်ရွက်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာတဲ့ အဖွဲ့ချုပ်ဖြစ်တဲ့အတွက် အဖွဲ့ချုပ်ဟာ အဲဒီစိတ်ဓာတ်နဲ့ ရှင်သန်နေတာမို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဝင်တွေ အပေါ်မှာ ပြည်သူပြည်သားများ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး၊ တပ်မတော်သားတွေ အားလုံး ဝိုင်းဝန်းပြီးတော့ စာနာထောက်ထားပြီးတော့ နားလည်မှုရှိပြီး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ပြောချင်တော့တယ်။
တွေ့ဆုံဆွေးနွေးမှု
ဒီလို တိုက်တာခိုက်တာတွေတော့ မကောင်းဘူး။ ဘယ်သူလုပ်လုပ် ဘဘအနေနဲ့ကတော့ မကြိုက်ဘူး။ ဒါက အဖြေမှ မဟုတ်ပဲဗျာ။ အဖြေက တယောက်နဲ့ တယောက် ယုံကြည်မှု ရဖို့ရာအတွက် စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးဖို့ပဲဗျာ။ အဲဒီဟာပဲ။ သူတို့ လုံပမ်းနေတာက ပါတီထောင်ကတည်းက အဆင့်လိုက် အဆင့်လိုက် မပြတ် တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့အတွက် လုပ်ခဲ့တယ်။ ဒါတင် မကသေးဘူး။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်နယ်တိုင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားများ စုဝေးပြီးတော့ လွှတ်တော်သဘောနဲ့ သူတို့အစိုးရ ရပ်တည်နေတဲ့ ဒီဖက်တို (တရားမဝင်) အစိုးရကနေ၊  တရားဝင် အစိုးရဖြစ်အောင် လွှတ်တော်ကနေ သဘောတူ ခွင့်ပြုပြီးတော့ တရားဝင် အစိုးရအဖြစ် ကြေညာပေးဖို့ ဒီလို လုပ်ခဲ့တာပဲ။ သူတို့ ဆက်ပြီးတော့ ရွေးကောက်ပွဲပဲ လုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျနော်တို့ ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲကို  ဂုဏ်ပြုဖို့၊ အသိအမှတ်ပြုဖို့ပဲ။ ဒါပဲ ကျနော်တို့က ပြောနေတာပဲ။ အသိအမှတ်ပြု ဂုဏ်ပြုလိုက်တယ်ဆိုရင် သမိုင်းမှာ အစဉ်အလာကောင်းတွေ ဖြစ်သွားမှာပေါ့။ ၉ဝ ခုနှစ် ရလဒ်ကောင်းတွေ ရှိရဲ့သားနဲ့ ထပ်မံပြီးတော့ ရွေးကောက်ပွဲသစ် လုပ်မယ်၊ ရလဒ်သစ် လုပ်မယ် ဆိုတာကတော့ သမိုင်းမှာ မကောင်းဘူးဗျာ။ အင်မတန် သမိုင်းမှာ အရုပ်ဆိုးတဲ့ ဟာကြီးဗျာ။
အရုပ်ဆိုးတဲ့ ဟာကြီး ဖြစ်တာကို နောင်လာနောက်သားတွ အတွက် မကောင်းသော ပညာပေးမှု၊ မကောင်းသော သင်ခန်းစာလို့ ကျနော်တို့က ယူဆထားတဲ့အတွက် မလုပ်ကောင်းဘူးဗျာ။ နောင်မှာလည်း လုပ်စရာရှိတဲ့ လုပ်ငန်း အဝဝကို ဘာပဲလုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်၊ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားတာကိုပဲ အားပေးချင်တယ်။ ကျနော်ပြောသလို ဒီပဲယင်းဟာမျိုး အကြမ်းဖက်မှုတွေက ဒီမှာ နှစ်ပေါင်း ၆ဝ ကျော် ရှိပြီဗျာ။ တယောက်နဲ့တယောက် အပြန်အလှန် စကားစစ်ထိုးမှုတွေက တော်လောက်ပြီဗျာ၊
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေက ချွတ်ချုံကျနေပြီ။ ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့ ကယ်တင်ရမယ့် ကိစ္စမှာ ဟိုဘက်က အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့၊ ဒီမိုကရေစီ အင်အားစုတွေနဲ့၊ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ အထောက်အခံ အများဆုံးဖြစ်တဲ့ ကျနော်တို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပွဲဝိုင်းမှာထိုင်ပြီး လျှော့နိုင်သလောက်တွေ လျှော့ပြီးတော့၊ အပေးအယူတွေ လုပ်မယ်ဆိုရင် ဖြစ်ပါတယ်ခင်ဗျာ။ ဘဘကတော့ အဲဒီလိုပဲ မြင်တယ်။
သူတို့မှာ လက်နက်တွေ ရှိလို့၊ ငွေတွေ ရှိလို့၊ ပါးစပ်မှာ အာဏာတွေ ရှိလို့ လုပ်တဲ့ဟာတွေကလည်း အမှန်မဟုတ်ဘူးဗျာ။ အကြမ်းဖက်မှု လုပ်လို့ ပြန်ပြီး တုံ့ပြန်တယ်ဆိုတာလည်း အဖြေမဟုတ်ဘူးဗျာ။ ဘယ်တော့မှ မပြီးဘူးဗျာ။ ပြီးနိုင်တဲ့ ကိစ္စကတော့ ပြည်သူလူထု အကျိုးစီးပွား၊ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း အဘက်ဘက်က ကျရှုံးနုံနဲ့နေတဲ့ဟာကို ပြန်ပြီး မတ်လာအောင် လုပ်ဖို့ဟာကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ကြားလူမပါဘဲ အေးအေးဆေးဆေး တွေ့ပြီးတော့ အပေးအယူ လုပ်လိုက်ပြီးတော့ လျှော့တန်တာတွေ လျှော့လိုက်ရင် ဖြစ်ပါတယ်ဗျာ။ ဘဘအနေနဲ့ အသက်အရွယ် ကြီးလာပြီဆိုတော့ တိုင်းပြည်မှာ တိုးတက်ကောင်းမွန်ပြီးတော့ အေးအေးချမ်းချမ်း ဖြစ်သွားတာကို မြင်ချင်တယ်ဗျာ၊ ဒါပဲ။
အောက်က ၀တ္ထုတိုပြီးရင် ဖတ်စရာ ကုန်ပါပြီ
ပီတိ သစ်ပင်
ခက်မာ
မေ ၃၀၊ ၂၀၁၀ မိုးမခ
ထင်းမီးဖိုမှ မီးခိုးမအူဘဲ မီးညွန့်တွေ တရှိန်ရှိန်တောက်နေလျှင် အဘွားက ပြုံးနေတော့သည်။ ထမီရင်လျားကို အခါခါပြင်ဝတ်ပြီး မီးဖိုပေါ်မှ ပီလောရွက်ဟင်းချိုကိုလည်း အခါခါမြည်းသည်။
