သတင်းတွေ ဖတ်ဖို့ ခေါင်းစဉ် သို့ မဟုတ် Read More ကိုသာ လိုက်ရှာပြီး နှိပ်ပါလေ

Tuesday, August 10, 2010

2010 Aug 10

Uncensored Burma - Daily News ( 2010 Aug 10)

သတင်းစာရှင်းလင်းပွဲ အမည်တပ်၍ သတင်းထောက်များကို ခေါ်ယူကြိမ်းမောင်း

Tuesday, August 10, 2010 ဧရာဝတီ

ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ပတ်သက်သည့် သတင်းများ မှားယွင်း ရေးသားသည် ဟုဆိုကာ ဘုရင့်နောင် ကုန်စည်ဒိုင် တာဝန်ရှိသူတချို့က သတင်းထောက်များကို ခေါ်ယူ ကြိမ်းမောင်းခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် သီတင်းပတ် အတွင်းက သတင်းထောက်များကို ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဟုဆိုကာ ဘုရင့်နောင်ပွဲရုံ စည်ပင်သာယာရေးကော်မတီရုံးသို့ ခေါ်ယူ၍ တာဝန်ရှိသူများက ကြိမ်းမောင်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရှင်းလင်းပွဲသို့ သွားသည့် သတင်းထောက် တဦးက ပြောပြသည်။

“သတင်းစာရှင်းလင်ပွဲ ဆိုလို့ သွားတာ၊ ခေါ်ဆူတဲ့ပွဲ ဖြစ်နေမှန်း ဟိုရောက်မှ သိလိုက်ရတယ်” ဟု သူက ဆိုသည်။

ဘုရင့်နောင်ပွဲရုံ စည်ပင်သာယာရေး ကော်မတီ ဋ္ဌာနမှူး၊ ဈေးသာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဟန်၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးတင်ယု၊ ဘုရင့်နောင်ပွဲရုံမှ လုပ်ငန်းရှင် တချို့နှင့် မရမ်းကုန်းမြို့နယ် မီးသတ် ဦးစီးဋ္ဌာန ဦးစီးမှူးတို့က ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ကုန်စည်အရောင်းအ၀ယ်သတင်းများ၊ ပွဲရုံဝင်းအတွင်း ကျန်းမာရေး ဆောင်ရွက်မှု သတင်းများကို မှားယွင်း ရေးသားသည်ဟုဆိုကာ သတင်းထောက်များကို ကြိမ်းမောင်းခြင်း ဖြစ်ကြောင်း သိရသည်။

ယခင် တပတ်ကထုတ်ဝေသည့် 7 Days News သတင်းဂျာနယ်တွင် ပါဝင်သည့် “ဘုရင့်နောင်စခန်းတွင် လုံခြုံရေးခွန် တိုးကောက်” ဆိုသည့်သတင်းကို အမှန်တကယ် မကောက်ရသေးခင် ရေးသားသည်ဟုဆိုကာ 7 Days News သတင်းထောက်ကို နာမည်တပ် ကြိမ်းမောင်းခဲ့ပြီး ကျန်သတင်းထောက်များကိုလည်း ဘုရင့်နောင်ပွဲရုံနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ခွင့်ပြုချက် မပေးထားသည့် သတင်းများ ရေးသားသည်ဟုဆိုကာ ဆူပူခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များက ဆိုသည်။

“တချို့ ဂျာနယ်တွေမှာကျတော့ လမ်းပြင်တာကို စည်ပင်ကလုပ်သလိုလို၊ ကြံ့ခိုင်ရေးက လုပ်သလိုလိုနဲ့ ရေးထားတာတွေ ရှိတယ်။ တကယ်တော့ ဒီပွဲရုံမှာ နေတဲ့သူတွေပြင်တာ။ အဲဒီလိုမျိုးတွေ တွေ့ရလို့ ခေါ်ပြောရတာ” ဟု ဈေးသာယာရေး ကော်မတီ တာဝန်ရှိသူတဦးက ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ပွဲရုံဝန်းထဲတွင် ညလုံခြုံရေးကြေး တိုးမြင့်ကောက်ခံသည့် သတင်း မှားသည်ဟု ပွဲရုံကော်မတီ တာဝန်ရှိသူများက ပြောသော်လည်း ထိုသတင်း မှန်ကန်ကြောင်း၊ ငွေးကြေးပိုမို ကောက်ခံသည့် ပြေစာများလည်း ပွဲရုံပိုင်ရှင်များထံတွင် ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် သတင်းများကို သတင်းထောက် တဦးက ပြောသည်။

“ပိုက်ဆံ တိုးကောက်တယ် ဆိုတဲ့ သတင်းဆိုတော့ မကြိုက်လို့ မှားတယ်ဆိုပြီး ခေါ်ပြောတာ။ သတင်းတခုခု ရေးမယ် ဆိုရင်လည်း သူတို့ကိုပြ၊ သူတို့ခွင့်ပြုမှ ထည့်ရမယ်ဆိုပြီး ပြောတယ်။ တကယ်တမ်း ပွဲရုံတန်းထဲမှာ ဖြစ်ပျက်နေတာတွေနဲ့ သူတို့ပြောတာလုပ်တာတွေက တလွဲတွေချည်းပဲ” ဟု သူက ဆိုသည်။

ဘုရင့်နောင် ပွဲရုံတန်း သာယာရေးကော်မတီ ဥက္ကဌက ပွဲရုံတန်းနှင့် ပတ်သက်သည့် သတင်းများကို ၎င်းတို့ခွင့်ပြုချက် တောင်းခံပြီးမှသာ ဖော်ပြခွင့်ပြုမည်ဖြစ်ပြီး သူတို့သဘောမတူညီသော သတင်းများကို မဖော်ပြနိုင်ရန် စာပေ စိစစ်ရေးကိုလည်း အကြောင်းကြား တားမြစ်ထားမည်ဟု ပြောသည်။

သို့ရာတွင် သတင်းထောက်များက သတင်းများ မှန်၊ မမှန် အချိန်မရွေး အတည်ပြုနိုင်ရန် ပွဲရုံကော်မတီ တာဝန်ရှိသူများ၏ လက်ကိုင် ဖုန်းနံပါတ်များကို တောင်းခံခဲ့ရာ ၎င်းတို့က မပေးဘဲ လွှဲရှောင်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းတွင် မြွေကြောင့်သေဆုံးမှု ပိုများလာ

ခင်ဦးသာ Tuesday, August 10, 2010 ဧရာဝတီ

မကွေးတိုင်း မြို့နယ်တချို့တွင် မြွေဆိပ်ဖြေဆေး ရှားပါးပြတ်လပ် နေသောကြောင့် မြွေကိုက်ခံရသဖြင့် လူသေဆုံးမှု များပြား လာကြောင်း ဒေသခံ များထံမှ ကြားသိရသည်။

“မြွေဆိပ်ဖြေဆေးက ဈေးကြီးတဲ့အပြင် ဆေးဆိုင်တွေမှာပါ ၀ယ်မရလို့ ခုတလော လူသေမှုတွေ များနေတယ်။

တောင်တွင်းကြီးမြို့နယ်၊ ကန်ဘဲ ရွာက ပထမနှစ်ကျောင်းသူတယောက်ဆို ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကပဲ မြွေကိုက်ခံ ရတာ ကုစရာဆေးမရှိလို့ သေသွားခဲ့ရတယ်” ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

ယခုရာသီသည် နှမ်းရိတ်သိမ်းချိန် ဖြစ်နေခြင်းကြောင့် နှမ်းစိုက်ခင်း များထဲ၌ပင်မြွေကိုက်ခံနေကြရကြောင်း၊ အလုပ်လုပ်နေချိန်တွင် လည်ရှည်ဖိနပ် စီးထားနိုင်ပါက မြွေအန္တရာယ်ကို ကာကွယ်နိုင်သော်လည်း တောင်သူအများစုမှာ ဖိနပ်ဝယ် မစီးနိုင်သည့်အတွက် မြွေကိုက်ခံရခြင်းဖြစ်ကြောင်း ကသာရွာသား တဦးကပြောသည်။ အများဆုံး အကိုက်ခံရသည့် အချိန်မှာ နှမ်းရိတ်သိမ်းချိန်နှင့် စပါးရိတ်သိမ်းချိန် တို့ဖြစ်ပြီး မြွေကိုက်ခံရသဖြင့် သေဆုံးသည့် လူဦးရေမှာလည်း နှစ်စဉ် ဆယ်ဂဏန်းမှ ရာဂဏန်းထိ ရှိကြောင်းဒေသခံ များကပြောသည်။

“လုပ်အားခက တရက်မှ ၁၀၀၀ ကျပ်ပဲ ရတာ။ ဖိနပ်တရံကို ကျပ် ၄၀၀၀ ပေးရတော့ အများစုက ၀ယ်မစီးနိုင်ကြဘူး” ဟု ဒေသခံတဦးက ဆိုသည်။

သြဂုတ်လဆန်းပိုင်း တွင်လည်း ကသာရွာသားတဦး မြွေကိုက်ခံရရာ အဆိုပါဒေသတွင် ဆေးမရှိ၍ နေပြည်တော်ရှိ ဆေးရုံသို့ ပို့ဆောင် ကုသနေရဆဲ ဖြစ်ကြောင်း ကသာရွာသား တဦးက ပြောပြသည်။

မြွေဆိပ် ဖြေဆေးတလုံးလျင် ကျပ် ၈ သောင်း၊ ၈ သောင်းခွဲ၊ ၉ သောင်းကျပ်၊ ကျပ် ၁သိန်း စသည်ဖြင့် တန်ဖိုးရှိပြီး ယခင်နှစ်များက မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များ၌ ၀ယ်ယူရရှိနိုင်သော်လည်း ယခုအခါ ပစ္စည်း ပြတ်လပ်နေကြောင်း သိရသည်။

ထိုသို့ ၀ယ်မရခြင်း အကြောင်းရင်းမှာ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များသည် မြွေဆိပ်ဖြေဆေး အတုများ ရောင်းချနေသည် ဟုဆိုကာ ယခင် နှစ်ကုန်ပိုင်းက အမှတ် (၁) စက်မှုဝန်ကြီးဋ္ဌာန ၀န်ကြီး ဦးအောင်သောင်းကိုယ်တိုင် မကွေးမြို့သို့လာရောက်၍ မြို့နယ် အာဏာပိုင်များမှတဆင့် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့သောကြောင့် ဆေးဆိုင်များတွင် မြွေဆိပ်ဖြေဆေးများ မတင်ရဲတော့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မြွေဆိပ်ဖြေဆေးသည် ဈေးကြီးခြင်း၊ ရှားပါးခြင်းတို့ အပြင် ထုတ်လုပ်မှုအပိုင်းတွင်လည်း အားနည်းနေသေးကြောင်း၊ မြန်မာ့ ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းမှ တနှစ်လျင် အလုံးရေ ၁ သိန်းသာ ထုတ်လုပ်ပေးနိုင်သေးကြောင်း၊ စစ်အစိုးရ ဒုတိယ ဗိုလ်ချုပ်ကြီးတဦး၏ ၂၀၀၉ ခုနှစ် အတွင်း မကွေးခရီးစဉ်တခုတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မကွေးတိုင်း ဒေသတွင် မြွေကိုက်ခံရမှု အများဆုံးဖြစ်ပွားတတ်ပြီး တွင်းကြီး၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ မကွေး စသည့်မြို့နယ်များတွင် အဖြစ်များကြောင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် တို့တွင်လည်း မြွေကိုက်မှုများ ဖြစ်ကြောင်း သိရသည်။ အများဆုံး ကိုက်သည့်မြွေမှာ မြွေပွေး ဖြစ်သည်ဟု သိရသည်။

မြွေကိုက်ခံရမှု၊ သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လာသည့်အတွက် ဒေသခံ ပြည်သူများမှာ မြွေအာမခံ ထားရှိမှုကို စိတ်ဝင်စား လာကြကြောင်း သိရသည်။

မြွေအာမခံ ထားရှိမှုနှင့် ပတ်သက်၍ မြန်မာ့ အာမခံလုပ်ငန်း ရုံးချုပ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ “မြွေအာမခံ စခဲ့တာ သုံး၊ လေးနှစ်ရှိပါပြီ။ အရင်နှစ်တွေက တနှစ်ကိုမြွေအာမခံထားတဲ့သူ ၁ သိန်းလောက်ပဲရှိခဲ့တာ ခုတော့ တနှစ်ကို ၂ သိန်းလောက်အထိ ရှိလာနေပြီ” ဟု မြွေအာမခံ ဋ္ဌာနမှ တာဝန်ရှိသူ တဦးက ဖြေကြားသည်။

ကြက်သွန်နီဈေး ထိန်းပေးရန် တောင်သူများ ဗိုလ်ချုပ်မှူးကြီးထံ စာပို့

ရန်ပိုင် Tuesday, August 10, 2010 ဧရာဝတီ

အစိုးရက ကြက်သွန်နီ ပြည်ပတင်ပို့ခွင့်ကို ပိတ်ပင်ထား သည့်အတွက် ဈေးနှုန်း အဆမတန် ကျဆင်းနေမှုကို ကာကွယ် တားဆီး ပေးရန် ကြက်သွန်စိုက် တောင်သူများ က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယနေ့ စာရေးသားပေး ပို့လိုက်ကြောင်း သတင်းရရှိသည်။

ကြက်သွန်နီ ပြည်ပ တင်ပို့ခွင့်မရသည့်အတွက် ဈေးနှုန်း အလွန်အမင်း ကျဆင်းပြီး အရှုံးပေါ်နေကြောင်း၊ ထိုအကျိုးဆက်အဖြစ် တောင်သူ များမှာ စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးပိုင်းတွင် အခက်အခဲများ ဖြစ်ပေါ်လာကြောင်း၊ ဈေးနှုန်းသင့်တင့်သည့် ကြက်သွန်ဈေးကွက် ပြန်လည် ဖြစ်ပေါ်လာရေးအတွက် ပြည်ပတင်ပို့ခွင့်ပြုရန် တောင်းဆိုကြောင်း စသည်အချက်များကို ဗိုလ်ချုပ်မှူးကြီးထံ ပေးစာတွင် ရေးသားထားသည်ဟု ရေနံချောင်းမြို့နယ်မှ တောင်သူတဦးက ဧရာဝတီသို့ပြောသည်။