ထင်းခွေတော်တဲ့နေရာမှာတော့ ငါ့မြေးက စံပဲ
အဘွားက ပြောနေကျစကားကိုပြောသလို ကျွန်မကလည်း လုပ်နေကျအတိုင်း အဘွားကိုမျက်လုံးပြူး၍ စိုက်ကြည့်နေလိုက်သည်။ အဘွားချီးကျူးတာကို ရင်ထဲမှာကျေနပ်ပေမယ့် ဘယ်လိုတုံ့ပြန်ရမည်မှန်း မသိပါ။
ဒီ ပီလောရွက်တွေကလည်း သူ ထင်းခွေထွက်ရင်း ခူးလာတာလေ။ ငါ့မြေးက အဲဒီလို အသီးအရွက်ရှာတာလည်း တော်တယ်။ အိမ်မှာတို့စရာမရှိတာတို့ ဟင်းရည်သောက်မရှိတာတို့ဆို သူ့ကိုသာ ပြောလိုက်။ သူ အပြင်ထွက်သွားပြီး ဆယ့်ငါးမိနစ် နာရီဝက်ကြာလို့ ပြန်လာရင် တို့စရာမျိုးစုံနဲ့ ဟင်းချိုချက်ဖို့ တခုခုတော့ ပါလာတာပဲ
အဲဒီတုန်းကတော့ အဘွားက ကျွန်မကို ထန်းတက်လက်မှတ် ပေးနေမှန်းမသိခဲ့ပါ။ တကယ်တော့လည်း ကျွန်မတို့လို ကျေးလက်တောရွာမှာနေသူတွေအဖို့ တို့စရာ၊ မြှုပ်စရာ၊ ဟင်းချိုခပ်စရာရဖို့က ခက်ခက်ခဲခဲ မဟုတ်ပါ။ ဒါပေမယ့် အဘွားက ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ဝန်းကျင်၊ အမေကကျတော့ ကျွန်မတို့နေသောရွာနှင့် အတော်လှမ်းသော ရွာတရွာမှာ မူလတန်းကျောင်းအုပ်ဆရာမ တာဝန်ကျသည်မို့ ထိုရွာမှာနေရသည့် အချိန်က များသည်။ မောင်နှင့် ညီမကလည်း ငယ်ရွယ်သေးသော အရွယ်တွေမို့ ကျွန်မက အိမ်မှာ ဒိုင်ခံရှိနေသော အဘွား၏လက်ရုံးလို ဖြစ်နေသည်။ ဒါ့အပြင် ကျွန်မက တကိုယ်တည်း အတွေးနှင့်နေရတာ ကြိုက်သူမို့ ရွာနောက်ဘက်ရှိ စိုက်ခင်းများဘက်သို့ တယောက်ထဲ လမ်းလျှောက်ရင်း ဟင်းရွက်ရှာနေရတာ၊ ထင်းခွေနေရတာမျိုးမှာ ပျော်ပိုက်သည်။ တချို့နေ့တွေဆို ရွာရှိ တွဲဖက်အလယ်တန်းကျောင်းက ဆင်းသည်နှင့် ကျောင်းဝတ်စုံကိုလဲကာ ထမင်းအိုးထဲမှ ထမင်းလက်တဆုပ်ခူး၊ ကိုယ်တိုင်လုပ်ထားသော ဝါးရိုးငါးမျှားတံကိုဆွဲပြီး အိမ်နောက်ဖေး ချောင်းနံဘေးပြေးဆင်း၍ မမှောင်မချင်း ငါးမျှားနေရတာကိုလည်း ကြိုက်ပြန်သည်။ ငါးမျှားရတာကို သူများအသက် သတ်ရတာမို့ အဘွားက သိပ်မကြိုက်ချင်ပေမယ့် ကျွန်မ မျှားထားသော ငါးများက မိသားစုအတွက် မကြာခဏ ဟင်းလျှာဖြစ်ရတာမို့ ငါးမျှားတိုင်းတော့လည်း မတားပြန်ပါ။
ဒီနေ့ဆို ငါ့မြေး မျှားလာတဲ့ ငါးဇင်ရိုင်းကျောရှည်တွေကို အိုးကပ် ဆီပြန်ချက်တယ်။ သူ ခူးလာတဲ့ ပီလောရွက်ကို ဟင်းချိုချက်တယ်။ သူ ထင်းခွေထွက်ရင်းခူးလာတဲ့ ဇောင်းယားသီးကို သုတ်စားမယ်။ ဘွားအေလုပ်တဲ့သူက အချဉ်မပါရင် ထမင်းမစားတတ်ဘူးဆိုတာ သူ သိတယ်လေ
အဘွားက ဟင်းချိုအိုးကို မီးဖိုပေါ်မှ ချသည်။ ကျွန်မက ဇောင်းယားသီးသုတ်ဖို့ လှီးနေသော ကြက်သွန်နီကို လက်စသတ်လိုက်သည်။ ပုဇွန်ခြောက် ထောင်းပြီးပြီ။ ကြက်သွန်ဖြူဆီချက် ချက်ပြီးပြီ။ မြေပဲလှော်လေး ထောင်းထည့်၊ ငံပြာရည်လေးကျိုပြီး လောင်းထည့်လိုက်လျှင် ဇောင်းယားသီးသုတ်မွှေးမွှေး ရပြီ။
ကျွန်တော်လည်း ထမင်းဝိုင်းပြင်ပေးပါ့မယ် ဆရာမကြီးရယ်။ ငါးအိုးကပ်နံ့က မွှေး၊ ငပိရည်ဖျော်နံ့က မွှေး၊ ဇောင်းယားသီးသုတ်နံ့က မွှေးနဲ့ တံတွေးချည်းမြိုချနေရတာ မောလှပြီ
မြို့မှလာလည်သော ဆရာကလေး ကိုမြင့်ဆွေက ပြောလည်းပြော၊ နံရံမှာကပ်ထောင်ထားသော ထမင်းစားပွဲခုံ အဝိုင်းလေးကိုလည်း လှိမ့်ယူလာပြီး ဧည့်ခန်းအလယ်မှာ ချသည်။
ထမင်းစားပြီးသွားတော့မှ ညည်းရဲ့ ထင်းခွေ၊ ငါးရှာ၊ ဟင်းရွက်ခူးတဲ့ အတွေ့အကြုံတွေ မေးရဦးမယ်
သနပ်ခါးပါးပါးလိမ်းထားသော ဆရာကလေး ကိုမြင့်ဆွေက ကျွန်မဘက်လှည့်ပြောတော့ အဘွားက အသံထွက်အောင် ရယ်သည်။ “မေး … မေး၊ ငါ့မြေးက အဲဒီဘက်မှာတော့ တကယ်တော်တယ် ဟု ပြောသည်။ ကျွန်မကလည်း အခိုးမပျယ်သေးသော ကြက်သွန်နီကြောင့် မျက်ရည်ဝိုင်းလျက်ကပင် ရောယောင် ရယ်မောလိုက်သည်။
တကယ်တော့ ဆရာကလေး ကိုမြင့်ဆွေက ကျွန်မတို့အိမ်ကို လာလည်တာ မဟုတ်ပါ။ သူ့ဘာသာ တခြားကိစ္စနဲ့ ရွာကိုလာတာ။ အိမ်ရှေ့မှ သူ ဖြတ်သွားတာမြင်၍ အဘွားက ကြုံတုန်း ထမင်းစားသွားပါဦးလားဟု နှုတ်ဆက်တော့ ဆရာလေးက “ဘာဟင်းချက်လဲဟု ပြန်မေးသည်။ အဘွားက ထွေထွေထူးထူး စကားဆက် ပြောမနေတော့ဘဲ အိမ်ထဲဝင်ခဲ့ဟူသော သဘောဖြင့် လက်ယပ်ခေါ်တော့ ဆရာလေးကလည်း ဝင်လာသည်။
အမယ်လေး … ဟင်းနံ့တွေက မွှေးလို့ပါလား
ဒီမှာတင် အဘွားက သူ့ထမင်းဝိုင်းဋီကာ ဖွင့်တော့သည်။ အဘွားက ဟင်းချက်လျှင် စိတ်ရှည်လက်ရှည် စိမ်ပြေနပြေ ချက်တတ်သူပီပီ လူတိုင်းသိသော ငါးလေးအိုးကပ် ဟင်းချက်နည်းကိုပဲ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတော့သည်။
ဒီနေ့ ကျောင်းပိတ်ရက်ဆိုတော့ နင့်တူမက မနက်ထဲက ချောင်းထဲဆင်း ငါးမျှားလိုက်တာ တနာရီကျော်ကျော်ပဲ မျှားလိုက်ရတယ်၊ ငါးဇင်ရိုင်း တအိုးချက်စာရတယ်လေ။ အဲဒီငါးတွေကို အသေအချာကိုင်၊ ကြက်သွန်အဖြူ အနီ ကို မွှေးလာအောင်ဆီသတ်ပြီး ငရုတ်သီးစပ်စပ်နဲ့ အိုးကပ်ချက်ထားတယ်။ ငါ ဟင်းချက်နေတုန်း နင့်တူမ က ပီလောရွက် လက်တဆုတ် သွားခူးလာတယ်။ အဲဒီ ပီလောရွက်တွေကို ငါးလေးနှစ်ကောင် သုံးကောင်နဲ့ ဟင်းချိုချက်ထားတယ်
အကုန်လုံး လတ်လတ်ဆတ်ဆတ်တွေချည်းပါလား။ ကြုံတုန်းစားသွားလိုက်ပါဦးမယ် ဆရာမကြီးရယ်
အဘွားက ကျွန်မတို့နေသောရွာမှာ မူလတန်းကျောင်းအုပ်ဆရာမဟောင်းမို့ အဘွား တပည့်ဟောင်းတွေ၊ တပည့်ဟောင်းများ၏ မိဘတွေအပြင် ဆရာလေး ကိုမြင့်ဆွေတို့လို မိတ်ဆွေတွေကပါ ဆရာမကြီးဟုပဲ ခေါ်ကြသည်။
မောင်မြင့်ဆွေ ငါ့လက်ရာကို လျှာလည်သွားမယ်
အဘွားက နောက်ပြောင်ပြောတာပေမယ့် ဆရာလေးကိုမြင့်ဆွေက တကယ်ပဲ ခေါင်းမဖော်တမ်း လွေးတော့သည်။
ငါးပိရေ ဖျော်ကလေးက ကောင်းလိုက်တာ
ဟု ပြောရင်း ငဇင်ရိုင်းဟင်းကို တွင်တွင်ထည့်သည်။ ပီလောရွက်ဟင်းချိုကလည်း ခပ်ချွဲချွဲမို့ လည်ချောင်းထဲဝင်လို့ ဝင်မှန်းမသိဘူးဆိုကာ မနားတမ်းသောက်သည်။ ထမင်းစားပြီးတော့ သူ့ နဖူးမှာ ချွေးတွေသီးနေပြီ။
ကောင်းလိုက်တာ ဆရာမကြီးရယ်၊ ကျွန်တော်တို့မြို့ မှာ ရေခ္ဂဲရိုက်ငါး စားရတာဗျ။ တခါတလေ တောသည်နဲ့ဆုံမှ ငါး လတ်လတ်ဆတ်ဆတ် စားရတာ၊ ဒါတောင် ခုလို ချက်ချင်း ချောင်းထဲကဖမ်း ချက်ချင်းချက်တဲ့ ငါးဟင်းကို ဘယ်မီမလဲ။ ဟင်းရွက်ကလည်း အခု ခူး အခု ချက်၊ ဘယ်လောက် လတ်ဆတ်သလဲ၊ ဘယ်လောက် ကျန်းမာရေးနဲ့ ညီညွတ်သလဲ
ကျွန်မနှင့် ဆရာလေးက ပြိုင်တူလိုလို ထမင်းစား၍ပြီးသည်။ လူက ဝသလောက် ဘာလုပ်လုပ် လေးလံသော အဘွားကတော့ နောက်ထပ် ဆယ်မိနစ်လောက်ကြာမှ လက်စသတ်လိမ့်မည်။ ဆရာလေးက ရေနွေးကြမ်းကို အရသာခံသောက်ရင်း ကျွန်မဘက် မျက်နှာမူလိုက်သည်။
ကဲ … ပြောစမ်းပါဦး အတွေ့အကြုံတွေ …”
* * * * *
ကျွန်မတို့ရွာက သမိုင်းဝင် မလက်တိုချောင်း၏ ဟိုဘက်ဒီဘက် တဖက်တချက်မှာ အိမ်ကလေးတွေ တန်းစီ တည်ထားသော သမိုင်းဝင်ရွာကြီးဖြစ်သည်။ အိမ်တွေက ချောင်းကို ကျောပေးဆောက်ထားပြီး ကမ်းတဖက်တချက်မှာ မျက်နှာချင်းဆိုင်အိမ် တန်းနှစ်တန်း ရှိသည်။ တဖြည်းဖြည်း လူနေထူထပ်လာတော့ အိမ်တန်းတွေက နှစ်ထပ် သုံးထပ် ဖြစ်လာသည်။ ကျွန်မတို့ ရွာအလယ်ပိုင်း အိမ်တန်းများ၏နောက်မှာ ရွာမှ သူဌေးကြီးတဦး၏ ငါးမွေးကန်တွေရှိသည်။ ငါးမွေးကန်တွေနှင့်ဆက်လျက် ခပ်လှမ်းလှမ်းမှာတော့ မြေပဲ၊ ပြောင်း၊ ခရမ်းချဉ် စသဖြင့် စုံလင်သော စိုက်ခင်းတွေ။ အိမ်တန်းနှင့် ငါးမွေးကန်ကြားနေရာတွေက သစ်ပင်ခြုံနွယ် ပိတ်ပေါင်းတွေနှင့် တောအုပ်လေးလို ဖြစ်နေသည်။ ထိုတောအုပ်သေးသေးလေးက ကျွန်မ ထင်းခွေထွက်ရာ နေရာပင်။ ထိုနေရာတွေကို သူ့အကန့်အသတ်နှင့် ပိုင်သူတွေရှိပေမယ့် ထင်းခြောက်ကောက်တာမျိုး၊ သဘာဝအတိုင်းပေါက်နေသော ဟင်းသီးဟင်းရွက်ခူးတာမျိုးကိုတော့ ဘယ်သူမှ မတားကြပါ။ ပိုင်ရှင်ရှိ မြေကွက်မှ သစ်ပင်ကို ခုတ်တာမျိုးဆိုလျှင်တော့ စကားပြောကြရသည်။
ကျွန်မက ထိုတောအုပ်ကလေးတခွင်ကိုသွား၊ သဘာဝအတိုင်း ခြောက်ပြီးကျိုးကျနေသော သစ်ကိုင်းခြောက်တွေ ကိုသာ ထင်းအဖြစ်ကောက်တာဆိုတော့ ဘယ်တုန်းကမှ ပြဿနာ မဖြစ်ခဲ့ပါ။ ထိုတောအုပ်လေးထဲတွင် မကျည်းပင်ကြီး သုံးပင်ရှိသည်။ ဇောင်းလျားသီးပင်၊ ချဉ်ပြုံးသီးပင်တွေ ရှိသည်။ မကျည်းရွက်နုချိန်မှာ ခူးပြီး သုတ်စား၊ ဟင်းချို ချက်၊ ငါးကျည်းနှင့် အရည်သောက် ချက်စားရသည်။ မကျည်းသီးနုလေးတွေသီးပြန်တော့ ပိုင်ရှင်ထံခွင့်တောင်း၍ ခူးပြီး ထောင်းစားချင် စား၊ ငါးပိချက် ချက်ချင်ချက်ပေါ့။ ကျွန်မက တခါစား နည်းနည်းပါးပါးသာ ခူးတာရော၊ မကျည်းပင်ပိုင်ရှင်က အဘွားတပည့်ဟောင်းဖြစ်တာရောကြောင့် ဘယ်တော့မှပြဿနာ မတက်ခဲ့ပေမယ့် ပိုင်ရှင်ကိုမပြောဘဲ မကျည်းသီးခူးသည့် တချို့ကလေးတွေကတော့ အအော်ခံရတာ၊ မိဘကို အတိုင်ခံရတာတွေ ရှိသည်။ မကျည်းသီးမှည့်ချိန်မှာတော့ သဘာဝအတိုင်းကြွေကျသည့် မကျည်းသီးမှည့်များကို ကလေးတိုင်း ကောက်ယူခွင့်ရှိသည်။ အပင်ပေါ်တက်ခူးတာကိုတော့ ပိုင်ရှင်က လက်မခံပေ။
ငါးမွေးကန်နှင့် တောအုပ်ကြား မြက်ရိုင်းခြုံပုတ်တွေထဲမှာတော့ သဘာဝအတိုင်း အလေ့ကျပေါက်သော ပီလောရွက်နှင့် ကြာဟင်းညွန့်၊ ကန်စွန်းရွက်၊ ကညွတ်ရွက်တွေရှိသည်။