“လက်ရှိအနေအထားက ရှုံးတယ်ဆိုတာထက် ဆိုးတယ်။ အရင်းအနှီးရော ဘာရော လုံးဝ ဆုံးသွားတာ။ ၁၀၀ ကျပ်ရင်းလို့ ၃၀ ကျပ် လောက်ပြန်ရရင် တော်သေးတယ်။ အခု လုံးလုံး ဆုံးသွားတာ” ဟု ၎င်းက ဆိုသည်။

ပေးစာကို လက်မှတ်ရေးထိုးရာတွင် အဓိက ကြက်သွန်စိုက်ရာ ဒေသကြီးများ ဖြစ်သည့် ရေနံချောင်း၊ စလင်း၊ ချောက်မြို့ နယ်အတွင်းရှိ တောင်သူ ၅၀ ဦး ပါကြောင်း၊ စာကို ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူပြီး ရေနံချောင်းစာတိုက်မှ ယနေ့ ပေးပို့ကြောင်း သိရှိရသည်။

အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ပေးမှု တစုံတရာမရှိလျင် ဧရာဝတီမြစ်အတွင်းသို့ ကြက်သွန်များကို မျှောချပြီး ဆန္ဒပြမှု ပြုလုပ်မည်ဟု အဆိုပါ တောင်သူက ပြောသည်။

ကြက်သွန်ကို ယမန်နှစ်က ပြည်ပသို့ တင်ပို့ခွင့်ပေးသည့် အတွက် တပိဿာလျှင် ၁၄၀၀ ကျပ်ခန့်အထိ ဈေးပေါက်ခဲ့ကြောင်း၊ ထိုကြောင့် ယခုနှစ်တွင် စိုက်ပျိုးသူ ပိုမိုများပြားပြီး အထွက်လည်း ပိုမိုကောင်းမွန်သောကြောင့် ပြည်တွင်းစားသုံးရန် ဖူလုံရုံမက ပိုလျှံနေသေးကြောင်း သိရသည်။

ယခုအခါ ကြက်သွန်စိုက်ပျိုးသည့်ရာသီ နီးကပ်လာသော်လည်း စိုက်ပျိုးမည့်သူ မရှိသည့်အတွက် မျိုးစေ့နှင့် မျိုးဥ အရောင်းအ၀ယ် မရှိကြောင်း ရေနံချောင်းမြို့ရှိ စိုက်ပျိုးရေးပစ္စည်း ရောင်းဝယ်သည့် ဆိုင်ရှင်တဦးက ပြောသည်။

တောင်သူများ၏ ကြက်သွန် စိုက်ပျိုးစရိတ်မှာ တပိဿာလျှင် ၃၀၀ ကျပ်နှုန်းခန့် ကုန်ကျသော်လည်း စတင်ထွက်ရှိချိန်တွင် ပေါက်ဈေးမှာ ၂၀၀ ကျပ်သာရှိသည့်အတွက် အရှုံးနှင့်ပင် စတင်သည်ဟု ဆိုနိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ယခု လက်ရှိပေါက်ဈေးမှာ အကောင်းစား ကြက်သွန် တပိဿာလျှင် ၁၀၀ ကျပ်၊ အလတ်စားမှာ ၈၀ ကျပ်ဈေးသာပေး၍ ကုန်သည်ပွဲစားများက တောင်သူများထံမှ ၀ယ်ယူသည်ဟု သိရသည်။

ရေနံချောင်းမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံများတွင် ရောင်းချနေသည့် ဈေးနှုန်းမှာ ရွေးချယ် သန့်စင်ထားသည့် ကြက်သွန် တပိဿာလျှင် ၁၅၀ ကျပ်သာရှိကြောင်း၊ သို့သော် ပြည်တွင်းဝယ်လိုအားမှာ နည်းပါးသည့်အတွက် အရောင်းအ၀ယ် မကောင်းကြောင်း စလင်းမြို့နယ်ရှိ ကြက်သွန်ပွဲရုံ ပိုင်ရှင်တဦးကလည်း ပြောသည်။

“၀ယ်သူ မရှိ၊ ရောင်းလို့ မကုန်၊ စားလို့ မကုန်ရင်တော့ မြစ်ထဲကို သွန်ရတော့မှာပေါ့။ တချို့နယ်တွေဆိုရင် အသံချဲ့စက်တွေနဲ့ စားချင်တဲ့သူတွေ လာယူဖို့ အော်ခေါ်ပြီး အလကားပေးနေတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ရှိ ဈေးများတွင်လည်း ကြက်သွန်နီ ၅ ပိဿာ ဝယ်ယူပါက ၁၀ ပိဿာ အလကားပေးမည်ဟု နောက်ပြောင် ပြောဆိုနေကြကြောင်း သိရသည်။

ကြက်သွန်ကို တခြားသော စိုက်ပျိုးရေး ထွက်ကုန်များကဲ့သို့ အိတ်သွတ်ပြီး သိုလှောင်ထား၍ မရကြောင်း၊ အဆောက်အဦတွင် ဖြန့်ခင်းထားရသည့်အတွက် နေရာအကျယ်အ၀န်းနှင့် အဆောက်အဦများစွာ လိုကြောင်း၊ ယခုအခါတွင် ကြက်သွန်များမှ အနံ့ဆိုးများ ထွက်လာသည့်အတွက် စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့နယ်များတွင် မြစ်အတွင်းသို့ သွန်ခြင်း၊ မြေသြဇာအတွက် မြေမြှုပ်ခြင်းများကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါ ပွဲရုံပိုင်ရှင်က ပြောသည်။

ကြက်သွန်မှာ တခြားသော စိုက်ပျိုးသီးနှံများကဲ့သို့ ကြာရှည်သိုလှောင်နိုင်သည့် ကုန်ပစ္စည်းမျိုးမဟုတ်ဘဲ အစိုဓာတ်ရှိသည့်အတွက် ရက်ရှည်ကြာလျှင် ခြောက်သွေ့ပြီး ပိဿာ ၁၀၀ လှောင်ထားလျှင် ရက်ကြာလာပါက ပိဿာ ၆၀ ခန့်သာ အလေးချိန် ကျန်ရှိသည့်အတွက် တောင်သူများ ပိုမိုအရှုံးပေါ်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များတွင် စစ်အစိုးရက ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏သား ပိုင်ဆိုင်သည့် ဧရာရွှေဝါကုမ္ပဏီနှင့် တခြားသော ကုမ္ပဏီကြီးများကို ပြည်ပတင်ပို့ခွင့်လိုင်စင်များ ထုတ်ပေးပြီး ကြက်သွန်စိုက်ဒေသများတွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်စေခဲ့သည်။

မြန်မာနိုင်ငံမှ ကြက်သွန်နီကို ယမန်နှစ်များက တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အများဆုံးတင်ပို့ပြီး လာမည့်နှစ်တွင် ကြက်သွန်စိုက်ဧက လျော့ကျ၍ ကြက်သွန်ဈေးနှုန်း မြင့်တက်နိုင်သည်ဟု ကြက်သွန်လုပ်ငန်း လုပ်ကိုင်သူများက ခန့်မှန်းပြောဆိုနေကြသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်ကို တနှစ်လျင် နှစ်ကြိမ်စိုက်ပျိုးပြီး ယခုလာမည့် စက်တင်ဘာ၊ အောက်တိုဘာလတွင် တကြိမ်၊ ဇန်န၀ါရီလ ချောင်းရေကျသွားချိန် ပေါ်ထွန်းလာသည့် သောင်ခုံတွင် တကြိမ် စိုက်ပျိုးလေ့ရှိသည်။

ဆင်ဖြူလက်ခံသည့်အခမ်းအနား ဗိုလ်ချုပ်မှူးကြီး မတက်

ကိုထွေး Tuesday, August 10, ဧရာဝတီ

ရခိုင်ပြည်နယ် မောင်းတော မြို့နယ်မှ ဖမ်းဆီး ရမိခဲ့သော ဆင်ဖြူကို နေပြည်တော်တွင် လက်ခံသည့် အခမ်းအနား သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစု တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

ယခင် ရက်ပိုင်းက ရန်ကုန်ရှိ ပန်းလှိုင် ဆေးရုံသို့ အသက် ၇၇ နှစ်အရွယ်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တက်ရောက် ကုသခံခဲ့ရသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ မတက်ရောက်နိုင်ခြင်းသည် ကျန်းမာရေး အခြေအနေ ဆိုးရွား နေသောကြောင့် ဖြစ်နိုင်သည်ဆိုသည့် ကောလာဟလ သတင်းများလည်း ပျံ့နှံ့လျက် ရှိသည်။

ရခိုင်ပြည်နယ်မှ ဆင်ဖြူကို လာရောက်သယ်ယူစဉ် ဆင်ဖြူရသည့် အတွက် ဗိုလ်ချုပ်မှူးကြီးက ၀မ်းသာနေသည်ဟု ရခိုင်ပြည်နယ် တိုင်းမှူးက သံဃာတော်များအား ပြောဆိုခဲ့သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် ထိပ်တန်း အရာရှိများက ဆင်ဖြူကို ယမန်နေ့က ကြိုဆိုခဲ့ကြပြီး အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းခဲ့ကြကြောင်း အစိုးရပိုင် သတင်းစာတွင် ရေးသားထားသည်။

ဆင်ဖြူ၏ အမည်ကို ဘဒ္ဒ၀တီဟု ပေးအပ်ထားကြောင်း၊ နေပြည်တော်ရှိ ဥပ္ပာတသန္တိ စေတီတော် အရှေ့ဘက်တွင် ထားရှိမည်ဖြစ်ကြောင်း၊ ဆင်ဖြူသည် ရတနာဆောင်၌ ပျော်ရွှင်စွာ သွားလာနေထိုင်လျက် ရှိကြောင်းလည်း သတင်းတွင် ပါရှိသည်။

မြန်မာဘုရင် အဆက်ဆက် ဆင်ဖြူကို အလွန်တန်ဖိုးထားလေ့ရှိကာ ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ ခံယူခြင်း၊ မင်းကောင်း မင်းမြတ်အဖြစ် ဂုဏ်ယူဝံ့ကြွားခြင်းများ ရှိခဲ့ရာ လက်ရှိ စစ်အစိုးရ အကြီးအကဲများတွင်လည်း ထိုသို့သော ယုံကြည်ယူဆမှုမျိုး ရှိနေကြောင်း သိရသည်။

ယင်းဆင်ဖြူကို ရခိုင်ပြည်နယ် မောင်းတော မြို့နယ် ဖားဝပ်ချောင်း ကျေးရွာအနီးမှ သစ်တာရေးရာ ၀န်ကြီးဌာနတွင် ဇွန်လ ၂၆ ရက်နေ့ က ဖမ်းဆီး ရမိခဲ့သည်။

ဆင်ဖြူမ သည် အရပ် ၇ပေ ၄ လက်မ၊ လုံးပတ် ၁၀ ပေ ၁၁ လက်မ၊ အသက် ၃၈ နှစ် ခန့်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်းမှ ယခု ဆင်ဖြူ အပါအ၀င် စုစုပေါင်း ဆင်ဖြူ ၄ ကောင် ဖမ်းဆီးမိပြီးဖြစ်သည်။

ယခင် ထောက်လှမ်းရေးအကြီးအကဲ ၀န်ကြီးချုပ်ဟောင်း ဗိုလ်လ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင် ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်မြို့မင်းဓမ္မ ကုန်းသို့ သယ်ဆောင်၍ ဥယျာဉ်များတည်ဆောက်ကာ ထားပေးခဲ့သည်။

ဆင်ဖြူများကို သယ်ဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးခင်ညွန့်မှာလည်း ၂၀၀၄ ခုနှစ်တွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။ယခုအခါတွင် ၎င်းသယ်ဆောင်ခဲ့သော ဆင်ဖြူများသည်လည်း လျစ်လျူရှုခံထားရကြောင်း သိရသည်။

ကြံ့ဖွံ့က ၂ ကျပ်တိုးဖြင့် ငွေချေးပြီး ပါတီဝင်စုဆောင်း

ခင်ဦးသာ Tuesday, August 10, ဧရာဝတီ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် မကွေးတိုင်း အတွင်းရှိ မြို့နယ်များ၌ တောင်သူ လယ်သမားများနှင့် အိမ်ထောင်စုများကို ငွေထုတ်ချေးကာ ပါတီဝင်အဖြစ် စုဆောင်းနေကြောင်း သတင်းရရှိသည်။

မကွေးတိုင်း အတွင်းရှိ တောင်တွင်းကြီး၊ ရေနံချောင်း၊ မကွေး စသည့်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် တောင်သူလယ်သမားများကို လယ်တဧကလျှင် ကျပ် ၂ သောင်းနှုန်းဖြင့် သြဂုတ်လဆန်းပိုင်းမှ စ၍ ထုတ်ချေးပေးနေကြောင်း၊ ၁၀၀ ကျပ်လျှင် အတိုးနှုန်းမှာ ၂ ကျပ်ဖြစ်ကြောင်း၊ ချေးငွေကို အရစ်ကျစနစ်ဖြင့် ၆ လမှ ၁ နှစ်အတွင်း ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့ သောင်ပြင်ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

မကွေးတိုင်း နတ်မောက်မြို့နယ်တွင် ကြံ့ဖွံ့ပါတီက အိမ်ထောင်တစုလျှင် လူဦးရေပေါ်မူတည်၍ ကျပ် ၃ သောင်းနှင့်အထက် ထုတ်ချေးလျက်ရှိကြောင်း၊ ၁၀၀ ကျပ်လျှင် အတိုး ၂ ကျပ်နှုန်းဖြင့် ဇူလိုင်လကုန်မှ စတင်ချေးပေးကြောင်းသိရသည်။

“ကျနော်တို့ နတ်မောက်မြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၈၀ ရှိပြီး၊ ရွာပေါင်း ၃၀၀ ကျော်မှာ ကြံ့ဖွံ့ပါတီ တခုတည်းကပဲ ချေးငွေတွေ ထုတ်ချေးပေးတယ်။ ငွေချေးယူတဲ့လူတွေကို ဘာပြောသလဲဆိုတော့ ဒီငွေတွေက ပါတီဗဟိုကနေ ပါတီဝင်တွေကိုပဲ ချေးဖို့ ထုတ်ပေးတာပါလို့ ပြောပြီးမှ ချေးတာပါ။ ဒီတော့ ငွေချေးယူလိုက်တာနဲ့ ပါတီဝင် ဖြစ်သွားပြီးသားပါ” ဟု ဆက်လက်ရှင်းပြသည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငွေမချေးမီ ကြံ့ဖွံ့ စည်းရုံးရေးမှူးများက သန်းခေါင်စာရင်း ကောက်ခံပြီးမှ စာရင်းပေးသူကိုသာ ငွေထုတ်ပေးကြောင်း၊ ငွေချေးယူသည်နှင့် တပြိုင်နက် ဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်း၊ ကြံ့ဖွံ့ပါတီလျှောက်လွှာတွင် လက်မှတ်ထိုးခြင်းတို့ကိုပါ လုပ်ဆောင်ပေးရကြောင်း ကျေးရွာတခုမှ ရွာခံတဦးက ပြောသည်။

ငွေထုတ်ချေးရာတွင် ကျေးရွာအုပ်စုတခုလျှင် ၄ သိန်းကျပ်နှင့် ရပ်ကွက်တခုလျှင် ၅ သိန်းကျပ်အထိ ထုတ်ချေးပေးနေကြောင်း၊ ရွာအရေအတွက်များသည့် ကျေးရွာအုပ်စုများတွင် ချေးငွေရရန် မဲနှိုက်ရကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီသည် ချေးငွေ ထုတ်ပေးသည့်အပြင် အရေးပေါ် ဆေးကုသမှုလည်း ပြုလုပ်ပေးနေသည်ဟု ဒေသခံများက ဆိုသည်။

“ကျနော်တို့ မကွေးဒေသတွေမှာက မြွေတအားပေါတော့ မြွေကိုက်တာ ခဏခဏဖြစ်တယ်။ ဆေးအချိန်မီ မကုနိုင်လို့ သေရတဲ့လူတွေ အများကြီးပါ။ အခုတလော မြွေကိုက်ခံရတဲ့သူတွေကို ကြံ့ဖွံ့ပါတီက ချက်ချင်း မြွေဆိပ်ဖြေဆေး ထုတ်ပေးတယ်။ အရင်က ဒီလိုမျိုးလုပ်ပေးတာ တခါမှ မရှိခဲ့ပါဘူး” ဟု မကွေးမြို့ခံတဦးက ပြောပြသည်။

ကြံ့ဖွံ့ပါတီ၏ တိုင်းစည်းရုံးရေးကော်မတီမှ စည်းရုံးရေးအတွက်မြို့နယ်တခုလျှင် ကျပ် ၈၄ သိန်းချပေးထားသော်လည်း တောင်တွင်းကြီးမြို့နယ်မှ ကျေးရွာ၊ ရပ်ကွက်များ၏ စည်းရုံးရေးမှူး တချို့သည် မိမိကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း၊ ပါတီရံပုံငွေအတွက်ဟုဆိုကာ အခကြေးငွေယူ၍ မှတ်ပုံတင်များ ပြုလုပ်ပေးနေကြောင်း တောင်တွင်းကြီး ဒေသခံများက ပြောသည်။

မကွေးတိုင်းအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ ရခိုင်ပြည်နယ် စသည့် ဒေသများတွင် ကြံ့ဖွံ့ပါတီက နည်းမျိုးစုံဖြင့် ဒေသခံများကို ကြံ့ဖွံ့ပါတီဝင် ဖြစ်အောင် လုပ်ဆောင်နေကြောင်း စုံစမ်း သိရှိရသည်။

“ရခိုင်ပြည်နယ်ထဲက မြေပုံ၊ မင်းပြား၊ အမ်းစတဲ့မြို့နယ်တွေမှာ မြို့နယ်တခုကို ငွေက ကျပ်သိန်း ၂၀ ရယ်၊ CDMA ဖုန်း ၅ လုံးစီရယ် ချပေးနေတယ်။ ဖုန်းကတော့ ကြံ့ဖွံ့နဲ့ နီးစပ်တဲ့ လူတွေပဲ ရပါတယ်” ဟု မြေပုံမြို့ခံတဦးက ပြောသည်။ ငွေချပေးထားသော်လည်း ဒေသခံများကို ထုတ်ချေးခြင်း မရှိသေးကြောင်းလည်း ဆက်လက်ပြောပြသည်။

ထိုလုပ်ဆောင်ချက်များနှင့်ပတ်၍ ကြံ့ဖွံ့ပါတီ၏ ရန်ကုန်တိုင်း စည်းရုံးရေးမှူး တဦးထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့ပါတီအနေဖြင့် တခုခုပေး၍ ပါတီဝင်ရန် စည်းရုံးခြင်း၊ မက်လုံးပေး စည်းရုံးခြင်းမျိုး လုံးဝမရှိဟု ငြင်းဆိုသွားပြီး ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေအတိုင်းသာ လုပ်ဆောင်သွားမည်ဟု ဖြေကြားခဲ့သည်။

ဧပြီ ၁၉ ရက်နေ့တွင် လက်ရှိစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီးများအပါအဝင် အရာရှိကြီး ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကြံ့ဖွံ့ပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန် ၈ရက်နေ့၌ ပါတီမှတ်ပုံတင်ခွင့်ကျထားသည်။

ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည့်ပါတီ ၁၃ ပါတီရှိပြီး ကြံ့ဖွံ့ပါတီကမူ ယနေ့အချိန်အထိ ပါတီဝင်အင်အား တင်ပြခြင်း မရှိသေးပေ။

နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံသည့် DKBA များ ဗိုလ်နှုတ်ခမ်းမွေးနှင့် ပူးပေါင်း

သန်းထိုက်ဦး Tuesday, August 10, ဧရာဝတီ

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သဘော တူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ (၉၉၉) ဌာနချုပ် ဗိုလ်ချုပ် ဖာနွီး၏ လက်အောက်ခံ တပ်ဖွဲ့ဝင် ၂၀ ခန့်သည် သြဂုတ်လ ၆ ရက်နေ့မှ စ၍ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သောတပ်သို့ လာရောက် ပူးပေါင်းခဲ့ကြောင်း သိရှိရသည်။

နယ်ခြားစောင့်တပ် အသွင်ကူး ပြောင်းရေးကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက လက်ခံခဲ့ကြ သော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကမူ စစ်အစိုးရ ကမ်းလှမ်း ထာေးသာ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အစီအစဉ်ကို သဘောမတူ သောကြောင့် DKBA တပ်မှ ခွဲထွက်ခဲ့သည်။

လက်ရှိတွင် DKBA တပ်ဖွဲ့မှ လူဦးရေ ၂၀ ခန့်သည် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များထံ လက်နက် များနှင့်အတူ လာရောက် ပူးပေါင်းခဲ့ပြီး ဆက်လက် ထွက်လာမည့် သူများလည်း ရှိသေးကြောင်း သိရသည်။

ဘက်ပြောင်း လာသော DKBA တပ်ဖွဲ့ဝင် များသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်း၌ တာဝန် ထမ်းဆောင် နေကြသူများ ဖြစ်သည်။

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို သဘောမတူသဖြင့် ခွဲထွက်သွားသော DKBA တပ်ဖွဲ့နှင့် စစ်အစိုးရအကြား နှစ်ဘက် တင်းမာနေကြောင်း သိရသည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးသည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်ပြီး တပ်အင်အား ၁၀၀၀ ခန့် ရှိကြောင်း သတင်းများအရ သိရှိရသည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များက ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ပြန်လည် ပူးပေါင်းခြင်း မရှိသော်လည်း အဆက်အသွယ် ရယူထားကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်ကြီး ဘူးဖောက ဧရာဝတီသို့ ပြောသည်။

“တိုက်ပွဲတွေ ဖြစ်လာလို့ရှိရင် တယောက်နဲ့ တယောက် နားလည်ရမယ်။ ဘယ်လို အထောက်အကူတွေ လုပ်ပေးရမလဲ၊ အဲဒါတွေရှိ တယ်” ဟု ၎င်းက ပြောသည်။ ယခုလက်ရှိတွင် တိုက်ပွဲများဖြစ်မည့် အခြေအနေ မရှိသေးကြောင်းလည်း ဗိုလ်ကြီး ဘူးဖောက ဆက်လက် ပြောသည်။

အတည်မပြုနိုင်သော သတင်းများ အရ ပြီးခဲ့သည့် သီတင်းပတ်တွင် မြ၀တီမြို့နယ်အတွင်း၌ နအဖ စစ်အစိုးရတပ်များ အင်အားတိုးချဲ့ပြီး နအဖ တပ်မ (၄၄) နှင့် တပ်မ (၂၂) အပါအ၀င် အင်အား ၅၀၀ ခန့် ရှိကြောင်း သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာ သည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်အကြောင်းကြားခဲ့သည်။ သို့သော် ယခုအချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

အင်းလေးကန် တိမ်ကောလာမှုအတွက် ထိန်းသိမ်းရေးအဖွဲ့ခေါ်ယူရန် စီစဉ်

တက်လူ / ၁၀ သြဂုတ် ခေတ်ပြိုင်

အင်းလေးကန် ရေခန်းခြောက်မှုအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို ခေါ်ယူပြသရတော့မည်ဖြစ်ကြောင်း FREDA အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့စေရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကို ခေါ်ယူပြသမှသာ အကြံကောင်းများ ရရှိတော့မည်ဖြစ်သည့်အတွက် ယင်းသို့ခေါ်ယူပြသရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီအဖွဲ့က ဂျပန်မှာရှိတဲ့အဖွဲ့ဖြစ်တယ်။ ဂျပန်မှာ ကမ္ဘာလုံးဆိုင်ရာ ကန်ထိန်းသိမ်းရေးတွေကို လုပ်နေတဲ့အဖွဲ့ဖြစ်တယ်။ သူတို့က အတွေ့အကြုံလည်းရှိတယ်။ အဲဒီအတွက် သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) နဲ့ UNDP တို့က ဒီကိစ္စကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်” ဟု ဦးအုန်းက ပြောသည်။

ယခုကဲ့သို့ အကူအညီတောင်းခံမည့်အဖွဲ့သည် ငွေကြေးကူညီသည့်အဖွဲ့မဟုတ်ကြောင်း၊ လောလောဆယ် အဖွဲ့၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်သေးကြောင်း၊ ထိုအဖွဲ့ကို ခေါ်ဆိုရန် ယခုလအတွင်း စီစဉ်ခြင်းဖြစ်ပြီး ရှေ့လအတွင်း လာရောက်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောဆိုသည်။

“ဒါ့ကြောင့် သူတို့အဖွဲ့ကိုခေါ်ဖို့ဆိုရင် ငွေကြေးကုန်ကျမှုလည်းများမယ်လေ။ အင်းလေးကန်နဲ့ပတ်သက်ရင် နိုင်ငံတော်ဘက်ကလည်း ဒီကိစ္စကို အထူးအလေးပေး ဆောင်ရွက်စေလိုတယ်” ဟု ဦးအုန်းက ဆက်လက်ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် အင်းလေးကန်တွင် စီးပွားရေးလုပ်ငန်းများ မြှုပ်နှံလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်တစား ပါဝင်သင့်သည်ဟုလည်း ၎င်းက ဆိုသည်။

ယခုနှစ်နွေရာသီတွင် ရာသီဥတု ပိုမိုပူပြင်းကာ မိုးနောက်ကျခြင်းကြောင့် ထူးထူးခြားခြား အင်းလေးကန် ရေတိမ်ကော ခန်းခြောက်မှု ဖြစ်ပေါ်ခဲ့ကာ လှေဖြင့်သွားလာရသောနေရာများတွင် မော်တော်ဆိုင်ကယ်များဖြင့် သွားလာရသည်ထိ ဖြစ်သွားခဲ့သည်။

ယခု မိုးရာသီတွင် မိုးနည်းသည့်အတွက် အင်းလေးကန် ရေပြန်လည်ပြည့်မှု မရရှိနိုင်ကြောင်း၊ ယခုအခါ လက်ရှိအင်းလေးရေပြင်ထက် (၁) လက်မခန့်သာ ရေတိုးလာကြောင်း၊ ယခုကဲ့သို့ မိုးနည်းနေပါက လာမည့်နွေရာသီတွင် အင်းလေးကန် ပိုမိုဆိုးဝါးစွာ ပျက်စီးလာနိုင်ကြောင်း ဦးအုန်းက သုံးသပ်သည်။

“မကြုံစဖူးအောင် ပြီးခဲ့တဲ့နွေက အင်းလေးကန် ရေခန်းခြောက်မှုဟာ ဒီအတိုင်းဆို လာမယ့်နွေမှာ ပိုဆိုးသွားနိုင်တယ်။ အခုမပြင်ရင် နောက်သုံးနှစ်တောင် ခံမှာမဟုတ်ဘူး။ လုံးဝပျက်စီးသွားနိုင်တယ်” ဟု ၎င်းက စိတ်မကောင်းစွာ ပြောဆိုသည်။

အင်းလေကန် ပျက်စီးနေသည်ကို နအဖအစိုးရက လျစ်လျူရှုနေသည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာထိန်းသိမ်းရေး စိတ်ဝင်စားသူများက ဝေဖန်ပြောဆိုနေမှုများလည်း ရှိနေကြောင်း သိရသည်။

အင်းလေးဒေသသို့ တနှစ်လျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဦးရေ (၁) သောင်းခွဲခန့်ထိ လာရောက်တတ်ရာ ယခုနှစ်တွင် မိုးရာသီဖြစ်သော်လည်း ခရီးသွားအရေအတွက် လျော့ကျမသွားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။

အင်းလေးကန်အား လာရောက်ကြည့်ရှုကြသည့်အတွက် ယင်းသို့ခရီးသွားအရေအတွက် လျော့ကျမှုမရှိခြင်းဖြစ်ကြောင်း ခရီးသွားဧည့်လမ်းညွှန်တဦးက ပြောသည်။

“အင်းလေးကန်ပျက်စီးမှုကြောင့် သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးတာ တခုတည်းမဟုတ်ဘူး။ ဒါဟာ ယဉ်ကျေးမှုလည်း ပျောက်နိုင်တဲ့ပြယုဂ်တခုပါ။ ဒါကို အရေးတကြီးလုပ်ဖို့ကျတော့ အစိုးရအနေနဲ့ပဲ အဓိကကျတယ်လေ။ ကျနော်တို့လို ဧည့်လမ်းညွှန်တွေကို လာတဲ့ဧည့်သည်တွေက ဘာ့ကြောင့်မပြင်ကြတာလဲ၊ အစိုးရအနေနဲ့ ဘာ့ကြောင့် အခုလိုထားတာလဲလို့ မေးလာရင် ဖြေဖို့စကားမရှိဘူး” ဟု ၎င်းက ပြောသည်။