အဘွားက ပုဇွန်ဆတ်ထုပ် သုံးလေးကောင်ကို ငရုတ်ဆုံထဲထည့်၍ မညက်တညက် ထောင်းသည်။ ထောင်းပြီးသားပုဇွန်ကို ထင်းမီးဖိုပေါ်တွင် ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲထည့်လိုက်လျှင် ပုဇွန်အနှစ်ကြောင့် ဟင်းရည်က ဖြူသွားသည်။ ထိုဟင်းရည်ထဲ ကြက်သွန်ဖြူလေး ဓားပြားရိုက်ထည့်၊ ရွာထွက် ငံပြာရည်လေးဖြန်းပြီး နောက်ဆုံးမှာ ရေစင်စင်ဆေးထားသော ပီလောရွက်ကို ခပ်သည်။ လတ်ဆတ်သော ဟင်းရွက်နှင့် ပုဇွန်ကြောင့်ရော၊ ငါးငံပြာရည်ကြောင့်ပါ ဟင်းချိုက ချိုပြီးမွှေးနေသည်။ ရုံးပတီသီးလို ခပ်ချွဲချွဲရှိသော ပီလောရွက်၏ အရသာကိုလည်း ကျွန်မက ကြိုက်သည်။ ကျွန်မတို့ရွာထွက် နာမည်ကြီး ငါးခုံးမချဉ်ကို ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ ကြက်သွန်နီတို့နှင့်သုတ်ကာ ပီလောရွက် ဟင်းချိုချွဲချွဲ၊ ငါးပိရည်ဖျော်နှင့် ထမင်းစားရ သောနေ့တွေကို ကျွန်မ ဘယ်တော့မှ မငြီးငွေ့ခဲ့ပါ။
ငါးကန်နံဘေးက သဘာဝဟင်းရွက်ခင်းထဲမှာ ကြာဟင်းညွန့်လို၊ ထိကရုံးလို၊ ဂန့်ဂလာ(ကန့်ကလာ)လို တခြား တို့စရာအရွက်တွေလည်း ရနိုင်သည်။ မိုးဦးမှာရသော ကျွန်မအကြိုက်ဆုံး စားစရာတခုကတော့ မှိုပင်။ နွေရာသီတုန်းက တလင်းပြင်ထဲမှာ ပုံထားခဲ့သော ကောက်ရိုးပုံတွေအထဲမှာ၊ ဘေးမှာကောက်ရိုးမှိုတွေ အစီအရီ ပေါက်ကြပြီ။ မြေပဲခွံခြောက်၊ ပဲခွံခြောက်ပုံတွေထဲမှာ ထပေါက်သည့် ပဲမှိုတွေကတော့ ကောက်ရိုးမှိုထက်ပင် များသေးသည်။ သရက်တုံးမှို၊ ဝါးပိုးမှို၊ မှိုမှန်သမျှ ကျွန်မက အကုန်ကြိုက်သည်။ ရံဖန်ရံခါ ကံကောင်းမှရတတ်သော တောင်ပို့မှိုကိုတော့ အကြိုက်ဆုံးပင်။
ဆောင်းဦးရာသီရောက်လျှင်တော့ ရွာထိပ် ဘုန်းကြီးကျောင်းဝင်းထဲမှာ သခွပ်ပွင့်တွေ သွားကောက်နိုင်သည်။ ရနံ့သင်းသင်းမွှေးသော သခွပ်ပွင့်၏ ဝတ်ဆံတွေကို ဖယ်ထုတ်ကာ ရေနွေးနှင့်ပြုတ်ပြီး တို့စားရတာလည်း သဘောတွေ့ပြန်သည်။ နွေရာသီမှာ ကောက်၍ရသော လက်ပံပွင့်ခေါင်းနှင့် ခရမ်းချဉ်သီးရောချက်သော အဘွားလက်ရာ ချဉ်ရည်ဟင်းကိုတော့ ဘယ်သူမှမမီဘူး ထင်သည်။
အလွန်လတ်ဆတ်၍ ဓာတ်မြေသြဇာအလျှင်းမပါသော အသီးအရွက်အားလုံး၏အချုပ်ကတော့ လောင်စာ ထင်းပင်ဖြစ်သည်။ ထင်းမီးလောင်စာနှင့် မချက်ပြုတ်လျှင် ထိုအသီးအရွက်များ၏ အရသာက ဘယ်လိုမှ မပေါ်လွင်နိုင်ပါ။ အဘွားက ဘာဟင်းချက်ချက် မီးအေးအေးနှင့် ကြာကြာချက်မှ အရသာပေါ်သည်ဟု အမြဲပြောသည်။ တကယ်လည်း အဘွားချက်သည့်ဟင်းတွေက အရသာရှိလှသည်။ အမေကတော့ စိတ်မရှည်သူမို့ မီးတဟုန်းဟုန်းနှင့် မြန်မြန်ဆူ၊ မြန်မြန်ကျက်တာကို ကြိုက်သည်။ မီးအေးအေးပဲဖြစ်ဖြစ်၊ မီးကောင်းကောင်းပဲဖြစ်ဖြစ် ထင်းအဖြစ်သုံးသော အသားမာဖို့နှင့် ခြောက်ဖို့က အရေးကြီးသည်။ ထင်းအသားမာတော့ အဆိုက်ခံပြီး ခြောက်တော့ မီးခိုးမအူပေ။ အဘွားက မီးခိုးနံ့နံသောဟင်းကို သည်းမခံနိုင်ပါ။
ထင်း၏သဘောကိုသိနေသော ကျွန်မက ထင်းခွေထွက်လျှင် သရက်ကိုင်းလို၊ မကျည်းကိုင်းလို၊ ကျီးပင်၊ မအူပင်တွေ၏ အကိုင်းခြောက်မာမာတွေကို ဦးစားပေးရှာတတ်သည်။ ကျွန်မ ညီမကို ထင်းခွေခိုင်းလိုက်လျှင် ငယ်တာရော၊ စိတ်မဝင်စားရောကြောင့် ထင်းမရတတ်ပါ။ ရလာတော့လည်း ညံပင်ခြောက်လိုမျိုး လွယ်ရာ ကောက်လာတာမို့ သူ တထမ်းကြီးသယ်လာသည့် ဖော့သာသာ ညံပင်ခြောက်က ဟင်းတအိုးချက်တာနှင့် ကုန်သွားတော့သည်။
မိုးတွင်းမှာ ထင်းခြောက်ရှာမရနိုင်တာမို့ အဘွားက နွေကတည်းက ချောင်းရိုးတလျှောက် သမ္ဗာန်များနှင့် လိုက်ရောင်းသော ကနစိုခြမ်းထင်းစတွေ ဝယ်ထားတတ်သည်။ ကနစိုသား ထင်းခြမ်းတွေကို နွေကထဲ အသေအချာခွဲ၊ နေလှမ်းပြီး ထင်းစင်ထဲ ထည့်သိမ်းထားတာမို့ မိုးရာသီသူများတွေ ထင်းစိုများကြောင့် မီးခိုးအူချိန် ကျွန်မတို့အိမ်မှာတော့ မီးတောက်ကောင်းသော ထင်းတွေနှင့် သက်တောင့်သက်သာ မီးဆိုက်နိုင်သည်။
ကျောင်းဆရာမ အမေကလည်း နွေကျောင်းပိတ်ပြီဆိုတာနှင့် အိမ်ဘေးနှင့် အိမ်နောက်ဘက်မှာရှိသည့် ကုက္ကိုပင် သုံးပင်ကို အကိုင်းတွေ ချိုင်တော့သည်။ အကိုင်းချိုင်ဖို့လူငှားပေမယ့် မြေပေါ်ကျလာသော သစ်ကိုင်းတွေကိုတော့ အမေနှင့်အတူကျွန်မတို့ မောင်နှမတတွေ လွှနှင့် ဖြတ်တန် ဖြတ်၊ ဓားနှင့်ပိုင်းတန်ပိုင်း လုပ်ရသည်။ သည်ကုက္ကိုသား ထင်းတွေကလည်း တမိုးတော့ ကောင်းကောင်းဖူလုံသည်။
အဲဒီအချိန်တုန်းက ကျွန်မတို့ ဂက်စ်မီးဖိုဆိုတာ ရှိမှန်းတောင် မသိဘူးထင်သည်။ ရွာရိုးတလျှောက် တထွာကျော်ကျော် ဂက်စ်အိုးကလေးတွေနှင့် “မီးခြစ် ဂက်စ် ထည့်တယ် ဟု အော်ကာ ဂက်စ်မီးခြစ်တွေကို ဂက်စ်လိုက်ဖြည့်သူတွေကို မြင်ဖူးပေမယ့် ဂက်စ်မီးဖိုဆိုတာ မြင်ဖူးဖို့နေနေသာသာ ကြားတောင် မကြားခဲ့ဖူးဘူး ထင်သည်။ ကျောင်းပိတ်ရက်တွေမှာ ရန်ကုန်ရှိ ဦးလေး၊ အဒေါ်တွေဆီ အလည်သွားလျှင်တွေ့ရသည့် လျှပ်စစ်မီးဖိုကိုပင် အံ့သြမခန်းတော့ပြီ။