အင်းလေးကန်သည် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး တောင်ပေါ် အင်းအိုင်ကြီးတခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်တည်ရှိသည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး (၂) ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိကာ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ (၄၄.၉) စတုရန်းမိုင်ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၂,၉၀၀) တွင် တည်ရှိသည်။

ရဲမွန်တပ်တွင်းအခြေအနေ မအေးသေး

တက်လူ / ၁၀ သြဂုတ် ခေတ်ပြိုင်

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရဲမွန်တပ်တွင်းတွင် ရဲဘော်များ၏ စုငွေကိစ္စကို ရွေးကောက်ပွဲပြီးမှသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုချက်အပေါ် ဆက်လက်မကျေမနပ်ဖြစ်နေကြသည်ဟု ရဲမွန်တပ်တွင်း သတင်းများအရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရဲမွန်တွင် ပစ်ခတ်နေကြပြီဟုလည်း ရန်ကုန်တွင် အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်နေသည်။

“သြဂုတ်လ (၈) ရက်နေ့က ရဲမွန်မှာ ပစ်နေခတ်နေကြတယ်လို့တောင် ကြားတယ်။ ဒါပေမယ့် တိတိကျကျတော့ မသိရသေးပါဘူး” ဟု ထောက်ကြန့်မြို့ခံတဦးက ပြောသည်။

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတဦးက ယင်းသို့ ပစ်ခတ်မှုဖြစ်သည်ဆိုသည်မှာ မဟုတ်ကြောင်း ပြောသည်။

“လူတွေက အပိုတွေပြောတယ်၊ မဟုတ်ဘူး။ ရဲမွန်မှာ ရဲဘော်တွေ စုငွေလိုလို့ တောင်းဆိုတာ ဟုတ်တယ်။ အခုတော့ ဒီကိစ္စကို နေပြည်တော်က ဘာလုပ်မယ်ဆိုတာ မသိရသေးဘူး။ ကျနော်တို့ လုံခြုံရေးတော့ ချထားတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်ဇူလိုင် တတိယပတ်၌ ရဲမွန်တပ်တွင်းတွင် လစာမှ လစဉ်ဖြတ်နေသည့် စုငွေကို ပြန်လည်ရရှိလိုကြောင်း တပ်မတော်သားများက တောင်းခံမှုပေါ်ပေါက်ခဲ့သဖြင့် ယင်းသို့ လုံခြုံရေးချထားခြင်းဖြစ်ကြောင်း တပ်တွင်းမှ သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းသို့ ရဲမွန်တပ်အတွက် လုံခြုံရေးအင်အား တိုးမြှင့်ချထားရသည့်အတွက် (၂၂) ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့တွင် ရန်ကုန်၌ လုံခြုံရေးမတင်းကျပ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်တိုင်းအတွင်း အင်းတိုင်၊ ရဲမွန်၊ ထောက်ကြန့်၊ လှည်းကူးတို့တွင် နေပြည်တော်မှ လုံခြုံရေးအင်အားများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အင်အားများ ပိုမိုချထားကြောင်း သိရသည်။

ရန်ကုန်တွင် ရဲမွန်တပ်တွင်း မငြိမ်မသက်ဖြစ်မှုများကို စိတ်ဝင်စားမှုများရှိနေကြပြီး တပ်ကိုတပ်ကပြန်ဝိုင်းသည့်အတွက် အ၀ိုင်းခံရသော ရဲမွန်တပ်သားများအပေါ် ရန်ကုန်ပြည်သူတို့က ကရုဏာသက်နေကြကြောင်း ရန်ကုန်မြို့ခံအချို့ထံမှ သိရသည်။

“တပ်ကို တပ်ကလည်းပြန်ဝိုင်းတာပဲ။ အမှန်တော့ ရဲမွန်တပ်ဆိုတာ အစဉ်အလာကောင်းတဲ့ တပ်တခုပဲ။ ဘာလို့လဲဆိုတော့ အဲဒီမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ခေတ္တထိန်းသိမ်းခံရတဲ့လူတွေကို ရဲဘော်တွေက ကိုယ်ချင်းစာစိတ်ထားပြီးတော့ ကူညီမှုတွေပြုလုပ်ခဲ့တဲ့ အစဉ်အလာရှိခဲ့တာကိုး” ဟု နိုင်ငံရေးသမားဟောင်းတဦးက ပြောသည်။

နယ်ဧည့်သည်များ အိမ်ထောင်စုစာရင်းလုပ်ကြရ

မျိုးချစ်သူ / ၁၀ သြဂုတ် ခေတ်ပြိုင်

ရန်ကုန်မြို့တွင် (၁) လထက်ပိုနေသော နယ်ဧည့်သည်များသည် အိမ်ထောင်စုစာရင်း ပြုလုပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

အဆိုပါလုပ်ရပ်သည် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်မည်ဟု ရန်ကုန်မြို့ခံများက ထင်မြင်ချက်ပေးကြသည်။

“လဝက အနေနဲ့ ရပ်ကွက်မှာနေတဲ့ လူနေဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကို တိတိကျကျဖြစ်ဖို့အတွက် အရေအတွက် ကောက်တာလို့ ကျမတို့ကြားရတယ်။ ၂၀၀၈ ခုနှစ်ကလည်း မဲမပေးခင် အဲဒီလိုပဲ လုပ်ခဲ့ရတာပဲ” ဟု ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် အမှတ် (၃) ရပ်ကွက်သားတဦးက ပြောသည်။

ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူကမူ ဧည့်စာရင်းတိုင်နေထိုင်သူများအနေဖြင့် တပတ်တခါ သွားရောက်ဧည့်စာရင်းတိုင်ရန် မလိုအောင် ပြုလုပ်စီစဉ်ခြင်းဖြစ်ကြောင်း ပြောသည်။

ရန်ကုန်သို့ အနယ်နယ်အရပ်ရပ်မှ လာသောသူများတွင် ၀န်ထမ်းနှင့် ကျောင်းသား အများဆုံးဖြစ်ပြီး ၎င်းတို့အနေဖြင့် အိမ်ထောင်စုစာရင်းအသစ် လုပ်ဆောင်နေရခြင်းဖြစ်သည်။

“အရင်ကတော့ တပတ်တခါ တိုင်ရတာဆိုတော့ အလုပ်ရှုပ်တာပေါ့။ အခုတော့ အိမ်ထောင်စုစာရင်းလုပ်ပေးတဲ့အတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အိမ်ထောင်စုစာရင်းအတွက် ငွေ (၅,၀၀၀) ပေးရတယ်လေ” ဟု ရန်ကင်းမြို့နယ်မှ တိုက်ခန်းငှားနေသူတဦးက ပြောသည်။

တိုက်ခန်းငှားနေသူများ၊ အိမ်ခန်းငှားနေသူများအနေဖြင့် (၁) လကျော်နေထိုင်ပါက အိမ်ထောင်စုစာရင်းပြုလုပ်ရာတွင် မှတ်ပုံတင်နံပါတ်၊ နေထိုင်ရာဇာတိလိပ်စာ၊ လက်ရှိနေသည့်လိပ်စာ မိဘအမည်နှင့် ရန်ကုန်ရှိအလုပ်အကိုင်တို့ကို ပေးရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရန်ကုန်တွင် အိမ်ထောင်စုစာရင်းများကို ကြံ့ဖွံ့က ရပ်ကွက်ရုံး (ရယက) နှင့်ပေါင်းကာ ကောက်ယူခဲ့သေးသည်။

ရပ်ကွက်ကြံ့ဖွံ့ရုံးများမှတဆင့် မိသားစုတိုင်းရှိ (၁၈) နှစ်အထက် လူကြီးလူငယ်များကို နာမည်စာရင်းကောက်ယူကာ စာရင်းပြုစုထားခြင်းဖြစ်ကြောင်း၊ ယင်းကို မြို့နယ်တိုင်းတွင်ရှိသော ရပ်ကွက်များအလိုက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ်၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ မကျင်းပမီတွင် ယင်းသို့ လူစာရင်းများကောက်ခြင်း၊ အိမ်ထောင်စုစာရင်းများ လုပ်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

“အခုလည်း၂၀၀၈ အတိုင်း လုပ်နေတာလား မပြောတတ်တော့ဘူး၊ သူတို့ကတော့ ဘာပဲလုပ်လုပ် ရွေးကောက်ပွဲကို ဦးတည်ပြီး လုပ်နေတယ်ဆိုတာ ပေါ်လွင်တယ်။ လူတွေကလည်း သူတို့ဘာလုပ်လုပ် သိနေမြင်နေတတ်ပြီ” ဟု ၀ါရင့်သတင်းစာဆရာတဦးက ပြောသည်။

ရန်ကုန်တွင် တိုက်ခန်း၊ အိမ်ခန်း ငှားရမ်းနေထိုင်သူများသည် အနည်းဆုံး (၃) လမှ အများဆုံး (၁) နှစ်စာချုပ်ဖြင့် ငှားရမ်းနေထိုင်သူများဖြစ်ကြသည်။

ကချင်အမျိုးသားအာဇာနည်နေ့ ကျင်းပ

ခိုင်လင်း / ၁၀ သြဂုတ် ခေတ်ပြိုင်

ယနေ့ကျရောက်သည့် ကချင်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် ကျင်းပသည်။

ကချင်အမျိုးသားအာဇာနည်နေ့သည် ကချင်အမျိုးသားထုတရပ်လုံးအတွက် ကိုယ်ကျိုးစွန့်ကာ အသက်ပေးလှူ သွားကြသူများကို ဦးညွှတ်ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခဲ့ကြောင်း၊ ကေအိုင်အိုအဖွဲ့ကို စတင်တည်ထောင်ခဲ့သူ လထော်ဇော်ဆိုင်း လုပ်ကြံခံရပြီး ကျဆုံးခဲ့သည့် သြဂုတ် (၁ဝ) ရက်နေ့ကို အာဇာနည်နေ့ သတ်မှတ်ကာ ၂ဝဝ၄ ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့ကြောင်း ကေအိုင်အို အုပ်ချုပ်ရေးဌာန အရာရှိတဦးက ပြောသည်။

၎င်းက “ ဒီကနေ့ မနက် (၇) နာရီမှာ ကေအိုင်အိုက တပ်ပိုင်းဆိုင်ရာအနေနဲ့ သပ်သပ်လုပ်တယ်။ မနက် (၁ဝ) နာရီကနေ (၁၁) နာရီကျော်အထိ လိုင်ဇာမြို့မှာက လူထုနဲ့လုပ်တာ။ လူထုနဲ့ကေအိုင်အို အင်အား (၁,ဝဝဝ) ကျော် တက်ရောက်တယ်။ လူထုအစည်းဝေးမှာတော့ ကျဆုံးသွားကြတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေကို ဂုဏ်ပြုတာပေါ့ဗျာ” ဟု ပြောသည်။

လိုင်ဇာမြို့အနီးရှိ ကျေးရွာများမှ ဒေသခံများနှင့် လိုင်ဇာမြို့ဒေသခံများ အပါအဝင် ကေအိုင်အိုအဖွဲ့တွင်းရှိ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပါဝင်သည့် လူထုစည်းဝေးပွဲတွင် ကေအိုင်အိုက နယ်ခြားစောင့်တပ်ပြောင်းလဲရေး ကိစ္စအပါအဝင် အဖွဲ့ရပ်တည်ရေးနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ အာဇာနည်နေ့ အကြောင်းအရာများကိုသာ ပြောကြားသည်ဟု အစည်းဝေးတက်ရောက်ခဲ့သူ လိုင်ဇာမြို့ခံတဦးက ပြောသည်။

၎င်းက “အာဇာနည်နေ့ကို အရင်တုန်းက ကျင်းပရကောင်းမှန်း မသိခဲ့ဘူးပေါ့။ ဒါဟာ ကိုယ့်အမျိုးသားရေးကို အလေးအနက်ထား၊ တန်ဖိုးမထားရာကျတယ်။ ၂ဝဝ၄ ခုနှစ်မှာတော့ ဒါကို ကေအိုင်အိုဗဟိုကော်မတီမှ ကျင်းပဖို့ ဆုံးဖြတ်ပြီး ကျင်းပခဲ့တယ်ပေါ့။ အခုလို ကျင်းပရင်းနဲ့ မျိုးဆက်သစ်တွေအနေနဲ့ အာဇာနည်တွေရဲ့ လုပ်ရပ်တွေကို အားကျအတုယူရမယ်၊ သူတို့တွေလို မျိုးချစ်စိတ်ထားရမယ်ဆိုပြီး ပြောတယ်” ဟု ရှင်းပြသည်။

ကေအိုင်အိုအဖွဲ့ကို ကချင်အမျိုးသားများ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ကချင်ကျောင်းသားများ ဦးဆောင်ကာ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီ (၅) ရက်တွင် စတင်ထူထောင်ဖွဲ့စည်းခဲ့သည်။

ကေအိုင်အိုသည် ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်တွင် နဝတနှင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ယမန်နှစ်ကစ၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ဖိအားပေးခြင်း ခံနေရကာ ယနေ့အချိန်အထိ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စမှာ လိပ်ခဲတည်းလည်းဖြစ်နေသည်။

၁၉၇၅ ခုနှစ် သြဂုတ် (၁ဝ) ရက်တွင် ကေအိုင်အိုအဖွဲ့အား တည်ထောင်ခဲ့သူ ဇော်ဆိုင်း လုပ်ကြံခံခဲ့ရပြီး ယင်းနေ့အား အစွဲပြု၍ ကချင်လက်နက်ကိုင် တော်လှန်ရေး ကာလတလျှောက် ကျဆုံးခဲ့သည့် ကချင်တိုင်းရင်းသား၊ ကေအိုင်အို ရဲဘော်များအား ဂုဏ်ပြုသည့်အနေဖြင့် ကချင်အမျိုးသားအာဇာနည်နေ့အဖြစ် ကျင်းပလာခြင်းဖြစ်သည်။

တက္ကသိုလ်စာကြည့်တိုက် လေ့လာစရာမရှိ

ဝီရ / ၁၀ သြဂုတ် ခေတ်ပြိုင်

ပြည်တွင်းတက္ကသိုလ်အသီးသီးရှိ စာကြည့်တိုက်များ၌ အသုံးဝင်သည့် စာအုပ်စာတမ်းများ ရှားပါးလာသည့်အတွက် ကျောင်းသူ ကျောင်းသားများသည် ဘာသာရပ်ဆိုင်ရာ စာတမ်းများ ပြုစုနိုင်ရန် အင်တာနက်ကိုသာ အားကိုးနေရကြောင်း သိရှိရသည်။

ရန်ကုန် ဒဂုံတက္ကသိုလ်မှ သတ္တဗေဒ ကျောင်းသူတဦးက “အတန်းမှာ စာတမ်းပြုစုခိုင်းတော့ စာကြည့်တိုက်ကို အားကိုးတကြီးနဲ့ ရောက်သွားကြရော။ ဟိုရောက်တော့ စာကြည့်တိုက်က ကိုးကားစရာ ဘာစာအုပ်မှ မရှိဘူး။ ဒါနဲ့ ဆရာမကို သွားမေးတော့ အင်တာနက်ကနေ သွားရှာပေါ့တဲ့။ အဲ့လိုပြောတယ်။ အင်တာနက်ဆိုင်ကလည်း ဒီအနီးအနားမှာ ရှိတာ မဟုတ်ဘူးလေ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

တက္ကသိုလ်ကျောင်းဝင်းအတွင်း အင်တာနက်သုံးစွဲခွင့်မရှိဘဲ ပြင်ပ အင်တာနက်ဆိုင်များသို့ သွားရောက်သုံးစွဲနေရ၍ အဆင်မပြေကြကြောင်း ကျောင်းသားများက ပြောဆိုသည်။

ထို့ပြင် စာတမ်းပြုစုရာတွင် အင်တာနက်သုံးစွဲရန် အနီးအနား၌ ဆိုင်အလုံအလောက် မရှိခြင်း၊ ရှိသည့်ကွန်ပျူတာများမှာ အမြန်နှုန်း နှေးကွေးခြင်း၊ ကွန်ပျူတာ ကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် ကျောင်းသူ ကျောင်းသားများအတွက် အခက်အခဲများစွာ ရှိကြောင်း သိရသည်။

“ခေါင်းစဉ်တခုခုကို ရှာလိုက်ရင် စာမျက်နှာပေါင်း သောင်းနဲ့ချီပြီး ရှိတော့ ဘယ်ဟာယူရမလဲဆိုတာ မသိတော့ဘူး။ မထူးဘူးဆိုပြီး ဖြတ်ညှပ်ကပ်လုပ်၊ လက်ရေးမူနဲ့ ပြန်ရေးပြီး တင်လိုက်တာပဲလေ။ စာအုပ်ကနေ ရှာတာထက်တော့ မြန်တယ်။ ဒါပေမယ့် အင်တာနက် သုံးတတ်တာကလွဲရင် ဘာပညာမှ တိုးတာတော့ မဟုတ်ဘူးပေါ့” ဟု ထိုကျောင်းသူက ပြောကြားသည်။

ဌာနဆိုင်ရာက တက္ကသိုလ်ကျောင်း စာကြည့်တိုက်များသို့ စာအုပ်၊ စာတမ်းများ ထပ်မံ ပံ့ပိုးပေးခြင်း မရှိသကဲ့သို့ ပုဂ္ဂလိက အလှူရှင်များနှင့် အဖွဲ့အစည်းတို့ထံမှ လှူဒါန်းမှုများလည်း နည်းပါးလာခြင်းကြောင့် တက္ကသိုလ်စာကြည့်တိုက်များ ယခုကဲ့သို့ ခြောက်ကပ်လာရခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်မှ နည်းပြဆရာတဦးက ပြောသည်။

၎င်းက “နယ်တက္ကသိုလ် စာကြည့်တိုက်တွေလည်း လေ့လာစရာ ဘာမှမရှိပါဘူး။ ရန်ကုန်မိန်း (ပင်မ) တက္ကသိုလ် စာကြည့်တိုက်မှာလည်း Update လုပ်တာနည်းတဲ့အခါကျတော့ ကိုးကားစရာ စာအုပ်တွေ မရှိသလောက် ဖြစ်ပြီ။ သိပ္ပံပညာနဲ့ပတ်သက်တဲ့ သုတေသန စာရွက်စာတမ်းတွေဆိုရင် ဘာမှမရှိတာ။ သံရုံးတို့၊ ပြင်ပစာကြည့်တိုက်တွေကို အားကိုးနေရတာ ကြာပါပြီ” ဟု ပြောသည်။

လက်တွေ့သင်ကြားတတ်မြောက်မှု ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ယခု ၂၀၁၀-၁၁ ပညာသင်နှစ်မှစ၍ တက္ကသိုလ် အထူးပြုဘာသာရပ်တိုင်းအတွက် ပထမနှစ်မှ နောက်ဆုံးနှစ်အထိ လက်တွေ့လေ့ကျင့်မှု စာတမ်း (၁) စောင်စီ ပြုစုရမည်ဟု ညွှန်ကြားခဲ့သည်။

ယင်းသို့ စာတမ်းပြုစုရန် ညွှန်ကြားခဲ့သော်လည်း ကိုးကားရန် ကျောင်းစာကြည့်တိုက်ကို အားကိုးမရသည့်အတွက် အကျိုးဖြစ်ထွန်းမှုမရှိကြောင်း ကျောင်းသားတို့က ပြောဆိုနေကြသည်။

ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး (အိုင်အာ) ကျောင်းသားတဦးက “ကျောင်းဝင်းထဲက အင်တာနက်တွေက ဆရာ၊ ဆရာမတွေအတွက်ပဲ သုံးလို့ရတယ်လေ။ ကျနော်တို့က ဒီစာတမ်းအတွက်နဲ့ မြို့အတွင်းပိုင်းအထိ သွားပြီး လုပ်ရတာဆိုတော့ သက်သက်မယ့် အလုပ်ပိုပြီး စရိတ်ကုန်တာပဲ အဖတ်တင်တယ်လေ။ ဘာအကျိုးမှ မရှိဘူး” ဟု ပြောသည်။

နအဖစစ်အစိုးရက ၂၀၀၀ ခုနှစ်မှစ၍ ရန်ကုန်မြို့ရှိ တက္ကသိုလ်ကျောင်းများအဖြစ် အရှေ့ပိုင်းတက္ကသိုလ်ကို သန်လျင်သို့လည်းကောင်း၊ ဒဂုံတက္ကသိုလ်ကို မြောက်ဒဂုံသို့လည်းကောင်း၊ အနောက်ပိုင်းတက္ကသိုလ်ကို လှိုင်သာယာသို့ လည်းကောင်း၊ စီးပွားရေးတက္ကသိုလ်ကို မြောက်ဒဂုံ ရွာသာကြီးသို့လည်းကောင်း ရန်ကုန်မြို့ပြင်ဘက်သို့ ခွဲ၍ တနေရာစီ တည်ထားခဲ့ပြီး အဆိုပါတက္ကသိုလ်ကျောင်းတဝိုက်တွင် အင်တာနက်ဆိုင်များ ဖွင့်လှစ်ခွင့် မပေးခဲ့ချေ။

မြန်မာအင်ဖိုတက်၏ ၂၀၁၀ ခု ဇွန်လစာရင်းအရ ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင် စုစုပေါင်း (၅၁၁) ဆိုင် ရှိသည့်အနက် လက်ရှိ တက္ကသိုလ်ကျောင်းများရှိရာ ရန်ကုန်မြို့အပြင်ဘက် ဝန်းကျင်များတွင် (၁၇) ဆိုင်သာ ရှိကြောင်း သိရသည်။

လေပတ်ကားသမားများ အွန်လိုင်းပေါ်ရောက်

မျိုးဝင်းဇော် / ၁၀ သြဂုတ် ခေတ်ပြိုင်

ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင် အခြေစိုက်သည့် ရွှေလုပ်ငန်းရှင်များအသင်းက လေပတ်ကား အရောင်းအဝယ်လုပ်မှုကို တားမြစ်လိုက်ပြီးသည့်နောက် လေပတ်ကားသမားများနှင့် ရွှေကုန်သည်များပါ အွန်လိုင်းပေါ်တက် လောင်းကစားမှု ပြုလုပ်လာကြကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ရွှေကုန်သည်တဦးက “ရွှေကို တယ်လီဖုန်းနဲ့ နှုတ်နဲ့ အရောင်းအဝယ်လုပ်ပြီး အလျော်အစား လောင်းကစားကြတာကို ပြီးခဲ့တဲ့နှစ်ပတ်လောက်ကစ ပိတ်လိုက်တယ်။ စသုံးလုံးတွေ ရဲတွေကိုပါ ခေါ်ပြီး ရှင်းခိုင်းတယ်။ ဒါပေမယ့် လောင်းကစားက ပျောက်မသွားဘူး။ အခု လောင်းကစား လုပ်သူတွေရော၊ ငွေကြေးတတ်နိုင်တဲ့ ရွှေကုန်သည်တွေပါ အွန်လိုင်းပေါ် ရောက်ကုန်ကြပြီ” ဟု ပြောသည်။

လေပတ်ကားဆိုသည်မှာ နေ့စဉ်ရွှေပေါက်ဈေးကို နှုတ်ဖြင့် သို့မဟုတ် တယ်လီဖုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ပြီး ဈေးနှုန်း အတက်အကျ ကွာခြားချက်အလိုက် တဦးနှင့်တဦး အလျော်အစားလုပ်သည့် လောင်းကစားနည်းကို ဆိုလိုခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ လောင်းကစားကို ပိတ်ပင်တားမြစ်လိုက်သည့်အတွက် ရွှေသမားများသည် igmarkets.co.uk ဝက်ဘ်ဆိုက်ကို ဝင်ရောက်ပြီး လောင်းကစား ပြုလုပ်ကြခြင်းဖြစ်သည်။

ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ပြီး လောင်းကစားလိုသူသည် ရန်ကုန်ရွှေဘုံသာလမ်းမှ နိုင်ငံခြားငွေ ဘဏ်အကောင့် ရှိသူတဦးထံတွင် ဒေါ်လာ (၅,ဝဝဝ) နှင့် ညီမျှသည့် ကျပ်သိန်း (၅ဝ) ပေးပြီး စဘော်တင်ရကြောင်း၊ အဆိုပါ ဘဏ်အကောင့်ရှိသူက ဝက်ဘ်ဆိုက် လောင်းကစားဒိုင်ကို ဘဏ်ငွေလွှဲပေးပြီးနောက် ကိုယ်ပိုင် user name ဖြင့် လျှို့ဝှက်နံပါတ် password တခု ရရှိမည်ဖြစ်ပြီး အဆိုပါ user name နှင့် password ကိုသုံးပြီး ဝက်ဘ်ဆိုက်ထဲဝင်ကာ ရွှေဈေး အရောင်းအဝယ်လုပ် လောင်းကစားနိုင်ကြောင်း ကိုယ်တိုင် လောင်းကစားလုပ်သူတဦးက ရှင်းပြသည်။

၎င်းက “ဒေါ်လာ (၅,ဝဝဝ) စဘော်တင်ထားသူ တဦးအနေနဲ့ ကမ္ဘာ့ရွှေပေါက်ဈေးအတိုင်း ရွှေအောင်စ (၅ဝ) တန်ဖိုးအထိ အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်။ အရောင်းအဝယ် လုပ်နေစဉ် ဆုံးရှုံးမှု တန်ဖိုးကိုတော့ ဒေါ်လာ (၅,ဝဝဝ) ထက်မကျော်ရလို့ သတ်မှတ်ထားတယ်။ ဒေါ်လာ (၅,ဝဝဝ) ဆုံးရှုံးသွားရင် အကောင့်ဟာ သူ့အလိုအလျောက် ပိတ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

အရောင်းအဝယ် တကြိမ် လုပ်ပါက ဒိုင်ကို (၂) ရာခိုင်နှုန်း အကောက်သဘော ဝန်ဆောင်ခ ပေးရမည်ဖြစ်ပြီး အရောင်းအဝယ် လုပ်ရင်း လောင်းကစား လုပ်သူအနေဖြင့် ငွေကြေးအမြတ်အစွန်းရရှိပါက ဒိုင်က ရွှေသားအစစ်ကို ထုတ်ပေးမည်မဟုတ်ဘဲ အမြတ်အစွန်း ငွေသားပမာဏကိုသာ ဘဏ်အကောင့်ထဲ လွှဲပေးမည်ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံမှ လောင်းကစားသူများအတွက် အဆိုပါ ဆောင်ရွက်မှုအပိုင်းကို နိုင်ငံခြားငွေ ဘဏ်စာရင်းဖွင့်ထားနိုင်သူ ပွဲစားက ကြားခံ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုကဲ့သို့ အွန်လိုင်းပေါ်တက်ပြီး လောင်းကစားသည့် ဘောလုံးလောင်းကစားနည်းလည်း ပေါ်ပေါက်နေသည်မှာ ကြာပြီဖြစ်ကြောင်း ဗဟန်းမြို့နယ်မှ လောင်းကစားဒိုင်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် ဖြစ်မလာသေးသကဲ့သို့ စတော့ရှယ်ယာဈေးကွက်လည်း ပေါ်ပေါက်လာခြင်း မရှိသေးပေ။

ရွှေ၊ ပဲ၊ နှမ်း အပါအဝင် ကုန်ပစ္စည်းအမျိုးမျိုး ကြိုရောင်းကြိုဝယ် လုပ်ခြင်းတို့လည်း မြန်မာနိုင်ငံတွင် တရားမဝင်သေးသည့်အတွက် စီးပွားရေးသမား အများစုသည် ထွက်ပေါက်အနေဖြင့် လောင်းကစားဘက်သို့ ရောက်နေကြခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင် စာရေးဆရာတဦးက ဝေဖန်သည်။

မြန်မာအမျိုးသမီး ၃ ဦး နိုင်ငံတကာ မော်ဒယ်ပြိုင်ပွဲ ၀င်ခွင့်ရခဲ့

ဓာတ်ပုံသတင်း

သြဂုတ် ၁၀၊ ၂၀၁၀ မိုးမခ

ပြီးခဲ့သည့် လကုန်ပိုင်းက နယူးယောက်တွင် ပြုလုပ်သော နိုင်ငံတကာ မော်ဒယ်ပြိုင်ပွဲတွင် တွေ့ရသော မြန်မာပြည်ဖွား ညီအစ်မ ၃ ဦး (ဓာတ်ပုံများ - IMTA)

မေ နှင့် နဒီ တို့က modeling top 10 စာရင်း ၀င်ခဲ့သည်ဟု နေခြည်က ပြောသည်။ အုပ်စုလိုက် ပြိုင်ကြရာတွင် 4th runner up အဆင့်သို့ ညီအစ်မ သုံးဦးစလုံး ရောက်ခဲ့သည်ဟု သိရသည်။