ခလုတ်ကလေးဖွင့်လိုက်တာနှင့် မီးတွေလင်းပြီးပူလာကာ ထမင်းဟင်းတွေချက်၍ရကြောင်း ရွာက သူငယ်ချင်းတွေကို ပြောပြတော့သူတို့က ကျွန်မကို “ငကြွား ဟုအော်၍ လှောင်ပြောင် ရယ်မောကြသည်။ ရွာမှာက အဝတ်မစားတွေ မီးပူတိုက်ဖို့ မီးသွေးဝယ်သုံးနိုင်သူကပင် ဟုတ်လှပြီမဟုတ်လား။
မှတ်မှတ်ရရ ၂၀၀၃ ခုနှစ်မှာ ကလေးတွေကလည်း ငယ်၊ အလုပ်ကလည်းများသဖြင့် အချိန်ကုန်သက်သာစေရန် ဈေးကြီးပေး၍ ဂက်စ်မီးဖိုဝယ်သုံးတော့ ကျွန်မ အမေ ကျောင်းဆရာမဟောင်းက မီးဖိုကို မဖွင့်ရဲပါ။
အမေ မသုံးတတ်ဘူး ကြောက်တယ် ဟု ပြောတော့ ရင်နာနာနှင့် ရယ်မောခဲ့ရသေးသည်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ပြီး ဇာတိရွာက ဆွေမျိုးတွေ၊ သူငယ်ချင်းတွေဆီ လိုအပ်တာတွေသွားလှူတော့ လောင်စာထင်းနှင့် ရေကိစ္စက အရေးတကြီးဖြစ်နေပြီ။
ဟိုတုန်းကနဲ့ ဘာမှမတူတော့ဘူး သူငယ်ချင်းရေ။ တို့ငယ်ငယ်ကလို ထင်းခွေလို့ မရတော့ဘူး။ သစ်ပင်တွေ နည်းသွားတော့ ထင်းကရှားပြီး ဈေးကြီးပေးဝယ်သုံးရတယ်။ ချောင်းတွေကို တမံပိတ်လိုက်တော့ နွေဆိုရင် ချောင်းထဲမှာ ရေက ခြေမျက်စိလောက်ပဲ ရှိတော့တယ်။ နွေမှာ ရေကိစ္စလည်းဒုက္ခသိပ်ရောက်တယ်
အိမ်နီးချင်းလည်းဖြစ်ခဲ့သော သူငယ်ချင်းဟောင်းတယောက်က မျက်နှာကို ရှုံ့မဲ့၍ ပြောခဲ့သည်။ ဘယ်တော့မှ ကုန်ဆုံးပျောက်ကွယ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့သော အရာတွေ ပျောက်ဆုံးလုလု ဖြစ်နေခြင်းကိုလည်း ကြောက်လန့်တကြား သတိထားမိသည်။ အထက်အညာဒေသများသို့ ခရီးထွက်တိုင်းတွေ့ရသည့် လမ်းဘေး တဖက်တချက်မှ လွင်တီးခေါင် တောင်ကတုံးများကိုလည်း မြင်ယောင်မိသည်။ ကျွန်မ သူငယ်ချင်းတဦး ရိုက်ခဲ့သော ဓာတ်ပုံများထဲမှ ခြုံပုတ်သာသာ သစ်ပင်ကလေးတွေသာ ဟိုတစု သည်တစု တွေ့ရသော ပဲခူးရိုးမ ဆိုတာကြီးကိုလည်း သတိရသည်။ ကျွန်မအာရုံထဲမှာ မြင်ယောင်ထားခဲ့သည့် ရိုးမဆိုသောပုံရိပ်က စိမ့်ကြီး မြိုင်ကြီး ရိပ်ကြီးတောတောင် မဟုတ်လား။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လူပေါင်းများစွာ၏ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ခုတ်ယူသုံးစွဲခြင်းခံခဲ့ရသော သစ်ပင်တောတောင်များက ပဒေသာပင်မဟုတ်လေတော့ မျိုးပြုတ်ကုန်ကြတာ အဆန်းတော့လည်း မဟုတ်ပြန်ပါ။ တစတစ ရှားပါးသွားသော သစ်ပင်တွေမြင်ရတိုင်း ကျွန်မကိုယ်တိုင်ကြားခဲ့ဖူးသော သစ်တောပညာရှင်ကြီး ဦးအုန်း၏စကားကို ကျောချမ်းစွာ ကြားယောင်မိသည်။
သဘာဝအရင်းအမြစ်တွေကို ဒီနှုန်းအတိုင်း မဆင်မခြင် ဆက်ပြီးသုံးနေကြမယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်ဟာ နောက်ဆယ်နှစ်အတွင်းမှာ သောက်စရာရေချိုတောင် မရှိတော့တဲ့တိုင်းပြည် ဖြစ်သွားလိမ့်မယ်
ထိုစကားကို ကျွန်မကြားခဲ့တာ ၂၀၀၆ ခုနှစ်ပတ်ဝန်းကျင်က ဖြစ်သည်။ အဲဒီတုန်းက နောက်ဆယ်နှစ်ဆိုတာကို လက်ချိုးရေတွက်ကြည့်မိခဲ့သေးသည်
ကျွန်မငယ်ငယ်က ပျော်ရွှင်စွာ ထင်းကောက်ခဲ့သည့်အကြောင်း၊ အမြဲမပြတ် တသွင်သွင်စီးနေခဲ့သော ချောင်းရေထဲက လွမ်းမောဖွယ် မြောက်များစွာအကြောင်း ပြန်တွေးတမ်းတမိလျှင် ဖြစ်စေ၊ တစုံတဦးနှင့် စကားစပ်မိလျှင်ဖြစ်စေ၊ ကျွန်မအတွေးက ဆရာကြီးဦးအုန်း စကားဆီရောက်သွားကာ အလွမ်းကို ထိတ်လန့်မှုနှင့် အဆုံးသတ်မိမြဲဖြစ်သည်။ လျှပ်စစ်လောင်စာ၊ ဂက်စ်လောင်စာ မသုံးနိုင်သေးသည့် သန်းပေါင်းများစွာသော ကျေးလက်နေ ပြည်သူများအတွက် အနာဂတ်လောင်စာနှင့် ရေသုံးစွဲနိုင်မှု အရင်းအမြစ်အကြောင်း စဉ်းစားလိုက်လျှင် ကျွန်မ ငယ်ငယ်က ကူးခတ်ခဲ့ဖူးသော ရေပြင်ကျယ်နှင့် ကျွန်မ ကောက်ခဲ့သော သစ်ကိုင်းခြောက်တွေကို လွမ်းလှသလို ရင်ထဲမှာလည်း နာကျင်မောလျှလှပါသည်။
* * * * *
ဆောင်းတွင်းတုန်းက သည်းထန်သောနှင်းကြောင့် မျက်စိရှေ့မြင်သမျှမြေပြင်မှာ နှင်းများအတိ ဖုံးခဲ့သည်။ ဆောင်းနှောင်းအလွန် နွေဦးဝင်စ တရက်မှာတော့ သားငယ်ကို သွားဆေးခန်းပြစရာရှိသည်နှင့် ကျွန်မ၏ ပရိုဂရမ် ဒါရိုက်တာ ဟင်နရီနှင့်အတူ ကျွန်မတို့အိမ်မှ နာရီဝက်ခန့် ကားမောင်းသွားရသော သွားဆေးခန်းဆီ ထွက်ခဲ့သည်။ နှင်းတွေပျော်သွားပေမယ့် သစ်ပင်တွေက ရွက်နုမထွက်သေးဘဲ အရိုးငေါငေါရှိတုန်းပင်။ မြို့တွင်း ဧရိယာကို ကျော်လာတာနှင့် လမ်းဘေး ဘေးတဖက်တချက်မှာ သစ်ပင်တောတောင်တွေ ဆက်တိုက်မြင်လာရသည်။ အမေရိကမှာ ဆောင်းတွင်း ရွက်ကြွေချိန်မှလွဲလျှင် စိမ်းညို့သော သစ်ပင်တောတန်းတွေကို နေရာအနှံ့ တွေ့နိုင်သည်။ သစ်ပင်တွေကတော့ မြန်မာပြည်က သစ်ပင်အများစုလို သစ်မာများဟုတ်ပုံမရပါ။