အောင်မြင်မှု နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရနိုင်မည့် ပြိုင်ပွဲသို့ နိုင်ငံတကာမှ မော်ဒယ်၊ သရုပ်ဆောင်၊ အဆိုတော် ဖြစ်ရေး ကြိုးပမ်းသူ တထောင်ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲ စီစဉ်သည့် နိုင်ငံတကာ မော်ဒယ် နှင့် အနုပညာ ပါရမီရှင် အသင်း (International Modeling and Talent association- IMTA) ၏ အင်တာနက် စာမျက်နှာတွင် ထိုပြိုင်ပွဲမှ ပုံပေါင်း ၃၀၀ ၀န်းကျင်ကို တွေ့နိုင်သည်။ ညီအစ်မ သုံးဦးစလုံး၏ ပုံများ ပါဝင်သည်။

ယခုနှစ် ကမ္ဘာ့ဖလား သီချင်း “Waka Waka” ရုပ်သံတွင် ပါဝင် သရုပ်ဆောင်ခဲ့သော ရန်ကုန်သူ တရုတ်နွယ်ဖွား ထိုညီအစ်မ ၃ ဦးအကြောင်း http://moemaka.blogspot.com/2010/06/talk-with-nay-chi.html ရှိ အင်တာဗျူးတွင် ဖတ်ရှုနိုင်သည်။

အဆိုတော် သျှီက သူ့သီချင်းသစ်ကို ကိုယ်ပိုင် ၀က်ဆိုက်တွင် တင်ထား

ဓာတ်ပုံသတင်း

သြဂုတ် ၁၀၊ ၂၀၁၀ မိုးမခ

တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် တွေ့ရသော အဆိုတော် သျှီ။

သူ၏ ကိုယ်ပိုင် အင်တာနက် စာမျက်နှာ http://shetherocker.com တွင် အိပ်မက်ထဲမှာ အမည်ရှိ သီချင်းသစ်ကို တင်ထားသည်။

"အိပ်မက်ထဲမှာ သီချင်း ဖြစ်လာတဲ့ အတွေးကို ကဗျာလေး ရေးလိုက်တယ်။ ဒီကဗျာကို သံစဉ် ထည့်ကြည့်လိုက်တော့ သီချင်း ဖြစ်သွားတယ် ဟု သျှီက ပြောဆိုကြောင်း အလင်းတန်းတွင် ရေးထားသည်။

"ဆိုနေကျ ရော့ခ်ပုံစံ မဟုတ်ဘူး။ အိပ်မက်ကို ပုံဖော်ထားတဲ့အတွက် ဆွေးဆွေးမြည့်မြည့် နူးနူးညံ့ညံ့လေး လုပ်ထားတယ်" ဟု ရော့ခ် အဆိုတော်က ပြောသည်။

ငါ့အသည်းနှလုံးမင်းယူပါ၊ ခါးတဲ့သင်ခန်းစာ၊ မသေသော Rock သီချင်းတို့ကိုလည်း သူ၏ ၀က်ဆိုက်တွင် နားဆင်နိုင်သည်။

ရွေးကောက်ပွဲ နဲ့ ပြည်သူလူထု အခန်းကဏ္ဍ

By မစုမြတ်မွန် တနင်္ဂနွေ, 08 သြဂုတ် VOA

၂၀၁၀ ရွေးကောက်ပွဲကနေ ပြည်သူတွေဖြစ်စေချင်တဲ့ အပြောင်းအလဲတွေဖြစ်လာအောင် ပြည်သူတွေဘက်က ဘာတွေများ လုပ်နိုင်ပါသလဲ။ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ဆောင်နေတဲ့ ဗဟုအဖွဲ့ (Vahu Development Institute) ရဲ့  ဦးအောင်သူငြိမ်း ကို မစုမြတ်မွန် က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

မစုမြတ်မွန် ။ ။ မြန်မာနိုင်ငံမှာ ရှစ်လေလုံး လူထုအုံ့ကြွမှုကြီး ဖြစ်ခဲ့ပြီး (၂၂) နှစ်ကြာကာလမှာ လုပ်မယ့် ရွေးကောက်ပွဲကနေ ပြည်သူတွေ တကယ်ဖြစ်စေချင်တဲ့ အပြောင်းအလဲတွေဖြစ်လာဖို့အတွက် ပြည်သူတွေအနေနဲ့ ဘာတွေလုပ်နိုင်မလဲဆိုတာကို ဆွေးနွေးသွားပါမယ်။ ကိုအောင်သူငြိမ်းက မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို တောက်လျှောက်ပါဝင်လှုပ်ရှားခဲ့သူ၊ မြန်မာ့အရေးကိုလည်း အစဉ်မပြတ် လေ့လာနေသူဖြစ်တော့ ဒီကနေ့ ကျနော်တို့ ရှေ့ ဘာတွေဖြစ်နိုင်မယ်ဆိုတာကို မပြောခင် လွန်ခဲ့တဲ့ (၂၂) နှစ် ရှစ်လေးလုံး မဖြစ်ခင်ကာလ ဆေးကျောင်းတက်နေချိန်ကာလမှာ မြန်မာပြည်မှာ ပြည်သူတွေက အပြောင်းအလဲတွေကို ဘယ်လောက်အထိ လိုချင်ခဲ့ကြသလဲဆိုတာကို မှတ်မိသလောက် ပြောပေးပါ။

ဦးအောင်သူငြိမ်း ။ ။ ၁၉၈၈ ခုနှစ်မှာ ကျနော်က ဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ် အပိုင်း (ခ) ပေါ့။ အဲဒီကာလမှာ ကျနော် သတိထားမိတာကတော့ ကျနော်တို့ တိုင်းပြည်မှာ အများကြီး အထွေထွေ မွန်းကြပ်မှု အခြေအနေနဲ့ ကြုံပါတယ်။ အဲဒီအချိန်မှာ ပထမဦးဆုံးကာလမှာ ကျနော်တို့ မိသားစုတွေကိုယ်၌က ကျောင်းပိတ်ရက်တွေဆိုရင် အလည်အပတ် သွားနိုင်တယ်။ တခြားနေရာတွေကို သွားနိုင်တယ်။ အဲဒီကနေ တဖြည်းဖြည်း ကြပ်တည်လာခဲ့တာ နောက်ဆုံး ကျနော်တို့မိသားစုမှာ ဆပ်ပြာတောင် ဆင်ခြေတုံးဆပ်ပြာမဲမဲတွေ သုံးလာရတယ်။ တခြား စားရေးသောက်ရေးတွေကအစ ကြပ်တည်လာခဲ့တယ်။ ဒီအချိန်မှာ လူတွေက တခုခုတော့ ပြောင်းရမယ်ဆိုတာတွေ မြင်လာတယ်။ အဲဒီလို ဖြစ်ရုံတင်မကဘူး တခါ ကိုဘုန်းမော်ကိစ္စ RIT မှာရှိတဲ့ ကျောင်းသားတွေကို အစိုးရက နှိမ်နင်းလိုက်တဲ့အခါကြတော့ လူတွေက ကျောင်းသားတွေရဲ့  အခွင့်အရေးကာကွယ်ပေးဖို့ ဘာမှမရှိတော့ဘူးလား မေးခွန်းတွေ ထုတ်လာတယ်။ အထူးသဖြင့်တော့ အဲဒီကာလမှာ အဓိက အကြောင်းရင်းကတော့ အဲဒီကာလမှာ အထွေထွေမွန်းကြပ်မှုပါတယ်၊ ပြီးတော့ အစိုးရက ပိုက်ဆံတွေ တရားမဝင်တော့တာ ကြေညာလိုက်တော့ လူတွေအားလုံး ချက်ချင်း ဆင်းရဲသွားတဲ့ အနေအထားမှာ အစိုးရအပေါ် ဒေါသထွက်တာလည်းပါတယ်။

မစုမြတ်မွန် ။ ။ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်မှာ ကျောင်းသားတွေထွက်ပြီးတော့ - ပထမတော့ ကျောင်းသားတွေ၊ နောက် ပြည်သူတွေ၊ ရဟန်းသံဃာတွေ ပါလာတဲ့ လူထုအုံ့ကြွမှုကြီးကို မျက်စိထဲမှာ မြင်သလောက် ပြန်ပြောပြပေးပါ။

ဦးအောင်သူငြိမ်း ။ ။ အဲဒီအချိန်မှာ ပထမပိုင်းမှာတော့ ကျောင်းသားလှုပ်ရှားမှုလောက်သာ ရှိပါတယ်။ တက္ကသိုလ်တွေမှာ ဖြစ်တယ်။ အစိုးရက ချေမှုန်းမယ်ဆိုတာတွေ စိုရိမ်နေရတာပေါ့။ ဒါပေမဲ့ ကျောင်းသားတွေက စလုပ်တယ်။ နောက်ပိုင်းကြတော့ ရှစ်လေးလုံးနေ့ အဲဒီနေ့မှာတော့ ပြည်သူတွေ ပါလာတယ်။ လူတော်တော်များများက စိတ်လှုပ်ရှားတယ်။ အဖိုးကြီး၊ အဖွားကြီးတွေလည်း ငိုကြတယ်။ ဒါမျိုးကို မမြင်ဘူးကြဘူး။ တချို့ တွေလည်း အလုပ်လုပ်နေရကနေ တန်ပြီးပြေးလိုက် လူအုပ်ကြီးနောက်ကို လိုက်ကြတယ်။ အဲဒီလို ဆန္ဒပြကြတဲ့ ကျောင်းသားတော်တော်များများကလည်း တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ကြတယ်။ ထင်တာကတော့ အဲဒီအနေအထားမှာတော့ အစိုးရတော့ ပြုတ်ကျပြီ၊ ကျနော်တို့လည်း အောင်ပွဲခံပြီ၊ အပြောင်းအလဲတော့ ဖြစ်ပြီလို့ ထင်ကြတယ်။

မစုမြတ်မွန် ။ ။ အပြောင်းအလဲတော့ မဖြစ်ခဲ့ဘူးပေါ့။ ဒါပေမဲ့ ဆန္ဒပြတဲ့ ကာလကို ပြန်ကြည့်မယ်ဆိုရင် အဲဒီအချိန်တုန်းက အာဏာရှင် ဦးနေဝင်း ဖြစ်တယ်။ သူက ခြိမ်းခြောက်ထားခဲ့တယ် “စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ် ထောင်မပစ်ဘူး၊ တည်တည်ပစ်တယ်” ဆိုပြီ ခြိမ်းခြောက်တယ်။ လူတွေကလည်း ဆန္ဒထွက်ပြရင် သူတို့ အပစ်ခံရမယ်၊ အဖမ်းခံရမယ်ဆိုတာတွေ သိရက်နဲ့ စွန့်စားပြီး ဆန္ဒပြကြတယ်ဆိုတော့ ကိုအောင်သူငြိမ်းလည်း ကိုယ်တိုင် ဆန္ဒပြခဲ့သူတဦးအနေနဲ့ အဲဒီအချိန်တုန်းက ဘယ်လိုစိတ်မျိုးနဲ့ ဆန္ဒပြခဲ့တယ်ဆိုတာကို ပြောပြပေးပါ။

ဦးအောင်သူငြိမ်း ။ ။ အားလုံးကတော့ ကျနော်ထင်တယ် ဒီအခြေအနေမှာတော့ အားလုံး အပြောင်းအလဲဖြစ်တော့မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ရှိပါတယ်။ အဲဒီ အခြေအနေကြောင့် လူတွေအားလုံး တပြိုင်နက်ထဲ ပါဝင်လာတဲ့ အနေအထားမျိုးပါ။

မစုမြတ်မွန် ။ ။ ရှစ်လေးလုံးကာလမှာ စစ်တပ်က အင်အားသုံး နှိမ်နှင်းမှုကြောင့် လူ သုံးထောင်လောက် သေတယ်ဆိုတာကို မှတ်တမ်းမှတ်ရာတွေမှာ တွေ့ပါတယ်။ နောက် ထောင်ချခံရသူ၊ အဖမ်းခံရသူတွေလည်း မနည်းမနောရှိတယ်ဆိုတော့ အဆိုးထဲက အကောင်းဖြစ်တာကတော့ ပြည်သူတွေ၊ ကျောင်းသားရဟန်းရှင်တွေ တသားတည်ရှိတာကို အာဏာပိုင်တွေ သိသွားခဲ့တယ်။ အပြောင်းအလဲကို ပြည်သူတွေ ဘယ်လောက်လိုချင်တယ်ဆိုတာကိုလည်း အုပ်ချုပ်သူတွေ သိသွားခဲ့တယ်။ အဲဒီရလဒ်အဖြစ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ပေါ်လာခဲ့တယ်။ ရွေးကောက်ပွဲဖြစ်တဲ့အချိန်မှာ ကိုအောင်သူငြိမ်း က နယ်စပ်က ABSDF ကျောင်းသားတပ်မတော် ရောက်နေပြီဆိုတော့ မြန်မာပြည်ထဲမှာ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ အဲဒီအချိန်မမှာ ပြည်သူတွေအနေနဲ့ အပြောင်းအလဲဖြစ်ဖို့ မျှော်လင်ခဲ့တယ်ဆိုတာကို သိသလောက် ပြောပြပေးပါ။

ဦးအောင်သူငြိမ်း ။ ။ ကျနော် ထင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လူတွေအားလုံးက မဲပေးလိုက်ကြတယ်။ ဒီလို ၈၀% ကျော် အမတ်နေရာကို မဲပေးလိုက်တယ်ဆိုတာ အပြောင်းအလဲကို လိုချင်တယ်ဆိုတာ ပြတာပါ။ ကျနော်ထင်တယ် အဲဒီအချိန်မှာ လူအများစုက အန်အယ်လ်ဒီ အာဏာရမယ်လို့ ထင်တယ်။ အန်အယ်လ်ဒီ အစိုးရဖြစ်ပြီတော့ ကောင်းတဲ့အပြောင်းအလဲတွေ လုပ်သွားနိုင်မယ်လို့ အားလုံးက ယုံတယ် ထင်ပါတယ်။

မစုမြတ်မွန် ။ ။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း အန်အယ်လ်ဒီ က ရွေးကောက်ပွဲမှာ အနိုင်ရပေမယ့် ရွေးကောက်ပွဲရလဒ်အတိုင်း အခုအချိန်အထိ မဖော်လာနိုင်သေးဘူး။ အဲဒီလို မဖော်လာနိုင်တဲ့အပြင် လက်နက်ကိုင်အုပ်ချုပ်တဲ့သူတွေပဲ တယောက်ပြီးတယောက် ပြောင်းသွားတယ်။ အခုဆိုရင်လည်း ဒီနှစ်မကုန်ခင်မှာ နောက်ထပ် ရွေးကောက်ပွဲတခုကို လုပ်ဖို့ စီစဉ်နေပြန်ပါတယ်။ ၁၉၉၀ တုန်းက ရွေးကောက်ပွဲဖြစ်လာတဲ့ အခြေအနေနဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲဖြစ်လာမယ့် အခြေအနေက မတူဘူးဆိုတော့ အဲဒီ မတူတဲ့ အခြေအနေ (၂) ခုကြောင့် အခု ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့  မျှော်လင့်ချက် တူနိုင်မလဲ။

ဦးအောင်သူငြိမ်း ။ ။ တူတဲ့အချက်ရှိသလို၊ မတူတဲ့အချက်လည်းရှိပါတယ်။ တူတဲ့အချက်ကတော့ ၉၀ ရွေးကောက်ပွဲတုန်းကလည်း လူတွေက အပြောင်းအလဲကို မျှော်လင့်ခဲ့ကြတယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲဖြစ်တဲ့အချိန်မှာလည်း အခုအချိန်မှာ ကျနော် ယုံပါတယ်။ တိုင်းပြည်အတွင်းမှာရှိတဲ့ လူတွေကို မေးကြည့်ရင် လူတိုင်းက ကျနော်တို့ တခုခုတော့ ပြောင်းရတော့မယ် အခြေအနေက ဒီအတိုင်း သွားလို့မရဘူးဆိုတာကို စစ်တပ်ထဲနဲ့ အရပ်ဘက်မှာရော လူအားလုံးက အခြေအနေတူတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ မတူတဲ့ အခြေအနေကတော့ ၉၀ ရွေးကောက်ပွဲတုန်းကတော့ ၁၉၈၈ နဲ့ နီးနေတယ်။ ပူပူနွေးနွေး လူတွေနဲ့ အင်အားစုတွေက စုစုစည်းစည်း ရှိနေသေးတဲ့ကာလ။ အခု ၂၀၁၀ အနေအထားမှာတော့ ပြောမယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေလည်း အားနည်းနေတဲ့ကာလဖြစ်သလို နောက်တခုက ပြောမယ်ဆိုရင် ကိုယ်ဘက်က ဖိအားများများသွားနိုင်တဲ့ အခြေအနေမရှိဘူး။ အဲဒီလို အနေအထားတော့ ကွာပါတယ်။

မစုမြတ်မွန် ။ ။ နောက် မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် နိုင်ငံရေးကို စိတ်ဝင်စားတဲ့လူတွေပဲ ရွေးကောက်ပွဲကို ဘယ်သူတွေ ပြိုင်မယ်ဆိုတာကို စိတ်ဝင်စားတယ်။ ပြည်သူအများစုကတော့ သူတို့ရဲ့  နေတဓုဝ စားဝတ်နေရေး အခြေအနေကို ရုန်းကန်နေရတာနဲ့ တခြားအခြေအနေမျိုးမျိုးကြောင့် ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ သူတို့ပြောနေတာက ကိုယ်ဘယ်သူကို မဲထည့်ထည့် နောက်ဆုံးတော့ ကြံ့ဖွံ့ပဲ နိုင်မယ်လို့ တော်တော်များများက မြင်နေကြတယ်။ ကျနော် သိချင်တာက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့  စိတ်ဝင်စားမှုနည်းတာလား။ ဒါမှမဟုတ် မြန်မာနိုင်ငံရေး လှုပ်ရှားမှုတခုလုံးအပေါ်မှာ ပြည်သူတွေရဲ့  စိတ်ဝင်စားမှုက အားနည်းနေတယ်လို့ မြင်ပါသလား။

ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာကတော့ နံပတ်တစ်ကတော့ risk ပေါ့ - လူတွေက အန္တရာယ်ကြုံရမယ့် အနေအထားရှိသေးတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင် အန္တရာယ်ကြုံရမယ်ဆိုတာမျိုးမြင်တော့ ကြောက်နေတာပေါ့။ နောက် ဒုတိယအချက်ကတော့ စစ်အစိုးရကိုယ်၌က ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လူတွေဘယ်လို မဲဆန္ဒပေးရမယ်၊ ဒီရွေးကောက်ပွဲရဲ့  အရေးပါပုံကို သေချာပညာပေးတာတွေ ဘာမှမလုပ်ဘူး။ သူတို့အနေအထားကတော့ လူတွေ နိုင်ငံရေး စိတ်မဝင်စားရင် ပိုကောင်းတယ်ဆိုတဲ့ အနေအထားရှိပါတယ်။ နောက်တချက်ကတော့ အခု ရွေးကောက်ပွဲလုပ်တဲ့ အနေအထားမှာပေါ့ အခုနပြောသလို ပြည်သူတွေက သူတို့ရဲ့  နေတဓုဝ စားဝတ်နေရေးကိုပဲ စိတ်ဝင်စားနေတယ်ဆိုတာတော့ အမှန်ပါ။ ဒီရွေးကောက်ပွဲကြောင့် အပြောင်းအလဲဖြစ်မယ်ဆိုတာကိုတော့ လူအတော်တော်များများကတော့ သိပ်ပြီတော့ မယုံသေးတဲ့ အနေအထား ရှိပါသေးတယ်။

မစုမြတ်မွန် ။ ။ သိပ်တော့မယုံဘူးပေါ့။ ဒါပေမဲ့ ပြည်သူအများက အပြောင်းအလဲဖြစ်ဖို့တော့ တောင်တနေတယ်၊ ဖြစ်လည်းဖြစ်စေချင်တယ်ပေါ့။ ၂၀၁၀ ရွေးကောက်ပွဲကနေ ပြည်သူတွေ ဖြစ်စေချင်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် ပြည်သူတွေ ဘာလုပ်နိုင်မယ်၊ သူတို့မှာ ဘယ်လောက်တာဝန်ရှိတယ်လို့ ကိုအောင်သူငြိမ်း အနေနဲ့ ထင်ပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ ၂၀၁၀ ရွေးကောက်ပွဲကိုတော့ ပွင့်ပွင့်လင်းလင်းပြောရင် အခုကြတော့ ဖိနှိပ်ချုပ်ချယ်ထားတဲ့ အနေအထားတွေ အများကြီးရှိတယ်။ ရှိတဲ့ အနေအထားကတော့ ဒီကနေ များများကြီး ပြောင်းသွားနိုင်မယ့် အနေအထားမရှိပါဘူး။ ကျနော်တို့ ပြည်သူတွေအနေနဲ့ကလည်း ကျနော်တို့ မြင်တာကတော့ ကိုယ်လိုလားတဲ့အရာကို မေးခွန်းထုတ်တတ်ဖို့ လိုမယ်လို့ ထင်တယ်။ ဘယ်အမတ်ဖြစ်ဖြစ် သူတို့ရဲ့  လိုလားချက်တွေကို ဘယ်လောက်လုပ်ပေးနိုင်မလဲ ဒါမျိုး မေးခွန်းကောင်းကောင်း ထုတ်နိုင်ဖို့ လိုမယ်။

မစုမြတ်မွန် ။ ။ အဲဒီလို မေးခွန်းထုတ်နိုင်ဖို့ပြည်သူတွေအနေနဲ့ သူတို့မှာ ဒီလို မေးခွန်းထုတ်ရဲတဲ့ စိတ်မျိုးဖြစ်လာဖို့ ပတ်ဝန်ကျင်အနေအထား ပြောင်းဖို့ မလိုဘူးလား။

ဦးအောင်သူငြိမ်း ။ ။ နိုင်ငံရေးအခြေအနေတော့ ပြောင်းဖို့လိုတာပေါ့။ အခုနပြောတဲ့ တင်းကြပ် ချုပ်ချယ်ထားတာတွေလည်း အများကြီးလိုပါတယ်။ အဲဒါအပြင် တဖက်မှာလည်း ပညာပေးမှုတွေ အများကြီးလိုတယ်လို့ မြင်ပါတယ်။ ကျနော်မြင်တာကတော့ အခု ရွေးကောက်ပွဲမှာ မညစ်ဘူးလို့လည်း မပြောနိုင်ဘူး။ စစ်အစိုးရဘက်က နည်းပေါင်းစုံနဲ့ အနိုင်ရအောင်လုပ်မယ့် အနေအထားတွေရှိတယ်။ အဲဒီ အနေအထားမှာ တဘက်က အကြောက်တရားနဲ့ အနိုင်ရအောင်လုပ်မယ်ဆိုတော့ တက်နိုင်သလောက် ကျနော်တို့ ပြည်သူတွေ မကြောက်ဖို့ လိုတယ်။ နောက်တခုကတော့ အရင် ၂၀၀၈ ဆန္ဒခံယူပွဲမှာ လုပ်သွားသလို စစ်အစိုးရက ကြိုတင်မဲတွေယူပြီး သူတို့နိုင်ပါတယ်ဆိုတဲ့ အနေအထားမျိုးဆိုတော့ ပြည်သူတွေဘက်က လုပ်နိုင်တာက ကြိုတင်မဲတွေ မပေးဘူးဆိုတဲ့ အနည်းဆုံး စလုပ်နိုင်မယ် ထင်ပါတယ်။

မစုမြတ်မွန် ။ ။ ကြိုတင်မဲ မပေးဘူးဆိုတော့ မဲထည့်တဲ့နေ့မှာ ပြည်သူတွေသွားပြီးး မဲဆန္ဒကို ထုတ်ဖော်သင့်တယ်လို့ ပြောချင်တဲ့ သဘောလား။

ဦးအောင်သူငြိမ်း ။ ။ ကျနော် ထင်တာကတော့ ပြည်သူတွေ များများ မဲပေးကြရင် အခြေအနေက ပိုကောင်းမယ်လို့ ယုံတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ယခုလက်ရှိ သူတို့ ပြဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေမှာ အနှိမ့်ဆုံး မဲဆန္ဒ ဘယ်သူလာပေးရမယ်ဆိုတာ မရှိဘူး။ ဘယ်နှစ်ယောက် လာပေးရမယ်ဆိုတာ မရှိဘူး။ မရှိတဲ့အခါကြတော့ လူ (၃) ယောက်လာပေးရင် (၂) ယောက်က သူတို့ကို ပေးရင် နိုင်တယ်လို့ ကြေညာလို့ ရတယ်။ နောက်တခုက တချို့ နေရာတွေမှာ ပြိုင်ဘက်ကိုယ်စားလှယ်မရှိဘူးဆိုရင် ရွေးကောက်ပွဲတောင် လုပ်စရာမလိုဘူး နိုင်တယ်ဆိုတဲ့ အနေအထားမျိုး။ အဲဒီလို အနေအထားမျိုးမှာကြတော့ မဲ မသွားပေးခြင်းအားဖြင့် ကျနော်မြင်တာ စစ်အစိုးရက သူဘာသာ ကြိုက်သလို လုပ်ခွင့်ရသွားနိုင်တယ်။

မစုမြတ်မွန် ။ ။ ကိုအောင်သူငြိမ်းက ဒီရွေးကောက်ပွဲမှာ မဲပေးသင့်တယ်လို့ မြင်တယ်ပေါ့။ ဒါပေမဲ့ ပြည်သူတွေရဲ့  မဲဆန္ဒတွေအတိုင်း အဖြေက ပေါ်လာနိုင်တဲ့အနေအထားမျိုး မြန်မာနိုင်ငံမှာ မြင်ရလို့လား။

ဦးအောင်သူငြိမ်း ။ ။ မမြင်ပါဘူး။ ဒီ ရွေးကောက်ပွဲက အများကြီးပြောင်းသွားမယ့် မရှိပါဘူး။ တခုက ကျနော်အမြင်က ကျနော်တို့ တိုင်းပြည်အပြောင်းအလဲက ဖြည်းဖြည်းချင်းသွားမယ့် အနေအထားမျိုးမြင်တယ်။ နောက်တခုကတော့ ဥပမာလေးတခု ပေးချင်တာက ဥပမာ စက်ဝိုင်းတခု ဝိုင်းလိုက်တယ်ဆိုပါစို့ မြောက်ကိုရီးယားလို့ နိုင်ငံမျိုးကြတော့ အစိုးရက စက်ဝိုင်းအပြည့် နေရာယူထားတယ်။ အခုလက်ရှိ ကျနော်တို့ ၂၀၁၀ အပြီးမှာတော့ ဒီ စက်ဝိုင်းထဲမှာ စစ်အစိုးရက ၈၀% ၉၀% တော်တော်ကြီး ကြီးကြီးယူထားပါအုန်းမယ်။ ဒါပေမဲ့ တချို့ လစ်ဟာတဲ့ အပိုင်းလေးတွေလည်း ရှိလာနိုင်တဲ့ အနေအထားပေါ့။ နောက်တခုက အခု ၈၈ ကစလို့ အခုအချိန်အထိ ပြောင်းသွားတဲ့ဆီမှာ စစ်တပ်က နေရာပေါင်းစုံမှာ ထိုးဖောက်ဝင်သွားတဲ့ အနေမျိုးဖြစ်သွားတယ်။ ဖြစ်သွားတဲ့အနေအထားမှာ စစ်တပ်ကို ပြန်ဆုတ်သွားဖို့၊ နိုင်ငံရေးဘက်က ပြန်နေရာယူဖို့ဆိုတာ နည်းနည်းလောက် အချိန်ယူရမယ် ထင်လို့ပါ။

မစုမြတ်မွန် ။ ။ ကိုအောင်သူငြိမ်း ပြောသလို ဒီ ၂၀၁၀ ရွေးကောက်ပွဲကနေ ဝုန်းကနဲ့ ဒိုင်းကနေ ပြောင်းလဲမှု မဖြစ်ဘူး။ အဆင့်ဆင့် ပြောင်းလဲမှုတွေ ဖြစ်မယ်လို့ ပြောပါတယ်။ အဲဒီလိုမျိုး အဆင့်ဆင့် နိုင်ငံရေး ပြောင်းလဲမှုတိုင်းမှာ ပြည်သူလူထုက ပါဝင်နေဖို့ ဘယ်လောက်အထိ အရေးကြီးတယ်လို့ ပြောနိုင်ပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ သိပ် အရေးကြီးပါတယ်။ ကျနော်မြင်တာက ပြည်သူလူထုက နိုင်ငံရေး နိုးကြားတယ်။ သို့မဟုတ်ရင် ပြည်သူလူထုရဲ့  ဖိအားပိုပေးနိုင်တယ်ဆိုရင် အပြောင်းအလဲက ပိုမြန်ဖို့ ရှိပါတယ်။ အဲဒီလို မဟုတ်ဘဲ ပြည်သူလူထုက ထားရာနေ စေရာသွားဆိုရင်တော့ အပြောင်းအလဲက ကြာဖို့ရှိပါတယ်။