ဆောင်းတွင်းတုန်းက နှင်းတွေချည်းသာမြင်ခဲ့ရသည့် သစ်တောအုပ်ကလေးများ၏အောက်ခြေတွင် သစ်ကိုင်းခြောက်တွေ၊ တုံးလုံးပက်လက်လဲကျနေသည့် သစ်ပင်တွေက အတုံးအရုံးပင်။ တချို့က သက်တန်းကုန်အိုမင်းပြီး သူ့အလိုလို လဲကျခြောက်သွေ့ကုန်တာဖြစ်ပြီး တချို့ကတော့ ဆောင်းတွင်းတုန်းက သည်းထန်ခဲ့သော နှင်းများ နှင်းမုန်တိုင်းများကြောင့် ကျိုးကျ၊ လဲကျကုန်တာဖြစ်သည်။
မင်း ဘာတွေတွေးနေတာလဲ
လမ်းဘေး တဖက်တချက်က သစ်ပင်များကိုငေးပြီး နှုတ်ဆိတ်နေသော ကျွန်မကို ကားမောင်း ဟင်နရီက လှမ်းမေးသည်။
သြော် … မြေကြီးပေါ်လဲကျနေတဲ့ သစ်ပင်ခြောက်တွေ၊ သစ်ကိုင်းခြောက်တွေကိုကြည့်ပြီး ကျွန်မရဲ့တိုင်းပြည်က လူတွေကို သတိရနေတာပါ
ဟင်နရီက စကားဆက်စေလိုဟန်နှင့် မျက်ခုံးပင့်ပြသည်။
ကျွန်မတို့နိုင်ငံမှာ ကျေးလက်နေ လူတန်းစားက ရှစ်ဆယ်ရာခိုင်နှုန်း ရှိတယ်လေ။ အဲဒီ ရှစ်ဆယ် ရာခိုင်နှုန်းသော လူတွေက လောင်စာအတွက် ထင်းနဲ့ ထင်းကဖြစ်တဲ့ မီးသွေးကိုပဲ အားပြုနေရတယ်။ တချို့ သိပ်ခေါင်တဲ့ ကျေးလက်မှာနေသူတွေဆို လျှပ်စစ်မီးဖို၊ ဂက်စ်မီးဖိုတောင် မြင်ဖူးကျတာမဟုတ်ဘူး။ ကျွန်မတို့ငယ်ငယ်ကလည်း ထင်းကိုပဲ လောင်စာအဖြစ် သုံးခဲ့ရတယ်။ ကျွန်မက ထင်းရှာသိပ်ကျွမ်းတာလေ
ဘာစကားမှဝင်မထောက်ဘဲ စိတ်ဝင်တစားနားစွင့်နေသော ဟင်နရီကြောင့် ကျွန်မ စကားဆက်လိုက်ပြန်သည်။
မြန်မာ့ပြည်က ထင်းသုံးတဲ့ ပြည်သူတွေသာ ဟောဒီ တုံးလုံးပက်လက်လဲနေတဲ့ သစ်ပင်တွေ၊ သစ်ကိုင်းခြောက်တွေကိုမြင်ရင် သိပ်ပျော်ကျမှာပဲလို့ ကျွန်မ စဉ်းစားနေမိတယ်။ ဒီမှာတော့ ဘယ်သူမှလည်း ထင်း မကောက်ကြဘူးနော်
ကျွန်မစကားကြောင့် ဟင်နရီက အသံထွက်အောင် ရယ်သည်။
ဒီမှာက ထင်းကို မီးလင်းဖိုရှိတဲ့အိမ်တွေမှာ ဆောင်းတွင်း မီးလှုံဖို့ပဲသုံးကြတာ။ အဲဒီလူတွေကလည်း ကိုယ့်ခြံဝင်းထဲကသစ်ပင် ကိုယ်ဖြတ်တောက်ပြီး ဆောင်းတွင်းသုံးဖို့ စုထားကြတာပဲ။ ခြံဝင်းမရှိလို့ သစ်ပင်မရှိတဲ့သူတွေကလည်း Giant Egale လို လူသုံးကုန်ပစ္စည်း ရောင်းတဲ့ဆိုင်တွေမှာ ထင်းဝယ်သုံးကြတယ်။ တောထဲ ထွက်ပြီး ထင်းရှာတာမျိုး ငါတော့ မတွေ့မိပါဘူး
ကျွန်မသာ မြန်မာပြည်ထဲမှာနေပြီး ဒီသစ်ပင်၊ သစ်ကိုင်းခြောက်တွေကို တွေ့ရမယ်ဆိုရင်လည်း သိပ်ပျော်မှာပဲ။ အခုတော့ ကျွန်မက အခုလို ထင်းတွေ အလကားဖြစ်နေတာ တွေ့ရတာရော၊ ထင်း အခက်အခဲကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာတောနေလူထုအကြောင်း စဉ်းစားမိတာရောကြောင့် မပျော်နိုင်ဘူး။ ဖြစ်နိုင်ရင် ဒီသစ်ပင်တွေကို သူတို့အိမ်ရှေ့မှာ ဝုန်းခနဲ ပုံပေးလိုက်ချင်တယ်
ဒီတခုစဉ်းစားနေရာမှ နောက်တခုဆီ အတွေးရောက်သွားတာကြောင့် ကျွန်မ စကားက ပြတ်တောင်းတောင်း ဖြစ်သွားသည်။
ဒါပေမယ့် ရက်ပိုင်းလပိုင်းသုံးဖို့ ထင်းရှာပေးတာထက် တသက်လုံး ထင်းလောင်စာတွေမကုန်အောင် စံနစ်တကျ သုံးစွဲတဲ့နည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးနိုင်ရင် ပိုအကျိုးရှိမှာပဲ
မင်း အဲ့ဒီအကြောင်း စာရေးနိုင်တာပဲ
ဟင်နရီ့စကားကို ကျွန်မက အင်း ဟု သံရှည်ဆွဲပြီး မရေမရာ တုံ့ပြန်မိသည်။ သစ်ပင် သစ်တောတွေကို စောင့်ရှောက်ချစ်ခင်ဖို့အကြောင်း စကားရောက်သွားပြန်တော့ ကျွန်မအတွေးက တနေရာပြောင်းသွားပြန်သည်။
ကျွန်မမိတ်ဆွေ ချားလ်စ်နီမန်က ပစ္စဘတ်တက္ကသိုလ် Office of International Services မှ ဒါရိုက်တာတဦး ဖြစ်သည်။ သူ့ဇနီး ရီတာနီမန်က Community College တခုတွင် ဂျာမန်ဘာသာပြ ဆရာမ။ အသက်ခြောက်ဆယ်ဝန်းကျင် ထိုဇနီးမောင်နှံက မြို့ထဲမှ နာရီဝက်ခန့် ကားမောင်းသွားရသော မြို့ငယ်ကလေး တခုတွင်နေသည်။ သူတို့က မတ်လအတွင်းကျရောက်သော အီစတာ ဘာသာရေးပွဲတော်ကို တက်ရောက်ရန် ကျွန်မတို့မိသားစုကို ဖိတ်သည်။ အီစတာပွဲအတွက် ဝေးလံသော မိဘရပ်ထံ မပြန်နိုင်သော ပစ္စဘတ်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူတချို့ကိုလည်း ဖိတ်ထားသည်။
အဲဒီနေ့က တောင်ကုန်းပြေပြေလေးတခုပေါ်တွင်ရှိသော ချားလ်စ်တို့အိမ်ကလေးက အလွန်လှပနေသည်။ ကားလမ်းပေါ်မှ အိမ်ရှိရာထိ ကုန်းမြင့်လေးအတိုင်းဖောက်ထားသော လမ်းဘေးတဖက်တချက်တွင် အဝါရောင် နွေဦးပန်းတွေက အစွမ်းကုန်ပွင့်နေကြသည်။
ဟောဒီခြုံပုတ်အမျိုးအစား အဝါရောင်ပန်းကို ရွှေခေါင်းလောင်းပန်း (Golden Bell) လို့ အလွယ်တကူ ခေါ်ကြတယ်။ သူ့ရဲ့နာမည်အစစ်ကတော့ ‘Forsythia’ တဲ့လေ
အရွက်တရွက်မှ မမြင်ရဘဲ ရိုးတံအတွင်းမှ အဝါလွင်လွင် အပွင့်တွေပြွတ်သိပ် ထိုးထွက်နေသောပန်းပင်ကို လက်ညှိုးညွှန်ရင်း ချားလ်စ်က ရှင်းပြသည်။
ဒီပန်းကတော့ ဝေါ့ဒစ္စနေ ကာတွန်းကားတွေထဲမှာ ပန်းပွင့်အလယ်နေရာကလေးကို မိန်းကလေး မျက်နှာလေး ထည့်ပြီး ဇာတ်ကောင် လုပ်ထားတယ်လေ။ ဒီပန်းနံမည်က ‘Deffodil’ တဲ့။ သူက ပန်းတမျိုးထဲက အပွင့် အရွယ်အစား သုံးမျိုးလောက် ကွဲတဲ့မျိုးတွေရှိတယ်
Deffodil’ကလည်း အဝါရောင်လွင်လွင်ပါပဲ။ မြန်မာပြည်က ငုပန်းအရောင်ပေါ့။ နွေဦး၏ အေးစိမ့်စိမ့်ရာသီထဲမှာ အဝါရောင်လွင်လွင် ပန်းတွေက ရင်ကိုနွေးထွေးစေသည်။ ချားလ်စ်က ကျွန်မတို့ကို သူ၏ တဧကကျော် ကျယ်သော ခြံထဲလိုက်ပြရင်း ပါးစပ်ကလည်း တတွတ်တွတ် ရှင်းပြနေသည်။ အိမ်အနောက်ဘက်ကိုချိုးကွေ့ လိုက်တော့ သစ်တောအုပ်ကလေးတခုကို ဘွားခနဲတွေ့လိုက်ရသည်။
နွေရာသီဆို ဒီသစ်ပင်တွေကြောင့် မြေကြီးပေါ်မှာ နေပျောက်တောင် မထိုးဘူး။ နွေရာသီမှာပွင့်တဲ့ ပန်းတွေရယ်၊ အနောက်ဘက် သစ်တောအုပ်ထဲကိုလာတဲ့ သမင်ကလေးတွေ၊ ယုန်ကလေးတွေ၊ ရှဥ့်ကလေးတွေရယ်နဲ့ ဒီခြံကြီးဟာ သိပ်ပျော်စရာကောင်းတယ်
မှန်းဆ မြင်ယောင်ကြည့်ရင်းနှင့်တောင် ကျွန်မစိတ်ထဲ ငြိမ်းချမ်းလာသည်။ အိမ်ရှင်ချားလ်စ်၏ စကားပြောနေသော နှုတ်ခမ်းတွေက ပြုံးနေသလို မျက်ဝန်းတွေကလည်း နူးညံ့နေသည်။ သူ့မြေ သူ့ခြံအတွက် ဂုဏ်ယူကျေနပ်နေသော ချားလ်စ်က သူ့အိမ်နောက်ဘက် သစ်တောအုပ်ကလေးအလွန်က အိမ်နီးချင်းတအိမ်ကို လက်ညှိုးထိုးပြရင်း ပြောသည်။
အရင်တပတ်က အဲဒီအိမ်ပတ်လည်မှာရှိတဲ့ သစ်ပင်လေးငါးပင်ကို အိမ်ရှင်တွေက ခုတ်လှဲလိုက်ကြတယ်လေ။ သစ်ပင်တွေခုတ်လှဲတာမြင်တော့ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတယ်။ သစ်ပင်တပင် အဲဒီအရွယ်ထိ ရောက်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာဗျာ။ သူတို့က သဘာဝအန္တရာယ်ကြောင့် သစ်ပင်တွေလဲရင် အိမ်ကို ထိခိုက်မိမှာစိုးတယ်နဲ့ တူပါတယ်ဗျာ။ ဒါပေမယ့် အဲဒီပင်ပျိုတွေ သူ့ဘာသာ လဲကျဖို့ဆိုတာ ၉၅ ရာခိုင်နှုန်း မဖြစ်နိုင်ပါဘူး။ တခါတလေကျရင် လူတွေက သဘာဝကို တန်ဖိုးထားထိမ်းသိမ်းဖို့ထက် လုံခြုံရေးကို အလေးကဲ စဉ်းစားနေတာ စိတ်မကောင်းစရာပဲ
ချားလ်စ်က တကယ်ပဲ ဝမ်းပန်းတနည်း ပြောနေတာဖြစ်သည်။ ကျွန်မကတော့ မသိနားလည်မှုကြောင့်နဲ့ လောဘကြောင့် သစ်ပင်တွေ ဆုံးရှုံးရတာထက်စာရင် လုံခြုံရေးကို အလေးကဲစဉ်းစားတာက တော်သေးတာပေါ့ ဟု စိတ်ထဲက ဆင်ခြေကန်နေမိသော်လည်း သူ့စကားကို ဖြတ်သလိုဖြစ်သွားမှာ စိုးတာကြောင့် ငြိမ်နေလိုက်သည်။ လုံခြုံရေးကို အလေးကဲစဉ်းစားပြီး သစ်ပင်ခုတ်တာက သစ်တောမပြုန်းနိုင်ဘူးလေ။ လူတယောက်အနေနဲ့ လူတွေရဲ့ပတ်ဝန်းကျင်က သဘာဝအလှတရားကို ခံစားတတ်ဖို့နဲ့ အဲဒီသဘာဝတရားရဲ့တန်ဖိုးကို အလေးအနက်ထား ထိမ်းသိမ်းစောင့်ရှောက်တတ်ဖို့က သိပ်အရေးကြီးတယ်ဟု ချားလ်စ်က စကားဆက်လိုက်သေးသည်။
တို့ဇနီးမောင်နှံက သိပ်ကိုအလုပ်များပါတယ်။ ဒါပေမယ့် နည်းနည်းလေးအချိန်ရတာနဲ့ တို့အိမ်ကလေးဝန်းကျင် ကို သာယာအောင်လုပ်တော့တာပဲ။ အိမ်ရှေ့ဥယျာဉ်ထဲမှာ ရာသီအလိုက် ပန်းတွေစိုက်တယ်။ ရှိပြီးသား ပန်းပင်တွေကို ခွဲပြီး ခြံအနှံ့ပွားအောင် လိုက်စိုက်တယ်။ အိမ်နောက်ဘက်က သစ်တောအုပ်ကလေးကို ရှင်းပြီးတော့ သင့်တော်မယ့်နေရာမှာ ရှားပါးသွားတဲ့သစ်ပင်မျိုးတွေ ရှာစိုက်တယ်။ အဲဒါဟာ တို့အတွက် ပျော်ရွှင်မှုပဲ၊ အသက်ရှည်ဆေးပဲ
သစ်ပင်ပန်းပင်တွေကို သက်ရှိသားသမီးလို ချစ်ခင်သော ချားလ်စ်၏ နုညံ့သောမျက်ဝန်းများကို ကျွန်မ ငေးကြည့်နေမိသည်။ ကျွန်မတို့တိုင်းပြည်မှာ သူ့လိုလူတွေ အများကြီးရှိရင် သိပ်ကောင်းမှာပဲ။ သစ်ပင် ချစ်သူတွေဆိုတော့ သစ်တောနှင့် သစ်တောထွက်ပစ္စည်းကို မဖြစ်မနေ အသုံးချနေရမည်ဆိုလျှင်တောင် ရေရှည်တည်တန့်အောင် ဘယ်လိုစံနစ်တကျ သုံးစွဲကြမလဲဆိုတာ တွေးတောတွက်ချက်၍ နည်းလမ်းရှာကြမှာ ဖြစ်သည်။ ပြီးတော့ လူ့သဘာဝအတိုင်း ကိုယ်ချစ်မြတ်နိုးသောအရာကို တခြားသူတွေပါ ချစ်မြတ်နိုးတတ်လာအောင် ပြောပြစည်းရုံးကြမည်။ အခု ချားလ်စ်က ကျွန်မတို့ကို ပြောပြနေသလိုပေါ့။ သစ်ပင်တွေကိုချစ်သော ချားလ်စ်၏ မေတ္တာဓာတ်က ကျွန်မတို့ကိုကူးစက်ပြီး ကျွန်မတို့ရဲ့ခံစားမှုတွေ နုညံ့လာသလိုပေါ့။ ဒီလိုနည်းနှင့် နှစ်တွေ ကြာကောင်းကြာမည်ဖြစ်သော်လည်း သဘာဝဝန်းကျင် ရေမြေ တောတောင်ကို ချစ်ခင်သူ၊ တန်ဖိုးထား စောင့်ရှောက်သူတွေ တိုးပွားလာမည်။ သဘာဝကိုချစ်သူများကိုလည်း သဘာဝတရားက ကြည်နူးပျော်ရွှင်ဖွယ် အရသာများကို ပြန်လည်လက်ဆောင်ပေးလိမ့်မည် ဖြစ်ပါသည်။