မစုမြတ်မွန် ။ ။ နောက်တခုက မြန်မာနိုင်ငံက အမြဲတမ်း ဖိနှိပ်ခံနေရတဲ့ အနေအထားဖြစ်တော့ ပြည်သူတွေအနေနဲ့က နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေ လုပ်လိမ့်မယ်။ တို့လုပ်လို့လည်း ဒီလို အစိုးရမျိုးက ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူး၊ ဘာမှလည်း ထူးမှာမဟုတ်ဘူးလို့ မြင်တဲ့ပြည်သူတွေကို ကိုအောင်သူငြိမ်းအနေနဲ့ ဘာပြောချင်ပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော် အဓိက ပြောချင်တာက နိုင်ငံရေးအပြောင်းအလဲတိုင်း တခြားနိုင်ငံတွေမှာကြည့်ကြည့် အပြောင်းအလဲတွေမှာ မသေချာမှုတွေက အပြည့်ရှိနေတယ်။ ကျနော်တို့ အတိုက်အခံဘက်မှာလည်း မသေချာဘူး၊ စစ်အစိုးဘက်မှာလည်း မသေချာဘူး။ ပြည်သူဘက်မှာလည်း ဒါပြီရင် ဘာဖြစ်လာမယ်ဆိုတာ မသေချာဘူးပေါ့။ အဲဒါကို ဖြတ်ကြတဲ့အခါကြတော့ ကျနော်တို့က ဖြတ်တဲ့အခါမှာ ပြည်သူလူထုက အင်အားကောင်းရင် အပြောင်းအလဲတွေက ပိုကောင်းဖြစ်ကြပါမယ်။

မစုမြတ်မွန် ။ ။ နောက်ဆုံး မေးချင်တာက အစိုးရအပေါ်မှာ ပြည်သူတွေရဲ့  အယုံအကြည်ရှိမှု။ တောက်လျှောက်က မရှိလာခဲ့ဘူး။ ပြည်သူတွေအကျိုးကို ဘာမှမလုပ်ဘူးဆိုတဲ့ အရိုးစွဲနေတဲ့ နိုင်ငံတခု ဖြစ်တဲ့အခါကြတော့ တကယ်လို့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ တက်လာမယ့် အစိုးရအနေနဲ့ ပြည်သူတွေရဲ့  အယုံအကြည်ရှိလာဖို့အတွက် ဘယ်လိုဟာတွေကို အပြောင်းအလဲလုပ်သင့်တယ်လို့ ပြောနိုင်ပါသလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာကတော့ အခုလို အပြောင်းအလဲတွေမှာ ဖြစ်တက်တာကတော့ မတည်ငြိမ်မှုတွေ ဖြစ်တက်ပါတယ်။ ဒါတွေကို တည်ငြိမ်ဖို့ အစိုးရဘက်ကလိုတယ်၊ ပြည်သူတွေဘက်ကလည်း ကြိုးစားဖို့လိုတယ်။ ဒုတိယအချက်က အမျိုးသားရင်ကြားစေ့ရေး - ဒီကိစ္စက အခုအချိန်အထိလည်း မစနိုင်သေးဘူးဆိုတော့ ဆက်လုပ်ဖို့လိုပါတယ်။ တတိယအချက်ကတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ဖို့ လိုတယ်။ ဖွံ့ဖြိုးရေးဆိုတဲ့နေရာမှာ ကြီးကြီးကျယ်ကျယ် တိုက်တာလမ်းပန်းတွေ ပြောတာမဟုတ်ဘူး။ ပြည်သူလူထုတွေရဲ့  နေစဉ်ဘဝ living standard လို့ ခေါ်မယ့် နေထိုင်မှုဘဝမြှင့်ဖို့ လုပ်ဖို့လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ပြဿနာတွေနဲ့ လုံးခြာလည်ပြီး ဆက်သွားအုန်းမယ်လို့ ထင်ပါတယ်။

နောက်ဆုံး ဖတ်ဖွယ်

ပါတီစုံ ရွေးကောက်ပွဲ အစဉ်အလာ

By ဦးအောင်ခင် စနေ, 07 သြဂုတ် 2010 VOA

မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲတွေမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေးပါတီတွေဟာ ခွက်ခွက်လန်အောင်ရှုံးတဲ့ အစဉ်အလာရှိပါတယ်။ စစ်တပ်ရဲ့  လုပ်ရပ်ကို မကျေနပ်တဲ့ ပြည်သူလူထုဟာ စစ်တပ်နဲ့ ပတ်သက်တဲ့ပါတီကို မထောက်ခံကြောင်း ၁၉၆၀ နဲ့ ၁၉၉၀ ရွေးကောက်ပွဲက သက်သေပြနေပါတယ်။ ၁၉၆၀ ပါတီစုံရွေးကောက်ပွဲမှာ တည်မြဲဖဆပလ ရှုံးရတာဟာ စစ်တပ်နဲ့ ပတ်သက်နေလို့ဘဲလို့ သုံးသပ်ကြပါတယ်။ ဒါကြောင့် ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ တပါတီစနစ်ကို ကျင့်သုံးတာဖြစ်ပါတယ်။ မဆလ တပါတီစနစ်မှာ စစ်တပ်က တည်ထောင်ထားတဲ့ တခုတည်းသောပါတီကိုသာ မဲဆန္ဒပေးကြရတဲ့အတွက် ဒီတပါတီပဲ အမြဲအနိုင်ရပါတယ်။

ဒီလို မဆလပါတီ တပါတီတည်း လက်ဝါးကြီးအုပ်လာတာကို ပြည်သူလူထုက မကျေနပ်လို့ ၁၉၈၈ သြဂုတ်လ (၈) ရက်နေ့မှာ တပြည်လုံး ကန့်ကွက်ဆန္ဒပြတော့မှ တပါတီစနစ် နိဂုံးချုပ်သွားပါတယ်။ စစ်တပ်တည်ထောင်တဲ့ ပါတီအရေးနှိမ့်သွားတော့ စစ်တပ်က အာဏာသိမ်းပြန်ပါတယ်။ ဒါကို ပြည်တွင်းပြည်ပမှာ အကြီးအကျယ် ကန့်ကွက်ရှုတ်ချခဲ့တဲ့အတွက် စစ်အစိုးရဟာ ၁၉၉၀ မှာ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးရပါတယ်။ ဒီ ရွေးကောက်ပွဲမှာလည်း စစ်တပ်က ထောက်ခံတဲ့ မဆလ တဖြစ်လဲ တစည ပါတီဟာ ခွက်ခွက်လန်အောင် ရှုံးသွားခဲ့ပါတယ်။

၁၉၆၂ ဇူလိုင် ကျောင်းသားသတ်ပွဲ၊ ၁၉၆၉ ကျောင်းသားဆန္ဒပြပွဲ၊ ၁၉၇၄ အလုပ်သမားဆန္ဒပြပွဲ၊ ၁၉၇၄ ဦးသန့် အရေးအခင်း၊ ၁၉၇၆ ကျောင်းသားဆန္ဒပြပွဲ၊ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ စတာတွေမှာ စစ်တပ်က အရပ်သားတွေကို ထောင်ချီသတ်ဖြတ်ခဲ့တာရယ်၊ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ စတာတွေမှာ စစ်တပ်က အရပ်သားကို ထောင်ချီသတ်ဖြတ်ခဲ့တာရယ်။ ၁၉၈၈ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နှင်းတာရယ်၊ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုတာရယ် စတာတွေကြောင့် တရားမျှတပြီး လွတ်လပ်တဲ့ ပါတီစုံရွေးကောက်ပွဲမှာ စစ်တပ်တည်ထောင်တဲ့ ပါတီဟာ နိုင်ဖို့ အလားအလာမရှိပါဘူး။ စစ်မှုထမ်းအများဆုံး နေထိုင်တဲ့ ရပ်ကွက်တွေမှာ စစ်တပ်ထောက်ခံတဲ့ တစည ပါတီ ၁၉၉၀ မှာ မဲရှုံးသွားတာဟာ စစ်အစိုးရကို ပြည်သူလူထုက ပယ်ချလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ အနှစ် (၂၀) ပြည်သူ့ဆန္ဒကို လုံးဝ ဂရုမစိုက်ဘဲ အခုတခါ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

စစ်အစိုးရ အမှုထမ်းအများဆုံးပါဝင်တဲ့ ကြံ့ခိုင်ရေးအသင်းကို ကြံ့ခိုင်ရေးပါတီအဖြစ် အသွင်ပြောင်းပြီး စစ်အစိုးရဟာ အရပ်ဝတ်လဲလိုက်တဲ့အတွက် ကြံ့ခိုင်ရေးပါတီဟာ အာဏာရပါတီ ဖြစ်လာပါတယ်။ ဒီလို လုပ်တာဟာ ရွေးကောက်ပွဲ ကော်မရှင်က ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အငြင်းပွားစရာတွေ ရှိနေပေမယ့် အာဏာရကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲအနိုင်ရအောင် ရွေးကောက်ပွဲကော်မရှင်က ပံ့ပိုးသွားမယ့် သဘောဖြစ်နေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်နေရာအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီဟာ ကျပ်သိန်း (၁၆၀၀) ပေးရပါလိမ့်မယ်။ ဒီငွေကို ကြံ့ဖွံ့ပါတီကသာ ပေးနိုင်ပါလိမ့်မယ်။ ယှဉ်ပြိုင်သူတဦးဟာ ရွေးကောက်ပွဲအသုံးစရိတ် သိန်း (၁၀၀) အထိ သုံးနိုင်ကြောင်း သတ်မှတ်ထားပါတယ်။

ကြံ့ဖွံ့ပါတီဟာ ငွေနဲ့အာဏာကိုသုံးပြီး ရွေးကောက်ပွဲကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်နေပါတယ်။ မဲဆန္ဒရှင်ကို ငွေပေးမယ်၊ အခွင့်ပေးမယ်၊ ခြိမ်းခြောက်မယ်၊ အကြမ်းဖက်မယ် ဆိုတာ ကြံ့ဖွံ့ပါတီရဲ့  လုပ်နည်းလမ်းစဉ်တွေ ဖြစ်ပါတယ်။ ယှဉ်ပြိုင်မယ့် ကြံ့ဖွံ့ပါတီဝင် စစ်ဗိုလ်ဟောင်းဟာ လူထုခေါင်းဆောင် မဟုတ်ပါဘူး။ အမိန်နာခံပြီး အမိန့်ပေးတတ်တဲ့ စစ်ဗိုလ်သာဖြစ်တာမို့ သူအနိုင်ရအောင် အောက်ခြေကြံ့ဖွံ့ပါတီဝင်တွေက ဆောင်ရွက်ပေးရပါလိမ့်မယ်။ မဲဝယ်တဲ့အလုပ်ကို ဒေသကျွမ်းကျင်တဲ့ အောက်ခြေက လူတွေကပဲ လုပ်နေကြပါတယ်။ ကြံ့ဖွံ့ပါတီဝင် (၈) သန်းရှိတယ်ဆိုတာမို့ ရွေးကောက်ပွဲတခုလုံးကို ကြီးစိုးနိုင်ပေမယ့် အခြေအနေရှိနေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူလူထုကို မက်လုံးပေး ခြိမ်းခြောက်ပြီး မဲရဖို့ ဗြောင်ကြိုးပမ်းနေတာဟာ ရွေးကောက်ပွဲကို မထိလေးစားလုပ်တာနဲ့ အတူတူ ဖြစ်နေပါတယ်။

အနှစ်သာရ မပြောင်းဘဲ ပုံစံပြောင်းပြီး စစ်အစိုးရက အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းတာဟာ ပြည်သူလူထုကို မျက်လှည့်ပြသလို့ ဖြစ်နေတာမို့ အလွန်အန္တရာယ်များတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ၁၉၇၄ မတ်လမှာ နိုင်ငံရေးအာဏာကို ဗိုလ်ချုပ်ကြီးနေဝင်းက သမ္မတနေဝင်း လက်ကို လွှဲပြောင်းလိုက်ပြီး မကြာမီ ၁၉၇၄ မေလမှာ အလုပ်သမား ဆန္ဒပြပွဲကြီး ဖြစ်ပွားခဲ့ပါတယ်။ နောက် (၁၄) နှစ်ကြာတဲ့အခါ ရှစ်လေးလုံး အရေးတော်ပုံမှာ တပြည်လုံး အုံကြွကန့်ကွက်လို့ တပါတီစနစ် နိဂုံးချုပ်သွားခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံမဲပေးပြီး စစ်အာဏာရှင်စနစ်ကို ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့ဆန္ဒကို စစ်တပ်က လက်မခံဘဲ အခုမှ ရွေးကောက်ပွဲလုပ်ဖို့ စိတ်ကြိုက်ပြင်ဆင်နေတာ ဖြစ်ပါတယ်။

မဲဆန္ဒရှင် ပြည်သူလူထုဟာ အနှောက်အယှက်မရှိဘဲ မကြောက်မရွံ့  လွတ်လွတ်လပ်လပ် လျှို့ ဝှက်မဲပေးနိုင်မယ်ဆိုရင် စစ်တပ်ခေါင်းဆောင်ပိုင်းက တည်ထောင်ထားတဲ့ ကြံ့ဖွံ့ပါတီကို ထောက်ခံမဲပေးမယ့် အလားအလာနည်းပါတယ်။ ဒီလို စစ်အုပ်ချုပ်ရေးဆန့်ကျင်တဲ့ ရွေးကောက်ပွဲ အစဉ်အလာကြောင့် ၂၀၀၈ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒကောက်ယူစဉ်ကလို ကန့်ကွက်မဲကို ထောက်ခံမဲ ဖြစ်အောင်လုပ်ပြီး ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲ အနိုင်ရအောင် ကြိုးပမ်းလုပ်ဆောင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

ကြော်ငြာ

သတင်းများ နေ့စဉ်ရလိုပါက kowin2001@gmail.com သို့တောင်းယူပါ။ လူကြီးမင်းဆီကိုဂူဂဲလ်နည်းပညာသုံးပြီး ပို့ပေးမှာ ဖြစ်ပါတယ်။

အမိန့်အရ

ပုံ

နွားကျောင်းသား

=================================

ပြီးဘီ

No comments:

Post a Comment