ကျွန်မတို့အိမ်ရဲ့တန်ဖိုးဟာ ဟောဒီအဆောက်အဦနဲ့ အိမ်ထဲက စက်ကရိယာတွေ မဟုတ်ပါဘူး။ မြင်သူရဲ့စိတ်ကို ကြည်နူးချမ်းမြေ့စေတဲ့ ခြံထဲက သစ်ပင်ပန်းပင်လေးတွေရယ်၊ နောက်ဘက်က တောအုပ်ကလေးရယ်၊ တောအုပ်ထဲမှာ အေးအေးလူလူ အစာရှာရင်းနားနေတဲ့ တိရိစ္ဆာန်ကလေးတွေကို မြင်နေရခြင်းရယ်၊ ရာသီအလိုက် ပြောင်းသွားတဲ့ ငှက်သံလေးတွေကို နားထောင်နေရတာတွေရယ်ပါပဲ
ချားလ်စ်၏ဇနီး ရီတာပြောခဲ့သော ထိုစကားတွေကိုလည်း ကျွန်မ မကြာခဏ ကြည်နူးစွာ သတိရမိတတ်သည်။ သူတို့က သဘာဝတရားကို ချစ်ခင်ထိမ်းသိမ်းလေတော့ သဘာဝတရားကလည်း သူတို့ကို လက်ဆောင်ကောင်းတွေ ပြန်ပေးလေသည်ပေါ့။
အီစတာပွဲတော်မှအပြန်တွင် သူတို့ဇနီးမောင်နှံက ကျွန်မတို့ကို ခြံထွက် ပန်းလက်ဆောင်တွေ ပေးလိုက်သေးသည်။ သူတို့က ကျွန်မတို့ကို ပန်းများနှင့်အတူ ပျော်ရွှင်မှုများကိုပါ လက်ဆောင်ပေးလိုက်ကြခြင်း ဖြစ်သည်။ ပန်းတွေပွင့်နေသော ပန်းပင်တွေကို သူတို့နှင့်အတူ အမြစ်ပါအောင်တူးကြရတာ ပျော်စရာ ကောင်းသည်။ အဲဒီပန်းပင်တွေကို ကျွန်မတို့ အိမ်နောက်ဘက်ခြံဝင်းထဲမှာ ကောင်းနိုးရာရာ နေရာရွေး၍ ပြန်စိုက်တော့လည်း ပျော်ရသည်။ ကိုယ့်ခြံထဲမှာ ပန်းပွင့်နေသောအပင်တွေ ရုတ်တရက်ကြီး ရောက်လာတာကို မြင်ရတာလည်း ပျော်စရာ။ အဲဒီ ပန်းပင်တွေကို ရေလောင်းရတာ၊ နောက်နှစ်နွေဦးမှာ ဘယ်ပုံဘယ်နည်း အပွင့်တွေဝေလာလေမလဲ ကြိုတင် မှန်းဆကြည့်ရတာလည်း ပျော်စရာ။ တကယ်တော့ သစ်ပင်တွေကို ချစ်ရတာကိုက ပျော်စရာပင်။ အဲဒီပျော်ရွှင်မှုတွေကို ကျွန်မချစ်သောသူတွေကို ဖြန့်ဝေချင်ပါသေးသည်။
အလွမ်းနှင့်ဆက်စပ်တွေးမိသွားသော အပျော်တွေကိုဖြန့်ဝေဖို့ စားပွဲမှာထိုင်လိုက်စဉ် ကျွန်မကို ပြန်လည် ဝေမျှခံလိုက်ရတာက စိတ်မချမ်းမြေ့ဖွယ်ရာတွေ ဖြစ်နေသည်။ မြန်မာနိုင်ငံမှာ ထူးကဲသောအပူချိန်အောက်တွင် လူတွေ ရေရှားပါး ပြတ်လပ်မှုကြုံနေရသတဲ့။ စိတ်မကောင်းကြီးစွာဖြစ်နေရင်းမှပင် ချားလ်စ်နှင့် ရီတာကို သတိရသွားမိပြန်သည်။ ကျွန်မတို့တိုင်းပြည်မှာ မသိနားမလည်မှုနှင့် လောဘကြောင့် သစ်ပင်တွေ ဆုံးရှုံးရပြီး ပြည်သူလူထုမှာ လောင်စာကိစ္စအပြင် အသက်အန္တရာယ်ကိုပါ အချိန်တိုအတွင်း ထိခိုက်နိုင်သော ရေပြတ်လပ်မှုတွေ ဖြစ်ပွားနေသည့်အကြောင်း၊ အိမ်နီးချင်းခုတ်လိုက်သည့် သစ်ပင်လေးငါးပင်အတွက် ဝမ်းနည်းကြရှာသည့် သူတို့ဇနီးမောင်နှံကြားလျှင် ဘယ်လိုများနေမည်လဲ။
သစ်ပင် သစ်ကိုင်းခြောက်များကိုမြင်မိ၍ လွမ်းသောအလွမ်းမှစတင်ကာ၊ ပန်းပင် သစ်ပင်တွေ စိုက်ပျိုးရ၍ ပျော်ရသောအပျော်ဆီ ဆက်သွားသော ကျွန်မအတွေးသည် ရေပြတ်လပ်သွားသဖြင့် ဒုက္ခကြီးစွာ ရောက်နေသူများအတွက် ဝမ်းနည်းကြေကွဲမှုဖြင့် မဆုံးသတ်ရတော့မည်။ ဝမ်းနည်းစိတ်မကောင်းဖွယ် အခြေအနေမှန်သော်လည်း ကျွန်မတို့မှာ အချိန်တွေရှိပါသေးသည်။ ဒီကနေ့မှစပြီး သစ်ပင်တွေ စစိုက်ကြမည်ဆိုလျှင် ဘာမှမထူးတော့ပါဘူးဆိုပြီး ခြေပစ်လက်ပစ်နေလိုက်ကြတာထက်တော့ ပိုအကျိုးရှိမှာ သေချာပါသည်။
အခုအချိန်မှာတော့ နေလည်းနည်းနည်းတော့ပူဦးမှာပဲ။ ရေလည်းရှားနေတုန်းဆိုတော့ မျက်နှာသစ်တဲ့အခါ ကိုယ်စိုက်ထားတဲ့သစ်ပင်လေးတွေပေါ် သစ်ချပေါ့။ နောက်ထပ်ရက်ပိုင်းအတွင်း မိုးရွာတော့မည်။ ကိုယ်စိုက်တဲ့ အပင်ကလေးတွေ အညွန့်ထောင်လာချိန်ကစလို့ ပျော်ရလိမ့်မည်။ စိုက်တဲ့သူက ကိုယ့်အပင်ကလေး တဖြည်းဖြည်း ကြီးလာတာကိုကြည့်ပြီး ပီတိဖြစ်ရမည်။ ဒါပေမယ့် နောင်လာနောက်သားတွေကတော့ သစ်ပင်တွေကို ချစ်မြတ်နိုးစွာ စိုက်ပျိုးစောင့်ရှောက်ခဲ့သည့်အတွက် သဘာဝတရားကပြန်ပေးမည့် ကိုယ်စိတ်ငြိမ်းချမ်းခြင်းဆိုသော လက်ဆောင်ကောင်းတွေကို ခံစားကြရမှာဖြစ်သည်။
ကျွန်မတို့တတွေ လက်ဆောင်ကောင်းရလျှင် ပျော်ရသလို ကျွန်မတို့၏မျိုးဆက်တွေကို ပျော်ရွှင်ခွင့် ပေးကြရအောင်။ ကျွန်မတို့ကိုယ်တိုင်လည်း လက်ဆောင်ပေးရသူ၏ ပီတိကို ခံစားကြရအောင်။
ကျွန်မ အသက်ကြီးလာချိန် ဇာတိမြေသို့ အလည်သွားသည့်အခါ ကျွန်မ ငယ်သူငယ်ချင်းများ၏ကလေးတွေ ကျွန်မငယ်ငယ်ကလို အေးချမ်းစွာ ထင်းခွေနေတာ၊ ကြည်လင်သော ချောင်းရေပြင်မှာ လွတ်လပ်ပျော်ရွှင်စွာ ရေကူးနေကြတာ၊ သိပ်သည်းသော သစ်ရိပ်ဝါးရိပ်များအောက်မှာ နားခို၍ သန့်စဉ်သော ရေကြည်အေးကို ကြောင့်ကြမဲ့ သောက်သုံးနေကြတာကိုကြည့်၍ ပီတိဖြင့် ပျော်ရွှင်ချင်ပါသေးသည်။ ထိုပီတိကို ခံစားခွင့်ရတန်ကောင်းပါသေးရဲ့ဟုလည်း မျှော်လင့်မိပါသည်။
ခက်မာ
=================================
ကုန်ပါပြီ